← Chapters

အခန်း ၃၄၄၀

Vol. 151 Ch. 3440

အခန်း ၃၄၄၀

Vol. 151 Ch. 3440

အပိုင်း (၃၄၄၀)

ဘာသာပြန်သူ_တိမ်တိုက် 

တစ်ရက်ကျော် ကြာလာပြီးသည့်နောက် ရန်ကိုင်မှာ စတင်၍ စိတ်မရှည်ချင်တော့ပေ။

ရန်ကိုင်သည် နတ်ဆိုးနယ်မြေသို့ ရည်ရွယ်ချက်တစ်ခုဖြင့် ရောက်လာခဲ့ခြင်း ဖြစ်ပေ၏။ သို့ပါသော်ငြား ယုရုမန်မှာမူ ရန်ကိုင်သည် မလွှဲသာတော့သည့်အတွက်ကြောင့် နတ်ဆိုးနယ်မြေသို့ လာခဲ့ရသည်ဟု ထင်နေခဲ့လေသည်။ ရန်ကိုင်၏ တကယ့်ရည်ရွယ်ချက်ကို ယုရုမန်မသိပေ။ ထို့အပြင် ရန်ကိုင်သည် နှလုံးသားစည်းတံဆိပ်အား ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းထဲသို့ ပြောင်းထည့်ထားသည်ကိုလည်း သူမ မသိ။ ယုရုမန်သည် သူမကိုယ်သူမ စတေး၍ နှလုံးသားစည်းတံဆိပ်ပညာရပ်ကို ရန်ကိုင်အပေါ် အသုံးပြုခဲ့ပါသော်ငြား တကယ့်တကယ်တွင်မူ နှလုံးသားစည်းတံဆိပ်ပညာရပ်၏ သက်ရောက်ခြင်း ခံနေရသူမှာ သူမသာ ဖြစ်နေခဲ့သည်။

ရန်ကိုင်သည် ဤအခွင့်အရေးကို အသုံးချ၍ သတင်းနှိုက်ရန် ကြိုးစားတော့လေသည်။

ထိုအကြောင်း‌ကြောင့် ရန်ကိုင်မှာ ယုရုမန်အပေါ် ဒေါသထွက်မနေတော့ဘဲ ယုရုမန်နှင့် စတင်၍ စကားပြောတော့လေ၏။

ပြောရင်းဆိုရင်းနှင့်မှ အဆင်ပြေလာသော ရန်ကိုင်သည် မျက်နှာသေဖြင့် မေးလိုက်လေ၏။ “ဒါနဲ့ ရုမန်… နတ်ဆိုးနယ်မြေထဲမှာ နတ်ဆိုးသူတော်စင်ဘယ်နှစ်ပါးရှိတာလဲ…”

ဤသည်မှာ မဟာဧကရာဇ်များပင် မသိသည့်အချက် ဖြစ်ပေသည်။ သူသည်သာ နတ်ဆိုးနယ်မြေထဲရှိ နတ်ဆိုးသူတော်စင်အကြောင်းကို ကြိုသိထားမည်ဆိုလျှင် နောက်နောင်အခြေအနေအတွက် ပိုမိုအဆင်ပြေနိုင်ပေလိမ့်မည်။ ရန်သူအကြောင်းကို ကောင်းမွန်စွာ သိထားခြင်းသည် မိမိတိုက်ရမည့်စစ်ပွဲအား ပိုမိုလွယ်ကူစေနိုင်သည်မဟုတ်ပေလော။

“အခု နတ်ဆိုးနယ်မြေထဲမှာ နတ်ဆိုးသူတော်စင်စုစုပေါင်း ဆယ့်နှစ်ပါးရှိတယ်…” ယုရုမန်မှာတော့ ဘာကိုမျှ သံသယဝင်မနေခဲ့ပေ။ ထို့အပြင် ဤသည်မှာလည်း လျှို့ဝှက်ချက် ကြီးကြီးမားမားတစ်ခုမဟုတ်။ ရန်ကိုင်သည် နတ်ဆိုးနယ်မြေသို့ ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် ဤနေရာတွင် ရှိနေသော နတ်ဆိုးများအား ထိုအကြောင်းကို အလွယ်တကူ သွားရောက်မေးမြန်းနိုင်ပေသည်။ “နတ်ဆိုးသူတော်စင်တစ်ပါးချင်းစီတိုင်းမှာ လက်အောက်ငယ်သားဖြစ်တဲ့ နတ်ဆိုးသူတော်စင်တစ်ပိုင်းတွေ ရှိတယ်… အဲ့လူတွေအကုန်လုံးက သက်ဆိုင်ရာ တိုက်တွေအသီးသီးကို ကွပ်ကဲနေကြတာ…”

“ဆယ့်နှစ်ပါး…” ရန်ကိုင် အံ့အားသင့်သွားလေသည်။ “ကြယ်တာရာအစုအဝေးထက် နှစ်ယောက်တောင် ပိုများတာပဲ…”

ယုရုမန်က ပြုံး၍ “အခုဆို ဆယ့်သုံးပါးဖြစ်သွားပြီ။.. ကြယ်တာရာအစုအဝေးမှာတော့ ကိုးဦးပဲရှိတော့တယ်…”

“ဟုတ်တယ်နော်…” ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ညအရိပ်မဟာဧကရာဇ်သည် ကြယ်တာရာအစုအဝေးကို သစ္စာဖောက်၍ နတ်ဆိုးနယ်မြေဘက်သို့ ဘက်ပေါင်းသွားသည့်အတွက်ကြောင့် ကြယ်တာရာအစုအဝေးဘက်၌ မဟာဧကရာဇ်တစ်ပါး‌ လျော့သွားခဲ့ပြီး နတ်ဆိုးနယ်မြေဘက်တွင် တစ်ပါးတိုးလာခဲ့သည်။ ထို့အပြင် နတ်ဆိုးနယ်မြေထဲ၌ ပိတ်မိနေသော လမင်းမဟာဧကရာဇ်လည်း ရှိနေပေသေးသည်။ ယခု လမင်းမဟာဧကရာဇ် သေလားရှင်လားဆိုသည်ကို မသိရပေ။ လမင်းမဟာဧကရာဇ်ကိုပါ ဖယ်လိုက်မည်ဆိုလျှင် ကြယ်တာရာအစုအဝေးထဲ၌ မဟာဧကရာဇ်ရှစ်ပါးသာ ကျန်ရစ်ပေတော့မည်။

နတ်ဆိုးနယ်မြေ၏ အရွယ်အစားသည်လည်း ဤနေရာ၌ ရှိနေသည့် နတ်ဆိုးသူတော်စင်အရေအတွက်အပေါ် သက်ရောက်နေပေလိမ့်မည်။ နတ်ဆိုးနယ်မြေထဲရှိ နတ်ဆိုးသူတော်စင်အရေအတွက်သည် ကြယ်တာရာအစုအဝေးထဲရှိ မဟာဧကရာဇ်အရေအတွက်ထက် ပိုမိုများပြားနေရခြင်းမှာ နတ်ဆိုးနယ်မြေ၏ အရွယ်အစားကြောင့် ဖြစ်ရလိမ့်မည်ဟု ရန်ကိုင် ယုံကြည်နေပေသည်။

နတ်ဆိုးနယ်မြေထဲ၌ နတ်ဆိုးသူတော်စင်ဆယ့်နှစ်ပါး ရှိနေခြင်းသည် ကြယ်တာရာအစုအဝေးအတွက်တော့ မကောင်းပေ။ ထိုနတ်ဆိုးသူတော်စင်ဆယ့်နှစ်ပါးသည်သာ ကြယ်တာရာအစုအဝေးထဲသို့ ဝင်ရောက်လာ၍ စိတ်ကြိုက်ဖျက်ဆီးမည်ဆိုလျှင် ကြယ်တာရာအစုအဝေး တစ်စစီ ဖြစ်သွားရပေလိမ့်မည်။

“နတ်ဆိုးသူတော်စင်တွေက ဒီနတ်ဆိုးနယ်မြေထဲမှာ အားအကောင်းဆုံးလား…” ရန်ကိုင်က ထပ်မေးလိုက်လေ၏။ “ငါကြားဖူးတာတော့ နတ်ဆိုးနယ်မြေထဲမှာ မဟာနတ်ဆိုးနတ်ဘုရားဆိုပြီးတော့ ရှိသလိုပဲ…”

ယုရုမန်၏ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွားခဲ့လေသည်။

ရန်ကိုင်မှာတော့ ယုရုမန်နှင့် အလျင်မီအောင် မတုံ့ပြန်နိုင်ခဲ့ဘဲ ဆက်၍ပျံသန်းနေခဲ့ရာ ယုရုမန်ကို ကျော်တက်သွားခဲ့လေ၏။ နောက်မှသာ ယုရုမန်ရပ်တန့်သွားသည်ကို သတိထားမိသွားခဲ့ပြီး နောက်သို့ ပြန်လှည့်လာခဲ့သည်။

“ဘာဖြစ်လို့လဲ…” ရန်ကိုင် ဇဝေဇဝါဖြစ်သွားခဲ့သည်။

ယုရုမန်သည် ရန်ကိုင်ကို အလေးအနက်အမူအယာဖြင့် ကြည့်၍ ပြောလိုက်လေ၏။ “နင် အဲ့ဒါကို ဘယ်ကနေကြားလာတာလဲ…”

ရန်ကိုင်က ပုခုံးတွန့်လျက် “သေချာတော့မပြောတတ်တော့ဘူး… တစ်ယောက်ယောက်ပြောတာကိုပဲ ကြားဖူးတာလား ရှေးဟောင်းမှတ်တမ်းတစ်ခုခုကို ဖတ်ပြီးတော့ပဲ သိခဲ့တာလား မသေချာတော့ဘူး…” ယုရုမန်နှင့်ပတ်သက်၍ တစ်ခုခုမူမမှန်ဟု ခံစားလိုက်ရသည့်အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ် စိုးရိမ်မိသွားလေသည်။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ယုရုမန်က သတိပေးလိုက်လေသည်။ “အဲ့အကြောင်းကို နောက်နောင် လုံးဝမပြောနဲ့…” မည်သည့်အကြောင်းကို မပြောရန် ပြောမသွားခဲ့ပါသော်ငြား ယုရုမန်မှ မဟာနတ်ဆိုးနတ်ဘုရားအကြောင်းကို ဆိုလိုခြင်းဖြစ်မှန်း ရန်ကိုင်သဘောပေါက်သွားခဲ့သည်။

“ဘာလို့လဲ…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။

“ငါပြောတဲ့အတိုင်းသာလုပ်…” ယုရုမန်က အလေးအနက်အမူအယာဖြင့် ပြောလိုက်သည်။ “အဲ့အကြောင်းကို လုံးဝ ထပ်မပြောနဲ့… မဟုတ်လို့ရှိရင် တစ်ခုခုဖြစ်လာခဲ့ရင် ငါတောင် နင့်ကို ကယ်နိုင်မှာမဟုတ်ဘူး…”

(အဲ့လောက်ကြီးတောင်လား…) ရန်ကိုင် အံ့အားသင့်သွားတော့လေသည်။ (နတ်ဆိုးသူတော်စင်တစ်ပါးဖြစ်တဲ့ ယုရုမန်ကတောင် ငါ့ကို မကာကွယ်နိုင်တဲ့အခြေအနေမျိုး ရှိသေးတာလား… ဒီတော့ မဟာနတ်ဆိုးနတ်ဘုရားက တကယ်ကြီးရှိတာပေါ့… နတ်ဆိုးသူတော်စင်တွေရဲ့အထက်မှာ ပိုပြီးအားကောင်းတဲ့ တည်ရှိမှုတစ်ခုက ရှိနေသေးတာပေါ့…)

ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ကြုံခဲ့ရသော နောက်ဆုံးတိုက်ပွဲတွင် အမြဲစိမ်းနတ်သစ်ပင်သည် သူ့ကိုယ်သူစတေး၍ ကမ္ဘာနှစ်ခုကြား ဆက်သွယ်ပေးထားသော လမ်းကြောင်းကို ၎င်း၏ခန္ဓာကိုယ်ဖြင့် ပိတ်ရန် ကြိုးစားခဲ့သည်။ ထိုကဲ့သို့ ပိတ်ရန် ကြိုးစားနေစဉ်မှာပင် လမ်းကြောင်း၏ အခြားတစ်ဖက်ခြမ်းဆီမှ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုမတတ် ကြီးမားလှသော လက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာခဲ့လေသည်။ ကမ္ဘာခြား၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်တိုင် ထိုလက်ဝါးချက်ထဲ ကိန်းအောင်းနေသော စွမ်းအားသည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှရာ ထိုလက်ဝါးချက်ကြောင့်ပင်လျှင် စီနီယာချင်း၏တာဝန်မှာ ကျရှုံးခါနီး ဖြစ်သွားခဲ့ရသည်။

ထိုစွမ်းအားသည် နတ်ဆိုးသူတော်စင်တစ်ပါး၏ စွမ်းအားထက်ကို ကျော်လွန်နေပေသည်။ နတ်ဆိုးနယ်မြေထဲ၌ ရှိနေကြသည့် နတ်ဆိုးများမှာမူ ထိုလက်ဝါးချက်ပိုင်ရှင်အား မဟာနတ်ဆိုးနတ်ဘုရားဟု ပြောကြသည်။

ပုံရိပ်တစ်ထောင်အိပ်မက်ကမ္ဘာထဲတွင် ဖြစ်ပျက်ခဲ့သည့် အရာမှန်သမျှသည် လက်တွေ့သမိုင်းကြောင်းအပေါ် အခြေခံထားသည့် အရာများ ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ရှေးခေတ်အချိန်၌ မဟာနတ်ဆိုးနတ်ဘုရားမှာ အမှန်တကယ်ကို တည်ရှိခဲ့သည်။ သို့ပါသော်ငြား ယုရုမန်မှာ ထိုအကြောင်းကို တစ်ခွန်းပင်မပြောရန် ဘာကြောင့် ယခုကဲ့သို့ အလေးအနက်အမူအယာဖြင့် သတိပေးရသလဲဆိုသည်ကိုတော့ ရန်ကိုင် သဘောမပေါက်ပေ။

မဟာနတ်ဆိုးနတ်ဘုရားဟူသော စကားလုံးများသည် နတ်ဆိုးနယ်မြေထဲ မည်သည့်အရာကိုဆိုလိုမှန်း ရန်ကိုင်မသိပါသော်ငြား ယခုမူ ထိုစကားလုံးများ၏ အတိမ်အနက်ကို သဘောပေါက်သွားခဲ့လေသည်။

“ငါသိပြီ…” ရန်ကိုင် ခေါင်းညိတ်လိုက်လေ၏။ “ငါ အဲ့အကြောင်းကို ထပ်မပြောတော့ဘူး…”

ယုရုမန်က စိတ်သက်သာရာ ရသွားဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ “အဲ့ဒါဆို အကောင်းဆုံးပဲ…”

ထို့နောက်တွင် ရန်ကိုင်သည် ခေါင်းစဉ်ပြောင်း၍ မေးလိုက်လေ၏။ “လမင်းမဟာဧကရာဇ်ရော… ငါကြားတာတော့ သူ နတ်ဆိုးနယ်မြေထဲက တစ်နေရာရာမှာ ပိတ်မိနေတယ်ဆိုပဲ… အခု သူ့အခြေအနေဘယ်လိုရှိလဲ…”

“နင် ဘာဖြစ်လို့ လာမေးတာလဲ…” ယုရုမန် မျက်မှောင်ကျုံ့သွားခဲ့သည်။

ရန်ကိုင်က လှောင်ပြုံးပြုံး၍ “ကြယ်တာရာအစုအဝေးကလူတွေက ငါ့ကို အခုလိုမျိုး ချောင်ပိတ်အောင်လုပ်ခဲ့တာလေ… ဒီတော့ ငါလက်စားပြန်ချေရမှာပေါ့… ငါသာ သူတို့ရဲ့ မဟာဧကရာဇ်တစ်ပါးပါးကို သတ်လိုက်မယ်ဆိုရင် သူတို့တွေ အကြီးအကျယ် စိတ်ပျက်သွားကြမှာ…”

ယုရုမန်က ရယ်မောလျက် “လက်စားချေတယ်ဆိုတာ အလျင်လိုရမယ့် အရာမျိုးမဟုတ်ဘူး… နင့်မှာ ပိုပြီးအားကောင်းလာနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိသေးတယ်… ဒီတော့ နောက်ကျမှ အစီအစဉ်ချလည်း ကိစ္စမရှိသေးဘူး… ပြီးတော့ နင့်ခွန်အားလောက်နဲ့ လမင်းမဟာဧကရာဇ်ကို သတ်နိုင်မယ်ထင်လို့လား…”

“ငါ သူ့ပြိုင်ဘက် မဟုတ်တာတော့ မှန်တယ်… ဒါပေမယ့် နင်လည်း ငါနဲ့အတူ ရှိနေတာမဟုတ်ဘူးလား…” ရန်ကိုင်က မျက်စိမှိတ်ပြလိုက်သည်။

ယုရုမန်က ခေါင်းခါ၍ “မဟာဧကရာဇ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ ငါဝင်မပါချင်ဘူး… ပြီးတော့ ငါက အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တာဝန်ကျတဲ့လူလည်းမဟုတ်ဘူး… အဲ့ဒါအပြင်ကို ဒီတစ်လောလုံးလုံး ငါက ကြယ်တာရာအစုအဝေးထဲမှာ ရှိနေတာဆိုတော့ လမင်းမဟာဧကရာဇ် ဘယ်မှာပိတ်မိနေလဲဆိုတာကို ငါမသိဘူး…”

ယုရုမန်ပြောသည်မှာ ယုတ္တိရှိသည်ဟု ရန်ကိုင် ခံစားလိုက်ရလေသည်။ ယုရုမန်သည် လွန်ခဲ့သည့်အချိန်များအတွင်း ကြယ်တာရာအစုအဝေးထဲတွင်သာ ရှိနေသည့်အတွက်ကြောင့် နတ်ဆိုးနယ်မြေထဲတွင် ဖြစ်ပျက်နေသည့် ကိစ္စများကို မည်ကဲ့သို့များ သိပါမည်နည်း။ ထိုအကြောင်းကြောင့် သူမအား လမင်းမဟာဧကရာဇ်အကြောင်းကို သွားမေးနေ၍လည်း အသုံးမဝင်ပေ။ ထိုသို့ဖြင့် ရန်ကိုင်မှာ စကားကျွံမသွားစေရန် အလို့ငှာ ထိုအကြောင်းကို ဆက်၍မပြောတော့။

ကြည့်ရသလောက် ဤနေရာ၌ အခြေကျပြီးသည့် အခါမှသာလျှင် စတင်စစ်ဆေးနိုင်မည့်ပုံပင်။ အနည်းဆုံး လမင်းမဟာဧကရာဇ် မည်သည့်နေရာတွင် ရှိနေသလဲ၊ လမင်းမဟာဧကရာဇ် သေသလားရှင်သလားဆိုသည်ကို အဖြေရှာရပေလိမ့်မည်။

နယ်မြေဂိတ်များကို အဆင့်ဆင့် ဖြတ်ကျော်လာပြီးသည့်နောက် နောက်ထပ် နေ့ဝက်ခန့် ကြာသွားသည့်နောက်တွင် ရန်ကိုင်တို့မှာ ရောင်စုံကမ္ဘာကြီးတစ်ခုဆီသို့ ရောက်လာခဲ့လေသည်။

“အိမ်က အကောင်းဆုံးပဲ…” ယုရုမန်သည် ရန်ကိုင်ဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်လေသည်။

“ဒါက နင့်ရဲ့တိုက်လား…” ရန်ကိုင်သည် ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ဤတိုက်ကြီးတစ်ခုလုံးမှာ ရောင်စုံအလင်းများဖြင့် ပြည့်နေလေ၏။ သေသေချာချာ အနီးကပ်ကြည့်လိုက်သည့်နောက် ထိုရောင်စုံအလင်းများမှာ မရေမတွက်နိုင်သော ရှားပါးပန်းပင်များမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်းကို သတိထားမိသွားခဲ့သည်။ ကျွန်းတစ်ဝက်လုံးနီးပါးမှာ ထိုကဲ့သို့သောပန်းများဖြင့် ပြည့်နေခဲ့ပြီး နေအလင်းရောင်အောက်ဝယ် ကျွန်းတစ်ခုလုံးမှာ လှပလှသော ပန်းချီကားချပ်တစ်ခုပမာ ဖြစ်လာခဲ့လေသည်။

ထို့အပြင် ဤတိုက်ကြီးတစ်ခုလုံးမှာ အတော်လေးကိုမှ ကျယ်လှလေ၏။ လက်ရှိ သူရပ်နေရာမှ တိုက်၏အဆုံးကို မမြင်ရပေ။

ရန်ကိုင် အံ့ဩသွားတော့လေ၏။ ဤကဲ့သို့သော လှပသည့်ကမ္ဘာကြီးတစ်ခု ဤနတ်ဆိုးနယ်မြေထဲ ရှိနေလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။

“ငါ့တိုက်တွေထဲက တစ်ခုပေါ့…” ယုရုမန်က ပြုံး၍ ပြောလိုက်သည်။

ရန်ကိုင် သဘောပေါက်သွားခဲ့လေသည်။ နတ်ဆိုးနယ်မြေထဲ နတ်ဆိုးသူတော်စင်ဆယ့်နှစ်ပါးရှိပြီး ထိုနတ်ဆိုးသူတော်စင်များ၏ လက်အောက်တွင် ဆိုင်ရာနတ်ဆိုးသူတော်တစ်ပိုင်းများ ရှိကြပေသည်။ ထိုနတ်ဆိုးသူတော်စင်တစ်ပိုင်းများမှာ တိုက်အသီးသီးကို ကွပ်ကဲနေကြခြင်း ဖြစ်လေ၏။ ထိုအကြောင်းကြောင့် ဤသည်မှာ ယုရုမန်ပိုင်ဆိုင်သည့် တိုက်ကြီးများအနက် တစ်ခုသာ ဖြစ်ပေသည်။

အိမ်သို့ ပြန်ရောက်လာပြီးသည့်နောက်တွင် ယုရုမန်မှာ ယခင်ကထက်ပို၍ ပျော်ရွှင်လာခဲ့သည်။ ယုရုမန်နောက်မှ လိုက်သွားနေရင်းမှ တစ်ခဏကြာသော် နန်းတော်ကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့လေသည်။

ထိုနန်းတော်တစ်ခုလုံးကို သန်းနှင့်ချီသော ပန်းများမှ ဝန်းရံထားခဲ့ပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း သင်းပျံ့လှသည့် ပန်းရနံ့တို့ဖြင့် ပြည့်နေခဲ့သည်။

ရန်ကိုင်တို့နှစ်ဦး ဂိတ်တံခါးပေါက်အနီးသို့ မရောက်နိုင်သေးခင်မှာပင် အနီရောင်အလင်းတန်းတစ်ခုသည် နန်းတော်ဆီမှ သူတို့ဆီသို့ ပျံသန်းလာခဲ့လေ၏။ ထိုအလင်းတန်းမှာ အလွန်တရာကိုမှ မြန်ဆန်လာခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ရှေ့သို့ ရောက်လာခဲ့သည်။ အနီရောင်အလင်းတန်း ပျောက်ကွယ်သွားပြီးသည့်နောက် ချောမောခန့်ညားသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ဦး ရန်ကိုင်တို့ရှေ့၌ ပေါ်လာခဲ့လေသည်။

ပေါ်လာပြီးသည့်နောက်တွင် ထိုလူက လက်သီးဆုပ်၍ နှုတ်ဆက်လိုက်လေ၏။ “မဒမ်…”

သွေးနတ်ဆိုးပင်…။ ထိုလူကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူဆီမှရလိုက်သည့် သွေးရနံ့ကြောင့် ဤလူမှာ သွေးနတ်ဆိုးဖြစ်ရလိမ့်မည်မှန်း ရန်ကိုင် ချက်ချင်းသဘောပေါက်သွားခဲ့သည်။ ဤလူသည် သွေးနတ်ဆိုး နတ်ဆိုးသူတော်စင်တစ်ပိုင်းဖြစ်ပြီး ယုရုမန်၏ လက်အောက်ငယ်သားတစ်ဦး ဖြစ်သည့်ပုံပင်။

ယုရုမန်က ပုံမှန်မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် မေးလိုက်လေ၏။ “လတ်တလော ဘာတွေဖြစ်သွားသေးလဲ…”

သွေးနတ်ဆိုး နတ်ဆိုးသူတော်စင်တစ်ပိုင်းက ပြန်၍ပြောလိုက်လေ၏။ “ဘာမှတော့ဖြစ်မသွားပါဘူး… ဒါပေမယ့် မဒမ့်နယ်မြေထဲကနေ လူတွေအများကြီးစေလွှတ်ပေးဖို့တော့ အမိန့်ရထားပါတယ်…” ထိုသို့ပြောပြီးသည့်နောက် ယုရုမန်အား မီးတောက်မတတ်အကြည့်ဖြင့် ကြည့်လိုက်သည်။ ယုရုမန်အား ပိုင်ဆိုင်ချင်သည့် သူ၏စိတ်ဆန္ဒမှာ သူ့မျက်နှာထက် အထင်းသားပင်။

ထိုအချင်းအရာကိုမြင်လိုက်သော် ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။ (နတ်ဆိုးသူတော်စင်တစ်ပိုင်းက နတ်ဆိုးသူတော်စင်တစ်ပါးကို ဒီလိုမျိုးအကြည့်နဲ့ ကြည့်ရဲတယ်ပေါ့… ယုရုမန်ဒေါသထွက်သွားမှာကို သူမကြောက်ဘူးလား…)

ယုရုမန်အား လှမ်းကြည့်လိုက်သည့်အခိုက် ရန်ကိုင်မှာ ပိုလို့ပင် စိတ်ပျက်သွားခဲ့သည်။ အကြောင်းမှာ ယုရုမန်မှာ ယခုကိစ္စသည် သူမအတွက်မူ ပုံမှန်ဖြစ်နေသည့်ပုံစံမျိုး လုပ်ပြနေသည့်အတွက်ကြောင့်ပင်။

(ဒီခွေးမကတော့…) ရန်ကိုင်စိတ်ထဲမှနေ၍ ကြိတ်ကာ ဒေါမာန်တကြီးဖြင့် အော်ဆဲလိုက်လေသည်။ ရန်ကိုင်မှာ နှလုံးသားစည်းတံဆိပ်အား ခုနှစ်ရောင်ခြယ်ဝိဉာဉ်ကြာပန်းထဲသို့ လွှဲပြောင်းထားခဲ့သည့် အတွက်ကြောင့် နှလုံးသားစည်းတံဆိပ်၏ သက်ရောက်မှုမှာ အကြီးအကျယ် လျော့ကျသွားခဲ့ရပါသော်ငြား လွန်ခဲ့သည့်ရက်များအတွင်း ရန်ကိုင်နှင့်ယုရုမန်၏ဆက်ဆံရေးမှာ တဖြည်းဖြည်းနှင့် တိုးတက်လာခဲ့လေရာ ယခုဆိုလျှင် ရန်ကိုင်သည် ယုရုမန်အား သူ့အမျိုးသမီးအဖြစ်ပင် သဘောထားပြီးနေလေပြီ။

သူ၏အမျိုးသမီးကို အခြားသောလူတစ်ဦးမှ ယခုကဲ့သို့သောအကြည့်မျိုးဖြင့် ကြည့်လာသော် ရန်ကိုင်မှာ စိတ်မကြည်မလင် ဖြစ်လာတော့လေ၏။

ယုရုမန်က ခေါင်းညိတ်ပြလိုက်၏။ “ငါသိပြီ…”

ယခု စစ်ဖြစ်နေလေရာ ကြယ်တာရာအစုအဝေးသာလျှင် စစ်ဖြစ်နေသည့်နေရာအား စစ်ကူများ ပို့ပေးရခြင်းမဟုတ်။ နတ်ဆိုးနယ်မြေသည်လည်း ထိုနည်းအတိုင်း လုပ်နေရလေသည်။ နတ်ဆိုးနယ်မြေထဲ အပိုင်းပိုင်းဖြစ်နေသော တိုက်ကြီးများစွာ ရှိနေကြပြီး သက်ဆိုင်ရာတိုက်အသီးသီးသည် စစ်ပွဲတွင် တိုက်ခိုက်ရန်အတွက် လိုအပ်သောစစ်သားများကို စေလွှတ်ပေးရလေသည်။

ယုရုမန်နှင့် စကားပြောနေရင်းမှ သွေးနတ်ဆိုးသူတော်စင်တစ်ပိုင်းသည် ရုတ်တရက် ရန်ကိုင်အား ကြည့်၍ မယုံသင်္ကာဖြင့် မေးခွန်းထုတ်လိုက်လေ၏။ “မဒမ်… ဒီလူသားက ဘယ်သူလဲ…”

လူသားနှင့်နတ်ဆိုးများမှာ ကမ္ဘာမကြေရန်သူများ ဖြစ်ကြပေသည်။ ယုရုမန်မှာ လူသားတစ်ဦးနှင့် ရုတ်တရက်ကြီး ပြန်လာခဲ့သည်။ ထို့အပြင် ဤလူသားကို ကြည့်ရသည်မှာ အစေခံတစ်ဦးနှင့် တူသည့်ပုံမပေါ်။ ထိုလူသား ယုရုမန်ဘေးနားတွင် ရပ်နေသည်ကိုမြင်သည့်အခါ သွေးနတ်ဆိုးသူတော်စင်တစ်ပိုင်းမှာ သိပ်၍ စိတ်မကြည်တော့ပေ။ သူသည်ပင်လျှင် ယုရုမန်နှင့် ခပ်လှမ်းလှမ်းတွင် နေနေရလေရာ ဤလူသားမှာ မည်ကဲ့သို့များ ယုရုမန်အနီးအနားသို့ ကပ်ရဲရလေသနည်း။

ထိုကဲ့သို့ စဉ်းစားမိလိုက်သည့်အခိုက် သူ့စိတ်ထဲ ထိုလူသားအား သတ်ပစ်ချင်စိတ်များ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်း၌ နတ်ဆိုးသူတော်စင်တစ်ပိုင်း၏ အရှိန်အဝါမှာ ရန်ကိုင်အပေါ်သို့ စတင်၍ သက်‌ရောက်လာခဲ့လေ၏။

ရန်ကိုင်ကမူ နတ်ဆိုးသူတော်စင်တစ်ပိုင်းကို ပြုံးဖြီးပြလိုက်လေသည်။ ထို့နောက်တွင် ယုရုမန်ဘေးနားသို့ ကပ်သွား၍ ယုရုမန်၏ခါးကို သူ့လက်ဖြင့် ဖက်လိုက်ရင်းမှ ပြောလိုက်လေ၏။ “ငါက ယုရုမန်ရဲ့ယောက်ျားပဲ…”

(ယောက်ျား…) သွေးနတ်ဆိုးသူတော်စင်တစ်ပိုင်း မျက်လုံးပြူးကျယ်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပဲ ယုရုမန်ဘက်သို့ လှည့်ကြည့်လိုက်ရာ ယုရုမန်မှာမူ လုံးဝကို ထူးမခြားနားဟန်ဖြင့် ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုအချင်းအရာကိုမြင်သည့်အခါ သွေးနတ်ဆိုးသူတော်စင်တစ်ပိုင်း အလွန်ကိုမှ ဝမ်းနည်းနာကျင်သွားခဲ့လေ၏။ (တကယ်ကြီးလို့တော့ ငါ့ကို လာမပြောနဲ့နော်… ဒါပေမယ့် မဒမ်က ဘာဖြစ်လို့ ဘာမှပြန်မပြောတာလဲ… ပြီးတော့ ဒီကောင် သူ့လက်နဲ့တောင် မဒမ်ကိုဖက်ထားတာ မဒမ်က ဘာဖြစ်လို့ ဒီတိုင်းလေး ငြိမ်ခံနေရတာလဲ…)

All Chapters