← Chapters

အခန်း ၃၄၂၉

Vol. 151 Ch. 3429

အခန်း ၃၄၂၉

Vol. 151 Ch. 3429

အပိုင်း (၃၄၂၉)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်က ဖြည်းဖြည်းချင်းခေါင်းခါလိုက်ရင်းမှ “စီနီယာက ကျုပ်ထက်ပိုအားကောင်းလို့ ကျုပ်ကို အနိုင်ကျင့်နိုင်တာ… ဒါပေမယ့် ကျုပ်ကသာ ပိုပြီး အားကောင်းနေရင် စီနီယာကို လေးစားမှုဆိုတာက ဘာလဲဆိုတာကို ပြန်ပြီးတော့ သင်ပြပေးနိုင်လိမ့်မယ်…”

“မင်း တကယ်ကို နတ်ဆိုးဖြစ်သွားပြီပဲ…” ကျန်းဝူဟန်၏မျက်နှာ လေးနက်တည်ကြည်သွားခဲ့လေသည်။

“တကယ်လား…” ရန်ကိုင်သည် ထူးဆန်းစွာပြုံးလိုက်ရင်းမှ “အဲ့လိုဆိုမှတော့လည်း… နတ်ဆိုးအသွင်ပြောင်းလဲခြင်း…”

ထို့နောက်တွင် သူ၏ညာဘက်လက်ကို မြှောက်၍ ညာဘက်မျက်လုံးအပေါ်ထက်ဝယ် ရေပြင်ညီအတိုင်း ဖြတ်ချလိုက်ရင်းမှ ခြောက်ခြားဖွယ်ကောင်းစွာ ရေရွတ်လိုက်လေသည်။ “မျက်လုံးနက်အကျဉ်းထောင်… အဆုံးမဲ့အမှောင်ထု…”

“ဝုန်း…”

လောကကြီးတစ်ခုလုံး တသိမ့်သိမ့်တုန်သွားခဲ့ပြီး အမှောင်ထုသည် တစ်လောကလုံးကို အနက်ရောင်ခြုံလွှာတစ်ခုပမာ အကြားအလပ်မရှိ လွှမ်းခြုံသွားခဲ့သည်။ ယခုဆိုလျှင် ကျင့်ကြံသူများသည် မည်သည့်အရာကိုမှ မြင်နိုင်ခြင်းမရှိတော့ဘဲ လူတစ်ဦး၏ဝိဉာဉ်ကို စုပ်ယူနိုင်သည့်ပမာ ထင်မှတ်ရသော ခြောက်ခြားဖွယ်ကောင်းလှသည့် အမှောင်ထုကို ထုတ်လွှတ်နေသည့် ကောင်းကင်ထက်တွင် ဝဲနေသော ဧရာမမျက်လုံးကြီးတစ်လုံးကိုသာ မြင်တွေ့နေရတော့လေသည်။

ကျားဟိန်းသံမြို့ထဲတွင်ရှိသော သိန်းနှင့်ချီသည့်လူများမှာ ထိုမျက်လုံးကြီးအား စိုက်မကြည့်ရဲကြသည့် အတွက်ကြောင့် ချက်ချင်းပဲ အကြည့်လွှဲဖယ်လိုက်ကြသည်။

ဤအမှောင်ထုထဲရှိ ကမ္ဘာကြီးထဲ၌ အချိန်သည် ရပ်တန့်နေသည့်အလား ပတ်ဝန်းကျင်တစ်ခုလုံးမှာ ငြိမ်သက်နေခဲ့သည်။ အများစုမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း မသိကြပေ။ သူတို့စိတ်ထဲ လောကကြီးတစ်ခုလုံးမှာ နတ်ဆိုးချီများဖြင့် ပြည့်နှက်နေသည်ဟုသာ ခံစားနေရသည်။

ဧကရာဇ် ဒုတိယအဆင့်၊ တတိယအဆင့်သို့ ရောက်နေသည့် လူများသည်သာ မကြာမကြာ ထွက်ပေါ်လာသော အားကောင်းလှသည့် စွမ်းအင်လှိုင်းများကို ခံစားမိနိုင်ကြလေ၏။

ဤပိန်းပိန်းပိတ်နက်မှောင်သော အမှောင်ထုထဲဝယ် ရန်ကိုင်၊ ကျောက်တုံးကိုယ်ပွားနှင့် မဟာဧကရာဇ်တို့သည် မီးကုန်ယမ်းကုန် တိုက်ခိုက်နေခဲ့ကြလေသည်။

တစ်ခဏအကြာ၌ ကောင်းကင်ထက်တွင် ဟီးလေးခိုနေသော မျက်လုံးကြီးထက်ဝယ် အက်ကြောင်းတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအက်ကြောင်းမှ အစပြု၍ အက်ရာများသည် ပင့်ကူအိမ်ပမာ မျက်လုံးကြီးအနှံ့ ပျံ့နှံ့လာပြီးသည့်နောက် တစ်ခုခုပျက်စီးသွားသည့်အသံနှင့်အတူ ဧရာမမျက်လုံးကြီး တစ်စစီဖြစ်သွားခဲ့လေသည်။

ထိုမျက်လုံးကြီး ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အမှောင်ထုသည်ပါ ဒီရေကျသွားသည့်အလား လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ နေ့အလင်းရောင် ပြန်လည်ရရှိလာခဲ့လေသည်။

နောက်ဆုံးတိုက်ပွဲရလဒ် မည်ကဲ့သို့ဖြစ်မလဲဆိုသည်ကို သိလိုစိတ်အပြည့်ဖြင့် လူတိုင်းမှာ အပေါ်သို့ မော့ကြည့်လိုက်လေ၏။

ကျန်းဝူဟန်က ဒေါမာန်တကြီးဖြင့် အော်ပြောလိုက်သည်။ “ရန်ကိုင်… မင်း ဘာလုပ်နေလဲဆိုတာကို မင်းသိလား…”

ရန်ကိုင်၏ အားနည်းဖျော့တော့နေသည့်အသံ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ “စီနီယာက ကျုပ်ကို ထပ်တလဲလဲ တွန်းအားပေးနေတာကိုး… ဒီတော့ ကျုပ်လည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ဒီနည်းလမ်းကိုပဲ သုံးရတော့တာပေါ့…”

ကျားဟိန်းသံမြို့ထဲရှိ သိန်းနှင့်ချီသော ကျင့်ကြံသူများမှာ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ လုံးဝကို မင်သက်သွားကုန်ကြလေ၏။

ရန်ကိုင်မှာ သွေးသံတရဲရဲဖြင့် လေထဲ ဝဲနေခဲ့လေသည်။ ယခုဆိုလျှင် ရန်ကိုင်သည် လူအသွင်သို့ပင် ပြန်ပြောင်းနေလေပြီ။ သို့ပါသော်ငြား သူ့လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်မှာ ကျိုးနေသည့်အလား ခွင်နေခဲ့လေသည်။

ယခုမှသာလျှင် ရန်ကိုင်အား ဤမျှ အခြေအနေဆိုးသည့်ပုံစံမျိုးဖြင့် ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည့်အလျောက် လီကျောက်၏မျက်လုံးများ မှေးစင်းသွားခဲ့လေသည်။ ရန်ကိုင် နဂါးကျွန်းပေါ်၌ သောင်းကျန်းနေစဉ်ကပင်လျှင် ရန်ကိုင်အခြေအနေ ဤမျှ ဆိုးရွားနေသည်ကို လီကျောက် မတွေ့ခဲ့ရပေ။ ကြည့်ရသလောက် ရန်ကိုင်နှင့်တိုက်ခိုက်ရာတွင် ကျန်းဝူဟန်မှာ ရန်ကိုင်အား အမှန်တကယ်ကို တီးထုတ်ခဲ့သည့်ပုံပင်။

သို့ပါသော်ငြား ရန်ကိုင်နှင့်တိုက်ခိုက်နေသည့်လူမှာ မဟာဧကရာဇ်တစ်ပါးဖြစ်သည့်အလျောက် ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ဖြစ်သွားရသည်မှာ အဆန်းတော့မဟုတ်ပေ။

လီကျောက်ထိတ်လန့်သွားရသည့်အချက်မှာတော့ ထိုအချက်ကြောင့်မဟုတ်။ သူထိတ်လန့်သွားရသည့်အချက်မှာ ယခု ရန်ကိုင်၏ဘေးနားတွင် ဘယ်ချိန်ကမှန်းမသိ အမျိုးသမီးတစ်ဦး ပေါ်လာခဲ့ခြင်းပင်။ ရန်ကိုင်ကိုယ်တိုင်မှာမူ ထိုအမျိုးသမီးအား ဓါးစာခံအဖြစ် ဖမ်းထားသည့်ပမာ သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားခဲ့သည်။

ထိုအမျိုးသမီး မည်သူဖြစ်သလဲဆိုသည်ကို လီကျောက်သိပေသည်။ သူမသည် ကျန်းဝူဟန်တပည့် လင်းယွင်အာဟုခေါ်ပြီး ရန်ကိုင်နှင့် ရင်းနှီးသော ကောင်မလေးတစ်ဦးဖြစ်သည်။

လက်ရှိအချိန်တွင်တော့ ရန်ကိုင်မှာ ထိုကောင်မလေး၏ လည်ပင်းကို ကိုင်ထားရင်းမှ သူမအား ဓါးစာခံလုပ်ထားခဲ့သည်။

(ရန်ကိုင် တကယ်ကို နတ်ဆိုးဖြစ်သွားပြီပဲ…) လီကျောက်စိတ်ထဲ ထိုအတွေး ဝင်လာခဲ့လေသည်။ ရန်ကိုင်သည်သာ နတ်ဆိုးဖြစ်မသွားခဲ့လျှင် မည်ကဲ့သို့များ ထိုကဲ့သို့ ရူးမိုက်သည့်အလုပ်မျိုးကို လုပ်ပါမည်နည်း။ ရန်ကိုင်အနေဖြင့် ယခုကဲ့သို့ ရူးရူးမိုက်မိုက် လုပ်သည်ကို ကြည့်လျှင် သူ့စိတ်ကို နတ်ဆိုးချီများမှ လွှမ်းမိုးသွားပြီမှန်း မည်သူမဆို ခန့်မှန်းနိုင်ပေလိမ့်မည်။

လီကျောက်မှာ စတင်၍ စိတ်ညစ်လာတော့လေသည်။

ကောင်းရွှယ်ထင်းမှာလည်း ရန်ကိုင်အား ဝမ်းနည်းတကြီးဖြင့် ကြည့်လိုက်သည်။

သူမသည် လင်းယွင်အာအား ဤနေရာသို့ ခေါ်လာခဲ့သည့်လူ ဖြစ်ပေသည်။ မူလက သံမဏိသွေးမဟာဧကရာဇ်မှ ရန်ကိုင်အပေါ် ဆိုးဆိုးရွားရွား မလုပ်မိစေရန်အလို့ငှာ လင်းယွင်အာအား ဖျောင်းဖျခိုင်းစေလိုခြင်း ဖြစ်ပါသော်ငြား သူမဆို့ ပြန်ရောက်လာသည့်အခါတွင် ကျားဟိန်းသံမြို့တစ်ခုလုံး မှောင်အတိကျနေသည်ကို တွေ့ရှိလိုက်ရ၏။ အလင်းရောင် ပြန်ရလာသည့်အခါတွင်မူ အခြေအနေမှာ ဤကဲ့သို့ ဖြစ်နေခဲ့လေသည်။

ရန်ကိုင် လင်းယွင်အာအား မည်သည့်အချိန်က ဖမ်းသွားလို့ ဖမ်းသွားမှန်းကိုပင် သူမ မသိလိုက်ရပေ။

တစ်ခဏမျှ မင်သက်နေပြီးသည့်နောက်တွင် ကောင်းရွှယ်ထင်းက အလျင်စလို ပြောလိုက်လေသည်။ “ဂျူနီယာမောင်လေးရန်… သူ့ကိုလွှတ်ပေးလိုက်တော့… အခုနေပြန်လှည့်လို့ နောက်မကျသေးဘူးနော်…”

ရန်ကိုင်မျက်နှာကို နတ်ဆိုးချီများ ဖုံးလွှမ်းထားသည့်အတွက်ကြောင့် သူ့အမူအယာကို မမြင်နိုင်ပါသော်ငြား ရန်ကိုင် သူမဘက်သို့ လှည့်ကြည့်လာသည်ဟု ကောင်းရွှယ်ထင်း ခံစားလိုက်ရသည်။ သို့ပါသော်ငြား ရန်ကိုင်ဆီမှ မည်သည့်တုံ့ပြန်သံမှ မထွက်လာခဲ့ပေ။

ထိုအချင်းအရာကိုမြင်သော် ကောင်းရွှယ်ထင်း ဝမ်းနည်းသွားခဲ့လေသည်။ ဤကဲ့သို့သော အခြေအနေမျိုးသည် ရန်ကိုင် နတ်ဆိုးအသွင်သို့ ပြောင်းသွားသည့်အခါမှသာလျှင် ဖြစ်နိုင်ပေသည်။ ကြည့်ရသလောက် ရန်ကိုင်သည် သူ့ကိုယ်သူပင် မမှတ်မိတော့သည့်ပုံပင်။

“ဦးလေးရန်…” လင်းယွင်အာသည် ရန်ကိုင်၏ ကျိုးနေသော ခြေထောက်နှင့် လက်များကို ငုံ့ကြည့်လိုက်ရင်းမှ ရုတ်တရက် မျက်ရည်ရွဲလဲဖြင့် ပြောလိုက်လေသည်။ “ဦးလေးရန် နာနေလား…”

သူမပါးစပ်မှ ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏မျက်နှာကို လွှမ်းခြုံထားသော နတ်ဆိုးချီတို့ တုန်ခါသွားခဲ့ပြီး ရန်ကိုင်က ချက်ချင်းပဲ ပြန်ပြောလိုက်လေ၏။ “နင့်ပါးစပ် ပိတ်ထားလိုက်…”

သူမဘက်မှ စိုးရိမ်တကြီးဖြင့် မေးလိုက်သည့်တိုင် ရန်ကိုင်၏ အော်ငေါက်မှုနှင့်သာ ကြုံလိုက်ရလေသည်။

ထိုအခါ လင်းယွင်အာမှာ ပိုလို့ပင် အော်ငိုတော့လေသည်။ ရန်ကိုင်၏ဒဏ်ရာကို မြင်လိုက်ရ၍ စိတ်မကောင်းဖြစ်သည့်အတွက်ကြောင့်ပဲလား ထိုသို့မဟုတ်ဘဲ ရန်ကိုင်၏ အော်ငေါက်ခြင်း ခံလိုက်ရ၍ ဝမ်းနည်းသွားသည့် အတွက်ကြောင့်ပဲလားတော့ မသေချာပေ။

ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်းမှာလည်း စိတ်မကောင်းဖြစ်မိသွားကြလေသည်။

နတ်ဆိုးစစ်တပ်တစ်တပ်လုံးကို တစ်ကိုယ်တော်ကိုင်တွယ်ခဲ့ပြီး ကျားဟိန်းသံမြို့အား အန္တရာယ်ဘေးမှ ကြိမ်ဖန်ပေါင်းများစွာ ကယ်ဆယ်ခဲ့ကာ စစ်သည်နှစ်သိန်းကိုဦးဆောင်၍ မရေမတွက်နိုင်သော အောင်ပွဲအလီလီကို ဆောင်ကျဉ်းပေးခဲ့သူသည် ယခုမူ ဤအခြေအနေသို့ ရောက်နေခဲ့လေသည်။ မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက် ကိုယ်နှင့် ရင်းနှီးသော မိန်းမငယ်လေးတစ်ဦးကိုပင်လျှင် ဓါးစာခံအဖြစ် ဖမ်းဆီးထားရသည့် အခြေအနေနှင့် ကြုံနေ၏။

မည်သူမျှ ဤကဲ့သို့သောမြင်ကွင်းမျိုးကို လက်သင့်မခံနိုင်ပါသော်ငြား အမှန်တရားမှာ သူတို့ရှေ့တည့်တည့်တွင် ရှိနှင့်လေ၏။ လူတိုင်းမှာ နတ်ဆိုးချီဖြင့် လွှမ်းခြုံနေသော ရန်ကိုင်အား ကြည့်ရင်း ခံစားချက်များ ‌ရောပြွမ်းနေကြလေသည်။

ရှင်းရှင်းပြောရသော် လူတစ်ဦး နတ်ဆိုးအသွင်သို့ ပြောင်းသွားသည့်အခါတွင် လုံးဝကို ကွဲပြားသည့် လူတစ်ဦးအသွင်သို့ ပြောင်းလဲသွားလေ့ရှိ၏။

“အခုရပ်လိုက်တော့ ရန်ကိုင်…” ကျန်းဝူဟန်သည် ရှေ့သို့ တစ်လှမ်းတိုးရင်းမှ ပြောလိုက်သည်။ “ဒီစစ်ပွဲမှာ မင်းကူညီပေးတာတွေကို ထောက်ထားပြီးတော့ ငါ မင်းအသက်ကို ချမ်းသာပေးမယ်… ငါ ရှီဟွော့ရဲ့ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ချင်ရုံပဲ…”

ရန်ကိုင်မှ သူမလည်ပင်းအား ရုတ်တရက် တင်းတင်း ဖျစ်ညှစ်လာသည့်အတွက်ကြောင့် လင်းယွင်အာ နာကျင်စွာ ငြီးတွားမိလိုက်သည်။ တစ်ချိန်တည်း၌ သူမ၏လည်ပင်းဆီမှ သွေးစီးကြောင်းလေးတစ်ခု စီးကျလာခဲ့လေသည်။ ထို့နောက်တွင် ရန်ကိုင်က အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ “စီနီယာ နောက်ထပ် ခြေတစ်လှမ်းထပ်လှမ်းရင် သူသေပြီသာ မှတ်လိုက်ပေတော့…”

“မင်း လုပ်ရဲလား…” ကျန်းဝူဟန် ဒေါသူပုန်ထသွားခဲ့လေသည်။ သူ့အနေဖြင့် သူ၏အမွေအနှစ်ကို ဆက်ခံနိုင်မည့်တပည့်တစ်ဦးကို ရှာတွေ့ဖို့ရာ မလွယ်ကူလှပေ။ ထိုအကြောင်းကြောင့် လင်းယွင်အာကို အလွန်ကိုမှ တန်ဖိုးထားပေသည်။ ထိုသို့ဖြစ်လေရာ ရန်ကိုင်မှ သူ့တပည့်အား သတ်မည်ကို ကျန်းဝူဟန်အနေဖြင့် မည်ကဲ့သို့များ ခွင့်ပြုနိုင်ပါမည်နည်း။

ရန်ကိုင်က အေးစက်စက်လေသံဖြင့် ဆက်၍ပြောလိုက်၏။ “စီနီယာက မဟာဧကရာဇ်တစ်ပါးပဲ… ကျုပ် ရှုံးတာကို လက်ခံတယ်… ကျုပ် စီနီယာလက်ကလည်း လွတ်မှာမဟုတ်ဘူး… ဒါပေမယ့် စီနီယာ ကျုပ်ကိုမသတ်ခင် ကျုပ် သူ့ကို သတ်နိုင်တယ်ဆိုတာကိုတော့ ယုံလိုက်…”

ထိုစကားကိုကြားသည့်အခါ ကျန်းဝူဟန်၏မျက်နှာကြီး သုန်မှုန်သွားခဲ့ပြီး ရန်ကိုင်အား စိုက်ကြည့်နေရင်းမှ ပြန်မေးလိုက်သည်။ “ယွင်အာကိုလွှတ်ပေးဖို့ ငါ ဘာလုပ်ပေးရမလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျုပ် ဒီကနေ သူနဲ့ထွက်သွားမယ်… သင့်တော်တဲ့နေရာကိုရောက်ရင် သူ့ကို ပြန်လွှတ်ပေးမယ်… ဒါပေမယ့် စီနီယာ ကျုပ်နောက်ကို လိုက်လာရဲမယ်ဆိုရင်တော့ ဒီဂျူနီယာကို ရက်စက်လို့ဆိုပြီး လာအပြစ်မတင်နဲ့နော်…”

“အဲ့ဒါပဲလား…”

“အဲ့ဒါပဲ…”

“ငါ မင်းကို ဘယ်လိုယုံရမှာလဲ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ယုံတာမယုံတာက စီနီယာရွေးချယ်ရမှာမဟုတ်ဘူးလေ… ကျုပ်ကို လွှတ်ပေးရင်လွှတ်ပေး… မလွှတ်ပေးရင် ကျုပ် သူနဲ့အတူတူ နောက်ဘဝဆီသွားလိုက်ရုံပဲ…”

ထိုစဉ် ကောင်းရွှယ်ထင်းက ဝင်ပြောလိုက်လေသည်။ “ရန်ကိုင်… သူ့ကိုလွှတ်ပေးလိုက်… ငါ နင့်ဓါးစာခံလုပ်ပေးမယ်…”

ရန်ကိုင်သည် ကောင်းရွှယ်ထင်းကို စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “ခင်ဗျားက အသုံးမဝင်ဘူး…”

ကောင်းရွှယ်ထင်း၏မျက်နှာလေး ဖြူလျော်သွားခဲ့ပြီး သူမရင်ထဲ အလွန်ကိုမှ နာကျင်သွားခဲ့လေသည်။

ကျန်းဝူဟန်က ဆက်ပြောလိုက်သည်။ “ငါ မင်းပြောတာကို သဘောတူလိုက်မယ်ဆိုရင်တောင် မင်း ခဏလောက်ပဲလွတ်မှာ… မင်း တစ်ဘဝလုံး ထွက်ပြေးနိုင်မှာမဟုတ်ဘူး… မင်း နတ်ဆိုးတစ်ကောင်ဖြစ်သွားပြီဆိုပေမယ့် ငါသိသလောက်ဆိုရင် မင်းမှာ မိန်းမလေးယောက်ရှိတယ်… သူတို့ ဘာဖြစ်မလဲဆိုတာကိုရော မင်း သေချာ စဉ်းစားပြီးသွားပြီလား… နောက်ပိုင်းကျ မင်း သူတို့ကို ဘယ်မျက်နှာနဲ့ သွားရင်ဆိုင်မှာလဲ…”

ရန်ကိုင်က အော်ရယ်မောရင်းမှ “အခုလောလောဆယ် ကျုပ်အသက်ကိုတောင် ကျုပ်မပိုင်တဲ့အခြေအနေမျိုးမှာ ဘာဖြစ်လို့ အခြားသူတွေရဲ့ ကိစ္စကို ဂရုစိုက်နေရဦးမှာလဲ…”

ကျန်းဝူဟန်က ဖြည်းဖြည်းချင်းခေါင်းခါရင်းမှ “ရန်ကိုင်… မင်း ငါ့ကို တကယ်စိတ်ပျက်အောင် လုပ်လိုက်တာပဲ…”

“အပိုတွေပြောမနေတော့နဲ့…” ရန်ကိုင်က ထအော်လေသည်။ “ကျုပ်အခြေအနေကို စီနီယာကို သေချာပြောပြီးသွားပြီ… စီနီယာ သေချာစဉ်းစား… စီနီယာကြာနေရင်တော့ သူ သိပ်ကြာကြာခံတော့မှာမဟုတ်ဘူးနော်…”

လင်းယွင်အာမှာ လည်ပင်းညှစ်ခံထားရသည့်တိုင် အဆင်ပြေနေသေးပါသော်ငြား ရန်ကိုင်ဆီမှ ထွက်ပေါ်နေသည့် နတ်ဆိုးချီများသည် သူမ၏စိတ်အစုံကို တိုက်စားရန်အတွက် စတင်၍ ကြိုးစားနေခဲ့လေသည်။ ထိုအကြောင်းကြောင့် ကျန်းဝူဟန်သည်သာ ဆက်လက်၍ နှောင့်နှေးနေမည်ဆိုလျှင် လင်းယွင်အာသည်လည်း နတ်ဆိုးတစ်ကောင် ဖြစ်သွားရနိုင်ပေသည်။

နှောင့်နှေးနေ၍မရတော့မှန်း သိလိုက်သည့်နောက်တွင် ကျန်းဝူဟန်က ချက်ချင်းပြောလိုက်လေသည်။ “ကောင်းပြီလေ… ငါ မင်းကို ကတိပေးတယ်… ဒါပေမယ့် ငါ တစ်ခုပြောလိုက်တယ်… မင်း ယွင်အာကို ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်… ငါမင်းကို မိုးမြေအဆုံးထိ လိုက်သတ်မှာ…”

ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကျေးဇူးအများကြီးတင်ပါတယ် စီနီယာ… ကျုပ် အခု သွားလိုက်ပါဦးမယ်… စီနီယာ စိတ်အေးအေးထားလိုက်ပါ… ယွင်အာ အကောင်းအတိုင်း ပြန်လာလိမ့်မယ်…”

ထိုသို့ပြောပြီးသည့်နောက်တွင် ကျောက်တုံးကိုယ်ပွားကို လှမ်းခေါ်လိုက်ရာ ကျောက်တုံးကိုယ်ပွားသည်လည်း အပျက်အစီးပုံထဲမှ ပြေးထွက်လာခဲ့လေသည်။ ရန်ကိုင်နှင့်ယှဉ်လိုက်သော် ကျောက်တုံးကိုယ်ပွားမှာ ပိုလို့ပင် အခြေအနေဆိုးနေပေသေးသည်။ သူ့ကိုယ်ထက်တွင် လောင်မြိုက်နေသော မီးတောက်များ ငြိမ်းသေနေခဲ့ပြီး ဆူးချွန်အားလုံးမှာလည်း ပျက်စီးနေခဲ့သည်။ ကြည့်ရသလောက် ကျန်းဝူဟန်နှင့် တိုက်ခိုက်ရာတွင် ဆိုးဆိုးရွားရွား ထိခိုက်သွားသည့်ပုံပင်။

ရန်ကိုင်သည် ကျောက်တုံးကိုယ်ပွားအား လောကဓာတ်လုံးထဲသို့ ထည့်သိမ်းလိုက်ပြီးသည့်နောက် အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။

မြို့တစ်ခုလုံးသည် သုဿန်တစပြင်ပမာ ပကတိ တိတ်ဆိတ်နေခဲ့လေသည်။ ကျန်းဝူဟန်မှာမူ အတွေးနက်နေသည့်အမူအယာဖြင့် တစ်ခုသောအရပ်ဆီသို့ လှမ်း၍ကြည့်နေခဲ့၏။

ကောင်းရွှယ်ထင်းနှင့် လီကျောက်တို့မှာမူ ထိတ်လန့်တကြားအမူအယာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ယနေ့တွင် ဤကဲ့သို့သောကိစ္စမျိုး ဖြစ်သွားသည်ကို သူတို့ အမှန်တကယ် မယုံကြည်နိုင်ကြပေ။

“ရှင်… ရှင်လုပ်တာ… ရှင် ကျွန်မခဲအိုကို အခုလိုမျိုးဖြစ်အောင် လုပ်တာ… ကျွန်မ ရှင့်ကိုသတ်မယ်…” ဖုလင်မှာမူ အရူးအမူးအော်ဟစ်ရင်းမှ ကျန်းဝူဟန်ဆီသို့ ခုန်ဝင်လာပြီး လက်သီးဖြင့် ထိုးချလိုက်လေသည်။

“ဘုန်း…”

သူမ၏လက်သီးချက်သည် ကျန်းဝူဟန်၏ရင်ဘတ်ကို ထိမှန်သွားခဲ့လေ၏။

ဖုလင် မင်သက်သွားခဲ့လေသည်။ ရပ်ကြည့်နေသည့်လူအားလုံးမှာလည်း မင်သက်နေကြလေသည်။

ဖုလင်၏ လက်သီးသည် သံမဏိသွေးမဟာဧကရာဇ်၏ ရင်ဘတ်ကို မည်သို့များ သွားထိနိုင်ရလေသနည်း။

“ရှင်… ရှင် ဘာလို့ မရှောင်တာလဲ…” ကျန်းဝူဟန်အား အနည်းငယ်ပျာယာခတ်သွားသည့် အမူအယာဖြင့် ကြည့်လိုက်လေသည်။ သံမဏိသွေးမဟာဧကရာဇ်အား သူမ မကြောက်ပါသော်ငြား မဟာဧကရာဇ်တစ်ပါး ဖြစ်နေဆဲဖြစ်သည့်အတွက်ကြောင့် မဟာဧကရာဇ်တစ်ပါးအား ယခုကဲ့သို့ လက်သီးဖြင့် သွားထိုးလိုက်၍ တစ်ဖက်လူအား ဒေါသထွက်သွားအောင် လုပ်မိမည်ကိုတော့ ဖုလင်မှာ အနည်းငယ် စိတ်ပူမိပေသေးသည်။

ကျန်းဝူဟန်သည် ဖုလင်ကိုကြည့်ရင်းမှ ပြန်ပြောလိုက်လေသည်။ “သူ့နှလုံးသားထဲမှာ နတ်ဆိုးတစ်ကောင် ရှိနေပြီးသား… ငါ သူ့ကို အခုလိုမျိုးဖြစ်အောင် တွန်းအားပေးလိုက်တာမဟုတ်ဘူး…”

ဖုလင်က အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “ဘယ်သူ့စိတ်ထဲမှာ နတ်ဆိုးမရှိလို့လဲ… ဘယ်သူကရော ကိုယ့်ကိုယ်ကို လုံးဝ အပြစ်ကင်းစင်နေပါတယ်လို့ ယုံရဲလို့လဲ… ရှင်သာ သူ့ကို ထပ်တလဲလဲ သွားပြီး တွန်းအားမပေးခဲ့ရင် ကျွန်မရဲ့ခဲအို ဘယ်လိုလုပ်ပြီး အခုလိုမျိုး ဖြစ်သွားရမှာလဲ…”

ကျန်းဝူဟန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ရင်းမှ “အခုမှလာပြောနေလို့လည်း နောက်ကျသွားပြီ…”

“ကျွန်မခဲအိုကိုပြန်ပေး…” ဖုလင်သည် ထိုကဲ့သို့အော်ဟစ်ရင်းမှ ကျန်းဝူဟန်၏ရင်ဘတ်ကို လက်သီးဖြင့် ထုနှက်နေခဲ့လေသည်။

“ဘုန်း… ဘုန်း… ဘုန်း…”

နဂါးတစ်ကောင်၏လက်သီးချက်မှာ ပေါ့သေးသေးမဟုတ်ပေ။ ထိုအကြောင်းကြောင့် ကျန်းဝူဟန်သည်ပင်လျှင် နောက်သို့ တရစပ် ဆုတ်နေခဲ့ရသည်။ သို့ပါသော်ငြား ထိုလက်သီးချက်အား ရှောင်ရှားခဲ့ခြင်းမရှိသလို ခုခံနေခြင်းလည်း မရှိခဲ့ဘဲ ဖုလင်ထိုးသည်ကိုသာ ငြိမ်ခံနေခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters