အခန်း ၃၄၃၉
Vol. 151 Ch. 3439
အပိုင်း (၃၄၃၉)
ဘာသာပြန်သူ_တိမ်တိုက်
“ကောင်းပြီ ကောင်းပြီ… ဒေါသမထွက်တော့နဲ့… ဒေါသထွက်တာက နင့်ခန္ဓာကိုယ်အတွက် မကောင်းဘူး… ငါတောင်းပန်တယ်… ဟုတ်ပြီလား…”
ရန်ကိုင်သည် မျက်လုံးမှေးစင်းလျက် ယုရုမန်ကိုစိုက်ကြည့်ကာ ပြန်ပြောလိုက်လေသည်။ “နင့်ပုံစံက တောင်းပန်တဲ့ပုံစံနဲ့ နည်းနည်းလေးမှမတူပါလား…”
ယုရုမန်က ပြန်၍မေးလိုက်လေသည်။ “အဲ့ဒါဆို နင်က ဘယ်လိုတောင်းပန်တာကို လိုချင်တာလဲ…”
ရန်ကိုင်သည် လက်ညှိုးလေးကိုကွေးလျက် ယုရုမန်အား သူ့ဆီသို့ လာရန် အချက်ပြလိုက်သည်။ ယုရုမန်မှ ရန်ကိုင်ဆီသို့ သူမနားအား ကပ်ပေးလိုက်သည့်အခိုက် ရန်ကိုင်က သူမနားနားသို့ကပ်၍ တိုးတိုးလေးပြောလိုက်လေ၏။
ယုရုမန်သည် ရန်ကိုင်ကိုကြည့်၍ ခေါင်းညိတ်ပြလိုက်လေသည်။ “ရတယ်လေ…”
“မိန်းမတစ်ယောက်ဆိုတာ ကိုယ်ပြောထားတဲ့စကားကို ဘယ်တော့မှ မရုတ်သိမ်းသင့်ဘူး… နင်ကတိပေးတာနော်…” ရန်ကိုင် ရုတ်တရက် ဝမ်းသာသွားခဲ့လေသည်။
“ငါကတိပေးတယ်…” ယုရုမန်က ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်၏။ “နင်သာ ငါ့ကို အဲ့လိုမျိုး ရအောင် လုပ်နိုင်မယ်ဆိုရင် နင့်စိတ်ကြိုက်လုပ်လို့ရတယ်…”
ရန်ကိုင် မင်သက်သွားခဲ့လေသည်။ (ငါက နင့်ကို… နင်က နတ်ဆိုးသူတော်စင်လေ… အဲ့ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…) ထိုအချက်ကိုနားလည်လိုက်သော် ရန်ကိုင်က ပြန်အော်ပြောလေသည်။ “နင် ငါ့ကို မလှိမ့်တပတ်လာလုပ်နေတာပဲ…”
ယုရုမန်သည် တခစ်ခစ်ရယ်သွမ်းသွေးရင်းမှ အလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ရှေ့သို့ ပြေးထွက်သွားခဲ့လေသည်။ ပျံသန်းနေရင်းမှ ရန်ကိုင်ဘက်သို့ ပြန်လှည့်၍ စနောက်လိုက်လေ၏။ “ငါ့နောက်ကိုလိုက်လေ… နင် ငါ့ကိုဖမ်းမိရင် ငါ နင့်ကို ဆုချမယ်…”
“နင်က တကယ်ဆိုးနေတာပဲ…” ရန်ကိုင်သည် ပြုံးဖြီး၍ လေဟာနယ်နိယာမများကို ထုတ်သုံးကာ ရပ်နေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး ယုရုမန်နောက်သို့ အလျင်စလို ပြေးလိုက်သွားခဲ့သည်။
ရန်ကိုင်တို့နှစ်ဦးမှာ တစ်ဦးကရှေ့ တစ်ဦးကနောက်မှနေ၍ အလွန်တရာကိုမှ မြန်ဆန်သည့်နှုန်းဖြင့် ပျံသန်းသွားနေကြသည်။ ရန်ကိုင်မှာ လေဟာနယ်နိယာမကိုအသုံးချ၍ မြန်သထက်မြန်အောင် လှုပ်ရှားနေခဲ့ပါသော်ငြား ယုရုမန်၏ကျင့်ကြံခြင်းမှာ အလွန်ကိုမှ မြင့်မားလှသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် မည်သို့ပင် ကြိုးစားနေစေကာမူ သူမအား လိုက်မမီနိုင်အောင်ကို ဖြစ်နေခဲ့ရာ အတော်လေးကိုမှ ကူကယ်ရာမဲ့နေခဲ့ရလေသည်။
တစ်နာရီခန့်ကြာပြီးသည့်နောက်တွင် ယုရုမန်သည် ရုတ်တရက် ကောက်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကာ လောကကြီးတစ်ခုလုံးကို ပွေ့ဖက်နိုင်သည့်ပုံစံမျိုး လုပ်လျက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်လေ၏။
ယုရုမန် ရပ်လိုက်သည်ကိုမြင်သော် ရန်ကိုင် ဝမ်းသာသွားခဲ့ပြီး အလျင်စလို ပြေးလိုက်သွားလေ၏။
“နောက်ဆုံးတော့ ပြန်ရောက်လာပြီ…” ယုရုမန်သည် သက်ပြင်းအမောကြီးချ၍ ကျေနပ်ပီတိဖြစ်နေသည့်အမူအယာဖြင့် ပြောလိုက်လေသည်။
ယုရုမန်ဘေးနားသို့ ရောက်သော် ရန်ကိုင်သည် အောက်ဘက်တွင်ရှိနေသည့် တိုက်ကြီးအား ငုံ့ကြည့်လိုက်ရင်းမှ ပြောလိုက်လေ၏။ “နင် ငါ့ကို တစ်နေရာရာဆီ ခေါ်သွားချင်တယ်လို့ ပြောတုန်းက နင်ပြောတဲ့နေရာက ဒီနတ်ဆိုးနယ်မြေလား…”
ယုရုမန်က ခေါင်းညိတ်လိုက်လေသည်။ “ဟုတ်တယ်…”
“နင့်လို နတ်ဆိုးသူတော်စင်တစ်ပါးကတောင် ငါ့အပေါ် နှလုံးသားစည်းတံဆိပ်ပညာရပ်ကို အသုံးပြုဖို့ ဝန်လေးမနေဘူးဆိုတော့ ကြည့်ရတာ နတ်ဆိုးနယ်မြေက လေဟာနယ်ပညာရပ်ကို အသုံးချနိုင်တဲ့ ငါ့စွမ်းရည်ကို အရမ်းစိတ်ဝင်စားနေတယ်နဲ့တူတယ်…” ရန်ကိုင်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။
ယုရုမန်က ပြုံး၍ ပြန်ရှင်းပြလိုက်၏။ “လေဟာနယ်နိယာမက အရမ်းကိုထူးဆန်းတဲ့ စွမ်းအားတစ်ရပ်လေ… နတ်ဆိုးနယ်မြေထဲမှာ အားကောင်းတဲ့နတ်ဆိုးတွေ အများကြီးရှိတယ်ဆိုပေမယ့် ဘယ်သူမှ လေဟာနယ်တာအိုကို မကျွမ်းကျင်ထားဘူး… ကြယ်တာရာအစုအဝေးထဲမှာလည်း နင်နဲ့လီဝူရီလောက်ပဲ လေဟာနယ်တာအိုကို ဟုတ်တိပတ်တိ ကျွမ်းကျင်ထားကြတာ… ဒါပေမယ့် လီဝူရီက မဟာဧကရာဇ်တစ်ပိုင်းအဆင့်မှာဆိုတော့ သူ့ကိုချဉ်းကပ်ဖို့ကမလွယ်ဘူး… ဒါကြောင့်ပဲ နင့်ကို ချဉ်းကပ်လာရတာ…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဒီတော့ အားနည်းတဲ့လူကို ရွေးလိုက်တာပေါ့…”
ယုရုမန်သည် ရန်ကိုင်ကိုကြည့်၍ “ငါ့ကိုယ်ငါတောင် စတေးခဲ့တာကို နင်က ဘာတွေမကျေမနပ်ဖြစ်နေတာလဲ…”
ရန်ကိုင်က ပြန်၍ပြောလိုက်လေသည်။ “ငါစိတ်ပျက်တာမဟုတ်ဘူး… နတ်ဆိုးသူတော်စင်တစ်ပါးကတောင် တန်ဖိုးထားနေရတာကို ဂုဏ်တောင်ယူမိသေးတယ်… ဒါပေမယ့် ငါ နားမလည်တာတစ်ချက်တော့ရှိတယ်… နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်နေတယ်ဆိုမှတော့ ဘာဖြစ်လို့ ငါ့ကို ဒီတိုင်းမဖမ်းလိုက်ဘဲနဲ့ အခုလိုမျိုး အချိန်ကုန်ခံ အလုပ်ရှုပ်ခံပြီး လုပ်နေရတာလဲ…”
“ငါကရော အဲ့လိုမျိုးမလုပ်ချင်ဘူးလို့ နင်ထင်နေလို့လား…” ယုရုမန်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်လေသည်။ “ဒါပေမယ့် ပညာရပ်တစ်ခုကိုသုံးပြီးတော့ ငါ့ရုပ်ရည်ကို ပြောင်းလဲလိုက်တုန်းက ငါက ဧကရာဇ်ဒုတိယဆင့်ပညာရှင်တစ်ဦးရဲ့ စွမ်းအားကိုပဲ ထုတ်သုံးနိုင်တာ… အဲ့လိုပုံစံနဲ့ ငါက နင့်ပြိုင်ဘက်မှမဟုတ်တာ… ဒီတော့ နင်သာမလာချင်ရင် ငါ နင့်ကို နတ်ဆိုးနယ်မြေဆီ ဘယ်လိုလုပ်ပြီး ခေါ်လာနိုင်မှာလဲ…”
“ငါနားလည်ပြီ…” ရန်ကိုင် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူ့အကြံအစည်မှာ ယုရုမန်၏အကြံအစည်နှင့် သွားရောက်တိုက်ဆိုင်နေသည့်အပေါ်လည်း ကြိတ်၍ ဝမ်းသာသွားခဲ့သည်။ ထိုသို့သာမဟုတ်ပါက နတ်ဆိုးနယ်မြေထဲသို့ ဤမျှ အလွယ်တကူ ဝင်လာနိုင်ခဲ့လိမ့်မည်မဟုတ်ပေ။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ထပ်မေးလိုက်လေ၏။ “အဲ့ဒါဆို နင် ငါ့ဆီကနေ ဘာလိုချင်တာလဲ… နင်တို့နတ်ဆိုးနယ်မြေက စစ်သားတွေ မြန်မြန်ဆန်ဆန် ရွေ့လျားလို့ရအောင်လို့ နင်တို့အတွက် ဟင်းလင်းပြင်အစီအရင်တွေ ခင်းကျင်းပေးစေချင်တာလား…”
“နင် အဲ့လိုမျိုး လုပ်နိုင်လို့လား…” ယုရုမန်သည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်က ဖြည်းဖြည်းချင်းခေါင်းခါလျက် “အဲ့လိုမျိုးလုပ်လို့တော့မရဘူး… ငါ့ရဲ့ဟင်းလင်းပြင်အစီအရင်တွေက တူညီတဲ့ကမ္ဘာထဲမှာပဲ အလုပ်ဖြစ်တာ… နတ်ဆိုးနယ်မြေက နည်းနည်းထူးခြားတယ်… နတ်ဆိုးနယ်မြေပေါ်မှာရှိတဲ့ တိုက်ကြီးတစ်တိုက်ချင်းစီတိုင်းက သီးခြားကမ္ဘာတစ်ခုလို ဖြစ်နေတော့ ဟင်းလင်းပြင်အစီအရင်တွေကိုသုံးပြီးတော့ တိုက်အချင်းချင်းကို ဆက်သွယ်ပေးလို့မရဘူး… ဒီတော့ အဲ့အကြောင်းကြောင့် ငါ့ကို ဒီနေရာဆီခေါ်လာတယ်ဆိုရင်တော့ နင်စိတ်ပျက်သွားရပြီ… ငါသာ လေဟာနယ်တာအိုကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း နားလည်လာနိုင်မယ်ဆိုရင်တော့ ကမ္ဘာ့အတားအဆီးတွေကို ဖြတ်ကျော်ပြီးတော့ ဟင်းလင်းပြင်အစီအရင်နှစ်ခုကို ချိတ်ဆက်ကောင်း ချိတ်ဆက်နိုင်လိမ့်မယ်… ဒါပေမယ့် အခုလောလောဆယ်တော့ အဲ့လိုမျိုး မလုပ်နိုင်သေးဘူး…”
ယုရုမန်က ယဲ့ယဲ့လေးပြုံးလျက် “အဲ့လိုမျိုးဖြစ်မယ်လို့ ငါထင်ထားပြီးသားပဲ… စိတ်မပူနဲ့… ငါတို့ကလည်း နင့်ဆီကနေ ဟင်းလင်းပြင်အစီအရင်တွေကို လိုချင်နေတာမဟုတ်ဘူး… နယ်မြေဂိတ်တွေ ရှိနေတယ်ဆိုမှတော့ နတ်ဆိုးစစ်တပ်ကို တစ်နေရာကနေ တစ်နေရာကို ပို့ဆောင်ဖို့က ဘာမှကိစ္စမရှိဘူး… နည်းနည်းလေး အချိန်ပိုကြာတာပဲရှိတယ်…”
“အဲ့ဒါဆို ငါက ဘာလုပ်ရမှာလဲ…” ရန်ကိုင်မျက်မှောင်ကျုံ့သွားခဲ့သည်။
“အချိန်တန်ရင် ငါပြောပြမယ်…”
ရန်ကိုင် မျက်နှာကြီးမှုန်ကုပ်နေသည်ကိုမြင်သော် ယုရုမန်က ချက်ချင်းပဲ ခေါင်းစဉ်ပြောင်းလိုက်လေသည်။ “နင် ငါ့ရဲ့တကယ့်မျက်နှာကို မြင်ချင်လား…”
ယုရုမန်သည် သူမကိုယ်သူမ လီရှီချင်းအယောင်ဆောင်ထားခဲ့ခြင်း ဖြစ်လေသည်။ နတ်ဆိုးနယ်မြေထဲသို့ ပြန်ရောက်သွားပြီးသည့်နောက်တွင် သူမ၏ မူလရုပ်ရည်သို့ ပြန်ပြောင်းခဲ့ပါသော်ငြား လက်ရှိအခိုက်အတန့်တွင် သူမ၏မျက်နှာကို ထူးဆန်းသည့် ဝိုးတိုးဝါးတားစွမ်းအားတစ်ရပ်မှ လွှမ်းခြုံထားခဲ့လေရာ သူမ၏မျက်နှာကို သေသေချာချာမမြင်ရပေ။
သို့သော်ငြား သူမ၏ တကယ့်ရုပ်ရည်သည် လီရှီချင်းအောက် နိမ့်ကျခြင်းမရှိဟု ယုရုမန်က ပြောခဲ့ပေသည်။ သူမကိုယ်တိုင်သည် ကဝေနတ်ဆိုးတစ်ကောင်ဖြစ်သလို နတ်ဆိုးသူတော်စင်တစ်ပါးလည်း ဖြစ်သည့်အလျောက် သူမ၏ရုပ်ရည် မဆိုးလှသည်မှာ သဘာဝသာဖြစ်၏။
“မမြင်ချင်ပါဘူး…” သို့ပါသော်ငြား ရန်ကိုင်က ချက်ချင်းပဲ ခေါင်းခါပြလိုက်၏။
ယုရုမန် အံ့အားသင့်သွားခဲ့သည်။ “ဘာဖြစ်လို့လဲ… ငါရုပ်ဆိုးမှာကို ကြောက်နေလို့လား…”
ရန်ကိုင်က ပြန်၍ပြောလိုက်လေ၏။ “နင် ဝက်တစ်ကောင်လို ရုပ်ဆိုးနေမယ်ဆိုရင်တောင် ငါ့အတွက်က အဖိုးတန်နေဦးမှာပဲ… ဒီတော့ နင့်ရုပ်ရည်က အဓိကမကျဘူး…”
“နင်က တကယ်ကို စကားပြောကောင်းလွန်းတာပဲ… ဒါကြောင့် နင့်မှာ မိန်းမတွေအများကြီးရှိနေတာ…” ထို့နောက်တွင် ယုရုမန်သည် သူမလက်ကိုဆန့်ထုတ်၍ ရန်ကိုင်၏မေးစေ့ကိုကိုင်ကာ သူမနှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။ ဤသည်မှာ ကြယ်တာရာအစုအဝေးတွင် ရှိစဉ်က ရန်ကိုင် သူမအား လုပ်ခဲ့သည့် ပုံစံမျိုးပင် ဖြစ်လေသည်။ “နင်မမြင်ချင်ဘူးဆိုရင်တောင် ငါကတော့ နင့်ကို မြင်စေချင်တယ်…”
ထိုသို့ပြောပြီးသည့်နောက်တွင် သူမမျက်နှာအား လွှမ်းခြုံထားသော ဝိုးတိုးဝါးတားအကာအကွယ်မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ပြီးသည့်နောက် ယုရုမန်၏ ယခင်မျက်နှာအစစ် ပေါ်လာခဲ့လေသည်။
သူမ၏ရုပ်ရည်မှာ နှင်းနတ်သမီးလေးပမာ ဖြူဆွတ်ဝင်းပချောမွေ့လှပလွန်းလှပေသည်။ မူလက ရန်ကိုင်မှာ ယုရုမန်အား စိတ်ဆွရန် ကြံထားခဲ့ပါသော်ငြား သူမ၏ တကယ့်မျက်နှာကို မြင်လိုက်သည့်အခိုက် လုံးဝကို အံ့အားသင့်သွားခဲ့လေသည်။
(သူက တကယ်ကြီး ကဝေနတ်ဆိုးလား…) စစ်ပွဲအတောအတွင်းတွင် ရန်ကိုင်မှာ ကဝေနတ်ဆိုးများစွာကို သတ်ပစ်ခဲ့ဖူးပြီး ကဝေနတ်ဆိုးတစ်ကောင်ချင်းစီတိုင်းသည် တစ်ဖက်ရန်သူများကို ဖျားယောင်းရန် ကြိုးစားနေသည့် နတ်ဆိုးများသာ ဖြစ်ကြလေသည်။ သူတို့ကြည့်ရသည်မှာ တစ်ချိန်လုံး ရမ္မက်သွေးကြွနေသည့် နတ်ဆိုးများနှင့်ပင် တူနေပေသေးသည်။
သို့ပါသော်ငြား ယုရုမန်ကမူ ကဝေနတ်ဆိုးများအပေါ် ရန်ကိုင်၏အထင်အမြင်ကို အပြောင်းလဲကြီး ပြောင်းလဲသွားစေခဲ့လေသည်။ သူမကိုကြည့်ရသည်မှာ အလွန်ကိုမှ သန့်စင်လှသည့် တော်ဝင်နတ်မိမယ်လေးတစ်ပါးပမာပင် ထင်မှတ်ရသည်။ သူ ယုရုမန်အား ယခင်က လုပ်ခဲ့သည်ကို ပြန်စဉ်းစားမိလိုက်သော် ရန်ကိုင်မှာ စိတ်ထဲ အပြစ်မကင်းသလိုပင် ခံစားသွားရ၏။
သို့ပါသော်ငြား ချက်ချင်းပဲ သူ့စိတ်အစုံကို သေသေချာချာ ပြန်လည်ထိန်းချုပ်လိုက်လေသည်။
ဤအမျိုးသမီး၏ညှို့ဓာတ်မှာ အလွန်ကိုမှ ပြင်းလွန်းလှပေသည်။ သူမသည် မွေးဖွားလာစဉ်တည်းက အလွန်ကိုမှ စွဲမက်ဖွယ်ကောင်းလှသည့် ညှို့ဓာတ်တစ်မျိုးကို ပိုင်ဆိုင်ခဲ့ရပေလိမ့်မည်။ ထိုအကြောင်းကြောင့် အခြားသူများကဲ့သို့ တစ်ဖက်လူအား တမင်တကာ ဖျားယောင်းညှို့ငင်နေစရာပင်မလို။ သူမ၏မျက်နှာလေးကပင်လျှင် ပစ်မှတ်များကို အလွယ်တကူ ညှို့ငင်ဖို့ရာ အဆင်ပြေနေခဲ့လေပြီ။
ရန်ကိုင်၏တုံ့ပြန်ပုံကိုမြင်သော် ယုရုမန်၏မျက်လုံးလေးများ လခြမ်းကွေးပမာ ကွေးတက်သွားခဲ့ပြီး အလွန်ကိုမှ ကျေနပ်ဟန်ဖြင့် တိုးတိုးလေးပြောလိုက်လေ၏။ “ငါလှလား…”
ရန်ကိုင်မှာ ကြက်အစာကောက်နေသည့်ပမာ ခေါင်းကို အဆက်မပြတ် ညိတ်နေခဲ့သည်။ ထို့နောက်တွင် ယုရုမန်၏ခါးကို စွဲဖက်၍ သူမအား နမ်းရန် လုပ်လိုက်လေ၏။
ထိုစဉ် လက်ညှိုးလေးတစ်ချောင်းသည် ရန်ကိုင်၏နှုတ်ခမ်းပေါ် ဖိကပ်လာခဲ့သည်။ ထို့နောက်တွင် ယုရုမန်သည် ရန်ကိုင်အားကြည့်၍ ကျီစယ်စနောက်လိုဟန်ဖြင့် “နတ်ဆိုးနယ်မြေမှာတော့ ငါ့အပေါ် အသားယူဖို့က အဲ့လောက်လွယ်မနေဘူးနော်…”
ရန်ကိုင်မှာ ကြယ်တာရာအစုအဝေးထဲတွင် ရှိစဉ်က သူမအား အမှန်တကယ်ကို အနိုင်ကျင့်ခဲ့ပေသည်။ ယုရုမန်သည် နတ်ဆိုးသူတော်စင်တစ်ပါး ဖြစ်ပါသော်ငြား ရန်ကိုင်ကြောင့် အရှက်လုံးလုံး ကွဲခဲ့ရသည်။ ရန်ကိုင်မှာ သူမအား စိတ်ရှိလက်ရှိ နမ်းရှိုက်ခဲ့ရုံမက သူမ၏ခန္ဓာကိုယ်အနှံ့ကိုပင်လျှင် ပွတ်သပ်ကိုင်တွယ်ခဲ့သလို သူမ၏တင်ပါးများကိုပင်လျှင် ရိုက်နှက်ခဲ့သေးသည်။ ယခု သူမ၏ပိုင်နက်ထဲသို့ ပြန်ရောက်နေပြီဖြစ်လေရာ ယုရုမန်အနေဖြင့် မည်ကဲ့သို့များ ထိုကဲ့သို့ ဖြစ်ခွင့်ပေးနိုင်တော့ပါမည်နည်း။
ရန်ကိုင်သည် ယုရုမန်၏လက်ချောင်းလေးကို နမ်းလိုက်ရင်းမှ ပြောလိုက်လေသည်။ “ရုမန်… အခုချိန်က ငါတို့ရဲ့ဆက်ဆံရေးကို ခရီးပေါက်အောင်လုပ်ဖို့ အကောင်းဆုံးအချိန်နော်… ငါဘာလိုချင်နေလဲ နင်လည်းသိတာပဲ… ပြန်သွားဖို့မဖြစ်နိုင်မှန်း သိလျက်နဲ့တောင် ငါ နတ်ဆိုးနယ်မြေကို လာခဲ့သေးတာ… နင် ငါခံစားနေရတာကို ကြည့်ရက်နိုင်လို့လား…”
ယုရုမန်က ရယ်မောလိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ “ငါ နင့်ကို ပြောပြီးသွားပြီလေ… နင်သာ ငါ့အပေါ် အဲ့လိုမျိုးဖြစ်အောင် လုပ်နိုင်ရန် နင့်စိတ်ကြိုက်လုပ်ခွင့်ပေးမယ်လို့…”
“ဒါပေမယ့် အဲ့ဒါက ဘယ်လောက်ကြာမလဲ ဘယ်သူမှ မပြောနိုင်ဘူးလေ…” ရန်ကိုင်က ခါးသက်သက် အမူအယာဖြင့် အထွန့်တက်လိုက်သည်။ “နင်က ငါ့ရှေ့မှာ စားပွဲသောက်ပွဲကျင်းပပြီးတော့ ငါ့ကို မစားခိုင်းသလိုဖြစ်နေတယ်…”
“ငါ ဂရုမစိုက်ဘူး… သွားရအောင်…” ယုရုမန်က ခေါင်းခါလိုက်သည်။
ရန်ကိုင်ကမူ ယုရုမန်၏လက်ချောင်းလေးကို လျှာဖြင့် လျက်လိုက်ရင်းမှ ခေါင်းခါ၍ ပြောလိုက်လေ၏။ “မသွားဘူး…”
ယုရုမန်မှာ ဒေါသူပုန်ထချင်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း ရယ်ချင်ပတ်ကျိ ဖြစ်သွားလေ၏။ “နင် ငါ့ကိုမလွှတ်ဘူးဆိုရင် ငါ နင့်အပေါ် ယဉ်ကျေးနေတော့မှာမဟုတ်ဘူးနော်…”
“နင် ငါ့အပေါ် ဘယ်လိုမယဉ်ကျေးမှာလဲ…” ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလိုက်လေ၏။
ယုရုမန်လည်း ရွေးစရာမရှိတော့ပေ။ သူမ၏ ကျန်လက်တစ်ဖက်ဖြင့် ရန်ကိုင်၏နဖူးတည့်တည့်အား လက်ညှိုးဖြင့် တောက်ချလိုက်လေသည်။
“ဘန်း…”ခနဲမြည်သံနှင့်အတူ ရန်ကိုင်မှာ မီတာတစ်ထောင်ခန့်အကွာသို့ ကျွမ်းပစ်သွားခဲ့ပြီးသည့်နောက်မှသာလျှင် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်နိုင်သည်။ သို့ပင်ဖြစ်လင့်ကစား သူ့ခေါင်းတစ်ခုလုံးမှာ မူးဝေနေပေသေးပြီး အတန်ကြာမှသာလျှင် ပြန်လည်သက်သာလာနိုင်ခဲ့သည်။ ထို့နောက်တွင် ယုရုမန်ကိုကြည့်၍ ဒေါမာန်တကြီးဖြင့် ထအော်လိုက်လေ၏။ “နင် ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား…”
ယုရုမန်က လှောင်ပြုံးပြုံးလျက် “ငါ နင့်ကို သင်ခန်းစာပေးရုံပဲ… နောက်တစ်ကြိမ် ငါ့ကို ဒါမျိုး ထပ်နှောင့်ယှက်ဦးမယ်ဆိုရင် ငါ နင့်ကို ဒီတိုင်း ထပ်ပြီး သင်ခန်းစာပေးမှာ…”
ရန်ကိုင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ သူ အမှန်တကယ်ကို ဒေါသထွက်နေမိလေသည်။ ကံတရားမှာ အမှန်တကယ်ကိုမှ ရက်စက်လွန်းလှသည်။ ဤကဲ့သို့ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် ကြယ်တာရာအစုအဝေးထဲတွင် ရှိစဉ်တည်းက အခွင့်အရေးကို အမိအရ အသုံးချခဲ့ပေမည်။
(ထားလိုက်ပါတော့… ငါ သူ့ကို မနိုင်မှတော့ သည်းခံနေရုံပေါ့…)
မကျေနပ်ချက်တို့သည် ရန်ကိုင်၏မျက်နှာထက် အထင်းသား။
ယုရုမန်မှာ သူမလက်အား ရန်ကိုင်တည့်တည့်သို့ ဆန့်ထုတ်လိုက်ရာ ပြင်းထန်သည့်ဆွဲအားကြောင့် ရန်ကိုင်မှာ ယုရုမန်ဆီသို့ အလိုလို မျောပါသွားခဲ့သည်။ ထို့နောက်တွင် ယုရုမန်သည် ရန်ကိုင်၏ အင်္ကျီကော်လံကိုကိုင်၍ ခြေဖျားလေးထောက်ကာ ရန်ကိုင်၏နဖူးထက် အနမ်းခြွေပေးလိုက်လေ၏။
ရန်ကိုင်သည် သူ့လက်ဖြင့် နဖူးကို ပွတ်သပ်လိုက်ရင်းမှ ပြောလိုက်လေ၏။ “ဘာလဲ… အနမ်းလေးပေးပြီးတော့ ငါ့ကို စိတ်ပျော်အောင် လုပ်နေတာလား… ငါ့ကို သုံးနှစ်သားကလေးများ မှတ်နေတာလား…”
“နင့်ဘာသာနင် ထင်ချင်သလိုထင်… ကဲ… ဒီမှာရပ်လိုက်ကြရအောင်… ငါနင့်ကို တစ်နေရာရာဆီ အရင်ဆုံးခေါ်သွားပေးမယ်…”
ပြောပြီးသည့်နောက်တွင် သူမ၏နတ်ဆိုးချီဖြင့် ရန်ကိုင်ကိုရစ်ပတ်ကာ အနားတွင်ရှိနေသော နယ်မြေဂိတ်ဆီသို့ ပျံသန်းသွားလေ၏။
ရန်ကိုင်မှာတော့ တစ်ချိန်လုံး မှုန်ကုပ်ကုပ်အမူအယာဖြင့် ရှိနေခဲ့သည်။ သို့ပါသော်ငြား ယုရုမန်မှာမူ ဂရုစိုက်မနေခဲ့ပေ။ သူမ၏ကျင့်ကြံခြင်းအား ပြန်လည်ရရှိသွားပြီ ဖြစ်သည့်အတွက်ကြောင့် ယုရုမန်မှာ ယခင်ကထက်ပို၍ ယုံကြည်ချက် ရှိလာတော့သည်။ ကြယ်တာရာအစုအဝေးတွင်ရှိစဉ်ကကဲ့သို့ ရန်ကိုင်နားသို့ တောက်လျှောက် ကပ်မနေတော့သဖြင့် ရန်ကိုင်မှာ တစ်ခုခုအား ဆုံးရှုံးသွားသလိုပင် ခံစားနေခဲ့ရသည်။
နှစ်ဦးသားမှာ နယ်မြေဂိတ်များ တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်လာနေခဲ့လေသည်။
ယုရုမန်ပြောခဲ့သလိုပင် ဤအပိုင်းပိုင်းဖြစ်နေသော တိုက်ကြီးများသည် တစ်ခုနှင့်တစ်ခု မတူညီကြချေ။ ကြီးသည့်တိုက်က ကြီး၏။ သေးသည့်တိုက်က သေးကြသည်။ အချို့တိုက်ကြီးများဆိုလျှင် နယ်စပ်များကိုပင်လျှင် လှမ်း၍ မမြင်နိုင်ကြပါသော်ငြား အချို့ အရွယ်အစားသေးသည့် တိုက်များမှာမူ ဟိုဘက်အစနှင့် ဒီဘက်အဆုံးအား လှမ်း၍ မြင်နေရလေသည်။
ထို့အပြင် ထိုအသီးသီးကွဲပြားနေသော တိုက်ကြီးများ၏ ပတ်ဝန်းကျင်များမှာလည်း တူညီခြင်းမရှိကြပေ။ အချို့တိုက်များမှာ မိုးမြေစွမ်းအင် အလွန်ကိုမှ ကြွယ်ဝကြပါသော်ငြား အချို့မှာတော့ မိုးမြေစွမ်းအင် ကျိုးတိုးကျဲတဲ ဖြစ်နေလေသည်။
လာရာလမ်းတစ်လျှောက်လုံး ရန်ကိုင်မှာ အံ့ဩတကြီး ဖြစ်ခဲ့ရသည်။
သို့ပါသော်ငြား တိုက်ကြီးအားလုံးနှင့်ပတ်သက်၍ တူညီသည့်အချက်မှာ ထိုတိုက်ကြီးအားလုံး၌ နတ်ဆိုးချီများ ရှိနေခြင်းပင်။ ထိုအကြောင်းကြောင့် နတ်ဆိုးမဟုတ်သည့် သက်ရှိများအနေဖြင့် ဤနေရာတွင် ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်