အခန်း ၃၄၃၁
Vol. 151 Ch. 3431
အပိုင်း (၃၄၃၁)
ဘာသာပြန်သူ_တိမ်တိုက်
“ရန်ကိုင် နတ်ဆိုးဖြစ်သွားပြီ…”
ဝမ်ကျိရှန်းမှာ သူ့လက်ထဲရှိ ကျောက်စိမ်းပြားအား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် စိုက်ကြည့်ရင်းမှ အလန့်တကြား ထအော်လိုက်လေသည်။ ဤကျောက်စိမ်းပြားကို ကောင်းရွှယ်ထင်းမှ ပို့လာခဲ့ခြင်း ဖြစ်သည်။ ကျောက်စိမ်းပြားထဲဝယ် ရန်ကိုင် နတ်ဆိုးဖြစ်သွားသည့် ဖြစ်စဉ်အကုန်အစင်ကို အကြောင်းစုံ ရှင်းပြထားခဲ့သည်။ ထို့အပြင် ကောင်းရွှယ်ထင်း၏ ကောင်းကင်စိတ်အာရုံဖြင့် ရေးသားထားခြင်း ဖြစ်သည့်အလျောက် အတုဖြစ်စရာအကြောင်းမရှိပေ။
အတန်ကြာအောင် အတွေးနက်နေပြီးသည့်နောက်တွင် ဝမ်ကျိရှန်းသည် ချန်းချန်ကိုခေါ်ကာ ကိုယ်တိုင်ကိုယ်ကျ မေးမြန်းနိုင်ရန်အတွက် ကျားဟိန်းသံမြို့ဆီသို့ ထွက်လာခဲ့သည်။
အခြားမြို့တစ်မြို့ဝယ် ယန်ယန်မှာ သူမလက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ရင်းမှ မျက်မှောင်ကျုံ့ကာ ရေရွတ်လိုက်လေသည်။ “ဒီအရူးကောင် ဘာလုပ်နေတာလဲ… ဘယ်လိုလုပ်ပြီး သံမဏိသွေးကို သွားရှုပ်ပြီးတော့ နတ်ဆိုးအဖြစ်ခံလိုက်ရတာလဲ…”
သူမ၏ အောက်ဘက်တွင်မူ စစ်ကူလာတောင်းသည့် ဧကရာဇ်အဆင့် ပညာရှင်များ ရှိနေကြသည်။ သို့ပါသော်ငြား ယန်ယန်၏ မှုန်ကုပ်နေသည့် မျက်နှာထားကို မြင်ပြီးသည့်နောက် မည်သူမျှ သူမအား သွားမနှောင့်ယှက်ရဲကြတော့ပေ။ တစ်ခဏအကြာ၌ ယန်ယန်သည် ဧကရာဇ်အဆင့်ပညာရှင်တစ်ဦးကိုခေါ်၍ ကျားဟိန်းသံမြို့ဆီသို့ အခြေအနေမေးမြန်းရန် စေလွှတ်လိုက်လေသည်။
“ရန်ကိုင် နတ်ဆိုးဖြစ်သွားပြီ… နင်တို့ဘယ်လိုထင်ကြလဲ…” ခန်းမထဲဝယ် လွမ်ဖုန်းသည် ဖန်းဝူနှင့် ချန်ကွော့တို့အား မေးလိုက်လေသည်။
“အဲ့ဒါ ဘယ်တုန်းကဖြစ်သွားတာလဲ…” ချန်ကွော့က မျက်လုံးအပြူးသားဖြင့် ပြန်မေးလိုက်၏။
“ငါ အခုလေးတင်မှ သတင်းရလိုက်တာ…” လွမ်ဖုန်းက အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။
ဖန်းဝူက ဝင်ပြောလိုက်လေသည်။ “ငါလည်း သတင်းရလိုက်တယ်… ကြည့်ရတာ မနေ့ကဖြစ်သွားတာနဲ့ တူတယ်…”
“အဲ့ကောင် တကယ်ကြီး နတ်ဆိုးဖြစ်သွားတာလား…” ချန်ကွော့ မယုံကြည်နိုင် ဖြစ်နေလေသည်။
ဖန်းဝူက ပြန်ပြောလိုက်သည်။ “သံမဏိသွေးမဟာဧကရာဇ်ကိုယ်တိုင် ပြောထားတာဆိုတော့ အလိမ်အညာသတင်းလို့တော့ မထင်ဘူး…”
ချန်ကွော့ မင်သက်သွားတော့လေ၏။ “သူ ဘယ်လိုလုပ်ပြီး နတ်ဆိုးလမ်းကြောင်းထဲ ရောက်သွားတာလဲ… မဖြစ်နိုင်ပါဘူး… ဒါ တစ်ခုခုမှားနေတာမဟုတ်ဘူးလား…”
လွမ်ဖုန်းနှင့် ဖန်းဝူတို့ ခေါင်းအသီးသီး ခါလိုက်ကြပြီးနောက် လွမ်ဖုန်းက ပြောလိုက်လေသည်။ “ဒီကိစ္စက အရမ်းအရေးကြီးတယ်… နားလည်မှုလွဲရုံလောက်နဲ့ အခုလိုမျိုးမဖြစ်နိုင်ဘူး…”
ထိုစကားကိုကြားသော် ချန်ကွော့က သက်ပြင်းချလျက် “နှမြောစရာပဲ…”
ရန်ကိုင်သည် ရှေးဟောင်းတောအုပ်ကြီးဆီသို့ မကြာခဏလာ၍ သူတို့အား ပြဿနာရှာပါသော်ငြား ချန်ကွော့သည် ရန်ကိုင်အား လေးစားမိပေသည်။ ရန်ကိုင်ကဲ့သို့သော ပါရမီရှင်ဂျူနီယာတစ်ဦးကို မြင်ရဖို့ရာ အလွန်ကိုမှ ခဲယဉ်းလှသည်။ သို့ပါသော်ငြား ယခုမူ ရန်ကိုင်မှာ နတ်ဆိုးလမ်းစဉ်ထဲသို့ ရောက်သွားပြီဖြစ်သည့်အတွက်ကြောင့် သူ့အနာဂတ်မှာ ပျောက်ကွယ်သွားခဲ့ရလေပြီ။
လွမ်ဖုန်းက ဆက်၍ပြောလိုက်၏။ “သူ နတ်ဆိုးလမ်းကြောင်းထဲ ရောက်သွားသွား မရောက်သွားသွား သူက ကောင်းကင်အမိန့်တော်ရဲ့မျိုးဆက်နဲ့ ပတ်သက်နေတုန်းပဲ… သွေးတံခါးထဲကို ဝင်သွားတဲ့နေ့ကစပြီးတော့ ကောင်းကင်အမိန့်တော်ရဲ့ မျိုးဆက်နဲ့ ပတ်သက်တဲ့ ဘာသတင်းမှ မကြားရတော့ဘူးဆိုပေမယ့် ကြည့်ရသလောက်တော့ သူ မကြာခင် ပြန်ထွက်လာတော့မယ်နဲ့တူတယ်… ရန်ကိုင် သူ့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို နင်တို့သိတယ်မလား… ရန်ကိုင် အခြေအနေမကောင်းတော့မှန်းသိလိုက်ရင် သူဘယ်လိုတုံ့ပြန်လာမယ်လို့ နင်တို့ထင်လဲ…”
ဖန်းဝူက အလေးအနက်အမူအယာဖြင့် ခေါင်းညိတ်၍ “အမျိုးသမီးဖုန်းပြောတာ အမှန်ပဲ… ဒါဆိုရင် အမျိုးသမီးဖုန်းရဲ့အမြင်အရဆို ဒီကိစ္စက ဘယ်လိုလုပ်သင့်လဲ…”
လွမ်ဖုန်းက ပြောလိုက်သည်။ “သူဘယ်မှာရှိလဲ ရှာပေါ့… သူ့ကိုတွေ့တာနဲ့ ရှေးဟောင်းတောအုပ်ကြီးထဲ ပို့ထားလိုက်… အဲ့လိုမျိုးသာ လုပ်လိုက်မယ်ဆိုရင် ကောင်းကင်အမိန့်တော်ရဲ့မျိုးဆက် ပြန်ထွက်လာမယ်ဆိုရင်တောင် ငါတို့ကိုလာပြီး အပြစ်ရှာလို့ရတော့မှာမဟုတ်ဘူး…”
ဖန်းဝူက ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါလည်းမဆိုးဘူး… အဲ့တိုင်းပဲလုပ်ကြတာပေါ့…”
လွမ်ဖုန်းက ဆက်၍ပြောလိုက်သည်။ “အဲ့ဒါဆို ငါ ယင်ဖေးကို ကျားဟိန်းသံမြို့ဆီ စေလွှတ်ပြီးတော့ အခြေအနေကို မေးမြန်းကြည့်ခိုင်းလိုက်မယ်… ရန်ကိုင် ဘယ်ဘက်ထွက်ပြေးသွားလဲဆိုတာကို…”
“အချိန်ကသိပ်မရှိတော့ဘူး… ချက်ချင်းလှုပ်ရှားဖို့လိုတယ်…”
တစ်ချိန်တည်း၌ ရက်အနည်းငယ်အတွင်းမှာပင် ရန်ကိုင် နတ်ဆိုးလမ်းစဉ်ထဲသို့ ကျရောက်သွားသည့်သတင်းသည် အနောက်ဘက်နယ်မြေထဲရှိ အဓိကမြို့ကြီးများအနှံ့ ပြန့်နှံ့သွားခဲ့သည်။ ထိုမှတစ်ဆင့် တောင်ဘက်၊ အရှေ့ဘက်နှင့် မြောက်ဘက်နယ်မြေအသီးသီးသို့ ဆက်လက်ပြန့်နှံ့သွားခဲ့လေ၏။ ရန်ကိုင်အကြောင်းသိထားသည့်လူများမှာ ထိုသတင်းကို ကြားလိုက်ကြချိန် ထိုသတင်းမှာ လုပ်ကြံဖန်တီးထားသည့် သတင်းတစ်ပုဒ်ဖြစ်သည်ဟုသာ ယုံကြည်ကြလေသည်။
သို့ပါသော်ငြား ထိုသတင်းမှာ အမှန်အကန်ဖြစ်သည်ဟူသော သတင်းများလည်း ထပ်မံပြန့်နှံ့လာခဲ့လေသည်။ ရန်ကိုင်မှာ သံမဏိသွေးကို မနိုင်သည့်အတွက်ကြောင့် လင်းယွင်အာအား ပြန်ပေးဆွဲကာ ထွက်ပြေးသွားသည့် သတင်းပါ ပါပေသည်။
ထိုသတင်းများမှာ အမှန်ဖြစ်နေကြောင်းကို သိသွားကြပြီးသည့်နောက် ကြယ်တာရာအစုအဝေးတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့လေသည်။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးသည် နတ်ဆိုးလမ်းစဉ်ထဲသို့ ကျရောက်သွားသည့်အပြင် ရန်ကိုင်မှ ကောင်းကင်ဝါးမြိုခြင်း တိုက်ပွဲဥပဒေသကိုပါ ကျင့်ကြံထားသည်ဟူသော သတင်းများပါ ထပ်မံ ပျံ့နှံ့လာခဲ့လေသည်။
သတင်းများမှာ ထပ်ဆင့်ထပ်ဆင့် ပြန့်နေခဲ့လေရာ မကြာမီ ရန်ကိုင်နှင့်ပတ်သက်သော အကြောင်းအရာများမှာ အမှန်တစ်ဝက် အမှားတစ်ဝက် ဖြစ်လာကုန်ကြလေသည်။ ကျောက်တုံးကိုယ်ပွားမှာ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံထားသူဖြစ်ပါသော်ငြား သတင်းများသည် ရန်ကိုင်မှ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံထားသူဟု လုပ်ကြံပြောဆိုလာခဲ့လေသည်။
နတ်ဆိုးလမ်းစဉ်ထဲသို့ ကျရောက်သွားခြင်းနှင့် ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသအား ကျင့်ကြံခြင်းသည် ကြယ်တာရာအစုအဝေးမှ လက်သင့်မခံနိုင်သည့် အရာများ ဖြစ်ကြပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်၏ဂုဏ်သတင်းမှာ လုံးဝကို ပျက်စီးသွားခဲ့ရတော့သည်။ သံမဏိသွေးမဟာဧကရာဇ်ကိုယ်တိုင်ကပါ ပြောထားသည့်အတွက်ကြောင့် လူပေါင်းများစွာမှာ ရန်ကိုင်နှင့်တွေ့ကာ ရန်ကိုင်အား သတ်ပစ်နိုင်ဖို့ရာကို မျှော်လင့်နေကြလေသည်။
အပြင်လောကကြီး၏အခြေအနေကို ရန်ကိုင်မသိပါသော်ငြား အနည်းနှင့်အများတော့ ခန့်မှန်းမိပြီးသား ဖြစ်သည့်အလျောက် ထိုကဲ့သို့ဖြစ်လာခဲ့လျှင်ဟု တွေးကာ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးလေပြီ။
လောကဓာတ်လုံးထဲဝယ် ရန်ကိုင်သည် မိုးကောင်းကင်သစ်ပင်ဘေးနား၌ တင်ပလင်ခွေထိုင်နေခဲ့လေ၏။
သစ်သားဝိဉာဉ်နှစ်ဦးသည် မီတာများစွာခန့်အကွာတွင် ရပ်နေရင်းမှ ရန်ကိုင်အား စိုးရိမ်တကြီးဖြင့် လှမ်းကြည့်နေကြသည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့နှစ်ဦးမှာလည်း ရန်ကိုင်အား မကူညီပေးနိုင်ဘဲ စိုးရိမ်တကြီးဖြင့်သာ ရပ်ကြည့်နေရသည်။
ရွှေရောင်နှင့်ငွေရောင် ရောယှက်နေသော စွမ်းအင်တို့သည် မိုးကောင်းကင်သစ်ပင်မှတစ်ဆင့် ရန်ကိုင်၏ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်းချင်း စီးဝင်နေခဲ့ပြီး ရန်ကိုင်မှာ ထိုစွမ်းအားကိုသုံးကာ ရှေးဟောင်းနတ်ဆိုးချီကို ပြန်လည်ချိတ်ပိတ်ရန် ကြိုးစားနေခဲ့လေသည်။
သံမဏိသွေးမဟာဧကရာဇ်နှင့် တိုက်ခိုက်စဉ်က ရန်ကိုင်သည် သူ့ဒန်တျန်ထဲတွင် ချိတ်ပိတ်ထားသော ရှေးဟောင်းနတ်ဆိုးချီကိုသုံး၍ နတ်ဆိုးလမ်းစဉ်ထဲ ကျရောက်သွားဟန် ဆောင်ခဲ့သည်။ သို့ပါသော်ငြား ယခုမူ အခြေအနေမှာ အနည်းငယ် ပြဿနာများလာပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။
ဤရှေးဟောင်းနတ်ဆိုးချီအား မေပယ်မြို့အပြင်ဘက်တွင် စတင်ရရှိစဉ်တည်းက ရန်ကိုင်တွင် ဤနတ်ဆိုးချီအား ရှင်းလင်းပစ်နိုင်မည့် နည်းလမ်း ရှိမနေခဲ့ပေ။ ထို့အစား နတ်ဆိုးချီကို မိုးကောင်းကင်သစ်ပင်၏ စွမ်းအားဖြင့် ချိတ်ပိတ်ထားရုံသာ တတ်နိုင်ခဲ့လေသည်။
သို့ပါသော်ငြား ချိပ်စည်းအား တစ်ကြိမ်ပြီးတစ်ကြိမ် ဖြည်ပြီးသည့်နောက်တွင် ရှေးဟောင်းနတ်ဆိုးချီမှာ ပိုပို၍ အားကောင်းလာခဲ့လေသည်။ ရှေးဟောင်းနတ်ဆိုးချီမှာ ပို၍ သန့်စင်လာခဲ့ပြီး ထိန်းချုပ်ဖို့ရာလည်း ပိုမိုခက်ခဲလာခဲ့သည်။
ရန်ကိုင်၏ဒန်တျန်ထဲတွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးချီမှာ အသက်ရှိနေသည့် သတ္တဝါတစ်ကောင်ပမာ ချိပ်ဖြည်လိုက်တိုင်း ဖြည်လိုက်တိုင်းတွင် ပိုပို၍ အားကောင်းလာခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ရှေးဟောင်းနတ်ဆိုးချီအား ပြန်လည်ချိတ်ပိတ်ဖို့ရာ ပို၍အခက်တွေ့ရပြီး မိုးကောင်းကင်သစ်ပင်၏ စွမ်းအားကိုလည်း တစ်ကြိမ်ထက် တစ်ကြိမ် ပိုပို၍ လိုအပ်လာခဲ့သည်။
ရန်ကိုင်မှာ ထိုအချက်ကို ယခင်ကတည်းက သိနေခဲ့ခြင်း ဖြစ်ပေသည်။ သို့ပါသော်ငြား အခြေအနေမှာ ယခုဆိုလျှင် အမှန်တကယ်ကိုမှ ပြဿနာများနေလေပြီ။ ဤရှေးဟောင်းနတ်ဆိုးချီအား သူ့အနေဖြင့် ပြန်လည်၍ ချိတ်ပိတ်နိုင်မလားဆိုသည်ကိုပင် ရန်ကိုင်မှာ သေချာမသိတော့ပေ။
(ကောလဟာလအမှားတွေသာ တကယ်ဖြစ်လာရင်တော့ကွာ…) ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် ဖြစ်လာပေတော့မည်။ သူသည်သာ ဤပုံစံဖြင့် နတ်ဆိုးတစ်ကောင် ဖြစ်သွားရမည်ဆိုပါက ကိုယ့်အတတ်ကိုယ်စူးသလို ဖြစ်သွားပေလိမ့်မည်။
ရန်ကိုင်သည် ရောက်တက်ရာရာအတွေးများကို ခေါင်းထဲမှ ဖယ်ထုတ်လျက် မိုးကောင်းကင်သစ်ပင်၏ စွမ်းအားကို ထိန်းချုပ်ကာ ရှေးဟောင်းနတ်ဆိုးချီအား ဖိနှိပ်ရန်သာ အတတ်နိုင်ဆုံး ကြိုးစားတော့လေသည်။
အချိန်ကြာလာသည်နှင့်အမျှ မိုးကောင်းကင်သစ်ပင်၏ ရွှေရောင်နှင့် ငွေရောင်အလင်းတို့မှာ တဖြည်းဖြည်းနှင့် မှိန်သထက် မှိန်လာခဲ့ကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်ပုံစံ ပေါက်လာခဲ့လေသည်။ သို့ပါသော်ငြား ရန်ကိုင်၏ ကိုယ်ထဲတွင်ရှိနေသော ရှေးဟောင်းနတ်ဆိုးချီမှာမူ ယုတ်လျော့သွားမည့်အရိပ်အယောင် အနည်းငယ်မျှပင်မပြပေ။
(မကောင်းတော့ဘူး…) ရန်ကိုင်မှာ စိတ်ပူလာခဲ့လေသည်။ သို့ပါသော်ငြား သူလုပ်နိုင်သည့်အရာ ဘာမျှရှိမနေခဲ့ပေ။
ထိုမြင်ကွင်းမှာ အဝေးမှ လှမ်းကြည့်နေသည့် မူကျုနှင့်မူလုတို့မှာ ရန်ကိုင်အခြေအနေမကောင်းတော့ကြောင်း သတိထားမိလိုက်သည့်နောက်တွင် အကြည့်ချင်းဖလှယ်လျက် စိတ်ပိုင်းဖြတ်ကာ ရန်ကိုင်ဆီသို့ ပျံသန်းလာကြလေသည်။
ထိုနှစ်ဦး သူ့ဆီသို့ ပျံသန်းလာနေသည်ကို သတိထားမိလိုက်သည့်အလား ရန်ကိုင်သည် မျက်လုံးဖွင့်၍ လှမ်းအော်လိုက်လေသည်။ “အနားကပ်မလာနဲ့…”
မူကျုနှင့် မူလုတို့မှာမူ ရန်ကိုင်ပြောသည်ကို လျစ်လျူရှုလျက် မိုးကောင်းကင်သစ်ပင်၏ သစ်ကိုင်းပေါ်သို့ တက်လိုက်သည်။ ထို့နောက်တွင် လက်ကွက်များကို အလျင်စလို ထုတ်ဖော်လိုက်ရာ မိုးကောင်းကင်သစ်ပင်နှင့် သစ်သားဝိဉာဉ်နှစ်ဦးကြား ထူးဆန်းသည့်ဆက်သွယ်ချက်တစ်မျိုး ဖြစ်ပေါ်လာခဲ့လေသည်။
တဖြည်းဖြည်းနှင့် အရောင်မှိန်လာနေသော မိုးကောင်းကင်သစ်ပင်၏ ရွှေရောင်နှင့် ငွေရောင်အလင်းတို့မှာ ရုတ်တရက်ဆိုသလို တလက်လက် တောက်ပလာခဲ့ပြီး ၎င်းဆီမှ ထွက်ပေါ်နေသည့် ချိတ်ပိတ်စွမ်းအားမှာလည်း အလွန်တရာကိုမှ အားကောင်းလာနေခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ ကြောင်သွားခဲ့ပါသော်ငြား သူ့တွင် ကြောင်နေရန် အချိန်မရှိပေ။ ထိုအကြောင်းကြောင့် မိုးကောင်းကင်သစ်ပင်ဆီမှ ရုတ်တရက် ပေါက်ကွဲထွက်လာသော စွမ်းအားများကို သူ့ကိုယ်ထဲသို့ အလျင်စလို ဆွဲယူလိုက်လေသည်။
ရန်ကိုင်ကိုယ်ထဲဝယ် သောင်းကျန်းနေသော နတ်ဆိုးချီးများမှာ တဖြည်းဖြည်းနှင့် ဖိနှိပ်ခံလာရတော့လေ၏။
အတန်ကြာသွားပြီးသည့်နောက်တွင် ရှေးဟောင်းနတ်ဆိုးချီအားလုံးကို သူ့ဒန်တျန်ထဲသို့ ပြန်လည်ချိတ်ပိတ်နိုင်ခဲ့သည်။
ထိုအခါမှသာလျှင် ရန်ကိုင်ကိုယ်တိုင်မှာလည်း မူလပုံစံသို့ ပြန်ပြောင်းနိုင်တော့လေ၏။
မူကျုနှင့်မူလုမှာမူ ချွေးသံတရဲရဲဖြင့် အမောတကော အသက်ရှူနေလေ၏။ ကြည့်ရသလောက် သူတို့နှစ်ဦးအဖို့ ဤပညာရပ်မျိုးကို အသုံးပြုဖို့ရာ အတော်လေးကိုမှ ဝန်ပိသည့်ပုံပင်။
“နင်တို့နှစ်ယောက် အဆင်ပြေရဲ့လား…” ရန်ကိုင်က မျက်လုံးဖွင့်၍ မေးလိုက်လေသည်။
သစ်သားဝိဉာဉ်နှစ်ဦး ခေါင်းခါပြလိုက်ကြသည်။ မူလုက ဘေးဘက်ဆီသို့ လှမ်းကြည့်ရင်းမှ “ကျွန်မတို့ကတော့ အဆင်ပြေပါတယ်… ဒါပေမယ့် မိုးကောင်းကင်သစ်ပင်ကတော့…”
ရန်ကိုင်လည်း မူလုကြည့်နေသည့်ဘက်ဆီသို့ လှမ်း၍ကြည့်လိုက်ရာ မိုးကောင်းကင်သစ်ပင်မှာ အချိန်မရွေး သေသွားတော့မည့်အလား လုံးဝကို ညှိုးလျော်ကျနေကြောင်း တွေ့လိုက်ရသည်။ ရွှေရောင်နှင့် ငွေရောင်အလင်းတို့မှာ လုံးဝကို ပျောက်ကွယ်နေခဲ့ပြီး ပင်စည်ကြီးတစ်ခုလုံးမှာ ခြောက်သွေ့နေသည့် သစ်ခြောက်ပမာ ဖြစ်နေလေသည်။
မူနက ရှင်းပြလိုက်လေသည်။ “ဒီသစ်ပင်ရဲ့ အသက်စွမ်းအင်ကို အတင်းလှုံ့ဆော်ပြီးတော့ ထုတ်ယူလိုက်တော့ အခုလိုမျိုးဖြစ်သွားတာ…”
ရန်ကိုင် မျက်မှောင်ကျုံ့သွားလေ၏။ “ဒီသစ်ပင် သေသွားမှာလား…”
မူကျုက ခေါင်းခါလျက် “မသေဘူး… မိုးကောင်းကင်သစ်ပင်က အရမ်းအသက်ပြင်းတယ်… ပြီးတော့ အင်မော်တယ်သစ်ပင်ဆီကနေ အဆုံးမဲ့အသက်ဓာတ်တွေ ရနေတာဆိုတော့ အဲ့လောက်အလွယ်တကူ မသေနိုင်ဘူး… ဒါပေမယ့် မိုးကောင်းကင်သစ်ပင် အပြည့်အဝပြန်ကောင်းလာဖို့ကတော့ တော်တော်လေး ကြာလိမ့်မယ်… သခင်… နောက်ပိုင်းကျရင် အဲ့နတ်ဆိုးချီကို ချိတ်ပိတ်ထားတဲ့ချိတ်စည်းကို သွားမဖြည်တော့နဲ့… မိုးကောင်းကင်သစ်ပင်ရဲ့စွမ်းအားမရှိဘဲနဲ့ အဲ့ဒါကို နောက်တစ်ကြိမ် ထပ်ပြီး ချိတ်ပိတ်နိုင်မှာမဟုတ်ဘူး…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ “ငါသိပြီ…”
ဤအစီအစဉ်အတွက် ရန်ကိုင်ပေးချေလိုက်ရသည့်တန်ကြေးမှာ မသေးလှပေ။ သူ့ဂုဏ်သတင်းသာလျှင် ပျက်စီးသွားခဲ့ခြင်းမဟုတ်။ သူ၏ အားအကောင်းဆုံးသော ဝှက်ဖဲတစ်ခုကိုလည်း ဆုံးရှုံးလိုက်ရသည်။ သို့ပါသော်ငြား အတိတ်ကိုတွေး၍ နောင်တနေရန် အချိန်မရှိသည့်အလျောက် ရှေ့ဆက်သွားရုံသာ တတ်နိုင်လေသည်။
ရန်ကိုင်သည် သစ်သားဝိဉာဉ်နှစ်ဦးအား ပြန်လွှတ်လိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်လေသည်။ သူ့ခန္ဓာကိုယ်နှင့်ပတ်သက်၍ မည်သည့်ပြဿနာမှမရှိကြောင်း အတည်ပြုပြီးသွားသည့် အခါမှသာလျှင် လောကဓာတ်လုံးထဲမှ ပြန်ထွက်လာခဲ့ပြီး လမ်းကြောင်းရှာကာ တစ်ခုသောအရပ်ဆီသို့ ထွက်လာခဲ့လေ၏။
ကောင်းကင်ထက်ဝယ် လူတစ်ဦးသည် အလွန်တရာကိုမှ လျင်မြန်သည့်နှုန်းဖြင့် ပျံသန်းနေခဲ့သည်။ ထိုလူသည် မကြာမကြာရပ်၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီး ထပ်မံ၍ ပျံသန်းလေ၏။
ထိုလူသည် ရန်ကိုင်ထွက်ခွာသွားသည့် လမ်းကြောင်းအတိုင်း လိုက်နေခြင်း ဖြစ်လေသည်။ ထိုလူမှ ရန်ကိုင်အား မည်ကဲ့သို့ ခြေရာခံနိုင်သလဲ ဆိုသည်မှာတော့ စိတ်ဝင်စားစရာပင်။ ရန်ကိုင်သည် တောင်ပိုင်းနွံအိုင်ဆီသို့ ထွက်လာခဲ့ပြီး ထိုနေရာတွင် ရက်အနည်းငယ်ခန့် အနားယူခဲ့သည်။ ထို့နောက်တွင် တောက်လျှောက်ကို တည်နေရာ ခုန်ကူးနေခဲ့လေရာ မဟာဧကရာဇ် တစ်ပါးသည်ပင်လျှင် ရန်ကိုင်အား အာရုံခံနိုင်ဖို့ရာ အတော်လေး ခက်လှပေသည်။
သို့ပါသော်ငြား ထိုလူမှာမူ ရန်ကိုင်အား အခက်အခဲမရှိ ခြေရာခံနိုင်လေ၏။
ထိုလူ နောက်တစ်ကြိမ် ထပ်ရပ်သွားခဲ့လေသည်။ မှုန်ရီဖြိုးဖျ လရောင်အောက်ဝယ် ကျော့ရှင်းလှသည့် အချိုးအစား ကျနလှပသော ခန္ဓာကိုယ်တစ်ခု ပေါ်လာခဲ့လေသည်။ ဆံရှည်များမှာ လေအဝှေ့နှင့်အတူ တလူလူ လွင့်ပျံနေလေ၏။ ထိုလူမှာ အခြားမဟုတ်ဘဲ စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့သည်။ ထိုအမျိုးသမီးမှာလည်း အခြားမဟုတ် ယုရုမန်သာ ဖြစ်လေ၏။
ရန်ကိုင် ကျားဟိန်းသံမြို့ထဲမှ ပျောက်ကွယ်သွားသည့်အချိန်မှစ၍ သူမသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းရွှယ်ထင်းနှင့် အခြားသူများမှာ သူမအား ရက်ပေါင်းများစွာကြာအောင် လိုက်လံရှာဖွေခဲ့ပါသော်ငြား အချည်းအနှီးသည်သာ။ သူမ မည်သည့်နေရာသို့ ထွက်သွားလို့ ထွက်သွားမှန်းကို မည်သူမျှ မသိကြပေ။
ထိုအခိုက်အတန့်ဝယ် ယုရုမန်၏မျက်လုံးလေးများမှာ သားကောင်အား ခြေရာခံနေသည့် မုဆိုးတစ်ကောင်ပမာ စိတ်လှုပ်ရှားမှုတို့ဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။ မကြာမကြာ သူမ၏ နီစွေးစွေးလျှာလေးကို ထုတ်လျက် နှုတ်ခမ်းအား သပ်သပ်သွားခဲ့လေရာ သူမ၏ပုံစံမှာ အတော်လေးကိုမှ စွဲမက်ဖွယ်ကောင်းနေခဲ့လေသည်။
ရုတ်တရက်ဆိုသလို ယုရုမန်သည် တစ်ခုသောအရပ်ဆီသို့ လှမ်းကြည့်၍ ရယ်သွမ်းသွေးရင်းမှ ပြောလိုက်လေသည်။ “ယောက်ျား… ငါလာပြီ… နင်ပြေးလို့မလွတ်တော့ဘူး…”
သူမပါးစပ်မှ ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်ထက်မှ ပျောက်ကွယ်သွားခဲ့လေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့ သုဿန်တစ်စပြင်အလား တိတ်ဆိတ်နေလေ၏။ ပုန်းအောင်းနေသည့် အင်းစက်များသည်ပင်လျှင် ကြောက်ရွံ့နေကြသည့်အလား တစ်ညလုံး အပြင်သို့ ထွက်လာခြင်းမရှိဘဲ တွင်းထဲသာ အောင်းနေခဲ့ကြသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်