အခန်း ၃၄၂၆
Vol. 151 Ch. 3426
အပိုင်း (၃၄၂၆)
ဘာသာပြန်သူ_တိမ်တိုက်
ကျားဟိန်းသံမြို့၏ မြို့သခင်စံအိမ်ထဲဝယ် ရန်ကိုင်သည် လီကျောက် ပြန်လည် အစီရင်ခံတင်ပြနေသည်ကို ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
အခြေအနေမှာ သူထင်ထားသည်ထက် ပိုမို ကောင်းမွန်နေ၏။ လီကျောက်အား သူ တံခါးပိတ်ကျင့်စဉ်ဝင်မည်ဟု ပြောပြီးသည့် နောက်တွင် ရန်ကိုင်သည် ကျားဟိန်းသံမြို့၏ စစ်သည်နှစ်သိန်းအား လီကျောက် လက်ထဲသို့ အပ်ခဲ့သည်။ လီကျောက်မှာလည်း ရန်ကိုင်၏ မျှော်လင့်ချက်အတိုင်း ကျားဟိန်းသံမြို့၏ စစ်တပ်ကို ဦးဆောင်၍ အကူအညီ လိုအပ်နေသော အဓိကမြို့ကြီးများအား မကြာခဏ သွားရောက်ကူညီပေးခဲ့ပြီး စစ်ပွဲတစ်ပွဲကိုပင်လျှင် ရှုံးနိမ့်ခဲ့ခြင်း မရှိပေ။
ထိုသို့ဖြစ်ရခြင်းမှာ လီကျောက်၏ စွမ်းဆောင်ရည်ဟု ပြောရမည့်အစား ကျားဟိန်းသံမြို့ထဲရှိ မြောက်မြားလှစွာသော ဧကရာဇ်အဆင့်ပညာရှင်များကြောင့်ဟု ပြော၍ ရပေသည်။ ထိုမျှ များပြားလှသော ဧကရာဇ်အဆင့်ပညာရှင်များ ရှိနေလေရာ နတ်ဆိုးစစ်တပ်အနေဖြင့် ထိုစစ်တပ်ကို အနိုင်ယူဖို့ရာ မဖြစ်နိုင်ပေ။ စစ်အင်အားကို နှစ်ဆ သုံးဆ မြှင့်တင်၍ စစ်ချီတက်လာမည်ဆိုလျှင်ပင် ကျားဟိန်းသံမြို့မှာ ထိုနတ်ဆိုးစစ်တပ်အား တွန်းလှန်နိုင်ပေလိမ့်ဦးမည်။
ဤစစ်သည် နှစ်သိန်းသည်သာ စည်းလုံးညီညွတ်နေသရွေ့ နတ်ဆိုးစစ်တပ်အနေဖြင့် ဤစစ်တပ်အား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်း သိလိုက်သည့်နောက် ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။
"ရောင်းရင်းရန်၊ မင်း တံခါးပိတ်ကျင့်စဉ် ဝင်လို့ပြီးပြီလား" အစီရင်ခံ တင်ပြပြီးသည့် နောက်တွင် လီကျောက်မှာ ချက်ချင်းပင် ကောက်မေးလိုက်လေသည်။ ဤစစ်သည်နှစ်သိန်းအား ဦးဆောင်ဖို့ရာ သူ့အဖို့ အတော်လေးကိုမှ အကျပ်ရိုက်ရသည်။ သူကိုယ်တိုင်မှာ အားကောင်းပါသော်ငြား သူသည် မီးနဂါးနန်းတော်၏ နန်းတော်သခင်တစ်ဦးသာ ဖြစ်လေသည်။ ဤကဲ့သို့သော လူနှစ်သိန်း၏ အသက်ကို စစ်ပွဲအတွင်း အမိန့်ပေးဖို့ရာမှာ လီကျောက်အတွက် အလွန်ကိုမှ ဖိအားများလှသည်။ စစ်ပွဲ၏ အခြေအနေမှာလည်း မျှော်မှန်းရ လွယ်သည့် အရာမျိုး မဟုတ်။ လက်ရှိ အခိုက်အတန့်တွင် ကျားဟိန်းသံမြို့၏ စစ်တပ်မှာ စစ်ပွဲတိုင်းကို အနိုင်ရနေသည့်တိုင် အမှားလေးတစ်ချက် လုပ်မိပါက မရေမတွက်နိုင်သော အကျအဆုံးများနှင့် ကြုံသွားရနိုင်သည်။ ထိုကဲ့သို့သော တန်ရာတန်ကြေးသည် လီကျောက် ပေးနိုင်သည့် အရာမျိုး မဟုတ်ပေ။ ထိုအကြောင်းကြောင့် စစ်တပ်၏ အာဏာကို ရန်ကိုင်မှ ပြန်လည်ရယူမည်ကိုသာ လီကျောက် မျှော်လင့်နေမိလေသည်။
ရန်ကိုင်က ခေါင်းခါ၍ ပြန်ပြောလိုက်၏။ "အခု အခြေအနေကို တစ်ချက်လာကြည့်တာ၊ ပြီးရင် ပြန်ပြီး တံခါးပိတ်ကျင့်စဉ် ဝင်ဦးမှာ"
လီကျောက်၏ မျက်နှာအထက် စိတ်ပျက်မှုတို့ အထင်းသားပင်။
ရန်ကိုင်ကမူ လီကျောက်ကို ကြည့်၍ အားပေးလိုက်လေ၏။ "ရောင်းရင်းလီ၊ မင်း ဘာမှ ဖိအားဝင်နေစရာ မလိုဘူး၊ မင်းဘက်က အတတ်နိုင်ဆုံး လုပ်ပေးထားတာပဲ၊ ဒီတော့ ဒီအတိုင်းပဲ ဆက်လုပ်သွား၊ စစ်ရှုံးမယ်ဆိုရင်တောင် မင်းအပြစ် မဟုတ်ဘူး"
လီကျောက်က ခါးသက်သက် အမူအရာဖြင့် ပြုံးလျက်... "အဲဒီလိုမျိုးကြောင့်လည်း ဒီလီက ပိုပြီးတော့ ဖိအားဝင်"
သူ့စကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာပင် အေးစက်စက် အရှိန်အဝါနှင့် ယုရုမန်မှာ မှုန်ကုပ်ကုပ် အမူအရာဖြင့် အခန်းထဲသို့ ဝင်လာခဲ့လေသည်။
လီကျောက်နှင့် ရန်ကိုင်တို့ အတူတကွ လှမ်းကြည့်လိုက်ကြပြီးသည့်နောက် လီကျောက်က လည်ချောင်းရှင်း၍ ပြောလိုက်လေ၏။ "ရောင်းရင်းရန်၊ ဒီလီ အရင်သွားလိုက်ဦးမယ်နော်"
လီကျောက်မှာ ရန်ကိုင် ပြန်ဖြေမည်ကိုပင် မစောင့်တော့ဘဲ အခန်းထဲမှ အမြန်ပြေးထွက်သွားလေ၏။
လီကျောက် ထွက်သွားပြီးသည့်နောက်တွင် ယုရုမန်သည် ရန်ကိုင်ဆီသို့ လျှောက်လာပြီး ရန်ကိုင်၏ အင်္ကျီကော်လာကို ဆွဲကိုင်၍ အံကြိတ်ကာ ပြောလိုက်လေ၏။ "နင် နောက်ဆုံးတော့ ပြန်လာပြီပေါ့"
ရန်ကိုင်ကမူ တည်ငြိမ်ချင်ယောင်ဆောင်လျက် ပြန်မေးလိုက်လေသည်။ "နင် ဘာတွေပြောနေတာလဲ"
ယုရုမန်က နှာခေါင်းရှုံ့လိုက်လေသည်။ "အကုန်လုံးကို တံခါးပိတ်ကျင့်စဉ် ဝင်တော့မယ်လို့ ပြောပြီးတော့ ကျားဟိန်းသံမြို့ထဲက ထွက်သွားတာမလား၊ နင် ဘယ်ကိုသွားတာလဲ"
[ငါလခွမ်း၊ ငါကျားဟိန်းသံမြို့ထဲမှာ မရှိတာကို ဒီမိန်းမ ဘယ်လိုသိတာလဲ၊ နှလုံးသားစည်းတံဆိပ်က ငါ့အရှိန်အဝါကို အာရုံခံနိုင်လို့များလား] ထိုအကြောင်းကို စဉ်းစားနေရင်းမှ ရန်ကိုင်သည် မျက်နှာကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထား၍ သူ၏ အင်္ကျီကော်လာအား ဆွဲကိုင်ထားသော ယုရုမန်၏ လက်ကို ဖယ်ကာ အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ "ကောင်းကောင်းပြော၊ လက်မပါနဲ့၊ လက်ပါတယ်ဆိုတာ သင့်တော်တဲ့လုပ်ရပ် မဟုတ်ဘူး"
ယုရုမန်သည် မျက်လုံးမှေးစင်းရင်းမှ ပြန်ပြောလိုက်၏။ "အဲဒါဆို သုံးလလုံးလုံး ဘာမှ မပြောဘဲနဲ့ ထွက်ပြေးသွားတာကျတော့ကော နင်ဘာပြောမလဲ"
ရန်ကိုင်သည် စားပွဲခုံအား ဒေါမာန်တကြီးဖြင့် ကောက်ရိုက်၍ ပြောလိုက်လေသည်။ "ဘယ်သူက သုံးလလုံးလုံး ထွက်ပြေးသွားတာလဲ၊ အပိုတွေ လာပြောမနေနဲ့၊ ငါ အဲဒီသုံးလလုံးလုံး မြို့သခင်စံအိမ်ထဲမှာ တံခါးပိတ်ကျင့်စဉ်ဝင်နေတာ"
ယုရုမန်က လှောင်ပြုံးပြုံးလျက်... "လာလိမ်မနေနဲ့၊ ငါနင့်အရှိန်အဝါကို အာရုံခံလို့ မရဘူးများ မှတ်နေတာလား၊ အရင်သုံးလလုံးလုံး နင် ကျားဟိန်းသံမြို့ထဲမှာတောင် ရှိတာ မဟုတ်ဘူး၊ ငါ့ကို အမှန်အတိုင်းပြော၊ နင်ဘယ်ကိုသွားတာလဲ"
ရန်ကိုင်က မတ်တတ်ထရပ်၍... "နင်နဲ့ ဆက်ပြောနေလို့လည်း အပိုပဲ၊ ငါ ပြန်ပြီး တံခါးပိတ်ကျင့်စဉ် ဝင်ရဦးမယ်၊ နင်ငါ့ကို အခုလိုမျိုး မဟုတ်တရုတ်တွေ ဆက်ပြီးပြောနေဦးမယ်ဆိုရင်တော့ ငါ နင့်တင်ပါးကို ထပ်ရိုက်မှာနော်"
ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် လက်နောက်ပစ်၍ ခန်းမထဲသို့ လျှောက်ဝင်သွားလေ၏။ မကြာမီ ယုရုမန်၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ယုရုမန်မှာ ဒေါမာန်တကြီးဖြင့် အံကို တင်းတင်းကြိတ်နေရင်းမှ ရန်ကိုင် တံခါးပိတ်ကျင့်စဉ် ဝင်နေသည့် အခန်းထဲသို့ ရောက်သည်အထိ ရန်ကိုင် အနောက်သို့ ပြေးလိုက်သွားကာ ရန်ကိုင်အား တောက်လျှောက်ကို လိုက်လံနှောင့်ယှက်တော့လေ၏။ နောက်ဆုံးတွင် ရန်ကိုင်မှာ ဆက်၍ သည်းမခံနိုင်တော့လေရာ ယုရုမန် အော်ငိုသည်အထိ သူမ၏ တင်ပါးကို ရိုက်ပေးလိုက်လေသည်။ ထို့နောက် သူမအား အခန်းထဲမှ အပြင်သို့ မောင်းထုတ်လိုက်လေ၏။
လျှို့ဝှက်အခန်းတံခါး ပိတ်သွားခဲ့ပါသော်ငြား ယုရုမန်၏ အော်သံများကို အထဲအထိတိုင် ကြားနေရပေသေးသည်။
သို့ပါသော်ငြား ယုရုမန်မှာ သင်ခန်းစာရသွားပြီ ဖြစ်သည့်အတွက်ကြောင့် အခန်းထဲသို့ လိုက်မဝင်တော့ဘဲ အခန်းတံခါး အနားတွင်သာ ရပ်နေခဲ့သည်။ ရန်ကိုင်အား နောက်တစ်ကြိမ် လစ်ထွက်မည့် အခွင့်အရေး မပေးလိုတော့သည့်ပုံပင်။
သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် အမှန်တကယ်ကို တံခါးပိတ်ကျင့်စဉ် ဝင်ခဲ့လေသည်။
မကြာသေးခင်ကမှ မိုးပြာရောင် ဘူးသီးခြောက်ကို ရရှိထားသည့်အတွက်ကြောင့် ရန်ကိုင်မှာ ထိုမိုးပြာရောင် ဘူးသီးခြောက်အား မြန်နိုင်သမျှ မြန်မြန် သန့်စင်လိုပေသည်။ ယုရုမန် အခန်းတံခါးတွင် ရပ်စောင့်နေမှန်း သိပါသော်ငြား ဂရုစိုက်မနေခဲ့ပေ။ လုပ်စရာရှိသည့် ကိစ္စများကို လုပ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် အပြင် ထပ်ထွက်ဖို့ရာ မစဉ်းစားထားတော့။
ထိုသို့ဖြင့် ဆယ်ရက်ကျော်မှာ ငြိမ်းငြိမ်းချမ်းချမ်းနှင့် ကုန်ဆုံးသွားခဲ့လေသည်။
ယနေ့တွင် ရန်ကိုင်မှ မိုးပြာရောင် ဘူးသီးခြောက်အား သန့်စင်နေစဉ် လောကကြီး တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့ပြီး အားကောင်းလှသည့် ဖိအားတစ်ရပ် သက်ဆင်းကျလာသည်ကို ခံစားမိလိုက်သည်။ တစ်ချိန်တည်း၌ ဒေါသတကြီး အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာခဲ့လေ၏။ "ရန်ကိုင် ထွက်လာစမ်း"
အခန်းထဲတွင် ရှိနေသည့် ရန်ကိုင်၏ မျက်လုံးများ ဆတ်ခနဲ ပွင့်လာခဲ့သည်။
[နောက်ဆုံးတော့ ရောက်လာပြီပေါ့]
ရန်ကိုင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးသည့်နောက် မိုးပြာရောင် ဘူးသီးခြောက်ကို သိမ်းကာ ထရပ်လိုက်သည်။ အဝတ်အစားများကို သပ်ရပ်အောင် လုပ်ပြီးသည့်နောက်တွင် အခန်းတံခါးကို ဖွင့်၍ ထွက်သွားလေ၏။
အခန်း အပြင်ဘက်တွင် ရှိနေသော ယုရုမန်မှာ ရန်ကိုင်အား မယုံသင်္ကာ အမူအရာဖြင့် ကြည့်ရင်းမှ... "နင် သံမဏိသွေးမဟာဧကရာဇ်ကို ဘယ်လိုလုပ်ပြီး သွားရန်စထားတာလဲ၊ သူ ဘာလို့ ဒီကိုရောက်နေရတာလဲ"
အသံမှာ သံမဏိသွေးမဟာဧကရာဇ်မှန်း ယုရုမန် သိပေသည်။ သံမဏိသွေးမဟာဧကရာဇ်၏ လေသံကို ကြည့်ရသလောက် ရန်ကိုင်နှင့် စကားကောင်းကောင်း ပြောလိုသည့်ပုံ မပေါက်ပေ။
ရန်ကိုင်ကမူ ယုရုမန်ကို မျက်စောင်းထိုးလျက်... "ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ"
ယုရုမန်သည် ရန်ကိုင်ကို ညွှန်ပြရင်းမှ... "နင်နဲ့ သူ့တပည့်က ရင်းနှီးတာ မဟုတ်ဘူးလား၊ အဲဒါကို သူက နင့်ကို ဘာဖြစ်လို့ ဒီလောက်တောင် ရန်လိုနေရတာလဲ"
ရန်ကိုင်က ပြန်ပြောလိုက်လေ၏။ "ရန်လိုတယ်၊ သူက"
ယုရုမန်က ပြန်၍ ပြောလိုက်လေသည်။ "သူနင့်ကို ဒေါသထွက်နေတာ မသိဘူးလား"
ယုရုမန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရန်ကိုင်၏ လက်ကို လှမ်းကိုင်၍... "နင် အပြင်မထွက်နဲ့ဦး၊ အပြင်မှာ ဘာတွေဖြစ်နေလဲ ငါတစ်ချက် အရင်သွားကြည့်လိုက်ဦးမယ်"
ထိုစကားကို ကြားသော် ရန်ကိုင်၏ နှုတ်ခမ်းမဲ့သွားခဲ့ပြီး ချက်ချင်းပဲ ပြန်၍ ပြောလိုက်လေ၏။ "ကိစ္စမရှိဘူး၊ စီနီယာသံမဏိသွေးက မဟာဧကရာဇ်ဆယ်ပါးထဲက တစ်ပါးပဲဟာကို၊ ဒီတော့ ငါသူ့ကို ရန်စမိလိုက်တယ်ဆိုရင်တောင် လွန်လွန်ကျူးကျူး ဘာမှလုပ်မှာ မဟုတ်ဘူး၊ နားလည်မှုလွဲတာဆိုရင်တော့ ပြေရာပြေကြောင်း ပြန်ညှိရမှာပေါ့"
ယုရုမန်လည်း သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် ရန်ကိုင်နှင့် သံမဏိသွေးမဟာဧကရာဇ်အကြား နားလည်မှု လွဲမှားခြင်း ရှိခဲ့မည်ဆိုလျှင်ပင် သံမဏိသွေးမဟာဧကရာဇ်အနေဖြင့် ရန်ကိုင်အပေါ် လက်ပါလိမ့်မည် မဟုတ်မှန်း သိသွားခဲ့သည်။ ထိုအပြင် ကမ္ဘာနှစ်ခုမှာ အကြီးအကျယ် စစ်ဖြစ်နေကြခြင်း ဖြစ်သည်။ ရန်ကိုင်မှာ ကျားဟိန်းသံမြို့၏ ကိုယ်စားပြု ဖြစ်သလို စစ်သည်နှစ်သိန်း၏ ခေါင်းဆောင်လည်း ဖြစ်သည်။ ထိုအတွက်ကြောင့် သံမဏိသွေးမဟာဧကရာဇ်အဖို့ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရန်ကိုင်အား တိုက်ခိုက်ဖို့ရာမှာ အမှန်တကယ်ကို မဖြစ်နိုင်လှပေ။
ကျားဟိန်းသံမြို့၏ ကောင်းကင်အထက်ဝယ် လူထွားကြီးတစ်ဦး ဝဲနေခဲ့လေသည်။ လူတိုင်းမှာ အပေါ်သို့ မော့ကြည့်နေပါသော်ငြား ကောင်းကင်ယံမှာ မှုန်ရီစုံဝါး ဖြစ်နေသည့်အတွက်ကြောင့် ရောက်လာသူ၏ မျက်နှာကို သေသေချာချာ မမြင်ရပေ။
သို့ပါသော်ငြား စီနီယာသံမဏိသွေး၏ နာမည်မှာ မြို့ထဲ၌ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့လေရာ ရောက်လာသည့် လူမှာ မဟာဧကရာဇ်ဆယ်ပါးအနက် တစ်ပါး ဖြစ်ကြောင်းကို လူတိုင်း အလျင်အမြန် သဘောပေါက်သွားကြတော့၏။
လူတစ်ဦးသည် မြို့ထဲမှ ပျံသန်းထွက်လာပြီး သံမဏိသွေးမဟာဧကရာဇ်အား လာရောက်နှုတ်ဆက်လေသည်။ ထိုလူမှာ အခြားမဟုတ် လီကျောက်သာ ဖြစ်လေ၏။ လီကျောက်သည် သံမဏိသွေးမဟာဧကရာဇ်နှင့် ဆယ်မီတာခန့်ကျော် အကွာတွင် ရပ်ရင်းမှ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ "မြောက်ဘက်နယ်မြေ မီးနဂါးနန်းတော်က လီကျောက်၊ စီနီယာသံမဏိသွေးကို နှုတ်ဆက်ပါတယ်"
ကျန်းဝူဟန်သည် လီကျောက်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။
တစ်ချက်သာ ဖြစ်ပါသော်ငြား လီကျောက်မှာ ဇောချွေးကို ပြန်သွားခဲ့ရလေ၏။ ထို့နောက်တွင် သတိထားကာ ပြန်မေးလိုက်သည်။ "စီနီယာသံမဏိသွေး ဒီကိုဘာကိစ္စနဲ့ ရောက်လာတာလဲ သိလို့ရမလား"
ကျန်းဝူဟန်က ပြန်ပြောလိုက်၏။ "ရန်ကိုင်ကို ငါနဲ့ လာတွေ့ခိုင်းလိုက်"
လီကျောက်က ပြန်ပြောလိုက်သည်။ "စီနီယာကို ပြန်ပြောရမယ်ဆိုရင်တော့ နန်းတော်သခင်ရန်က ဒီရက်ပိုင်း တံခါးပိတ်ကျင့်စဉ်ဝင်တာကနေ ထွက်မလာသေးပါဘူး၊ အခုကျားဟိန်းသံမြို့ရဲ့ စီမံပိုင်ခွင့် အကုန်လုံးကို ဒီလီ လက်ထဲ အပ်ထားခဲ့တာပါ၊ ဒါကြောင့် ကမ္ဘာနှစ်ခုအကြားက စစ်ဖြစ်နေတဲ့ ကိစ္စတွေဆိုရင်တော့ ကျားဟိန်းသံမြို့က စီနီယာအမိန့်အတိုင်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးပါမယ်"
ကျန်းဝူဟန်က ပြန်ပြောလိုက်သည်။ "ဒီကိစ္စက အခုဖြစ်နေတဲ့ စစ်နဲ့ ဘာမှမဆိုင်ဘူး၊ ငါ့ကိုယ်ရေးကိုယ်တာ ကိစ္စပဲ၊ မင်းငါ့ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး၊ ထွက်သွားလိုက်ပေတော့"
ထိုစကားကြောင့် လီကျောက် ကြောင်သွားခဲ့သည်။
သံမဏိသွေး ပြောသည့် စကားမှ လီကျောက်မှာ အကြောင်းအရာ အချို့ကို သိခဲ့ရသည်။ သံမဏိသွေးသည် စစ်ပွဲကိစ္စကြောင့် ရောက်လာခြင်း မဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်ကြောင့် ရောက်လာခြင်းသာ ဖြစ်လေသည်။ သံမဏိသွေးကိုယ်တိုင် ဤနေရာသို့ လာရလောက်သည်အထိ ရန်ကိုင်နှင့် သံမဏိသွေးမဟာဧကရာဇ်အကြား မည်ကဲ့သို့များ ရန်ငြိုးရန်စများ ရှိနေရလေသနည်း။
လီကျောက် ထပ်မမေးနိုင်သေးခင်မှာပင် ကျန်းဝူဟန်မှ သူ့လက်အား ဝှေ့ယမ်းလိုက်ရာ လီကျောက်မှာလည်း မြေပြင်ပေါ်သို့ ဒုန်းခနဲ ထိုးဆင်းကျသွားခဲ့လေသည်။ ထိုပြင်းထန်သည့် အားကြောင့် လီကျောက်မှာ အနည်းငယ်မျှပင် သူ့ဟန်ချက်ကို ထိန်းနိုင်ခဲ့ခြင်း မရှိဘဲ နောက်ဆုံး လက်တစ်ဖက်မှ သူ့ကျောအား လာရောက်ထောက်ပေးထားသည့် အခါမှသာလျှင် သူ့ခန္ဓာကိုယ် ရပ်တန့်သွားနိုင်ခဲ့လေ၏။
လီကျောက် လှည့်ကြည့်လိုက်ရာ အံ့အားသင့်သွားရလေသည်။ "ရောင်းရင်းရန်လား"
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
လီကျောက်က အလျင်စလို သတိပေးလိုက်သည်။ "ရောင်းရင်းရန်၊ စကားပြောရင် သတိထားနော်"
ကျန်းဝူဟန် ဘာအကြောင်းကြောင့် ရောက်လာရသလဲဆိုသည်ကို သေသေချာချာ မသိရသေးပါသော်ငြား ကျန်းဝူဟန်၏ လေသံနှင့် ပုံစံသည် လုံးဝကို ဖော်ရွေသည့် ပုံစံမျိုး ပေါက်မနေပေ။ လက်ရှိ အခြေအနေအရ လီကျောက်အနေဖြင့် ကူညီပေးချင်သည်ဆိုလျှင်ပင် သူကူညီပေးနိုင်သည့် အရာ ဘာမျှမရှိပေ။ သူ့ခွန်အားလေးဖြင့် မဟာဧကရာဇ်တစ်ပါးအား မည်ကဲ့သို့များ သွားရောက် ရင်ဆိုင်နိုင်ပါမည်နည်း။ ထိုအကြောင်းကြောင့် ကျန်းဝူဟန်အား ထပ်မံ၍ ရန်စမိသလို မဖြစ်စေရန်အတွက် ရန်ကိုင်အား သတိပေးရုံသာ တတ်နိုင်ခဲ့သည်။
ရန်ကိုင်ကမူ ယဲ့ယဲ့လေး ပြုံးရင်းမှ အပေါ်သို့ တက်သွားခဲ့ပြီး လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ "မင်္ဂလာပါ စီနီယာ၊ စီနီယာ ရောက်လာမှန်း မသိလိုက်လို့ လာမကြိုမိတာ ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ"
ကျန်းဝူဟန်သည် ရန်ကိုင်အား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ "မင်းမှာ တကယ်ကို အပြစ်ရှိနေတာပဲ"
ထိုစကား ထွက်လာသည့်အခိုက် တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
သံမဏိသွေးမဟာဧကရာဇ်သည် ရန်ကိုင်အပေါ် ရန်လိုနေမှန်း တစ်မြို့လုံး သိထားကြပါသော်ငြား လူရှေ့သူရှေ့တွင် ယခုကဲ့သို့ ရန်ကိုင်အား အပြစ်ရှိသည်ဟု ပြောလိုက်ခြင်းသည် ရန်ကိုင်အပေါ် သေမိန့်ချလိုက်သည့်ပမာသာ ဖြစ်ပေသည်။
သို့ပါသော်ငြား အကုန်လုံးမှာ ကျန်းဝူဟန်၏ ပုံစံနှင့် ပတ်သက်၍ သိပ်၍ ကျေနပ်မနေပေ။ ကျန်းဝူဟန်သည် မဟာဧကရာဇ်တစ်ပါး ဖြစ်၍ရော ဘာအရေးနည်း။ မဟာဧကရာဇ်တစ်ပါးသည် မည်ကဲ့သို့များ ကြီးနိုင်ငယ်ညှဉ်း လုပ်နိုင်ရလေသနည်း။ လွန်ခဲ့သည့် လများအတွင်း ရန်ကိုင် ဘာလုပ်ခဲ့သလဲဆိုသည်ကို ဤနေရာ၌ ရှိနေသည့် လူတိုင်း မြင်ခဲ့ရသည်။ ရန်ကိုင်သာ မရှိပါက ကျားဟိန်းသံမြို့ ပျက်စီးသွားခဲ့သည်မှာ ကြာခဲ့လေပြီ။ ထိုအပြင် ရန်ကိုင်သာ မရှိလျှင် ကျားဟိန်းသံမြို့၏ စစ်တပ်များမှာ အစိတ်စိတ်အမွှာမွှာ ကွဲနေပြီး ယခုကဲ့သို့ စည်းလုံးညီညွတ်နေလိမ့်မည် မဟုတ်ပေ။ ရန်ကိုင်၏ ဦးဆောင်မှုနှင့်အတူ ဤနေရာ၌ ရှိနေသော စစ်သည်နှစ်သိန်းသည် မရေမတွက်နိုင်သော နတ်ဆိုးများကို သတ်၍ မြောက်မြားလှစွာသော အောင်ပွဲများကို ဆောင်ကြဉ်းပေးခဲ့သည်။
ကျန်းဝူဟန်သည် မဟာဧကရာဇ်တစ်ပါး ဖြစ်သလို ကြယ်တာရာအစုအဝေးထဲရှိ ဘီလီယံနှင့်ချီသော ကျင့်ကြံသူများ၏ လေးစားအားကိုးရာ ဖြစ်ပါသော်ငြား သူ့စကားသည် လူပေါင်းများစွာကို မကျေမနပ် ဖြစ်သွားစေခဲ့လေသည်။
ကောင်းရွှယ်ထင်းမှာ ချက်ချင်းပင် အရှေ့တက်၍ အလေးအနက် မျက်နှာထားဖြင့် မေးလိုက်လေ၏။ "စီနီယာ၊ ဂျူနီယာမောင်လေးရန် ဘယ်လိုအပြစ်မျိုးကို ကျူးလွန်ခဲ့လဲဆိုတာကို ကျွန်မ သိလို့ရမလား"
ရန်ကိုင်မှာမူ ယဲ့ယဲ့လေး ပြုံးရင်းမှ ကောင်းရွှယ်ထင်းအား တိတ်နေရန် လက်မြှောက်ကာ အချက်ပြလိုက်သည်။ ထို့နောက်တွင် ကျန်းဝူဟန်ကို ကြည့်၍ ပြန်မေးလိုက်လေ၏။ "စီနီယာ၊ ဒီဂျူနီယာ နားမလည်လို့ သေသေချာချာလေး ပြောပြပေးလို့ရမလား"
ကျန်းဝူဟန်က ဆက်ပြောလိုက်သည်။ "အဲဒါဆိုရင်လည်း မင်းနားလည်အောင် လုပ်ပေးရတာပေါ့၊ ဒါပေမဲ့ ဒီဘုရင် မင်းကို မေးပါဦးမယ်၊ မင်း ဘေးနားမှာ နတ်သားရဲရှီဟွော့ ရှိလား"
ကျားဟိန်းသံမြို့ထဲရှိ လူတိုင်းမှာ ကျောက်တုံးကိုယ်ပွားအကြောင်းကို သိထားကြပေသည်။ တကယ်တော့ ကျောက်တုံးကိုယ်ပွားသည်လည်း လွန်ခဲ့သည့် စစ်ပွဲအတွင်း မရေမတွက်နိုင်သော နတ်ဆိုးများကို သတ်၍ သူတို့အား အကြီးအကျယ် ကူညီပေးခဲ့သည် မဟုတ်ပေလော။
ရန်ကိုင်က ချက်ချင်း ခေါင်းညိတ်ပြလိုက်လေ၏။ "ရှိပါတယ်"
ကျန်းဝူဟန်က ထပ်ပြောလိုက်သည်။ "ဒါဆို ငါမင်းကိုနောက်တစ်ခု ထပ်မေးမယ်၊ ရှီဟွော့က ဘယ်လိုကျင့်စဉ်နဲ့ သိုင်းပညာရပ်တွေကို ကျင့်ကြံထားတာလဲ"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "နတ်သားရဲတစ်ကောင်ချင်းစီတိုင်းမှာ ကိုယ်ပိုင် သွေးမျိုးဆက် အမွေအနှစ်ဆိုတာ ရှိပြီးသားလေ၊ ဒီတော့ သူ အမွေဆက်ခံ ရရှိထားတဲ့ဟာတွေကိုပဲ ကျင့်ကြံထားတာပေါ့"
"အပိုတွေလာပြောမနေနဲ့" ကျန်းဝူဟန်၏ အသံကြီးသည် မိုးခြိမ်းသံပမာ အရပ်မျက်နှာ အဘက်ဘက်သို့ မြည်ဟည်း ပဲ့တင်ထပ်သွားခဲ့လေသည်။
ရန်ကိုင်က မျက်ခုံးပင့်၍ ပြန်မေးလိုက်လေ၏။ "စီနီယာ ဘာဖြစ်လို့ ဒီလောက်တောင် ရန်လိုနေရတာလဲ၊ ဂျူနီယာက အမှန်ကိုပဲ ပြောတာလေ"
ကျန်းဝူဟန်က ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ "ရန်ကိုင် ဒီစစ်ပွဲမှာ မင်းဘက်က အများကြီး ကူညီပေးထားတဲ့အတွက် ငါမင်းကို အရှက်ရအောင် မလုပ်ချင်ဘူး၊ ဒါပေမဲ့ မင်းဆက်ပြီးတော့ ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါ့ကို ရိုင်းလို့ဆိုပြီး လာအပြစ်မတင်တော့နဲ့၊ ငါမင်းကို နောက်ဆုံးတစ်ကြိမ် မေးမယ်၊ မဖြေခင် သေသေချာချာ စဉ်းစား၊ မင်းရဲ့ ရှီဟွော့ ဘယ်လိုကျင့်စဉ်နဲ့ သိုင်းပညာရပ်တွေကို ကျင့်ကြံထားတာလဲ”
အထွဋ်အထိပ်သိုင်းဧကရာဇ်