← Chapters

အခန်း ၃၄၃၇

Vol. 151 Ch. 3437

အခန်း ၃၄၃၇

Vol. 151 Ch. 3437

အပိုင်း (၃၄၃၇)

ဘာသာပြန်သူ_တိမ်တိုက်

အနောက်ဘက်နယ်မြေ၏ သဲကန္တာရတစ်ခုလုံးမှာ နတ်ဆိုးကုန်းမြေအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ နေရာအနှံ့တွင် နတ်ဆိုးချီများဖြင့် ပြည့်နေပြီး သန်းနှင့်ချီသောနတ်ဆိုးများမှာ ဤနေရာ၌ စုဝေးကာ စခန်းချထားခဲ့သည်။ ထို့နောက်တွင် ကြယ်တာရာအစုအဝေး၏ အတွင်းပိုင်းဆီသို့ စစ်တပ်များကို စေလွှတ်၍ မြို့ရွာများကို တိုက်ခိုက်ကာ နယ်မြေများကို လုယူစေလေသည်။

အသေအဆုံးများ သတ်ဖြတ်မှုများမှာ နေရာအနှံ့တွင် ပြန့်နှံ့နေခဲ့သည်။

နတ်ဆိုးကုန်းမြေထက်ရှိ ကောင်းကင်သည်ပင်လျှင် မီးခိုးရောင်သန်းကာ မှုန်ရီအုံ့ဆိုင်းနေလေသည်။

အလင်းတန်းနှစ်ခုသည် မှုန်ရီအုံ့ဆိုင်းနေသော ကောင်းကင်ကြီးကို ဖြတ်သန်းရင်းမှ အနောက်ဘက်နယ်မြေထဲ ပျံသန်းသွားလာနေခဲ့သည်။ အောက်ဘက်တွင်ရှိနေသော မရေမတွက်နိုင်‌သော နတ်ဆိုးများမှာ ထိုအလင်းတန်းနှစ်ခုကိုကြည့်ရင်း မာန်ဖီအော်ဟစ်နေကြ၏။

ရန်ကိုင်မှာ များများစားစားကို မတွေးခဲ့။ လီဝူရီ၏ အမဲလိုက်ခြင်း ခံရပြီးသည့်နောက်တွင် အဆုံး၌ ဒေါသထွက်ထွက်ဖြင့် နတ်ဆိုးနယ်မြေထဲသို့ သွားရန်သာ ဆုံးဖြတ်လိုက်သည်။

သူ့အဖို့ ကြယ်တာရာအစုအဝေးထဲ နေစရာနေရာ မရှိတော့ပေ။

နတ်ဆိုးနယ်မြေထဲ ဝင်ဖို့ရာ ပထမဦးဆုံးအနေဖြင့် အနောက်ဘက်နယ်မြေ၏ သဲကန္တာရထဲတွင် ရှိနေသော ကမ္ဘာနှစ်ခုလမ်းကြောင်းကို ဖြတ်သွားရန် လိုအပ်ပေသည်။ ထိုလမ်းကြောင်းသည် ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော တစ်ခုတည်းသောလမ်းကြောင်း ဖြစ်ပေသည်။

သွားနေသည့် လမ်းကြောင်းတစ်လျှောက်၌ ရန်ကိုင်မှာ အဆက်မပြတ်ကို စိုးရိမ်နေခဲ့လေသည်။ သို့ပါသော်ငြား ယုရုမန်မှာမူ နတ်ဆိုးနယ်မြေကို လုံးဝမကြောက်ရွံ့သည့်အလား ရယ်ရယ်မောမောဖြင့်ပင် စကားပြောနေပေသေးသည်။ သူမကြည့်ရသလောက် နတ်ဆိုးနယ်မြေသို့ပင် သွားချင်နေသည့်ပုံပင်။

ရန်ကိုင်တို့နှစ်ဦးမှာ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ပျံသန်းသွားနေခဲ့ပါသော်ငြား နတ်ဆိုးပေါင်းများစွာမှာတော့ သူတို့နောက်သို့ လိုက်လာခဲ့ပေသေးသည်။ အစပိုင်းတွင် လိုက်လာနေသည့် နတ်ဆိုးအရေအတွက်မှာ အနည်းငယ်သာ ရှိပါသော်ငြား ခရီးလမ်းအဆုံးသို့ ရောက်လာသည့်အခိုက် သူတို့နောက်သို့ လိုက်လာသည့် နတ်ဆိုးဘုရင်အရေအတွက်မှာ ရာနှင့်ချီနေလေပြီ။ ထိုနတ်ဆိုးဘုရင်တစ်ဦးချင်းစီတိုင်းသည် ကြောက်မက်ဖွယ်ရာနတ်ဆိုးချီကို ထုတ်လွှတ်နေလေ၏။

ကံကောင်းစွာဖြင့် နှစ်ဦးစလုံးမှာ ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော လမ်းကြောင်းဝင်ပေါက်နားသို့ ရောက်နေကြလေပြီ။ ရန်ကိုင်သည် ယုရုမန်၏လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်းမှ တိုးတိုးလေးပြောလိုက်လေ၏။ “ငါ့ကိုသေချာကိုင်ထား… အဲ့ဝင်ပေါက်ကို ဖြတ်မသွားနိုင်ရင်တော့ အခြားနည်းလမ်းတစ်ခုကို စဉ်းစားကြတာပေါ့…”

ယုရုမန်သည် ရန်ကိုင်၏လက်ကိုကိုင်၍ ရန်ကိုင်အား ပြုံးပြကာ ပြောလိုက်လေသည်။ “စိတ်မပူနဲ့… ကျန်တာကို ငါ့တာဝန်ထားလိုက်…”

“နင့်တာဝန်ထားရမယ်…” ရန်ကိုင်သည် ယုရုမန်ကိုကြည့်ရင်းမှ မျက်မှောင်ကျုံ့သွားခဲ့သည်။

ယုရုမန်က ပြန်ပြောလိုက်၏။ “ငါပြောတာကိုယုံ…”

ရန်ကိုင်လည်း တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် အံကြိတ်ကာ ပြောလိုက်လေသည်။ “ကောင်းပြီလေ…”

ယုရုမန်သည် ရယ်သွမ်းသွေးရင်းမှ ရန်ကိုင်အား ရှေ့မှ ဦးဆောင်ခေါ်သွားလေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝင်ပေါက်ရှိရာဆီသို့ ရောက်လာခဲ့လေသည်။

ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော ဝင်ပေါက်မှာ အလွန်ကိုမှ အရေးကြီးလှသည့်အတွက်ကြောင့် နတ်ဆိုးပေါင်းများစွာသည် ထိုဝင်ပေါက်အား စောင့်ကြပ်နေကြလေသည်။ ထိုနေရာတွင် တာဝန်ကျနေသော နတ်ဆိုးဘုရင်များစွာပင် ရှိနေပေသေးသည်။ ထိုနတ်ဆိုးဘုရင်များသာလျှင်မဟုတ်။ ကြယ်တာရာအစုအဝေးမှ တိုက်ခိုက်လာခဲ့သည်ရှိသော် ကာကွယ်နိုင်ရန်အတွက် သေချာစောင့်ကြည့်နေကြသော သူတော်စင်တစ်ပိုင်းများပင် ရှိနေကြပေသေးသည်။

ထိုနေရာကို စောင့်ကြပ်နေကြသော နတ်ဆိုးဘုရင်များနှင့် သူတော်စင်တစ်ပိုင်းများမှာ ရန်ကိုင်နှင့် ယုရုမန်တို့၏ အရှိန်အဝါကို ခံစားမိလိုက်သော် ချက်ချင်း ကြမ်းကြုတ်စွာ ပြုံးလိုက်ကြလေသည်။

သို့ပါသော်ငြား ယုရုမန်မှာ အနည်းငယ်မျှပင် ဂရုစိုက်မနေခဲ့ဘဲ ရန်ကိုင်အား ရှေ့မှဦးဆောင်ခေါ်ကာ ဝင်ပေါက်ဆီသို့ လျှောက်လာခဲ့သည်။ မကြာမီ ဝင်ပေါက်ရှေ့သို့ ရောက်လာခဲ့ပြီး ဘေးဘီဝဲယာအား သူမ၏ လှပသော မျက်ဝန်းလေးများဖြင့် ဝေ့ကြည့်လိုက်လေသည်။

ရန်ကိုင်မှာမူ ယုရုမန်၏ဘေးနားတွင် ရပ်ရင်းမှ ဘေးပတ်ဝန်းကျင်အား သတိအပြည့်ထားကာ ကြည့်နေခဲ့သည်။ အခြေအနေမဟန်သည်ရှိသော် အချိန်မရွေးတိုက်ခိုက်ကာ ထွက်ပြေးနိုင်ရန်အတွက်လည်း ဧကရာဇ်ချီကို လှည့်ပတ်ထားသေး၏။

ရန်ကိုင်တို့နောက်သို့ လိုက်လာနေကြသော ရာနှင့်ချီသည့် နတ်ဆိုးဘုရင်များမှာလည်း နောက်ဆုံး ရန်ကိုင်တို့အား လိုက်မီသွားခဲ့ကြပြီး ရန်ကိုင်နှင့် ယုရုမန်တို့အား တင်းတင်းကြပ်ကြပ် ဝိုင်းရံလိုက်ကြလေသည်။

ရန်ကိုင်တို့နှင့် ဆန့်ကျင်ဘက်အရပ်တွင်မူ လူကောင်ကြီးကြီးနတ်ဆိုးဘုရင်တစ်ပါး ရှိနေလေသည်။ ထိုနတ်ဆိုးဘုရင်သည် ဧရာမပုဆိန်ကြီးကို ပုခုံးထက် ထမ်းရင်းမှ ရန်ကိုင်တို့ဆီသို့ လျှောက်လာလေ၏။ ထိုနတ်ဆိုးဘုရင် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လှမ်းလိုက်တိုင်း မြေပြင်တစ်ခုလုံးမှာ တသိမ့်သိမ့် တုန်ခါသွားခဲ့သည်။ နောက်ဆုံးတွင် ရန်ကိုင်တို့နှင့် ခြေဆယ်လှမ်းခန့်အကွာ၌ ရပ်၍ ကြမ်းကြုတ်စွာပြုံးလိုက်ရင်းမှ ပြောလိုက်သည်။ “လူသား… မင်းတို့သေချင်နေတာလား…”

ဤနတ်ဆိုးဘုရင်၏အရှိန်အဝါမှာ အလွန်ကိုမှ အားကောင်းလှပေသည်။ ၎င်း၏လှုပ်ရှားမှုများမှာ အနည်းငယ် ဖိုသီဖတ်သီဖြစ်နေပါသော်ငြား ဤနတ်ဆိုးမှာ အားကောင်းလှသည့်ပညာရှင်တစ်ဦးဖြစ်မှန်း မည်သူမဆို ပြောနိုင်ပေလိမ့်မည်။ နတ်ဆိုးဘုရင်များထဲတွင်ပင် အားအကောင်းဆုံးနတ်ဆိုးဘုရင်တစ်ပါး ဖြစ်လောက်ပေသည်။

ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော လမ်းကြောင်း ပွင့်သွားခဲ့ပြီး နတ်ဆိုးမျိုးနွယ်စုမှ စတင်ကျူးကျော်လာပြီးသည့်နောက်တွင် ဤနေရာသို့ မည်သည့်လူသားမှ ရောက်ရှိလာဖူးခြင်း မရှိကြတော့ချေ။ ထိုအကြောင်းကြောင့် ရန်ကိုင်နှင့် ယုရုမန်တို့၏ ရောက်ရှိလာမှုသည် ဤလူနှစ်ဦးမှာ စိတ်များ ကောင်းသေးရဲ့လားဟုပင် နတ်ဆိုးများအား အတွေးဝင်သွားစေလေသည်။

သို့ပါသော်ငြား ယုရုမန်ကမူ ပြုံး၍သာ သူမလက်ကိုမြှောက်၍ နတ်ဆိုးဘုရင်ဆီသို့ အလင်းတန်းတစ်ခုကို ပစ်လိုက်သည်။

နတ်ဆိုးဘုရင်သည် ယုရုမန်ပစ်လိုက်သော အလင်းတန်းအား လှမ်း၍ဖမ်းလိုက်လေသည်။ အလင်းတန်းထဲတွင် ပါလာသည့်အရာမှာ ပစ္စည်းတစ်ခုဖြစ်နေမှန်း သဘောပေါက်လိုက်သော် ယုရုမန်အား မျက်မှောင်ကျုံ့ကာ လှမ်း၍ကြည့်လိုက်သည်။

ထို့နောက် သူ့လက်ထဲရှိပစ္စည်းကို ငုံ့ကြည့်လိုက်ရာ ထိုနတ်ဆိုးဘုရင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင်တော့ ယုရုမန်အား ပါးစပ်အဟောင်းသားဖြင့် လှမ်း၍ကြည့်လိုက်လေ၏။

ယုရုမန်မှာမူ အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြုံးနေလေသည်။

သူမနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသော နတ်ဆိုးဘုရင်၏အမူအယာမှာ အပြောင်းလဲကြီး ပြောင်းလဲသွားတော့သည်။ အနည်းငယ်ပင်လျှင် ကြောက်လန့်သွားသည့်ပုံပေါ်ကာ ယခင်ကထက် ပို၍ ဖော်ရွေရင်းနှီးလာသည့်ပုံစံဖြင့် ခေါင်းညိတ်၍ ဦးညွှတ်ကာ ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး ဒီမှာ ခဏစောင့်ပါဦးနော်… ဆရာသူတော်စင်တစ်ပိုင်းကို တစ်ချက် သွားမေးကြည့်လိုက်ပါဦးမယ်…”

ယုရုမန်ကမူ အဆင်ပြေကြောင်း သူမလက်ကို ဝှေ့ယမ်းပြလိုက်သည်။

ထို့နောက်တွင် နတ်ဆိုးဘုရင်သည် တစ်ခုသောအရပ်ဆီသို့ အလျင်စလို ထွက်သွားလေ၏။

ထိုနတ်ဆိုးဘုရင်၏ ထူးဆန်းလှသည့် အပြုအမူသည် အခြားသောနတ်ဆိုးဘုရင်များကိုပါ ဇဝေဇဝါဖြစ်သွားစေခဲ့ပြီး အကုန်လုံးမှာ တစ်ဦးကိုတစ်ဦး မယုံသင်္ကာအမူအယာများဖြင့် ကြည့်လိုက်ကြသည်။

ရန်ကိုင်သည်လည်း ဇဝေဇဝါဖြစ်နေသည့်အတွက်ကြောင့် ယုရုမန်ဆီသို့ ချဉ်းကပ်သွားကာ မေးလိုက်လေ၏။ “ရုမန်… နင် သူ့ကို ဘာပြလိုက်တာလဲ… မသိရင် သူ့ပုံစံက ခွေးတစ်ကောင်အတိုင်းပဲ…”

ယုရုမန်က ရယ်သွမ်းသွေးလျက် “သူက အစတည်းက ခွေးပဲဟာကို…”

ရန်ကိုင် ယုရုမန်အား မျက်စောင်းထိုးလိုက်လေသည်။ ဤမျှအားကောင်းလှသော နတ်ဆိုးဘုရင်တစ်ဦးသည်သာ ခွေးဖြစ်နေမည်ဆိုပါက သူမဆိုလျှင် ဘာများဖြစ်မည်နည်း။

ယုရုမန်က ဖြတ်ပြောလိုက်သည်။ “တော်ပြီ… မေးမနေတော့နဲ့… အချိန်တန်ရင် သိလိမ့်မယ်…”

ရန်ကိုင်က ခေါင်းညိတ်၍ ပြန်ပြောလိုက်သည်။ “နင့်ကြည့်ရတာ လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖုံးကွယ်ထားတဲ့ပုံပဲ…”

ယုရုမန်သည် စနောက်ကျီစယ်လိုသည့်အမူအယာဖြင့် ရန်ကိုင်အား မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်းမှ “မိန်းမလှလေးတွေမှာ လျှို့ဝှက်ချက်ကိုယ်စီဆိုတာ ရှိစမြဲပဲလေ… ငါ ဘယ်သူလဲ သိချင်လား…”

ရန်ကိုင်က ပြန်၍ပြောလိုက်သည်။ “နင် ငါ့ကိုပြောချင်တယ်ဆိုရင်တော့ နားထောင်ပေးမှာပေါ့…”

ယုရုမန်သည် ရန်ကိုင်၏လက်ကို ပုတ်ပေးလိုက်ရင်းမှ ပြောလိုက်သည်။ “နင် နောက်ကျရင် သိလိမ့်မယ်…”

ရန်ကိုင်တို့နှစ်ဦး စကားပြောနေစဉ် အစောပိုင်းကထွက်သွားသော နတ်ဆိုးဘုရင်မှာ အလေးအနက်အမူအယာဖြင့် ပြန်ရောက်လာခဲ့လေသည်။ ထို့နောက်တွင် ယုရုမန်အနားသို့ အလျင်စလို ကပ်လာပြီး တလေးတစားဖြင့် ဦးညွှတ်၍ ယုရုမန်ပစ်ပေးလိုက်သောပစ္စည်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အသေအချာ ပြန်ပေးလိုက်လေသည်။

ရန်ကိုင်လည်း ထိုနတ်ဆိုးဘုရင်ကိုင်ထားသည့်ပစ္စည်းအား လှမ်းကြည့်လိုက်ရာ ဘာမှန်းမသိရသော ပစ္စည်းဖြင့် လုပ်ထားသည့် လက်တစ်ဝါးစာခန့်ရှိသော တံဆိပ်ပြားတစ်ခုဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုတံဆိပ်ပြားမှာ သွေးရောင်ပမာ ရဲတက်နေခဲ့ပြီး ထိုတံဆိပ်ပြားပေါ်တွင် နှိပ်စက်ထားခံရသော ဝိဉာဉ်တစ်ကောင် အော်ငိုကြွေးနေသည့်ပုံစံမျိုးကို ထွင်းထုထားလေ၏။

တံဆိပ်ပြားကို ကြည့်နေရင်းမှ သူ့စိတ်ထဲ ခြောက်ခြားဖွယ်ကောင်းလှသည့် အော်ဟစ်မြည်ကြွေးသံများ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

ထိုအရာသည် ယုရုမန်မှ နတ်ဆိုးဘုရင်အား ပစ်ပေးလိုက်သည့်အရာသာ ဖြစ်လေသည်။

ယုရုမန်သည် ထိုတံဆိပ်ပြားကို ပြန်ယူ၍ ပြောလိုက်လေ၏။ “အခု ငါတို့သွားလို့ရပြီလား…”

နတ်ဆိုးဘုရင်က ထပ်တလဲလဲ ခေါင်းညိတ်ပြလိုက်သည်။ “ရပါပြီ ရပါပြီ…” ထိုသို့ပြောပြီးသည့်နောက် ရှေ့မှ ဖယ်ပေးကာ ပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး ကြွပါ…”

ယုရုမန်ကမူ မျက်နှာတည်ဖြင့် ထိုနတ်ဆိုးဘုရင်အား တစ်ချက်ပင်မကြည့်ဘဲ ဖြတ်လျှောက်သွားခဲ့သည်။ ရန်ကိုင်မှာမူ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိဘဲ ယုရုမန်အနောက်မှသာ အနီးကပ် လိုက်သွားခဲ့လေ၏။ သူ့အကြည့်မှာတော့ ယုရုမန်နှင့် နတ်ဆိုးဘုရင်ကြား ကူးကလန်ခတ်နေခဲ့လေသည်။

သို့ပါသော်ငြား နတ်ဆိုးဘုရင်နှင့်အကြည့်ချင်းဆုံသွားသည့်အခိုက် နတ်ဆိုးဘုရင်မှာ ရန်ကိုင်အား တလေးတစားအမူအယာဖြင့်ကြည့်ရင်းမှ လက်မထောင်ပြလိုက်လေ၏။

ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်၏နှုတ်ခမ်း မဲ့သွားခဲ့သည်။

မကြာမီ ရန်ကိုင်နှင့် ယုရုမန်တို့နှစ်ဦး ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော လမ်းကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြလေ၏။

ထိုအခါမှသာလျှင် ထွားထွားကျိုင်းကျိုင်းနတ်ဆိုးဘုရင်ကြီးမှာ သေဘေးမှ ပွတ်ကာသီကာလေး လွတ်လာသည့်အလား သက်ပြင်းအမောကြီး ချလိုက်လေသည်။ တစ်ချိန်တည်း၌ နဖူးထက်တွင် ဝေ့သီနေသော ချွေးများကို သုတ်၍ မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်လေ၏။

သို့ပါသော်ငြား လက်ရှိအဖြစ်အပျက်နှင့် ပတ်သက်၍ ဇဝေဇဝါဖြစ်နေကြသော ရာနှင့်ချီသောနတ်ဆိုးများမှာ ထိုလူသားနှစ်ဦး ထွက်သွားပြီးသည်နှင့်တစ်ပြိုင်နက် ထွားထွားကျိုင်းကျိုင်းနတ်ဆိုးဘုရင်ဆီသို့ လာကာ ဤမျှအရေးကြီးလှသော ဝင်ပေါက်ထဲသို့ လူသားနှစ်ဦးအား ဘာကြောင့် ဝင်ခွင့်ပေးလိုက်ရသလဲဆိုသည်ကို တစ်ယောက်တစ်ပေါက် မေးမြန်းကြတော့သည်။

ထွားထွားကျိုင်းကျိုင်းနတ်ဆိုးဘုရင်ကြီးမှာတော့ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့၍သာ ပြန်ပြောလိုက်လေ၏။ “ဆရာသူတော်စင်တစ်ပိုင်းက အဲ့လိုမျိုးလုပ်ခိုင်းတာ… မင်းတို့ဘာပြောချင်လဲ…”

ထိုစကားတစ်ခွန်းတည်းဖြင့် ရာနှင့်ချီသောနတ်ဆိုးဘုရင်များ ပါးစပ်ပိတ်သွားကြသည်။ သူတော်စင်တစ်ပိုင်းကိုယ်တိုင်က ယခုကဲ့သို့ အမိန့်ပေးလာသည့်အတွက်ကြောင့် သူတို့အနေဖြင့်လည်း ဘာမျှမကန့်ကွက်ရဲကြတော့ပေ။ သို့ပါသော်ငြား ဤကိစ္စမှာ အလွန်ကိုမှ ထူးဆန်းလှသည့်အတွက်ကြောင့် နတ်ဆိုးများအတွက် ဆန်းကြယ်သည့် ပဟေဠိပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့ရသည်။

ဟင်းလင်းပြင်လိုဏ်ခေါင်းထဲဝယ် ရန်ကိုင်နှင့် ယုရုမန်တို့မှာ တစ်ယောက်လက် တစ်ယောက်ကိုင်ထားကြရင်းမှ အတူတကွ ပျံသန်းနေကြသည်။

ရန်ကိုင်တို့အရှေ့တည့်တည့်ရှိ ခပ်လှမ်းလှမ်းတစ်နေရာတွင်မူ အလင်းစက်လေးတစ်စက် ရှိနေခဲ့လေသည်။ သူတို့နှစ်ဦးမှာ ထိုအလင်းစက်လေးရှိနေရာဆီသို့ ပျံသန်းနေကြခြင်းဖြစ်သည်။ အလင်းစက်လေးမှာ ရန်ကိုင်တို့ရှိနေသည့်နေရာနှင့် နီးသယောင်ထင်ရပါသော်ငြား တကယ့်တကယ် မည်မျှဝေးကွာသည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုမူ ပြောရခက်လှသည်။ ဤလမ်းကြောင်းကြီးသည် ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသည့် လမ်းကြောင်းတစ်ခု ဖြစ်သည့်အတွက်ကြောင့် တစ်ခဏလေး ပျံသန်းသွားရုံဖြင့် တစ်နေရာမှ အခြားတစ်နေရာသို့ ရောက်နိုင်စရာအကြောင်းမရှိပေ။

ရုတ်တရက် အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံတစ်ခုသည် ရန်ကိုင်အား လွှမ်းခြုံလာခဲ့လေရာ ရန်ကိုင်တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်သွားခဲ့ရလေသည်။

ထိုကောင်းကင်စိတ်အာရုံ၏ခွန်အားမှာ သာမန်နတ်ဆိုးဘုရင်အဆင့်ကိုဖြစ်စေ နတ်ဆိုးသူတော်စင်တစ်ပိုင်းအဆင့်ကိုဖြစ်စေ ကျော်လွန်နေပေသည်။

ထိုကောင်းကင်စိတ်အာရုံ၏ ပိုင်ရှင်မှာ နတ်ဆိုးသူတော်စင်တစ်ပါးသာဖြစ်သည်။

နတ်ဆိုးသူတော်စင်ဟုပင် ပြော၍မရ။ မဟာဧကရာဇ်တစ်ပါး၏ ကောင်းကင်စိတ်အာရုံဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

ထိုအချက်ကိုစဉ်းစားမိလိုက်သည့်အခိုက် ကောင်းကင်စိတ်အာရုံပိုင်ရှင် မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင် ချက်ချင်းသဘောပေါက်သွားခဲ့သည်။

ညအရိပ်မဟာဧကရာဇ်ပင်။

ညအရိပ်မဟာဧကရာဇ်မှာ ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော လမ်းကြောင်းအား စောင့်ကြပ်ကာကွယ်နေသည့်အကြောင်းကို ရန်ကိုင်ကြားပြီးထားလေပြီ။ သို့ပါသော်ငြား ထိုမဟာဧကရာဇ်မှာ ယခုအချိန်ထိတိုင် ဤနေရာတွင် ရှိနေသေးလိမ့်ဦးမည်ဟု ရန်ကိုင်မထင်ထားခဲ့ပေ။ ညအရိပ်မဟာဧကရာဇ်သည် နတ်ဆိုးမျိုးနွယ်၏ မျိုးဆက်တစ်ဦးဖြစ်သည်ဟု သားရဲသခင်မဟာဧကရာဇ်မှ ပြောခဲ့ဖူးသည်။ ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော လမ်းကြောင်း ပွင့်သွားရသည်မှာလည်း သူ့ကြောင့်ပင် ဖြစ်လေသည်။

ထိုကိစ္စများအပြင် ရန်ကိုင်ကိုယ်တိုင်သည်လည်း အရိပ်သတ်ဖြတ်သူနန်းတော်မှ လူတစ်ဦး၏ အလစ်ချောင်းသတ်ဖြတ်ခြင်း ခံရခါနီး ဖြစ်ခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ ညအရိပ်မဟာဧကရာဇ်အား ကြည့်၍မရပေ။

ရန်ကိုင်သည် အမှောင်ထုထဲ ဝေ့ကြည့်လိုက်သည်။ သို့ပါသော်ငြား ညအရိပ်မဟာဧကရာဇ် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မမြင်နိုင်ခဲ့ပေ။ တစ်ခဏအကြာ၌ မဟာဧကရာဇ်၏ ကောင်းကင်စိတ်အာရုံမှာ ပြန်ကျသွားသောဒီရေပမာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

ယုရုမန်သည်လည်း ထိုကောင်းကင်စိတ်အာရုံကို သတိထားမိပေသည်။ သို့သော်ငြား လုံးဝ ဂရုစိုက်မနေခဲ့ဘဲ ရှေ့သို့သာ ဆက်၍ ပျံသန်းနေလေ၏။

ရန်ကိုင်တို့ရှေ့တွင်ရှိနေသော အလင်းစက်လေးမှာ တဖြည်းဖြည်းနှင့် နီးသထက်နီးလာခဲ့သည်။ အတန်ကြာသွားပြီးသည့်နောက်တွင် အားကောင်းလှသည့်ဆွဲအားတစ်ရပ် ရှေ့တည့်တည့်မှ ထွက်ပေါ်လာခဲ့လေ၏။

ရန်ကိုင်နှင့် ယုရုမန်တို့မှာတော့ သူတို့အား ဆွဲငင်လာသောဆွဲအားကို ပြန်လည်ခုခံနေခြင်းမရှိဘဲ အလိုက်သင့်မျောပါသွားစေလိုက်သည်။

ဝေဝါးနေသောမြင်ကွင်းမှ ပြန်လည်တည်ငြိမ်လာချိန် သူတို့ကိုယ်သူတို့ နေရာသစ်တစ်ခုဆီသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရသည်။

ရန်ကိုင် အသက်ကောင်းကောင်းမရှူရသေးခင်မှာပင် အမျိုးမျိုးသော အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံများမှာ ရန်ကိုင်တို့အား ဘက်ပေါင်းစုံမှ လွှမ်းခြုံလာခဲ့လေသည်။ ထိုကောင်းကင်စိတ်အာရုံများထဲ နတ်ဆိုးဘုရင်၊ နတ်ဆိုးသူတော်စင်တစ်ပိုင်းနှင့် နတ်ဆိုးသူတော်စင်များ၏ ကောင်းကင်စိတ်အာရုံများပင် ပါဝင်နေခဲ့သည်။

ရန်ကိုင်တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်သွားခဲ့ပြီး သူ့ဘေးပတ်ဝန်းကျင်ကိုလည်း အပြည့်အဝ သတိချပ်ထားလိုက်လေသည်။ ထို့နောက် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ရာ ရန်ကိုင်၏အမူအယာ ပိုလို့ပင် လေးနက်တည်ကြည်သွားခဲ့ရသည်။

ရန်ကိုင်မြင်နေရသည်မှာတော့ ကမ္ဘာနှစ်ခုမှ ဆက်သွယ်ပေးထားသော လမ်းကြောင်းမှ ဖြတ်သန်းသွားလာရန် ပြင်ဆင်နေကြသော မရေမတွက်နိုင်သည့် နတ်ဆိုးစစ်တပ်များပင်။

နတ်ဆိုးနယ်မြေမှ ပညာရှင်များမှာ ရန်ကိုင်တို့နှစ်ဦး ရောက်ရှိလာမည်ကို ကြိုတင်မျှော်လင့်ထားပြီးသည့်အလား ဂရုမစိုက်ဟန်ဖြင့် ၎င်းတို့၏ ကောင်းကင်စိတ်အာရုံများကို ပြန်လည်ရုတ်သိမ်းသွားခဲ့ကြသည်။ သို့သော်ငြား ရန်ကိုင်အပေါ် စိတ်ဝင်စားသယောင်ရှိသော နတ်ဆိုးသူတော်စင်အချို့မှာတော့ ရန်ကိုင်အား ကောင်းကင်စိတ်အာရုံဖြင့် အတန်ကြာအောင် ဆက်လက်စစ်ဆေးနေပေသေးသည်။ နောက်ဆုံးကျမှသာလျှင် ၎င်းတို့၏ကောင်းကင်စိတ်အာရုံကို ပြန်လည်ရုတ်သိမ်းသွားခဲ့လေ၏။

“သွားရအောင်…” ယုရုမန်သည် ရန်ကိုင်အား အချက်ပြလိုက်ပြီးသည့်နောက် ရှေ့မှ ဦးဆောင်ပျံသန်းသွားလေသည်။

ယခုအခါမှသာလျှင် ရန်ကိုင်မှာ နတ်ဆိုးနယ်မြေကို ကောင်းကောင်းစစ်ဆေးခွင့်ရတော့သည်။

ဤကမ္ဘာကြီးသည် ကြယ်တာရာအစုအဝေးနှင့် မတူပေ။ ဤနေရာရှိ လောကနိယာမများမှာ အနည်းငယ် ပရမ်းပတာ ဖြစ်နေခဲ့လေသည်။ ကောင်းကင်ထက်တွင် နေတစ်စင်းရှိပါသော်ငြား ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဝိုးတိုးဝါးတား ဖြစ်နေလေသည်။ မြေပြင်တစ်ခုလုံးမှာလည်း ခြောက်ကပ်နေပြီး အက်ကွဲကြောင်းများမှာလည်း နေရာအနှံ့တွင် ရှိနေကြသည်။ နွေခေါင်ခေါင်တွင် လယ်ကွင်းများ ပက်ကြားအက်သွားကြသည့်ပမာ နတ်ဆိုးနယ်မြေထဲ ထိုကဲ့သို့သော အက်ရာများကို နေရာတိုင်းလိုလို၌ မြင်တွေ့နေရ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters