← Chapters

အခန်း ၅၅၀

Vol. 55 Ch. 550

အခန်း ၅၅၀

Vol. 55 Ch. 550

အခန်း (၅၅၀) - လက်ရွေးစင်သုံးဦးနှင့် မိုးကြိုးတောင်ကြားသို့ ရှာဖွေရေးခရီးစဉ်

အချိန်ကာလသည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်လခန့် ရှိသွားခဲ့ပြီ ဖြစ်၏။

မိုးကြိုးတောင်တန်းထက်၌ နတ်ဘုရားအသွင်ပြောင်း နယ်မြေတစ်ခု ပေါ်ထွက်လာသည့် သတင်းသည် ကျောက်စိမ်းအိုးနယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေသည်။ ထိပ်သီးဂိုဏ်းကြီး နှစ်ခုကြားမှ အားပြိုင်မှုသည် တစ်ကိုယ်တော် ကျင့်ကြံသူ အမြောက်အမြားအတွက် အဖိုးတန်သော အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးခဲ့သလို ဖြစ်သွားခဲ့ရ၏။

ထိုအချိန်တွင် ကျောက်စိမ်းအိုးနယ်မြေရှိ ကျင့်ကြံသူတိုင်းသည် မိုးကြိုးတောင်တန်းဆီသို့ ဦးတည်ရွေ့လျားလာခဲ့ကြသည်။ အိမ်နီးနားချင်း နယ်မြေနှစ်ခုမှ ကျင့်ကြံသူများသည်ပင် ထိုအခွင့်အရေးကို လက်လွှတ်မခံလိုသဖြင့် အလုံးအရင်းနှင့် ထွက်ခွာလာခဲ့ကြ၏။ ထိုအတောအတွင်း ဂိုဏ်းကြီးနှစ်ခုကြားမှ စစ်ပွဲသည်လည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ပြီး တစ်ကိုယ်တော် ကျင့်ကြံသူများသည်လည်း မိမိတို့၏ မူလမြို့များသို့ ပြန်လည် ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။

ထျန်းလန်နတ်ဘုရားမြို့တော်၏ အပြင်ဘက် ဒန်ရှားတောင်ပေါ်ရှိ လော့ထျန်းအဖွဲ့၏ ခန်းမဆောင်အတွင်း၌ အဖွဲ့ဝင်များ အားလုံး စုရုံးရောက်ရှိနေကြသည်။ ယနေ့တွင် ပြင်းထန်သော ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်သက်သာလာသည့် ချူခွေးသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့ပြီး အဖွဲ့ဝင်များအားလုံးကို ကြည့်ကာ လွန်ခဲ့သော တိုက်ပွဲအကြောင်းကို ပြန်လည် ပြောပြနေခဲ့သည်။ တန်ချန်ဇီက တိဝမ်ယွင်ကို မည်သို့ သတ်ဖြတ်ခဲ့သည်ဟူသော သတင်းကို ယခင်က မည်သူမျှ သေချာမသိခဲ့ကြသော်လည်း ယခုအခါတွင်မူ အသေးစိတ် သိရှိသွားခဲ့ကြပြီ ဖြစ်သည်။

“ငါက လော့ချန်ရဲ့ စွမ်းဆောင်ရည်ကို ဒီမှာရှိတဲ့ ဘယ်သူ့ထက်မဆို ပိုသိတယ်.... သူ အလွယ်တကူ ထွက်ပြေးနိုင်ခဲ့ပေမဲ့ အဲဒီအစား အစီအရင်တစ်ခုကို ဖန်တီးဖို့ ရွေးချယ်ခဲ့တယ်.... ဒါကို ကြည့်ရင် သူ့မှာ ပိုပြီး လေးနက်တဲ့ အစီအစဉ် ရှိပြီးသားဆိုတာ သိသာတယ်၊ မင်းတို့တွေ အရမ်း စိတ်ပူမနေကြနဲ့ဦး"

ချူခွေးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲရှင်"

စူးရှပြတ်သားသော အမျိုးသမီး အသံတစ်သံ ခန်းမထဲတွင် ဟိန်းထွက်သွားခဲ့သည်။

ကူချိုင်ယီ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေခဲ့၏။

“အဲဒါက တန်ခိုးရှင် တစ်ယောက်ကိုတောင် သတ်နိုင်တဲ့ မိုးကြိုးမုန်တိုင်းပဲလေ၊ ဘယ်လို ကြိုတင်ပြင်ဆင်မှုမျိုးက အဲဒီလို မိုးကြိုးဒဏ်ကနေ လွတ်မြောက်နိုင်မှာလဲ"

တွမ်ဖုန်းက ရှေ့သို့ လှမ်းထွက်လာပြီး မေးလိုက်သည်။

“မင်လုံယွီ.... မင်းက အဖွဲ့ခေါင်းဆောင်ကို အဲဒီ အစီအရင်ပြား ပေးခဲ့တဲ့သူ မဟုတ်လား၊ အဲဒီအစီအရင်က မိုးကြိုးဒဏ်ကို ခုခံနိုင်စွမ်း တကယ်ရှိလို့လား"

အားလုံး၏ အကြည့်များသည် မင်လုံယွီထံ ချက်ချင်း ကျရောက်သွားခဲ့ကြသည်။ မင်လုံယွီက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ချက်ချင်း ပြန်ဖြေလိုက်၏။

“ခုခံနိုင်စွမ်းတော့ ရှိပါတယ်၊ ဒါပေမဲ့ မိတ်ဆွေ ချူခွေးပြောတာသာ အမှန်ဆိုရင်၊ အဖွဲ့ခေါင်းဆောင်က နဝမတောင်တန်းပေါ်မှာ နှစ်ပေါင်းရာချီ စုစည်းနေခဲ့တဲ့ မိုးတိမ်တွေကို ဆွဲယူခဲ့တာ ဖြစ်ရမယ်၊ အဲဒီလိုဆိုရင် အစီအရင်ပြားက မိုးကြိုးအရှိန်ရဲ့ တစ်ပုံကိုတောင် လျှော့ချပေးနိုင်မှာ မဟုတ်ဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံး၏ ရင်ထဲတွင် လေးလံသွားခဲ့ရသည်။ ကူချိုင်ယီက ရှေ့သို့ လှမ်းထွက်ကာ ပြတ်သားစွာ ပြောလိုက်၏။

“သူ သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ကျွန်မတို့ သူ့ကို သေချာပေါက် သွားရှာရမယ်"

သူမ ပြတ်သားသော မျက်ဝန်းများဖြင့် ခန်းမထဲရှိ အဖွဲ့ဝင်များအားလုံးကို ဝေ့ကြည့်လိုက်သည်။

“မမေ့ကြပါနဲ့၊ အဖွဲ့ခေါင်းဆောင်သာ မရှိရင် ကျွန်မတို့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ဘူး၊ ကျွန်မတို့ထဲက ဘယ်သူက သူ့ရဲ့ ကျေးဇူးနဲ့ ကင်းခဲ့ဖူးလို့လဲ"

ထိုစကားကို ကြားလိုက်ရပြီးနောက် မည်သူမျှ ငြိမ်သက်စွာ မထိုင်နိုင်ကြတော့ပေ။

“ငါ သွားမယ်၊ ငါက အစီအရင်အတတ်ကို နားလည်တယ်၊ နည်းနည်းပဲ သိရင်တောင် အဲဒီလိုနေရာမျိုးမှာ အသုံးဝင်နိုင်တယ်" ဟု မင်လုံယွီက ပြောလိုက်သည်။

“ငါက အဲဒီနေရာမှာ သုံးနှစ်လောက် အခြေစိုက်ခဲ့တာဆိုတော့ မိုးကြိုးတောင်ကြားရဲ့ ပထဝီအနေအထားကို ကောင်းကောင်းသိတယ်.... ငါလည်း သွားသင့်တယ်" ဟု တွမ်ဖုန်းက ပြောလိုက်သည်။

“အဖွဲ့ခေါင်းဆောင်က ငါ့အသက်ကို ကယ်ခဲ့သလို၊ လီမျိုးနွယ်စုရဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်၊ ငါ သေချာပေါက် သွားရှာရမယ်"

လီယင်ကျန်းကလည်း ပြတ်ပြတ်သားသား ပြောလိုက်သည်။

ခန်းမကြီးအတွင်း၌ တစ်ဦးပြီးတစ်ဦး သွားရောက်လိုကြောင်း ပြောဆိုသံများ ကျယ်လောင်စွာ ထွက်ပေါ်နေစဉ် နောက်ဆုံး၌ ဟိန်းထွက်လာသော တိုးညှင်းပြတ်သားသည့် အမျိုးသမီး အသံတစ်သံကြောင့် အားလုံး တိတ်ဆိတ်သွားခဲ့ရသည်။

“တိတ်ကြစမ်း"

ကူချိုင်ယီ ချက်ချင်းလှည့်ကြည့်ကာ ခန်းမအထက်တွင် ထိုင်နေသော အမျိုးသမီးကို စိုက်ကြည့်လိုက်သည်။

“စီမံခန့်ခွဲရေးမှူး ဘာလို့လဲ"

စီမာဟွေ့နန်က တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော အမျိုးသားထံသို့ အကြည့်လွှဲလိုက်သည်။

“နန်းဆောင်သခင်ဝမ်.... ရှင်နဲ့ အဖွဲ့ခေါင်းဆောင်က အဲဒီနေရာကို အရင်ဆုံး ရှာတွေ့ခဲ့တာလို့ ပြောခဲ့တယ် မဟုတ်လား"

ဝမ်ယွမ်က ခေါင်းကို ဖြည်းညှင်းစွာ မော့ရင်း ပြောလိုက်သည်။

“ဟုတ်တယ်၊ လော့ချန်က တံခါးကို ဖွင့်နိုင်မယ့် သော့ချက်က အဲဒီမိုးတိမ်တွေထဲမှာ ရှိတယ်လို့ ပြောခဲ့ဖူးတယ်၊ သူက အစကတည်းက အဲဒီမိုးကြိုးစွမ်းအင်ကို သုံးပြီး တံခါးဖွင့်ဖို့ စီစဉ်ထားတာ"

စီမာဟွေ့နန်က ခေါင်းညိတ်လိုက်ပြီး

“ဒါဆိုရင် အဖွဲ့ခေါင်းဆောင်က မြေနိမ့်ချိုင့်ဝှမ်းကို တမင်တကာ တိုက်ပွဲကွင်းပြင်အဖြစ် ရွေးချယ်ခဲ့တာပေါ့"

ကူချိုင်ယီက ကြားဖြတ်ပြောရန် ပြင်လိုက်သော်လည်း စီမာဟွေ့နန်က အခွင့်အရေး မပေးဘဲ ဆက်ပြောလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် အဖွဲ့ခေါင်းဆောင်ထက် ပိုတော်တယ်လို့ မထင်ကြပါနဲ့၊ သူ လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ ရည်ရွယ်ချက် ရှိပြီးသား၊ ဘယ်လောက်ပဲ အန္တရာယ်များတဲ့ ခရီးဖြစ်ပါစေ၊ သူက အမြဲတမ်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားတတ်တာ အားလုံး အသိပဲ"

အားလုံးက ခေါင်းညိတ် ထောက်ခံကြသည်။ လွန်ခဲ့သော ကာလက ဖူမျိုးနွယ်စုကို ချေမှုန်းစဉ်ကတည်းက မြောင်ဝမ် မိမိဘက်မှ ရပ်တည်လာမည်ကို သူ ကြိုတင်တွက်ချက်ထားခဲ့ပြီးဖြစ်၍ မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိဘဲ လှုပ်ရှားခဲ့သည်။ ရှောင်ဟွမ်တောင်ကို တိုက်ခိုက်စဉ်ကလည်း နန်ကုန်းမျိုးနွယ်စုနှင့် ကြိုတင်ဆက်သွယ်ထားပြီး၊ ဆေးလုံးစီးပွားရေးမှ ရရှိမည့် အမြတ်အစွန်းများဖြင့် အဖွဲ့ဝင်များကို စည်းလုံးစေခဲ့သည်။ ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိလာပြီး ရန်သူများ ဝိုင်းရံနေသည့် အချိန်တွင်ပင် စနစ်တကျ ပြင်ဆင်ပြီးမှသာ ချင်းဟွာမြစ်ဘေး၌ တစ်ဦးတည်း တိုက်ပွဲဝင်ခဲ့ခြင်း ဖြစ်၏။

လော့ချန်သည် ဘာမှမစဉ်းစားဘဲ အန္တရာယ်ထဲသို့ တိုးဝင်မည့် မိုက်မဲသူတစ်ဦး ဖြစ်သည်ဟု မည်သူမျှ မယုံကြည်ကြချေ။

ချူခွေးကလည်း လော့ချန်သည် အစောပိုင်းက ထွက်ပြေးနိုင်သည့် အခွင့်အရေး ရှိခဲ့သည်ဟု ပြောထားသည်ဖြစ်ရာ၊ သူ ထိုနေရာတွင် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ တစ်ခုခုကို ရည်ရွယ်ထားခြင်းကြောင့်သာ ဖြစ်ရပေမည်။

အားလုံး စဉ်းစားနေကြစဉ် စီမာဟွေ့နန်က ဆက်ပြောလိုက်သည်။

“တတိယအဆင့် အစီအရင်ကြီးကနေ ကျရောက်လာတဲ့ မိုးကြိုးမုန်တိုင်းအောက်မှာ သာမန်ကျင့်ကြံသူပဲဖြစ်ဖြစ်၊ တန်ခိုးရှင်ပဲဖြစ်ဖြစ် လွတ်မြောက်ဖို့ အခွင့်အရေးကတော့ သိပ်နည်းတယ်၊ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်ရဲ့ လက်ထဲမှာ အစီအရင်ပြား ရှိနေတယ်၊ သူသာ မိုးကြိုးအရှိန်ကို လွှဲပြောင်းပေးနိုင်ခဲ့ရင်၊ အရေးကြီးဆုံး အချိန်မှာ အဲဒီမိုးကြိုးစွမ်းအင်ကို သုံးပြီး အထဲကို ဝင်သွားခဲ့တာ ဖြစ်နိုင်တယ်၊ အဲဒီလိုဆိုရင် သူက ကျွန်မတို့ထင်သလောက် အန္တရာယ်ရှိနေမှာ မဟုတ်ဘူး"

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံး ဉာဏ်အလင်း ပွင့်သွားသကဲ့သို့ ဖြစ်သွားကြသည်။ တံခါးပွင့်သွားခြင်းသည် အဖွဲ့ခေါင်းဆောင်ကြောင့် ဖြစ်သည်ကို သိထားကြသော်လည်း၊ ထိုတံခါးသည် သူ့အတွက် ပွင့်သွားခဲ့ခြင်း ဖြစ်ပါက နဝမတောင်တန်းသည် အလွန်အန္တရာယ်များသော်လည်း သူကမူ အတွင်းထဲတွင် ဘေးကင်းစွာ ရှိနေနိုင်ပေသည်။ ထို့ပြင် နာမည်ကျော် ကရုဏာမဲ့နတ်သမီးကလည်း မိုးကြိုးကျရောက်လာသည့် အချိန်၌ပင် နယ်မြေတံခါး ပွင့်သွားခဲ့ခြင်းဖြစ်ကြောင်း ထျန်းလန်နတ်ဘုရားမြို့တော်သို့ ပြန်ရောက်လာစဉ်က ပြောကြားခဲ့ဖူးသည်။

“ဒါပေမဲ့ ဒါက ခန့်မှန်းချက်သက်သက်ပဲ မဟုတ်လား၊ ကျွန်မတို့ မှားသွားရင်ကော ဘယ်လိုလုပ်မလဲ"

ကူချိုင်ယီက မျက်မှောင်များကြုတ်လျက် စိုးရိမ်တကြီး မေးလိုက်သည်။

စီမာဟွေ့နန်က ခေါင်းခါလိုက်ပြီး

“ငါတို့ အဖွဲ့ခေါင်းဆောင်ကို ယုံကြည်ရမယ်၊ ပြီးတော့....”

ထို့နောက် သူမ လက်ဝါးကို ဖြန့်လိုက်ရာ ဆန်းကြယ်သော အရှိန်အဝါ လှိုင်းအချို့ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ချူခွေးက ချက်ချင်းပင် ရေရွတ်လိုက်မိ၏။

“ဒါက စိတ်ဝိညာဉ် ဆက်သွယ်တဲ့ လင်ရှီးပိုးကောင်ပဲ"

“ဟုတ်ပါတယ်"

စီမာဟွေ့နန်က ခေါင်းညိတ်လိုက်သည်။

“ရှင် ကျွန်မကို အခြေတည်အဆင့် လက်ဆောင်အဖြစ် ပေးခဲ့တဲ့ အကောင်ပဲ.... နှစ်ပေါင်းများစွာ ကြာတော့ အခုဆိုရင် ဒုတိယအဆင့်ကို ရောက်နေပြီ.... ဒီအဆင့်မှာဆိုရင် အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ခံစားသိရှိနိုင်တယ်.... အခုအချိန်အထိ အဲဒီအကောင်က သက်ရှိထင်ရှား ရှိနေတုန်းပဲ၊ ဒါဟာ အဖွဲ့ခေါင်းဆောင် မသေသေးဘူးဆိုတာကို သက်သေပြနေတာပဲ"

အဖွဲ့ဝင်အချို့ ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ ချူခွေးက တောင်ပိုင်းနယ်စပ်မှ ဆန်းကြယ်သော ပိုးကောင်အကြောင်းကို ထပ်မံရှင်းပြလိုက်သည်။ ပထမအဆင့်တွင် ပိုင်ရှင်နှစ်ဦး၏ စိတ်ဝိညာဉ်ကို ထိတွေ့ဆက်သွယ်ပေးနိုင်ပြီး၊ ဒုတိယအဆင့်တွင် တစ်ဦးဦး သေဆုံးခြင်း ရှိ၊ မရှိကို သိရှိနိုင်ကာ၊ တတိယအဆင့်အထိ မွေးမြူနိုင်ပါက မိစ္ဆာနှလုံးသား ပိုးကောင် အဖြစ်သို့ ပြောင်းလဲသွားပြီး တစ်ဦးသေဆုံးပါက ကျန်ရှိသူက ထိုသူ၏ ကျင့်ကြံမှုအရှိန်အဝါ အားလုံးကို စုပ်ယူနိုင်သည့် အလွန်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အစွမ်းရှိကြောင်း ရှင်းပြလိုက်၏။

ထိုရှင်းပြချက်ကို ကြားရပြီးနောက် အားလုံး စိတ်သက်သာရာရသွားခဲ့ကြသည်။ အဖွဲ့ခေါင်းဆောင် လော့ချန် သက်ရှိထင်ရှား ရှိနေသေးခြင်းသည် အကောင်းဆုံး သတင်းပင် ဖြစ်သည်။ လွန်ခဲ့သော ခြောက်လပတ်လုံး အဖွဲ့အတွင်း၌ စိုးရိမ်မှုများ ရှိနေခဲ့သော်လည်း စီမာဟွေ့နန်တစ်ယောက် အေးဆေးတည်ငြိမ်နေနိုင်ခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။

ကူချိုင်ယီကမူ ဝမ်းသာစိတ်နှင့်အတူ မနာလိုစိတ်အနည်းငယ်ကိုလည်း ခံစားလိုက်ရ၏။

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရွှီဟွမ်ကျန်းက နောက်ဆုံး၌ စကားစလိုက်သည်။

“အဖွဲ့ခေါင်းဆောင် မရှိတဲ့အချိန်မှာ အဖွဲ့ရဲ့ ကိစ္စရပ်အားလုံးကို စီမံခန့်ခွဲရေးမှူးကပဲ ဆုံးဖြတ်ရမှာပေါ့၊ စီမံခန့်ခွဲရေးမှူး စီမာ.... ကျုပ်တို့ ဘာဆက်လုပ်ရမလဲဆိုတာ ညွှန်ကြားပေးပါ"

စီမာဟွေ့နန်၏ ကျင့်ကြံမှုအဆင့်မှာ ဤနေရာတွင် အမြင့်ဆုံးမဟုတ်သော်လည်း သူမ၏ ရာထူးကိုမူ မည်သူမျှ မငြင်းဆန်နိုင်ကြပေ။ သူမသည် လော့ချန် အယုံကြည်ရဆုံးသူ ဖြစ်ရုံမက၊ ချူခွေးနှင့် ဝမ်ယွမ်တို့ထက်ပင် အဖွဲ့အတွင်း၌ အဓိက အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်၏။

မျှော်လင့်ချက်အပြည့်နှင့် ကြည့်နေကြသော အဖွဲ့ဝင်များကို ကြည့်ကာ စီမာဟွေ့နန်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာ ပြောလိုက်သည်။

“လုပ်ရမှာ သုံးခု ရှိတယ်.... ပထမတစ်ခုက တိုက်ပွဲကနေ ရလာတဲ့ အခြေတည်ဆေးလုံးတွေကို အဖွဲ့ဝင်တွေကို ခွဲဝေပေးပြီး အဖွဲ့ရဲ့ အင်အားကို မြှင့်တင်ရမယ်.... ဒုတိယတစ်ခုက ထိပ်သီးဂိုဏ်းကြီးနှစ်ခုကြား စစ်ပွဲက အခုငြိမ်သက်နေပေမဲ့ သူတို့ရဲ့ လက်အောက်ခံ အင်အားစုတွေက အထိနာနေကြပြီ.... ဒါက ကျွန်မတို့အတွက် အခွင့်အရေးပဲ၊ ကျွန်မတို့ နယ်မြေချဲ့ထွင်ပြီး ပိုမိုသန်မာအောင် လုပ်ရမယ်၊ အဖွဲ့ခေါင်းဆောင် ပြန်လာတဲ့အချိန်မှာ ယိုယွင်းပျက်စီးနေတဲ့ အဖွဲ့မျိုးကို မမြင်စေချင်ဘူး၊ တတိယတစ်ခုက အရေးအကြီးဆုံးပဲ၊ အဲ့ဒါက အဖွဲ့ခေါင်းဆောင် အသက်ရှင်နေတာ သေချာတဲ့အတွက် သူ့ကို ကူညီဖို့ လူလွှတ်ရမယ်"

ညွှန်ကြားချက်တိုင်းသည် တိကျပြတ်သားလှသဖြင့် အဖွဲ့ဝင်များအားလုံး ခေါင်းညိတ်ထောက်ခံရင်း စီမာဟွေ့နန်၏ တည်ငြိမ်ပြီး စေ့စပ်သေချာသော လုပ်ဆောင်နိုင်စွမ်းကို စိတ်ထဲမှ အံ့ဩချီးကျူးမိကြသည်။

သူမ၏ စီစဉ်မှုအောက်တွင် လော့ချန်အား ရှာဖွေမည့်အဖွဲ့ကို ချက်ချင်း စုစည်းလိုက်သည်။ သို့သော် လူအင်အား အလွန်အမင်း မများသင့်ပေ။ ထိုနေရာတစ်ဝိုက်တွင် အင်အားကြီး ကျင့်ကြံသူများစွာ ရှိနေသဖြင့် လူအများအပြား သွားရောက်ပါက အာရုံစိုက်ခြင်းကို ခံရနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်မှာမူ အမြင့်ဆုံး ဖြစ်ရပေမည်။

ထင်ထားသည့်အတိုင်း ချူခွေးသည် ပထမဆုံး ရွေးချယ်မှု ဖြစ်သည်။ သူသည် လော့ချန်နှင့်အတူ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သူဖြစ်ရာ လော့ချန်၏ တိုက်ခိုက်မှုဟန်နှင့် အလေ့အထများကို အသိဆုံး ဖြစ်သည်။ ထို့ကြောင့် သူကသာ ရှာဖွေရန် အသင့်တော်ဆုံး ဖြစ်၏။

ဝမ်ယွမ်သည်လည်း အတူတူ လိုက်ပါရမည် ဖြစ်၏။ သွေးစွမ်းအင်များကို ကျွမ်းကျင်ပြီး လင်းစွမ်းအား၊ မှောင်စွမ်းအားကို တတ်မြောက်ထားသူဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အခြေတည်အဆင့် (၈) ရှိသော ကျင့်ကြံသူများနှင့် ရင်ပေါင်တန်းနိုင်ပြီး၊ သန်မာသော ခန္ဓာကိုယ်ကြောင့် လက်နက်များကို အားကိုးသူများအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ပေသည်။ ဝမ်ယွမ် ပါဝင်ပါက အသေးစား တိုက်ပွဲများအတွက် စိုးရိမ်စရာမလိုချေ။

“မင်လုံယွီ.... ရှင်က ဒန်ရှားတောင်ရဲ့ အစီအရင်ကြီးကို ထိန်းချုပ်ထားတဲ့သူ ဖြစ်သလို၊ အခြေတည်အဆင့် ရန်သူတွေကိုပါ ခုခံနိုင်တဲ့ အစွမ်းရှိတယ်၊ ရှင်က ကျွန်မတို့အဖွဲ့ရဲ့ အခိုင်ခံ့ဆုံး ဒိုင်းကြီးပဲ၊ အဲ့တော့ ရှင် ဒီနေရာကနေ မခွာသင့်ဘူး၊ ဒါကလည်း အဖွဲ့ခေါင်းဆောင်ရဲ့ သဘောထားပဲဖြစ်မှာပါ"

စီမာဟွေ့နန်က စကားကို ခေတ္တဖြတ်ပြီးနောက် လေးနက်စွာ ဆက်ပြောလိုက်သည်။ “အထူးသဖြင့် အခုလို အချိန်မှာ ချူခွေးနဲ့ ဝမ်ယွမ်တို့ကို လွှတ်လိုက်တဲ့အတွက် ရှင်က ပိုပြီးတော့ ကျန်ခဲ့သင့်တယ်"

သူမ စကားရပ်လိုက်သောအခါ အားလုံးက တခြားသူတစ်ဦးဦးကို ရွေးချယ်တော့မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း သူမ ဆက်ပြောလိုက်၏။

“ဒါပေမဲ့ ကျွန်မတို့အဖွဲ့ထက် အဖွဲ့ခေါင်းဆောင်ရဲ့ ဘေးကင်းရေးက ပိုပြီး အရေးကြီးတယ်၊ အဖွဲ့ပျက်စီးသွားလည်း သူရှိနေသရွေ့ ပြန်တည်ဆောက်နိုင်တယ်၊ ဒါပေမဲ့ သူ့ကိုသာ ဆုံးရှုံးလိုက်ရရင် ကျွန်မတို့အဖွဲ့ ဘယ်လောက်ပဲ ရာစုနှစ်ချီ တည်တံ့နေပါစေ၊ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး၊ ဒါကြောင့် ရှင့်ကို ဝမ်ယွမ်၊ ချူခွေးတို့နဲ့အတူ လိုက်သွားဖို့ ကျွန်မ တာဝန်ပေးတယ်၊ ရှင် ကန့်ကွက်စရာ ရှိလား"

မင်လုံယွီက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

“လုံးဝ မရှိပါဘူး"

စီမာဟွေ့နန်က ကျန်ရှိသူများကို ဝေ့ကြည့်လိုက်သည်။

“ဒီအစီအစဉ်အပေါ် ကန့်ကွက်ချင်သူ ရှိသေးလား"

အားလုံးသည် ရွေးချယ်ခံရသူ သုံးဦးကို ကြည့်လိုက်ကြသည်။

အဖွဲ့၏ အသန်မာဆုံး တိုက်ခိုက်ရေးသမား ဝမ်ယွမ်၊ ထျန်းလန်နတ်ဘုရားမြို့တော်၏ တိုက်ခိုက်ရေးအတွေ့အကြုံအရှိဆုံး တစ်ကိုယ်တော်ကျင့်ကြံသူ ချူခွေးနှင့် အစီအရင်ဆရာကြီး မင်လုံယွီ တို့ ဖြစ်ကြရာ၊ ဤအင်အားစုမှာ အဖွဲ့၏ အကောင်းဆုံး လက်ရွေးစင်များ ဖြစ်ကြပြီး အပြင်လောကနှင့် ယှဉ်လျှင်ပင် အလွန်အင်အားကြီးမားသော အဖွဲ့တစ်ခု ဖြစ်သည်။

အားလုံးက သဘောတူညီကြပြီး ကူချိုင်ယီသည်ပင် ခေါင်းညိတ်ထောက်ခံခဲ့သည်။

“ဒါဆိုရင် အားလုံးပဲ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်ကြစို့"

စီမာဟွေ့နန်က သူမ၏ ဝတ်ရုံလက်ကို ခါယမ်းကာ အနာဂတ်အတွက် အစီအစဉ်များကို စတင် အကောင်အထည်ဖော်လိုက်တော့သည်။

All Chapters