← Chapters

အခန်း ၃၄၃၀

Vol. 151 Ch. 3430

အခန်း ၃၄၃၀

Vol. 151 Ch. 3430

အပိုင်း (၃၄၃၀)

ဘာသာပြန်သူ_တိမ်တိုက်

ယနေ့အဖြစ်အပျက်ကြောင့် ကျန်းဝူဟန်သည်လည်း အတော်လေးကိုမှ စိတ်ထိခိုက်သွားသည့်ပုံပင်။ သူ ဤနေရာသို့ လာခဲ့ခြင်းမှာ ကျောက်တုံးကိုယ်ပွားမှ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံထားလေသလား ဆိုသည်ကို မေးမြန်းစုံစမ်းရန်ပင် ဖြစ်ပါသော်ငြား အကျိုးဆက်အနေဖြင့် ရန်ကိုင်မှာ နတ်ဆိုးလမ်းကြောင်းပေါ်သို့ ရောက်သွားကာ ကြယ်တာရာအစုအဝေးတစ်ခုလုံးမှ မုန်းတီးသည့် လူတစ်ဦးဘဝသို့ ရောက်သွားခဲ့ရသည်။

ထိုသို့သာမဟုတ်ပါက ဖုလင်၏ခွန်အားလောက်ဖြင့် သူ့ကဲ့သို့သော မဟာဧကရာဇ်တစ်ပါးအား ထိခိုက်အောင် မည်ကဲ့သို့များ လုပ်နိုင်ပါမည်နည်း။ ယနေ့မှစ၍ ရန်ကိုင်အနေဖြင့် ကြယ်တာရာအစုအဝေးထဲ ဆက်နေ၍ ရတော့လိမ့်မည်မဟုတ်ပေ။

ကျန်းဝူဟန်အား စိတ်ရှိလက်ရှိ ထိုးနှက်နေပြီးသည့်အဆုံးတွင် ဖုလင်သည် မို့အစ်နေသော သူမ၏မျက်လုံးလေးများကို လက်ဖြင့် ပွတ်ရင်းမှ ပြောလိုက်လေ၏။ “အပြင်ဘက်က နည်းနည်းလေးမှ ပျော်စရာမကောင်းဘူး…”

ထိုသို့ပြောပြီးသည့်နောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့လေသည်။

လီကျောက်က လှမ်းအော်ခေါ်လိုက်လေ၏။ “အစ်မလင်… ဘယ်သွားမလို့လဲ…”

ဖုလင်မှာ ပြန်မဖြေခဲ့ပေ။ သို့ပါသော်ငြား မကြာမီ ကောင်းကင်ယံထက်ဆီမှ နဂါးတစ်ကောင်၏ အော်ဟစ်ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်း၌ ခရမ်းရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကိုထိုးဖောက်၍ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင် နတ်ဆိုးတစ်ကောင် ဖြစ်သွားသည့်ကိစ္စနှင့်ပတ်သက်၍ ဖုလင်မှာ အတော်လေးကိုမှ စိတ်ထိခိုက်သွားခဲ့ရာ နဂါးကျွန်းဆီသို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

သို့ပါသော်ငြား ထိုအချိန်တွင် နဂါးတစ်ပိုင်းမြို့မှ လူများမှာ ဖုလင်အား အနည်းငယ်မျှပင် သွား၍ အော်မခေါ်ရဲကြပေ။

ကျားဟိန်းသံမြို့တစ်မြို့လုံး၏ အခြေအနေမှာ မှုန်ရီ အုံ့ဆိုင်းနေခဲ့လေသည်။ လူတိုင်းမှာ လက်ရှိအခြေအနေနှင့် ပတ်သက်၍ မည်သို့မည်ပုံ ခံစားလို့ခံစားရမှန်းပင် မသိတော့ပေ။

ကျန်းဝူဟန်မှာမူ တစ်ခုခုအား စောင့်ဆိုင်းနေသည့်အလား ထွက်မသွားသေးဘဲ ရပ်နေခဲ့သည်။ လီကျောက်၊ ကောင်းရွှယ်ထင်းနှင့် အခြားသူများမှာတော့ ကျန်းဝူဟန်အား စကားပင် သွားမပြောရဲကြပေ။

ရန်ကိုင်သည် လေဟာနယ်တာအိုကို အသုံးချ၍ အဆက်မပြတ် တည်နေရာ ခုန်ကူးနေခဲ့သည်။

တောင်ပိုင်းနွံအိုင်ဆီသို့ ရောက်သည့်အခါမှသာလျှင် ရပ်တန့်လိုက်လေသည်။

လင်းယွင်အာကို လွှတ်ပေးလိုက်ပြီးသည့်နောက် ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။ “နင်သွားလို့ရပြီ…”

လင်းယွင်အာသည် သူမ၏မျက်လုံးလေးများကို လက်ဖြင့်ပွတ်ရင်းမှ ရုတ်တရက် ရန်ကိုင်အား နောက်မှ သိုင်းဖက်ကာ ပြုံး၍ ပြောလိုက်လေသည်။ “ဦးလေးရန်… ကျွန်မတော်လား…”

ရန်ကိုင်မျက်နှာကို လွှမ်းခြုံထားသော နတ်ဆိုးချီထုကြီး အနည်းငယ် တုန်ခါသွားခဲ့ပြီး ရန်ကိုင်၏အသံ ထွက်ပေါ်လာခဲ့လေသည်။ “နင် ဘာတွေလာပြောနေတာလဲ… အပိုတွေလုပ်မနေတော့နဲ့… နင် အခုနေ ထွက်မသွားသေးရင် ငါ နင့်ကို သတ်တော့မှာနော်…”

လင်းယွင်အာက နှုတ်ခမ်းလေးဆူလျက် “ဆရာ ကျွန်မကို အကုန်ပြောပြီးသွားပြီ… ဦးလေးရန် ဆက်ပြီးတော့ လိမ်နေဦးမှာလား…”

ရန်ကိုင် မျက်လုံးပြူးသွားလေ၏။ “စီနီယာသံမဏိသွေး နင့်ကို ပြောပြထားပြီးသွားပြီလား… သူ နင့်ကို ဘာပြောပြထားတာလဲ…”

လင်းယွင်အာက ရယ်သွမ်းသွေးလျက် “ဆရာက ကျွန်မကို ကျားဟိန်းသံမြို့ဆီ အချိန်ကိုက်လာပြီးတော့ ဦးလေးရန် ကျွန်မကို ဓါးစာခံလုပ်ပြီး ထွက်ပြေးလို့ရအောင် လုပ်ပေးဖို့ ပြောသွားတာ…”

ရန်ကိုင် နှုတ်ခမ်းမဲ့သွားခဲ့လေသည်။ “ငါတောင် ဘာဖြစ်လို့ မသိရတာလဲ…”

လင်းယွင်အာက ပုခုံးတွန့်လျက် “အဲ့ဒါတော့ ယွင်အာလည်း မသိဘူး…”

“နင့်ကိုသွားရှာတာ စီနီယာအစ်မကောင်းမဟုတ်ဘူးလား…” ရန်ကိုင်သည် လင်းယွင်အာအား မယုံသင်္ကာအမူအယာဖြင့် ကြည့်လိုက်လေသည်။

လင်းယွင်အာက ပြန်၍ပြောလိုက်လေ၏။ “ဟုတ်တယ်။ ဒါပေမယ့် အဲ့ဒါက တိုက်ဆိုင်သွားရုံသက်သက်ပဲ… အစ်မကောင်းက ဆရာ ကျားဟိန်းသံမြို့ဆီလာပြီးတော့ ဦးလေးရန်ကို ပြဿနာရှာနေလို့ ကျွန်မကို ခေါ်ပြီး ဆရာ့ကိုဖျောင်းဖျခိုင်းချင်တာ… အဲ့ဒါကြောင့်ပဲ အစ်မကောင်းနဲ့ လိုက်လာခဲ့တာ… အဲ့မှာ ဦးလေးရန်က ကျွန်မကို လာဖမ်းတာ… ဆရာ ဦးလေးရန်ကို တစ်ခါတည်း ကြိုပြောမထားဘူးလား…”

ရန်ကိုင်က မျက်နှာကြီးမဲ့လျက် ပြန်ပြောလိုက်လေသည်။ “နင့်ကိုဖမ်းလိုက်ရင် ပိုပြီးတော့ အဆင်ပြေသွားမယ်ထင်လို့ ဖမ်းလိုက်တာ… ကြည့်ရတာ စီနီယာသံမဏိသွေးလည်း အဲ့လိုမျိုး စဉ်းစားထားပြီးသားနဲ့တူတယ်… ငါ့ကိုအသေးစိတ်မပြောတာပဲ ရှိတာ…”

လင်းယွင်အာက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ဟုတ်တယ်… ဦးလေးရန် အခု ဘာလုပ်ဖို့ ကြိုးစားနေတာလဲ… ယွင်အာ နားမလည်တော့ဘူး…”

ရန်ကိုင်က ခါးသက်သက်အမူအယာဖြင့် ပြုံးလျက် “နင်မသိဘူးဆိုရင်လည်း စဉ်းစားမနေနဲ့တော့… ဒီကိစ္စကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်… တစ်ခါမှ ဖြစ်မသွားဘူးလို့ပဲ သဘောထားလိုက်… တစ်ယောက်ယောက်က ငါ နင့်ကို ဖမ်းခေါ်သွားပြီးတဲ့နောက်ပိုင်း ဘာဆက်ဖြစ်သွားလဲလို့ မေးလာခဲ့ရင် နတ်ဆိုးချီကြောင့် ငါ ရုတ်တရက် စိတ်လွတ်သွားတုန်း နင်ထွက်ပြေးလာတယ်လို့ပဲ ပြောလိုက်…”

“အင်း… အင်း… ကိစ္စမရှိဘူး…” လင်းယွင်အာမှာ ကြက်အစာကောက်နေသည့်ပမာ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်သည်။ ထို့နောက်တွင် သူမလက်ကိုဆန့်ထုတ်၍ ရန်ကိုင်၏ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းနေသော နတ်ဆိုးချီကို လက်ညှိုးဖြင့် သွားထိကာ မေးလိုက်လေသည်။ “ဦးလေးရန် သရုပ်ဆောင်တာက တော်တော်ပီပြင်တာပဲနော်… ဒါက တကယ့်နတ်ဆိုးချီလား…”

“လာမထိနဲ့…” ရန်ကိုင်က အလျင်စလို နောက်ဆုတ်လိုက်ရင်းမှ ပြန်ပြောလိုက်လေ၏။ “ပြန်သွားပေတော့… ငါလည်းသွားတော့မယ်… ငါ အတတ်နိုင်ဆုံးကြိုးစားပေးမယ်လို့ စီနီယာသံမဏိသွေးကိုပြောလိုက်…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လင်းယွင်အာ၏ရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။

လင်းယွင်အာသည် ထိုနေရာတွင် တစ်ခဏမျှကြာအောင် ရပ်ကြည့်နေပြီးသည့်နောက် မှုန်ကုပ်ကုပ်အမူအယာဖြင့် လာရာလမ်းကြောင်းအတိုင်း ပြန်လှည့်လာခဲ့လေသည်။

….

နောက်တစ်နေ့တွင် အလင်းတန်းတစ်ခုသည် ကျားဟိန်းသံမြို့ဆီသို့ ပျံသန်းလာခဲ့လေသည်။

ကျန်းဝူဟန်မှာမူ မူလကရပ်နေသည့်နေရာတွင်သာ ရပ်နေဆဲပင်။

ထိုအလင်းတန်းသည် ကျန်းဝူဟန်ရှေ့၌ ရပ်တန့်သွားခဲ့ပြီး လင်းယွင်အာ ပေါ်လာခဲ့လေသည်။ လင်းယွင်အာ၏မျက်လုံးလေးများမှာတော့ အတန်ကြာအောင် ငိုထားသည့်အလား နီရဲမို့အစ်နေလေသည်။ ယခုအချိန်ထိတိုင် အငို မရပ်သေးဘဲ နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေလေ၏။

ကျန်းဝူဟန်က အလျင်စလိုမေးလိုက်၏။ “အဆင်ပြေရဲ့လား…”

လင်းယွင်အာက ခေါင်းခါလျက် အထစ်ထစ် အငေါ့ငေါ့ဖြင့် “မ… မဟုတ်ဘူး… ဦးလေးရန်…”

ကျန်းဝူဟန်က ဆက်မေးလိုက်သည်။ “သူဘယ်သွားတာလဲ…”

လင်းယွင်အာက ပြန်ပြောလိုက်သည်။ “သမီး မသိဘူး… သူ ရုတ်တရက် သွေးရူးသွေးတန်းဖြစ်လာလို့ သမီးလည်း ထွက်ပြေးလာလိုက်တာ… အဲ့နောက်ပိုင်း သူဘယ်ထွက်သွားလဲ မသိတော့ဘူး…”

ကျန်းဝူဟန်သည် လင်းယွင်အာ၏ခေါင်းလေးကို ပွတ်ပေးလျက် “နင်အဆင်ပြေရင် ပြီးတာပဲ… ကဲ… သွားပြန်နားပေတော့…”

လင်းယွင်အာသည် ခေါင်းညိတ်လိုက်ပြီး ဟင်းလင်းပြင်အစီအရင်ရှိရာဆီသို့ စိတ်ဓာတ်ကျကျဖြင့် ထွက်သွားလေသည်။

အောက်ဘက်၌ ကောင်းရွှယ်ထင်း၊ လီကျောက်နှင့် အခြားသူများမှာမူ ကျန်းဝူဟန် စကားပြောလာမည်ကို စောင့်ဆိုင်းနေကြလေသည်။

ကျန်းဝူဟန်သည်လည်း ထိုလူများကို အကြာကြီး ရပ်စောင့်မနေစေခဲ့ပဲ မကြာခင်မှာပင် ကျားဟိန်းသံမြို့ဘက်သို့ လှည့်၍ ပြောလိုက်လေသည်။ “ထက်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်ရန်ကိုင်က နတ်ဆိုးလမ်းကြောင်းထဲကို ရောက်သွားပြီ… အရင်က အားကောင်းပြီးတော့ ကျင့်ကြံခြင်းမြင့်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့တယ်ဆိုပေမယ့် အခုချိန်ကနေစပြီးတော့ ဘယ်သူမဆို သူ့ကိုတွေ့တာနဲ့ ကြယ်တာရာအစုအဝေးထဲကလူတွေရဲ့ လုံခြုံရေးကို ရှေးရှုပြီးတော့ သတ်ပစ်ကြဖို့ မျှော်လင့်ပါတယ်…”

ထိုစကားကြောင့် ကျားဟိန်းသံမြို့တော်တစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။ နှစ်ရက်လေးအတွင်းမှာပင် ကျားဟိန်းသံမြို့တစ်ခုလုံး၏ ခေါင်းဆောင်ဖြစ်ခဲ့သူမှာ လူတိုင်း မြင်သည်နှင့် သတ်ရမည့်နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ဤကဲ့သို့သော ရုတ်ချည်းပြောင်းလဲမှုမှာ လူတိုင်းအား အသားမကျနိုင်အောင်ကို ဖြစ်နေစေခဲ့သည်။

ကျန်းဝူဟန်သည် ထိုမျှနှင့်ပင် မရပ်သေးဘဲ ဆက်၍ ပြောလိုက်လေသည်။ “ရန်ကိုင်လုပ်ခဲ့တဲ့ပြစ်မှုနဲ့ ပတ်သက်ပြီးတော့ ထက်ကောင်းကင်နန်းတော်ရဲ့ တပည့်တွေအကုန်လုံး ထက်ကောင်းကင်နန်းတော်ဆီ ချက်ချင်းပြန်ရမယ်… ဘယ်သူမှ ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်လာခွင့်မရှိဘူး… ခွင့်ပြုချက်မရှိဘဲ ထွက်လာတဲ့လူမှန်သမျှ ချွင်းချက်မရှိ သေဒဏ်…”

ကျားဟိန်းသံမြို့ထဲဝယ် ထက်ကောင်းကင်နန်းတော်မှ တပည့်ငါးထောင်ရှိပေသည်။ လက်ရှိအခိုက်အတန့်ဝယ် အကုန်လုံးမှာ အတော်လေးကိုမှ ဒေါသူပုန်ထနေကြသည်။ ထက်ကောင်းကင်နန်းတော်အဖို့ ဂိုဏ်းတံခါးကို ပိတ်လိုက်ရသည်မှာ ရှက်ဖွယ်လည်း ကောင်းပေသည်။ သို့ပါသော်ငြား ရန်ကိုင်လုပ်ခဲ့သည့်လုပ်ရပ်မှာ ဤကဲ့သို့ အပြစ်ပေးဖို့ရာလည်း ထိုက်တန်လှပေသည်။ ထိုအကြောင်းကြောင့် တပည့်များမှာ ဒေါသကိုမျိုသိပ်ရင်းမှ ကြိတ်မှိတ်သည်းခံနေရုံသာ တတ်နိုင်လေ၏။ ထို့အပြင် မည်သူကများ မဟာဧကရာဇ်တစ်ပါး၏အမိန့်ကို လွန်ဆန်ရဲပါမည်နည်း။

ကျန်းဝူဟန်၏ စောင့်ကြည့်မှုအောက်တွင်ပင် ထက်ကောင်းကင်နန်းတော်မှ စေလွှတ်ထားသော တပည့်ငါးထောင်သည် ကျန်လူများနှင့်ခွဲကာ မြောက်ဘက်နယ်မြေ ထက်ကောင်းကင်နန်းတော်ဆီသို့ ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ပြန်လာခဲ့လေသည်။

“ရန်ကိုင် နတ်ဆိုးဖြစ်သွားပြီ…” တစ်ခုသောမြို့ထဲတွင် ပင်းယွင်သည် စုယန်နှင့် အခြားသူများကို ဆင့်ခေါ်ကာ အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “စီနီယာသံမဏိသွေးနဲ့ တိုက်ခိုက်နေတုန်း နတ်ဆိုးဖြစ်သွားတာတဲ့… ပြီးတော့ လင်းယွင်အာကို ဓါးစာခံလုပ်ပြီးတော့ ထွက်ပြေးသွားတယ်… အဲ့အချိန်တည်းကနေစပြီးတော့ အခုထိ သူ့ကို မတွေ့ရသေးဘူး…”

ထိုစဉ် ကျိယောင်သည် ရေနွေးကြမ်းတစ်ခွက်ကို ကိုင်၍ အခန်းထဲသို့ ဝင်လာခဲ့သည်။ သို့ပါသော်ငြား ပင်းယွင်ပြောလိုက်သည့်စကားကို ကြားပြီးသည့်နောက် ယာယီစိတ်လွတ်သွားသဖြင့် သူမလက်ထဲရှိ ရေနွေးကြမ်းခွက်မှာ လွတ်ကျပြီး ကြမ်းပြင်ပေါ်သို့ ကျကွဲသွားခဲ့လေ၏။

ကျိယောင်သည် တစ်ခဏမျှတိတ်နေပြီးသည့်နောက် ကွဲသွားသော ဖန်ကွဲစများကို ပြန်ကုန်းကောက်လေသည်။ သို့ပါသော်ငြား သူမ၏ခန္ဓာကိုယ်မှာ တဆတ်ဆတ်ကို တုန်ရီနေလေသည်။ သူမ၏ခေါင်းထဲ ပင်းယွင်ပြောခဲ့သည့်စကားများသာလျှင် ပဲ့တင်ထပ်နေလေရာ ဘာကိုမျှ သေချာမစဉ်းစားနိုင် ဖြစ်နေခဲ့သည်။

စုယန်နှင့် အခြားသူများမှာ ပင်းယွင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်နေကြလေသည်။

“မဖြစ်နိုင်ဘူး…” ရှန်ချင်းလော့က မယုံကြည်နိုင်သည့်အမူအယာဖြင့် မျက်မှောင်ကျုံ့ကာ ပြန်ပြောလိုက်လေ၏။ “စီနီယာ ဒီသတင်းကို ဘယ်ကနေကြားလာတာလဲ…”

ပင်းယွင်က သက်ပြင်းချလျက် “ငါလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်းထူးဆန်းတယ်လို့ ထင်နေတာ… ဒါပေမယ့် ဒီသတင်းကို သံမဏိသွေးမဟာဧကရာဇ်ကိုယ်တိုင်ပြောတာ… ဖြစ်သွားတာက မနေ့ကပဲ…”

ထိုစကားကိုကြားလိုက်သည့်အခိုက် စုယန်နှင့် အခြားသူများ၏မျက်နှာများ သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။

ရေနွေးကြမ်းဖန်ခွက်အကွဲစများကို ကုန်းကောက်နေသော ကျိယောင်မှာတော့ စိတ်တည်ငြိမ်ခြင်းမရှိလေရာ ဖန်ကွဲစသည် သူမလက်အား လာရှကာ သွေးများ ထွက်လာခဲ့လေ၏။

သူမကဲ့သို့သော ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးမှာ ယခုကဲ့သို့ ဖန်ကွဲစရှခံရသည်ကိုကြည့်လျှင် သူမစိတ်အခြေအနေ မည်မျှပင်ဆိုးရွားနေကြောင်းကို သတိပြုမိနိုင်ပေသည်။

ထို့နောက်တွင် ကျိယောင်သည် တဖြည်းဖြည်းချင်း ခါးပြန်မတ်လျက် မေးလိုက်လေ၏။ “ဆရာ… အဲ့ဒါကို အတည်ပြုပြီးသွားပြီလား…”

ပင်းယွင်သည် ကျိယောင်ကိုကြည့်၍ သက်ပြင်းချကာ ပြောလိုက်လေသည်။ “လီကျောက်ကိုမေးပြီးသွားပြီ… လီကျောက်လည်း ဟုတ်တယ်လို့ ပြောလာတယ်…”

“ကျွန်မ မယုံဘူး…” ရှန်ချင်းလော့က ထအော်လေ၏။ “အဲ့သက်ကြားအိုကြီးလီကျောက် မဟုတ်တရုတ်တွေ ပြောနေတာပဲ ဖြစ်ရလိမ့်မယ်… ကျွန်မကိုယ်တိုင် သူ့ကိုသွားမေးမယ်…”

ရှန်ချင်းလော့မှာ ထရပ်ကာ ထွက်သွားရန် လုပ်ပါသော်ငြား စုယန်မှာ သူမ၏လက်ကို လှမ်းဆွဲထားခဲ့သည်။

“အစ်မ…” ရှန်ချင်းလော့သည် စုယန်ဘက်သို့ လှည့်ကြည့်လာခဲ့သည်။

စုယန်သည် ရှန်ချင်းလော့အား ခေါင်းခါပြနေရင်းမှ ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်လေ၏။ “သူမသွားခင် ငါတို့ကိုပြောသွားတဲ့စကားကို နင်မေ့နေတာလား…”

ရှန်ချင်းလော့ ကြောင်သွားခဲ့လေသည်။ ထို့နောက်တွင် မကြာသေးခင်က ရန်ကိုင် သူမတို့အား ပြောသွားသည့်စကားကို ပြန်သတိရသွားခဲ့သည်။ ရန်ကိုင်သည် သူ နတ်ဆိုးနယ်မြေသို့ သွားတော့မည်ဟု ပြောခဲ့သည်။ ထို့အပြင် ပုံမှန်မဟုတ်သည့်နည်းလမ်းကိုသုံး၍ သွားမည်ဟုလည်း ပြောသွားခဲ့သေးသည်။

(သူပြောချင်တာက ဒါကိုပြောတာလား…)

ထိုနည်းလမ်းမှလွဲ၍ နတ်ဆိုးနယ်မြေသို့ သွားနိုင်မည့် အခြားသောပိုကောင်းသည့်နည်းလမ်း ရှိပါဦးမည်လား။ မိမိကိုယ်တိုင် နတ်ဆိုးတစ်ကောင် ဖြစ်သွားခြင်းသည် နတ်ဆိုးမျိုးနွယ်စုအဖို့ မိမိအား လက်ခံလာဖို့ရာ အကောင်းဆုံးသောနည်းလမ်း ဖြစ်ပေသည်။

စုယန်ပြောသည့်စကားကို ကြားပြီးသည့်နောက် ရှန်ချင်းလော့ အတွေးနက်သွားခဲ့လေ၏။

ထိုအချင်းအရာကို ဘေးမှရပ်ကြည့်နေသော ကျိယောင်မှာ တစ်ခုခု ထူးဆန်းနေသည်ကို သဘောပေါက်သွားခဲ့လေသည်။

နင်ဘာပဲကြားကြား မြင်မြင် မယုံနဲ့နော် ဟူသော ရန်ကိုင်ပြောသွားသည့်စကားကို ကျိယောင် ရုတ်တရက် ပြန်သတိရသွားခဲ့သည်။ (နင်က အခုအခြေအနေကို ပြောချင်နေတာလား…)

ခန်းမတစ်ခုလုံးမှာ သုဿန်တစ်စပြင်ပမာ တိတ်ဆိတ်နေခဲ့လေသည်။ ပင်းယွင်သည် သက်ပြင်းချရင်းမှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေ၏။ “ရန်ကိုင်က အခုလောလောဆယ် ပျောက်နေတယ်… ထက်ကောင်းကင်နန်းတော်ကလူတွေအကုန်လုံး မြောက်ဘက်နယ်မြေဆီ ပြန်ပြီးတော့ ထက်ကောင်းကင်နန်းတော်ရဲ့ ဂိတ်တံခါးတွေအကုန်လုံးကိုပါ ပိတ်ထားဖို့ စီနီယာသံမဏိသွေးက အမိန့်ပေးထားတယ်… သူ့အမိန့်ကို လွန်ဆန်တဲ့ ဘယ်သူမဆို ချွင်းချက်မရှိ အသတ်ခံရမယ်တဲ့…”

ရှန်ချင်းလော့က ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလေ၏။ “ကျွန်မတို့အားလုံး ထက်ကောင်းကင်နန်းတော်ဆီ ပြန်ရမယ်… သူက ကျွန်မတို့ကို အကျယ်ချုပ်ချချင်နေတာလား… ဘယ်လိုလုပ်ပြီး ဒီလိုမျိုး လုပ်ရဲရတာလဲ…”

ပင်းယွင်က ခေါင်းခါ၍ ရှင်းပြလိုက်သည်။ “နင့်စိတ်ကို ငြိမ်အောင်ထိန်းထား… စီနီယာသံမဏိသွေးလုပ်တာ နင်တို့ထက်ကောင်းကင်နန်းတော်ကို ထိခိုက်စေချင်လို့ မဟုတ်ဘူး… နင်တို့ကို အခြားတစ်နည်းနဲ့ ကာကွယ်ပေးနေတာပဲ… အခု စီနီယာသံမဏိသွေးက နင်တို့ကို ထက်ကောင်းကင်နန်းတော်ဆီ ပြန်ပို့လိုက်တာက ရန်ကိုင်လုပ်ပေးခဲ့တာတွေကို ထောက်ထားလို့ပဲ…”

ရှန်ချင်းလော့က လှောင်ပြုံးပြုံးလျက် “ဒါဆို ကျွန်မက သူ့ကိုတောင် ကျေးဇူးတင်ရမှာပေါ့…”

ရန်ကိုင် နတ်ဆိုးဖြစ်သွားပါစေ မဖြစ်သွားပါစေ သူ့ဂုဏ်သတင်းမှာတော့ လုံးဝကို ပျက်စီးသွားခဲ့လေပြီ။ ထိုအကြောင်းကြောင့် ရှန်ချင်းလော့မှာ ကျန်းဝူဟန်အား မကျေမနပ် ဖြစ်နေလေ၏။

စုယန်က ပြန်၍ပြောလိုက်လေ၏။ “လော့အာ… နင့်စကားနင်သတိထား… ဆရာပြောတာအမှန်ပဲ… စီနီယာသံမဏိသွေးက ထက်ကောင်းကင်နန်းတော်ရဲ့ တပည့်တွေကို ကာကွယ်ဖို့ အခုလိုမျိုးလုပ်ခဲ့တာ…”

ရန်ကိုင် ယခုကဲ့သို့ ဖြစ်သွားပြီးသည့်နောက်တွင် အပြင်ဘက်တွင် လှည့်ပတ်သွားလာနေသော ထက်ကောင်းကင်နန်းတော်မှာ မယုံသင်္ကာ အဖြစ်ခံရကာ အခန့်မသင့်လျှင် အခြားသူများ၏ ပစ်မှတ်ထား တိုက်ခိုက်ခံရနိုင်ပေသည်။ ထိုသို့ဖြစ်လာသည့်အခါတွင် ထက်ကောင်းကင်နန်းတော်နှင့် အခြားသောအင်အားစုများကြား ပဋိပက္ခများ ဖြစ်လာနိုင်ပေသည်။ ထိုမှတစ်ဆင့် ပဋိပက္ခ မီးတောက်ပမာ တဖြည်းဖြည်းနှင့် လောင်မြိုက်လာနိုင်လေ၏။ ယခုကဲ့သို့ နတ်ဆိုးမျိုးနွယ်စုနှင့် စစ်ဖြစ်ပွားနေစဉ်အတောအတွင်း အတွင်းရေးပဋိပက္ခများသည်သာ ဖြစ်ပွားမည်ဆိုလျှင် ကြယ်တာရာအစုအဝေးအတွက် အခြေအနေမကောင်းပေ။ ထို့အပြင် ထက်ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများအတွက်လည်း အခြေအနေမကောင်းလှ။ ထိုအကြောင်းကြောင့် ထက်ကောင်းကင်နန်းတော်မှ လူအားလုံးကို ထက်ကောင်းကင်နန်းတော်ဆီသို့ ပြန်ခိုင်း၍ ထက်ကောင်းကင်နန်းတော်၏ ဂိတ်တံခါးဝကို ပိတ်ခိုင်းသည်ကသာလျှင် လက်ရှိအခြေအနေအတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်ပေသည်။

စုယန်မှ ပြောလာသည့်အတွက်ကြောင့် ရှန်ချင်းလော့လည်း ဘာမျှ ထပ်ပြောမနေတော့ပေ။ သို့ပါသော်ငြား သူမဒေါသမှာတော့ မပြေနိုင်သေး။

ပင်းယွင်က ပြောလိုက်လေ၏။ “ငါလည်း ရန်ကိုင်အခြေအနေကို စုံစမ်းပေးထားမယ်… သူ အခုလိုမျိုး ကျင့်ကြံခြင်းသွေဖီသွားပြီးတော့ နတ်ဆိုးတစ်ကောင်ဖြစ်သွားရတယ်ဆိုရင်တောင် အရင်လမ်းကို ပြန်လှည့်နိုင်ဖို့ အခွင့်အရေးတစ်ခုခုကတော့ ရှိနေဦးမှာပဲလေ… သူ့အရည်အချင်းကိုလည်း နင်တို့သိတာပဲ… ဒီတော့ အရမ်းကြီးစိတ်ပူမနေနဲ့… ထက်ကောင်းကင်နန်းတော်က တပည့်တွေကို ခေါ်ပြီးတော့သာ ပြန်ဖို့လုပ်တော့…”

“ဟုတ်ကဲ့…” ထို့နောက်တွင် စုယန်သည် ရွှယ့်ယွယ်နှင့် ရှန်ချင်းလော့တို့ကိုခေါ်ကာ အပြင်သို့ထွက်သွားလေ၏။

“ယောင်အာ…” ပင်းယွင်က လှမ်းခေါ်လိုက်သည်။

“တပည့်ရှိပါတယ်…” ကျိယောင်က ပြန်ပြောလိုက်သည်။

“ကျားဟိန်းသံမြို့ကိုသွားပြီးတော့ မနေ့တုန်းက ဖြစ်ခဲ့တဲ့ကိစ္စကို လီကျောက်ကို သွားမေးကြည့်လိုက်စမ်း…” ပင်းယွင်က ပြောလိုက်၏။

“တပည့် ချက်ချင်း သွားမေးလိုက်ပါမယ်…” ကျိယောင်ကိုယ်တိုင်မှာလည်း အခြေအနေကို သေချာသိနိုင်ရန်အတွက် ကျားဟိန်းသံမြို့ဆီသို့ သွားကာ လီကျောက်အား မေးမြန်းရန် စီစဉ်ထားခြင်း ဖြစ်လေသည်။ ယခု ပင်းယွင်ကိုယ်တိုင်က အမိန့်ပေးလာသည့်အတွက်ကြောင့် အနည်းမျှပင် တုံ့နှေးမနေတော့ဘဲ ဟင်းလင်းပြင်အစီရင်မှတစ်ဆင့် ကျားဟိန်းသံမြို့ဆီသို့ ထွက်သွားရန် ပြင်တော့လေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters