← Chapters

အခန်း ၃၄၂၅

Vol. 151 Ch. 3425

အခန်း ၃၄၂၅

Vol. 151 Ch. 3425

အပိုင်း (၃၄၂၅)

ဘာသာပြန်သူ_တိမ်တိုက်

အဆင့်ကြီး တစ်ဆင့်ချင်းစီတိုင်းသည် ကျင့်ကြံသူ တစ်ဦးအတွက် ဖြတ်ကျော်ဖို့ရာ ခက်ခဲလှပါသော်ငြား ထိုအဆင့်အား ဖြတ်ကျော်နိုင်ခဲ့မည်ဆိုလျှင် ကြီးကျယ်ခမ်းနားလှသည့် ကမ္ဘာသစ်တစ်ခုက စောင့်မျှော်နေလိမ့်မည်။ အထူးသဖြင့် ဧကရာဇ်အဆင့် ပညာရှင်များအတွက်ဆိုလျှင် ပိုလို့ပင် မှန်ပေသေးသည်။

ကြောက်မက်ဖွယ်ရာ မိုးကြိုးများသည် ကောင်းကင်အထက်မှ တစ်စင်းပြီး တစ်စင်း ကျဆင်းလာနေခဲ့သည်။ အနက်ရောင် တိမ်စိုင်တိမ်တိုက်များမှာ ကောင်းကင်တစ်ခွင် လွှမ်းခြုံနေခဲ့ပြီး မိုးခြိမ်းသံများမှာ ညံမစဲအောင် ထွက်ပေါ်နေလေ၏။

အလွန်ကိုမှ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် မြင်ကွင်းတစ်ရပ်ပင်။

စူးရှကြည်လင်လှသော ဖီးနစ်ငှက် မြည်ကြွေးသံနှင့်အတူ ဝိုးတိုးဝါးတား မိုးပြာရောင် ဖီးနစ်ပုံရိပ် တစ်ခုသည် စုယန် ရှိနေရာဆီမှ ထွက်ပေါ်လာခဲ့လေသည်။ ရေခဲဖီးနစ်မှာ အလွန်ကိုမှ ကြီးမားလွန်းလှကာ ၎င်း၏ လည်တိုင်ကို ကောင်းကင်ပေါ်သို့ မော့၍ မြည်ကြွေးနေခဲ့လေသည်။ တစ်ချိန်တည်း၌ ထိုနတ်သားရဲတစ်ကောင်၏ အရှိန်အဝါသည် ဘေးပတ်ပတ်လည်အနှံ့ ပျံ့နှံ့လာခဲ့ပြီး မိုင်တစ်ထောင် ဝန်းကျင်အတွင်း ရှိနေသည့် အရာမှန်သမျှကို အေးခဲသွားစေခဲ့လေသည်။

ထိုအချိန်အတောအတွင်း ရန်ကိုင်၏ ကိုယ်ထဲ၌ ရှိနေသော ရွှေနဂါးအမြုတေသည်မှာလည်း ဂနာမငြိမ် ဖြစ်လာခဲ့ပြီး စုယန်၏ ရေခဲဖီးနစ်ဆီသို့ ပြေးထွက်သွားချင်သည့် အရိပ်အယောင်များ ပြလာခဲ့သည်။ ရန်ကိုင် ကိုယ်တိုင်သည်သာ ထိုရွှေနဂါးအမြုတေအား ဖိနှိပ်မထားခဲ့လျှင် သူကိုယ်တိုင်သည် အချိန်မရွေး နဂါးတစ်ကောင် အသွင်သို့ ပြောင်းလဲသွားလိမ့်မည်ဟုပင် ခံစားနေရလေသည်။

ထိုအချက်ကြောင့် ရန်ကိုင်မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ စုယန် ဧကရာဇ်အဆင့်သို့ တက်ခြင်းသည် သူ့အပေါ်လည်း ဤကဲ့သို့ သက်ရောက်မှုရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အချိန်မှာ တရွေ့ရွေ့နှင့် ကုန်ဆုံးနေခဲ့ပြီး မိုးမြေ၏ စွမ်းအင်မှာတော့ အချိန်နှင့်အမျှ ပိုပို၍ အားကောင်းလာနေခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား ပုံရိပ်ယောင် ရေခဲဖီးနစ်မှာလည်း အလွန်ကိုမှ အားကောင်းလှကာ မိုးမြေ၏ စွမ်းအားကို ယှဉ်ပြိုင်အံတုနေခဲ့လေသည်။

အဆုံးတွင် စွမ်းအင်လှိုင်းတစ်ရပ် ဘေးပတ်ပတ်လည်အနှံ့ ပျံ့ထွက်လာခဲ့ပြီးသည့်နောက် ရေခဲဖီးနစ် ပုံရိပ်မှာလည်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ကောင်းကင်အထက်၌ စုဝေးနေသော အနက်ရောင် တိမ်စိုင်တိမ်တိုက်များသည်လည်း အစီအရီ ပျောက်ကွယ်သွားခဲ့ပြီး နေအလင်းရောင်ကို တစ်ဖန်ပြန်လည် မြင်လာရတော့လေသည်။

ထိုအခါမှသာလျှင် လောကကြီးမှာလည်း ပြန်လည် ငြိမ်းချမ်းသွားတော့လေ၏။

အချိန်အတန် ကြာသွားသည့်နောက်တွင် အဝေးမှ ရပ်ကြည့်နေကြသော ကျင့်ကြံသူများသည် စူးစမ်းလိုစိတ်အား မအောင့်အည်းနိုင်တော့သည့်အဆုံး အနီးကပ် လာရောက် စစ်ဆေးကြည့်ရှုကြလေ၏။ သို့ပါသော်ငြား အဆင့်တက်သွားသည့် လူဟူသည့် မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရပေ။

သို့ပါသော်ငြား ဤဖြစ်စဉ် တစ်ခုလုံးမှာ သာမန် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦး အဆင့်ကျော်ဖြတ်သည်ထက်ပင်လျှင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေလေရာ ထိုအဖြစ်အပျက်သည် မြို့ထဲရှိ ကျင့်ကြံသူများ၏ ပါးစပ်ဖျားဝယ် ပြောစရာခေါင်းစီးတစ်ခု ဖြစ်လာခဲ့လေသည်။

စုယန် ဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားပြီးနောက်တွင် သူမကိုယ်သူမ ကာကွယ်နိုင်မည့် ခွန်အား ရရှိနိုင်ခဲ့ပြီ ဖြစ်လေရာ ရန်ကိုင်မှာ ယခင်ကထက် ပို၍ စိတ်ချသွားရတော့သည်။

ငါးရက်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့ အဖွဲ့သည် ထက်ကောင်းကင်နန်းတော်၌ ပြန်ပေါ်လာပြီး တစ်ဦးကိုတစ်ဦး နှုတ်ဆက်စကား ဆိုကြလေ၏။ ရန်ကိုင်၏ အမျိုးသမီးများမှာတော့ ချုံးပွဲချ ငိုနေလေရာ ရန်ကိုင်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ရင်နာရလေသည်။

စုယန်နှင့် ကျန်လူအသီးသီးကို ပြန်ပို့ပြီးသည့်နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်အစီအရင်သို့ ပြန်ထွက်လာခဲ့သည်။ သို့ပါသော်ငြား ကျားဟိန်းသံမြို့ဆီသို့ မသွားခဲ့ဘဲ တောင်ဘက်နယ်မြေတွင် ရှိသော ရှေးဟောင်းကျောင်းတော်ဆီသို့သာ ထွက်လာခဲ့လေသည်။

အနောက်ဘက်နယ်မြေဆီသို့ စစ်ကူများ စေလွှတ်ခဲ့ရပါသော်ငြား တပည့် အနည်းငယ်လောက်ကိုသာ စေလွှတ်ခဲ့ခြင်း ဖြစ်ပြီး ကျန်တပည့်များ၏ ကိုးဆယ့်ငါး ရာခိုင်နှုန်းလောက်မှာ ရှေးဟောင်းကျောင်းတော်၌ တည်ထောင်ထားသော ထက်ကောင်းကင်နန်းတော်အခွဲတွင် ရှိနေကြပေသေးသည်။

ရန်ကိုင်သည် ထိုလူများအား သူ ရောက်လာသည့်အကြောင်း သွားမပြောခဲ့ဘဲ သူ့ဘာသာသူ ရှေးဟောင်းကျောင်းတော်၏ တားမြစ်နေရာဆီသို့သာ ဦးတည်သွားလိုက်လေသည်။

ယခင်တစ်ကြိမ် ဤနေရာသို့ လာရောက်စစ်ဆေးစဉ်က လျှိုမြောင်၏ အတွင်းပိုင်းထဲသို့ ရောက်လာသည်နှင့်အမျှ တိုက်ခတ်နေသည့် အာကာသလေပြင်းမှာ ပိုပို၍ အားကောင်းလာကြောင်း တွေ့ရှိခဲ့ရသည်။ ထိုအပြင် လျှိုမြောင်၏ အနက်ဆုံးပိုင်း၌ အဖိုးတန်ရတနာ တစ်ခုခုလည်း ရှိနေသည့်ပုံပင်။ ထိုရတနာမှာ အာကာသလေပြင်းများကို အဆက်မပြတ် ထုတ်လွှတ်နေသည့်အတွက်ကြောင့်ပင်လျှင် ဤလျှိုမြောင်ထဲ အလွန်ကိုမှ အားကောင်းလှသော အာကာသလေပြင်းများ ထွက်ပေါ်လာနေရခြင်းပင်။

နတ်ဆိုးနယ်မြေဆီသို့ သွားရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည့်အတွက်ကြောင့် လတ်တလော အခြေအနေအရ သူ့ခွန်အားအား တိုးတက်အောင် လုပ်နိုင်သည့် အရာမှန်သမျှကို ပြင်ဆင်သွားရပေမည်။ လျှိုမြောင်ထဲတွင် အဖိုးတန် ရတနာတစ်ခု ရှိနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ ထိုအဖိုးတန်ရတနာကိုပါ ယူဆောင်သွားရန် စဉ်းစားထားခဲ့သည်။ ထိုအဖိုးတန်ရတနာသည် နတ်ဆိုးနယ်မြေထဲသို့ ရောက်ပြီးနောက် သူ့အား တစ်နည်းတစ်ဖုံ အကူအညီပေးကောင်း ပေးနိုင်ပေလိမ့်မည်။

သူ့အနေဖြင့် ထိုအဖိုးတန်ရတနာကို မယူနိုင်လျှင်ပင် အနည်းဆုံး ကြိုးစားကြည့်လိုက်၍ အရှုံးမရှိပေ။

လျှိုမြောင်ထဲသို့ လျှောက်ဝင်လာသည့်အခါတွင် တပည့်ပေါင်း များစွာသည် အာကာသလေပြင်းကို တောင့်ခံ၍ ၎င်းတို့၏ ခန္ဓာကိုယ်များကို မာကျော ကျစ်လစ်လာအောင် ကြိုးစားနေကြသည်အား တွေ့ရှိလိုက်ရသည်။ သို့ပါသော်ငြား ထိုတပည့်များ၏ ကျင့်ကြံခြင်းမှာ မြင့်မားခြင်း မရှိသည့်အတွက်ကြောင့် လျှိုမြောင်၏ အပြင်ဘက်နားလောက်တွင်သာ နေနိုင်ကြလေသည်။

ရန်ကိုင်သည် ထိုလူများကို ကျော်၍ အထဲသို့ တိုက်ရိုက် တည်နေရာ ခုန်ကူးလိုက်လေ၏။

ထို့နောက်တွင် ရန်ကိုင်သည် လျှိုမြောင်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကျောက်လိုဏ်ဂူလေးများ အသီးသီး ရှိနေသော နေရာဆီသို့ ရောက်လာခဲ့သည်။ ဤနေရာရှိ အာကာသလေပြင်းမှာ အစောပိုင်းက နေရာများထက် ပိုမို၍ အားကောင်းနေခဲ့လေသည်။ သို့ပါသော်ငြား ရန်ကိုင် ကိုယ်တိုင်သည် နဂါးတစ်ပိုင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် ဤမျှလောက်သော အာကာသလေပြင်းသည် ရန်ကိုင်အား ထိခိုက်အောင် လုပ်နိုင်ခြင်း မရှိပေ။

အမွှေးတိုင် တစ်ချောင်းစာခန့် ကြာအောင် သွားနေပြီးသည့်နောက်တွင် ရန်ကိုင်၏ အသားများ စတင်၍ နာကျင်လာရတော့လေသည်။ ဤနေရာတွင် ရှိနေသော အာကာသလေပြင်းများသည် ရန်ကိုင်၏ အသားအား ဓားသွားများပမာ စတင်၍ ဖြတ်တောက်ရန် ကြိုးစားလာသည့်အတွက်ကြောင့် ရန်ကိုင်မှာလည်း မတတ်သာတော့ဘဲ ဧကရာဇ်ချီကို သုံး၍ သူ့ကိုယ်သူ ကာကွယ်ရတော့သည်။ သို့ပါသော်ငြား သူ၏ ခြေလှမ်းများမှာ အနည်းငယ်မျှပင် နှေးကျသွားခဲ့ခြင်း မရှိပေ။

တစ်ခဏ ကြာပြီးသည့်နောက်တွင် ရန်ကိုင်၏ ဧကရာဇ်ချီသည်ပင်လျှင် သူ့ခန္ဓာကိုယ်အား ကာကွယ်ပေးနိုင်ခြင်း မရှိတော့ပေ။ ထိုအကြောင်းကြောင့် အာကာသလေပြင်းများမှာ ရန်ကိုင်၏ ခန္ဓာကိုယ်အား စတင် ဖြတ်တောက်လာခဲ့လေရာ ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်သွားခဲ့ပြီး ရွှေရောင် တောက်လာရတော့လေသည်။

သို့ပါသော်ငြား ရန်ကိုင်သည် ထိုနေရာ၌ ရပ်တန့်မည့် အရိပ်အယောင် မပြဘဲ မနှေးမမြန်နှုန်းဖြင့် အရှေ့သို့ ဆက်လက်သွားနေလေ၏။

လေခွင်းသံများမှာ တဝီဝီမြည်အောင် ထွက်ပေါ်နေခဲ့လေသည်။ လျှိုမြောင်၏ အနက်ရှိုင်းဆုံး အပိုင်းမှာ သက်ရှိများအတွက်မူ တားမြစ်နေရာ တစ်ခုပမာပင် ထင်မှတ်ရသည်။ လျှိုမြောင်၏ အလယ်ပိုင်းလောက်သည် ရှီလဲ့ကဲ့သို့သော အားကောင်းသည့် လူများ ကျင့်ကြံနိုင်သည့် နေရာတစ်ခု ဖြစ်ပါသော်ငြား အတွင်းပိုင်းထဲသို့မူ လာရဲသည့်လူ သိပ်မရှိပေ။ ရန်ကိုင်၏ ခန္ဓာကိုယ်မှာ ရှီလဲ့ထက် ပို၍ အားကောင်းပါသော်ငြား လျှိုမြောင်၏ အနက်ရှိုင်းဆုံး အပိုင်းသို့ ဝင်ရောက်နိုင်မလား မဝင်ရောက်နိုင်မလားဆိုသည်မှာမူ မသေချာသေးပေ။ သို့ပါသော်ငြား ရန်ကိုင်ကမူ အတတ်နိုင်ဆုံး ကြိုးစားရန်သာ ဆုံးဖြတ်ထားခဲ့သည်။

အနက်ပိုင်းသို့ ရောက်လာသည်နှင့်အမျှ အာကာသလေပြင်းမှာ ပိုပို၍ ကြောက်မက်ဖွယ်ကောင်းလာခဲ့လေသည်။

တဖြည်းဖြည်းနှင့် မရေမတွက်နိုင်သော ဒဏ်ရာဒဏ်ချက်များ ရန်ကိုင်၏ ကိုယ်အထက် ထွက်ပေါ်လာတော့လေသည်။ ရန်ကိုင်၏ အားကောင်းလှသော ပြန်လည်ကုစားနိုင်စွမ်းသည်ပင်လျှင် သူ့ခန္ဓာကိုယ်အထက် ထွက်ပေါ်လာနေသော ဒဏ်ရာဒဏ်ချက်များကို အလျင်မီ ကုစားနိုင်ခြင်း မရှိတော့ပေ။ ထိုအကြောင်းကြောင့် ထိုဒဏ်ရာဒဏ်ချက်များဆီမှ သွေးများ စတင်၍ စီးကျလာခဲ့လေရာ ရန်ကိုင်၏ ခြေလှမ်းတိုင်းတွင် ရွှေရောင်သွေးစက်များ ကျန်ရစ်နေတော့လေသည်။

ဤအာကာသလေပြင်းမှာ အလွန်ကိုမှ ထူးဆန်းလှသည်။ ဤလေပြင်းသည် ခန္ဓာကိုယ်ကိုသာ ဖြတ်တောက်နိုင်ခြင်း မဟုတ်။ ရန်ကိုင်၏ ကိုယ်တွင်းအင်္ဂါများ၊ အရိုးများနှင့် သွေးကြောများကိုပင်လျှင် သက်ရောက်မှုရှိပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လှမ်းလိုက်တိုင်း သူ့တစ်ကိုယ်လုံး အပြင်ရော အတွင်းပိုင်းပါ နာကျင်နေရလေ၏။

ရွေးစရာ မရှိတော့သည့် အဆုံးတွင် ရန်ကိုင်မှာ နဂါးတစ်ပိုင်းအသွင်သို့ ပြောင်းလိုက်ရသည်။ ထိုအခါမှသာလျှင် သူခံစားနေရသည့် နာကျင်မှုမှာ လျော့ကျသွားခဲ့ရလေသည်။

ယခင်က မီတာသုံးရာခန့် အမြင့်ရှိသော ရန်ကိုင်၏ နဂါးတစ်ပိုင်းခန္ဓာကိုယ်ကြီးသည် ယခုဆိုလျှင် မီတာသုံးရာနှစ်ဆယ်ခန့် အမြင့်သို့ ရောက်နေလေသည်။ ဤသို့ဖြစ်ရခြင်းမှာ လွန်ခဲ့သည့် လများအတွင်း စုယန်နှင့် ဖိုမကျင့်ကြံခဲ့သည့်အတွက်ကြောင့် ဖြစ်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် ရွှေနဂါးအမြုတေမှာ ရန်ကိုင်၏ ခန္ဓာကိုယ်နှင့် ယခင်ကထက်ပို၍ နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်လာနိုင်ခဲ့ခြင်း ဖြစ်၏။

ဘုန်း၊ ဘုန်း၊ ဘုန်း။

ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် အလွန်ကိုမှ လေးလံနေသလို ရန်ကိုင် ခံစားနေရ၏။

အချိန်မည်မျှ ကြာအောင် လျှောက်လို့ လျှောက်လာမှန်း မသိပါသော်ငြား သူရှေ့ဆက်၍ မသွားနိုင်တော့ဟု ခံစားလိုက်ရချိန် ရန်ကိုင်မှာ ရင်းနှီးနေသော ဟင်းလင်းပြင်အက်ကြောင်းကို ရုတ်တရက် လှမ်းမြင်လိုက်ရသည်။

ယခင်တစ်ကြိမ်က ဤလျှိုမြောင်အတွင်းပိုင်းအား လာရောက်စစ်ဆေးစဉ် ဤဟင်းလင်းပြင်အက်ကြောင်းကြီးကို သတိထားမိခဲ့လေသည်။ အာကာသလေပြင်းများမှာ ဤဟင်းလင်းပြင်အက်ကြောင်းထဲမှ ထွက်ပေါ်လာနေခြင်း ဖြစ်၏။ ထိုစဉ်က ဤလျှိုမြောင်ထဲ၌ ရတနာတစ်ခုခု ရှိခဲ့မည်ဆိုလျှင် ထိုရတနာသည် ဤဟင်းလင်းပြင်အက်ကြောင်းထဲ၌ ရှိနေရလိမ့်မည်ဟု ကောက်ချက်ချခဲ့လေသည်။ ထိုရတနာ၏ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့်သာလျှင် ကွဲအက်နေသော ဟင်းလင်းပြင်အက်ကြောင်းမှာ ပြန်မပိတ်နိုင်ခဲ့ဘဲ အာကာသလေပြင်းများသည် ထိုအက်ကြောင်းမှ တစ်ဆင့် အပြင်သို့ တရဟော စီးထွက်လာနေခဲ့ခြင်း ဖြစ်လေ၏။

ယခု ထိုဟင်းလင်းပြင်အက်ကြောင်းကို မြင်လိုက်ရချိန် ရန်ကိုင်၏ မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။

ရန်ကိုင်သည် ဒဏ်ရာရနေသော သူ့ခန္ဓာကိုယ်ကို လျစ်လျူရှုလျက် အာကာသလေပြင်းအား ခုခံရင်းမှ ဟင်းလင်းပြင်အက်ကြောင်း ရှိရာဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း ရှေ့ဆက်တိုးလာခဲ့သည်။

ရုတ်တရက် လေဓားသွား တစ်စင်းသည် အက်ကြောင်းထဲမှ ဓားလှိုင်း တစ်လှိုင်းပမာ ပျံထွက်လာခဲ့ပြီး ရန်ကိုင်၏ နဂါးတစ်ပိုင်းခန္ဓာကိုယ်ကို တိုက်ရိုက် ခုတ်ထစ်သွားခဲ့လေသည်။ ရန်ကိုင်မှာ ချက်ချင်း ငုံ့ကြည့်လိုက်ရာ သူ့ဝမ်းဗိုက်နေရာ၌ ပြတ်ရှရာကြီးတစ်ခု ရှိနေကြောင်းကို တွေ့လိုက်ရသည်။ ထိုပြတ်ရှရာမှ တစ်ဆင့် သူ့ကိုယ်တွင်းအင်္ဂါများကိုပင်လျှင် လှမ်းမြင်နေခဲ့ရလေသည်။ သို့ပါသော်ငြား မကြာမီတွင် ရွှေရောင်သွေးစက်၏ ကုစားနိုင်စွမ်းကြောင့် ဒဏ်ရာမှာ တဖြည်းဖြည်းနှင့် ပြန်ပိတ်လာလေသည်။

ရန်ကိုင် ကိုယ်တိုင်မှာလည်း နာကျင်မှုကြောင့် မျက်နှာကြီးကို ရှုံ့မဲ့နေခဲ့လေ၏။ တစ်ချိန်တည်းတွင်လည်း ဟင်းလင်းပြင်ထဲ၌ မည်ကဲ့သို့သော အဖိုးတန်ရတနာများ ရှိနေမည်လဲဆိုသည်ကို မျှော်တွေးရင်းမှ ပြုံးဖြီးနေလေသည်။

[ငါ့ရဲ့ နဂါးတစ်ပိုင်းခန္ဓာကိုယ်ကိုတောင် နှစ်ပိုင်းပြတ်ခါနီး ဖြစ်အောင် ဖြတ်သွားတာဆိုတော့ ဒီမှော်ရတနာရဲ့ စွမ်းအားက လုံးဝကို သေးမှာတော့ မဟုတ်ဘူး၊ ငါသာ အဲဒီလို မှော်ရတနာမျိုးကို ရလိုက်မယ်ဆိုရင် နတ်ဆိုးနယ်မြေကို ရောက်တဲ့အချိန်ကျ ကျိန်းသေ ငါ့ကို အကူအညီပေးနိုင်မှာ]

နဂါးတစ်ပိုင်း အသွင်ကို ပြန်ရုပ်သိမ်းပြီးသည့်နောက် ရန်ကိုင်သည် လေဟာနယ်နိယာမများကို အသုံးချကာ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ပြေးဝင်သွားလေသည်။

ထို့နောက်တွင် သူ့ကိုယ်သူ ပရမ်းပတာ ဖြစ်နေသော ဟင်းလင်းပြင်ထဲသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ အစောပိုင်းက သူ့အား အဆက်မပြတ် နှောင့်ယှက်နေခဲ့သော အာကာသလေပြင်းများမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ် ကြောင်တိကြောင်တောင် ဖြစ်သွားရလေသည်။

ရန်ကိုင်မှာ သူ့ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ မကြာမီ ဟင်းလင်းပြင်ထဲရှိ တစ်စုံတစ်ခုအပေါ်သို့ အကြည့်ရောက်သွားခဲ့သည်။

ထိုအရာမှာ အခြားမဟုတ်။ ဤဟင်းလင်းပြင်ထဲ အမြစ်တွယ်နေသော အလွန်တရာကိုမှ ရှည်လျားလှသည့် နွယ်ပင်ကြီးပင် ဖြစ်လေသည်။

ထိုမြင်ကွင်းကြောင့် ရန်ကိုင်မှာ အမှန်တကယ်ကို အံ့အားသင့်မိသွားတော့လေသည်။ သူကိုယ်တိုင်သည် ဟင်းလင်းပြင်ထဲသို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင်ကို ဝင်ထွက်သွားလာခဲ့ဖူးပေသည်။ သို့ပါသော်ငြား ဟင်းလင်းပြင်ထဲ ဘာဆိုဘာမျှ မရှိ။ ထိုအကြောင်းကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် နွယ်ပင် တစ်ပင်အား တွေ့လိုက်ရသည့်အပေါ် ရန်ကိုင်မှာ အမှန်တကယ်ကို အံ့အားသင့်မိသွားခဲ့ခြင်း ဖြစ်လေသည်။

သို့ပါသော်ငြား ဤအခိုက်အတန့်ဝယ် နွယ်ပင်ကြီးမှာ ညှိုးကျနေသည့်အလား ၎င်း၏ ပင်စည်တစ်ခုလုံးသည် မီးခိုးရောင် သန်းနေပြီး အသက်ဓာတ်စွမ်းအင်တို့ ကင်းမဲ့နေခဲ့သည်။

ထိုနွယ်ပင်ရှည်ကြီး၏ ထိပ်ဖျားတွင်မူ လက်တစ်ဝါးစာခန့် အရွယ်ရှိသော ဘူးသီးခြောက်တစ်လုံး ရှိနေခဲ့သည်။ ဘူးသီးခြောက်မှာ မိုးပြာရောင် တောက်နေခဲ့ပြီး ဘူးသီးခြောက်၏ မျက်နှာပြင်အထက်တွင် ရှုပ်ထွေးလှသည့် ပုံစံကွက်များလည်း ရှိနေပေသည်။

အာကာသလေပြင်းများသည် ထိုဘူးသီးခြောက်ဆီမှ ပြန်ထွက်လာနေပြီး ဟင်းလင်းပြင်အက်ကြောင်းထဲသို့ စီးဝင်သွားနေခဲ့သည်။

အာကာသလေပြင်းများ၏ ဇစ်မြစ်မှာ အခြားမဟုတ်ဘဲ ဤမိုးပြာရောင် ဘူးသီးခြောက် ဖြစ်နေခဲ့သည်။

ထိုမြင်ကွင်းကြောင့် ရန်ကိုင်မှာ အံ့သြတကြီး ဖြစ်သွားခဲ့လေ၏။ သို့ပါသော်ငြား မကြာမီတွင် ဤဘူးသီးခြောက်သည် သူ၏ ဝိညာဉ်ကြာပန်းအောက် နိမ့်ကျခြင်း မရှိသော မဟာရတနာတစ်ပါး ဖြစ်ရမည်မှန်း သဘောပေါက်သွားခဲ့လေသည်။

[ငါ တကယ့် ရတနာကြီးကို လာတွေ့တာပဲ]

ရန်ကိုင် ဝမ်းသာအားရ ဖြစ်သွားခဲ့ပြီး ဧကရာဇ်ချီကို လှည့်ပတ်၍ မိုးပြာရောင် ဘူးသီးခြောက်အား လှမ်းဖမ်းဆွဲယူလိုက်သည်။

ဘူးသီးခြောက်အား လှမ်းဆွဲယူချိန်တွင် ရန်ကိုင်မှာ မည်သည့်ဒဏ်ရာမျှ မရရှိခဲ့ပေ။ သူ့ခန္ဓာကိုယ်အား ဖြတ်တောက်နိုင်သည်အထိ အားကောင်းလှသော အာကာသလေပြင်းသည် ဤနေရာတွင် သူ့အား အနည်းငယ်မျှပင် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ မိုးပြာရောင် ဘူးသီးခြောက်အား အလွယ်တကူ လှမ်းဆွဲယူလိုက်နိုင်၏။

ထို့နောက်တွင် လက်ကို ဆောင့်ဆွဲ၍ မိုးပြာရောင် ဘူးသီးခြောက်အား ခူးလိုက်လေသည်။

သို့ပါသော်ငြား ရန်ကိုင်မှာ ဘူးသီးခြောက်အား သေသေချာချာ မကြည့်ရသေးခင်မှာပင် နှစ်ပေါင်း မရေမတွက်နိုင်အောင် တည်ရှိလာသယောင် ထင်ရသော နွယ်ပင်ရှည်ကြီးမှာ ကျုံ့ဝင်သွားခဲ့ပြီးသည့်နောက် အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။

ထိုမြင်ကွင်းကြောင့် ရန်ကိုင်မှာ ယာယီမျှ မှင်တက်သွားခဲ့ရပြီး ဒေါမာန်တကြီးဖြင့် သူ့ပေါင်ကို ရိုက်လိုက်လေသည်။

ဤနွယ်ပင်ရှည်ကြီးသည်သာ ဤမျှ ထူးဆန်းမှန်း ကြိုသိခဲ့မည်ဆိုလျှင် ရန်ကိုင်မှာ နွယ်ပင်အား အရင်ဆုံး သိမ်းယူခဲ့ပေမည်။ မိုးပြာရောင် ဘူးသီးခြောက်ကဲ့သို့သော ရတနာအသီးမျိုးကိုပင်လျှင် သီးနိုင်လေရာ ဤနွယ်ပင်ကြီးမှာ လုံးဝကို သာမန်မဟုတ်ပေ။ ဤနွယ်ပင်ကိုသာ လောကဓာတ်လုံးထဲ ပြန်လည် နေရာရွှေ့ကာ စိုက်ပျိုးလိုက်မည်ဆိုလျှင် ဘူးသီးခြောက် အသစ်တစ်လုံးကိုပင်လျှင် ထပ်မံ သီးကောင်းသီးနိုင်ပေလိမ့်မည်။

သို့ပါသော်ငြား ထိုအတွေး သူ့စိတ်ထဲ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ ချက်ချင်းပင် ထိုအတွေးကို ခေါင်းထဲမှ ပြန်ထုတ်လိုက်သည်။ အကြောင်းမူ ဤကဲ့သို့သော ရတနာမျိုးသည် လောကကြီးမှာ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး ထိုကဲ့သို့သော ရတနာမျိုးသည် တစ်မျိုးတည်းသာ ရှိတတ်ပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ နွယ်ပင်အား လက်လွှတ်လိုက်ရသည့်အပေါ် မကျေမနပ် ဖြစ်နေခြင်း မရှိတော့ပေ။

လူဆိုသည်မှာ ရှိသင့်ရှိထိုက်သည်နှင့် ရောင့်ရဲတတ်ရပေသည်။ ရန်ကိုင်အနေဖြင့် မိုးပြာရောင် ဘူးသီးခြောက်အား ရနိုင်ခဲ့သည်ကပင်လျှင် အခွင့်အလမ်းကြီးတစ်ရပ် ဖြစ်နေပြီ ဖြစ်လေရာ သူ့အနေဖြင့် ထိုထက်ပို၍ မလိုချင်သင့်တော့ပေ။

သူ့စိတ်ကို ကြည်လင်သွားအောင် လုပ်ပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ထဲရှိ မိုးပြာရောင် ဘူးသီးခြောက်ကို သေသေချာချာ ကြည့်လိုက်သည်။

မိုးပြာရောင် ဘူးသီးခြောက်အား နွယ်ပင်အရှည်ကြီးမှ ခူးလိုက်ပြီးသည့်နောက်တွင် မိုးပြာရောင် ဘူးသီးခြောက် မျက်နှာပြင်ပေါ်ရှိ ပုံစံကွက်များမှာ ပျောက်ကွယ်သွားခဲ့ပြီး ဘူးသီးခြောက် ကိုယ်တိုင်သည်လည်း ယခင်ကကဲ့သို့ နက်နဲဆန်းကြယ်သည့် အရှိန်အဝါအား ထုတ်လွှတ်နေခြင်း မရှိတော့ပေ။ မသိလျှင် သာမန် ဘူးသီးခြောက် တစ်လုံးဟုပင် ထင်ရတော့သည်။

သို့ပါသော်ငြား ဘူးသီးခြောက်အား ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ချိန် ဘူးသီးခြောက်၏ အတွင်းပိုင်းထဲသို့ ကောင်းကင်စိတ်အာရုံကို မည်သို့မျှ ပို့လွှတ်၍ မရကြောင်း တွေ့ရှိလိုက်ရသည်။ ထိုအခါမှသာလျှင် ဘူးသီးခြောက်မှာ ပုံစံသည်သာ သာမန်ပုံ ပေါက်နေခြင်း ဖြစ်ပြီး ဘူးသီးခြောက် ကိုယ်တိုင်ကမူ နက်နဲဆန်းကြယ်နေကြောင်းကို တွေ့ရှိလိုက်ရလေသည်။ သူ့အနေဖြင့် ဤဘူးသီးခြောက်၏ အစွမ်းကို ထုတ်သုံးလိုပါက ဘူးသီးခြောက်အား အပြည့်အဝ အရင်သန့်စင်ရပေလိမ့်မည်။

ဘူးသီးခြောက်ကို ပြန်သိမ်းပြီးသည့်နောက် ရန်ကိုင်သည် ဟင်းလင်းပြင်အက်ကြောင်းထဲမှ ခုန်ထွက်လာခဲ့သည်။

အာကာသလေပြင်းများ၏ မူလ ဇစ်မြစ်ကို ရန်ကိုင်မှ ယူဆောင်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ဤနေရာတွင် ရှိနေသော အာကာသလေပြင်း လျှိုမြောင်မှာ ပျောက်ကွယ်သွားပြီဟု ပြော၍ ရလေပြီ။ ဟင်းလင်းပြင်အက်ကွဲကြောင်းသည်လည်း လောကနိယာမများ၏ ပြန်လည် ကုစားမှုအောက်တွင် တဖြည်းဖြည်း ပြန်ပိတ်သွားပေလိမ့်မည်။

ရန်ကိုင်အနေဖြင့် ဘူးသီးခြောက်အား ယူဆောင်သွားခြင်းသည် ထက်ကောင်းကင်နန်းတော်မှ တပည့်များအတွက် နစ်နာစရာ ဖြစ်ပါသော်ငြား ရန်ကိုင် ကိုယ်တိုင်ကမူ ဤကဲ့သို့သော အခြေအနေမျိုးတွင် ထိုအရာများကို ဂရုစိုက်မနေတော့ပေ။ လိုအပ်မည်ဆိုပါက နတ်ဆိုးနယ်မြေမှ ပြန်ရောက်လာပြီးသည့်နောက် ဘူးသီးခြောက်ကို ဤနေရာ၌ ပြန်ထား၍ ရပေသည်။ ထိုအခါ အာကာသလေပြင်း လျှိုမြောင်မှာ တစ်ဖန်ပြန်လည် ဖြစ်ပေါ်လာပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters