အခန်း ၃၄၃၈
Vol. 151 Ch. 3438
အပိုင်း (၃၄၃၈)
ဘာသာပြန်သူ_တိမ်တိုက်
နတ်ဆိုးနယ်မြေသည် အမှန်တကယ်ကို ခေါင်လှပေသည်။ ဤနတ်ဆိုးနယ်မြေမှာ ခေါင်လွန်းလှသည်ဟု နာမည်ဆိုးဖြင့်ကျော်ကြားသော ကြယ်တာရာအစုအဝေးထဲရှိ အနောက်ဘက်နယ်မြေထက်ပင် ပိုဆိုးနေပေသေးသည်။ ဤကဲ့သို့သော ဆိုးရွားလှသည့် ကမ္ဘာကြီးတစ်ခုသည် မည်ကဲ့သို့များ အားကောင်းလှသည့် နတ်ဆိုးများစွာကို မွေးထုတ်ပေးနိုင်ရလေသနည်း။
မိုးမြေစွမ်းအင်မှာ ကျေနပ်ဖွယ်ကောင်းပါသော်ငြား နတ်ဆိုးမျိုးနွယ်စုအတွက်သာ သင့်တော်ပေသည်။ ဤနတ်ဆိုးနယ်မြေတစ်ခုလုံး နတ်ဆိုးချီများဖြင့် ပြည့်နေသည့်အတွက်ကြောင့် ကြယ်တာရာအစုအဝေးထဲရှိ ကျင့်ကြံသူများမှာ ဤနေရာရှိ မိုးမြေစွမ်းအင်အား စုပ်ယူ၍ မကျင့်ကြံနိုင်ကြပေ။ မိုးမြေစွမ်းအင်ကိုသာ စုပ်ယူလိုက်မည်ဆိုလျှင် အချိန်တိုအတွင်း နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားရနိုင်ပေသည်။
တစ်နာရီခန့်ကြာအောင် ပျံသန်းလာပြီးသည့်နောက် အောက်သို့ငုံ့ကြည့်လိုက်ရာ ရန်ကိုင် ကြောင်သွားခဲ့လေသည်။ “ဒီနတ်ဆိုးနယ်မြေက ဒီလောက်တောင်သေးတာလား…”
မူလက သတိမထားမိခဲ့ပါသော်ငြား ယခု အတော်လေးမြင့်သည့်နေရာမှ အောက်သို့ငုံ့ကြည့်လိုက်ချိန်တွင် အောက်ဘက်တွင်ရှိနေသည့်နေရာကြီးမှာ ပုံစံမကျသည့် တိုက်ကြီးတစ်တိုက်ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤကုန်းမြေကြီး၏ အဖျားကိုပင်လျှင် ရန်ကိုင်မှာ လှမ်း၍ မြင်နေရသည်။ ကျယ်ပြောလှသည့် ကြယ်တာရာကောင်းကင်ကြီးကိုသာ ပင်လယ်အဖြစ် မှတ်ယူလိုက်မည်ဆိုလျှင် အောက်ဘက်တွင်ရှိသော တိုက်ကြီးမှာ ပင်လယ်ထဲဝယ် အထီးကျန်အဖော်မဲ့ကာ တည်ရှိနေသော ကျွန်းတစ်ကျွန်းဖြစ်သည်ဟု ပြော၍ရသွားလေပြီ။
ဤကျွန်းသည် မီတာသောင်းဂဏန်းလောက်သာ ကျယ်ဝန်းပြီး ကျွန်းတစ်ခုလုံးကို ဟင်းလင်းပြင်မှ ဝိုင်းရံထားခဲ့သည်။ ရှင်းရှင်းပြောရသော် မီတာသောင်းဂဏန်းဆိုသည်မှာ မကျဉ်းလှပါသော်ငြား နတ်ဆိုးနယ်မြေသည် ကမ္ဘာကြီးတစ်ခုဖြစ်လေရာ ဤမျှလောက်တော့ ဖြစ်မနေသင့်ပေ။
ဤမျှလောက်သာ အရွယ်အစားရှိသည့် တိုက်ကြီးတစ်တိုက်ကို မည်ကဲ့သို့များ ကမ္ဘာကြီးတစ်ခုဟု ခေါ်ဝေါ်ထိုက်ပါမည်နည်း။ ဤနေရာသည် ကြယ်တာရာအစုအဝေးနှင့် လုံးဝကို မယှဉ်နိုင်ပေ။
သို့ပါသော်ငြား ဤနေရာကြီးသည်သာ ဤမျှသေးနေမည်ဆိုလျှင် များပြားလှသည့် နတ်ဆိုးများမှာ ဤနေရာထဲ မည်ကဲ့သို့များ နေထိုင်ကြလေသနည်း။ ထို့အပြင် အားကောင်းလှသည့် နတ်ဆိုးသူတော်စင်များမှာလည်း ဤမျှ ကျဉ်းမြောင်းလှသည့် နေရာမှ မည်ကဲ့သို့များ ထွက်ပေါ်လာနိုင်ကြလေသနည်း။
ရန်ကိုင် ဇဝေဇဝါဖြစ်နေသည်ကိုမြင်သော် ယုရုမန်က ရှင်းပြလိုက်၏။ “ဒါ နတ်ဆိုးနယ်မြေရဲ့ အဖျားအနားပဲ ရှိသေးတယ်… နတ်ဆိုးနယ်မြေတစ်ခုလုံးက တစ်စစီကွဲနေတဲ့ မှန်တစ်ချပ်လိုပဲ… နင်အခုမြင်နေရတာက မှန်ကွဲစလေးတစ်ချပ်ပဲ…”
“မှန်ကွဲစတစ်ချပ်…” ယုရုမန်အား အံ့ဩတကြီးဖြင့် ကြည့်လိုက်သည်။ သို့ပါသော်ငြား ယုရုမန်ရှင်းပြသည်ကို ကြားပြီးသည့်နောက် နတ်ဆိုးနယ်မြေ မည်သို့မည်ပုံ ရှိမလဲဆိုသည်ကို ရန်ကိုင် အကြမ်းဖျင်း စဉ်းစားမိသွားခဲ့လေသည်။
ယုရုမန်က ခေါင်းညိတ်လိုက်လေသည်။ “နင်မြင်နေရတဲ့ အပိုင်းအစလေးတစ်ခုချင်းစီတိုင်းက နတ်ဆိုးနယ်မြေကြီးတစ်ခုလုံးပဲ… အဲ့အပိုင်းအစတွေက တစ်ခုနဲ့တစ်ခု အရွယ်အစားမတူကြဘူး… ပြီးရင် တစ်ခုချင်းစီကလည်း တိုက်ကြီးတစ်ခုဖြစ်နိုင်သလို သီးခြားကမ္ဘာတစ်ခုလည်း ဖြစ်တယ်… ဒါပေမယ့် အဲ့လိုဖြစ်နေတယ်ဆိုရင်တောင် တစ်ခုနဲ့တစ်ခု ဆက်သွယ်နေသေးတယ်… အဲ့ဒါကို ထူးဆန်းတယ်လို့ မထင်ဘူးလား…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ဒီလိုမျိုးရှိတယ်ဆိုတာ ငါ တစ်ခါမှမကြားဖူးဘူး…” ဤသည်မှာ ရန်ကိုင်အတွက်တော့ မျက်စိပွင့်နားပွင့်စရာပင်။
ယုရုမန်က ရယ်သွမ်းသွေးလျက် “ဒါက နတ်ဆိုးနယ်မြေလေ… ကိုယ်တိုင်မကြည့်ကြည့်ဘဲနဲ့ ဒီနတ်ဆိုးနယ်မြေ ဘယ်လောက်တောင်ထူးခြားလဲဆိုတာကို နင်သိမှာမဟုတ်ဘူး…”
“ဘာဖြစ်လို့ ဒီလိုမျိုးဖြစ်နေရတာလဲ…” ရန်ကိုင်က မျက်မှောင်ကျုံ့၍ မေးလိုက်သည်။ ဤနေရာရှိ မိုးမြေစွမ်းအင် အနည်းငယ် ပရမ်းပတာဖြစ်နေသည်ဟုခံစားနေရခြင်းမှာ အဆန်းမဟုတ်တော့။ နတ်ဆိုးနယ်မြေကြီးတစ်ခုလုံးသည် အပိုင်းပိုင်းဖြစ်နေပြီး အပိုင်းတစ်ခုချင်းစီတိုင်းသည် သီးခြားကမ္ဘာတစ်ခုနှင့် အလားသဏ္ဍာန်တူနေသည်ကိုး။ ထိုအကြောင်းကြောင့် မိုးမြေစွမ်းအင်များနှင့် လောကနိယာမများသာ ကယောက်ကယက်ဖြစ်မနေပါက ထူးဆန်းနေပေလိမ့်မည်။
ယုရုမန်က ပြန်ပြောလိုက်သည်။ “နာမကျန်းဖြစ်နေတာကြောင့်လို့တော့ ထင်တာပဲ…”
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ “နာမကျန်းဖြစ်နေလို့…”
ယုရုမန်က ရန်ကိုင်ဘက်သို့လှည့်၍ “ကမ္ဘာတစ်ခုတောင် သေနိုင်တယ်လေ… နတ်ဆိုးနယ်မြေကလည်း ကမ္ဘာတစ်ခုပဲဆိုတော့ သေနိုင်တာပေါ့… အခုလောလောဆယ် နတ်ဆိုးနယ်မြေကြီးက သူ့ရဲ့အဆုံးသတ်ကို ရောက်နေပြီ…”
ရန်ကိုင်က ခေါင်းညိတ်၍မေးလိုက်လေသည်။ “ဒါဆို အဲ့အပိုင်းပိုင်းဖြစ်နေတဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုဆက်သွယ်ထားတာလဲ…” အစောပိုင်းက သူမြင်ခဲ့ရသော နတ်ဆိုးစစ်တပ်ကြီးမှာ ဤတိုက်ကြီးတစ်ခုတည်းမှ မဟုတ်လောက်ပေ။ ထိုနတ်ဆိုးစစ်တပ်များသည် မရေမတွက်နိုင်သော အပိုင်းပိုင်းဖြစ်နေသည့် ကုန်းမြေအစိတ်အပိုင်းများမှ လာခြင်း ဖြစ်ရပေလိမ့်မည်။ ဤနေရာတွင် လာရောက်စုဝေးနိုင်သည့်အတွက်ကြောင့် ထိုအပိုင်းပိုင်းဖြစ်နေသော ကုန်းမြေများအား ဆက်သွယ်ထားသည့်နည်းလမ်း ရှိကိုရှိရပေလိမ့်မည်။
“နယ်မြေဂိတ်တွေကနေတစ်ဆင့်လေ…” ယုရုမန်က ရှင်းပြလိုက်သည်။ တစ်ချိန်တည်းတွင် သူမလက်ကိုဆန့်ထုတ်၍ ညွှန်ပြလိုက်လေ၏။ “အဲ့ကိုလှမ်းကြည့်လိုက်… အဲ့ဒါ နယ်မြေဂိတ်ပဲ…”
ရန်ကိုင်လည်း ယုရုမန်ညွှန်ပြနေရာ နေရာဆီသို့ လှမ်းကြည့်လိုက်ရာ ဘယ်ဆီဘယ်ဝါမှန်းမသိရသောနေရာဆီသို့ တွင်းနက်ကြီးတစ်ခုပမာ ထင်မှတ်ရသည့် အနက်ရောင်ဘဲဥပုံစံ လိုဏ်ခေါင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။
“ဒီကုန်းမြေတစ်ခုချင်းစီတိုင်းမှာ အခြားကုန်းမြေတွေဆီကို ဦးတည်နေတဲ့ နယ်မြေဂိတ်တစ်ခု ဒါမှမဟုတ် အဲ့ထက်မက ရှိနေတတ်တယ်… နယ်မြေဂိတ်တွေကနေတစ်ဆင့်ပဲ ငါတို့ တစ်နေရာကနေ တစ်နေရာဆီကို ကူးကလန်ခတ်သွားတာ…”
“ငါသိပြီ…” ရန်ကိုင် သဘောပေါက်သွားလေ၏။ ထို့နောက် အံ့အားသင့်တကြီးဖြင့် ထပ်၍မေးလိုက်သည်။ “ဒါဆို နတ်ဆိုးနယ်မြေမှာလည်း လေဟာနယ်တာအိုကို ကျွမ်းကျင်တဲ့လူတွေ ရှိတာပေါ့…”
ယုရုမန်က ပြုံး၍ “မရှိဘူး… ဒီနယ်မြေဂိတ်တွေကို ဒီကနတ်ဆိုးတွေ ဖန်တီးထားတာမဟုတ်ဘူး… သူ့ဘာသာသူ ဖြစ်လာတာ…”
“သဘာဝတရားကြီးက တကယ်ကို ဆန်းကျယ်လှပါလား…” ရန်ကိုင် ရေရွတ်လိုက်၏။ ရုတ်တရက် မေးခွန်းတစ်ခုအား စဉ်းစားမိသွားပြီးသည့်နောက် ထပ်၍မေးလိုက်လေ၏။ “ဒါပေမယ့် နယ်မြေဂိတ်တွေက အချိန်တန်ရင် နောက်ဆုံး ပျောက်သွားမှာမဟုတ်ဘူးလား…”
“ပျောက်သွားလိမ့်မယ်…” ယုရုမန်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လျက် “တိုက်တစ်ခုရဲ့ နယ်မြေဂိတ်တွေအားလုံး ပျောက်သွားပြီဆိုရင် အဲ့တိုက်ကြီးက နတ်ဆိုးနယ်မြေနဲ့ လုံးဝကို အဆက်အသွယ်ပြတ်သွားလိမ့်မယ်… အဲ့လိုဖြစ်သွားပြီဆိုရင် နေစရာနေရာတစ်ခု လျော့သွားတာပေါ့…”
“အဲ့လိုမျိုး အရင်ကဖြစ်ဖူးတာလား…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။
ယုရုမန်က ပြုံး၍ “အရင်ကဖြစ်ဖူးတာတင်မဟုတ်ဘူး… ဖြစ်တာ အကြိမ်ပေါင်းမနည်းတော့ဘူး…”
ပြောနေရင်းမှ ရန်ကိုင်တို့မှာ နယ်မြေဂိတ်ဆီသို့ ရောက်လာခဲ့သည်။ အဝေးမှလှမ်းကြည့်မည်ဆိုပါက နယ်မြေဂိတ်မှာ ကြီးလှသည့်ပုံ မပေါ်ပါသော်ငြား အနီးသို့ ရောက်လာပြီးသည့်နောက်တွင် ဤနယ်မြေဂိတ်မှာ အနည်းဆုံး လူတစ်ထောင်ခန့် တစ်ပြိုင်တည်းဝင်ဆံ့နိုင်သည့် ဂိတ်ပေါက်ကြီးတစ်ခုဖြစ်ကြောင်း ရန်ကိုင်တွေ့ရှိသွားခဲ့ရသည်။
ရန်ကိုင်တို့မှာ ဂိတ်ပေါက်နားသို့ မရောက်သေးခင်မှာပင် ထိုနယ်မြေဂိတ်ပေါက်ဆီမှ အားကောင်းသည့်ဆွဲအားတစ်ရပ် ထွက်ပေါ်လာခဲ့သည်။ အလွန်ကိုမှ အားကောင်းလှသည့်အတွက်ကြောင့် ရန်ကိုင်၏ခန္ဓာကိုယ်သည်ပင်လျှင် ဂိတ်ပေါက်ဆီသို့ အလိုလို ပါသွားခဲ့သည်။
ယုရုမန်က အော်ပြောလိုက်၏။ “နင့်ကိုယ်နင်ကာကွယ်ထား… ဒဏ်ရာမရစေနဲ့…”
ယုရုမန်ပြောသည်ကို ကြားသည့်အခါ ရန်ကိုင်လည်း ဧကရာဇ်ချီကို ချက်ချင်း လှည့်ပတ်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်နှင့် ယုရုမန်တို့မှာ နယ်မြေဂိတ်ထဲသို့ ရောက်သွားခဲ့လေ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့ပြီး နေမှာ တလက်လက် ထွန်းလင်းတောက်ပနေခဲ့သည်။ ရန်ကိုင်မှာ မျက်လုံးမှေးစင်းရင်းမှ သူ့နောက်အား လှည့်ကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့လေ၏။ “ဒီမှာ ဘာဖြစ်လို့ နယ်မြေဂိတ်မရှိရတာလဲ…”
ယုရုမန်က ရှင်းပြလိုက်လေသည်။ “နယ်မြေဂိတ်အများစုက တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားကြတာမဟုတ်ဘူး… ဒီတော့ နင် နယ်မြေဂိတ်တစ်ခုထဲကို ဝင်သွားမယ်ဆိုရင် အဲ့နယ်မြေဂိတ်နဲ့ ဆက်သွယ်ထားတဲ့ တိုက်ပေါ်က ကြုံရာနေရာတစ်ခုဆီ နင့်ကိုပို့ပေးလိမ့်မယ်… ဒါကြောင့်ပဲ နင် အခု ဒီနေရာမှာ နယ်မြေဂိတ်ကို မတွေ့ရတာ…”
ရန်ကိုင် ခေါင်းညိတ်လိုက်ပြီးသည့်နောက် ခဏမျှ တိတ်သွားခဲ့လေသည်။ ထို့နောက်တွင် ယုရုမန်ကိုကြည့်၍ မေးလိုက်လေသည်။ “ရုမန်… နင်ဘယ်သူလဲ…”
ယုရုမန်သည် ယဲ့ယဲ့လေးပြုံးရင်းမှ ပြောလိုက်လေ၏။ “နောက်ဆုံးတော့ မနေနိုင်တော့ဘဲ မေးပြီပေါ့…”
ရန်ကိုင်က ဖြည်းဖြည်းချင်း ခေါင်းခါရင်းမှ “နင် နတ်ဆိုးနယ်မြေအကြောင်းသိထားတာ အရမ်းများလွန်းတယ်… အဲ့ဒါနဲ့တင် နင် ကြယ်တာရာအစုအဝေးကလူမဟုတ်မှန်း သိသာသွားပြီ… မဟာဧကရာဇ်တွေတောင် နတ်ဆိုးနယ်မြေအကြောင်း မသိတာ… အခြားလူတွေဆိုရင်တော့ ပြောနေစရာတောင်မလိုဘူး… ငါထင်တာသာအမှန်ဆိုရင် နင်ကလည်း နတ်ဆိုးပဲမလား…”
“ဟုတ်တယ်…” ယုရုမန်သည် ရန်ကိုင်အား စနောက်ကျီစယ်လိုသည့် အမူအယာဖြင့် ကြည့်ရင်းမှ မေးလိုက်လေ၏။ “နင့်ကြည့်ရတာ နတ်ဆိုးမျိုးနွယ်စုအကြောင်းကို တော်တော်လေးသိတဲ့ပုံပဲ… ထပ်မှန်းကြည့်စမ်း… ငါ ဘယ်ကလန်ကလာတာ ဖြစ်မယ်ထင်လဲ…”
ရန်ကိုင်က ရယ်မောလျက် “နင်က ငါ့ကို အကြပ်ရိုက်အောင် လုပ်နေတာပဲ… ငါ နတ်ဆိုးမျိုးနွယ်အကြောင်း နည်းနည်းပါးပါး သိထားတယ်ဆိုပေမယ့် ငါက နတ်ဆိုးမျိုးနွယ်စုဝင်မှမဟုတ်တာ… ဘယ်လိုလုပ်ပြီး သိမှာလဲ….” တစ်ချက်မျှရပ်ပြီးသည့်နောက် ရန်ကိုင်က ဆက်၍ပြောလိုက်၏။ “နတ်ဆိုးနယ်မြေထဲမှာ ကလန်ပေါင်းတစ်ရာရှိတယ်… ကလန်တစ်ခုချင်းစီတိုင်းမှာ မွေးရာပါစွမ်းရည်တွေ အသီးသီးရှိပြီးသား… ငါခန့်မှန်းရမယ်ဆိုရင်တော့ နင်က ကဝေနတ်ဆိုးကလန်သားမလား…”
ယုရုမန်သည် သူမ၏ရင်ဘတ်ကို လက်ဖြင့်အုပ်လိုက်ရင်းမှ ဝမ်းသာအားရဖြင့် ထခုန်၍ ပြောလိုက်လေ၏။ “နင်က တကယ်ကို နတ်ဆိုးနယ်မြေအကြောင်း ကောင်းကောင်းသိတာပဲ…”
ရန်ကိုင်သည် ယုရုမန်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်လေသည်။ “နင်က တကယ်ကြီး ကဝေနတ်ဆိုးလား…” ထိုသို့ပင်ပြောနေလင့်ကစား ရန်ကိုင်မှာ ထိုအကြောင်းကို အစောကြီးတည်းက စဉ်းစားထားပြီးသားပင်။ ကဝေနတ်ဆိုးသည်သာ ဤမျှ စွဲမက်ဖွယ်ကောင်းနေပေလိမ့်မည်။
ယုရုမန်သည် အသက်ကိုပြင်းပြင်းရှူသွင်းရင်းမှ ရန်ကိုင်ကိုကြည့်၍ “နင် ငါ့ကို ဟိုးအရင်တည်းက သံသယရှိနေတာမလား…” ထိုသို့သာမဟုတ်ပါက ရန်ကိုင်အနေဖြင့် ထိုကဲ့သို့သော ဆတ်ဆတ်ထိမခံသည့် မေးခွန်းမျိုးကို ပုံမှန်မဟုတ်သည့်အခြေအနေမျိုးတွင် မေးနေစရာအကြောင်းမရှိပေ။
ရန်ကိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်သည်။ “မယုံသင်္ကာဖြစ်တာပဲရှိတာလေ… သက်သေမှမရှိတာ… ပြီးတော့ ကဝေနတ်ဆိုးက သူ့ကိုယ်သူ ပန်းအရိပ်မဟာဧကရာဇ်ရှေ့မှာတောင် လီရှီချင်းအဖြစ် ဘယ်လိုလုပ်ပြီး သရုပ်ဆောင်နိုင်ရတာလဲ… ငါလည်း အဲ့ဒါကို စဉ်းစားနေသေးတယ်…”
“ဘာဖြစ်လို့လဲဆိုတော့…” ယုရုမန်က ယဲ့ယဲ့လေးပြုံးလိုက်သည်။ တစ်ချိန်တည်းတွင် သူမ၏အရှိန်အဝါမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။ ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းတို့မှာ သူမခန္ဓာကိုယ်ဆီမှ ပြန့်ထွက်လာခဲ့ပြီး အနီးအနားတွင်ရှိနေသော နတ်ဆိုးချီများသည်လည်း သူမ၏ခန္ဓာကိုယ်ထဲသို့ တရဟော စီးဝင်လာခဲ့လေ၏။ မူလက ဧကရာဇ်ဒုတိယအဆင့်သာရှိခဲ့သော ယုရုမန်၏ကျင့်ကြံခြင်းမှာ မျက်တောင်တစ်ခတ်အတွင်း ရုတ်ချည်း ထိုးတက်သွားခဲ့လေသည်။
ဧကရာဇ်တတိယအဆင့်အထွဋ်အထိပ်၊ မဟာဧကရာဇ်တစ်ပိုင်းအဆင့်၊ မဟာဧကရာဇ်…။
“ငါက နတ်ဆိုးသူတော်စင်မလို့လေ…” နတ်ဆိုးချီသည် ယုရုမန်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့လေရာ သူမ၏မျက်နှာမှာလည်း ရန်ကိုင်ပင်လျှင် သေသေချာချာမမြင်နိုင်သည်အထိ ဝေဝါးသွားခဲ့လေသည်။
ထိုဝိုးတဝါးတားဖြစ်နေသော မျက်နှာသည် မြင်လိုက်ရသည့်မည်သူကိုမဆို ထိုဝါးတားတားဖြစ်နေသည့်အရာကို ဖယ်ထုတ်စေလိုသည့် စွဲမက်မှုမျိုးကို ဖြစ်ပေါ်နေစေခဲ့လေသည်။
သူမဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါတစ်ခုတည်းကသည်ပင်လျှင် ပတ်ဝန်းကျင်ဟင်းလင်းပြင်တစ်ခုလုံးအား အချိန်မရွေး ပြိုကျစေတော့လုမတတ် ဖြစ်နေစေခဲ့သည်။
ရန်ကိုင်မှာတော့ လုံးဝကိုမင်သက်နေသည့်အလား ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
ယုရုမန် နတ်ဆိုးတစ်ကောင်ဖြစ်လိမ့်မည်မှန်း ရန်ကိုင်သံသယဝင်နေသည်မှာ ကြာခဲ့လေပြီ။ တကယ်တော့ ရန်ကိုင်မှာ ယုရုမန်နှင့် အမြဲလိုလို အတူရှိနေခဲ့ခြင်း မဟုတ်ပေလော။ ထိုအကြောင်းကြောင့် သူမ၏ဇစ်မြစ်အကြောင်းကို ယခုကဲ့သို့ သံသယဝင်မိသည်မှာ အဆန်းတော့မဟုတ်။ ယုရုမန်နတ်ဆိုးတစ်ကောင်မှန်း ခန့်မှန်းမိသည့်အတွက်ကြောင့်သာလျှင် ရန်ကိုင်မှာ သံမဏိသွေးမဟာဧကရာဇ်နှင့် ယခုကဲ့သို့ သဘောတူညီချက် လုပ်ခဲ့ခြင်းလည်း ဖြစ်ပေသည်။ ရန်ကိုင်သည် လီဝူရီအား သူ့နောက်သို့ လိုက်ဖမ်းစေခဲ့သည်။ နောက်ဆုံး ပြေးပေါက်မရှိသည့်အခါမှသာလျှင် ယုရုမန်သည် သူ့အား နတ်ဆိုးနယ်မြေသို့ သွားရန်အတွက် ဖျောင်းဖြပေလိမ့်မည်။
ယုရုမန်သည် ရန်ကိုင်ဆီသို့ ရည်ရွယ်ချက်တစ်ခုခုဖြင့် ချဉ်းကပ်လာခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။
ခက်ခက်ခဲခဲကြိုးစားပြီးသည့်နောက်တွင် အဆုံး၌ ရန်ကိုင်မှာ နတ်ဆိုးနယ်မြေထဲသို့ ဝင်ရောက်လာနိုင်ခဲ့သည်။
သို့ပါသော်ငြား ယုရုမန်သည် နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်နေလိမ့်မည်ဟု ရန်ကိုင် လုံးဝထင်ထားခဲ့ခြင်းမရှိပေ။
နတ်ဆိုးသူတော်စင်ဆိုသည်မှာ မဟာဧကရာဇ်နှင့် ယှဉ်နိုင်သည့် တည်ရှိမှုမျိုးဖြစ်သည်။
ယခုမှသာလျှင် အကုန်လုံး ယုတ္တိရှိသွားတော့သည်။ ကျားဟိန်းသံမြို့ထဲဝယ် နတ်ဆိုးသူတော်စင်တစ်ပိုင်းဖြစ်သော ပိုင်ကျိုးမှာ တိုက်ပင်မတိုက်ပဲ ပြန်လှည့်ပြေးသွားသည်မှာ အဆန်းမဟုတ်တော့။ ယခု သေချာပြန်စဉ်းစားကြည့်မည်ဆိုလျှင် ထိုစဉ်က ပိုင်ကျိုးသည် ယုရုမန်မည်သူဖြစ်သလဲဆိုသည်ကို မှတ်မိသွားခဲ့ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် တိုက်ပင်မတိုက်ခိုက်တော့ဘဲ ကမန်းကတန်း ပြန်လှည့်ပြေးသွားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာနှစ်ခုအား ဆက်သွယ်ပေးထားသော လမ်းကြောင်းရှေ့တွင်ရှိနေသည့် ထွားထွားကျိုင်းကျိုင်း နတ်ဆိုးဘုရင်ကြီးမှာလည်း ယုရုမန်ပေးလာခဲ့သော တံဆိပ်ပြားကို မြင်ပြီးသည့်နောက် သဘောထားလုံးဝပြောင်းလဲသွားသည်မှာ အဆန်းမဟုတ်။ ထိုတံဆိပ်ပြားသည် နတ်ဆိုးသူတော်စင်တစ်ပါး၏ တံဆိပ်ပြား ဖြစ်လေရာ နတ်ဆိုးသူတော်စင်တစ်ပါး၏ အခွင့်အာဏာကို ကိုယ်စားပြုလေသည်။ ထိုသို့ဖြစ်လေရာ နတ်ဆိုးဘုရင်တစ်ပါးမှာ မည်ကဲ့သို့များ လွန်ဆန်ရဲပါမည်နည်း။
နတ်ဆိုးသူတော်စင်တစ်ပါးမှ ရန်ကိုင်အား နတ်ဆိုးနယ်မြေထဲသို့ လိုက်လံပို့ဆောင်ပေးနေလေရာ မည်သူမျှ သူ့အား လာတားရဲလိမ့်မည်မဟုတ်ပေ။
ရန်ကိုင်မှာ သူ့ကိုယ်သူ အိပ်မက်မက်နေသလားဟုပင် ထင်မိသည့်အထိပင်။ အတန်ကြာသည်အထိတိုင် အသိပြန်ဝင်လာနိုင်ခဲ့ခြင်းမရှိ။ သူ့စိတ်ထဲ ယုရုမန်နှင့်ပတ်သက်၍ အမျိုးမျိုးစဉ်းစားထားပြီးဖြစ်သည့်တိုင် ယုရုမန်သည် နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်လိမ့်မည်ဟုတော့ လုံးဝစဉ်းစားထားခဲ့ခြင်းမရှိပေ။
ရန်ကိုင် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ယုရုမန်က ရုတ်တရက် အော်ပြောလိုက်သည်။ “လူသားပုရွက်ဆိတ်ကောင်… နင် ဒီသူတော်စင်ရှေ့မှာတောင် ဒူးမထောက်ပဲ နေရဲတယ်ပေါ့… ဟုတ်လား…”
နတ်ဆိုးသူတော်စင်တစ်ပါး၏ ဖိအားသည် ပတ်ဝန်းကျင်တစ်ခုလုံးအနှံ့ ပြန့်နှံ့လာခဲ့လေရာ ရန်ကိုင်၏အရိုးများ တကျွီကျွီမြည်လာခဲ့ရသည်။ သူ့ခန္ဓာကိုယ်မှာလည်း တောင်ပေါင်းများစွာ၏ ဖိချခြင်း ခံထားရသည့်အလား ရန်ကိုင်၏ဒူးများမှာ အလိုလိုကွေးလာခဲ့သည်။
ရန်ကိုင်သည် မျက်ခုံးပင့်၍ ယုရုမန်အား မီးတောက်မတတ်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် ရန်ကိုင်ဆီမှ နဂါးဟိန်းသံ ထွက်ပေါ်လာခဲ့ပြီး ရန်ကိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေရောင်တလက်လက် တောက်ပလာခဲ့လေသည်။ ရန်ကိုင်သည် ရွှေနဂါးအမြုတေ၏ စွမ်းအားကိုသုံး၍ ရွှေနဂါးဖိအားဖြင့် သူတော်စင်တစ်ပါး၏ ဖိအားကို တုံ့ပြန်ကာ အံကြိတ်၍ ပြန်အော်ပြောလိုက်လေ၏။ “ဒူးထောက်ရမယ်… နင့်ကြီးတော်ကို ဒူးထောက်ပါလား… မယုံမရှိနဲ့နော်… အခုလိုမျိုး ငါ့ကို ထပ်ပြီးတော့ အရှက်ခွဲဦးမယ်ဆိုရင် ငါ နင့်ကို ကောင်းကောင်းဆုံးမပေးတော့မှာ…”
ယုရုမန်သည် ပြုံး၍ ရန်ကိုင်အား ငြိမ်ငြိမ်လေးကြည့်နေလိုက်သည်။ အတန်ကြာသွားပြီးသည့်နောက် ထိုဖိအားမှာ ပျောက်ကွယ်သွားခဲ့လေ၏။
ထိုအားကောင်းလှသည့်ဖိအား ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်၏မျက်နှာ နီရဲတက်လာခဲ့ပြီး သွေးတစ်ပွက်ထိုးအန်ကာနီး ဖြစ်သွားခဲ့သည်။
ယုရုမန်သည် ရန်ကိုင်အား ကြည့်လာရင်းမှ ချစ်စဖွယ်ပြုံးလျက် မေးလိုက်လေသည်။ “ပျော်ဖို့ကောင်းလား….”
“သွားစမ်း…” ရန်ကိုင်သည် မှုန်ကုပ်ကုပ်အမူအယာဖြင့် ယုရုမန်၏မျက်နှာကို တွန်းဖယ်လိုက်လေသည်။ ယုရုမန်သည် နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်လျှင်ရော ဘာအရေးနည်း။ သူကိုယ်တိုင်သည် ယုရုမန်၏ခန္ဓာကိုယ်အနှံ့ကို ကိုင်တွယ်ခဲ့သလို သူမအား နမ်းလည်း နမ်းခဲ့ဖူးပေသည်။ ထိုမျှသာလျှင်မဟုတ်သေး ယုရုမန်၏တင်ပဆုံကိုလည်း ကောင်းကောင်း ရိုက်နှက်ဖူးပေသေး၏။ ယုရုမန်သည် ရန်ကိုင်ရှေ့မှောက်တွင် နတ်ဆိုးသူတော်စင်တစ်ပါး ရှိသင့်ရှိထိုက်သော ဂုဏ်သိက္ခာ နည်းနည်းမျှပင် မရှိတော့ပေ။ သို့ပါသော်ငြား သူမဆီမှ ထွက်ပေါ်နေသည့် နတ်ဆိုးသူတော်စင်တစ်ပါး၏အရှိန်အဝါမှာ အစစ်အမှန်ဖြစ်ပေသည်။ သူမသည်သာ သူမ၏ခွန်အားကို အပြည့်အဝထုတ်လွှတ်လိုက်မည်ဆိုလျှင် သူမဆီမှ ထွက်ပေါ်လာနေသည့်ဖိအားကို ခုခံဖို့ရာ ရန်ကိုင်အတွက် အလွန်ကိုမှ အခက်တွေ့ရပေလိမ့်မည်။
“စရုံလေးပဲကို…” ယုရုမန်မှာ သူမ၏ခေါင်းလေးကို ရန်ကိုင်ဆီသို့ ထပ်မှီလာပြန်လေ၏။
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။ “ငါ့အတွက်တော့ နည်းနည်းလေးမှ ပျော်စရာကောင်းမနေဘူး…”
အထွဋ်အထိပ်သိုင်းဧကရာဇ်