အခန်း ၃၄၄၁
Vol. 152 Ch. 3441
အပိုင်း (၃၄၄၁)
ဘာသာပြန်သူ_တိမ်တိုက်
ထိုအချက်ကို စဉ်းစားမိလိုက်သော် နတ်ဆိုးသူတော်စင်တစ်ပိုင်းမှာ ရုတ်တရက် ထအော်လေသည်။ "မင်း မဒမ်သူတော်စင်ကို ဘယ်လိုလုပ်ပြီး ပစ်မှားရဲတာလဲ သေချင်နေတာပဲ"
ထိုသို့ပြောပြီးသည့်နောက် သူ့လက်ကို မြှောက်၍ သွေးချီလှိုင်း တစ်လှိုင်းကို ရန်ကိုင်ဆီသို့ ပစ်လွှတ်လိုက်လေသည်။ အလွန်တရာကိုမှ မြန်ဆန်လွန်းလှသည့် သွေးချီလက်ဝါးချက် တစ်ချက်သည် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့လေ၏။ သူတော်စင်တစ်ပိုင်း၏ ဒေါမာန်တကြီး တိုက်ခိုက်မှု ဖြစ်သည့်အတွက်ကြောင့် လုံးဝကို အထင်သေး၍ မရပေ။
ရန်ကိုင်ကမူ ထိုလက်ဝါးချက်ကို ရှောင်တိမ်းရန် လုံးဝ မကြိုးစားဘဲ မျက်နှာသေ အမူအရာဖြင့်သာ ရပ်နေခဲ့လေသည်။
သွေးချီလက်ဝါး သူ့အား ထိခါနီးတွင် လက်သွယ်သွယ်လေးတစ်ဖက် လေထဲမှ ဗြုန်းစားကြီး ပေါ်လာပြီး သွေးချီလက်ဝါးကို ဆုပ်ကိုင်ကာ ဖျစ်ညှစ်ချလိုက်လေ၏။
ထို့နောက်တွင် ယုရုမန်က အော်ပြောလိုက်လေ၏။ "ယွဲ့စန်း၊ မရိုင်းနဲ့"
နတ်ဆိုးသူတော်စင်တစ်ပိုင်း ဖြစ်သော ယွဲ့စန်းသည် ရုတ်တရက် မျက်လုံးအပြူးသားဖြင့် ပြောလိုက်လေသည်။ "မဒမ်"
ယခင်က သံသယဝင်နေခြင်းသာ ဖြစ်ပါသော်ငြား ယုရုမန်၏ လက်ရှိ သဘောထားသည် ဤလူသား ပြောသွားသည်မှာ မှန်ကန်ကြောင်းကို သက်သေပြနေခဲ့လေသည်။ [မဒမ်က ဒီအဆင့်နိမ့်လူသားနဲ့ တကယ်ကြီး ပတ်သက်နေတာလား၊ ဘယ်လိုလုပ်ပြီး အဲဒီလိုမျိုး ဖြစ်ရတာလဲ၊ နတ်ဆိုးသူတော်စင်တစ်ပါးက ဘယ်လိုလုပ်ပြီး လူသားတစ်ယောက်ကို မျက်နှာသာပေးနေရတာလဲ]
ယွဲ့စန်း ရင်ထဲ အလွန်တရာကိုမှ ဒေါသူပုန်ထနေခဲ့လေရာ ရန်ကိုင်အား အပိုင်းပိုင်းအစစ လုပ်ပစ်ချင်စိတ်များ သူ့ရင်ထဲ တဖွားဖွား ထွက်ပေါ်လာနေခဲ့လေ၏။ သို့သော်ငြား ယုရုမန် ရှိနေသည့်အတွက်ကြောင့် ထိုသို့လုပ်ခွင့် မရပေ။
ယုရုမန်ကမူ ရှင်းပြမနေခဲ့ဘဲ မေးငေါ့ရင်းဖြင့်သာ အာဏာသံဖြင့် ပြောလိုက်လေ၏။ "ထွက်သွားတော့"
ယွဲ့စန်း၏ မျက်နှာ မြင်မကောင်းအောင် သုန်မှုန်နေခဲ့သည်။ ရန်ကိုင်အား စူးရဲစွာ တစ်ချက် စိုက်ကြည့်နေပြီးသည့်နောက် ခေါင်းကို ငုံ့၍ ယုရုမန်အား လက်သီးဆုပ် နှုတ်ဆက်ပြီးသည့်နောက် ထွက်သွားလေ၏။
ထိုယွဲ့စန်း၏ ကျောပြင်ကို ကြည့်ရင်း ရန်ကိုင် မျက်လုံးမှေးစင်းသွားခဲ့လေသည်။ [ငါလခွမ်းကွာ၊ အခုမှ ရောက်ရုံတင် ရှိသေးတယ်၊ အချစ်ပြိုင်ပွဲနဲ့ လာတိုးနေတယ်၊ ဒါ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး၊ သာမန် နတ်ဆိုးဘုရင်လောက်ဆိုရင် ကိစ္စ မရှိပေမဲ့ နတ်ဆိုးသူတော်စင်တစ်ပါးဆိုတော့ နည်းနည်းတော့ ခက်တော့မှာပဲ]
ယခုအချိန်မှ စ၍ ရန်ကိုင်အနေဖြင့် ထိုသကောင့်သားအား သတိထားရပေတော့မည်။
ယုရုမန်သည် ရန်ကိုင်ဘက်သို့ လှည့်၍... "နတ်ဆိုးနယ်မြေက နင်တို့ ကြယ်တာရာအစုအဝေးနဲ့ မတူဘူး၊ ဒီမှာရှိနေတဲ့ နတ်ဆိုးတွေက အကုန်လုံး ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်းနဲ့ပဲ၊ တစ်ခုခု ကြံစည်နေပြီဆိုရင် ဘာမှ ဖုံးကွယ်နေကြတာ မဟုတ်ဘူး၊ နင်တို့ လူသားတွေလို မဟုတ်ဘူး၊ ဒီတော့ နောက်ပိုင်း ငါ အနားမှာ မရှိတဲ့အချိန် သူနဲ့ သွားမတွေ့နဲ့"
"သူ ငါ့ကို သတ်ရဲမှာလား" ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် ပြန်၍ မေးလိုက်လေ၏။
"နင် အခုပဲ တွေ့လိုက်ပြီ မဟုတ်ဘူးလား"
ရန်ကိုင် စိတ်ထဲ ပို၍ ထူးဆန်းသလို ခံစားသွားရလေသည်။ "သူ ဘယ်လိုလုပ်ပြီး သတ်ရဲရတာလဲ၊ သူငါ့ကို သတ်ရင် နင်သူ့ကို အပြစ်ပေးမှာ မဟုတ်ဘူးလား၊ သူက နင်ရဲ့ လက်အောက်ငယ်သား တစ်ယောက်ပဲလေ"
ယုရုမန်က ရယ်သွမ်းသွေးလျက်... "နတ်ဆိုးနယ်မြေမှာ ခွန်အားက အရာရာပဲ၊ အားကောင်းတဲ့လူက အမှန်၊ အားနည်းတဲ့လူက အမှား၊ ဒီတော့ သူနင့်ကို သတ်လိုက်မယ်ဆိုရင် ဘာမှ သူ့ကို အပြစ်ပေးခွင့် မရှိဘူး၊ အနည်းဆုံးမှ တိုးတိုးတိတ်တိတ်နဲ့ နင့်အတွက် လက်စားပြန်ချေပေးနိုင်ရုံပဲ တတ်နိုင်မှာ"
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။ "ဒါဆို ငါသူ့ကို သတ်မယ်ဆိုရင်ရော"
"သတ်နိုင်ရင်တော့ သတ်ပေါ့"
ရန်ကိုင် ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် ပြန်၍ ပြောလိုက်လေ၏။ "ဒီလို တောတွင်းဥပဒေ ကြီးစိုးတဲ့ နတ်ဆိုးနယ်မြေက တကယ်ကို နေရာကောင်းတစ်ခုပဲ" ဤကဲ့သို့သော ကြမ်းတမ်းလှသည့် ပတ်ဝန်းကျင်မျိုးသည် အားကောင်းလှသော ပညာရှင်များကို မွေးထုတ်ပေးနိုင်ပေသည်။ ထိုအကြောင်းကြောင့်သာလျှင် နတ်ဆိုးနယ်မြေထဲ၌ ဘာကြောင့် ထိုမျှ များပြားသော ပညာရှင်များ ရှိနေရသလဲဆိုသည်ကို ရန်ကိုင် သဘောပေါက်သွားတော့သည်။
"သွားရအောင်၊ နင့်အတွက် နေစရာ အရင်လုပ်ပေးမယ်"
ထိုသို့ပြောပြီးသည့်နောက် ယုရုမန်သည် အရှေ့မှ ဦးဆောင်၍ နန်းတော်ထဲသို့ ဝင်သွားလေသည်။
နန်းတော်ကြီးမှာ အလွန်ကိုမှ ကြီးမားလှသလို အတွင်းပိုင်း အပြင်အဆင်မှာလည်း အလွန်ကိုမှ သားနားလှသည်။ လမ်းတစ်လျှောက်တွင် အစေခံမလေးများ အစောင့်အကြပ်များစွာ ရှိနေကြပြီး အကုန်လုံးမှာ ယုရုမန်အား ခေါင်းညိတ် နှုတ်ဆက်ကြလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်အား သိချင်စိတ် ပြင်းပြနေသည့် အကြည့်များဖြင့် ကြည့်လာကြသည်။
လူသားတစ်ဦး နတ်ဆိုးနယ်မြေထဲတွင် ပေါ်လာသည့် ကိစ္စမှာ အမှန်တကယ်ကို အံ့အားသင့်စရာပင်။ ထိုအပြင် ထိုလူသားကို နတ်ဆိုးသူတော်စင်တစ်ပါးမှ ခေါ်လာခဲ့ခြင်း ဖြစ်လေ၏။ သို့ပါသော်ငြား ယွဲ့စန်းကဲ့သို့သော လူမျိုးနှင့် ရန်ကိုင် ထပ်၍ မကြုံရတော့ပေ။
ရန်ကိုင်ကမူ မောက်မာဝံ့ကြွားသည့် ပုံစံမျိုးဖြင့် ယုရုမန်နှင့် ဘေးချင်းယှဉ်ကာ လမ်းလျှောက်သွားခဲ့လေသည်။
အချိုးအကွေ့များစွာကို ဖြတ်ကျော်လာပြီးသည့်နောက် ရန်ကိုင်တို့ နှစ်ဦးမှာ ဥယျာဉ်တစ်ခု အရှေ့သို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ အရောက်တွင် ယုရုမန်သည် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်လေ၏။ "ဒီနေရာကို ဘယ်လိုထင်လဲ"
ရန်ကိုင်သည် လက်နောက်ပစ်ရင်းမှ ထိုနေရာအား တည်တည်ငြိမ်ငြိမ်ဖြင့် လှည့်ပတ်စစ်ဆေးကြည့်လေသည်။ ပတ်ဝန်းကျင်မှာ အတော်လေးကိုမှ ကောင်းသလို ကျယ်လည်းကျယ်၏၊ ထိုအတွက်ကြောင့် ရန်ကိုင်အဖို့ အထွန့်တက်စရာ ဘာမျှမရှိပေ။ စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ယုရုမန်ဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "နင်ရော ဒီမှာနေမှာလား"
ယုရုမန်က ပြုံး၍... "နင်က ငါ့ကို ဒီမှာ နေစေချင်တာလား"
ရန်ကိုင်သည် ယုရုမန် အနားသို့ ကပ်သွားပြီး သူမ၏ လက်ကို ကိုင်၍ ပြောလိုက်လေ၏။ "နင် ငါ့အနားမှာ မရှိလို့ ယွဲ့စန်း ငါ့ကိုလာပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မှာလဲ၊ ငါက သူ့ပြိုင်ဘက် မဟုတ်ဘူးလေ"
ယုရုမန်သည် ရန်ကိုင်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။ "စိတ်မပူနဲ့၊ သူ ဒီနန်းတော်ထဲမှာ ပြဿနာ မရှာရဲဘူး"
"သတိဆိုတာ ပိုတယ်မှ မရှိတာ" ရန်ကိုင်က မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
ယုရုမန်သည် စိတ်ညစ်ညစ်ဖြင့် ရန်ကိုင်၏ နဖူးကို လက်ညှိုးဖြင့် ထိုးချလိုက်ပြီးသည့်နောက် သူမ လက်အား ကိုင်ထားသည့် ရန်ကိုင် လက်ကို ဖယ်၍ ပြောလိုက်လေ၏။ "နင် ဒီမှာ ဘာကိုမှ စိတ်မပူဘဲ နေလို့ရတယ်၊ ငါ့ကိစ္စတွေ ပြီးသွားရင် နင်နဲ့ လာတွေ့မယ်"
"မသွားနဲ့ဦးလေ" ရန်ကိုင်က လှမ်းအော်ပြောလိုက်လေ၏။ "စကားပြောလို့တောင် မပြီးသေးတာကို နင်က ဘာဖြစ်လို့ ထွက်သွားချင်နေရတာလဲ"
သို့ပါသော်ငြား ယုရုမန်မှာ ရန်ကိုင်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေပြီ။ ရန်ကိုင်မှာ မေးစေ့ကို ပွတ်ရင်းမှ လျှာဖြင့်သပ်လိုက်လေ၏။ ယုရုမန် ထွက်သွားသည့်အပေါ် သူ့စိတ်ထဲ ကြိတ်ကာ ပျော်နေမိလေသည်။ ယုရုမန်သည် သူ့ဘေးနား၌ တစ်ချိန်ကုန် ရှိနေမည်ဆိုလျှင် ရန်ကိုင်အတွက် သိပ်၍ အဆင်မပြေလှပေ။
ထို့နောက်တွင် ရန်ကိုင်သည် ခန်းမ တစ်ခုတည်းသို့ လျှောက်ဝင်သွားလိုက်ပြီး ထိုနေရာတွင် ရှိနေသော အစေခံမလေး တစ်ဦးအား မေးမြန်းကြည့်ပြီးသည့်နောက် အခန်း တစ်ခန်းထဲသို့ ဝင်သွားလိုက်လေ၏။
နတ်ဆိုးနယ်မြေထဲသို့ ရောက်လာပြီးသည့်နောက်တွင် ဤနေရာရှိ လောကနိယာမများမှာ ကြယ်တာရာအစုအဝေး၏ လောကနိယာမများနှင့် အနည်းငယ် ကွာခြားနေကြောင်းကို သတိထားမိခဲ့သည်။ ထိုအကြောင်းကြောင့် ဤနေရာ၌ ရန်ကိုင်၏ ခွန်အားမှာ အနည်းငယ် ဖိနှိပ်ထားခြင်း ခံရလေ၏။
သို့ပါသော်ငြား ရန်ကိုင်သည်သာ ဤနေရာ၌ သူ့ခွန်အား အကုန်အစင်ကို ထုတ်သုံးလိုလျှင် ဤနေရာရှိ လောကနိယာမများနှင့် အသားကျအောင် အရင်ဦးစွာ လုပ်ရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက အခြားသူများနှင့် တိုက်ခိုက်သည့်အခါတွင် ရန်ကိုင်မှာ အောက်စီးသို့ ရောက်သွားရနိုင်ပေသည်။
ရန်ကိုင်သည် နတ်ဆိုးနယ်မြေ၏ လောကနိယာမများနှင့် အသားကျအောင် လုပ်ရင်း အခန်းထဲတွင်သာ တောက်လျှောက်ကို အောင်းနေခဲ့လေ၏။
နေ့ရက်များမှာ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကုန်ဆုံးနေခဲ့သည်။ ယုရုမန်အား မည်သည့် နေရာတွင်မျှ မတွေ့ရပေ။ သူမ ဘာလုပ်လို့ လုပ်နေမှန်း မည်သူမျှ မသိကြ။ ယွဲ့စန်းသည်လည်း ရန်ကိုင်အား လာ၍ ပြဿနာမရှာခဲ့ပေ။ ယုရုမန် ပြောခဲ့သကဲ့သို့ပင် ယွဲ့စန်းသည် ဤနန်းတော်ထဲ၌ ပြဿနာ မရှာရဲပေ။
ရက်အနည်းငယ်ခန့် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် အခန်းထဲမှ ထွက်လာခဲ့သည်။
ရက်အနည်းငယ်ခန့် ကြာအောင် အားထုတ် ကြိုးစားပြီးသွားသည့်နောက်တွင် ရန်ကိုင်မှာ နတ်ဆိုးနယ်မြေ လောကနိယာမများ၏ ဖိနှိပ်မှုကို ဖယ်ရှားနိုင်ခဲ့လေ၏။ ယခုမူ အလုပ် လုပ်စရာ အချိန်တန်လေပြီ။ ရန်ကိုင်သည် နတ်ဆိုးနယ်မြေသို့ ပျော်ရန် လာခဲ့ခြင်း မဟုတ်။ မဟာဧကရာဇ်များသည် လမင်းမဟာဧကရာဇ်ကို ကယ်ဆယ်ရန်အတွက် ရန်ကိုင်အား စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးနယ်မြေသို့ ရောက်လာပြီးသည့်နောက်တွင် အတိဒုက္ခ တစ်ခုနှင့် ကြုံရလိမ့်မည်ဟု ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်မှ ပြောခဲ့သည်။ ထိုအတိဒုက္ခအား ကျော်လွှားနိုင်ခဲ့မည်ဆိုလျှင် ရန်ကိုင်အနေဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်နိုင်ပေလိမ့်မည်။ အခြားလူတစ်ဦးကသာ ထိုကဲ့သို့ ပြောလာခဲ့မည်ဆိုလျှင် ဂရုမစိုက်၍ ရပါသော်ငြား ထိုစကားကို ကောင်းကင်ကံကြမ္မာမဟာဧကရာဇ်က ပြောခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် သေသေချာချာ ဂရုစိုက်ရပေလိမ့်မည်။
မည်ကဲ့သို့သော အတိဒုက္ခမျိုး ကြုံရမလဲဆိုသည်ကို ရန်ကိုင် မသိ။ သို့ပါသော်ငြား အရာရာကို ဖြည်းဖြည်းနှင့် မှန်မှန်သာ ရင်ဆိုင်သွားရပေမည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်တွင် နတ်ဆိုးနယ်မြေ၏ မြေနေရာ အနေအထားကို အရင်ဦးစွာ သိအောင်လုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ နတ်ဆိုးနယ်မြေသည် တစ်စစီ ကွဲအက်နေသော မှန်တစ်ချပ်ပမာ မရေမတွက်နိုင်သော တိုက်များဖြင့် ဖွဲ့စည်းထားခဲ့သည်။ သူ့အနေဖြင့် ပထမဦးစွာ မည်သည့် တိုက်သည် မည်သည့်တိုက်နှင့် ဆက်သွယ်နေသလဲဆိုသည်ကို သိအောင် လုပ်ရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက လမင်းမဟာဧကရာဇ် ရှိနေသည့် နေရာကို သိနေမည်ဆိုလျှင်ပင် ထိုနေရာသို့ မည်ကဲ့သို့ သွားလို့သွားရမှန်းကို သိလိမ့်မည် မဟုတ်။
ထိုကဲ့သို့ ဆုံးဖြတ်ပြီးသော် ရန်ကိုင်သည် အဓိကခန်းမထဲသို့ ထွက်လာခဲ့ပြီး ထိုနေရာတွင် ရှိနေသော ထိုင်ခုံပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထိုထိုင်ခုံမှာ ရန်ကိုင်အနေဖြင့် လှဲအိပ်လို့ရလောက်သည်အထိကို ကျယ်ပေသည်။ ထိုင်ခုံကိုမူ အရိုးများဖြင့် လုပ်ထားသည့်အလား ခုံပတ်ပတ်လည်တွင် ချောက်ချားဖွယ် ကောင်းလှသည့် အရိုးခေါင်းများ ရှိနေလေသည်။ ထိုင်ခုံပေါ်တွင် ရဲရဲတင်းတင်း ထိုင်ချလိုက်ပြီးသည့်နောက် ရန်ကိုင်သည် ထိုင်ခုံလက်ရန်းကို လက်ဖြင့် ပုတ်ကြည့်လိုက်၏။ [မဆိုးဘူး၊ ထက်ကောင်းကင်နန်းတော်ဆီ ပြန်ရောက်ရင် ဒါမျိုး တစ်လုံး လုပ်ရမယ်၊ အဲဒါဆိုရင် ငါ့ပုံစံက ပိုပြီးတော့ ဟိတ်ဟန်ကြီးသွားတော့မှာ]
ထို့နောက်တွင် ရန်ကိုင်သည် လည်ချောင်းရှင်း၍ အော်ပြောလိုက်လေ၏။ "ဝင်လာခဲ့"
ခန်းမတံခါး ပွင့်သွားခဲ့ပြီး အစေခံမလေး ငါးဦး ခန်းမထဲသို့ ဝင်လာခဲ့သည်။ အကုန်လုံးမှာ ခေါင်းကို တောက်လျှောက် ငုံ့ထားခဲ့လေ၏။ ခန်းမထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင်နှင့် ဆယ်မီတာခန့် အကွာတွင် ရပ်လိုက်ကြပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ချလိုက်လေ၏။
"ဒူးထောက်မနေကြတော့နဲ့" ရန်ကိုင်က လက်မြှောက်၍ အော်ပြောလိုက်သည်။ ဤကဲ့သို့သော အလေ့အထမျိုးကို ထက်ကောင်းကင်နန်းတော်ထဲ ရန်ကိုင် မကျင့်သုံးပေ။ ဤနေရာသို့ ရောက်လာပြီးသည့်တိုင် ရန်ကိုင်မှာ ထိုကဲ့သို့သော အလေ့အထများကို မကျင့်သုံးလိုပေ။
အစေခံမလေးများမှာ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ရပ်လာကြသည်။ သို့ပါသော်ငြား ခေါင်းကိုမူ ငုံ့ထားဆဲ။
ထိုအချင်းအရာကို မြင်သော် ရန်ကိုင်က ရယ်မော၍ ပြောလိုက်လေ၏။ "နင်တို့ ဘာတွေ ကြောက်နေကြတာလဲ၊ ငါ ကိုက်မစားပါဘူး၊ ခေါင်းကို မော့စမ်း"
အစေခံမလေးများမှာ တုန်တုန်ယင်ယင် ဖြစ်နေကြပြီး ခေါင်းကိုတော့ မော့မလာခဲ့။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ထိုင်ခုံလက်ရန်းအား ကောက်ရိုက်ချကာ ပြောလိုက်လေသည်။ "နင်တို့ နားပင်းနေကြလား"
ရန်ကိုင် ဒေါသထွက်လာသည်ကို မြင်သည့်အခါမှသာလျှင် အစေခံမလေးများ ခေါင်းမော့လာကြတော့သည်။ သို့ပါသော်ငြား ထိုအစေခံမလေးများကို မြင်လိုက်သည့်အခိုက် ရန်ကိုင်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ပြီး ထိုင်ခုံမှ ထခုန်ပစ်ချင်စိတ်များပင် ပေါက်သွားခဲ့ရလေသည်။ တစ်ချိန်တည်းတွင်လည်း သူ့ရင်ထဲ အော်ဂလီဆန်သည့် ခံစားချက်မျိုး ထွက်ပေါ်လာခဲ့လေသည်။
အစေခံမလေး အားလုံးမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ တစ်ယောက်ချင်းစီတိုင်းတွင် ထူးဆန်းသည့် အသွင်အပြင်များ ရှိနေကြသည်။ အစေခံမလေး တစ်ဦးဆိုလျှင် သူမ၏ ပါးစပ်သည် နားအထိ ရောက်ကာ နားရွက်နှင့် ဆက်နေခဲ့ပြီး ပါးစပ်ထဲတွင်လည်း ချောက်ချားဖွယ်ရာ ကောင်းလှသော အစွယ်ကြီးများဖြင့် ပြည့်နေခဲ့လေသည်။ အခြားတစ်ဦးဆိုလျှင် မျက်လုံးများမှာ ကျွတ်ထွက်လုမတတ် ဖြစ်နေလေပြီး ကျန်တစ်ဦးမှာတော့ မျက်နှာပြင်အထက်ဝယ် ကြက်သီးမွေးညင်း ထဖွယ်ရာ ကောင်းလှသော ပျားအိမ်ပမာ အပေါက်အပေါက်ကလေးများ ရှိနေခဲ့လေသည်။
အတော်လေးကိုမှ ပုံမှန်ဆန်သည့် လူဆို၍ မျက်နှာတစ်ပြင်လုံး အမျိုးမျိုးသော အမာရွတ်များဖြင့် ပြည့်နေသည့် အမျိုးသမီးသာ ဖြစ်လေသည်။
[တကယ်ကို ထူးဆန်းလိုက်တဲ့ အစေခံတွေပါလား]
နတ်ဆိုးနယ်မြေထဲဝယ် မရေမတွက်နိုင်သော ကလန်များ ရှိကြပြီး ကလန် တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင် ဝိသေသ လက္ခဏာများ ရှိကြောင်းကို ရန်ကိုင် သိပေသည်။ သို့ပါသော်ငြား ဤလောကကြီးထဲ ဤမျှ အရုပ်ဆိုးလှသော နတ်ဆိုးအမများလည်း ရှိနေလိမ့်ဦးမည်ဟု မထင်ထားခဲ့ပေ။
ရန်ကိုင်၏ မသတီသည့် အမူအရာကို သတိထားမိလိုက်သော် အစေခံများ အားလုံး အလျင်အမြန် ခေါင်းငုံ့လိုက်ကြလေ၏။
ရန်ကိုင်က အသာအယာ ချောင်းဟန့်ရင်းမှ နှုတ်ခမ်းကို မဲ့၍ ပြောလိုက်လေ၏။ "နင်တို့ထဲက ဘယ်သူက ဒီနေရာကို တာဝန်ယူနေတာလဲ"
မျက်နှာပေါ်တွင် အမာရွတ်များဖြင့် ပြည့်နေသည့် အစေခံမလေးက တိုးလျသည့် လေသံလေးဖြင့် ပြန်ပြောလိုက်လေ၏။ "ဒီနန်းတော်ရဲ့ ကိစ္စတွေကို ကိုင်တွယ်နေတာ ဒီအစေခံမပါ"
[အိုး၊ တော်သေးတာပေါ့၊ အတော်လေးကိုမှ ပုံမှန်ဖြစ်နေတဲ့ တစ်ယောက်ပါလား]
တခြားသော အမျိုးသမီးများသာဆိုလျှင်တော့ ရန်ကိုင်အနေဖြင့် စကားပြောချင်စိတ်ပင် ပျောက်သွားရပေလိမ့်မည်။ ရန်ကိုင်သည် တစ်ဖက်လူအား ရုပ်ရည်ကို ကြည့်၍ ဆုံးဖြတ်တတ်သူတစ်ဦး မဟုတ်ပါသော်ငြား ဤနတ်ဆိုးမများမှာ အတော်လေးကိုမှ ထူးဆန်းလှသလို ကြောက်မက်ဖွယ်လည်း ကောင်းလှသည်။ ရန်ကိုင်အနေဖြင့် ထိုအမျိုးသမီးများနှင့် မျက်နှာချင်းဆိုင်ကာ စကားပြောလိုစိတ်လည်း မရှိပေ။
ရန်ကိုင်သည် လည်ချောင်းကို ရှင်း၍ မေးလိုက်လေ၏။ "ငါ ရောက်လာတုန်းက နင်တို့ကို မတွေ့ပါလား"
လွန်ခဲ့သော ရက်နည်းငယ်က ရန်ကိုင်သည် ယုရုမန်နှင့်အတူ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။ ထိုစဉ်က သူတွေ့ခဲ့သည့် အစေခံမလေး အားလုံးမှာ လှပပြီး နှစ်လိုဖွယ်ကောင်းလှသည်။ ယခုမူ အစေခံမလေးများမှာ မည်ကဲ့သို့များ ဤမျှ ထူးဆန်းသွားရလေသနည်း။
အစေခံမလေးက ပြန်၍ ပြောလိုက်လေ၏။ "ဒီအစေခံလည်း သေသေချာချာ မသိပါဘူး၊ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ဒီနေရာဆီ တာဝန်ကျလာတာမလို့ပါ"
ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့လေ၏။ "နင်တို့ အားလုံး လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ ဒီကိုရောက်လာတာလား"
"ဟုတ်ပါတယ်"
[ဟာ၊ ငါလခွမ်း၊ ဒါ ဟိုယုရုမန် လုပ်တာပဲ ဖြစ်ရမယ်] ယခုမှသာလျှင် ရန်ကိုင် နားလည်သွားတော့လေသည်။ ဤနေရာတွင် ရှိနေသည့် ရုပ်ရည်ချောမောလှပသော အစေခံများကို အခြားတစ်နေရာသို့ ရွှေ့ပြောင်းပြီး ဤကဲ့သို့သော ရုပ်ဆိုးလှသည့် အစေခံမလေးများကို ရန်ကိုင် လက်အောက်တွင် ခစားရန်အတွက် ယုရုမန်မှ စေလွှတ်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။
[ငါ့ကို ဘယ်လိုလူစားမျိုး မှတ်နေတာလဲ] ရန်ကိုင် ဒေါသူပုန်ထသွားခဲ့သည်။ ရန်ကိုင် အစေခံမလေးများနှင့် လျှောက်ပတ်ပျော်ပါးနေမည်ကို ကာကွယ်ရန်အလို့ငှာ ယုရုမန်မှာ ယခုကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ဤကဲ့သို့သော အရုပ်ဆိုးလှသည့် အမျိုးသမီးများကို မည်သူကများ စိတ်ဝင်စားပါမည်နည်း။ ထိုအတွက်ကြောင့် ရန်ကိုင်လည်း စိတ်ဝင်စားလိမ့်မည် မဟုတ်။
သို့ပါသော်ငြား ရန်ကိုင်သည် ယုရုမန်အပေါ် အမြဲတစေ ဟိုဒင်းဟိုဟာ ပြုချင်ခဲ့လေသည်။ ယုရုမန်မှာတော့ ရန်ကိုင်အား လုံးဝကို ထိုသို့လုပ်ခွင့် မပေးခဲ့။ ထိုအကြောင်းကြောင့် ရန်ကိုင် သူ့စိတ်သူ မထိန်းနိုင်ခဲ့သည်ရှိသော် အခြားသော ကိစ္စများ ဖြစ်မလာစေရန်အတွက် ယုရုမန်မှာ ယခုကဲ့သို့သော နည်းလမ်းကို သုံး၍ ကြိုတင်ကာကွယ်ထားခြင်း ဖြစ်လေ၏။
ကံကောင်းစွာဖြင့် ရန်ကိုင်သည် နတ်ဆိုးနယ်မြေသို့ ထိုကိစ္စများအတွက် ရောက်လာခဲ့ခြင်း မဟုတ်။ ထိုအကြောင်းကြောင့် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးသည့်နောက်တွင် အသက်ကို ပြင်းပြင်းရှူ၍ ပြန်မေးလိုက်လေ၏။ "နင့်နာမည် ဘယ်လိုခေါ်လဲ"
အစေခံမလေးက ပြန်၍ ပြောလိုက်၏။ "ဒီအစေခံမရဲ့ နာမည်က ရှောင်ဝူပါ"
"နင့်မျက်နှာ ဘာဖြစ်သွားတာလဲ" ရန်ကိုင်က ထပ်၍ မေးလိုက်သည်။
ရှောင်ဝူက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်လေ၏။ "အမှားလုပ်မိလို့ အပြစ်ပေးခံရတာပါ"
[အဲဒီ အမာရွတ်တွေက အပြစ်ပေးခံထားရတာ] မူလကမူ ထိုအမာရွတ်များသည် တိုက်ခိုက်ရင်းမှ ရလာသည့် အမာရွတ်များ ဖြစ်သည်ဟု ရန်ကိုင် ထင်နေခဲ့ခြင်း ဖြစ်လေသည်။ ယခု ရှောင်ဝူ ကိုယ်တိုင် ပြောပြလာသည့် အခါမှသာလျှင် သူမ အမှားလုပ်မိသည့်အတွက်ကြောင့် အပြစ်ပေးခံရသည့်အနေဖြင့် ထိုအမာရွတ်များကို ရလာခြင်း ဖြစ်မှန်း ရန်ကိုင် သိသွားရတော့သည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်