← Chapters

အခန်း ၃၄၄၃

Vol. 152 Ch. 3443

အခန်း ၃၄၄၃

Vol. 152 Ch. 3443

အပိုင်း (၃၄၄၃)

မြို့ထဲ၌ လျှောက်ပတ်သွားရင်းမှ ရန်ကိုင်သည် အံ့အားသင့်စရာ အသစ်အဆန်းများအား မြင်ခဲ့ရသလို နတ်ဆိုးနယ်မြေ၏ စိတ်ဝင်စားဖွယ်ရာ အလေ့အထများနှင့်လည်း ကြုံခဲ့ရသည်။ သို့ပါသော်ငြား အချို့သော ပစ္စည်းများမှာ ကောင်းလှပါသော်ငြား ကြယ်တာရာအစုအဝေးမှ ကျင့်ကြံသူများအတွက် အသုံးမဝင်ဘဲ နတ်ဆိုးနယ်မြေမှ ကျင့်ကြံသူများအတွက်သာ အသုံးဝင်ကြသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ထိုအရာများကို မဝယ်ခဲ့ပေ။ ထိုအပြင် သူ့၌ မည်သည့် နတ်ဆိုးသလင်းကျောက်မျှ ရှိမနေခဲ့။

အတန်ကြာအောင် လျှောက်လာပြီးသည့်နောက် ရန်ကိုင်သည် ဆိုင်တစ်ဆိုင် အရှေ့၌ ရပ်သွားခဲ့သည်။ ရှောင်ဝူ ပြောပုံအရ ထိုဆိုင်၌ မြေပုံများကို ရောင်းချပေ၏။

ဆိုင်အပြင်ဘက်တွင်မူ ဧည့်သည်များအား ကြိုဆိုမည့် မည်သည့် ဆိုင်ဝန်ထမ်းမျှ ရှိမနေခဲ့။ သို့ပါသော်ငြား နတ်ဆိုးများမှာမူ ဆိုင်ထဲ ဝင်ချည်ထွက်ချည် ပြုနေကြသည်။

ဆိုင်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်၏ အမြင်အာရုံကို ဘေးတစ်ဖက် တစ်ချက်ပေါ်ရှိ ကောင်တာများပေါ်တွင် သပ်သပ်ရပ်ရပ် စီထားသော ပစ္စည်းလေးများမှ ဖမ်းစားသွားခဲ့သည်။ ထိုအရာလေးများသည် လက်တစ်ဝါးစာ အရွယ်အစားခန့်သာ ရှိသည့် စစ်ရထားများ ဖြစ်ကြပေသည်။

လက်ရှိ အချိန်တွင် နတ်ဆိုးတစ်ဦးသည် ထိုစစ်ရထားများကို စိတ်ဝင်တစားဖြင့် စစ်ဆေးကြည့်ရှုနေလေ၏။ ဆိုင်ဝန်ထမ်းကမူ သူ့ဆိုင်ထဲရှိ စစ်ရထားများ မည်မျှ ကောင်းမွန်ကြောင်းကို အားတက်သရောဖြင့် ရှင်းပြနေခဲ့လေသည်။

ရန်ကိုင်လည်း ဆိုင်ဝန်ထမ်း ပြောပြနေသည်ကို တစ်ခဏမျှ နားစိုက်ထောင်ကြည့်ပြီးသည့်နောက် ထိုအရာများမှာ စစ်ရထားများမှန်း အတည်ပြုသွားနိုင်ခဲ့သည်။

ထိုနတ်ဆိုးသည် စစ်ရထားများအနက် တစ်စင်းကို ယူလိုက်လေ၏။ ဆိုင်ဝန်ထမ်းသည် ထိုစစ်ရထားကို လှမ်းယူ၍ စစ်ရထားအတွင်းသို့ နတ်ဆိုးချီကို ထည့်သွင်းလိုက်သည်။ ထို့နောက်တွင် သူ့အရှေ့ တည့်တည့်သို့ ပစ်လိုက်ရာ ထိုစစ်ရထားသည် လက်တစ်ဝါးစာခန့် အရွယ်အစားမှ ခြောက်မီတာခန့် အရွယ်အစားရှိသော စစ်ရထားတစ်စင်း အသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုစစ်ရထား၏ ပုံစံမှာ အတော်လေးကိုမှ ကြောက်စရာကောင်းလှသည်။ စစ်ရထား ကိုယ်ထည်အနှံ့ ဆူးချွန်များနှင့် ပြည့်နေခဲ့ပြီး စစ်ရထားပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းလှသော ပါးစပ်ကို ဟထားသည့် ကျားခေါင်းတစ်ခု ရှိနေခဲ့လေသည်။

ဈေးလာဝယ်သည့် နတ်ဆိုးသည် ထိုစစ်ရထားအား လှည့်ပတ်စစ်ဆေးကြည့်ရှုလေ၏။ စစ်ရထားအား လုပ်ထားသည့် ပစ္စည်းကိုလည်း လက်ဖြင့် ကိုင်ကာ စစ်ဆေးကြည့်သလို စစ်ရထားပေါ်တွင် ထိုင်၍ပင် စစ်ဆေးကြည့်ပေသေးသည်။ နောက်ဆုံးတွင် ကျေနပ်သွားသည့် အမူအရာဖြင့် ဆိုင်ဝန်ထမ်းနှင့် မျက်နှာချင်းဆိုင်ကာ ဈေးထိုင်ဆစ်လေသည်။ နောက်ဆုံးတွင်မူ နှစ်ဦးသား သဘောတူညီချက် ရသွားခဲ့သည်။

ထိုဧည့်သည်အား ပြန်လိုက်ပို့ပြီးသည့်နောက်တွင် ဆိုင်ဝန်ထမ်းသည် ရန်ကိုင်ဘက်သို့ လှည့်လာ၍ ပြုံးကာ ပြောလိုက်လေ၏။ "ဆရာ ဘာဝယ်ချင်တာလဲ"

ရန်ကိုင်သည် တံခါးပေါက်ဆီသို့ ညွှန်ပြ၍ ပြောလိုက်လေ၏။ "အဲဒီကောင် ခုနတုန်းက ကြည့်နေတဲ့ဟာတွေထဲက တစ်ခု ကျုပ်ကို ယူလာပေး"

ရန်ကိုင်မှာလည်း စစ်ရထားကို စိတ်ဝင်စားနေမိသည်။ ဤကဲ့သို့သော အရာများကို ကြယ်တာရာအစုအဝေးထဲ မတွေ့ရပါသော်ငြား ကြယ်စီရင်စုကြီးတွင် ရှိစဉ်ကမူ မကြာခဏ တွေ့ရပေသည်။

ဆိုင်ဝန်ထမ်းသည် အစောပိုင်းက စစ်ရထားနှင့် ဆင်တူသော စစ်ရထားတစ်စင်းကို ချက်ချင်း ထုတ်လာ၍ အားတက်သရောဖြင့် မိတ်ဆက်ပေးလိုက်လေသည်။ "ဧည့်သည်က တကယ်ကို အမြင်စူးရှတာပဲ၊ ဒီကျားခေါင်းစစ်ရထားက ကျုပ်တို့ ဆိုင်ကနေ အခုနှစ်မှ ထုတ်ထားတဲ့ ပုံစံအသစ်ပဲ၊ အရင် ပုံစံဟောင်းတွေနဲ့ ယှဉ်လိုက်ရင် စွမ်းဆောင်ရည်က အများကြီးကွာတယ်၊ အမြန်နှုန်းကလည်း သိသိသာသာ တိုးလာတာဆိုတော့ ဧည့်သည် သွားချင်တဲ့နေရာကို ဒီစစ်ရထားနဲ့ အေးအေးဆေးဆေး သွားလို့ရတယ်"

ဆိုင်ဝန်ထမ်း ပြောနေသည်မှာ အစောပိုင်းက ဧည့်သည်ကို ပြောခဲ့သည့် စကားနှင့် တထေရာတည်းပင်။

ရန်ကိုင်မှာတော့ ဆိုင်ဝန်ထမ်း ရှင်းပြနေသည်ကို နားမထောင်ချင်တော့သည့်အတွက်ကြောင့် စစ်ရထားကို ယူ၍ စစ်ရထားထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလိုက်သည်။ ထို့နောက် ဆိုင်ဝန်ထမ်း လုပ်ခဲ့သကဲ့သို့ပင် စစ်ရထားကို သူ့အရှေ့တည့်တည့်သို့ ပစ်ချလိုက်လေ၏။

စစ်ရထားမှာ ချက်ချင်းဆိုသလို အရွယ်အစား ကြီးမားလာခဲ့သည်။

ရန်ကိုင် ကြောင်သွားခဲ့လေ၏။ သူ့အနေဖြင့် စစ်ရထားအား အရွယ်အစား ကြီးလာအောင် ဧကရာဇ်ချီဖြင့် လုပ်လို့ရ မရကို သိလိုခြင်းသာ ဖြစ်ပြီး တကယ်ကြီး အလုပ်ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ကြည့်ရသလောက် ဤစစ်ရထားကို လူသားရော နတ်ဆိုးပါ အသက်သွင်းနိုင်ကြသည့်ပုံပင်။

ရန်ကိုင်မှာ သူ့ခွန်အားကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်လေ၏။ ဆိုင်ဝန်ထမ်းကတော့ ရန်ကိုင်အပေါ် အနည်းငယ်မျှပင် သံသယဝင်ခြင်း မရှိဘဲ အားတက်သရောဖြင့် ဆက်၍ ပြောလိုက်လေသည်။ "ဧည့်သည် စမ်းကြည့်လို့ရတယ်နော်၊ မကျေနပ်ဘူးဆိုရင် အခြားတစ်ခု ကျုပ်ပြပေးမယ်"

ရန်ကိုင်လည်း ကိုယ်တိုင် စမ်းသပ်ကြည့်ရန် စဉ်းစားနေခြင်း ဖြစ်လေသည်။ ထိုအတွက်ကြောင့် ထိုစစ်ရထားထဲ ချက်ချင်း ဝင်ထိုင်ကြည့်လေ၏။ အတွင်းပိုင်း ပြင်ဆင်မှုမှာ အမှန်တကယ်ကို မဆိုးလှပေ။ နေရထိုင်ရ အမှန်တကယ်ကိုမှ သက်တောင့်သက်သာ ဖြစ်လှသည်။ ပြောစရာတစ်ခု ရှိသည်မှာတော့ အတော်လေးကိုမှ ကျဉ်းလှခြင်းပင်။ ဤစစ်ရထားသည် လူနှစ်ယောက် သုံးယောက်လောက်သာ ကာပေသည်။ လူကောင်ထွားထွားဆိုလျှင်တော့ တစ်ယောက်လောက်သာလျှင် ကာပေလိမ့်မည်။

စမ်းသပ်ကြည့်ပြီးသည့်နောက် ရန်ကိုင်က ခေါင်းညိတ်၍ ပြောလိုက်လေ၏။ "ဒီစစ်ရထားရဲ့ အကာအကွယ်စွမ်းရည်ကရော"

ဆိုင်ဝန်ထမ်းက ရယ်မောလျက်... "စိတ်မပူနဲ့ ဧည့်သည်၊ ဒီစစ်ရထားကို အဆင့်တစ်ဆယ့်နှစ် နတ်ဆိုးသံနဲ့ လုပ်ထားတာ၊ ဒီတော့ နယ်မြေဂိတ်တွေကို ဘာမှမဖြစ်ဘဲနဲ့ အေးအေးဆေးဆေး ဖြတ်သွားလို့ရတယ်၊ ပြီးတော့ နတ်ဆိုးဘုရင်တစ်ပါးရဲ့ အစွမ်းကုန် တိုက်ကွက်ကိုတောင် ခုခံနိုင်သေးတယ်"

အဆင့်တစ်ဆယ့်နှစ် နတ်ဆိုးသံဆိုသည်မှာ မည်ကဲ့သို့သော အရာ ဖြစ်သလဲဆိုသည်ကို ရန်ကိုင် မသိ။ သို့ပါသော်ငြား နတ်ဆိုးဘုရင်တစ်ပါး၏ အစွမ်းကုန် တိုက်ကွက်ကို ခုခံနိုင်သည့်အတွက်ကြောင့် ဤစစ်ရထား၏ အကာအကွယ်စွမ်းရည်မှာ မဆိုးလှပေ။ ရန်ကိုင်က ဆက်၍ မေးလိုက်လေ၏။ "စစ်ရထားမှာ တိုက်ခိုက်လို့ရတဲ့ အစိတ်အပိုင်းတွေ ဘာတွေရော ပါလား၊ ပါတယ်ဆိုရင် ကျုပ် ဘာဖြစ်လို့ မတွေ့ရတာလဲ၊ ဘာလဲ၊ ဒီစစ်ရထားထဲမှာ ထူးခြားတဲ့ အစီအရင် တစ်ခုခုကို ထည့်သွင်းထားလို့လား"

ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည့်အခိုက် ဆိုင်ဝန်ထမ်းလေး၏ အမူအရာ ထူးဆန်းသွားခဲ့ပြီး ရန်ကိုင်အား မယုံသင်္ကာဖြင့် ကြည့်လာခဲ့လေသည်။

ရန်ကိုင် အနောက်တွင် ရှိနေသော ရှောင်ဝူသည် ရန်ကိုင် အနားသို့ ကသိကအောက် အမူအရာဖြင့် ရောက်လာပြီး ရန်ကိုင် နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေ၏။ "ဆရာ၊ ဒီစစ်ရထားက တိုက်ခိုက်ဖို့ မဟုတ်ဘူး၊ သွားလာဖို့ပဲ သုံးတာ၊ နတ်ဆိုးနယ်မြေထဲမှာ တိုက်တွေက အများကြီးရှိနေတာ၊ နတ်ဆိုးတိုင်းက ဘယ်တိုက်ကနေ ဘယ်တိုက်ဆီကို ဘယ်လိုသွားရမလဲဆိုတာကို သိကြတာ မဟုတ်ဘူး၊ စစ်ရထားထဲမှာ အဲဒီတစ်တိုက် တစ်တိုက်ကို ချိတ်ဆက်ပေးထားတဲ့ နယ်မြေဂိတ်တွေရဲ့ တည်နေရာကို ထည့်ပေးထားတယ်၊ ပြီးတော့ အဲဒီနယ်မြေဂိတ်တွေဆီ ဦးတည်နေတဲ့ လမ်းကြောင်းတွေကိုရောပဲ၊ ဆရာအနေနဲ့ သွားချင်တဲ့နေရာကို ထောက်ထားလိုက်တာနဲ့ ဘာပြဿနာမှ မကြုံရဘဲ အေးအေးဆေးဆေး သွားလို့ရတယ်"

[ဒီတော့ ပျံသန်းရေးမှော်ရတနာပေါ့] ယခုမှသာလျှင် ဆိုင်ဝန်ထမ်း ဘာကြောင့် သူ့အား ထူးထူးဆန်းဆန်း အမူအရာနှင့် ကြည့်နေရသလဲဆိုသည်ကို ရန်ကိုင် သဘောပေါက်သွားခဲ့သည်။

ရန်ကိုင်သည် ဆိုင်ဝန်ထမ်းလေး၏ ပခုံးကို ပုတ်၍ ပြောလိုက်လေ၏။ "ငါ နောက်နေတာ"

"ဟဲဟဲ" ဆိုင်ဝန်ထမ်းလေးမှာလည်း ကသိကအောက် အမူအရာဖြင့် ပြန်၍ ပြုံးပြလိုက်၏။

ထို့နောက်တွင် ရန်ကိုင်သည် လှည့်ပတ်ကြည့်ရင်းမှ လည်ချောင်းရှင်းကာ မေးလိုက်လေ၏။ "ခင်ဗျားတို့မှာ မြေပုံတွေ ရောင်းလား"

"မြေပုံလား" ဆိုင်ဝန်ထမ်းလေး မျက်မှောင်ကြုတ်သွားခဲ့သည်။ "ဆရာ ဘယ်လို မြေပုံမျိုးကို လိုချင်တာလဲ"

"ခင်ဗျားတို့ဆီမှာ ဘယ်လို မြေပုံတွေရလဲ" ရန်ကိုင်က ပြန်၍ မေးလိုက်၏။

ဆိုင်ဝန်ထမ်းလေးက ပြန်၍ ပြောလိုက်သည်။ "ကျုပ်တို့ဆီမှာ တော်ဝင်သခင်တိုင်းရဲ့ ပိုင်နက်မြေပုံတွေ ရှိတယ်၊ စုစုပေါင်း တစ်ဆယ့်နှစ်ခုပေါ့၊ ဆရာက ဘယ်တော်ဝင်သခင်ရဲ့ မြေပုံကို လိုချင်တာလဲ"

[မြေပုံတွေတောင် အခုလိုမျိုး ထပ်ပြီးတော့ ကွဲနေသေးတယ်ပေါ့]

ရန်ကိုင်က ပြန်၍ မေးလိုက်လေသည်။ "အကုန်လုံး တစ်စုတစ်စည်းတည်းပါတဲ့ မြေပုံရော မရှိဘူးလား"

"ရှိတယ်၊ ဒါပေမဲ့ ဈေးနှုန်းက" ဆိုင်ဝန်ထမ်းလေးသည် ရန်ကိုင်အား ပြုံးပြလိုက်သည်။ ရန်ကိုင်၏ ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင်မှာ ဈေးဝယ်ရန် လာသည့် လူ မဟုတ်ဟု ဆိုင်ဝန်ထမ်း ခံစားနေရလေသည်။ ရန်ကိုင်သည် စစ်ရထား၏ ရည်ရွယ်ချက်ကိုပင်လျှင် မသိဘဲ လာရောက်စမ်းသပ်ကြည့်နေခဲ့သည်။ သူ့ကို ကြည့်ရသည်မှာ ထိုစစ်ရထားကို ဝယ်လိုသည့် ပုံစံ။ရှိပုံမရပေ။

"ဈေးနှုန်းက ပြဿနာ မဟုတ်ဘူး" ရန်ကိုင်ကမူ တည်တည်ငြိမ်ငြိမ်ပင်။

ဆိုင်ဝန်ထမ်းသည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ခေါင်းညိတ်၍... "ဒါဆို ကျေးဇူးပြုပြီးတော့ ခဏစောင့်ပေးပါဦးနော်၊ ကျုပ် သွားယူလာပေးမယ်"

ထိုသို့ ပြောပြီးသည့်နောက် အထဲသို့ ဝင်သွားလေ၏။

ဆိုင်ဝန်ထမ်း ထွက်သွားပြီးသည့်နောက် ရှောင်ဝူသည် ရန်ကိုင် နားနားသို့ ကပ်ကာ မေးလိုက်လေသည်။ "ဆရာ၊ ကျွန်မ မေးခွန်းမေးချင်လို့၊ ဆရာ့မှာ နတ်ဆိုးသလင်းကျောက် ဘယ်လောက်ရှိလဲ"

"တစ်ခုမှ မရှိဘူး" ရန်ကိုင်သည် ရှောင်ဝူကို ကြည့်၍ ပြန်ပြောလိုက်၏။

ထိုစကားကို ကြားသည့်အခါ ရှောင်ဝူ ကြောင်သွားခဲ့သည်။ ထို့နောက် သူမ လက်ထဲမှ လက်စွပ်ကို ချွတ်၍..."ကျွန်မမှာတော့ နတ်ဆိုးသလင်းကျောက် နည်းနည်းပါးပါး ရှိတယ်၊ ဒါပေမဲ့ လောက်ပါ့မလားတော့ မသိဘူး၊ ဆရာ ဒါတွေကို အရင်ယူထားလိုက်ပါလား"

ရန်ကိုင်က ပြုံး၍ ထိုလက်စွပ်ကို ရှောင်ဝူဆီသို့ ပြန်ပေးလိုက်ပြီး..."စိတ်မပူနဲ့၊ ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိပြီးသား" ရန်ကိုင်မှာ ဤနေရာသို့ လာရဲသည့်အတွက်ကြောင့် သူ့တွင် ဤနေရာတွင် ရှိနေသည့် ပစ္စည်းများကို ဝယ်နိုင်မည့် နည်းလည်း ရှိနေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။

ရန်ကိုင်၏ ယုံကြည်ချက် ရှိသည့် အမူအရာကို မြင်သော် ရှောင်ဝူလည်း မည်သည့် အပိုစကားမျှ ထပ်မပြောနေတော့ဘဲ ဆိုးဆိုးရွားရွား ကိစ္စများ မဖြစ်ပါစေနှင့်ဟုသာ စိတ်ထဲမှ ကြိတ်၍ ဆုတောင်းနေတော့လေ၏။ ထိုသို့သာ မဟုတ်ပါက သူမအနေဖြင့် အပြစ်ဒဏ်မှ ကင်းလွတ်လိမ့်မည် မဟုတ်ပေ။

တစ်ခဏမျှ စောင့်နေပြီးသည့်နောက် ဆိုင်ဝန်ထမ်း ပြန်လာခဲ့သည်။ ဆိုင်ဝန်ထမ်း၏ လက်ထဲတွင်မူ ထောက်တိုင် တစ်ခုဖြင့် ထောက်ထားသော အနက်ရောင် အလုံးလေး တစ်လုံး ရှိနေလေ၏။

ဆိုင်ဝန်ထမ်းသည် ရန်ကိုင် အနားသို့ ကပ်လာပြီး... "ဧည့်သည်၊ ဒါက ကျုပ်တို့ ဆိုင်မှာရှိတဲ့ အကောင်းဆုံး မြေပုံပါပဲ၊ ကျေးဇူးပြုပြီး တစ်ချက် ကြည့်ကြည့်လိုက်ပါဦး"

ရန်ကိုင်လည်း အနက်ရောင်ဘောလုံးကို ယူ၍ စတင် စစ်ဆေးကြည့်လေ၏။ ထိုဘောလုံးမှာ လက်သီးဆုပ် အရွယ်ခန့်သာ ရှိပါသော်ငြား အတော်လေးကိုမှ လေးလှပေသည်။ ထိုအနက်ရောင်ဘောလုံးကို မည်ကဲ့သို့သော ပစ္စည်းမျိုးဖြင့် လုပ်ထားသလဲဆိုသည်ကိုမူ ရန်ကိုင် မသိပေ။ ရန်ကိုင်သည် ဤကဲ့သို့သော အရာမျိုးအား ပထမဦးဆုံးအကြိမ် ကြုံဖူးတွေ့ဖူးခြင်း ဖြစ်ပါသော်ငြား ဤအရာသည် ကြယ်တာရာအစုအဝေးတွင် ရှိသော တောင်နှင့်မြစ်ပုံရိပ်နှင့် ဆင်တူပေသည်။ ထိုအကြောင်းကြောင့် သူ၏ ကောင်းကင်စိတ်အာရုံကို အနက်ရောင်ဘောလုံးထဲသို့ ထည့်သွင်းကြည့်လိုက်သည်။

တိုက်ကြီး တစ်တိုက်သည် ရန်ကိုင်၏ အသိစိတ်ပင်လယ်ထဲ ချက်ချင်း ပေါ်လာခဲ့သည်။ ထိုတိုက်ကြီးပေါ်တွင် မထင်မရှားသော အနက်ရောင် အစက်ကလေး တစ်စက် ရှိနေလေ၏။ ထိုအနက်ရောင် အစက်ကလေးသည် သူ ရှိနေသည့် နေရာ ဖြစ်ရမည်ဟု ရန်ကိုင် တွေးလိုက်လေသည်။ သူ့အသိစိတ်ပင်လယ်ထဲ၌ ပေါ်လာသည့် တိုက်ကြီးမှာတော့ လက်ရှိ သူရှိနေသည့် တိုက်ကြီးသာ ဖြစ်လေ၏။

ကဝေတိုက်ပင်။

တိုက်တစ်တိုက်ချင်းစီ၏ နာမည်ကို မြေပုံပေါ်တွင် ရေးထားခဲ့သည်။

သူရောက်နေသည့် တိုက်မှာ ကဝေတိုက်ဟု ခေါ်ကြောင်းကို ယခုမှသာလျှင် ရန်ကိုင် သိတော့သည်။ ဤနာမည်ကို ယုရုမန်မှ ပေးထားခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ ယုရုမန်သည်လည်း ကဝေနတ်ဆိုးတစ်ကောင်ပင် မဟုတ်ပေလော။

အနီရောင် အစက်များကမူ စုစုပေါင်း ခုနစ်စက်တိတိ ရှိနေခဲ့သည်။ ထိုအနီရောင် အစက်များမှာ နယ်မြေဂိတ်များကို ကိုယ်စားပြုနေခြင်း ဖြစ်လေ၏။ ပါးလျလျ အဖြူရောင် မျဉ်းကြောင်း တစ်ခုသည်လည်း အနက်ရောင်အစက် တစ်ခုချင်းစီတိုင်းကို ဆက်သွယ်ထားလေသည်။

ရန်ကိုင်မှာ သူ၏ ကောင်းကင်စိတ်အာရုံအား ထိုအဖြူရောင် မျဉ်းကြောင်းထဲသို့ ထည့်သွင်းလိုက်ရာ ချက်ချင်းဆိုသလို အခြားတိုက် တစ်တိုက်ပေါ်တွင် ရှိနေသော အနီရောင်အစက် တစ်စက်ဆီသို့ ရောက်ရှိသွားခဲ့လေ၏။

အနည်းငယ်မျှ စမ်းသပ်ကြည့်ပြီးသည့်နောက် ဤမြေပုံအား မည်ကဲ့သို့ အသုံးပြုရမလဲဆိုသည်ကို ရန်ကိုင် သဘောပေါက်သွားခဲ့သည်။

ဤမြေပုံမှာ အမှန်တကယ်ကို မဆိုးလှပေ။ လက်ရှိ သူလိုအပ်နေသော အရာမှာလည်း ဤကဲ့သို့သော အရာမျိုးသာ ဖြစ်လေ၏။ ဤမြေပုံနှင့်သာဆိုပါက နတ်ဆိုးနယ်မြေထဲတွင် ရှိနေသော တိုက်ကြီးများထဲသို့ မည်ကဲ့သို့ ဝင်ထွက်ရမလဲဆိုသည်ကို ရန်ကိုင် သိသွားလေပြီ။ ဤမြေပုံသာ မရှိလျှင် တိုက်တစ်တိုက်ဆီမှ အခြားတိုက် တစ်တိုက်ဆီသို့ သွားဖို့ရာ အလွန်ကိုမှ ခက်ပေလိမ့်မည်။

ဆိုင်ဝန်ထမ်းက တုံ့ဆိုင်းတုံ့ဆိုင်း အမူအရာဖြင့် ဆက်၍ ပြောလိုက်လေ၏။ "ဧည့်သည် စိတ်ထဲကနေပြီးတော့ တိုက်နှစ်တိုက်ရဲ့ နာမည်ကို ပြောကြည့်လိုက်လေ"

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ ထို့နောက် ချက်ချင်းပဲ ကဝေတိုက်နှင့် မြေနက်တိုက် နှစ်တိုက်ကို စိတ်ထဲမှ ရေရွတ်ကြည့်လိုက်သည်။

မြို့ထဲမှ လျှောက်သွားနေရင်းမှ မြေနက်တိုက် နာမည်အကြောင်းကို ကြားခဲ့ရခြင်း ဖြစ်လေသည်။ ထိုမြေနက်တိုက်သည် ကဝေတိုက်နှင့် အတော်လေးကိုမှ အလှမ်းကွာသည့် နေရာတွင် ရှိနေခြင်း ဖြစ်လေသည်။

ချက်ချင်းဆိုသလို ကဝေတိုက်ပေါ်ရှိ အနီရောင် အစက် တစ်စက်ဆီမှ အနီးအနားတွင် ရှိသော တိုက်တစ်တိုက်ပေါ်၌ ရှိနေသည့် အနီရောင် အစက်ဆီသို့ ဦးတည်နေသော အဖြူရောင် မျဉ်းကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် ထိုအနီရောင်အစက်မှ တစ်ဆင့် အခြားသော အနီရောင် အစက်တစ်ခုဆီသို့ ဦးတည်နေသည့် အဖြူရောင် မျဉ်းကြောင်း တစ်ကြောင်း ထပ်မံထွက်ပေါ်လာပြန်လေသည်။ ထိုသို့ဖြင့် အဖြူရောင် မျဉ်းကြောင်းများမှာ အနီရောင် အစက်များအကြား တစ်ခုပြီးတစ်ခု ပေါ်လာနေပြီးသည့်နောက်တွင် အဆုံး၌ ကဝေတိုက်မှ မြေနက်တိုက်ဆီသို့ အမြန်ဆုံး သွားလာနိုင်သော လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ရန်ကိုင်အနေဖြင့် မြေနက်တိုက်ဆီသို့ သွားလိုပါက ထိုလမ်းကြောင်းအတိုင်း လိုက်သွားလိုက်ရုံပင်။

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်" ရန်ကိုင် ချီးကျူးလိုက်လေသည်။ ဤမြေပုံကို ဖန်တီးသည့် လူသည် တကယ်ကို ပါရမီရှင် တစ်ဦးပင် ဖြစ်လေသည်။ ရန်ကိုင်ကဲ့သို့သော လူသစ် တစ်ဦးအတွက် ဤမြေပုံမှာ အမှန်တကယ်ကိုမှ အသုံးဝင်ပေ၏။

"ဒါ နတ်ဆိုးသလင်းကျောက် ဘယ်လောက်ကျလဲ" ရန်ကိုင်သည် အနက်ရောင်ဘောလုံးကို ကိုင်ထားရင်းမှ ဆိုင်ဝန်ထမ်းဘက်သို့ လှည့်၍ မေးလိုက်လေ၏။

[သူ တကယ်ကြီး ဝယ်ချင်နေတာလား] ဆိုင်ဝန်ထမ်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ရန်ကိုင်သည် ဝယ်နိုင်သည့် လူတစ်ဦး မဟုတ်ဟု သူထင်ခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်မှာ တကယ်ကြီး ဝယ်ချင်နေလိမ့်မည်ဟု ဆိုင်ဝန်ထမ်း မည်ကဲ့သို့များ သိပါမည်နည်း။ ထိုအကြောင်းကြောင့် ချက်ချင်းပဲ ပြုံး၍ ပြောလိုက်လေ၏။ "အဆင့်မြင့် နတ်ဆိုးသလင်းကျောက် ငါးသန်း ကျပါတယ်"

နတ်ဆိုးသလင်းကျောက်များအား အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ သုံးမျိုး သုံးစား ခွဲထားသည်။ အလယ်အလတ်အဆင့် နတ်ဆိုးသလင်းကျောက် တစ်လုံးသည် အဆင့်နိမ့် နတ်ဆိုးသလင်းကျောက် ဆယ်လုံးနှင့် ညီမျှပြီး အဆင့်မြင့် နတ်ဆိုးသလင်းကျောက် တစ်လုံးမှာ အလယ်အလတ်အဆင့် နတ်ဆိုးသလင်းကျောက် ဆယ်လုံးနှင့် ညီမျှပေသည်။

သို့ပါသော်ငြား အဆင့်မြင့် နတ်ဆိုးသလင်းကျောက် ငါးသန်း မည်မျှ တန်ဖိုးရှိသလဲဆိုသည်ကို ရန်ကိုင် သိပ်၍ သေချာမသိ။ သို့ပါသော်ငြား ထိုအဆင့်မြင့် နတ်ဆိုးသလင်းကျောက် ငါးသန်းသည် ကြယ်တာရာအစုအဝေးထဲရှိ အဆင့်မြင့်အရင်းအမြစ်ကျောက် ငါးသန်းလောက်နှင့် ညီမျှရလိမ့်မည်ဟုတော့ တွေးမိပေသည်။

အဆင့်မြင့်အရင်းအမြစ်ကျောက် ငါးသန်းမှာ ရန်ကိုင်အတွက် ဘာမျှ မဟုတ်ပေ။ ထိုအကြောင်းကြောင့် ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ "အဲဒီ ကျားခေါင်းစစ်ရထားကရော"

ဆိုင်ဝန်ထမ်းလေးက ဝမ်းသာအားရဖြင့်... "အဲဒါကတော့ အဆင့်မြင့် နတ်ဆိုးသလင်းကျောက် တစ်သန်းပါပဲ"

စုစုပေါင်း ခြောက်သန်း ကျပေသည်။ ရန်ကိုင်က ခေါင်းညိတ်လိုက်၏။ သို့ပါသော်ငြား ရှောင်ဝူကမူ ဖြူဖတ်ဖြူရော် မျက်နှာဖြင့်... "အရမ်း ဈေးကြီးလွန်းတယ်"

ဆိုင်ဝန်ထမ်းလေးက ပြန်၍ ပြောလိုက်လေ၏။ "ပစ္စည်းကောင်းရင် ဈေးကတော့ ကြီးမှာပဲလေ၊ ဧည့်သည်တို့ မယုံဘူးဆိုရင် ဒီတော်ဝင်မြို့ထဲက ကြိုက်တဲ့နေရာမှာ လိုက်မေးကြည့်လိုက်၊ ကျုပ်တို့ ဆိုင်ထက် ပိုကောင်းအောင် ရောင်းတဲ့ ဆိုင်ရှိရင် ခေါ်လာပြလိုက်၊ ကျုပ် ဒီပစ္စည်း နှစ်ခုကို အလကား ပေးပစ်လိုက်မယ်"

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters