← Chapters

အခန်း ၃၄၂၁

Vol. 151 Ch. 3421

အခန်း ၃၄၂၁

Vol. 151 Ch. 3421

အပိုင်း (၃၄၂၁)

ဘာသာပြန်သူ_တိမ်တိုက်

ထိုတိုက်ပွဲ ပြီးသွားသည့်နောက်တွင် ကျားဟိန်းသံမြို့၏ အခြေအနေမှာ အနည်းငယ် ထူးဆန်းသွားတော့သည်။ တိုက်ပွဲပြီးသည့် အချိန်မှ စ၍ နောက်ခြောက်လ အတောအတွင်း နတ်ဆိုးစစ်တပ်သည် ကျားဟိန်းသံမြို့အား တစ်ကြိမ်တစ်ခါမျှပင် လာရောက်တိုက်ခိုက်ခြင်း မရှိတော့ပေ။

ကျားဟိန်းသံမြို့၏ ခွန်အားကို ကြောက်ရွံ့သည့်အတွက်ကြောင့်ပင်ပဲလား ထိုသို့မဟုတ်ဘဲ အခြားသော အကြောင်းအရင်းများကြောင့်ပဲလား မသိရပါသော်ငြား နတ်ဆိုးစစ်တပ်မှာမူ ကျားဟိန်းသံမြို့အား မေ့လျော့သွားသည့်ပုံပင်။ ထိုသို့ပင် ဖြစ်နေလင့်ကစား ကျားဟိန်းသံမြို့၏ အနီးအနားတစ်ဝိုက်တွင် ရှိနေသော အခြားသော မြို့များမှာမူ အဆက်မပြတ်ကို တိုက်ခိုက်ခံနေရသည်။

ပထမ နှစ်လ အတောအတွင်း နတ်ဆိုးစစ်တပ်အား အခွင့်အရေးပေးမိသလို ဖြစ်သွားမည် စိုးသည့်အတွက်ကြောင့် ရန်ကိုင်မှာ ပေါ့ပေါ့လျော့လျော့ မနေရဲခဲ့ပေ။

သို့ပါသော်ငြား အချိန်ကြာလာသည့်နောက် နတ်ဆိုးစစ်တပ် ထပ်မံ၍ တိုက်ခိုက်လာခြင်း မရှိတော့မှန်း သိလိုက်သော် ရန်ကိုင် ကိုယ်တိုင်သည် စစ်တပ်ကို ဦးဆောင်၍ စတင် တိုက်ခိုက်တော့လေသည်။ နတ်ဆိုးမျိုးနွယ်စုမှာ သူတို့အား လာရောက်တိုက်ခိုက်ခြင်း မရှိသည့်အတွက်ကြောင့် သူတို့ဘက်မှ ပြန်လည် တိုက်ခိုက်ရပေလိမ့်မည်။

ကျားဟိန်းသံမြို့၏ စစ်သည်နှစ်သိန်း အကူအညီလာရောက်ပေးမှုကြောင့် အနီးအနားတွင် ရှိနေကြသော မြို့များမှာ အန္တရာယ်တွင်းမှ အကြိမ်ဖန်ပေါင်းများစွာ လွတ်မြောက်နိုင်ခဲ့ရပြီး မရေမတွက်နိုင်သော ရန်သူများကိုပင်လျှင် ပြန်လည် သတ်ဖြတ်ပစ်နိုင်ခဲ့သည်။ ကျားဟိန်းသံမြို့၏ စစ်တပ်မှာ စစ်အင်အားကို ရရှိသွားခဲ့သလို စစ်တပ်ထဲတွင်လည်း ဧကရာဇ်အဆင့်ပညာရှင် အယောက်နှစ်ရာ ရှိနေသည့်အတွက်ကြောင့် ထိုစစ်တပ်ကြီးမှာ လုံးဝကို ရပ်တန့်၍ မရသည့် စစ်တပ် တစ်ခုပမာ ဖြစ်လာခဲ့လေသည်။

လက်ရှိ အချိန်တွင် အနောက်ဘက်နယ်မြေထဲ နတ်ဆိုးစစ်တပ်နှင့် ပတ်သက်၍ ရုန်းကန်နေရသော မြို့ပေါင်းများစွာ ရှိကြပေသည်။ သို့ပါသော်ငြား မြို့တစ်မြို့မြို့သည်သာ ကျဉ်းထဲကျပ်ထဲသို့ ရောက်သွားခဲ့သည်ရှိသော် ထိုသို့မဟုတ်ဘဲ နတ်ဆိုးများအား မခုခံနိုင်တော့သည်ရှိသော် ကျားဟိန်းသံမြို့အား ချက်ချင်း လှမ်း၍ အကူအညီတောင်းကြပေသည်။ ဟင်းလင်းပြင်အစီအရင် ရှိနေသလို လောကဓာတ်လုံးကိုလည်း ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ရန်ကိုင်မှာ လျင်လျင်မြန်မြန် သွားရောက် အကူအညီပေးကာ တိုက်ပွဲ၏ အလှည့်အပြောင်းကို ပြောင်းလဲပေးနိုင်ခဲ့လေသည်။

ကျားဟိန်းသံမြို့သည် ရန်ကိုင်၏ ဦးဆောင်မှုအောက်တွင် အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ပါသော်ငြား ကြယ်တာရာအစုအဝေး တစ်ခုလုံး၏ အခြေအနေမှာမူ ကောင်းမွန်ခြင်း မရှိသေးပေ။

ခြောက်လအတွင်း၌ အနောက်ဘက်နယ်မြေမှာ နယ်မြေပေါင်း များစွာကို ဆုံးရှုံးခဲ့ရသည်။ ရာနှင့်ချီသော မြို့များ နတ်ဆိုးစစ်တပ် လက်အောက်သို့ ကျရောက်သွားခဲ့ရပြီး မရေမတွက်နိုင်သော လူများ အသတ်ခံခဲ့ရသည်။ နတ်ဆိုးစစ်တပ်ကြီးမှာ လုံးဝကို ရပ်တန့်မရသည့်ပုံပင်။ ဤနှုန်းအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် အနောက်ဘက်နယ်မြေ တစ်ခုလုံး ငါးနှစ်အတွင်း နတ်ဆိုးစစ်တပ် လက်အောက်သို့ ကျရောက်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် နတ်ဆိုးစစ်တပ်သည် အနောက်ဘက်နယ်မြေအား ခြေကုပ် ရယူ၍ တောင်ဘက်၊ အနောက်ဘက်နှင့် အရှေ့ဘက်နယ်မြေများကို စတင် တိုက်ခိုက်လာပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ငြိမ်းချမ်းမှုသည် ကြယ်တာရာအစုအဝေးထဲ လူတိုင်း မျှော်လင့်နေရသည့် မျှော်လင့်ချက်တစ်ခု ပြန်ဖြစ်လာရပေလိမ့်မည်။

လက်ရှိ အခိုက်အတန့်၌ မဟာဧကရာဇ်များအား မည်သည့် နေရာတွင်မျှ မတွေ့ရပေ။ မဟာဧကရာဇ်များ ဘာတွေလုပ်နေသလဲ လက်ရှိ ကြယ်တာရာအစုအဝေး၏ အခြေအနေကို မဟာဧကရာဇ်များ သိမှသိပါလေသလား ဆိုသည်ကိုလည်း မသိရပေ။

ကျားဟိန်းသံမြို့၏ အကာအကွယ်အစီအရင် တဖြည်းဖြည်းချင်း ပွင့်သွားခဲ့ပြီး စစ်သည်နှစ်သိန်းမှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြန်ရောက်လာကြလေသည်။ ကျားဟိန်းသံမြို့သည် လွန်ခဲ့သည့် ခြောက်လအတွင်း တိုက်ခိုက်ခဲ့သည့် စစ်ပွဲများအနက် အကျအဆုံးများစွာနှင့် ကြုံတွေ့ခဲ့ရပါသော်ငြား နတ်ဆိုးစစ်တပ် လက်အောက်သို့ ရောက်သွားသည့် မြို့များမှ ထွက်ပြေးလာသော ကျင့်ကြံသူများမှာ ကျားဟိန်းသံမြို့ထဲ လာရောက် ခိုလှုံပူးပေါင်းကြသည့်အတွက်ကြောင့် ကျားဟိန်းသံမြို့ စစ်တပ်၏ အရွယ်အစားမှာ တိုးတက်လာခြင်း မရှိလျှင်ပင် လျော့ကျသွားခြင်းတော့ မရှိပေ။

အောင်နိုင်စွာ ပြန်ရောက်လာကြသည့် စစ်သည်များကိုမူ ကျားဟိန်းသံမြို့၏ ဒေသခံများမှ ဝမ်းသာအားရဖြင့် ကြိုဆိုဂုဏ်ပြုကြလေသည်။

ရန်ကိုင်သည် ဤစစ်တပ်ကြီးကို ဦးဆောင်၍ အကူအညီတောင်းခံသော မြို့တစ်မြို့အား သွားရောက် ကူညီပေးခဲ့ခြင်း ဖြစ်လေသည်။ ယခုတစ်ကြိမ် စစ်ပွဲမှာ အောင်မြင်ခဲ့သည်ဟုလည်း ပြော၍ ရသည်။ သူတို့ သွားရောက် ကူညီပေးခဲ့သော မြို့အား အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ရုံမက ချီတက်လာသော တစ်သန်းခန့် ရှိသည့် နတ်ဆိုးစစ်တပ်ကိုပင်လျှင် ပြန်လည် တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။

ကျားဟိန်းသံမြို့အား စောင့်ကြပ်ရန်အတွက် ကျန်ရစ်ခဲ့သော မာယင်သည် ရန်ကိုင် ပြန်ရောက်လာသည်ကို မြင်သည့်အခါ ရန်ကိုင် အနားသို့ ကပ်လာပြီး တိုးတိုးလေး တစ်ခုခုအား ပြောသွားခဲ့သည်။ မာယင် ပြောပြသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူ့အနောက်တွင် သူနှင့်အတူ ပြန်ပါလာသော စစ်တပ်ကြီးအား အနားယူရန် အချက်ပြလိုက်ပြီးသည့်နောက် မြို့သခင်စံအိမ်ဆီသို့ ထွက်လာခဲ့လေသည်။

မြို့သခင်စံအိမ်ထဲဝယ် တစ်စုံတစ်ဦးမှာ စောင့်နေခဲ့သည်။ အပြင်ဘက်မှ လှုပ်လှုပ်ရှားရှား အသံများ ကြားလိုက်ရသော် ထိုလူသည် အပြင်ဘက်သို့ လှမ်း၍ ကြည့်လိုက်လေ၏။

အကြည့်ချင်းဆုံသွားသည့်အခိုက် တစ်ဖက်လူ၏ မျက်လုံးများမှာ လုံးဝကို ဖြူစွတ်နေကြောင်း ရန်ကိုင် သတိထားမိသွားခဲ့သည်။

"ရောင်းရင်းကောင်းလား" ရန်ကိုင်သည် ပြုံးရင်းမှ ခန်းမထဲ သွားထိုင်လိုက်လေသည်။ ထိုအချိန်တွင် အစေခံမလေးတစ်ဦး ရောက်လာပြီး ရန်ကိုင်အား ရေနွေးကြမ်း ငှဲ့ပေးလေ၏။ ထို့နောက် တလေးတစားဖြင့် ပြန်ဆုတ်သွားခဲ့သည်။

ကောင်းကျန်းသည် ရန်ကိုင်နှင့် ရင်းနှီးသည့် လူတစ်ဦး မဟုတ်လျှင်ပင် အသိအကျွမ်းတစ်ဦး ဖြစ်သည်ဟု ပြော၍ ရသည်။ ကောင်းကျန်း ဘာကြောင့် ဤနေရာသို့ ရောက်နေရသလဲဆိုသည်ကို ရန်ကိုင် မသိပေ။ ကောင်းကျန်းသည် ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်၏ အမွေခံ တပည့်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် ကောင်းကင်ကံကြမ္မာမဟာဧကရာဇ် ဘေးနားတွင် မနေဘဲ ဘာကြောင့်များ ကျားဟိန်းသံမြို့သို့ ရောက်လာရလေသနည်း။

ကောင်းကျန်းက ပြောလိုက်လေသည်။ "စီနီယာအစ်ကိုရန်က တကယ်ကို နာမည်ကျော်ကြားနေတာပဲ၊ ကျားဟိန်းသံမြို့ စစ်တပ် ထွက်လာပြီဆိုတာနဲ့ နတ်ဆိုးတွေ ဖိမ့်ဖိမ့်တုန်အောင် ကြောက်သွားရတာပဲတဲ့"

ရန်ကိုင်ကမူ လက်ဝှေ့ယမ်းရင်းမှ ပြန်ပြောလိုက်၏။ "ရောင်းရင်းကောင်း ကျုပ်ကို ချီးကျူးလွန်းနေပါပြီ၊ ဒါပေမဲ့ ရောင်းရင်းကောင်း ဒီကို ဘာဖြစ်လို့ ရောက်လာတာလဲ၊ ကိစ္စကြီးတစ်ခုခု ဖြစ်သွားလို့လား"

ကောင်းကျန်းက ပြန်ပြောလိုက်သည်။ "ဆရာ့ အမိန့်အတိုင်း စီနီယာရန်ကို လာတွေ့ဖို့ ဖိတ်ခေါ်တာလေ"

ရန်ကိုင်က မျက်ခုံးပင့်၍ ပြန်မေးလိုက်၏။ "စီနီယာကောင်းကင်ကံကြမ္မာက ကျုပ်ကို တွေ့ချင်နေတာလား"

"ဟုတ်တယ်"

ရန်ကိုင်က ခေါင်းညိတ်၍... "ကောင်းပြီလေ၊ အဲဒါဆို ခဏလောက် စောင့်ဦးနော်၊ ကျုပ် တစ်ချက်လောက် ပြင်လိုက်ဦးမယ်"

ကောင်းကျန်းက အဆင်ပြေကြောင်း အချက်ပြလိုက်သည်။

ရန်ကိုင်တွင် ပြင်စရာဆင်စရာ ဘာမျှမရှိ။ သူ အပြင်ခဏသွားမည် ဖြစ်သည့်အတွက်ကြောင့် သူ မရှိချိန် သေသေချာချာ သတိထား၍ ကျားဟိန်းသံမြို့ကို စောင့်ကြည့်ထားရန် လီကျောက်နှင့် ကောင်းရွှယ်ထင်းတို့အား ပြောဆိုခြင်းသာ ရှိပေသည်။ နတ်ဆိုးစစ်တပ်မှာ အရင်တစ်ကြိမ် နတ်ဆိုးသူတော်စင်တစ်ပိုင်း ထွက်ပြေးသွားသည့် အချိန်မှ စ၍ ကျားဟိန်းသံမြို့အား လာရောက်တိုက်ခိုက်ခဲ့ခြင်း မရှိတော့ပေ။ သို့ပါသော်ငြား သတိဆိုသည်မှာ ပိုသည် မရှိ။ နတ်ဆိုးစစ်တပ်သည် သူ ဤနေရာ၌ မရှိစဉ် ကျားဟိန်းသံမြို့အား တိုက်ခိုက်လာခဲ့သည်ရှိသော် အကျိုးဆက်မှာ မတွေးဝံ့စရာ ဖြစ်သွားပေလိမ့်မည်။

ကိစ္စအရပ်ရပ် အားလုံးကို ပြင်ဆင်ပြီးသည့်နောက်တွင် ရန်ကိုင်သည် ကောင်းကျန်းနှင့်အတူ မြို့ထဲရှိ ဟင်းလင်းပြင်အစီအရင်ကို သုံး၍ ထွက်လာခဲ့လေသည်။

အလင်းတစ်ချက် လက်သွားသည့်နောက် ရန်ကိုင်တို့ နှစ်ဦး တောင်ကြားထဲ၌ ပေါ်လာခဲ့သည်။ တောင်ကြားမှာ မိုးမြေစွမ်းအင်ဖြင့် သိပ်သည်းလှပြီး ပတ်ဝန်းကျင်ရှုခင်းများမှာလည်း အလွန်တရာကိုမှ လှပလှသည်။ ထိုအပြင် စံအိမ်များ အဆောက်အဦးများမှာလည်း တောင်ကြားထဲ၌ ရှိနေကြလေသည်။ စစ်မြေပြင်ထဲဝယ် အချိန်ကုန်ခဲ့ရပြီးသည့်နောက်တွင် ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးသို့ ရောက်လာသည့်အခါ ရန်ကိုင်၏ စိတ်အစုံမှာ လွတ်လပ်ပေါ့ပါးသွားသည့်ပမာ ခံစားလိုက်ရသည်။

ရန်ကိုင်က မျက်ခုံးပင့်ရင်းမှ မေးလိုက်လေ၏။ "ဒါက ကောင်းကင်ကံကြမ္မာတောင်ကြားလား"

ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သည် ကောင်းကင်ကံကြမ္မာတောင်ကြားဟု ခေါ်သည့် တောင်ကြား တစ်ခုထဲတွင် နေထိုင်ကြောင်းကို ရန်ကိုင် ကြားဖူးပေ၏။ သို့ပါသော်ငြား ကောင်းကင်ကံကြမ္မာတောင်ကြား မည်သည့် နေရာတွင် ရှိသလဲဆိုသည်ကို လူအနည်းငယ်သည်သာ သိကြသည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း ကောင်းကင်ကံကြမ္မာတောင်ကြား မည်သည့် နေရာတွင် ရှိသလဲဆိုသည်ကို မသိသလို တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် ဤနေရာသို့ လာရမည်ဆိုသည်ကိုလည်း မသိခဲ့ပေ။

ကောင်းကျန်းကမူ ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်၊ ဒီနေရာက ကောင်းကင်ကံကြမ္မာတောင်ကြားပဲ၊ စီနီယာက ငြိမ်းချမ်းပြီးတော့ တိတ်ဆိတ်တဲ့ နေရာမျိုးကို နှစ်သက်တော့ ဒီနေရာမှာ ဆရာနဲ့ ကျုပ်ပဲ နှစ်ယောက်တည်း နေနေတာ၊ ဒါကြောင့် ရောင်းရင်းရန်အတွက် အဆင်မပြေသလို ဖြစ်သွားခဲ့ရင် ကျုပ်ကပဲ တောင်းပန်ပါတယ်"

"ရောင်းရင်းကောင်း ယဉ်ကျေးလွန်းနေပါပြီ" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ဘေးဘီဝဲယာအား စိတ်ဝင်တစားဖြင့် လှည့်ပတ်ကြည့်တော့လေသည်။

ကောင်းကျွန်းသည် အရှေ့မှ ဦးဆောင်ခေါ်သွားလေ၏။ ကောင်းကျန်း၏ ဦးဆောင်မှုနှင့်အတူ ရန်ကိုင်မှာ တံတားလေးများကို ဖြတ်ကျော်လာခဲ့လေသည်။ ကောင်းကင်ကံကြမ္မာတောင်ကြား၏ လမ်းများမှာ အလွန်ကိုမှ အကွေ့အကောက်များလှသည်။ ထိုအပြင် ပတ်ဝန်းကျင် ရှုခင်းများမှာလည်း နေရာတစ်ခုနှင့် တစ်ခု တူညီခြင်း မရှိကြချေ။ ဤနေရာ၌ ကောင်းကင်ကံကြမ္မာတောင်ကြား၏ ပတ်ဝန်းကျင်ရှုခင်းသည် ပန်းပေါင်းစုံတို့ဖြင့် ပွင့်လန်းကာ အလွန်တရာကိုမှ သာယာနေလိမ့်မည် ဖြစ်ပါသော်ငြား နောက်တစ်နေရာတွင်မူ မိမိကိုယ်မိမိ နှင်းလွင်ပြင်ထဲသို့ ရောက်သွားသလားဟုပင် ထင်သွားရနိုင်သည်။

ဤကောင်းကင်ကံကြမ္မာတောင်ကြားထဲတွင် ဥတုလေးမျိုးစလုံးကို တုပနိုင်သည့် ပတ်ဝန်းကျင်မျိုးကို ဖန်တီးထားသော ဟင်းလင်းပြင်အစီအရင် တစ်ခုကို ခင်းကျင်းထားသည့်ပုံပင်။

တစ်ခုသော စံအိမ်ဆီသို့ ရောက်လာပြီးသည့်နောက် ကောင်းကျန်းသည် ရပ်၍ ရန်ကိုင်အား ရှေ့ဆက်သွားရန် အချက်ပြလိုက်သည်။

ထိုအခါမှ ရန်ကိုင်လည်း အထဲသို့ လှမ်းကြည့်လိုက်ရာ အထဲတွင် သူ့အား ပြုံးကြည့်နေသော လူနှစ်ဦး ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် ရန်ကိုင်မှာ ပတ်ဝန်းကျင်အား အဆက်မပြတ်ကို စစ်ဆေးကြည့်နေခဲ့သည်။ သို့ပါသော်ငြား ဤစံအိမ်အနားသို့ ရောက်လာသည့်တိုင် ဤစံအိမ်ထဲ၌ လူနှစ်ဦး ရှိနေသည်ကို အာရုံခံမိခဲ့ခြင်း မရှိပေ။ သို့ပါသော်ငြား ထိုလူနှစ်ဦးသည်သာ မဟာဧကရာဇ်များ ဖြစ်နေခဲ့မည်ဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် ထိုလူနှစ်ဦး၏ တည်ရှိမှုကို အာရုံ မခံမိသည်မှာ အထူးအဆန်း မဟုတ်တော့ပေ။

ထိုလူနှစ်ဦးအနက် တစ်ဦးမှာ ဤနေရာ၏ ပိုင်ရှင် ဖြစ်သော ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်သာ ဖြစ်ပေသည်။ အခြားတစ်ဦးမှာတော့ ရန်ကိုင် သိပြီးသား ဖြစ်သည့် သားရဲသခင်မဟာဧကရာဇ် မိုဟွမ်ပင် ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုနှစ်ဦးမှာ ကျောက်စားပွဲခုံ တစ်လုံးပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ကာ ရေနွေးကြမ်း သောက်နေကြလေသည်။

ရန်ကိုင်သည် အထဲသို့ ဝင်သွားလိုက်ပြီး လက်သီးဆုပ်ကာ ဦးညွှတ်၍ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ စီနီယာတို့"

မိုဟွမ်က ပြုံး၍ ပြောလိုက်လေ၏။ "ကိန်းကြီးခန်းကြီးတွေ လုပ်မနေနဲ့၊ ထိုင်လိုက်"

ရန်ကိုင်လည်း ကျေးဇူးတင်စကား ပြောကာ ထိုင်ချလိုက်သည်။

ထို့နောက်တွင် စံအိမ် တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။ ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်နှင့် သားရဲသခင်မဟာဧကရာဇ်တို့မှာ ရေနွေးကြမ်း ဆူပွက်လာမည်ကို စောင့်နေသည့်အလား လုံးဝကို တိတ်နေကြသည်။ ရန်ကိုင်မှာ ထိုနှစ်ဦး၏ ငြိမ်းချမ်းတိတ်ဆိတ်သော အခိုက်အတန့်ကို သွားရောက် မနှောင့်ယှက်ချင်ပေ။ သို့ပါသော်ငြား သူထိုင်နေရသည်မှာ မဟာဧကရာဇ်နှစ်ပါးကြားတွင် ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ မသက်မသာ ဖြစ်လာကာ သူ့ခန္ဓာကိုယ်မှာ ရွစိရွစိနှင့် ဖြစ်နေမိလေ၏။

ထိုအခါတွင် မိုဟွမ်သည် ရန်ကိုင်ဘက်သို့ လှည့်လာ၍ ပြောလိုက်လေသည်။ "မင်းက မျောက်ဝင်စားတာလား"

ရန်ကိုင်လည်း ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြုံး၍ ခေါင်းကိုသာ ငုံ့နေလိုက်တော့သည်။

သို့ပါသော်ငြား ချူထန်းကျိကမူ ရယ်သွမ်းသွေး၍... "လူငယ်လေးတွေ အခုလိုမျိုး တက်တက်ကြွကြွ ဖြစ်နေတာ မဆန်းပါဘူးလေ၊ ရောင်းရင်းမို ဘာဖြစ်လို့ သူ့ကို သွားပြီး အပြစ်တင်နေရတာလဲ"

မိုဟွမ်က ပြန်ပြောလိုက်သည်။ "ရောင်းရင်းချူ၊ မင်း ဒီကောင့်ပုံကို ကြည့်ပြီးတော့ မယုံလိုက်နဲ့နော်၊ ဒီကောင်က လုံးဝ ယုံစားရတဲ့လူမျိုး မဟုတ်ဘူး" မိုရှောင်ချီ ကိစ္စကြောင့် မိုဟွမ်မှာ ရန်ကိုင်အပေါ် အတော်လေးကိုမှ အပြစ်တင်ချင်နေမိလေသည်။ ထိုအကြောင်းကြောင့် အခွင့်အရေးရသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အား ဆူပူအပြစ်တင်တော့သည်။

ရန်ကိုင်မှာမူ ပြန်၍ ပြောလိုက်လေ၏။ "စီနီယာသားရဲသခင်၊ ဒီဂျူနီယာ စီနီယာကို တစ်ခါမှ ရန်မစဖူးပါဘူး၊ အရင်တုန်းက ဒီဂျူနီယာ နဂါးကျွန်းဆီ သွားတုန်းကဆိုရင် စီနီယာကိုတောင် ကူညီပေးလိုက်သေးတယ်၊ ပြီးတော့ မိုရှောင်ချီကို သူ့အမေနဲ့ တွေ့လို့ရအောင်လည်း ခေါ်သွားပေးသေးတယ်၊ စီနီယာမို ဘာဖြစ်လို့ ဂျူနီယာကို အဲဒီလိုမျိုး ပြောနေရတာလဲ"

မိုဟွမ်ကမူ နှာခေါင်းရှုံ့လျက် စားပွဲပေါ်ရှိ ရေနွေးအိုးကို ကောက်ကိုင်ကာ ရေနွေးကြမ်းတစ်ခွက် ငှဲ့၍ သူ့ဘာသာသူ မော့ချလိုက်လေသည်။

ချူထန်းကျိကလည်း ရယ်သွမ်းသွေးရင်းမှ ရေနွေးအိုးကို ကိုင်ကာ ရန်ကိုင်အတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးလိုက်လေ၏။

ရန်ကိုင်က အလျင်စလို ထရပ်ရင်းမှ ပြန်ပြောလိုက်သည်။ "ဟာ၊ စီနီယာက ဘယ်လိုလုပ်ပြီး အခုလိုမျိုးတွေ လုပ်ပေးနေရတာလဲ၊ လုပ်မဲ့လုပ် ဂျူနီယာက လုပ်ပေးရမှာကို" ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်ကဲ့သို့သော စီနီယာတစ်ပါးမှ သူ့အား ရေနွေးကြမ်း လာငှဲ့ပေးနေသည့်အပေါ် ရန်ကိုင်မှာ အနည်းငယ် နေမထိထိုင်မထိ ဖြစ်မိသွားလေသည်။

ချူထန်းကျိကမူ ရန်ကိုင် ပြောသည်ကို လျစ်လျူရှု၍ ရန်ကိုင်အတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးပြီးသည့်နောက်တွင် သူ့အတွက် တစ်ခွက် ငှဲ့လိုက်လေသည်။ ထို့နောက်တွင် ဖြည်းဖြည်းချင်း ပြန်ပြောလိုက်လေ၏။ "မင်းအကြောင်းနဲ့ ပတ်သက်ပြီး ရောင်းရင်းမိုဆီက တော်တော်ကြားထားတယ်၊ ဟုတ်လည်း ဟုတ်တာပဲ၊ မျိုးဆက် အဆက်ဆက်တိုင်းမှာ ပါရမီရှင်တွေ မွေးဖွားလာကြတယ်ဆိုတာ တကယ်မှန်တာပဲ"

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် ရှက်သွားခဲ့ပြီးသည့်နောက် ကသိကအောက် အမူအရာဖြင့် ပြန်ထိုင်ချ၍ ပြောလိုက်လေ၏။ "စီနီယာကောင်းကင်ကံကြမ္မာ ချီးကျူးလွန်းနေပါပြီ"

မိုဟွမ်မှာ သူနှင့် ပတ်သက်၍ သိပ်မကျေနပ်ကြောင်းကို ရန်ကိုင် သိထားပြီးသားပင်။ ထိုအကြောင်းကြောင့် မိုဟွမ် ပါးစပ်မှ မည်သည့် ကောင်းသည့် စကားမျှ ထွက်လာစရာ အကြောင်းမရှိပေ။ မိုဟွမ်သည် ကောင်းကင်ကံကြမ္မာဧကရာဇ်အား သူနှင့် ပတ်သက်၍ မည်ကဲ့သို့သော ကိစ္စမျိုးအား ပြောထားသလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။

ချူထန်းကျိက ဆက်၍ ပြောလိုက်လေ၏။ "ထူးခြားတဲ့ လူတွေကတော့ ထူးခြားတဲ့ဟာတွေပဲ လုပ်ရမှာပေါ့၊ အနည်းဆုံးတော့ ဒီလူအိုကြီး မင်း အသက်လောက်တုန်းက မင်းလိုမျိုး သာယာလှပတဲ့ ဘဝမျိုး မပိုင်ဆိုင်ခဲ့ရဖူးဘူး"

ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်၏။ "ဂျူနီယာက ထူးခြားတဲ့လူ ဘယ်လိုလုပ်ပြီး ဖြစ်ရမှာလဲ၊ ဂျူနီယာက ငယ်ငယ်ရွယ်ရွယ်နဲ့ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ လူတစ်ယောက်ပဲ ရှိသေးတယ်၊ စီနီယာတို့ကသာ ကြယ်တာရာအစုအဝေးထဲက သန်းနဲ့ချီတဲ့ ကျင့်ကြံသူတွေရဲ့ စံပြနမူနာတွေ"

ချူထန်းကျိက ဖြည်းဖြည်းချင်း ခေါင်းခါရင်းမှ... "ဒီလူအိုကြီး အသက်ရှင်လာတာ နှစ်နဲ့ချီနေပြီ၊ အဲဒီအချိန်အတွင်းမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကိုလည်း မြင်ဖူးပြီးသွားပြီ၊ ဒါပေမဲ့ ဘယ်သူကမှ မင်းလောက် မထူးချွန်ဖူးဘူး၊ ဒီလောက တစ်ခုလုံးကတော့ ပြောကြတယ် ဒီလူအိုကြီးက အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်နဲ့ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ထိုးဖောက်သိမြင်နိုင်တယ်ဆိုပြီးတော့၊ ဒါပေမဲ့ ငါမင်းရဲ့ အနာဂတ်ကို မမြင်နိုင်ဘူး"

ရန်ကိုင်က အထိတ်တလန့်ဖြင့် ပြန်၍ မေးလိုက်လေ၏။ "စီနီယာပြောချင်တာက ဒီဂျူနီယာရဲ့ အနာဂတ်က တိမ်ဖုံးနေတယ်လို့လား"

ချူထန်းကျိမှာ ခေါင်းသာ ခါပြလိုက်ပြီး ပြန်၍ ရှင်းပြမနေခဲ့ပေ။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ စိတ်ပူလာခဲ့ရလေသည်။ သို့ပါသော်ငြား သူဘာလုပ်နိုင်ပါမည်နည်း။ သူ့လက်သီးမှာ တစ်ဖက်လူထက် ပိုသေးနေလေရာ ချူထန်းကျိအား အတင်းအကျပ် သွားရှင်းပြခိုင်းနေ၍ မရပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ သူ့အရှေ့တွင် ရှိနေသော ရေနွေးခွက်ကို ကောက်ကိုင်၍ တစ်ကျိုက်တည်းသာ မော့ချလိုက်တော့လေ၏။

မိုဟွမ်မှာမူ ဆက်၍ ကြည့်မနေနိုင်တော့သည့်အလား ကြားဖြတ်ပြောလိုက်တော့လေသည်။ "အဲဒီကောင်ကို ချီးကျူးလွန်းမနေနဲ့၊ လိုရင်းကိုသာ ပြောပြလိုက်တော့၊ လူအိုကြီးချူ၊ မင်းကလေ အရည်မရ အဖတ်မရတွေကို တကယ် ပြောရ ကြိုက်တဲ့လူပါလားကွ"

ရန်ကိုင်က အလေးအနက် အမူအရာဖြင့် ပြန်မေးလိုက်လေ၏။ "ဂျူနီယာလည်း သိချင်နေတာ၊ စီနီယာတို့ နှစ်ယောက် ဒီဂျူနီယာကို ဘာဖြစ်လို့ ခေါ်လိုက်တာလဲ၊ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိလို့လား"

မဟာဧကရာဇ်နှစ်ပါးသည် သူ့အား ဤနေရာသို့ အရေးတကြီးကိစ္စ မရှိဘဲ ခေါ်စရာ အကြောင်းမရှိပေ။ ရုတ်တရက်ဆိုသလို ကောင်းကင်ကံကြမ္မာမဟာဧကရာဇ် ပြောသွားသော ထူးခြားသည့် လူများသည် ထူးခြားသော အရာများကို လုပ်သည်ဟူသော စကားကို ရန်ကိုင် ပြန်သတိရသွားခဲ့သည်။ [ငါ့ကို ခေါ်လိုက်တာ ငါ့အတွက် တာဝန်တစ်ခု ရှိနေလို့လား၊ ပြီးတော့ သူငါ့ကို လုပ်ခိုင်းမဲ့အရာက အရမ်းကြီး အန္တရာယ်များလောက်တယ်]

[ငါ သိနေတယ်၊ မဟာဧကရာဇ်တစ်ပါး ကိုယ်တိုင် ငှဲ့ပေးတဲ့ ရေနွေးကြမ်းကို သောက်ဖို့ ဒီလောက် မလွယ်ဘူးဆိုတာ]

ချူထန်းကျိ ရှင်းမပြရသေးခင်မှာပင် မိုဟွမ်သည် လိုရင်းကို တန်းပြောလိုက်တော့လေသည်။ "ရန်ကိုင်၊ မင်း နတ်ဆိုးနယ်မြေဆီ သွားပေးလို့ရမလား"

"နတ်ဆိုးနယ်မြေဆီသွားရမယ်" ထိုစကားကို ကြားလိုက်သည့်အခိုက် ရန်ကိုင် အကြီးအကျယ် ထိတ်လန့်သွားခဲ့လေသည်။ "ဘာဖြစ်လို့ နတ်ဆိုးနယ်မြေဆီ သွားစေချင်ရတာလဲ"

မိုဟွမ်က မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "လမင်း အန္တရာယ်ရှိနေပြီ၊ ငါတို့ မင်းကို သူ့ကို သွားကယ်ခိုင်းစေချင်တာ"

ထိုစကားကို ကြားသည့်အခါ ရန်ကိုင် လုံးဝကို မှင်တက်သွားတော့သည်။ လမင်းမဟာဧကရာဇ် နတ်ဆိုးနယ်မြေထဲ ရှိနေသည့်အကြောင်းကို ရန်ကိုင် သိပေသည်။ ကမ္ဘာနှစ်ခု လမ်းကြောင်း ပွင့်သွားစဉ်က မဟာဧကရာဇ်များ နတ်ဆိုးနယ်မြေထဲသို့ သွား၍ စစ်ဆေးခဲ့ကြသည်။ သို့ပါသော်ငြား နတ်ဆိုးနယ်မြေထဲရှိ နတ်ဆိုးသူတော်စင်များ၏ အလစ်ချောင်းတိုက်ခိုက်ခြင်း ခံရကာ အခြားသော မဟာဧကရာဇ်များ ပြန်လည် ထွက်ပြေးလာနိုင်စေရန်အတွက် လမင်းမဟာဧကရာဇ်မှာ နတ်ဆိုးနယ်မြေထဲ ကျန်နေခဲ့၍ နတ်ဆိုးသူတော်စင်များကို ထိန်းထားပေးခဲ့သည်။ ထိုအကြောင်းကြောင့်သာလျှင် မိုဟွမ်နှင့် အခြားသူများ ထွက်ပြေးလာနိုင်ခဲ့ခြင်း ဖြစ်၏။

နောက်ပိုင်းတွင် လမင်းမဟာဧကရာဇ်မှာ နတ်ဆိုးနယ်မြေထဲရှိ တစ်နေရာရာတွင် ပိတ်မိနေကြောင်း ရန်ကိုင် ကြားခဲ့ရသည်။ သို့ပါသော်ငြား လမင်းမဟာဧကရာဇ် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုမူ မည်သူမျှ မသိကြပေ။ ဤသည်မှာ ယနေ့အထိ လမင်းမဟာဧကရာဇ်နှင့် ပတ်သက်၍ ရန်ကိုင် နောက်ဆုံး ကြားသိထားခဲ့ရသည့် သတင်းများပင် ဖြစ်လေသည်။

ယခု မိုဟွမ်မှ ရန်ကိုင်အား နတ်ဆိုးနယ်မြေဆီသို့ သွား၍ လမင်းမဟာဧကရာဇ်အား ကယ်ဆယ်ရန် ပြောလာခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ လုံးဝကို ဇဝေဇဝါ ဖြစ်သွားရတော့သည်။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်တွင် ရန်ကိုင်သည် မျက်နှာကြီး မဲ့၍ ပြန်မေးလိုက်လေ၏။ "စီနီယာတို့ ဒီဂျူနီယာကို လာနောက်နေတာလားဟင်”

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters