← Chapters

အခန်း ၃၄၂၄

Vol. 151 Ch. 3424

အခန်း ၃၄၂၄

Vol. 151 Ch. 3424

အပိုင်း (၃၄၂၄)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင် အပိုစကားများကို လျှောက်ပြောနေခြင်းသာဖြစ်မှန်း အမျိုးသမီးလေးဦးစလုံး သိနေကြသည်။ နတ်ဆိုးနယ်မြေနှင့် ကြယ်တာရာအစုအဝေးကြားရှိ စစ်ပွဲမှာ မပြီးသေးသလို အနောက်ဘက်နယ်မြေတစ်ခုလုံးမှာလည်း ပရမ်းပတာဖြစ်နေလေရာ ယခုကဲ့သို့သောအချိန်မျိုးတွင် မည်သူကများ ရှုခင်းကြည့်ချင်စိတ် ရှိပါမည်နည်း။ သို့ပါသော်ငြား ရန်ကိုင် တကယ်ကြီး ဘာလုပ်ချင်နေသလဲဆိုသည်ကိုမူ မည်သူမျှ မသိကြပေ။

ထက်ကောင်းကင်နန်းတော်မှစ၍ ရန်ကိုင်သည် တောင်ဘက်နယ်မြေထဲရှိ ရွက်တစ်ထောင်ဂိုဏ်းတည်ရှိခဲ့သော နေရာဆီသို့ တည်နေရာခုန်ကူးသွားလိုက်သည်။ ဦးတည်ရာလမ်းကြောင်းကို အတည်ပြုပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အမျိုးသမီးလေးဦးနှင့်အတူ ခရီးဆက်တော့လေ၏။

နတ်ဆိုးနယ်မြေကျူးကျော်လာသည့်ကိစ္စသည် ကြယ်တာရာအစုအဝေးအနှံ့ သတင်းပြန့်နှံ့နေသလို စစ်မီးတောက်များသည် အနောက်ဘက်နယ်မြေတစ်ခုလုံးအနှံ့ လောင်မြိုက်နေသည့်အပြင် တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်နယ်မြေများမှ စစ်ကူများကို အဆက်မပြတ် ပို့ပေးနေရသည့်တိုင် စစ်ပွဲဂယက်သည် တောင်ဘက်နယ်မြေဆီသို့ ရောက်ရှိဖို့ရာ အတော်လေးကိုမှ အလှမ်းကွာနေပေသေးသည်။ ထိုအကြောင်းကြောင့် တောင်ဘက်နယ်မြေထဲရှိ လူများ၏ဘဝမှာ စစ်ပွဲဂယက်၏ သက်ရောက်ခံရခြင်း သိပ်မရှိပေ။

ရန်ကိုင်မှာ သူ့အမျိုးသမီးလေးဦးနှင့်အတူ သဘာဝ၏အလှတရားကို အသေအချာ ခံစားနေခဲ့လေသည်။ တောတောင်များကိုဖြတ် ပင်လယ်များကိုကျော်ကာ မြို့များအနှံ့ လျှောက်ကာ လည်ပတ်ကြည့်လေသည်။

စုယန်နှင့်အခြားသူများသည် ကြယ်တာရာအစုအဝေးသို့ ရောက်နေခဲ့သည်မှာ နှစ်အတန်ကြာပြီဖြစ်ပါသော်ငြား ထိုနှစ်များအတောအတွင်း ထက်ကောင်းကင်နန်းတော်ထဲတွင်သာ နေ၍ ကျင့်ကြံနေခဲ့ကြခြင်းဖြစ်သည်။ ထို့နောက်တွင် ကမ္ဘာနှစ်ခုကြားရှိ စစ်မီးတောက်မှာ ရုတ်တရက် ထတောက်လာခဲ့လေရာ စစ်တပ်များကိုဦးဆောင်၍ အနောက်ဘက်နယ်မြေဆီသို့ ဦးတည်သွားခဲ့ရသည်။ ထိုအကြောင်းကြောင့် ဤသည်မှာ သူတို့အဖို့ ကြယ်တာရာအစုအဝေးထဲ ပထမဆုံးအကြိမ်အဖြစ် လွတ်လွတ်လပ်လပ် လျှောက်သွားဖူးခြင်းပင်ဖြစ်လေသည်။ ထို့အပြင် ရန်ကိုင်လည်း ပါနေသည့်အတွက်ကြောင့် အကုန်လုံးမှာ ပျော်ရွှင်နေကြလေသည်။ မြင်မြင်ရာအရာမှန်သမျှသည် သူမတို့အတွက်မူ အသစ်အဆန်းပင် ဖြစ်လေ၏။

ညဘက်သို့ ရောက်လာသည့်အခါတွင် ရန်ကိုင်သည် သူ့မိန်းမလေးဦးကိုခေါ်၍ လောကဓာတ်လုံးထဲ၌ သွားရောက်အိပ်စက်လေ၏။

စီနီယာမမလေးမှာ အလွန်ကိုမှ အရှက်သည်းသည့်အတွက်ကြောင့် ငါးဦးအတူတကွအိပ်ဖို့ရာ မည်ကဲ့သို့များ ရဲပါမည်နည်း။ စုယန်ဆိုသည်မှာလည်း အကြီးဆုံးဖြစ်သည်နှင့်အညီ ရန်ကိုင်အား ကြိမ်ဖန်ပေါင်းများစွာ ဆူပူပြစ်တင်နေလေသည်။ သို့ပါသော်ငြား ရန်ကိုင်ကမူ သူမဆူပူနေသည်ကို ဂရုမစိုက်ဘဲ ထပ်တလဲလဲကို သူမဆန့်ကျင်သည့်အတိုင်း လုပ်လေ၏။ စုယန် ပိုပြီးတင်းကြပ်လေတင်းကြပ်လေ ရန်ကိုင်မှာ ပို၍ လုပ်ချင်လာလေပင်။ ရှန်ချင်းလော့ကပါ ရန်ကိုင်အား အားပေးအားမြှောက်ပြုနေသည့်အခါတွင် စုယန်မှာလည်း မတတ်သာတော့ဘဲ ရန်ကိုင်ဖြစ်စေချင်သည့်အတိုင်း ဖြစ်ခွင့်ပေးလိုက်ရသည်။

ထိုပုံစံအတိုင်း လဝက်ကြာအောင် လှည့်ပတ်သွားနေပြီးသည့်နောက်တွင် အဆုံး၌ ရန်ကိုင်တို့မှာ လွင်ပြင်တစ်ခုဆီသို့ ရောက်လာခဲ့လေသည်။

ထိုနေရာတစ်ဝိုက်အား သေသေချာချာ စစ်ဆေးကြည့်နေကိုမြင်သော် ရှန်ချင်းလော့က မေးလိုက်လေ၏။ “နင်ဘာကိုရှာနေတာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “အရင်တုန်းက ဥတုလေးမျိုးနယ်မြေရဲ့ ဝင်ပေါက်က ဒီမှာပေါ်လာတာ… အခု အဲ့ဝင်ပေါက်ကို ရှာတွေ့မလား ကြည့်ကြည့်နေတာ…”

စုယန်က မေးလိုက်သည်။ “နင် ရှောင်အာနဲ့ရွှယ့်အာကို စိတ်ပူနေတာလား…”

ရန်ကိုင်က သက်ပြင်းချ၍ ပြောလိုက်လေ၏။ “သူတို့နဲ့အတူ လျို့ယန်ပါ ပါသွားတယ်ဆိုပေမယ့် နှစ်ယောက်စလုံးက ကလေးတွေပဲရှိသေးတယ်… အနည်းဆုံး သူတို့ကို တစ်ချက်လောက် မြင်လိုက်ရမယ်ဆိုရင် ငါ ပိုပြီးတော့ စိတ်အေးရတာပေါ့…”

သူ့မိန်းမလေးဦးအနက် ရှေးဟောင်းတောအုပ်ကြီးထဲတွင်သာ ကျင့်ကြံနေခဲ့သည့် ရှန်ချင်းလော့မှလွဲ၍ စုယန်၊ ရွှယ့်ယွယ်နှင့် ရှနင်းချန်တို့အားလုံးမှာ ထိုဖက်တီးလေးအား မြင်ခဲ့ဖူးပေသည်။ ထိုဖက်တီးလေးကိုလည်း အတော်လေးကိုမှ နှစ်သက်ကြ၏ ဖက်တီးလေးမှာ ရန်ကိုင်၏ မွေးစားသား ဖြစ်သည့်အတွက်ကြောင့် စုယန်တို့မှာလည်း ထိုဖက်တီးလေးအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံကြပေသည်။

ယခု ရန်ကိုင်မှ ဥတုလေးမျိုးနယ်မြေ၏ ဝင်ပေါက်ကို လိုက်ရှာနေသည့်အခါတွင် သူ့အမျိုးသမီးများသည်လည်း ရန်ကိုင်အား ကူညီကာ လိုက်လံရှာဖွေပေးခဲ့သည်။ သို့ပါသော်ငြား အဆုံးတွင်မူ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ဥတုလေးမျိုးနယ်မြေသည် သီးခြားကမ္ဘာတစ်ခု ဖြစ်သည်ဟု ပြော၍ရသည်။ ယခင်တစ်ကြိမ်က ဥတုလေးမျိုးနယ်မြေထဲသို့ ဦးတည်နေသော ဝင်ပေါက်သည် ဤလွင်ပြင်ထဲ၌ ပေါ်လာခဲ့ပါသော်ငြား ဝင်ပေါက်သည် နောက်တစ်ကြိမ်တွင် ဤနေရာ၌သာ ပေါ်လာပါမည်ဟု မည်သူမျှ တပ်အပ်မပြောနိုင်ပေ။ ထို့အပြင် ရှောင်အာနှင့် ရွှယ့်အာတို့ကို ဥတုလေးမျိုးနယ်မြေထဲသို့ ခေါ်သွားသည့်လူမှာ ချုန်းချီဖြစ်ပေသည်။ ချုန်းချီတွင် ရန်ကိုင်တို့မသိသော ဥတုလေးမျိုးထဲသို့ ဝင်နိုင်သည့် နည်းလမ်းတစ်မျိုးမျိုးရှိသည့်ပုံပင်။

ရှာမတွေ့သည့်အတွက်ကြောင့် ရန်ကိုင်တို့မှာလည်း ကူကယ်ရာမဲ့စွာဖြင့်သာ ပြန်ထွက်လာခဲ့ရလေ၏။

ထို့နောက်တွင် ရန်ကိုင်သည် ထိုအမျိုးသမီးလေးဦးကို ခေါ်၍ နေမင်းပြာကျောင်းတော်ဆီသို့ သွားလေသည်။ ထိုနေရာသို့ ရောက်ပြီးသည့်နောက် သူပိုင်ဆိုင်သော ဓါးတောင်ပေါ်တွင် ရက်အတန်ကြာအောင် နေ၍ မေပယ်မြို့ဆီသို့ ထွက်လာခဲ့လေသည်။

ဤမြို့သည် ရန်ကိုင် ကြယ်တာရာအစုအဝေးသို့ ရောက်လာပြီးသည့်နောက် ပထမဦးဆုံး ခရီးတစ်ထောက် ခြေချခဲ့သည့် မြို့ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ဤမြို့လေးမှာ ရန်ကိုင်အတွက် အတော်လေးကိုမှ အရေးပါလှသည်။ ဤနေရာတွင်ပင် ရန်ကိုင်မှာ လန်ရွှင်း၊ မိုရှောင်ချီတို့နှင့် ပထမဦးဆုံးအကြိမ် တွေ့ခဲ့ရခြင်းလည်း ဖြစ်သည်။ ယခုအချိန်အထိ သူအသုံးပြုနေသော အနန္တဓါးကိုလည်း ဤမြို့လေးဆီမှ ရခဲ့ခြင်းပင် ဖြစ်လေသည်။ ထို့အပြင် ရန်ကိုင်သည် သူ့ဘဝ၏ ပထမဦးဆုံးသော မဟာဧကရာဇ်ကို ဤမြို့၌ တွေ့ခဲ့ဖူးခြင်းလည်း ဖြစ်၏။ မေပယ်မြို့အပြင်ဘက်တွင်မူ စိတ်ဝိဉာဉ်ရေကန်နန်းတော် ရှိနေပေသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ ထိုနေရာသို့ ဝင်ချေထွက်ချေ ပြုနေကြလေ၏။ သို့ပါသော်ငြား ရှရှန်းမှာ ဤနေရာ၌ မရှိတော့သည့်အတွက်ကြောင့် ရန်ကိုင်လည်း စိတ်ဝိဉာဉ်ရေကန်နန်းတော်ဆီသို့ သွားမနေတော့ပေ။

သို့ပါသော်ငြား ရန်ကိုင်၏မိတ်ဆွေဟောင်းဖြစ်သော ခန်စစ်ရန်မှာ ထက်ကောင်းကင်နန်းတော်နှင့် ခရမ်းကြယ်စင်ကုန်သွယ်ရေးအဖွဲ့အစည်းအား စာချုပ်ချုပ်ထားခဲ့သော ရေရှည်သဘောတူညီချက်ကြောင့် အဖွဲ့အစည်း၏ ပစားပေးခြင်းခံရကာ မေပယ်မြို့ထဲ၌ ရှိနေသော ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဒုခေါင်းဆောင် ဖြစ်လာခဲ့လေ၏။

ရန်ကိုင်ရောက်လာသည့်အခါတွင် ခန်စစ်ရန်မှာ ရန်ကိုင်အား တရင်းတနှီး လာရောက်ကြိုဆိုပြီး မေပယ်မြို့ထဲရှိ အကောင်းဆုံး စားသောက်ဆိုင်များတွင် လိုက်လံဒကာခံလေသည်။ နောက်တစ်နေ့တွင် ရန်ကိုင်သည် ခန်စစ်ရန်ကိုင် နှုတ်ဆက်၍ သူ့အမျိုးသမီးလေးဦးနှင့်အတူ ငှက်မွေးပြာဂိုဏ်းရှိခဲ့ဖူးသည့်‌ နေရာဆီသို့ ထွက်လာခဲ့လေသည်။ ယခုအချိန်တွင်မူ ငှက်မွေးပြာဂိုဏ်းမှာ လုံးဝကို ခြောက်သွေ့နေခဲ့လေပြီ။ ယခင်က ငှက်မွေးပြာဂိုဏ်းရှိခဲ့သောနေရာသည် အပျက်အစီးပုံကြီး ဖြစ်နေခဲ့လေပြီ။ လျို့ရှန်းယွင်နှင့်အတူ ကြယ်တာရာအစုအဝေးထဲသို့ ဝင်လာပြီးသည့်နောက် ငှက်မွေးပြာဂိုဏ်း၌ အကျဉ်းချခံခဲ့ရသည့် အခိုက်အတန့်များကို ပြန်တွေးရင်း အချိန်ကုန်သည်မှာ မြန်လှသည်ဟု ရန်ကိုင်စိတ်ထဲ စဉ်းစားမိသွားခဲ့သည်။

ထိုစဉ်က တာအိုသခင်အဆင့် ကျင့်ကြံသူများသည် ရန်ကိုင်အတွက် ပြိုင်ဘက်ကင်းသည့် တည်ရှိမှုများ ဖြစ်ခဲ့ကြသည်။ ယခုမူ ရန်ကိုင်မှာ မဟာဧကရာဇ်တစ်ပိုင်းအဆင့်ကျင့်ကြံသူများကိုပင် တိုက်ခိုက်နိုင်နေခဲ့လေပြီ။

လာခဲ့ဖူးသည့်လမ်းဟောင်းများအတိုင်း ပြန်လျှောက်ကြည့်လိုက်သည့်နောက်တွင် ရန်ကိုင်၏ စိတ်ခံစားချက်များမှာ တဖြည်းဖြည်းနှင့် ငြိမ်သက်အေးချမ်းလာရတော့သည်။

တောင်ဘက်နယ်မြေပြီးသွားသည့်နောက်တွင် အရှေ့ဘက်နယ်မြေ၊ ထို့နောက် မြောက်ဘက်နယ်မြေ။

သုံးလကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် စုယန်တို့နှင့်အတူ အိမ်ပြန်ရောက်လာခဲ့သည်။ ထိုသုံးလအတောအတွင်း ရန်ကိုင်မှာ အခြားမည်သည့်ကိစ္စကိုမှ ဂရုစိုက်မနေခဲ့ပဲ ရှုခင်းများကိုသာ ပတ်ကြည့်နေခဲ့သည်။ စုယန်နှင့် အခြားသူများမှာတော့ ရန်ကိုင်နှင့် မခွဲလိုကြပေ။ ဤအတိုင်းသာ ဆက်နေနိုင်သွားမည်ဆိုလျှင် အမှန်တကယ်ကိုမှ ကောင်းပေလိမ့်မည်။

ညအချိန်သို့ ရောက်လာသော် အချစ်ပွဲကို ဆင်နွှဲပြီးသည့်နောက် ရန်ကိုင်မှာ ကုတင်ပေါ်ထက် မလှုပ်မယှက် လှဲလျောင်းနေခဲ့လေ၏။ ထိုစဉ် ရုတ်တရက် စွမ်းအင်လှိုင်းများ ဖြာထွက်လာခဲ့လေသည်။

ရန်ကိုင်လည်း စွမ်းအင်လှိုင်းဖြာထွက်ရာဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်လေ၏။ “စီနီယာအစ်မ… နင်…”

စုယန်သည် ချက်ချင်းပဲ တင်ပလင်ခွေထိုင်ကာ အသက်ကိုပြင်းပြင်းရှူသွင်း၍ ပြောလိုက်လေသည်။ “ငါ အဆင့်တက်တော့မယ်…”

ရှန်ချင်းလော့က အထိတ်တလန့်ဖြင့် “မြန်လိုက်တာ…”

လက်ရှိအချိန်တွင် စုယန်မှာ တာအိုသခင်တတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် နောက်တစ်ကြိမ်အဆင့်တက်မည်ဆိုလျှင် ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။ ရန်ကိုင်မှ စုယန်အား ကြယ်တာရာအစုအဝေးသို့ ခေါ်လာသည်မှာ နှစ်အနည်းငယ်သာ ရှိပေသေးသည်။ ထိုအချိန်အတောအတွင်း စုယန်သည် ထက်ကောင်းကင်နန်းတော်မှ မရေမတွက်နိုင်သော အရင်းအမြစ်များကို ရရှိနေခဲ့ပါသော်ငြား သူမ၏ ကျင့်ကြံခြင်း တိုးတက်နှုန်းမှာ အတော်လေးကိုမှ အံ့အားသင့်ဖွယ် ကောင်းလှပေသေးသည်။ စုယန် ကြယ်တာရာအစုအဝေးသို့ ရောက်လာစဉ်က တာအိုသခင်ဒုတိယအဆင့်သာ ရှိခဲ့ပေသည်။ နှစ်အနည်းငယ်လေးအတွင်းမှာပင် သူမသည် တာအိုသခင်တတိယအဆင့်ကိုကျော်ဖြတ်၍ ကျင့်ကြံသူအများစု တစ်ဘဝလုံး မရောက်ရှိနိုင်သော ဧကရာဇ်တတိယအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေလေ၏။

ကျန်သည့်လူအားလုံးမှာ တာအိုသခင်ပထမအဆင့်များသာ ဖြစ်ကြပေသေးသည်။ ရှနင်းချန်မှာမူ သူမ၏ အထူးခန္ဓာကိုယ်နှင့် ဆေးလုံးများ အဆက်မပြတ် ဖော်စပ်နေမှုကြောင့် တာအိုသခင်ဒုတိယအဆင့်၏ အတားအဆီးကို စတင်ထိတွေ့မိနေလေပြီ။

ရွှယ့်ယွယ်က ချိုသာစွာ ပြုံးလိုက်ရင်းမှ ပြောလိုက်လေ၏။ “ညတိုင်းညတိုင်း အစ်မကြီးက ယောက်ျားနဲ့ ဖိုမကျင့်ကြံနေတာကို နင်တို့မသိကြဘူးလား…”

ရွှယ့်ယွယ်ပြောသည်မှာလည်း မှန်ပေသည်။ ရန်ကိုင်နှင့် စုယန်တို့ ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို အတူတကွ ကျင့်ကြံတိုင်း စုယန်မှာ အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ ရန်ကိုင်မရှိလျှင်ပင် စုယန်၏တိုးတက်နှုန်းမှာ မနှေးလှပေ။ လွန်ခဲ့သည့်သုံးလလုံးလုံး ရန်ကိုင်နှင့် စုယန်မှာ ညတိုင်း ယင်ယန်ပေါင်းစည်းခြင်းကျင့်စဉ်ကို အတူတကွ ကျင့်ကြံနေခဲ့သည့်အတွက်ကြောင့် စုယန်မှာ အကျိုးအမြတ်များစွာ ရရှိခဲ့ကာ တစ်ခဏလေးအတွင်း ဧကရာဇ်အဆင့်သို့ တက်ရောက်ဖို့ရာ ဖြစ်လာရတော့လေသည်။

မိုးမြေကောင်းချီးမှာ ကျဆင်းလာတော့လိမ့်မည် ဖြစ်သည့်အတွက်ကြောင့် နှောင့်နှေးဖို့ရာ အချိန်မရှိတော့ပေ။

စုယန်သည် ရန်ကိုင်အား တစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက် အမြန် အဝတ်ကောက်ဝတ်လိုက်သည်။ အခြားသူများသည်လည်း ထိုနည်းတူစွာပင် အဝတ်များကို အမြန်ဝတ်လိုက်ကြလေသည်။

တစ်ခဏအကြာ၌ ရန်ကိုင်နှင့်စုယန်မှာ လောကဓာတ်လုံးအပြင်ဘက်၌ ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် လေဟာနယ်နိယာမများကိုသုံး၍ စုယန်အား လူသူအရောက်အပေါက်နည်းသည့် နေရာတစ်ခုကို ခေါ်သွားကာ ထိုနေရာ၌ ထိုင်စေလျက် ပြောလိုက်လေ၏။ “သတိထားနော်…”

စုယန်လည်း ခေါင်းညိတ်ပြီးသည့်နောက် တင်ပလင်ခွေထိုင်ချကာ မျက်လုံးမှိတ်လိုက်လေ၏။

ထို့နောက်တွင် ရန်ကိုင်၏ပုံရိပ်သည် မိုင်ပေါင်းများစွာအကွာ၌ ချက်ချင်းပြန်ပေါ်လာခဲ့လေ၏။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ကိုဝှေ့ယမ်း၍ လောကဓာတ်လုံးထဲ၌ ရှိနေသော ရွှယ့်ယွယ်၊ ရှန်ချင်းလော့နှင့် ရှနင်းချန်တို့ကို အပြင်သို့ ခေါ်ထုတ်လိုက်သည်။

စုယန် ဧကရာဇ်အဆင့်သို့ တက်သည်ကို စောင့်ကြည့်ရင်းဖြင့် ရှန်ချင်းလော့နှင့် အခြားသူများမှာလည်း အကျိုးကျေးဇူးများ ရရှိနိုင်ကြပေသည်။ ထို့နောက် သူတို့ ဧကရာဇ်အဆင့်သို့ တက်ရောက်သည့်အခါမျိုးတွင် ဧကရာဇ်အဆင့်နှင့်ပတ်သက်၍ အနည်းဆုံး အတွေ့အကြုံများ ရှိနေပေလိမ့်မည်။

လူတိုင်း၏ စိုးရိမ်တကြီးအကြည့်များအောက်တွင် လေပြင်းများ တိုက်ခတ်လာခဲ့ပြီး မိုးခြိမ်းသံများ ဆူညံလာခဲ့ကာ ကောင်းကင်ထက်ဝယ် တိမ်စိုင်တိမ်တိုက်များ စုဝေးလာခဲ့လေသည်။

ရွှယ့်ယွယ်သည် ရန်ကိုင်၏လက်ကို ဆုပ်ကိုင်လိုက်ရင်းမှ ပြောလိုက်လေ၏။ “ယောကျ်ား… စိတ်မပူနဲ့… အစ်မကြီးက အားကောင်းပြီးသား… ဒီတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး…”

စုယန်၏အရည်အချင်းအရ မည်သည့်ပြဿနာမှ ရှိလိမ့်မည်မဟုတ်မှန်း ရန်ကိုင်သိနေခဲ့ပါသော်ငြား စိတ်မပူဘဲတော့ မနေနိုင်ခဲ့ပေ။

ရှန်ချင်းလော့ကလည်း ဝင်ပြောလိုက်သည်။ “ယောက်ျား… နင် ဘာဖြစ်လို့ ငါတို့ကို အခုလိုမျိုး ခေါ်ပြီးတော့ ရှုခင်းတွေလိုက်ကြည့်နေလဲ ငါမသိပေမယ့် ဒီလောက်ကြာအောင် ရှုခင်းတွေ အတူလိုက်ကြည့်နေတာဆိုတော့ နင့်မှာ အရေးကြီးတဲ့လုပ်စရာ တစ်ခုခု ရှိနေလို့ပဲ ဖြစ်ရလိမ့်မယ်… လုပ်စရာရှိတယ်ဆိုရင် သွားလုပ်လိုက်ပေတော့… ငါတို့ တစ်ယောက်ကိုတစ်ယောက် အားကိုးလို့ရတယ်… ပြီးတော့ ဒီနေ့ အစ်မကြီးက ဧကရာဇ်အဆင့်ကို တက်တော့မှာ… ဒီတော့ နင်အပြင်ရောက်နေတဲ့အခါလည်း ငါတို့ကို စိတ်ပူနေစရာမလိုဘူး…”

ရန်ကိုင်သည် ရှန်ချင်းလော့အား လှမ်း၍ကြည့်လိုက်သည်။ ထို့နောက် ရွှယ့်ယွယ်နှင့် ရှနင်းချန်တို့ကိုလည်း ကြည့်လိုက်ရာ နှစ်ဦးစလုံးမှ သူ့အား ခေါင်းညိတ်ပြနေသည်ကို တွေ့လိုက်ရလေ၏။

လွန်ခဲ့သည့်ရက်များအတွင်း သူ့မိန်းမများမှာလည်း ရန်ကိုင်နှင့်ပတ်သက်၍ တစ်ခုခုထူးဆန်းနေသည်ကို သတိထားမိသွားရပေလိမ့်မည်။ ရန်ကိုင်မှာ သူတို့အား ပြောမပြခဲ့ပါသော်ငြား ရန်ကိုင်၏ပုံစံ ထူးဆန်းနေသည်မှာ မည်သို့ပင်ကြည့်စေကာမူ သိသာလွန်းလှပေသည်။

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ “ငါ နင်တို့ကို ဖုံးကွယ်မထားတော့ပါဘူး… ငါ မကြာခင် နတ်ဆိုးနယ်မြေဆီသွားမလို့…”

ရွှယ့်ယွယ်မှာ ရန်ကိုင်၏လက်အား ရုတ်တရက်ဆိုသလို ခပ်တင်းတင်း ဆုပ်ကိုင်မိလိုက်လေ၏။ ရှနင်းချန်နှင့် ရှန်ချင်းလော့တို့မှာလည်း အထိတ်တလန့်ဖြစ်သွားကုန်ကြလေသည်။ ရန်ကိုင်တွင် အရေးကြီးသည့်လုပ်စရာကိစ္စတစ်ခု ရှိနေမှန်း သိထားပါသော်ငြား ထိုလုပ်စရာကိစ္စမှာ နတ်ဆိုးနယ်မြေသို့ သွားရမည့်ကိစ္စ ဖြစ်နေလိမ့်မည်ဟု မထင်ထားကြပေ။

“ပြီးတော့ ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့ နတ်ဆိုးနယ်မြေဆီသွားမှာ… ဒီတော့ ငါပြောနိုင်တာက နောက်ပိုင်း နင်တို့ ဘာတွေကိုပဲကြားကြား အဲ့ဒါတွေကို မယုံနဲ့… ပြီးတော့ စိတ်လည်းမပူနဲ့…”

ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်းရင်းမှ “ငါ ဘယ်အချိန်ပြန်လာနိုင်မလဲဆိုတာတော့ မပြောတတ်ဘူး… ဒါပေမယ့် ငါ အာမခံနိုင်တာကတော့ ငါ ကျိန်းသေ အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့မယ် ဆိုတာပဲ…”

ရှန်ချင်းလော့သည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး ရန်ကိုင်၏ပုခုံးပေါ်သို့ သူမခေါင်းကို မေးတင်၍ ပြောလိုက်လေ၏။ “နင်မရှိရင် ငါတို့အတွက် မဖြစ်ဘူးနော်… ဒီတော့ ကျိန်းသေ ပြန်လာခဲ့…”

ရှနင်းချန်ကလည်း နီရဲနေသည့် မျက်ဝန်းလေးများဖြင့် ရန်ကိုင်အား စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။ “အဲ့ကိုရောက်ရင် သတိထားနော်…”

ရန်ကိုင်သည် သူ့အမျိုးသမီးသုံးဦးစလုံးကို တစ်ပြိုင်တည်း အတူတကွ ပွေ့ဖက်လိုက်ပြီးသည့်နောက် ရယ်မောလိုက်ရင်းမှ ပြောလိုက်လေ၏။ “စိတ်မပူနဲ့… ငါ အခြားကိစ္စတွေမှာသာ မတော်ရင်မတော်မယ်… ထွက်ပြေးတဲ့နေရာမှာတော့ ဆရာတစ်ဆူပဲ…”

ရှန်ချင်းလော့သည် ရန်ကိုင်၏ခါးကို ရုတ်တရက်‌ ကောက်လိမ်ဆွဲကာ အံကြိတ်၍ သတိပေးလိုက်လေ၏။ “နတ်ဆိုးနယ်မြေထဲမှာ ကဝေနတ်ဆိုးတွေရှိတယ်လို့ ငါကြားတယ်… ကဝေနတ်ဆိုးတွေလက်ထဲ လုံးဝ ပါမသွားစေနဲ့နော်…”

ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ပါသွားစရာလား…”

ထိုစဉ် ကျယ်လောင်သည့်မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာခဲ့ပြီးသည့်နောက် ကောင်းကင်ထက်မှ မိုးကြိုးတစ်ဆင်း စုယန်ခေါင်းပေါ်သို့ ကျဆင်းလာခဲ့လေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်း တိတ်ဆိတ်သွားကုန်ကြလေသည်။

မျက်စိကျိန်းမတတ် အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာခဲ့ပြီးသည့်နောက် မိုးမြေစွမ်းအင်များသည် စုယန်အနီးတစ်ဝိုက်၌ စတင်၍ စုဝေးကာ သူမ၏ခန္ဓာကိုယ်ထဲသို့ တရဟော စီးတင်လာကုန်ကြလေ၏။

မကြာမီ ထိုမိုးမြေစွမ်းအင်အားလုံး ပျောက်ကွယ်သွားကုန်ကြပြီး စုယန်မှာ အကောင်းပကတိအတိုင်း ပြန်ပေါ်လာခဲ့လေသည်။

“ဂျုန်း… ဂျုန်း… ဂျုန်း…”

မိုးကြိုးများ တစ်စင်းပြီးတစ်စင်း ပစ်ချလာနေခဲ့လေရာ ကောင်းကင်တစ်ခုလုံး မရေမတွက်နိုင်သော မိုးကြိုးများ၊ ပိုက်ကွန်များဖြင့် ဖုံးလွှမ်းနေသလားဟုပင် ထင်မှတ်ရလေသည်။ ထိုမြင်ကွင်းကိုကြည့်ရင်း ရှန်ချင်းလော့နှင့် အခြားသူများ၏မျက်နှာများ ဖြူလျော်နေကြလေ၏။ သူတို့အလှည့်ကျလျှင်ရော သူတို့အနေဖြင့် ယခုကဲ့သို့သော အတိဒုက္ခဘေးကို ကျော်လွှားနိုင်မည်လား ကြိတ်ကာ တွေးနေကြလေသည်။

သို့ပါသော်ငြား လက်ရှိအခိုက်အတန့်တွင် သူတို့အားလုံးသည် တာအိုသခင်ပထမအဆင့်မှာသာ ရှိသေးလေရာ လက်ရှိမြင်နေရသည့်မြင်ကွင်းမှာ သူတို့အဖို့ အတော်လေးကိုမှ ကြောက်မက်ဖွယ်ကောင်းနေလေပြီ။

သူတို့ စုယန်၏အဆင့်သို့ ရောက်သွားခဲ့မည်ဆိုလျှင် လက်ရှိစုယန် ကြုံနေရသည့် အဖြစ်အပျက်မှာ လက်ရှိ သူတို့ခံစားနေရသလောက် ကြောက်မက်ဖွယ်ကောင်းတော့လိမ့်မည်မဟုတ်ပေ။

ကျင့်ကြံသူတစ်ဦး အဆင့်ကြီးတစ်ဆင့် ချိုးဖြတ်တိုင်း ထွက်ပေါ်လာသည့် မိုးမြေကောင်းချီးမှာ အလွန်ကိုမှ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

စုယန် အဆင့်တက်နေသည့် အဖြစ်အပျက်သည် အလွန်ကိုမှ လွယ်လွန်းလှသည်။ ထို့အတွက်ကြောင့် ထိုအဆင့်တက်သည့်ဂယက်မှာ ခပ်လှမ်းလှမ်းသို့ပင် ပြန့်နှံ့သွားခဲ့လေပြီ။

လက်ရှိ ရန်ကိုင်တို့ရှိနေသည့်နေရာ အနီးအနား၌ မြို့တစ်မြို့ ရှိနေပေသည်။ စုယန် အဆင့်တက်သည့်ဖြစ်စဉ်သည် ထိုမြို့ထဲရှိလူများအား ဆွဲဆောင်သွားခဲ့လေ၏။

နောက်ပိုင်းတွင် ထိုလူများမှာ အနီးသို့ကပ်မလာဘဲ ခပ်ဝေးဝေးမှသာ စောင်ကြည့်နေကြလေသည်။

သို့ပါသော်ငြား အချိန်ကြာလာသည်နှင့် လူအချို့မှာ သေသေချာချာ မြင်ချင်ကြသည့်အလား အနီးကပ်၍ ကြည့်လာကြသည်။ သို့ပါသော်ငြား ရန်ကိုင်မှာ ထိုလူများ စုယန် အဆင့်တက်နေသည်ကို မည်ကဲ့သို့များ နှောင့်ယှက်ခွင့်ပေးနိုင်ပါမည်နည်း။ ထို့ကြောင့် ချက်ချင်းပဲ အော်ပြောလိုက်လေ၏။ “ထွက်သွားစမ်း…”

ထိုအော်သံသည် ထွက်ပေါ်လာနေသည့် မိုးခြိမ်းသံများထက်ပင် ပို၍ကျယ်လောင်နေခဲ့သလို ထိုအရှိန်အဝါကိုပါ တစ်ခါတည်း ဖြန့်ကျက်ထားခဲ့သည့် အတွက်ကြောင့် အနီးသို့ ရောက်လာကြသည့် ကျင့်ကြံသူများမှာ အလျင်စလို ပြန်လည်ထွက်ပြေးကုန်ကြလေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters