← Chapters

အခန်း ၃၄၃၄

Vol. 151 Ch. 3434

အခန်း ၃၄၃၄

Vol. 151 Ch. 3434

အပိုင်း (၃၄၃၄)

ဘာသာပြန်သူ_တိမ်တိုက်

"အဲဒါဆိုရင် မူးတဲ့အထိ ဆက်ပြီးတော့ သောက်နေလိုက်လေ" ယုရုမန်သည် ရန်ကိုင်ဆီသို့ နောက်ထပ် အရက်တစ်အိုး ပစ်ပေးလိုက်သည်။ သို့ပါသော်ငြား ရန်ကိုင်က မဖမ်းလိုက်သည့်အတွက်ကြောင့် အရက်အိုးမှာ ကြမ်းပြင်ပေါ်သို့ ကျကွဲသွားလေ၏။

ယုရုမန်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ဆက်၍ ပြောလိုက်လေ၏။ "ဒီမှာစောင့်နေ"

ထိုသို့ ပြောပြီးသည့်နောက်တွင် အခန်းထဲမှ ပြန်ထွက်သွားလေ၏။ သူမ ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း ရန်ကိုင် နားမလည်ပေ။

သို့ပါသော်ငြား မကြာမီ ယုရုမန်ကြောင့် မြို့ထဲ၌ အုတ်အုတ်ကျက်ကျက် အသံများ ထွက်ပေါ်လာခဲ့သည်။

တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် ယုရုမန်သည် ယဲ့ယဲ့လေး ပြုံးရင်းမှ ခန်းမဆီသို့ ပြန်လာခဲ့သည်။ ထို့နောက်တွင် ခန်းမ တံခါးပေါက်ဆီသို့ မျက်နှာမူလျက် လက်ခုပ်တီးလိုက်လေ၏။ "ဝင်လာခဲ့တော့"

ရန်ကိုင်လည်း တံခါးပေါက်ဆီသို့ လှမ်း၍ ကြည့်လိုက်ရာ ကြောင်သွားခဲ့လေ၏။

အမျိုးသမီး တစ်အုပ်သည် အပြင်ဘက်မှ အထဲသို့ တဖြည်းဖြည်းချင်း ဝင်လာလေ၏။ တစ်ဦးချင်းစီတိုင်းသည် ကိုယ်ပိုင်အလှတရားနှင့်ကိုယ် ရှိနေကြပေသည်။ ထိုအမျိုးသမီးများသည် နွေဦးလေညင်းစံအိမ်ထဲရှိ မိတ်ကပ်လူးထားသော မိန်းကလေးများနှင့် မတူ။ အကုန်လုံးမှာ မိသားစုများမှ သခင်မလေးများ ဖြစ်ကြသည်မှာ သိသာလှသည်။

ကြောက်ရွံ့မှုတို့မှာမူ ထိုအမျိုးသမီးများ၏ မျက်နှာအထက် အထင်းသား။ အချို့ဆိုလျှင် မျက်ရည်များပင် ကျနေကြသည်။ သို့ပါသော်ငြား ယုရုမန်၏ အကြည့်ကြောင့် အကုန်လုံးမှာ နာနာခံခံနှင့် အထဲသို့ ဝင်လာနေကြလေ၏။

ထိုလူသုံးဆယ် လေးဆယ်ခန့် အမျိုးသမီးများထဲဝယ် အငယ်ဆုံးမှာ အသက်တစ်ဆယ့်သုံးနှစ်သာ ရှိသေးပြီး အကြီးဆုံးမှာတော့ နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်လောက်သာ ရှိပေသည်။ ယုရုမန်၏ အမိန့်အောက်ဝယ် အကုန်လုံးမှ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ရန်ကိုင် အရှေ့၌ စီတန်းရပ်လိုက်ကြလေသည်။ အချို့မှာ ရန်ကိုင်ဆီသို့ လှမ်း၍ ကြည့်လာကြပါသော်ငြား ချက်ချင်းပဲ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းကို ငုံ့သွားကြ၏။

[ဘာကြီးလဲ] ရန်ကိုင် ဇဝေဇဝါ ဖြစ်နေခဲ့လေသည်။ သို့ပါသော်ငြား ပုံမှန် မဟုတ်သည့် အမူအရာမျိုး လုပ်ပြမနေဘဲ သူ့မျက်နှာထားအား စိတ်ဓာတ်ကျနေသည့် ပုံစံမျိုး ပေါက်နေအောင်သာ လုပ်ထားခဲ့သည်။

ယုရုမန်သည် ရန်ကိုင်အား ကြည့်၍ ပြုံးကာ ပြောလိုက်လေသည်။ "ဒါ မြို့ထဲက အလှဆုံး အမျိုးသမီးတွေပဲ၊ စိတ်မပူနဲ့၊ သူတို့တွေ အကုန်လုံးက အပျိုစင်တွေချည်းပဲ၊ နင် ဘယ်တစ်ယောက်ကို ကြိုက်လဲ"

ရန်ကိုင်မှာမူ သစ်သားရုပ်တု တစ်ခုပမာ တောင့်တောင့်ကြီး ရပ်နေလေသည်။

ယုရုမန်သည် အပျိုပေါက်အရွယ် ကောင်မလေး တစ်ဦးဆီသို့ လှောက်သွားပြီး သူမအား ရန်ကိုင် အရှေ့သို့ ခေါ်လာပေးကာ ပြောလိုက်လေ၏။ "ဒီတစ်ယောက်ဆိုရင်ရော၊ သူက အခုမှ အပျိုဖော်ဝင်စပဲ ရှိသေးတယ်၊ ဒါပေမဲ့ ကြည့်စမ်း၊ အသက်ငယ်ငယ်လေးနဲ့ ဒီလောက်တောင် ချောနေပြီ၊ ယောက်ျားတွေက ဒီလိုပုံစံမျိုးကိုမှ ကြိုက်ကြတာ၊ ငါသာ ယောက်ျားဆိုရင်လည်း စိတ်ဝင်စားမိမှာပဲ၊ သူနဲ့သာ ပျော်ရရင် အဲဒီတစ်ညလုံးက တော်တော်လေး ပျော်ဖို့ကောင်းမှာ"

ယုရုမန်၏ ဖမ်းဆီးခြင်း ခံရပြီးသည့်နောက် ကြောက်ရွံ့နေသည့် ကောင်မလေးမှာ ယုရုမန် ပြောသည့် စကားကို ကြားပြီးသည့်နောက် ပို၍ပင် ကြောက်ရွံ့သွားခဲ့ကာ ငိုချလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင် ဘာမျှ ပြန်မပြောသည်ကို မြင်သော် ယုရုမန်သည် ထိုကောင်မလေးအား သူမ နေရာသို့ ပြန်သွားရန် အချက်ပြလိုက်သည်။ ထို့နောက် အသက်တစ်ဆယ့်ခုနစ်နှစ် အရွယ်ခန့် ရှိမည့် ကောင်မလေးဆီသို့ လျှောက်သွားလိုက်ပြီး ထိုကောင်မလေးကို ရန်ကိုင် အရှေ့သို့ ခေါ်လာပေးသည်။

မိန်းကလေးပေါင်းများစွာနှင့် အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးသည့်တိုင် ရန်ကိုင်မှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။

ယုရုမန်သည် နောက်ထပ် အမျိုးသမီးတစ်ဦးကို ဆွဲခေါ်လာခဲ့သည်။ ဤတစ်ဦးမှာတော့ အသက်နှစ်ဆယ့်လေး နှစ်ဆယ့်ငါးလောက် ရှိမည့် အမျိုးသမီးပင်။ သူမသည် အားလုံးထဲဝယ် အကျော့ရှင်းဆုံး အစွဲမက်ဖွယ် အကောင်းဆုံး ဖြစ်ကာ အမို့အမောက်အချိုင့်အဝှမ်းမှာလည်း လုံးဝကို ပြည့်စုံလှပေသည်။ ယုရုမန်မှ သူမအား ရန်ကိုင် အရှေ့သို့ ခေါ်လာစဉ် အမျိုးသမီး၏ မျက်လုံးများမှာ တဆတ်ဆတ်ကို တုန်ယင်နေလေ၏။ "ဒီတစ်ယောက်လည်း ကောင်းတာပဲ၊ သူက လက်ထပ်ထားပြီးပြီဆိုပေမဲ့ သူ့ယောက်ျားက မင်္ဂလာနေ့မှာ ရောဂါနဲ့ သေသွားလို့ မုဆိုးမ ဖြစ်နေပေမဲ့ အပျိုပဲ ရှိသေးတယ်၊ နင် စိတ်ဝင်စားလား"

"တော်လောက်ပြီ" ရန်ကိုင်သည် ယုရုမန်ကို စိုက်ကြည့်ရင်းမှ ပြောလိုက်၏။

ယုရုမန်က ဆက်၍ ပြောလိုက်၏။ "နင် လိုချင်ရင် သူတို့အကုန်လုံးကို ယူလို့ရတယ်နော်"

"တော်ပြီလို့ ငါ ပြောနေတယ်လေ"

ယုရုမန်က သက်ပြင်းချ၍... "နင့်ကိုယ်နင် မူးအောင် လုပ်ပြီးတော့ နင့်ဒေါသကို ဖွင့်ထုတ်ချင်နေတာမလား၊ ဒါပေမဲ့ နင် ဒီလိုမျိုး အရက်တွေနဲ့ ဘယ်လိုလုပ်ပြီး မူးမှာလဲ၊ အခု ဒီမိန်းမတွေက နင့်အတွက်တော့ အရက်လိုပဲ၊ ဒီအတိုင်း ရိုးရိုးတန်းတန်း သောက်ပြီးတော့ မူးအောင် လုပ်လို့ မရမှတော့ မိန်းမတွေနဲ့ ကြိုးစားပြီးတော့ မူးအောင် လုပ်ရမှာပေါ့"

ရန်ကိုင်ကမူ ဖြည်းဖြည်းချင်း ခေါင်းခါရင်းမှ စားပွဲပေါ်တွင် ရှိနေသည့် အရက်တစ်အိုးကို ဆွဲကိုင်၍ ဒယီးဒယိုင်ဖြင့် ထွက်သွားလေ၏။

ယုရုမန်သည် ရန်ကိုင်၏ ကျောပြင်ကို ကြည့်ရင်းမှ တစ်ခဏအကြာ၌ ရန်ကိုင် အနောက်သို့ ပြေးလိုက်သွားခဲ့သည်။

ခန်းမထဲဝယ် အမျိုးသမီးများမှာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အတန်ကြာအောင် စောင့်နေခဲ့လေသည်။ ထိုထူးဆန်းသည့် အမျိုးသားနှင့် အမျိုးသမီးတို့ ပြန်မလာကြောင်း အတည်ပြုပြီးသွားသည့်အခါမှသာလျှင် ခန်းမထဲမှ အလျင်စလို ပြေးထွက်သွားကြလေ၏။ ဤကပ်ဘေးကြီးမှ အသက်ရှင် လွတ်မြောက်လာပြီးသည့်နောက် အမျိုးသမီးများမှာ စိတ်ကို တင်းခံမထားနိုင်တော့ဘဲ ချုံးပွဲချ ငိုယိုကြတော့သည်။

ယနေ့ညသည် သူမတို့အတွက်တော့ ချောက်ချားစရာ ကောင်းသည့် ညတစ်ညပင်။ ကံကောင်းစွာဖြင့် ထိုယောက်ျားမှာ သူမတို့အား စိတ်မဝင်စားပေ။ ထိုသို့သာ မဟုတ်ပါက သူမတို့ အားလုံး အဓမ္မပြုကျင့်ခံရပေတော့မည်။

"နင် ဘာလို့ ငါ့အနောက်ကို လိုက်နေတာလဲ" ရန်ကိုင်သည် ယုရုမန်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်၏။ "နင် ငါ့အနောက်ကို လိုက်နေလို့ ဘာမှရမှာ မဟုတ်ဘူးနော်"

ယုရုမန်က ယဲ့ယဲ့လေး ပြုံးရင်းမှ... "ငါပြောပြီးသွားပြီလေ၊ နင်က ငါ့လူ၊ ဒီတော့ နင် သွားတဲ့နေရာ ငါလိုက်ရမှာပေါ့၊ နင်ငါ့ကို မောင်းထုတ်လို့ မရဘူး"

"ငါ အခု ဘယ်လိုအခြေအနေမျိုးနဲ့ ကြုံနေရတယ်ဆိုတာကို နင်သိလား"

"အခုအချိန်လောက်ဆို နင် နတ်ဆိုးလမ်းစဉ်ထဲ ကျသွားတဲ့အကြောင်း ကြယ်တာရာအစုအဝေး တစ်ခုလုံးအနှံ့ ပြန့်နေလောက်ပြီ၊ အချို့ဆိုရင်လည်း နင့်ကို အမဲလိုက်ဖို့ လိုက်ရှာနေတော့မှာ၊ ဒီတော့ နင့်ဘဝက လူမမြင်အောင် ပုန်းနေရမဲ့ ကြွက်စုတ်ဘဝမျိုး ဖြစ်သွားပြီ"

"သိနေသေးရင် ဘာဖြစ်လို့ ခေါင်းမာနေသေးတာလဲ၊ နှလုံးသားစည်းတံဆိပ်ကို ဖယ်ပြီးတော့ ထွက်သွားလိုက်ပေတော့၊ အခုကနေစပြီး နင်နဲ့ငါနဲ့ ဘာမှ မပတ်သက်တော့ဘူး၊ ငါနဲ့လည်း လာပြီးတော့ မပတ်သက်နဲ့တော့"

"ငါ ထွက်သွားမှာ မဟုတ်ဘူး" ယုရုမန်သည် ရန်ကိုင် အနားသို့ လျှောက်လာပြီး ရန်ကိုင်နှင့် လက်မောင်းချင်း ချိတ်လိုက်သည်။

"ဘာလို့လဲ" ရန်ကိုင် ခေါင်းခါလိုက်လေသည်။

ယုရုမန်က ပြန်၍ ပြောလိုက်၏။ "သူ့ယောက်ျားက ဘာပဲဖြစ်နေဖြစ်နေ မိန်းမဆိုတာ သူ့ယောက်ျား အနောက်ကို လိုက်ရမှာပဲ၊ နင်အန္တရာယ်တွေကို ရင်ဆိုင်နေရမယ်ဆိုရင်တောင် ငါ ထွက်သွားလို့ မရဘူး၊ နင်နဲ့အတူ အဲဒီအန္တရာယ်တွေကို ရင်ဆိုင်မှာ"

ရန်ကိုင်၏ အေးစက်စက် အကြည့် ပျော့ပျောင်းသွားခဲ့သည်။ သူ၏ စိတ်အခြေအနေမှာ အကြီးအကျယ် သက်ရောက်ခံလိုက်ရသည့်အလား။ ထို့နောက်တွင် ယုရုမန်၏ ပါးလေးကို ပွတ်သပ်ပေးလိုက်ရင်းမှ ပြောလိုက်လေ၏။ "နင် နောင်တ မရမှာ သေချာလား"

ယုရုမန်က ခေါင်းခါ၍... "မရပါဘူး"

ထို့နောက်တွင် ရန်ကိုင်သည် နှုတ်ခမ်းကို လျှာဖြင့်သပ်၍ ယုရုမန်အား သူ့ရင်ခွင်ထဲသို့ ဆွဲထည့်ကာ သူမအား တင်းကျပ်စွာ ပွေ့ဖက်လိုက်လေ၏။ "အဲဒါဆိုရင်လည်း ငါလည်း နောင်တရစရာ မရှိတော့ဘူး" ရန်ကိုင် သက်ပြင်းချလိုက်လေသည်။

ယုရုမန် ခေါင်းလေး မော့လာခဲ့သည်။ သူမ၏ မျက်ဝန်းလေးများမှာတော့ လခြမ်းကွေးပမာ ကွေးတက်နေခဲ့ပြီး တလက်လက်တို့ဖြင့် တောက်နေခဲ့လေသည်။ ယခုအချိန်မှာ တစ်စုံတစ်ဦး၏ နှလုံးသားအား အပိုင်သိမ်းနိုင်မည့် အကောင်းဆုံး အခွင့်အရေး ဖြစ်မှန်း သူမ သိပေသည်။ လက်တွေ့သာဓကသည်လည်း သူမ၏ ယူဆချက် မှန်ကန်ကြောင်းကို သက်သေပြခဲ့သည်။

သူမနှင့် ရန်ကိုင်မှာ နှလုံးသားစည်းတံဆိပ် ပညာရပ်ကြောင့် တစ်ဦးအပေါ်တစ်ဦး ခံစားသက်ဝင်နေသေးပါသော်ငြား ထိုအရာမှာ ပညာရပ်တစ်ခုသာ ဖြစ်ပြီး အစစ်အမှန် ခံစားချက်နှင့် မည်ကဲ့သို့များ ယှဉ်နိုင်ပါမည်နည်း။ ရန်ကိုင်၏ လည်ပင်းကို သူမ လက်ဖြင့် သိုင်းဖက်ထားရင်းမှ ယုရုမန်သည် ရန်ကိုင် နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်လေသည်။ "ငါ ပြောပြီးပြီ၊ တစ်လောကလုံး နင့်ကို စွန့်ပစ်သွားမယ်ဆိုရင်တောင် နင့်မှာ ငါရှိသေးတယ်"

ရန်ကိုင်သည် ယုရုမန်အား ဖက်ထားသည်ကို ရုတ်တရက် လွှတ်၍ သူမ၏ ပခုံးပေါ် လက်တင်ရင်းမှ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။ "ယုရုမန် ငါတို့ နှစ်ယောက်တည်း ဘယ်သူမှ မရှိတဲ့ နေရာမှာ နေကြရအောင်"

ယုရုမန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေ၏။ "ဘယ်သူမှ မရှိတဲ့ နေရာမှာ နေမယ်"

ရန်ကိုင်က ခေါင်းညိတ်၍... "ဟုတ်တယ်၊ တောတောင်ထဲမှာ သွားနေကြရအောင်၊ ဒီလောကကြီးနဲ့ ပတ်သက်ပြီး ဘာကိုမှ ဂရုမစိုက်တော့ဘူး၊ ငါတို့ နှစ်ယောက်တည်းပဲ အတူတူနေကြမယ်၊ နောက်ပိုင်းကျရင် ကလေးတွေ မွေးမယ်၊ အေးအေးဆေးဆေး နေမယ်၊ ဘဝကြီးက လုံးဝကို လွတ်လွတ်လပ်လပ်ပဲ၊ ကြယ်တာရာအစုအဝေးက လူတွေရော နတ်ဆိုးနယ်မြေက လူတွေရော ငါတို့နဲ့ ဘာမှ ပတ်သက်စရာ မရှိတော့ဘူး"

[ကလေးမွေးမယ်] ယုရုမန် ကြောင်သွားခဲ့ပြီး သူမ စိတ်ထဲ ကြိတ်၍ ညည်းတွားလိုက်လေသည်။ သူမ၏ ကြင်နာမှုသည် ရန်ကိုင်၏ နှလုံးသားကို လှုပ်ခတ်သွားစေရုံမက သူ့အား ကလေးမွေးမည့် အတွေးကိုပါ တွေးသွားစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင်သည်သာ ထိုကဲ့သို့ တကယ်ကြီး လုပ်ချင်လျှင် မည်သည့် နေရာတွင်များ ပျော်စရာ ရှိပါဦးမည်နည်း။

ယုရုမန်က ပြန်၍ မေးလိုက်လေ၏။ "နင့်ရဲ့ ကျန်တဲ့မိန်းမတွေရော"

ရန်ကိုင်၏ မျက်နှာ သုန်မှုန်သွားခဲ့ပြီး ပြန်၍ ပြောလိုက်လေသည်။ "ငါ့အခု အခြေအနေကိုပဲ သိတာ နင်နဲ့ငါပဲ ရှိနေတာ၊ သူတို့ မဟုတ်ဘူး"

ရန်ကိုင်မှာ သူ့၏ မိန်းမများကိုပင်လျှင် ဂရုမစိုက်တော့ပေ။ ကြည့်ရသလောက် ကျားဟိန်းသံမြို့ရှိ အဖြစ်အပျက်သည် သူ့စိတ်အခြေအနေအပေါ် အကြီးအကျယ် သက်ရောက်သွားခဲ့သည့်ပုံပင်။ ရန်ကိုင်မှာ ယာယီ နတ်ဆိုးအသွင်သို့ ပြောင်းသွားသည့်အတွက်ကြောင့် သူ့စိတ်အခြေအနေသည်လည်း လုံးဝကို အဆုံးစွန်အထိ ရောက်ရှိသွားသည့်ပုံပင်။

ယုရုမန် ထိုအကြောင်းအား တွေးနေစဉ် ရန်ကိုင်မှာတော့ သူတို့ နှစ်ဦးသား အတူနေမည်ဆိုလျှင် သူတို့၏ ဘဝကြီး မည်မျှပင် သာယာလှပမည် ဖြစ်ကြောင်းကို ပြောပြနေခဲ့သည်။ သူတို့ နေမည့် အိမ်၏ ပုံစံနှင့် သူတို့ နောက်ပိုင်းတွင် မွေးလာမည့် ကလေးများ၏ နာမည်ကိုပါ စတင်ပြောပြနေလေ၏။

[နင် အရမ်း ရှေ့ကြိုတွေးလွန်းနေတာ မဟုတ်ဘူးလား] ယုရုမန်မှာ ထိုစကားကို သူမ ပါးစပ်မှ ထုတ်ပြောချင်ပါသော်ငြား ယခုအချိန်တွင် ရန်ကိုင်အား ငြင်းလိုက်မည်ဆိုပါက အခြေအနေအား ပိုမို ဆိုးရွားသွားစေလိမ့်မည်မှန်း သိနေခဲ့သည်။ ထိုအခါတွင် သူမ ကြိုးစားထားခဲ့ရသမျှ အားလုံး ရေစုန်မျောသွားပေလိမ့်မည်။

နောက်ဆုံးတွင် ရန်ကိုင်သည် ယုရုမန်၏ ပခုံးကို ကိုင်၍ ပြောလိုက်လေ၏။ "ဒါကြောင့် ငါတို့ နှစ်ယောက်တည်း တောတောင်ထဲမှာ သွားနေကြရအောင်"

ယုရုမန်လည်း အဖြေရှာမရတော့သည့်အတွက်ကြောင့် အားတင်း၍သာ ပြန်ပြောလိုက်လေသည်။ "ကောင်းပြီလေ၊ အဲဒီလိုမျိုး နေကြတာပေါ့"

ယုရုမန်ဆီမှ အတည်ပြုချက် ရပြီးသည့်နောက်တွင် ရန်ကိုင်လည်း အချိန်ဖြုန်းမနေတော့ဘဲ စိတ်အားတက်ကြွစွာဖြင့် ယုရုမန်၏ လက်ကို ဆွဲကာ သင့်တော်မည့် နေရာတစ်ခုကို လိုက်လံရှာဖွေတော့လေသည်။

ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက် ရန်ကိုင်တို့ နှစ်ဦးမှာ အမည်မသိရသော တောင်တစ်လုံး၏ အတွင်းပိုင်းထဲဝယ် အခြေချလိုက်ကြလေသည်။ အသစ်စက်စက် ဆောက်လုပ်ထားသော သစ်သားအိမ်လေး တစ်လုံးမှာ တောင်ထွတ်နားတွင် ရှိနေလေ၏။ အိမ်အပြင်ဘက်တွင်မူ ရန်ကိုင်သည် ယာခင်းများကို ထယ်ထိုးထားခဲ့ကာ ဘာမှန်း မသိရသော အစေ့များကို စိုက်ပျိုးထားခဲ့လေသည်။

ယုရုမန်မှာမူ တောတောင်များတွင် နေထိုင်ကြသော အမျိုးသမီးများ ဝတ်လေ့ဝတ်ထ ရှိသည့် အဝတ်ကြမ်းကို ဝတ်ဆင်ထားခဲ့ပြီး ခေါင်းအထက်တွင် အဝတ်တစ်စကို ပတ်ထားရင်းမှ အိမ်တံခါးဝတွင် ရပ်နေလေသည်။

ဤကဲ့သို့သော ဝတ်စားပုံမျိုးသည် ယုရုမန်၏ အလှတရားအား လျော့ကျ မသွားစေရုံမက သူမ၏ အလှကို တစ်မျိုးတစ်မည်ပင် ထူးခြားသက်ဝင်နေစေခဲ့လေသည်။

သို့ပါသော်ငြား ယုရုမန်မှာ သူမပုံသူမ ကြည့်မရမည်ကို စိုးရိမ်သည့်အတွက်ကြောင့် လွန်ခဲ့သည့် ရက်များအတွင်း မှန်လုံးဝ မကြည့်ခဲ့ပေ။

အလုပ်လုပ်နေစဉ် အတောအတွင်း ရန်ကိုင်မှာ ယုရုမန်အား မကြာမကြာဆိုသလို လှမ်း၍ ကြည့်ပေသည်။ ယုရုမန်ကလည်း အကြိမ်တိုင်းတွင် အားတင်း၍ ပြန်ပြုံးပြနေရသည်။ ရံဖန်ရံခါ ရန်ကိုင်အား ရေသွားတိုက်၍ ရန်ကိုင် မျက်နှာအထက်ရှိ ချွေးများကို သုတ်ပေးလေ၏။ ညပိုင်းတွင်မူ နှစ်ဦးသား အတူဖက်၍ အိပ်ကြသည်။ ထိုမျှလွဲ၍ အခြား ဘာမျှ မရှိ။ ရန်ကိုင်မှာ အကြိမ်ပေါင်းများစွာ စည်းကျော်ရန် ကြိုးစားခဲ့ပါသော်ငြား ယုရုမန်မှာမူ လက်ရှိ ရန်ကိုင် စိတ်အခြေအနေမှာ တည်ငြိမ်ခြင်း မရှိသည့်အတွက်ကြောင့် လုံးဝကို ခွင့်မပြုခဲ့ပေ။

ရန်ကိုင်တို့၏ ဘဝများမှာ ဆယ်ရက်ကျော်အထိ သာယာနေခဲ့လေသည်။ ယုရုမန် ကိုယ်တိုင်မှာလည်း ရန်ကိုင်နှင့် အလိုက်တသိ အတူ ပူးပေါင်းပေးနေခဲ့ပါသော်ငြား သူမ စိတ်ထဲတွင်တော့ အလွန်ကိုမှ ကူကယ်ရာမဲ့နေခဲ့လေသည်။

တစ်နေ့တွင် ရန်ကိုင်သည် တံခါးပေါက်ဝတွင် ရပ်၍ ဝါးခြင်းတောင်း တစ်တောင်းကို ရက်နေခဲ့သည်။ ယုရုမန်သည် ရန်ကိုင် ဘေးနားတွင် ထိုင်၍ ရယ်ရယ်မောမောနှင့် စကားပြောနေလေ၏။ ရုတ်တရက်ဆိုသလို ရန်ကိုင်၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့ပြီး တစ်ခုသော အရပ်ဆီသို့ လှမ်းမော့၍ ကြည့်လိုက်သည်။

ယုရုမန်မှာလည်း ပြန်၍ မေးလိုက်၏။ "ဘာဖြစ်လို့လဲ"

"ရှူး၊ တိုးတိုး" ရန်ကိုင်သည် နှုတ်ခမ်းပေါ် လက်ညှိုးတင်၍ တိုးတိုးနေရန် အချက်ပြလိုက်ပြီးသည့်နောက် ကောင်းကင်စိတ်အာရုံကို မသိမသာလေး ဖြန့်ကျက်လိုက်လေသည်။

ရန်ကိုင်၏ အပြုအမူသည် ယုရုမန်အား ကြိတ်၍ ဝမ်းသာသွားစေခဲ့လေသည်။ သူမ၏ ကယ်တင်ရှင်မှာ နောက်ဆုံးတွင် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမအနေဖြင့် ဤပျင်းရိငြီးငွေ့ဖွယ် ကောင်းသည့် ဘဝကြီးတွင်သာ တောက်လျှောက် နေနေရမည်ကို စိတ်ပူနေခဲ့ခြင်း ဖြစ်လေ၏။

တစ်ခဏအကြာတွင် ရန်ကိုင်သည် သက်ပြင်းချ၍ မပြီးပြတ်သေးသော ခြင်းတောင်းကို ချကာ မတ်တတ်ရပ်၍ ပြောလိုက်လေ၏။ "ရောက်နေပြီဆိုမှတော့ ဘာဖြစ်လို့ ထွက်မလာသေးတာလဲ"

ယုရုမန် အံ့အားသင့်သွားခဲ့လေသည်။ အခြားလူတစ်ဦး ရောက်နေသည်ကို သူမ သတိမထားမိခဲ့ပေ။ လက်ရှိ အခြေအနေအရ ရန်ကိုင်၏ ခန့်မှန်းချက် မှားလျှင်မှား မမှားပါက တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ သူမထက် ပိုမြင့်နေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက သူမအနေဖြင့် တစ်ဖက်လူ ရောက်နေသည်ကို သတိမထားမိစရာ အကြောင်းမရှိပေ။

သို့ပါသော်ငြား ရန်ကိုင်အနေဖြင့် မှား၍ အာရုံခံမိစရာ အကြောင်းမရှိ။ ထိုအကြောင်းကြောင့် တစ်ဖက်လူ၏ ကျင့်ကြံခြင်းမှာ သူမထက် ပိုမြင့်နေသည့်အတွက်ကြောင့်သာ ဖြစ်ရပေတော့မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters