← Chapters

အခန်း ၃၄၃၅

Vol. 151 Ch. 3435

အခန်း ၃၄၃၅

Vol. 151 Ch. 3435

အပိုင်း (၃၄၃၅)

ဘာသာပြန်သူ_တိမ်တိုက်

ဟင်းလင်းပြင် လှုပ်ခတ်သွားခဲ့ပြီး လူတစ်ဦး ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

ရန်ကိုင်လည်း ထိုလူအား မော့၍ ကြည့်လိုက်လေ၏။ သို့ပါသော်ငြား သူ့ကိုယ်သူ သိပ်၍ လိပ်ပြာမလုံသည့်အလား အကြည့်ရှောင်ဖယ်သွားခဲ့သည်။ သို့ပင်ဖြစ်လင့်ကစား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ပေသေး၏။ "ကျောင်းသခင်ဝမ်"

ရန်ကိုင် အရှေ့တွင် ပေါ်လာသည့် လူမှာ နေမင်းပြာကျောင်းတော်၏ ကျောင်းသခင် ဝမ်ကျိရှန်းသာ ဖြစ်လေသည်။

ဝမ်ကျိရှန်းက ဝမ်းနည်းနေသည့် အမူအရာဖြင့် သက်ပြင်းချ၍ ပြောလိုက်လေ၏။ "ငါ အကုန်ကြားပြီးသွားပြီ၊ မင်းအခု အဆင်ပြေရဲ့လား"

ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "ကျေးဇူးအများကြီးတင်ပါတယ် ကျောင်းသခင်ဝမ်၊ ကျုပ် ကံကောင်းစွာနဲ့ပဲ ပြန်ကောင်းသွားပါပြီ"

ဝမ်ကျိရှန်းက ပြောလိုက်သည်။ "နတ်ဆိုးလမ်းစဉ်ထဲ ကျရောက်သွားတယ်ဆိုတာက လုံးဝကို ခွင့်ပြုလို့ရတဲ့ အရာမျိုး မဟုတ်ဘူး၊ မင်း နှလုံးသားထဲမှာ နတ်ဆိုး ရှိနေတယ်လို့ စီနီယာသံမဏိသွေးက ပြောတယ်၊ အဲဒီနတ်ဆိုးကိုသာ ရှင်းမပစ်ရင် အခုလောလောဆယ် အန္တရာယ် မရှိသေးဘူးဆိုပေမဲ့ နောက်ပိုင်းကျရင်တော့ ကျိန်းသေကို ပြဿနာကြီး ဖြစ်လာမှာတဲ့"

"ဒါဆို ကျောင်းသခင်ဝမ်က ကျုပ်ကို ပြန်ခေါ်ဖို့ ရောက်လာတာလား" ရန်ကိုင်၏ လေသံမှာ ရုတ်ချည်းဆိုသလို အလွန်ကိုမှ တည်ငြိမ်သွားခဲ့လေသည်။ သို့ပါသော်ငြား သူ့လေသံထဲ ရန်လိုနေသည့် အရိပ်အယောင်များကို အထင်းသား မြင်နေရသည်။

ဝမ်ကျိရှန်းက ပြန်၍ ပြောလိုက်၏။ "စိတ်မပူနဲ့၊ ငါ မင်းရဲ့ရန်သူ မဟုတ်ဘူး၊ ငါ ဒီအတိုင်းပဲ စကားကောင်းကောင်း ပြောချင်လို့"

ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "ဒီတပည့် သေချာနားထောင်နေပါတယ်"

ဝမ်ကျိရှန်းက ခေါင်းညိတ်၍ စပြောလိုက်သည်။ "မင်းက ငါ့ရဲ့ နေမင်းပြာကျောင်းတော်ထဲမှာ ကြီးပြင်းလာခဲ့တာ မဟုတ်ဘူးဆိုပေမဲ့ မင်း တာအိုသခင်အဆင့် ဂျူနီယာတစ်ယောက် ဖြစ်ကတည်းက ငါ့နေမင်းပြာကျောင်းတော်နဲ့ အမျိုးမျိုး အဆက်အသွယ်ရှိတယ်၊ ဒါကြောင့် မင်း အခုလို အခြေအနေမျိုး ရောက်တဲ့အထိ ကြီးပြင်းလာတာကို ငါမြင်ခဲ့ရတယ်ဆိုရင်တောင် မမှားဘူး၊ မင်းသာ တောင်းဆိုခဲ့မယ်ဆိုရင် ငါ့ရဲ့ နေမင်းပြာကျောင်းတော်ရဲ့ တပည့်တစ်ယောက် ဖြစ်လာတာ ကြာပြီ၊ ဒါပေမဲ့ ငါတို့ကျောင်းတော်မှာ အဲဒီလို အခွင့်အရေး မရှိခဲ့ဘူး"

ရန်ကိုင်က ရှက်ရှက်ဖြင့် ရယ်မောလျက်... "ကျောင်းသခင်ဝမ် ယဉ်ကျေးလွန်းနေပါပြီ"

"ကံကောင်းစွာနဲ့ပဲ မင်းက ငါတို့ ကျောင်းတော်ရဲ့ အဆင့်မြင့်အကြီးအကဲတစ်ဦး ဖြစ်လာတယ်၊ မင်းက ကျောင်းတော်ရဲ့ အကြီးအကဲတစ်ဦးဆိုမှတော့ မင်းကိစ္စတွေကလည်း ဒီဝမ်ရဲ့ ကိစ္စပဲ၊ ပြီးတော့ ကျောင်းတော်နဲ့ ပတ်သက်နေတဲ့ ကိစ္စတွေပဲ၊ ရန်ကိုင်၊ မင်းရဲ့ ထက်ကောင်းကင်နန်းတော်နဲ့ မင်းရဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ မင်းအတွက် ဂရုစိုက်တဲ့ လူတွေကို ထောက်ထားပြီးတော့ ငါနဲ့ ပြန်လိုက်ခဲ့ပါလား"

ရန်ကိုင်က မျက်ခုံးပင့်လျက်... "ဒီတော့ ကျောင်းသခင်ဝမ်က ကျုပ်ကို ဖမ်းဖို့ ရောက်လာတာပေါ့"

ဝမ်ကျိရှန်းက မျက်မှောင်ကြုတ်လျက်... "ငါက ဘယ်လိုလုပ်ပြီး ဖမ်းတာဖြစ်ပါ့မလဲ၊ ငါသာ မင်းကို ဖမ်းမယ်ဆိုရင် အခုလိုမျိုး စကားပြောနေတော့မှာ မဟုတ်ဘူး၊ မင်းငါနဲ့ ပြန်လိုက်လာခဲ့မယ်ဆိုရင် ဘယ်သူမှ မင်းကို မထိခိုက်စေရဘူးလို့ ငါ အာမခံတယ်၊ ဒါပေမဲ့ မင်း နှလုံးသားထဲက နတ်ဆိုးကို ရှင်းပစ်ဖို့ မင်းဘက်က ပူးပေါင်းပေးမှတော့ ရလိမ့်မယ်"

"ဖြစ်လာပြီးမှတော့ ဘယ်လိုလုပ်ပြီး အဲဒီနတ်ဆိုးကို သွားပြီး ရှင်းပစ်လို့ ရဦးမှာလဲ" ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။

ဝမ်ကျိရှန်းက ပြန်၍ ပြောလိုက်လေ၏။ "အားကောင်းရင် အခြားသူတွေကို အနိုင်ရနိုင်တယ်ဆိုပေမဲ့ တကယ့် အောင်နိုင်ခြင်းက ကိုယ့်ကိုယ်ကိုယ် အနိုင်ရတာပဲ၊ ရန်ကိုင်၊ လမ်းကြောင်းမှားမသွားနဲ့နော်"

"ကျုပ် လမ်းကြောင်းမှားသွားတယ်" ရန်ကိုင်က အော်ရယ်မောလျက် ရုတ်ချည်း ဝမ်ကျိရှန်းအား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်လေသည်။ "ကျောင်းသခင်ဝမ် အကုန်လုံးကို ကြားပြီးသွားပြီမလား၊ ဘာတွေဖြစ်သွားလဲဆိုတာကိုရော သိတယ်မလား"

ဝမ်ကျိရှန်းသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် သက်ပြင်းချ၍... "စီနီယာသံမဏိသွေး စည်းကျော်သွားတာ မှန်တယ်ဆိုပေမဲ့ မင်းလည်း သူ ပြောတဲ့အတိုင်း လုပ်ပေးလိုက်သင့်တယ်"

ထိုစကားကို ကြားသော် ရန်ကိုင်၏ အမူအရာ ရုတ်ချည်း ခက်ထန်သွားခဲ့လေသည်။ "ဒီတော့ ကျောင်းသခင်ဝမ် ပြောတဲ့ပုံအရဆိုရင် ဒီဂျူနီယာက ရှီဟွော့ကို သံမဏိသွေး လက်ထဲကို လိုလိုလားလားနဲ့ ထည့်ပေးလိုက်ရမယ်ပေါ့"

ဝမ်ကျိရှန်းက ပြန်၍ ပြောလိုက်လေ၏။ "ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိတာပဲလေ"

ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "ရှီဟွော့က ကျုပ်ရဲ့ အရေးကြီး ပဓာနတွေထဲက တစ်ယောက်ပဲ၊ အခုလိုမျိုး အားကောင်းလာနိုင်ဖို့ သူ့ဘက်ကလည်း အများကြီး ကူညီပေးခဲ့တာ၊ ဒီတော့ သူက ကျုပ်ရဲ့ မိသားစုဝင်လို့ ပြောရင်တောင် မမှားဘူး၊ နတ်ဆိုးမျိုးနွယ်စုနဲ့ တိုက်ခိုက်တဲ့နေရာမှာလည်း မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေကို သတ်ပစ်ခဲ့သေးတယ်၊ ဒါပေမဲ့ ကောင်းကင်ဝါးမျိုခြင်းတိုက်ပွဲဥပဒေသကို သတ်ဖို့ အသက်ဆက်ရှင်လို့ မရတော့ဘူး၊ ဟုတ်လား၊ ဒီလောကကြီးက သန်းနဲ့ချီတဲ့ ကျင့်ကြံသူတွေ နေထိုင်နေတဲ့ ကမ္ဘာကြီးလား ဒါမှမဟုတ် သံမဏိသွေး တစ်ယောက်တည်းပဲ နေတဲ့ကမ္ဘာလား၊ ကျုပ်ရဲ့ ကျောက်တုံးကိုယ်ပွား စစ်ပွဲမှာ ဒီလောက် စွမ်းဆောင်ပေးခဲ့တာတွေနဲ့တင် သံမဏိသွေး သူ့အသက်ကို ချမ်းသာပေးဖို့ လုံလောက်နေပြီ" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ရန်ကိုင်သည် ဝမ်ကျိရှန်းအား စိုက်ကြည့်ရင်းမှ ဆက်ပြောလိုက်၏။

"ကျောင်းသခင် နားလည်မှာ မဟုတ်ပါဘူး၊ ဒီတော့ ဒီဂျူနီယာ ရဲရဲတင်းတင်းနဲ့ပဲ မေးလိုက်တော့မယ်၊ သံမဏိသွေးသာ စီနီယာအစ်မကောင်းရဲ့ ကျင့်ကြံခြင်းကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင် ကျောင်းသခင် ဘာလုပ်မှာလဲ"

ဝမ်ကျိရှန်းက မျက်မှောင်ကြုတ်လျက်... "မင်း မဆိုင်တဲ့ အကြောင်းတွေ ထည့်မပြောနဲ့"

ရန်ကိုင်က လှောင်ပြုံးပြုံးလျက်... "ကျုပ်အတွက်ဆို ရှီဟွော့ကလည်း ကျောင်းသခင် စီနီယာအစ်မကောင်းကို တန်ဖိုးထားသလိုပဲ"

ဝမ်ကျိရှန်း တိတ်သွားလေ၏။ ယခုအခါတွင်တော့ သူလည်း ဘာမျှ ပြန်မပြောနိုင်တော့ပေ။

ရန်ကိုင်က သက်ပြင်းအမောကြီးချလျက်... "ကျောင်းသခင်ဝမ်၊ ကျုပ်ကို ဘယ်လိုတွေ့သွားလဲဆိုတာတော့ ကျုပ် မသိဘူး၊ ဒါပေမဲ့ ကျုပ် ချင်းအာနဲ့အတူ ဒီမှာ အေးအေးဆေးဆေး နေဖို့ ဆုံးဖြတ်ပြီးသွားပြီ၊ အခုကနေစပြီးတော့ ကျုပ်ဘာသာကျုပ် အေးအေးဆေးဆေး နေတော့မယ်၊ ပြင်ပကိစ္စတွေကို ဆက်ပြီးတော့ ဂရုစိုက်မနေတော့ဘူး၊ ဒီတော့ ကျောင်းသခင် ကျုပ်တို့ အရင်ဆက်ဆံရေးကို ထောက်ထားပြီးတော့ ပြန်ထွက်သွားလိုက်ပါတော့၊ အခုအချိန်ကနေစပြီးတော့ ကျုပ်နဲ့ လီရှီချင်းကို ကြယ်တာရာအစုအဝေးထဲမှာ မရှိတော့ဘူးလို့ သတ်မှတ်ထားလိုက်ပေတော့"

ဝမ်ကျိရှန်း ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား အံ့ဩတကြီးဖြင့် ကြည့်၍… "မင်းက ဒီမှာနေချင်တာလား"

"ဟုတ်တယ်" ရန်ကိုင် ခေါင်းညိတ်လိုက်၏။

ဝမ်ကျိရှန်းက ထပ်၍ ပြောလိုက်၏။ "အဲဒါဆို ထက်ကောင်းကင်နန်းတော်"

"အဲဒါက ကျုပ်ကိစ္စ မဟုတ်တော့ဘူးလေ" ရန်ကိုင်က ဖြတ်ပြောလိုက်သည်။

ရန်ကိုင် စကားကြောင့် ဝမ်ကျိရှန်း ထိတ်လန့်သွားခဲ့လေ၏။ သူ့ခမျာ အတန်ကြာအောင် စကားမပြောနိုင်သည်အထိပင် ဖြစ်သွားခဲ့သည်။ နောက်ဆုံးမှသာ မဲ့ပြုံးပြုံးရင်းမှ ပြန်ပြောလိုက်လေ၏။ "မင်းရဲ့ စိတ်ထဲမှာ တကယ်ကို နတ်ဆိုးတစ်ကောင် ရှိနေတာပဲ"

"ကျောင်းသခင်က ကျုပ်ကို မရရအောင် ဖမ်းချင်နေတာလား" ရန်ကိုင်၏ မျက်လုံး ရုတ်ချည်း မှေးစင်းသွားခဲ့လေသည်။

ဝမ်ကျိရှန်းက သက်ပြင်းချလျက်... "မင်းရဲ့ နှလုံးသားထဲမှာ နတ်ဆိုးရှိနေတယ်ဆိုမှ ဒီကျောင်းသခင်လည်း ဒီအတိုင်း ရပ်ကြည့်နေလို့ ဘယ်ဖြစ်ပါတော့မလဲ"

ရန်ကိုင်က အံကြိတ်၍... "အဲဒါက ကျုပ်ကိစ္စလေ၊ ဘယ်လိုလုပ်ပြီး ကျောင်းသခင်ကိစ္စ ဖြစ်သွားရတာလဲ၊ ကျောင်းသခင်က ကျုပ်ကို အတင်းမရရအောင် ချောင်ရိုက်ပို့ချင်နေတာလား၊ ကျုပ် ကြယ်တာရာအစုအဝေးအတွက် အများကြီး လုပ်ပေးထားတာနော်၊ အဲဒါတွေအတွက်နဲ့ ကျုပ်ကို ဒီအတိုင်း လွှတ်ထားပေးလိုက်လို့ မရဘူးလား"

ဝမ်ကျိရှန်းသည် ရန်ကိုင်အား ဝမ်းနည်းစွာ ကြည့်ရင်းမှ ခေါင်းခါ၍... "မင်း ကြယ်တာရာအစုအဝေးအတွက် လုပ်ပေးခဲ့တာတွေကြောင့်ပဲ ငါမင်းကို အခုလိုမျိုး မထားခဲ့နိုင်တာ"

ရန်ကိုင်က အော်ရယ်မောလျက်... "ကျောင်းသခင်ရယ်၊ အခုလိုမျိုး ဝေ့ပတ်ပြီး ပြောဆိုနေမဲ့အစား သီချင်းသွားဆိုနေလိုက်တာက ပိုကောင်းလိမ့်မယ်၊ ကျောင်းသခင်က ဒီလောက်တောင် ခေါင်းမာနေချင်တယ်ဆိုမှတော့လည်း ဒီဂျူနီယာကလည်း မယဉ်ကျေးနိုင်တော့ဘူးပေါ့၊ အခု ထွက်လာလိုက်ပေတော့၊ ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ"

ထိုကဲ့သို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် အေးစက်စက် အကြည့်ဖြင့် ဝေ့ကြည့်လိုက်လေသည်။

ထို့နောက် ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ဧကရာဇ်တတိယအဆင့်ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြပြီး ရန်ကိုင်အား ဘက်ပေါင်းစုံမှ ဝိုင်းလိုက်ကြလေသည်။

ရန်ကိုင်သည် ထိုလူများကို ကြည့်၍ လှောင်ပြုံးပြုံးကာ... "ကောင်းတယ် ကောင်းတယ်၊ ရင်းနှီးနေတဲ့ မျက်နှာတွေ အများကြီးပါလား"

ကောင်းကင်တိုက်ပွဲတိုကျို၏ တော်ဝင်သခင် ဖြစ်သော မာချင်းသည် ဓားတစ်ချောင်းကို ကျောဘက်၌ ထား၍ လက်တစ်ဖက်ဖြင့် ကိုင်ထားရင်းမှ ကျန်လက်တစ်ဖက်ဖြင့် နှုတ်ခမ်းမွေးကို ပွတ်ကာ ပြောလိုက်လေ၏။ "ရန်ကောင်လေး၊ မင်း အခု အခြေအနေ ဘယ်လောက်ဆိုးနေလဲဆိုတာကို မင်းသိလား၊ မင်း အခုနေ ပြန်မလှည့်ရင် နောက်ကျသွားတော့မှာနော်၊ အခုလိုမျိုး နတ်ဆိုးလမ်းစဉ်ထဲ ကျပြီးတော့ အသိစိတ်ရှိရှိ ပြန်လာနိုင်တာ တော်တော်လေး ကံကောင်းနေပြီလို့ ပြောလို့ရတယ်၊ နောက်တစ်ကြိမ်သာ ထပ်ဖြစ်ရင် မင်းအတွက် ပြန်လမ်း မရှိတော့ဘူး"

ရန်ကိုင်ကမူ ပြန်မဖြေခဲ့ဘဲ လီကျောက်ကို ကြည့်၍သာ မေးလိုက်လေ၏။ "ရောင်းရင်းလီကရော ကျုပ်ကို ဘာတွေတင်ပြချင်သေးလဲ"

လီကျောက်သည် သူ့မျက်နှာအား လက်ဖြင့်အုပ်ရင်းမှ ပြန်ပြောလိုက်လေ၏။ "ဒီလူလည်း ရွေးစရာ မရှိတော့လို့ အတူလာခဲ့ရတာပါ၊ ရောင်းရင်းရန် ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါနော်"

ရန်ကိုင်က ခေါင်းညိတ်၍ အခြားလူတစ်ယောက်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ "ကျောင်းသခင်ကျိုးရော"

ထိုလူမှာ အနောက်ဘက်နယ်မြေ အားယန်ကျောင်းတော်၏ ကျောင်းသခင် ကျိုးယိဝမ်သာ ဖြစ်လေသည်။

ကျိုးယိဝမ်သည် လက်တစ်ဖက်ဖြင့် လက်ကွက်များကို ထုတ်ဖော်ရင်းမှ ပြုံးကာ ပြောလိုက်လေ၏။ "နန်းတော်သခင်ရန်၊ ကျုပ်ကို ဘာပြောစေချင်တာလဲ"

ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ "ခင်ဗျား မပြောချင်ရင် ဘယ်သူမှ ခင်ဗျားကို ပြောဖို့ တွန်းအားပေးမနေဘူးလေ"

ဘေးဘက်တွင် ရှိနေသော ရှောင်ယုယန်ကမူ ဝင်၍ ပြောလိုက်လေသည်။ "ရန်ကိုင်၊ အခု လမ်းကြောင်းကနေ ပြန်လှည့်လာလိုက်ရင် ကောင်းလိမ့်မယ်နော်"

လဲ့ဟုန်ကလည်း အော်ပြောလိုက်လေ၏။ "မင်းက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတယ်၊ မင်းမှာ ပြန်ပြင်ဖို့ အခွင့်အရေး ရှိနေသေးတာကို ဘာဖြစ်လို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ"

ရန်ကိုင်သည် မျက်လွှာချ၍ ရပ်ကာ အကုန်လုံး စကားပြောလို့ ပြီးသွားမည်ကို စောင့်နေလိုက်သည်။ နောက်ဆုံးကျမှသာလျှင် ပြန်၍ ပြောလိုက်လေ၏။ "အကုန်လုံး ပြီးပြီလား၊ အဲဒါဆို ကျုပ်အလှည့်ပဲ"

ဝမ်ကျိရှန်းက ခေါင်းညိတ်၍ ပြောလိုက်လေ၏။ "မင်း ပြောစရာရှိတာ ငါတို့ နားထောင်နေပေးမယ်"

ရန်ကိုင်က ရုတ်တရက် ပြုံးဖြီးကာ ပြောလိုက်လေ၏။ "ကြယ်တာရာအစုအဝေး အခုလိုမျိုး ဖြစ်နေတာတောင် ဒီဂျူနီယာကို ရင်ဆိုင်ဖို့ ဒီလောက်များတဲ့ ပညာရှင်တွေ စေလွှတ်လိုက်တာတော့ တကယ်ကို အံ့ဩစရာပဲ၊ ဒါပေမဲ့ ဒီဂျူနီယာ ခင်ဗျားတို့ကို အထင်သေးတာတော့ မဟုတ်ဘူး၊ ခင်ဗျားတို့ ဒီလောက် လူအရေအတွက်ကလေးနဲ့ ဒီဂျူနီယာ ထွက်သွားချင်ရင် တားနိုင်မယ်လို့ ထင်လား"

ဝမ်ကျိရှန်းက အံကြိတ်ရင်းမှ ပြန်အော်ပြောလိုက်၏။ "ရန်ကိုင်၊ ခေါင်းမာမနေနဲ့တော့"

ရန်ကိုင်က အေးစက်စက် လေသံဖြင့်... "ဒီဂျူနီယာက ကိုယ့်ဘာသာကိုယ် ချင်းအာနဲ့ ဒီတောတောင်ထဲမှာ နေဖို့ ဆုံးဖြတ်ပြီးသွားပြီ၊ ဒါပေမဲ့ ခင်ဗျားတို့ အားလုံးက ကျုပ်ကို ဒီလောက်တောင် ထပ်တလဲလဲ ဖိအားပေးနေမှတော့ ဒီဂျူနီယာလည်း ခင်ဗျားတို့ မျှော်လင့်ထားတဲ့အတိုင်း ပြဿနာရှာပေးရသေးတာပေါ့"

ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်သည် ရုတ်တရက်ဆိုသလို ယုရုမန်၏ ဘေး၌ ပြန်ပေါ်လာပြီး သူမ ခါးကို လက်တစ်ဖက်ဖြင့် ဆွဲရင်းမှ ပြောလိုက်လေ၏။ "သွားပေတော့"

လေဟာနယ်နိယာမတို့ လှုပ်ခတ်သွားခဲ့ပြီး ရန်ကိုင်မှာ တည်နေရာခုန်ကူးရန် ပြင်လိုက်သည်။

သို့ပါသော်ငြား ချက်ချင်းဆိုသလို ရန်ကိုင် မျက်လုံး မှေးစင်းသွားခဲ့လေသည်။ အကြောင်းမှာ လေဟာနယ်နုတ် အားလုံး ချိတ်ပိတ်ထားခံရသည့်အတွက်ကြောင့်ပင်။

ရန်ကိုင်သည် တစ်ခုသော အရပ်ဆီသို့ လှမ်းကြည့်၍ အော်ပြောလိုက်လေ၏။ "လီဝူရီ"

နှင်းဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ဦး ပေါ်လာခဲ့လေသည်။ လေဟာနယ်နုတ်များကို မည်သူမျှ သတိမထားမိဘဲ ချိတ်ပိတ်ပစ်နိုင်သည့် လူဆို၍ လီဝူရီ တစ်ဦးသာ ရှိပေသည်။

ယုရုမန်၏ အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့သည်။ လက်ရှိ အခြေအနေမှာ စတင်၍ အန္တရာယ်များလာပြီဟု သူမ စိတ်ထဲ ခံစားနေရလေသည်။ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားသည့်အတွက်ကြောင့် ဧကရာဇ်တတိယအဆင့်ပညာရှင်ပေါင်း များစွာ၏ ဝိုင်းဝန်းဖမ်းဆီးခြင်း ခံရမည်ဆိုလျှင်ပင် ရန်ကိုင်အနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ပေသေးသည်။

သို့ပါသော်ငြား လီဝူရီပါ ပါလာခဲ့မည်ဆိုလျှင်တော့ အခြေအနေမှာ မတူတော့ပေ။

လေဟာနယ်တာအိုအရ ရန်ကိုင်နှင့် လီဝူရီတို့မှာ အဆင့်တူနီးပါးတွင် ရှိနေကြသည်။ ရန်ကိုင်၏ အကြီးမားဆုံးသော ဝှက်ဖဲမှာ အသုံးပြု၍ မရတော့ပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏ တိုက်ပွဲစွမ်းရည်မှာ အကြီးအကျယ် လျော့ကျသွားပေလိမ့်မည်။

ယခု ရန်ကိုင် ဘာလုပ်နိုင်ပါတော့မည်နည်း။

သူမ ထိတ်လန့်နေစဉ်မှာပင် ပြင်းထန်သည့် အားတစ်ရပ် သူမ ခါးဆီသို့ တိုးဝင်လာနေသည်ကို ခံစားမိလိုက်သည်။ ရန်ကိုင်က အော်ပြောလိုက်လေ၏။ "အရင်ထွက်သွားလိုက်၊ ငါပြီးမှ နင့်ကို လာရှာမယ်"

သူမသာ ရှိနေလျှင် ရန်ကိုင်အနေဖြင့် သူမအား ကာကွယ်ရင်း အလုပ်ရှုပ်နေရမည်မှန်း ယုရုမန် သိပေသည်။ ထိုအတွက်ကြောင့် တုံ့ဆိုင်းမနေတော့ဘဲ ရန်ကိုင်မှ တွန်းထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ယုရုမန်မှာလည်း အနည်းငယ်မျှပင် တွေဝေမနေခဲ့ဘဲ ချက်ချင်း ထွက်ပြေးတော့လေ၏။ ယုရုမန်သည် ထွက်ပြေးသွားပြီးသည့်နောက် အနောက်သို့ လှည့်ကြည့်လိုက်ရာ ရန်ကိုင်မှာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဧကရာဇ်ချီကို အပြည့်အဝ လှည့်ပတ်ထားကြောင်း တွေ့ရှိလိုက်ရလေသည်။

ရန်ကိုင်ကမူ လက်မြှောက်ရင်းမှ ရှောင်ယုယန်ဆီသို့ လက်ဝါးချက် ရိုက်ထုတ်လိုက်သည်။

လေဟာနယ်နိယာမတို့ ဖြာထွက်လာခဲ့ပြီး ရှောင်ယုယန် ရှိနေသည့် ဟင်းလင်းပြင်မှာ ရုတ်တရက် ပြိုကျကာ ထိုနေရာတွင် အရာအားလုံးကို ဝါးမျိုပစ်နိုင်သယောင် ထင်မှတ်ရသော တွင်းနက်ကြီးတစ်ခု ပေါ်လာခဲ့လေသည်။

လီဝူရီ၏ အမူအရာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ပြီး ထအော်လေ၏။ "ရပ်လိုက်"

အခြားသူများမှာလည်း ဖြူဖတ်ဖြူရော် ဖြစ်ကုန်ကြပြီး အလျင်စလို သွားရောက် အပြေးကူညီကြလေ၏။

ရှောင်ယုယန်မှာ တွင်းနက်ကြီး၏ စွမ်းအားကို အသည်းအသန် ခုခံနေရလေသည်။ သို့ပါသော်ငြား ထိုတွင်းနက်မှာ ရန်ကိုင်၏ ဝှက်ဖဲများအနက် တစ်ခုဖြစ်သလို တွင်းနက်သည် ဗြုန်းစားကြီး ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ ရန်ကိုင်မှ သူ့အား ရုတ်တရက်ကြီး တိုက်ခိုက်လာမည်ဟု မထင်ထားသည့်အတွက်ကြောင့် ရှောင်ယုယန်မှာလည်း လုံးဝကို အလစ်ငိုက်မိသွားခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တုံ့ပြန်နေဖို့ရာ အချိန်လုံးဝ မရှိခဲ့ပေ။

တွင်းနက်ကြီးမှာ တဖြည်းဖြည်းနှင့် အရွယ်အစား ကြီးမားလာခဲ့လေရာ တွင်းနက်ကြီး ပျောက်ကွယ်သွားချိန်တွင်တော့ ရှောင်ယုယန် ရှိနေသည့် နေရာမှာ ဗလာကျင်းနေခဲ့လေသည်။

လူတိုင်း မှင်တက်သွားခဲ့လေ၏။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဧကရာဇ်တတိယအဆင့်ပညာရှင်တစ်ဦး အသတ်ခံလိုက်ရလေသည်။

ရန်ကိုင်၏ ခွန်အားကို သူ့ကျင့်ကြံခြင်းကို ကြည့်၍ သွားရောက်တိုင်းတာ၍ မရမှန်း လူတိုင်းသိကြပေသည်။ သို့ပါသော်ငြား တကယ်တမ်း ရင်ဆိုင်ကြည့်လိုက်သည့်အခါမှသာလျှင် ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သဘောပေါက်သွားကြတော့သည်။

လီဝူရီကမူ ရန်ကိုင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်ရင်းမှ ရေရွတ်လိုက်လေ၏။ "မင်းက တကယ်ကို စိတ်ပျက်စရာပဲ"

ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် ပြုံး၍... "စီနီယာနဲ့ လေဟာနယ်တာအိုအကြောင်း ယှဉ်ပြိုင်ချင်နေတာ တော်တော်လေး ကြာနေပြီ၊ ဒါပေမဲ့ တစ်ခါမှ အခွင့်အရေး မရခဲ့ဘူး၊ ကြည့်ရတာတော့ ဒီနေ့ အဲဒီလို အခွင့်အရေး ရပြီနဲ့ တူတယ်"

"မင်းဆန္ဒအတိုင်းပဲပေါ့" လီဝူရီက အော်ပြောလိုက်လေ၏။

ရန်ကိုင်တို့ နှစ်ဦးမှာ လေဟာနယ်နိယာမများကို စတင်၍ အသက်သွင်းချလိုက်ရာ ချက်ချင်းဆိုသလို ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံးအနှံ့ ဟင်းလင်းပြင်အက်ကြောင်းများ စတင်၍ ထွက်ပေါ်လာကုန်ကြလေသည်။ ထိုအချင်းအရာကို မြင်လိုက်သော် အနီးနားတွင် ရှိနေကြသော ဧကရာဇ်တတိယအဆင့်ပညာရှင်များ၏ မျက်နှာ ဖြူရော်သွားကုန်ကြပြီး အလျင်စလို အနောက်သို့ ပြန်ဆုတ်ကြလေသည်။ ဟင်းလင်းပြင်အက်ကွဲကြောင်းများမှာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေလေရာ မည်သူမျှ ထိုဟင်းလင်းပြင်အက်ကြောင်းများအား သွားထိရဲခြင်း မရှိကြပေ။

အကုန်လုံးမှာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည့်အခိုက် ရန်ကိုင်နှင့် လီဝူရီတို့မှာ ရေထဲ ကူးကလန်ခတ် သွားလာနေသည့် ငါးများပမာ ထိုဟင်းလင်းပြင်အက်ကြောင်းများထဲ ခေါက်တုံ့ခေါက်ပြန် လူးလွန့်လှုပ်ရှားနေကြောင်းကို တွေ့ရှိလိုက်ရသည်။

အကုန်လုံးမှာ အကြည့်ချင်း ဖလှယ်လိုက်ကြလေ၏။ ဤကဲ့သို့သော တိုက်ပွဲမျိုးထဲ သူတို့အနေဖြင့် ပါဝင်ပတ်သက်၍ မရမှန်း သိလိုက်သည့်နောက် ဘေးပတ်ဝန်းကျင်တွင် ရပ်၍သာ အခွင့်အရေး ရောက်ရှိလာမည်ကို စောင့်ဆိုင်းနေလိုက်ကြတော့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters