← Chapters

အခန်း ၃၄၃၆

Vol. 151 Ch. 3436

အခန်း ၃၄၃၆

Vol. 151 Ch. 3436

အပိုင်း (၃၄၃၆)

ဘာသာပြန်သူ_တိမ်တိုက်

ဟင်းလင်းပြင် တစ်ခုလုံးမှာ ပျက်စီးနေပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နေပါသော်ငြား ရန်ကိုင်နှင့် လီဝူရီတို့မှာတော့ ထိုနေရာထဲ လွတ်လွတ်လပ်လပ် သွားလာနိုင်နေကြသည်။

ရုတ်တရက်ဆိုသလို ရန်ကိုင်နှင့် လီဝူရီတို့မှာ တစ်ခုသော ဟင်းလင်းပြင်အက်ကြောင်းထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့ နှစ်ဦး ပျောက်ကွယ်သွားပြီးသည့်နောက်တွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများမှာ လောကနိယာမများ၏ ပြန်လည်ပြင်ဆင်ခြင်း ခံရကာ အလိုလို ပြန်ကောင်းသွားကြလေ၏။

ဝမ်ကျိရှန်းနှင့် အခြားသူများမှာ အလေးအနက် အမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ရန်ကိုင်နှင့် လီဝူရီသည် ဟင်းလင်းပြင်အက်ကြောင်း တစ်ခုထဲသို့ ဝင်သွားခဲ့ကြခြင်း ဖြစ်သည်။ သူတို့အနေဖြင့် သူတို့ အနောက်သို့ လိုက်သွားဖို့ရာ မဖြစ်နိုင်လှ။ ယုရုမန်ကိုလည်း ဂရုမစိုက်နိုင်။ ရန်ကိုင်အနေဖြင့် လီဝူရီ လက်မှ ကျိန်းသေ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။ ယုရုမန်မှာလည်း ပန်းအရိပ်မဟာဧကရာဇ်၏ ဧကရာဇ်ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် သူမကို ပန်းအရိပ်မဟာဧကရာဇ်ကသာ ကိုင်တွယ်ပေလိမ့်မည်။

တောင်တစ်ခုလုံးမှာတော့ ငြိမ်သက်တိတ်ဆိတ်နေခဲ့လေသည်။ အသစ်စက်စက် ဆောက်လုပ်ထားသော သစ်သားအိမ်လေးမှာ တစ်စစီ ပျက်စီးပြိုကျနေခဲ့ပြီး ရန်ကိုင် ထွန်ယက်ထားသော လယ်ကွင်းလေးမှာလည်း လုံးဝကို ပွနေလေ၏။ ရန်ကိုင်နှင့် လီဝူရီမှာ တစ်ခဏလေးသာ တိုက်ခိုက်ခဲ့ပါသော်ငြား ဤနေရာ တစ်ခုလုံးကို ဖျက်ဆီးပစ်သွားခဲ့သည်။

ရန်ကိုင်နှင့် လီဝူရီသည် ဟင်းလင်းပြင်အက်ကြောင်းထဲ အတူတူ ပြန်ပေါ်လာကြသည်။ ထို့နောက် တစ်ဦးကိုတစ်ဦး ကြည့်၍ ပြိုင်တူ ပြောလိုက်ကြလေ၏။ "လူခွဲရှာမယ်"

ထို့နောက်တွင် ရန်ကိုင်တို့ နှစ်ဦးမှာ လူခွဲကာ ဟင်းလင်းပြင်စီးကြောင်းထဲ လူးလွန့်သွားလာရင်း ရှာဖွေကြတော့လေ၏။

မကြာမီပင် ရန်ကိုင်မှာ ဟင်းလင်းပြင်ထဲသို့ သူ တွန်းထည့်လိုက်သော ရှောင်ယုယန်ကို ပြန်ရှာတွေ့သွားခဲ့သည်။ လက်ရှိ အခိုက်အတန့်တွင် ရှောင်ယုယန်မှာ အခြေအနေ မကောင်း။ သူ့ခန္ဓာကိုယ် တစ်ဝက်မှာ ဟင်းလင်းပြင်စီးကြောင်းထဲသို့ ရောက်နေလေ၏။

ရန်ကိုင်သည်သာ ရှောင်ယုယန်အား ရှာမတွေ့သွားခဲ့လျှင် ရှောင်ယုယန်မှာ ဟင်းလင်းပြင်အက်ကြောင်းထဲ ထာဝရ ပျောက်ကွယ်သွားရပေလိမ့်မည်။ ထိုသို့သာ ဖြစ်သွားသည့်အခါတွင် ရန်ကိုင်နှင့် လီဝူရီတို့သည်ပင်လျှင် ရှောင်ယုယန်အား ပြန်ရှာနိုင်တော့လိမ့်မည် မဟုတ်ပေ။

ရန်ကိုင်မှာ ရှောင်ယုယန်အား ပြန်ဆွဲထုတ်ရန်အတွက် အတော်လေး ကြိုးစားလိုက်ရသည်။

ရှောင်ယုယန်သည် ရန်ကိုင်အား မယုံသင်္ကာ အမူအရာဖြင့် ကြည့်၍ မေးလိုက်လေ၏။ "ဘာတွေဖြစ်နေတာလဲ"

ရန်ကိုင်က ပြုံးရင်းမှ... "အကြီးအကဲရှောင် မေးချင်ရင် စီနီယာလီကိုသာ သွားမေးလိုက်၊ သူ ရှင်းပြပေးလိမ့်မယ်"

ရှောင်ယုယန် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ့စိတ်ထဲ သံသယများစွာ ရှိနေပါသော်ငြား ရန်ကိုင်မှ ပြောမပြသည့်အတွက်ကြောင့် ရန်ကိုင် အနောက်သို့ လိုက်၍ လီဝူရီအား သွားမေးရုံသာ ရှိတော့လေသည်။

တစ်ခဏမျှ လျှောက်လာပြီးသည့်နောက် လီဝူရီ သူတို့ဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။ အဖွဲ့နှစ်ဖွဲ့ ဆုံသွားသည့်အခိုက် ရှောင်ယုယန် လုံးဝ အန္တရာယ်ကင်းနေကြောင်း အတည်ပြုပြီးသည့် နောက်မှသာလျှင် လီဝူရီ စိတ်သက်သာရာ ရသွားခဲ့သည်။

ရန်ကိုင်က ချက်ချင်းပဲ အထွန့်တက်လိုက်လေ၏။ "စီနီယာ၊ ဘာတွေ ဒီလောက်တောင် ကြာနေတာလဲ၊ ကျုပ် သတင်းပို့ထားတာ လွန်ခဲ့တဲ့ ရှစ်ရက်ကတည်းက"

ရန်ကိုင် စကားကို ကြားပြီးသည့်နောက် ရှောင်ယုယန် မျက်လုံးပြူးသွားပြီး ပြန်၍ မေးလိုက်လေ၏။ "မင်း နေတဲ့နေရာကို မင်းကိုယ်တိုင် ပြောပြထားတာလား" ယခင်က လီဝူရီမှ ရန်ကိုင် ပုန်းနေသည့် နေရာအား တိတိကျကျ ရှာတွေ့ခဲ့သည့်အပေါ် သူတို့ စိတ်ထဲ ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ ယခုမှသာလျှင် ရန်ကိုင်မှ သူနေသည့် နေရာကို တမင်တကာ ထုတ်ပြောထားခဲ့ကြောင်း သဘောပေါက်သွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ" ရှောင်ယုယန်မှာ လုံးဝကို အံ့ဩနေလေ၏။

လီဝူရီက ပြန်ပြောလိုက်၏။ "ငါ့မှာလည်း ရွေးချယ်စရာမှ မရှိတာ၊ ဒီအတိုင်း ထွက်လာလို့က အဆင်မပြေဘူးလေ၊ နောက်ဆုံး နတ်ဆိုးစစ်တပ်ကို နည်းနည်းပါးပါး အထိနာအောင် လုပ်ပြီးသွားတော့မှပဲ အချိန်လေးဘာလေး ရလို့လာခဲ့တာ"

ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "ကျုပ် စိတ်ပူနေတာက စီနီယာသာ အရမ်းကြာနေရင် ကျုပ် နေတဲ့နေရာ ပေါ်သွားမှာကိုပဲ"

ရှောင်ယုယန်က ဝင်၍ ပြောလိုက်၏။ "နေပါဦး၊ မင်းတို့ ဘာတွေ ဖြစ်နေလဲ ငါ့ကို တစ်ချက်လောက် သေသေချာချာလေး ပြောပြကြပါဦး"

ရန်ကိုင်နှင့် လီဝူရီမှာ တစ်ဦးကိုတစ်ဦး ကြည့်၍ ရယ်မောလိုက်ကြလေသည်။

လီဝူရီက ပြန်ပြောလိုက်၏။ "အများကြီး မေးမနေနဲ့၊ ပြီးရင်လည်း ဒီကိစ္စကို ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့၊ ရှင်းရှင်းပြောရရင် ဒီကိစ္စက မဟာဧကရာဇ်တွေရဲ့ အကြံပဲ"

မဟာဧကရာဇ်များနှင့် ပတ်သက်သည့် ကိစ္စမှန်း သဘောပေါက်လိုက်သော် ရှောင်ယုယန်မှာ ချက်ချင်းကို ပါးစပ်ပိတ်နေတော့သည်။ ရန်ကိုင်နှင့် လီဝူရီတို့ ဘာကြံနေလဲဆိုတာ သူ မသိပါသော်ငြား နှစ်ဦးသားမှာ သဘောတူ လှုပ်ရှားနေကြခြင်း ဖြစ်မှန်းတော့ သူ ပြောနိုင်ပေသည်။ သို့ပါသော်ငြား သူတို့နှစ်ဦး ဘာကို ကြံချင်သည့်အတွက်ကြောင့် ယခုကဲ့သို့ လုပ်နေရသလဲဆိုသည်ကိုတော့ သူသဘောမပေါက်ပေ။

လီဝူရီ၏ အမူအရာ ရုတ်ချည်း လေးနက်သွားခဲ့လေသည်။ "အခုတစ်ကြိမ် အောင်မြင်နိုင်ခြေ ဘယ်လောက်ရှိလဲ"

ရန်ကိုင်က ပြန်၍ ပြောလိုက်၏။ "တော်တော်လေးတော့ မြင့်တယ်"

လီဝူရီက သက်ပြင်းချလျက်... "မင်း အခုလိုမျိုး မတရားခံနေရတာကို ကြည့်ရတာတော့ တကယ်ကို စိတ်မကောင်းစရာပဲ၊ ဒါနဲ့ ထက်ကောင်းကင်နန်းတော်က တပည့်တွေကို အကုန်လုံး ဂိုဏ်းဆီ ပြန်လွှတ်ပြီးတော့ ဂိုဏ်းရဲ့ တံခါးပေါက်ကိုပါ ပိတ်ထားခိုင်းလိုက်ပြီလို့ စီနီယာသံမဏိသွေးက ငါ့ကို ပြောခိုင်းလိုက်တယ်"

ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ "ဒါဆို ကျုပ်ကိုယ်စားပဲ စီနီယာသံမဏိသွေးကို ကျေးဇူးတင်စကား ပြောပေးပါဦး"

ရန်ကိုင်မှာ အရူး မဟုတ်သည့်အလျောက် စီနီယာသံမဏိသွေး ဘာကြောင့် ထိုကဲ့သို့ လုပ်ရသလဲဆိုသည်ကို နားလည်ပေသည်။ ရန်ကိုင် ကိုယ်တိုင်သည် အပြစ်သားတစ်ဦး ဖြစ်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ထက်ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများအဖို့ ပြင်ပလောကကြီးတွင် လူလုံးထွက်ပြဖို့ရာ အဆင်မပြေလှတော့ပေ။

"ပြီးတော့ မင်း ခေါ်လာတဲ့ နဂါးမလေးလည်း ထွက်သွားပြီ၊ ကြည့်ရတာ နဂါးကျွန်းဆီ ပြန်သွားတာနဲ့တူတယ်" လီဝူရီက ပြောလိုက်လေ၏။

"ဖုလင် နဂါးကျွန်းဆီ ပြန်သွားတာလား" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ "အဲဒါဆိုရင်တော့ နည်းနည်း ပြဿနာများတော့မှာပဲ"

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ဆက်၍ ပြောလိုက်လေ၏။ "နဂါးကျွန်းက တစ်ယောက်ယောက် လာပြီးတော့ ကျိန်းသေ စုံစမ်းလိမ့်မယ်၊ ကျုချင်းလာရင် ကျေးဇူးပြုပြီးတော့ သူ့ကို ထက်ကောင်းကင်နန်းတော်ဆီသာ လွှတ်ပေးပြီးတော့ စုယန်နဲ့ အခြားသူတွေကို ရှင်းပြခိုင်းလိုက်ပါဦး၊ ပထမအကြီးအကဲ ဒါမှမဟုတ် ဒုတိယအကြီးအကဲ တစ်ယောက်ယောက်ဆိုရင်တော့ မဟာဧကရာဇ်တွေကိုပဲ ရှင်းပြခိုင်းလိုက်ပေါ့"

လီဝူရီက ခေါင်းညိတ်လိုက်သည်။ "စိတ်မပူနဲ့၊ စီနီယာတွေ အကုန်လုံးက စီစဉ်ပြီးသား၊ နဂါးကျွန်းနဲ့တော့ ပြဿနာအတက်ခံမှာ မဟုတ်ဘူး"

တစ်ခဏမျှ စကားပြောနေပြီးသည့်နောက် ရန်ကိုင်က သက်ပြင်းချ၍... "ကဲ၊ အချိန်တန်နေပြီ၊ ကျုပ် သွားတော့မယ်"

လီဝူရီက အလေးအနက် အမူအရာဖြင့် သတိပေးလိုက်၏။ "သတိထားဦးနော်"

"အင်း" ရန်ကိုင်လည်း ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ရုတ်တရက် သူ့လက်ကို မြှောက်ကာ သူ့ရင်ဘတ်အား အကြိမ်အနည်းငယ်ခန့် ထုရိုက်ချလိုက်လေသည်။ ထို့နောက် ပါးစပ်ကို ဟ၍ ရွှေရောင်သွေးများကို ထိုးအန်ချလိုက်ရာ သူ့ခန္ဓာကိုယ် တစ်ဝက်မှာ သွေးများဖြင့် ရွှေရောင်တောက်သွားတော့လေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ယုယန် အံ့အားသင့်နေခဲ့လေသည်။

ထို့နောက်တွင် ရန်ကိုင်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်သွားလေ၏။

ရန်ကိုင် အပြင်ဘက်၌ ပေါ်လာပြီးသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်အား အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံများစွာမှ ပစ်မှတ်ထားလာခဲ့သည်။ ထိုကောင်းကင်စိတ်အာရုံ ပိုင်ရှင်များမှာ ဤအနီးတစ်ဝိုက်ကို စောင့်ကြည့်နေကြသော ဝမ်ကျိရှန်းနှင့် အခြားသော ဧကရာဇ်အဆင့်ပညာရှင်များသာ ဖြစ်ကြလေသည်။

ရန်ကိုင်သည် ထိုလူများဘက်သို့ လှည့်၍ ခက်ထန်ကြမ်းကြုတ်သည့် အမူအရာဖြင့် အော်ပြောလိုက်၏။ "အခုလိုမျိုး ဖော်ဖော်ရွေရွေနဲ့ လာပြီးတော့ ဂုဏ်ပြုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ဒီရန် ဒီနေ့ကိစ္စကို ကျိန်းသေ မှတ်ထားပြီးတော့ နောက်ကျမှပဲ အတိုးနဲ့ ပြန်ဆပ်ပေးပါမယ်"

ထိုသို့ ပြောပြီးသည့်နောက် လေဟာနယ်နိယာမတို့ လှုပ်ခတ်သွားခဲ့ပြီး ရန်ကိုင်သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

"စီနီယာလီရော" ကျိုးယိဝမ်၏ မျက်နှာ သုန်မှုန်သွားခဲ့သည်။ ရန်ကိုင်နှင့် လီဝူရီမှာ နှစ်ဦးအတူ ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ဝင်သွားခဲ့ကြခြင်း ဖြစ်သည်။ သို့ပါသော်ငြား ရန်ကိုင်သာ ပြန်ထွက်လာခဲ့ပြီး လီဝူရီမှာ ပျောက်နေခဲ့သည်။ ထိုအကြောင်းကြောင့် သူ့စိတ်ထဲ အခြေအနေ မကောင်းဟု ခံစားလိုက်ရခြင်းပင် ဖြစ်လေသည်။

ကျိုးယိဝမ်မှ ထိုကဲ့သို့ မေးပြီးသည်နှင့် တစ်ပြိုင်နက် အဖြူရောင်ဝတ်ရုံဝတ် လူတစ်ဦး ပေါ်လာခဲ့သည်။

လီဝူရီ ပေါ်လာသည်ကို မြင်လိုက်သည့်အခါမှသာလျှင် ကျိုးယိဝမ် စိတ်သက်သာရာရသွားခဲ့သည်။

သို့ပါသော်ငြား လီဝူရီမှာ တစ်ကိုယ်တည်း ပေါ်လာခြင်း မဟုတ်။ လီဝူရီနှင့်အတူ မျက်နှာဖြူဖတ်ဖြူရော် ဖြစ်နေသော ရှောင်ယုယန်ပါ ပါလာခဲ့လေသည်။

ထိုအခါ လဲ့ဟုန်က ဝမ်းသာအားရ အမူအရာဖြင့် မေးလိုက်လေ၏။ "လူအိုကြီးရှောင်၊ မင်း အဆင်ပြေရဲ့လား"

ရှောင်ယုယန်ကမူ ကြောက်ကြောက်ရွံ့ရွံ့ အမူအရာဖြင့်... "စီနီယာလီ ငါ့ကို အချိန်မီ လာရှာလိုက်လို့ ကံကောင်းသွားတယ်၊ မဟုတ်ရင်တော့" သူ့စကားကို ဆုံးအောင် မပြောရသေးခင်မှာပင် ရှောင်ယုယန်၏ ခန္ဓာကိုယ် တုန်တုန်ယင်ယင် ဖြစ်သွားခဲ့လေသည်။ ဟင်းလင်းပြင်အက်ကွဲကြောင်းသို့ ရောက်သွားခဲ့ပြီး ဟင်းလင်းပြင်စီးကြောင်း၏ ဝါးမျိုခြင်း ခံရသည့် အဖြစ်အပျက်ကို ရှောင်ယုယန် ဟန်ဆောင်ပြနေခြင်း မဟုတ်။ ထိုစဉ်က သူတကယ် ကြုံခဲ့ရသည့် အရာကို ပြန်စဉ်းစားမိတိုင်း အမှန်တကယ်ကို ကြောက်လန့်သွားမိခဲ့ခြင်း ဖြစ်ပေသည်။

မာချင်းသည် တစ်ခုသော အရပ်ဆီသို့ ညွှန်ပြရင်းမှ ပြောလိုက်လေ၏။ "အဲဒီကောင် အဲဒီဘက်ကို ထွက်ပြေးသွားတယ် ဆရာ၊ ကျုပ်တို့ ဘာလုပ်ကြမလဲ"

လီဝူရီက မှုန်ကုပ်ကုပ် အမူအရာဖြင့်... "သူ့နောက်ကို လိုက်ရမှာပေါ့၊ ငါတို့ သူ့ကို အသေရရ အရှင်ရရ ပြန်ခေါ်သွားမှ ဖြစ်မယ်" ထိုသို့ ပြောပြီးသည့်နောက်တွင် အရှေ့မှ ဦးဆောင်၍ ရန်ကိုင် အနောက်သို့ လိုက်သွားလေသည်။ အခြားသူများသည်လည်း တုံ့ဆိုင်းခြင်း မရှိဘဲ ရန်ကိုင် အနောက်သို့ ပြေးလိုက်သွားကြလေ၏။ သူတို့အနေဖြင့် ရန်ကိုင် အနောက်သို့ လိုက်ချင်ချင် မလိုက်ချင်ချင် လိုက်ကို လိုက်ရပေလိမ့်မည်။

ရန်ကိုင်မှာလည်း တစ်ချက်ကလေးမျှပင် မနားဘဲ ထွက်ပြေးနေခဲ့ရာ နေ့ဝက်ခန့် ထွက်ပြေးနေခဲ့လေ၏။ နေ့ဝက်ခန့် ကြာပြီးသည့်နောက်တွင် အလင်းတန်းတစ်ခု သူ့ဆီသို့ ချဉ်းကပ်လာခဲ့သည်။ မကြာမီ ထိုအလင်းတန်းမှာ ယုရုမန် အသွင်သို့ ပြောင်းသွားခဲ့လေ၏။ နှလုံးသားစည်းတံဆိပ် ပညာရပ်ကြောင့် ယုရုမန်မှာ ရန်ကိုင်၏ တည်နေရာကို အာရုံခံနိုင်ပေသည်။

ရန်ကိုင်၏ သွေးသံရဲရဲ ခန္ဓာကိုယ်နှင့် အားနည်းနေသည့် အရှိန်အဝါကို ခံစားမိလိုက်သည့်နောက် ယုရုမန်၏ မျက်နှာလေး ဖြူရော်သွားလေ၏။ "နင် ဒဏ်ရာရထားတာပဲ"

ရန်ကိုင်က အော်ရယ်မောလိုက်ရင်းမှ... "အသက်ရှင်နေတာတောင် ကံကောင်းနေတာ၊ မြန်မြန်၊ သူတို့ လိုက်မလာခင် ထွက်ပြေးရမယ်"

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလာသည့်အခိုက် ယုရုမန်မှာလည်း တုံ့ဆိုင်းမနေရဲတော့ဘဲ ရန်ကိုင် အနောက်သို့ အလျင်စလို ပြေးလိုက်သွားလေသည်။

တစ်လခန့် ကြာပြီးသည့်နောက် တောင်တစ်လုံးအထက်ဝယ် ရန်ကိုင်မှာ သစ်ပင် တစ်ပင်ပေါ်တွင် ရပ်နေရင်းမှ နေထွက်ရာ အရပ်ကို မျက်နှာမူနေခဲ့လေသည်။

"နင် ဘာတွေ စဉ်းစားနေတာလဲ" ယုရုမန်သည် ရန်ကိုင်ကို မှီရင်းမှ ပြောလိုက်လေ၏။

ရန်ကိုင်ကမူ အသာအယာ ချောင်းဟန့်ရင်းမှ အားနည်းဖျော့တော့သည့် လေသံဖြင့် ပြောလိုက်လေသည်။ "ယုရုမန်၊ ဒီလောကကြီးက အကျယ်ကြီးဆိုပေမဲ့ ငါ့အတွက်တော့ နေစရာ မရှိတော့တဲ့ပုံပဲ"

လွန်ခဲ့သည့် တစ်လလုံးလုံး ရန်ကိုင်နှင့် ယုရုမန်မှာ တရစပ် ထွက်ပြေးနေခြင်း ဖြစ်လေသည်။ လီဝူရီမှာ ဧကရာဇ်အဆင့်ပညာရှင်များနှင့်အတူ အသားပေါ် လောက်တွယ်နေသည့်အလား ရန်ကိုင် အနောက်သို့ တကောက်ကောက် လိုက်နေခဲ့သည်။ ရန်ကိုင်မှာ မည်သို့ပင် ကြိုးစားနေစေကာမူ လီဝူရီအား အပြည့်အဝ မျက်ခြေဖြတ်နိုင်ခဲ့ခြင်း မရှိပေ။ အကြိမ်ပေါင်းများစွာ လီဝူရီနှင့် တိုက်ခိုက်ရင်းမှ ထွက်ပြေးခဲ့ရသည်။ လီဝူရီနှင့် တိုက်ခိုက်တိုင်း တိုက်ခိုက်တိုင်းလည်း ရန်ကိုင်မှာ ဒဏ်ရာရခဲ့ရပြီး ပွတ်ကာသီကာလေးတင် ထွက်ပြေးနိုင်ခဲ့သည်။

ထိုအတွက်ကြောင့် လက်ရှိ ရန်ကိုင် ပြောသည့် စကားမှာ ချဲ့ကားပြောနေခြင်း မဟုတ်ပေ။ ဤလောကကြီးမှာ ကျယ်လှပါသော်ငြား လီဝူရီနှင့် အခြားသူများမှာ သူ့အနောက်သို့ မရပ်မနား လိုက်နေသည့်အတွက်ကြောင့် ရန်ကိုင်အဖို့ ပြေးစရာမြေ မရှိတော့ပေ။

ရန်ကိုင်သည် ယုရုမန်ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "ငါ တောင်းပန်ပါတယ်၊ အစကတော့ နင်နဲ့ ဒီအတိုင်း တောတောင်ထဲမှာ အေးအေးဆေးဆေးလေး နေချင်တာ၊ အခုကြည့်ရတာ ငါ့ကတိကို ဖျက်ရမဲ့ပုံပဲ၊ ငါ့နောက်ကို ဆက်လိုက်မနေနဲ့တော့၊ ကိုယ့်လမ်းကိုယ် သွားကြရအောင်"

ယုရုမန်က ပြန်မေးလိုက်လေ၏။ "နင်ငါ့ကို နောက်တစ်ကြိမ် ထပ်ပြီး မောင်းထုတ်ဦးမလို့လား"

ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါလျက်... "ဒီတစ်ကြိမ်က အရင်တစ်ကြိမ်နဲ့ မတူတော့ဘူး၊ နင်လည်း မြင်ပြီးသွားပြီပဲ၊ လီဝူရီက ငါ့ကို မရရအောင် သတ်ဖို့ လုပ်နေတာ၊ ငါကလည်း သူ့ပြိုင်ဘက် မဟုတ်ဘူး၊ အခုအချိန်ထိ တောင့်ခံထားနိုင်တာတောင် ကံကောင်းတာလို့ ပြောလို့ရတယ်၊ ဒီအတိုင်းသာ ဆက်သွားနေရင် ငါ သိပ်ပြီးတော့ တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး၊ နောက်တစ်ကြိမ် ဒါမှမဟုတ် နောက်ထပ် တစ်ကြိမ်ကျရင် ငါလုံးဝ လွတ်တော့မှာ မဟုတ်ဘူး"

ယုရုမန်၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့ပြီးသည့်နောက် ပြောလိုက်လေသည်။ "သေသေချာချာသာ ကြည့်ကြည့်မယ်ဆိုရင်တော့ နေစရာ နေရာ တစ်နေရာကတော့ အမြဲရှိနေမှာပဲ၊ ဒီလောကကြီးထဲမှာ ကြယ်တာရာအစုအဝေး တစ်ခုထဲကမှ နေလို့ရတဲ့ ကမ္ဘာကြီးမှ မဟုတ်တာ"

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ "နတ်ဆိုးနယ်မြေကို ပြောချင်တာလား"

ယုရုမန်က ပြောလိုက်လေသည်။ "နင် ဘယ်လိုထင်လဲ၊ နင် နတ်ဆိုးနယ်မြေကို သွားချင်ရင် ငါလည်း နင်နဲ့အတူ လိုက်ခဲ့ပေးမယ်"

"မသွားဘူး" ရန်ကိုင်က ခေါင်းခါ၍ "နတ်ဆိုးနယ်မြေကို သွားစရာ အကြောင်းတော့ မရှိဘူး၊ ငါ အခုလိုမျိုး ဖြစ်သွားတာ ငါ့ကိုယ်ငါ နတ်ဆိုးတွေနဲ့ ပတ်သက်စေမိလိုက်လို့ပဲ၊ အဲဒါကို ဘယ်လိုလုပ်ပြီးတော့ ငါ့ကိုယ်ငါ စွန့်ပစ်ပြီးတော့ နတ်ဆိုးနယ်မြေဆီ သွားလို့ဖြစ်ပါ့မလဲ"

ယုရုမန်က ပြန်ပြောလိုက်သည်။ "နင်က နတ်ဆိုးတွေနဲ့ ပတ်သက်နေလို့ပဲ နတ်ဆိုးနယ်မြေကို သွားလို့ရတာလေ၊ နတ်ဆိုးမျိုးနွယ်စုကလည်း နင့်ကို လက်ခံမှာပေါ့"

"တော်ပြီ၊ မပြောတော့နဲ့" ရန်ကိုင်က စိတ်ညစ်ညစ်ဖြင့် ပြန်ပြောလိုက်သည်။

ယုရုမန်သည် ရန်ကိုင် အရှေ့၌ ရုတ်တရက် ပိတ်ရပ်၍ ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်လေသည်။ "နင် ဒီကြယ်တာရာအစုအဝေးအတွက် အများကြီး အကျိုးဆောင်ပေးခဲ့တယ်၊ ဒီကြယ်တာရာအစုအဝေးထဲမှာ ရှိနေတဲ့ နယ်မြေခြားဟင်းလင်းပြင် အစီအ

ရင် အများစုကိုလည်း နင်ပဲ ခင်းကျင်းထားတာ၊ ပြီးတော့ နင်ကိုယ်တိုင်လည်း ကျားဟိန်းသံမြို့ကို ကာကွယ်ပေးပြီး သန်းနဲ့ချီတဲ့ နတ်ဆိုးတွေကို သတ်ခဲ့သေးတယ်၊ အဲဒါတောင်မှ သူတို့တွေက နင် လုပ်ပေးခဲ့တာတွေကို မထောက်ထားဘဲ နင့်ကို သတ်ချင်နေတယ်၊ အဲဒါကို နင်က ဒီလို နေရာကြီးကို ဘာဖြစ်လို့ သစ္စာရှိချင်နေသေးရတာလဲ"

ယုရုမန် ပြောသည်ကို နားထောင်ရင်း ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူ၏ အသက်ရှူနှုန်းမှာလည်း အနည်းငယ် မြန်ဆန်လာလေ၏။ ကြည့်ရသလောက် ယုရုမန် ပြောသည့် စကားလုံးများသည် ရန်ကိုင်၏ စိတ်အပေါ် သက်ရောက်မှု ရှိသွားသည့်ပုံပင်။

ယုရုမန်သည် ရန်ကိုင်၏ နားနားသို့ တီးတိုးကပ်ပြောရင်းမှ ဆက်လက်၍ ရန်ကိုင်အား ဖျောင်းဖျလေ၏။ "နင် လက်စားပြန်မချေချင်ဘူးလား၊ ဒီတလောလုံး တောက်လျှောက် အမဲလိုက်ခံနေရတာကို နင် ပြန်ပြီးတော့ လက်တုံ့မပြန်ချင်ဘူးလား၊ အခုလိုမျိုး ချောင်ပိတ်အောင် လုပ်ခဲ့တဲ့ လူတွေကို နောင်တရသွားအောင် နင် ပြန်မလုပ်ချင်ဘူးလား"

"နင့်ပါးစပ်ကို ပိတ်ထားလိုက်တော့" ရန်ကိုင်မှာ ရုတ်တရက် ထအော်လေသည်။ သွေးကြောကြီးများမှာ သူ့နဖူး တစ်လျှောက် ထောင်တက်နေလေ၏။

ယုရုမန်ကမူ မကြားချင်ယောင်ဆောင်လျက် ဆက်၍ ပြောလိုက်သည်။ "နတ်ဆိုးနယ်မြေကိုသွား၊ အဲဒီမှာ ပိုပြီးတော့ အားကောင်းအောင် လုပ်လိုက်၊ တစ်နေ့ကျရင် နင် ဒီကို ပြန်လာနိုင်လိမ့်မယ်၊ အဲဒီအခါကျမှပဲ သူတို့အမှားသူတို့ သိသွားအောင် လုပ်ပေးလိုက်"

"နတ်ဆိုးနယ်မြေကို သွားဖို့" ရန်ကိုင်သည် ယုရုမန်အား ခက်ထန်ကြမ်းကြုတ်သည့် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။

ယုရုမန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်၏။ "ဟုတ်တယ်၊ နတ်ဆိုးနယ်မြေကို သွားလိုက်"

"နင် ငါ့အနောက် လိုက်မှာလား" ရန်ကိုင်က ထပ်မေးလိုက်သည်။

ယုရုမန်က ပြုံး၍ ပြန်ပြောလိုက်၏။ "လိုက်မှာပေါ့"

"ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ ငါ ထပ်စဉ်းစားဦးမယ်"

ယုရုမန်က ယဲ့ယဲ့လေး ပြုံးလျက်... "ငါ စောင့်နိုင်တယ်၊ ဒါပေမဲ့ အချိန်ကတော့ နင့်ကို စောင့်နေမှာ မဟုတ်ဘူးနော်၊ လီဝူရီနဲ့ အခြားဧကရာဇ်ပညာရှင်တွေက နင့်ကို စဉ်းစားပေးနေမှာ မဟုတ်ဘူး”

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters