အခန်း ၃၄၂၇
Vol. 151 Ch. 3427
အပိုင်း (၃၄၂၇)
ဘာသာပြန်သူ_တိမ်တိုက်
သံမဏိသွေးမဟာဧကရာဇ် ကျားဟိန်းသံမြို့ဆီသို့ ဒေါမာန်တကြီးဖြင့် ရောက်လာပြီး ယခုကဲ့သို့ မေးခွန်း ထုတ်နေရခြင်းမှာ နတ်သားရဲရှီဟွော့ ကျင့်ကြံထားသည့် ကျင့်စဉ်ကြောင့် ဖြစ်နေခဲ့သည်။ လူတိုင်းမှာ ဇဝေဇဝါ ဖြစ်နေခဲ့ပြီး ကျန်းဝူဟန် ဘာကို တွေးလို့ တွေးနေမှန်းကို နားမလည်နိုင်ကြတော့ပေ။ ရှီဟွော့ ကျင့်ကြံထားသည့် ကျင့်စဉ်မှာ သူနှင့် ဘာများ ပတ်သက်နေလို့ပါနည်း။
နတ်သားရဲရှီဟွော့သည် ကျန်းဝူဟန် ကျင့်စဉ်ကို ခိုး၍ ကျင့်ကြံထားလေသလော။
ရန်ကိုင်သည် ကျန်းဝူဟန်အား မှုန်ကုပ်ကုပ် အမူအရာဖြင့် ပြန်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ "စီနီယာ၊ ဒီဂျူနီယာ ပြောပြီးသွားပြီလေ၊ ရှီဟွော့မှာ သူ့ကိုယ်ပိုင် အမြုတေ အမွေအနှစ်ဆိုတာ ရှိပြီးသား၊ ဘာဖြစ်လို့ ဒီဂျူနီယာကို ထပ်တလဲလဲ လာမေးနေတာလဲ"
ကျန်းဝူဟန်သည် ရန်ကိုင်အား စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်လေ၏။ "အရူးကောင်ပါလား၊ မင်းက မပြောချင်မှတော့ ငါကပဲ ပြောပေးရသေးတာပေါ့၊ ရှီဟွော့ ကျင့်ကြံထားတာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသပဲ၊ ဟုတ်တယ်မလား"
[ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ] လူအတော်များများ ကြောင်သွားခဲ့သည်။
ထိုနာမည်ကို သူတို့အနေဖြင့် တစ်နေရာရာ၌ ကြားဖူးနေသလို ခံစားရပါသော်ငြား အများစုမှာ မမှတ်မိကြပေ။ သို့ပါသော်ငြား ကောင်းရွှယ်ထင်း၊ လီကျောက်နှင့် အခြားသူများ၏ အမူအရာများမှာတော့ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ကြပြီး ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်လာကြလေသည်။
ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည် နာမည်ကျော် ကောင်းကင်ဝါးမျိုခြင်းမဟာဧကရာဇ် ကျင့်ကြံခဲ့သော ကျင့်စဉ်တစ်ခု ဖြစ်ပြီး ဤလောကကြီး၏ အရက်စက် အကြမ်းကြုတ်ဆုံး ပညာရပ် တစ်ခုလည်း ဖြစ်ပေသည်။
[နတ်သားရဲရှီဟွော့က ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို တကယ်ကြီး ကျင့်ကြံထားတာလား] ကောင်းရွှယ်ထင်းနှင့် လီကျောက်တို့ မယုံကြည်နိုင် ဖြစ်သွားကြသည်။ တကယ်တော့ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသ သေသွားသည်မှာ ကြာခဲ့ပြီ မဟုတ်ပေလော။ ထိုသို့ဖြစ်လေရာ ယနေ့ခေတ်တွင် သူ၏ ကျင့်စဉ်ကို မည်သူကများ ကျင့်ကြံနိုင်ပါဦးမည်နည်း။ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲမဟာဧကရာဇ် သေသွားသည့်အလျောက် ၎င်းကျင့်ကြံခဲ့သော ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသသည်လည်း သမိုင်းကြောင်းထဲ နစ်ဝင်ပျောက်ကွယ်သွားခဲ့ရသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်နှင့်အတူ အမြဲတစေ ရှိနေသော နတ်သားရဲရှီဟွော့မှာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို မည်ကဲ့သို့များ ကျင့်ကြံနိုင်ပါမည်နည်း။ သို့ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်ချိန် သံမဏိသွေးမဟာဧကရာဇ်မှာ ဤကဲ့သို့သော အရေးကြီးလှသည့် ကိစ္စမျိုးအား သက်သေ အထောက်အထား မရှိဘဲ ရန်ကိုင်အပေါ် အလကားသက်သက် စွပ်စွဲစရာ အကြောင်းမရှိပေ။ ကျောက်တုံးကိုယ်ပွား အသုံးပြုသွားသည့် ပညာရပ်ကို ပြန်စဉ်းစားကြည့်လိုက်သော် ထိုပညာရပ်သည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသနှင့် ဆင်တူနေကြောင်းကို တွေ့ရှိသွားကြလေ၏။
ထိုအခါ ကောင်းရွှယ်ထင်း ရင်ထိတ်သွားတော့လေသည်။ ထိုကိစ္စသာ အမှန် ဖြစ်မည်ဆိုလျှင် ကျန်းဝူဟန်အနေဖြင့် ယခုကဲ့သို့ ရန်ကိုင်အပေါ် ရန်လိုနေသည်မှာ အဆန်း မဟုတ်ပေ။ တကယ်တော့ ယခုကိစ္စသည် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသနှင့် ပတ်သက်နေသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် အနည်းငယ်မျှပင် ပေါ့ပေါ့ဆဆ ထားလိုက်၍ မဖြစ်ပေ။
ရန်ကိုင်ကမူ ခေါင်းခါရင်းမှ ပြန်ပြောလိုက်လေသည်။ "စီနီယာ အဲဒီစကားကို ဘယ်ကနေကြားလာလဲ ဒီဂျူနီယာ မသိဘူး၊ ဒါပေမဲ့ အဲဒါတွေက တစ်ခုမှ မဟုတ်ဘူး၊ တစ်ယောက်ယောက်က ဒီဂျူနီယာကို အကွက်ချဖို့ ကြံနေတာ"
ကျန်းဝူဟန်က ပြန်ပြောလိုက်သည်။ "မင်း တကယ် အကွက်ချခံရလား မရဘူးလားဆိုတာကတော့ ကြည့်လိုက်ရင် သိမှာပေါ့၊ မင်းရဲ့ ရှီဟွော့ကိုသာ အပြင်ခေါ်ထုတ်လာခဲ့"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ခွင့်လွှတ်ပေးပါ စီနီယာ၊ စီနီယာရဲ့ တောင်းဆိုချက်ကို ဒီဂျူနီယာ မလုပ်ပေးနိုင်သေးပါဘူး၊ ရှီဟွော့က အခုလောလောဆယ် တံခါးပိတ်ကျင့်စဉ်ဝင်နေတာ၊ သွားနှောင့်ယှက်လို့ အဆင်မပြေပါဘူး"
"တံခါးပိတ်ကျင့်စဉ်ဝင်နေတာ" ကျန်းဝူဟန်က ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေသည်။ "အခုလေးတင် လီကျောက်ကလည်း မင်း တံခါးပိတ်ကျင့်စဉ် ဝင်နေတယ်လို့ ပြောတယ်၊ ရှီဟွော့ကလည်း တံခါးပိတ်ကျင့်စဉ်ဝင်နေတယ်၊ ဒီလောကကြီးမှာ အဲဒီလောက် တိုက်ဆိုင်တာ ဘယ်လိုလုပ်ပြီး ရှိမှာလဲ"
"ဒီဂျူနီယာ အမှန်ကို ပြောနေတာပါ စီနီယာ" ရန်ကိုင်သည် ကျန်းဝူဟန်အား စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။
ကျန်းဝူဟန်က ခေါင်းညိတ်၍ သက်ပြင်းမောကြီး ချလိုက်ရင်းမှ ပြောလိုက်၏။ "ရန်ကိုင်၊ ဒီလူငယ်မျိုးဆက်ထဲမှာ ငါမင်းကို အမျှော်လင့်ထားဆုံးပဲ၊ ငါတင် မဟုတ်ဘူး၊ အခြားသူတွေလည်း မင်းအပေါ် အများကြီး မျှော်လင့်ထားတာ၊ တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် မင်း ငါတို့ အဆင့်ကို ရောက်လာမယ်လို့တောင် အကုန်လုံးက တွက်ထားကြတာ"
သာမန်လူတစ်ဦးကသာ ထိုကဲ့သို့ ပြောလာခဲ့မည်ဆိုလျှင် သိပ်၍ မထူးပါသော်ငြား မဟာဧကရာဇ်တစ်ပါးမှ ထွက်လာသည့် စကားလုံးများမှာတော့ လုံးဝကို ထူးခြားသွားပေသည်။ ရန်ကိုင်သည် အခွင့်အလမ်း တစ်ခုခုအား ရရှိထားခဲ့ပြီး တစ်နေ့နေ့ တစ်ချိန်ချိန်ကျလျှင် မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။
ဤစကားကိုသာ ယခုနေ မတိုင်ခင်က ကြားခဲ့လိုက်ရမည်ဆိုလျှင် ကျားဟိန်းသံမြို့ထဲရှိ စစ်သည်များအနေဖြင့် အမှန်တကယ်ကို အကြီးအကျယ် ဂုဏ်ယူမိလိမ့်မည် ဖြစ်ပါသော်ငြား လက်ရှိ အခြေအနေမှာတော့ စိတ်ပူစရာကောင်းနေလေသည်။
ရန်ကိုင်က ပြုံးဖြီး၍ ပြန်ပြောလိုက်သည်။ "အခုလိုမျိုး ချီးကျူးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ၊ စီနီယာတို့ရဲ့ မျှော်လင့်ချက် မပျက်ရအောင် ဒီဂျူနီယာ ပိုပြီး အားစိုက်ကြိုးစားပေးပါမယ်"
ကျန်းဝူဟန်က ဆက်၍ ပြောလိုက်၏။ "အနာဂတ်မှာ ဘာဖြစ်မလဲ ဘယ်သူမှ မသိပေမဲ့ အမှားလေး တစ်ခုကတော့ ကိုယ့်ပျက်ကိန်းကိုယ် ဖန်တီးနိုင်တယ်" ပြောနေရင်းမှ ကျန်းဝူဟန်သည် သူ့လက်ကို မြှောက်လိုက်ရာ လောကနိယာမများ စတင်၍ လှုပ်ရှားလာတော့လေသည်။ ထို့နောက် ရန်ကိုင်အား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်လေ၏။ "မင်းက မိစ္ဆာလမ်းကြောင်းထဲ ကျသွားပြီဆိုမှတော့ မင်းကို အပြစ်ပေးဖို့က ငါ့တာဝန် ဖြစ်သွားပြီ၊ ဒါပေမဲ့ မင်းအတွက် ပြန်လှည့်ဖို့ အချိန်ရှိသေးတယ်"
ရန်ကိုင်က ခေါင်းခါ၍... "စီနီယာ တစ်ဖက်သတ်ကြီး စွပ်စွဲနေတာပဲ၊ စီနီယာ ဘာကိုပြောနေမှန်း ဒီဂျူနီယာ မသိဘူး"
"အမှားအမှန်ကို ဆက်ပြီးတော့ ရောထွေးချင်နေသေးတယ်ပေါ့" ကျန်းဝူဟန်သည် ချက်ချင်းပင် ရန်ကိုင်ဆီသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။ ထိုအခိုက်အတန့်ဝယ် လောကကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့လေ၏။
ကျားဟိန်းသံမြို့တော် တစ်ခုလုံးဆီမှ ညည်းတွားသံ တစ်သံ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်း၌ ရန်ကိုင် ရှိနေသည့် ဟင်းလင်းပြင် တစ်ခုလုံးမှာလည်း ကွဲကြေသွားခဲ့သည်။ ထိုလက်ဝါးချက်ကြောင့် ရန်ကိုင် တစ်ကိုယ်လုံး သွေးချင်းနီသွားခဲ့သည်။ ထိုအပြင် သူကိုယ်တိုင်သည်လည်း မြေကြီးထဲသို့ ကျွံဝင်သွားခဲ့လေရာ နောက်ဆုံး ခေါင်းတစ်လုံးသာ ပေါ်တော့လေသည်။
ကျန်းဝူဟန်သည် လက်ဝါးချက်ကို ရိုက်ထုတ်လိုက်ပြီးသည့်နောက် ရန်ကိုင်ဆီသို့ လျှောက်သွားလိုက်လေ၏။
ထိုစဉ် ကောင်းရွှယ်ထင်းသည် ကျန်းဝူဟန်၏ အရှေ့တွင် ပိတ်ရပ်၍ ဖြူဖတ်ဖြူရော် မျက်နှာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်လေ၏။ "စီနီယာ၊ ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး"
"ဘေးဖယ်နေ" ကျန်းဝူဟန်မှ သူ့လက်အား ဝှေ့ယမ်းချလိုက်ရာ ကောင်းရွှယ်ထင်းမှာ မီတာပေါင်းများစွာ အကွာသို့ လွင့်စဥ်ထွက်သွားခဲ့လေသည်။
ထိုစဉ် နဂါးဟိန်းသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး ဖုလင်မှာ မီတာတစ်ရာခန့် အလျားရှိသော ခရမ်းရောင် နဂါးတစ်ကောင် အသွင်သို့ ပြောင်း၍ အော်ပြောလိုက်လေ၏။ "ငါ့ခဲအိုကို ထိခိုက်အောင် လုပ်ရဲတယ်လား၊ သေလိုက်စမ်း"
ထို့နောက်တွင် ခရမ်းရောင် အလင်းတန်းတစ်ခု ကျန်းဝူဟန်ဆီသို့ တိုးဝင်သွားလေ၏။
ချက်ချင်းဆိုသလို ဖုလင်၏ မျက်နှာ ဖြူရော်သွားခဲ့လေသည်။ အကြောင်းမှာ သူမ အသုံးပြုလိုက်သည့် ပညာရပ်သည် ကျန်းဝူဟန်အပေါ် အနည်းငယ်မျှပင် သက်ရောက်ခြင်း မရှိသည့်အတွက်ကြောင့်ပင်။ ထိုအစား ကျန်းဝူဟန်သည်သာ အလင်းတန်းအောက်ဝယ် နောက်ပင်တစ်ချက် မတွန့်ဘဲ အရှေ့သို့ တဖြည်းဖြည်းချင်း ဆက်၍ လှမ်းလာနေလေ၏။
"နဂါးကလန်က အကြီးအကဲ နှစ်ယောက်တောင် ငါ့အရှေ့မှာ အခုလိုမျိုး မလုပ်ရဲတာကို၊ နင့်လို နဂါးပေါက်ကလေးက ကိုယ့်ကိုယ်ကို ဘာမှတ်နေတာလဲ" ထိုသို့ ပြောပြီးသည့်နောက်တွင် ကျန်းဝူဟန်သည် ဖုလင် ရှိရာ အရပ်ဆီသို့ လှမ်းကြည့်ရင်းမှ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလို မိုးမြေစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက် ပေါ်လာပြီး ဖုလင်၏ နဂါးခန္ဓာကိုယ်ကြီးကို ဆုပ်ကိုင်လိုက်လေ၏။
ဖုလင်မှာ အော်ဟစ် ဟိန်းဟောက်ရင်းမှ အဆက်မပြတ်ကို ရုန်းကန်နေပါသော်ငြား မည်ကဲ့သို့များ လွတ်မြောက်နိုင်ပါမည်နည်း။ ထို့နောက်တွင် ကျန်းဝူဟန်မှာ သူ့လက်အား ဝှေ့ယမ်းချ၍ ဖုလင်အား လွှတ်ပစ်လိုက်ရာ ဖုလင်မှာ အားလုံး၏ မြင်ကွင်းမှ တမုဟုတ်ချည်း ပျောက်ကွယ်သွားခဲ့လေ၏။
ထိုအချင်းအရာကို မြင်ပြီးသည့်နောက် မြို့ထဲရှိ ကျင့်ကြံသူနှစ်သိန်း လုံးဝကို ထိတ်လန့်ကြောက်ရွံ့သွားကြလေသည်။ မဟာဧကရာဇ်များမှာ ဤလောကကြီး၏ အားအကောင်းဆုံးသော ပညာရှင်များမှန်း သိထားကြပါသော်ငြား မဟာဧကရာဇ်တစ်ပါး၏ ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရပြီးသည့်နောက် အကုန်လုံးမှာ မျက်လုံးအပြူးသား ဖြစ်ကုန်ကြလေ၏။
ဖုလင်နှင့် ရန်ကိုင်တို့မှာ နတ်ဆိုးစစ်တပ် အရှေ့တွင် ပြိုင်ဘက်ကင်းကြပါသော်ငြား ကျန်းဝူဟန် အရှေ့တွင်မူ သုံးနှစ်သား ကလေးများပမာ ဖြစ်နေကြလေသည်။
ကျန်းဝူဟန်သည် ရန်ကိုင် အရှေ့သို့ ရောက်လာပြီး ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ မေးလိုက်သည်။ "မင်း ကိုယ့်အမှားကိုယ် သိပြီလား"
ရန်ကိုင်ကမူ အံကို တင်းတင်းကြိတ်ရင်းမှ ပြန်ပြောလိုက်သည်။ "ဒီဂျူနီယာ ဘာအမှား လုပ်လို့လုပ်မိမှန်း မသိဘူး"
ထိုကဲ့သို့ ပြောပြီးသည့်နောက် ရန်ကိုင်၏ ခန္ဓာကိုယ်မှာ ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့သည်။ ထို့နောက်တွင် သူ့ခွန်အားကို သုံး၍ ကျန်းဝူဟန် တည့်တည့်သို့ ထိုးချလိုက်လေ၏။
ကျန်းဝူဟန်ကမူ နှာခေါင်းရှုံ့လျက် ရန်ကိုင်၏ လက်သီးချက်အား လက်သီးချက်ဖြင့် ပြန်တွေ့ပေးလိုက်သည်။
ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာပြီးသည့်နောက် ကျန်းဝူဟန်မှာ တောင်တစ်လုံးပမာ မားမားမတ်မတ် ရပ်နေသေးပါသော်ငြား ရန်ကိုင်မှာမူ လေးကိုင်းမှ လွှတ်လိုက်သည့် မြားတစ်စင်းပမာ သွေးအပွက်ပွက် အန်ထွက်ရင်း လွင့်စဥ်ထွက်သွားကာ အဆောက်အဦး တစ်ခုအား သွားဝင်ဆောင့်လေ၏။
ထိုမျှနှင့်ပင် မပြီးသေးပေ။ ကျန်းဝူဟန်သည် သူ့လက်ကို ဆန့်ထုတ်၍ သူ့အရှေ့တည့်တည့်သို့ ဆွဲယူလိုက်ရာ ရန်ကိုင်၏ ခန္ဓာကိုယ်မှာ ကျန်းဝူဟန်ဆီသို့ အလိုလို မျောပါလာခဲ့လေသည်။
ထိုသို့ မျောပါလာစဉ် ရန်ကိုင်သည် လေဟာနယ်နိယာမများကို အသုံးချ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့ပါသော်ငြား ကျန်းဝူဟန်မှာ ရန်ကိုင်အား မည်ကဲ့သို့များ ထိုကဲ့သို့ လုပ်ခွင့်ပေးနိုင်ပါမည်နည်း။ ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့ပြီးသည့် နောက်တွင် ကျန်းဝူဟန်သည် ၎င်း၏ မဟာဧကရာဇ်အရှိန်အဝါကို ထုတ်လွှတ်၍ နောက်ထပ် လက်သီးတစ်ချက် ထုတ်လွှတ်လိုက်လေသည်။
ရန်ကိုင်မှာ လွင့်စဥ်ထွက်သွားပြီးသည့်နောက် ကျန်းဝူဟန်ဆီသို့ ပြန်ဆွဲခေါ်ခံရသည်။ ထို့နောက် ထပ်မံ လွင့်စဥ်ထွက်သွားပြန်လေ၏။
"စီနီယာ၊ ကျေးဇူးပြုပြီး ညှာတာပေးပါ" လီကျောက်က စိုးရိမ်တကြီးဖြင့် လှမ်းအော်ပြောလိုက်လေသည်။ ရန်ကိုင်မှာ ထူးထူးခြားခြားကို အားကောင်းလှပါသော်ငြား မဟာဧကရာဇ်တစ်ပါးကို မည်ကဲ့သို့များ ယှဉ်ပြိုင်နိုင်ပါမည်နည်း။ ဤသည်မှာ ဤလောကကြီး၏ အားအကောင်းဆုံးသော ပညာရှင်ဆယ်ပါးအနက် တစ်ပါး ဖြစ်ပေသည်။ အခြေအနေသည်သာ ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် ရန်ကိုင် အသတ်ခံရပေတော့မည်။ သူ့အနေဖြင့် ရန်ကိုင်အား ကူညီပေးချင်ပါသော်ငြား သူ့ခွန်အားဖြင့် ဤကဲ့သို့သော အခြေအနေမျိုး၌ ဘာဆိုဘာမျှ လုပ်၍ ရလိမ့်မည် မဟုတ်မှန်း သိနေလေသည်။ ထိုအကြောင်းကြောင့် တောင်းဆိုရုံသာ တတ်နိုင်ခဲ့သည်။
ကျန်းဝူဟန်ကမူ လူတိုင်း ပြောသည်ကို လျစ်လျူရှု၍ ရန်ကိုင်အား ပြန်ဆွဲယူလိုက် ထိုးလိုက် ပြန်ဆွဲယူလိုက် ထိုးလိုက် လုပ်နေခဲ့လေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်းမှာ အနည်းငယ် မကျေမနပ် ဖြစ်လာကြတော့သည်။ ကျန်းဝူဟန်၏ လုပ်ပုံမှာ ကြီးနိုင်ငယ်ညှဉ်း လုပ်ကာ အနိုင်ကျင့် အရှက်ခွဲနေသည်နှင့်ပင် တူနေပေသေးသည်။ သူလုပ်နေသည့် ပုံစံသည် မဟာဧကရာဇ်တစ်ပါး၏ ဂုဏ်ပုဒ်နှင့် လားလားမျှပင် မအပ်စပ်ပေ။
ခုနစ်ကြိမ် ရှစ်ကြိမ်ခန့် ထိုကဲ့သို့ လုပ်ပြီးသည့်နောက် ရန်ကိုင်မှာ အချိန်မရွေး သေဆုံးတော့မည့်ပမာ သူ့အရှိန်အဝါမှာ သိသိသာသာကို အားနည်းသွားခဲ့လေသည်။
လီကျောက်မှာ ရန်ကိုင်အား အလျင်စလို လှမ်းအော်ပြောလိုက်သည်။ "ရောင်းရင်းရန်၊ မှားတယ်လို့ ဝန်ခံလိုက်တော့လေ"
မဟာဧကရာဇ်တစ်ပါး အရှေ့ ဦးညွှတ်ရသည်မှာ ရှက်စရာ မဟုတ်ပေ။ ရန်ကိုင်သည်သာ ဆက်၍ ခေါင်းမာနေမည်ဆိုလျှင် သူ့အသက်အား ဆုံးရှုံးသွားရနိုင်ပေသည်။
ရန်ကိုင်သည် ပြိုကျနေသည့် အဆောက်အဦးကြားမှ ဒယီးဒယိုင် အမူအရာဖြင့် ပြန်ကုန်းရုံးထလာပြီးသည့်နောက် ပြောလိုက်လေ၏။ "ဒီဂျူနီယာ ဘာအမှားမှ မလုပ်ထားဘူး၊ ဒီတော့ ဘာကိုမှ ဝန်ခံစရာ မရှိဘူး"
"မင်းက တကယ်ခေါင်းမာတာပဲ" ကျန်းဝူဟန်မှာ ဒေါသူပုန်ထသွားကာ သူ့လက်ကို ဆန့်ထုတ်၍ ရန်ကိုင်အား သူ့ဆီသို့ ဆွဲယူလိုက်သည်။
ထိုအခိုက်အတန့်ဝယ် ရန်ကိုင်မှ သူ့လက်အား ကောက်မြှောက်လိုက်ရာ ဆူးချွန်များနှင့် ပြည့်နှက်နေပြီး အနက်ရောင်မီးတောက်တို့ လောင်မြိုက်နေသော ကျောက်လူသားတစ်ဦး ရန်ကိုင် အရှေ့၌ ပေါ်လာခဲ့သည်။ ထိုစွမ်းအားအောက်ဝယ် ရန်ကိုင်နှင့် ကျောက်ဘီလူးတို့ နှစ်ဦးစလုံး ကျန်းဝူဟန်ဆီသို့ မျောပါသွားခဲ့ကြလေ၏။
မျောပါသွားနေစဉ် အတောအတွင်း ကျောက်ဘီလူး၏ အရွယ်အစားမှာ တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့လေရာ မကြာမီ မီတာခြောက်ဆယ်ခန့် အမြင့်သို့ ရောက်သွားခဲ့လေသည်။
"နောက်ဆုံးတော့ ထွက်လာပြီပေါ့" ကျန်းဝူဟန်သည် ကျောက်တုံးကိုယ်ပွားအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် ကျန်းဝူဟန်သည် မြေပြင်အား ခြေဆောင့်လျက် ကျောက်တုံးကိုယ်ပွားဆီသို့ ပြေးဝင်သွားခဲ့လေသည်။ ထိုသို့ဖြင့် ကျောက်တုံးကိုယ်ပွားနှင့် ကျန်းဝူဟန်တို့မှာ စတင်၍ ထိပ်တိုက်တွေ့ကြတော့သည်။
ထိုမြင်ကွင်းမှာ အတော်လေးကိုမှ ပြင်းထန်သယောင် ထင်ရပါသော်ငြား ကြည့်တတ်သည့် မည်သူမဆို ကျောက်တုံးကိုယ်ပွားမှာ ကျန်းဝူဟန်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သိနိုင်ပေလိမ့်မည်။ သံမဏိသွေးမဟာဧကရာဇ်သည် ကျောက်တုံးကိုယ်ပွားအား သူ့ခွန်အား အကုန်အစင် ထုတ်သုံးလာအောင် ဖိအားပေးနေသည့်ပုံပင်။
မီတာထောင်ဂဏန်းခန့် အကွာ၌ ယုရုမန်သည် ကောင်းရွှယ်ထင်း ဘေးနား၌ ပေါ်လာပြီး လက်ကွက်အချို့ကို ဖန်တီးကာ ကောင်းရွှယ်ထင်းအပေါ်၌ သံမဏိသွေးမဟာဧကရာဇ် ချန်ထားရစ်ခဲ့သော ချိတ်စည်းကို ဖြေပေးလိုက်လေသည်။ "သံမဏိသွေးမဟာဧကရာဇ်ရဲ့ တပည့်ကို သွားရှာလိုက်"
ထိုစကားကို ကြားသည့်အခိုက် ကောင်းရွှယ်ထင်း၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားခဲ့ပြီး အလျင်စလို ခေါင်းညိတ်ပြလိုက်လေသည်။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ရန်ကိုင်အား မည်သူမျှ ကူညီနိုင်လိမ့်မည် မဟုတ်။ သို့ပါသော်ငြား လင်းယွင်အာကိုသာ ဝင်ပါခိုင်းလိုက်မည်ဆိုလျှင် သံမဏိသွေးမဟာဧကရာဇ်အနေဖြင့် တစ်ခုခု မလုပ်ခင် နှစ်ကြိမ် သေချာ ပြန်စဉ်းစားသွားရပေလိမ့်မည်။
နောက်ဆုံးမှသာလျှင် ဖုလင် ပြန်ရောက်လာခဲ့လေသည်။ ရန်ကိုင် ပြာနှမ်းအောင် ရိုက်ခံနေရသည်ကို မြင်သော် ချက်ချင်းပင် ဒေါမာန်တကြီးဖြင့် ထအော်လေ၏။ "နင်တို့ ဘာတွေ ကြောင်ကြည့်နေတာလဲ၊ ငါနဲ့ လိုက်ပြီးတော့ ဒီအရှက်မရှိတဲ့ အကောင်ကို သတ်ဖို့လုပ်လေ"
နဂါးကလန်သားတစ်ဦး ဖြစ်သည့်အလျောက် ဖုလင်မှာ မဟာဧကရာဇ်တစ်ပါးအား အနည်းငယ်မျှပင် ကြောက်ရွံ့နေခြင်း မရှိ။ သူမ သိသည်မှာတော့ ရန်ကိုင် အနိုင်ကျင့်ခံနေရသည့် အချက်သာ။ ထိုအကြောင်းကြောင့် ရန်ကိုင်အတွက် ပြန်၍ လက်စားချေပေးလိုပေသည်။
သို့ပါသော်ငြား ဖုလင်မှ ထိုကဲ့သို့ အော်ပြောလိုက်သည့်တိုင် မည်သူမျှ မလှုပ်ရှားကြပေ။ လီကျောက်သည်ပင်လျှင် ခါးသက်သက် အမူအရာဖြင့်သာ ပြုံးနေလေ၏။
သူတို့အနေဖြင့် မကူညီပေးနိုင်သည် မဟုတ်။ သို့ပါသော်ငြား သူတို့ အရှေ့တွင် ရှိနေသည်မှာ မဟာဧကရာဇ်တစ်ပါးပင် ဖြစ်လေသည်။ သူတို့အနေဖြင့် ဖုလင်နှင့်အတူ လိုက်သွားလို့ရော ရန်ကိုင်အား ဘာများ ကူညီပေးနိုင်ပါမည်နည်း။ ရန်ကိုင်အား ကူညီရာ မရောက်ရုံမက လက်ရှိ အခြေအနေကိုပင်လျှင် ပိုမို ဆိုးရွားသွားစေနိုင်ပေသေးသည်။
ဖုလင်မှာ အရူးတစ်ပိုင်း ဖြစ်သွားခဲ့ပြီး ဒေါမာန်တကြီးဖြင့် အော်ဆဲတော့လေ၏။ "အမှိုက်ကောင်တွေ၊ တစ်ကောင်မှ အသုံးမကျဘူး"
ထိုသို့ပြောပြီးသည့်နောက် သူမဘာသာသူမ ပြေးထွက်သွားလေသည်။
ရလဒ်မှာတော့ အသိသာကြီးပင်။ ဖုလင်အနေဖြင့် အနားသို့ မကပ်နိုင်သေးခင်မှာပင် ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်း၏ ရိုက်ခတ်ခြင်း ခံရကာ ထပ်မံ လွင့်စဥ်ထွက်သွားခဲ့လေ၏။ ထိုစွမ်းအင်လှိုင်း ရိုက်ခတ်ခြင်း ခံရပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်နောက် ဖုလင်မှာ လူအသွင်သို့ပါ တစ်ခါတည်း ပြန်ပြောင်းသွားခဲ့လေသည်။
"ကျန်းဝူဟန်" ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ထအော်လေသည်။ "တော်သင့်နေပြီနော်"
ထိုအခိုက်အတန့်ဝယ် ကျောက်တုံးကိုယ်ပွားမှာလည်း စတင်၍ အစွမ်းကုန် ထုတ်သုံးတော့လေသည်။
ကျောက်တုံးကိုယ်ပွားမှ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းဝူဟန်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့၍ အော်ပြောလိုက်လေ၏။ "မင်း တကယ်ကို ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံထားတာပဲ"
ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။ "ကျင့်စဉ်တစ်ခု ကောင်းတယ် ဆိုးတယ်ဆိုတာ လူပေါ်မှာပဲမူတည်တာ၊ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို ကျင့်ကြံလို့ရော ဘာဖြစ်လို့လဲ"
အထွဋ်အထိပ်သိုင်းဧကရာဇ်