အခန်း ၃၄၄၂
Vol. 152 Ch. 3442
အပိုင်း (၃၄၄၂)
ဘာသာပြန်သူ_တိမ်တိုက်
သို့ပါသော်ငြား သူမ၏ အမာရွတ်ကိစ္စမှာ သူ့ကိစ္စ မဟုတ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ သူမ မည်ကဲ့သို့သော အမှားလုပ်မိသလဲဆိုသည်ကို သွားမေး မနေခဲ့ဘဲ ခေါင်းစဉ်ပြောင်း၍သာ ပြောလိုက်လေသည်။
"ငါ ဒီကိုရောက်တာ သိပ်မကြာသေးတော့ ဒီနတ်ဆိုးနယ်မြေအကြောင်း သိပ်မသိသေးဘူး၊ ဒီနတ်ဆိုးနယ်မြေရဲ့ မြေပုံ ငါဘယ်မှာ ရနိုင်မလဲ"
"မြေပုံလား" ရှောင်ဝူသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက်... "ဆရာ မြေပုံလိုချင်တယ်ဆိုရင် တော်ဝင်သခင်မဆီမှာ သွားတောင်းလို့ ရပါတယ်၊ တော်ဝင်သခင်မမှာ ရှိပါတယ်"
သူမ ပြောနေသည့် တော်ဝင်သခင်မသည် ယုရုမန်သာ ဖြစ်လေသည်။
ရန်ကိုင်က နှုတ်ခမ်းကို မဲ့၍ လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။ "အဲဒီလို ကိစ္စလေးအတွက်နဲ့ တော်ဝင်သခင်မကို သွားပြီးတော့ အလုပ်ရှုပ်နေစရာ မလိုဘူး"
ယုရုမန် သူ့အပေါ် သံသယဝင်လာမည်ကို ရန်ကိုင် မလိုလားပေ။ ထိုကဲ့သို့ သံသယဝင်နိုင်ခြေမှာ နည်းပါသော်ငြား ရန်ကိုင်အနေဖြင့် အတတ်နိုင်ဆုံး သတိထားရပေလိမ့်မည်။
ရှောင်ဝူသည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ခေါင်းညိတ်၍ ဆက်ပြောလိုက်လေ၏။ "အဲဒါဆိုရင် ဆရာ တော်ဝင်မြို့ထဲမှာ လိုက်ရှာကြည့်လို့ ရပါတယ်၊ တော်ဝင်မြို့ထဲမှာ နတ်ဆိုးနယ်မြေ မြေပုံကို ရောင်းတယ်လို့ ကျွန်မ ထင်ပါတယ်"
"အိုး" ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေ၏။ "အပြင်မှာလည်း ဝယ်လို့ရတာလား"
ရှောင်ဝူက ပြန်ပြောလိုက်၏။ "တော်ဝင်မြို့ထဲမှာ အကုန်လုံး ရှိပါတယ်"
ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ "ကောင်းပြီ၊ ငါ့ကို အဲဒီနေရာဆီ ခေါ်သွားပေး"
"ဆရာ အပြင်သွားချင်တာလား" ရှောင်ဝူသည် ရန်ကိုင်အား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းပဲ ခေါင်းကို ပြန်ငုံ့လိုက်လေ၏။
ရန်ကိုင်က မေးလိုက်၏။ "ဘာဖြစ်လို့လဲ၊ ငါအပြင်သွားလို့ မရဘူးလား၊ တော်ဝင်သခင်မက ငါ့ကို အပြင်ပေးမထွက်ဖို့ နင်တို့ကို ပြောထားလို့လား"
"မပြောထားပါဘူး" ရှောင်ဝူသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက်... "ဒါပေမဲ့ ဆရာ အပြင်သွားချင်တယ်ဆိုရင် ကျွန်မ တော်ဝင်သခင်မဆီကနေ ခွင့်ပြုချက် အရင်တောင်းလိုက်ပါဦးမယ်"
"ခွင့်ပြုချက်တောင်းဖို့" ရန်ကိုင်သည် ထိုင်ရာမှ ထ၍ အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားရင်းမှ ပြောလိုက်လေ၏။ "ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါ နင်တို့အတွက် ထမ်းထားပေးမယ်၊ ငါ့အနောက် လိုက်ခဲ့"
ရန်ကိုင် တော်ဝင်သခင်မကိုပင် အကြောင်းမကြားဘဲ အပြင်သို့ထွက်ရန် ပြင်နေသည်ကို မြင်သည့်အခါ ရှောင်ဝူ စိတ်ပူသွားမိခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်အား သွားတား၍လည်း မရပေ။ ထိုအကြောင်းကြောင့် အခြားသော အစေခံမလေးများကို ရန်ကိုင် တော်ဝင်မြို့ဆီသို့ သွားမည့် အကြောင်းကို တော်ဝင်သခင်မဆီ အကြောင်းကြားရန် ပြောလိုက်ပြီးသည့်နောက် သူမ ကိုယ်တိုင်သည် ရန်ကိုင် အနောက်သို့ အလျင်စလို ပြေးလိုက်သွားလေသည်။
ရန်ကိုင်မှာ ဤနေရာနှင့် မရင်းနှီးပါသော်ငြား ယုရုမန်နှင့် လာစဉ်က လမ်းကြောင်း တစ်ခုလုံးကို သေသေချာချာ မှတ်သားထားခဲ့သည်။ ထိုအတွက်ကြောင့် လာရာလမ်းကြောင်းအတိုင်း ပြန်ထွက်လာခဲ့လေသည်။ လမ်းတစ်လျှောက်တွင် အစေခံမလေးများ အစောင့်များစွာနှင့် ရန်ကိုင် တွေ့ခဲ့ရသည်။ ထိုအစောင့်များမှာ ရန်ကိုင်တို့အား အံ့အားသင့်တကြီးဖြင့် ကြည့်ရင်းမှ ရန်ကိုင် ခပ်လှမ်းလှမ်းသို့ ရောက်သွားသော် အချင်းချင်း တီးတိုးပြောဆိုကြတော့လေ၏။
သို့သော်ငြား ရန်ကိုင်အနေဖြင့် မည်သည့် အတားအဆီးနှင့်မျှ မကြုံခဲ့ရပေ။
နန်းတော် အပြင်ဘက်တွင်မူ လှည်းယာဉ်ဆယ်စီး ဘေးချင်းယှဉ်သွား၍ ရလောက်သည်အထိ ကျယ်ဝန်းလှသော လမ်းမကြီး တစ်ခု ရှိနေခဲ့သည်။ ထိုလမ်းမကြီးမှာ ဆယ်မိုင်ခန့် အကွာ၌ ရှိနေသော မြို့တစ်မြို့ဆီသို့ ဦးတည်နေခြင်း ဖြစ်လေ၏။ ဤနေရာမှ လှမ်းမျှော်ကြည့်ရသလောက် ထိုမြို့သည် ကြယ်တာရာအစုအဝေးထဲရှိ အကြီးဆုံးသော မြို့ကြီးများအောက် အနည်းငယ်မျှပင် နိမ့်ကျခြင်း မရှိပေ။ တကယ့်တကယ်ဆိုလျှင် ထိုမြို့များထက် တစ်နည်းတစ်ဖုံပင်လျှင် ပိုမို ကောင်းမွန်နေပေသေးသည်။
ထိုမြို့တွင် ဂိတ်ပေါက်ရှစ်ခု ရှိပြီး အရပ်မျက်နှာ တစ်ခုချင်းစီတွင် ဂိတ်ပေါက် နှစ်ခုစီ ရှိနေပေသည်။ ဂိတ်ပေါက်များမှာ ကြီးကျယ်ခမ်းနားလှပြီး မြို့နံရံများမှာတော့ အလွန်တရာကိုမှ မြင့်မားလှပေ၏။
ရန်ကိုင်သည် အရှေ့မှ ဦးဆောင်သွားရင်း အစေခံမလေး ခြောက်ဦးမှာမူ ရန်ကိုင် အနောက်မှ ထက်ကြပ်မကွာ လိုက်လာခဲ့သည်။ ဆယ်မိုင်ကျော်ကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် အနီးဆုံးဂိတ်ပေါက်ဆီသို့ ရောက်လာခဲ့လေ၏။
မြို့ထဲသို့ ဝင်ရာတွင် ပြဿနာအချို့နှင့် ကြုံရမည်ကို ရန်ကိုင် ကြိုတင်စိတ်ပူခဲ့လေသည်။ တကယ်တော့ သူသည် လူသားတစ်ဦးပင် မဟုတ်ပေလော။ ဤနေရာသည် နတ်ဆိုးနယ်မြေ ဖြစ်လေ၏။ နတ်ဆိုးများသည် လူသားများအပေါ် ဖော်ရွေကြသူများ မဟုတ်ကြ။ ထိုအပြင် နတ်ဆိုးတိုင်းသည် သူ့အား ယုရုမန်မှ ဤနေရာသို့ ခေါ်လာသည်ကို သိထားကြသူများလည်း မဟုတ်ကြပေ။
သို့ပါသော်ငြား ဂိတ်ပေါက်သို့ ရောက်ချိန် သူ စိတ်အပူလွန်နေခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူသည် လူသားတစ်ဦး ဖြစ်ပြီး နတ်ဆိုး၏ စရိုက်လက္ခဏာများကို မပိုင်ဆိုင်ထားလျှင်ပင် သူ့ခွန်အားကို ထုတ်မသုံးသရွေ့ နတ်ဆိုးအများစုမှာ ရန်ကိုင် အကြောင်းကို မသိကြပေ။
နတ်ဆိုးများသည် လူသားများအား တစ်ခါမျှ မမြင်ဖူးကြခြင်း ဖြစ်လေရာ လူသားများ မည်သို့ပုံစံ ရှိသလဲဆိုသည်ကို မည်ကဲ့သို့များ သိပါမည်နည်း။ လူသားများကို မြင်ဖူးကြသည့် နတ်ဆိုးများမှာမူ ကြယ်တာရာအစုအဝေးတွင်သာ ရှိနေကြပေသည်။
နန်းတော်ထဲတွင် ရှိနေကြသော နတ်ဆိုးများ ရန်ကိုင်အား မြင်ပြီးသည့်နောက် အံ့အားသင့်သွားရခြင်းမှာ ရန်ကိုင် လူသားတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့် မဟုတ်ဘဲ ရန်ကိုင်သည် တော်ဝင်သခင်မမှ ပြန်ခေါ်လာသည့် လူတစ်ဦး ဖြစ်နေသည့်အတွက်ကြောင့်ပင်။
ခက်ထန်ကြမ်းကြုတ်လှသည့် နတ်ဆိုးများသည် မြို့ဂိတ်ပေါက်အား စောင့်ကြပ်နေကြလေသည်။ မြို့ဂိတ်ပေါက်ထဲသို့ ဝင်ချင်သည့် လူတိုင်းသည် နတ်ဆိုးသလင်းကျောက်များကို ပေးရပေသည်။
နတ်ဆိုးသလင်းကျောက်များမှာ ကြယ်တာရာအစုအဝေးထဲရှိ အရင်းအမြစ်ကျောက်များနှင့် တူကြပေသည်။ ထိုနတ်ဆိုးသလင်းကျောက်များသည် နတ်ဆိုးနယ်မြေထဲရှိ နတ်ဆိုးများ အသုံးပြုကြသော ငွေကြေး ဖြစ်သည်။
သို့ပါသော်ငြား ရန်ကိုင်တွင် မည်သည့် နတ်ဆိုးသလင်းကျောက်မျှ ရှိမနေသလို ရန်ကိုင်သည်လည်း နတ်ဆိုးသလင်းကျောက်များကို ပေးနေစရာ မလိုပေ။
ဂိတ်စောင့်များ ရန်ကိုင် အနားသို့ ကပ်လာသည့်အခါတွင် ရှောင်ဝူသည် တံဆိပ်ပြားတစ်ခုကို ထုတ်ပြလိုက်လေသည်။ ထိုတံဆိပ်ပြားကို မြင်ပြီးသည့်နောက် နတ်ဆိုးများမှာ ရန်ကိုင်အား ချက်ချင်း လမ်းဖယ်ပေးလိုက်ကြလေ၏။
တော်ဝင်သခင်မနန်းတော်မှ လာသည့် မည်သူမဆို ဂိတ်ကြေးပေးစရာ မလိုပေ။
အထဲသို့ ဝင်လာပြီးသည့်နောက် သက်ဝင်စည်ကားလှသော မြို့၏ အငွေ့အသက်ကြောင့် ရန်ကိုင်မှာ အံ့ဩသွားခဲ့ရသည်။ ကြယ်တာရာအစုအဝေးထဲရှိ နတ်ဆိုးမျိုးနွယ်စုဝင်များမှာ အလွန်ကိုမှ သွေးဆာကာ ရက်စက်ကြမ်းကြုတ်လှသည်။ ထိုအကြောင်းကြောင့် နတ်ဆိုးနယ်မြေကြီးမှာလည်း ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်လှသည့် နတ်ဆိုးများဖြင့်သာ ပြည့်နေမည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုမှသာလျှင် ကြယ်တာရာအစုအဝေး၌ ရှိနေသည့် အရာများသည်လည်း နတ်ဆိုးနယ်မြေထဲ၌ ရှိနေကြောင်းကို ရန်ကိုင် သိသွားခဲ့ရသည်။ ဥပမာပြောရသော် ဤတော်ဝင်မြို့ထဲတွင် အရပ်မျက်နှာ အသီးသီးသို့ ဦးတည်နေသော လမ်းများ ရှိနေခဲ့ပြီး ထိုလမ်းများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဆိုင်တန်းများ ဖွင့်ကာ အော်ဟစ်ရောင်းချနေသော နတ်ဆိုးဈေးသည်များလည်း ရှိနေကြပေသည်။ ထိုမျှသာလျှင် မဟုတ်သေး။ ထိုနတ်ဆိုးများနှင့်အတူ ဈေးသည်များဆီမှ အပြန်အလှန် ဈေးဆစ်နေကြသော ဝယ်သူ နတ်ဆိုးများလည်း ရှိနေကြသေး၏။
လမ်းမပေါ်တွင် ရှိနေကြသော နတ်ဆိုးများ၏ ထူးဆန်းသော ပုံစံများကြောင့်သာ မဟုတ်ပါက ကြယ်တာရာအစုအဝေးသို့ ပြန်ရောက်နေသလားဟုပင် ရန်ကိုင် ထင်မိသွားပေလိမ့်မည်။
"ဆရာ" ရန်ကိုင် ရပ်နေသည်ကို မြင်သော် ရှောင်ဝူက လှမ်းခေါ်လိုက်သည်။
"အင်း" ရန်ကိုင်က အမှုမဲ့အမှတ်မဲ့ဖြင့် ပြန်ထူးလိုက်သည်။ ထို့နောက်တွင် ချက်ချင်းပဲ စိတ်ဝင်တစားဖြင့် လျှောက်ပတ်ကြည့်တော့လေ၏။
သို့ပါသော်ငြား ခြေတစ်လှမ်း နှစ်လှမ်း လှမ်းပြီးရုံတင် ရှိသေး အနောက်ဘက်ဆီမှ ရှောင်ဝူ၏ အော်သံလေး ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင် လှည့်ကြည့်လိုက်ရာ ရှောင်ဝူမှာ ပခုံးအား လက်ဖြင့် ဖိရင်းမှ နာကျင်နေသည့် အမူအရာဖြင့် မြေပြင်ပေါ်တွင် လဲကျနေကြောင်းကို တွေ့လိုက်ရလေ၏။
ရန်ကိုင် အနောက်ဘက်တွင်မူ ထွားထွားကြိုင်းကြိုင်း နတ်ဆိုးကြီး တစ်ကောင်သည် ဘယ်ညာယိမ်းထိုးလျက် လမ်းမပေါ်တွင် လျှောက်သွားနေခဲ့လေသည်။ နတ်ဆိုးကြီးလမ်းတွင် ပိတ်မိနေသည့် နတ်ဆိုးများမှာ ထိုနတ်ဆိုးကြီး သွားနိုင်ဖို့ရာ အလျင်စလို လမ်းဖယ်ပေးနေကြလေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ ယာယီမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် ဘာတွေဖြစ်နေသလဲဆိုသည်ကို ချက်ချင်း သဘောပေါက်သွားခဲ့ပြီး နတ်ဆိုး အနောက်သို့ ချက်ချင်း အပြေးသွားကာ နတ်ဆိုး၏ ပခုံးကို လက်ဖြင့် ပုတ်လိုက်သည်။
ရန်ကိုင်၏ ပုတ်ချက်သည် ထိုနတ်ဆိုးအား ဆောင့်တွန်းလိုက်သလို ဖြစ်သွားသောကြောင့် နတ်ဆိုးမှာ အရှေ့သို့ ကိုင်းသွားကာ ဒေါသထွက်သွားခဲ့လေ၏။ ထို့နောက် ချက်ချင်းပဲ အနောက်သို့ လှည့်ကြည့်လိုက်ပါသော်ငြား မည်သူ့ကိုမျှ မတွေ့ရပေ။
"ဒီမှာ" ရန်ကိုင်သည် နတ်ဆိုးအား မှုန်ကုပ်ကုပ် အမူအရာဖြင့် မော့ကြည့်နေရင်းမှ တွေးလိုက်လေ၏။ [ဒီကောင်က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အကောင်ကြီးနေရတာလဲ]
နတ်ဆိုးလည်း အသံကြားရာဆီသို့ ငုံ့ကြည့်လိုက်ရာ သူ့ထက် ခေါင်းနှစ်လုံးစာခန့် ပိုပုသော ရန်ကိုင်ကို တွေ့လိုက်ရလေ၏။ ထို့နောက် မေးလိုက်လေသည်။ "မင်း ဘာလုပ်နေတာလဲ"
ရန်ကိုင်သည် သူ့အနောက်ဘက်အား ညွှန်ပြလျက် ပြောလိုက်လေ၏။ "မင်း ငါ့အဖော်ကို တိုက်သွားတာ"
ထိုနတ်ဆိုးမှာ လှမ်းကြည့်လိုက်ရာ ရှောင်ဝူ မြေပြင်ပေါ်မှ ဖြည်းဖြည်းချင်း ပြန်ထလာနေသည်ကို တွေ့လိုက်ရလေသည်။ ထိုအခါ လှောင်ပြုံးပြုံး၍ ပြန်ပြောလိုက်၏။ "အဲဒီတော့ ဘာဖြစ်လဲ"
"တောင်းပန်လိုက်" ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။
ထိုနတ်ဆိုးမှာ တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေပြီးသည့်နောက် ရုတ်တရက် ဝါးလုံးကွဲ ထရယ်မောလေသည်။ သူ့၏ ရယ်မောသံကြီးမှာ မိုးခြိမ်းသံတမျှ ကျယ်လောင်လှပြီး သူ၏ ခန္ဓာကိုယ်ကြီးမှာလည်း ပြင်းပြင်းထန်ထန် တုန်ခါလာခဲ့သည်။ မသိလျှင် ဤလောကကြီး၌ အရယ်ရဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်ပမာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့သည့်အလား။
ရှောင်ဝူသည် ရန်ကိုင်ဆီသို့ အလျင်စလိုလာပြီး ကြောက်ကြောက်ရွံ့ရွံ့နှင့် ပြောလိုက်လေ၏။ "ဆရာ၊ ကျွန်မ အဆင်ပြေပါတယ်"
ရန်ကိုင် မည်မျှ အားကောင်းသလဲဆိုသည်ကို ရှောင်ဝူ မသိပေ။ သူမ သိသည့် အချက်မှာတော့ သူမတို့ အရှေ့တွင် ရှိနေသည့် နတ်ဆိုးမှာ ရန်စ၍ ကောင်းသည့် နတ်ဆိုး မဟုတ်သည်ကိုသာ။ ရန်ကိုင်သည်သာ ဤနတ်ဆိုးနှင့် ပြဿနာတက်၍ ဒဏ်ရာတစ်ခုခု ရသွားခဲ့မည်ဆိုလျှင် သူမလည်း အပြစ်ပေးခံရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ဤကိစ္စအား အေးအေးချမ်းချမ်းနှင့် ပြီးသွားစေလိုခြင်း ဖြစ်၏။
"နင် အဆင်ပြေတယ်ဆိုရင်တောင် သူနင့်ကို တိုက်သွားတဲ့အတွက် တောင်းပန်သင့်တယ်" ရန်ကိုင်က လက်ဝှေ့ယမ်း၍ ပြောလိုက်လေ၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ဝူမှာ ဆွံ့အသွားခဲ့သည်။ သို့ပါသော်ငြား သူမ၏ မျက်နှာလေးမှာတော့ စိုးရိမ်စိတ်တို့ဖြင့် ပြည့်နေလေ၏။
ရန်ကိုင် ပြောသည်ကို ကြားသော် နတ်ဆိုးကြီးက အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက် ပြန်ပြောလိုက်လေ၏။ "ငါ မတောင်းပန်ချင်ဘူးဆိုရင်ရော"
ရန်ကိုင်က ခေါင်းညိတ်၍... "အဲဒါဆိုရင်တော့ စကားနဲ့ရှင်းလို့ မရတော့ဘူး၊ လက်ပါမှပဲ ရတော့မှာပေါ့"
နတ်ဆိုးသည် ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်၍... "မင်းက ငါနဲ့ တိုက်ခိုက်ချင်တာလား"
"မင်း မတောင်းပန်ချင်ဘူးဆိုရင်ပေါ့"
ထိုနတ်ဆိုးသည် တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။ သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ ထရယ်ရုံသာလျှင် မဟုတ်။ အနီးနားမှ ဖြတ်သွားဖြတ်လာ လုပ်နေသော နတ်ဆိုးများကိုပါ လှမ်းပြောတော့လေ၏။ "ဒီကောင်လေးက ငါနဲ့ တိုက်ခိုက်ချင်နေတယ်ကွ"
ထိုနတ်ဆိုးဆီမှ ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် အနီးနားတွင် ရှိနေသော နတ်ဆိုးများ စိတ်ဝင်စားလာကြပြီး အချို့ဆိုလျှင် ဝမ်းသာအားရနှင့်ပင် အားပေးအားမြှောက် ပြုကြတော့လေ၏။ "တိုက်၊ တိုက်၊ တိုက်၊ ချ ချ"
"အဲဒီကောင် အရိုးတွေကို ချိုးပစ်"
"ဒီကောင့် အသားလေးက နူးညံ့နေတာ စားလို့ကောင်းလိုက်မဲ့ပုံပဲကွာ"
ဘေးနားတွင် ဖြတ်သွားဖြတ်လာ လုပ်နေကြသော နတ်ဆိုးများက အော်ဟစ်အားပေးနေကြသည်ကို မြင်သည့်အခါ နတ်ဆိုးကြီးသည် ...သည့် အမူအရာဖြင့် ရန်ကိုင်အား စိုက်ကြည့်၍ စိန်ခေါ်လိုက်လေသည်။ "မင်းက တိုက်ခိုက်ချင်နေတယ်ဆိုမှတော့ ငါက တိုက်ခိုက်ပေးရတော့မှာပေါ့"
ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ထိုနတ်ဆိုးကြီးသည် လက်နှစ်ဖက်ကို ပူးကပ်၍ မြင့်မြင့် မြှောက်ကာ ရန်ကိုင် တည့်တည့်သို့ ထုချလိုက်လေသည်။ ၎င်း၏ ကြီးမားလှသော အရွယ်အစားနှင့်တကွ မြင့်မားလှသော အရပ်အမြင့်ကြောင့် ထိုထုချက်ကြီးမှာ ဥက္ကာခဲတစ်စင်း ကြွေဆင်းကျလာသည့်ပမာ ဖြစ်နေခဲ့သည်။
နတ်ဆိုးကြီး လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးမှ ရပ်ကြည့်နေကြသော နတ်ဆိုးများ စိတ်လှုပ်ရှားသွားကြလေ၏။
ရှောင်ဝူကမူ အလန့်တကြား ထအော်လေသည်။ "သတိထား ဆရာ"
ထိုမြင်ကွင်းကို ကြည့်ရင်း ရန်ကိုင်မှာ လှောင်ပြုံးပြုံးလျက် ကြည့်နေ၏။ ဤနတ်ဆိုးမှာ အကောင်ကြီးကာ ကြွက်သားအမြောင်းမြောင်းနှင့် ဖြစ်နေပါသော်ငြား ၎င်း၏ အဆင့်မှာ အများဆုံးမှ နတ်ဆိုးဗိုလ်ချုပ်မှူးလောက်သာ ရှိပေသည်။ ထိုနတ်ဆိုးဗိုလ်ချုပ်မှူးသည် ကြယ်တာရာအစုအဝေးထဲတွင် တာအိုသခင်အဆင့် ကျင့်ကြံသူတစ်ဦးနှင့်သာ တူညီပေ၏။ ထိုအပြင် ဤနတ်ဆိုးမှာ အများဆုံးမှ အလယ်အလတ်အဆင့် ဗိုလ်ချုပ်မှူး တစ်ဦးသာ ဖြစ်ပေဦးမည်။ သို့ပါသော်ငြား သူနှင့် ရန်ကိုင်အကြားရှိ ခွန်အား ကွာခြားချက်ကို မသိဘဲ ရန်ကိုင်အား တိုက်ခိုက်ရဲလာခဲ့သည်။
သို့ပါသော်ငြား တစ်ဖက်လူမှ တိုက်ခိုက်လာနေပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ငြိမ်ခံနေလျှင် ကြောက်ရာကျလွန်းသွားပေလိမ့်မည်။
ရန်ကိုင်သည် သူ့လက်ကို မြှောက်၍ သူ့အပေါ်သို့ ထုချလာနေသော လက်သီးကို ဖမ်းကိုင်လိုက်၏။ ရန်ကိုင်၏ ခန္ဓာကိုယ်မှာ တစ်ချက်ပင် လှုပ်မသွားခဲ့ပါသော်ငြား သူ၏ ခြေထောက်အောက်ရှိ ကြမ်းပြင်မှာတော့ ကွဲအက်သွားခဲ့သည်။ ထို့နောက်တွင် ရန်ကိုင်သည် ထိုလက်သီးကို လက်တစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်၍ သူ့ခြေထောက်ဖြင့် ထိုနတ်ဆိုးကြီး၏ ခြေချင်းဝတ်ကို ဖြတ်ကန်ချလိုက်ရာ နတ်ဆိုးကြီးမှာလည်း ချက်ချင်းဆိုသလို မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျသွားခဲ့လေသည်။
ထို့နောက်တွင် ရန်ကိုင်မှာ ငေးကြောင်ကြောင် ဖြစ်နေသော နတ်ဆိုးကြီး အရှေ့တွင် ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်လျက် နတ်ဆိုးကြီးအား လည်ကုပ်မှ ဆွဲကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ထိုးတော့လေသည်။
ဘုန်း၊ ဘုန်း၊ ဘုန်း။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နတ်ဆိုးကြီး၏ မျက်နှာတစ်ခုလုံး ဖူးရောင်ကိုင်းသွားခဲ့ပြီး နတ်ဆိုးကြီး ကိုယ်တိုင်မှာလည်း ကြယ်လများကို မြင်သွားခဲ့ရလေ၏။
ရန်ကိုင်၏ အနောက်တွင် ရှိနေသော ရှောင်ဝူမှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်တကြားဖြင့် ပါးစပ်ကလေးကို လက်ဖြင့် အုပ်ထားခဲ့လေသည်။
ဘေးမှ ရပ်ကြည့်နေကြသော နတ်ဆိုးများမှာလည်း ကြောင်နေကြသည်။ မူလက ဝမ်းသာအားရဖြင့် အားပေးအော်ဟစ်နေကြသော အော်သံများအားလုံး ရုတ်ချည်း တိတ်သွားကုန်လေ၏။ သို့ပါသော်ငြား မကြာမီ ပို၍ စိတ်လှုပ်ရှားနေသော အော်သံများ ထွက်ပေါ်လာခဲ့လေသည်။ "အဲဒီကောင်ကို သတ်၊ အဲဒီကောင်ကို သတ်"
"အဲဒီကောင် ခေါင်းကို ထုခြေပစ်"
"အဲဒီကောင် နှလုံးသားကို ထုတ်ပစ်လိုက်၊ အဲဒါက တော်တော် အရသာရှိမှာ"
ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်အား ထူးထူးဆန်းဆန်း အမူအရာဖြင့် ကြည့်လိုက်လေသည်။
ယခုမှသာလျှင် ယုရုမန် ပြောသွားသည့် စကားကို ပြန်သတိရသွားတော့သည်။ နတ်ဆိုးနယ်မြေထဲတွင် အားကောင်းသူ လုပ်သည့် အရာသည် အမှန် ဖြစ်ပြီး အားနည်းသူ လုပ်သမျှ အရာမှာ အမှားများ ဖြစ်ကြပေသည်။
လက်ရှိ ရန်ကိုင် ကြုံနေရသည့် အဖြစ်အပျက်သည် ယုရုမန် ပြောသွားသည့် စကားကို အကောင်းဆုံးသော သက်သေပြနေသည့် အထောက်အထားတစ်ရပ် ဖြစ်ပေသည်။
လက်ရှိ ရန်ကိုင် ရှိနေသည့် နေရာသည်သာ ကြယ်တာရာအစုအဝေး ဖြစ်နေမည်ဆိုပါက ယခုကဲ့သို့သော တိုက်ပွဲမျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။ တိုက်ပွဲမျိုး ဖြစ်လာခဲ့မည်ဆိုလျှင်ပင် ဘေးမှ ရပ်ကြည့်နေသည့် လူများမှာ ယခုကဲ့သို့ အော်ဟစ်အားပေးနေကြလိမ့်မည် မဟုတ်။
လူထွားကြီးမှာ ရန်ကိုင်၏ လက်သီးချက်များစွာ မိသွားပြီးသည့်နောက် သတိလစ်သွားတော့လေ၏။ ရန်ကိုင်အနေဖြင့် သူ့ခွန်အား အကုန်အစင်ကို ထုတ်မသုံးလျှင်ပင် ဤနတ်ဆိုးကြီးမှာ သေကောင်ပေါင်းလဲ ဖြစ်နေခဲ့လေပြီ။
စိတ်မဝင်စားတော့သည့်အလား ရန်ကိုင်သည် ထရပ်၍ နတ်ဆိုးအား ကန်ထုတ်ပစ်လိုက်လေ၏။ ထို့နောက်တွင် ရှောင်ဝူကို လက်ယပ်ခေါ်ကာ ပြောလိုက်လေသည်။ "သွားရအောင်"
အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင် မျက်မှောင်ကြီး ကြုတ်သွားခဲ့လေသည်။ အကြောင်းမှာ ရှောင်ဝူမှာ သူ့အား အံ့ဩတကြီးဖြင့် ကြည့်နေသည့်အတွက်ကြောင့်ပင်။ ရှောင်ဝူသာလျှင် မဟုတ်။ အနီးအနားတွင် ရှိနေသော နတ်ဆိုးများသည်လည်း ရန်ကိုင်အား တလေးတစား အမူအရာများဖြင့် ကြည့်နေကြလေ၏။ အချို့ဆိုလျှင် သူ့အား ကြင်နာစွာပင် ပြုံးပြနေပေသေးသည်။
ဤသည်ကား နတ်ဆိုးနယ်မြေပင် ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်