← Chapters

အခန်း ၃၄၄၅

Vol. 152 Ch. 3445

အခန်း ၃၄၄၅

Vol. 152 Ch. 3445

အပိုင်း (၃၄၄၅)

ဘာသာပြန်သူ_တိမ်တိုက်

သွေးပြိုင်ကွင်းထဲရှိ ပြိုင်ပွဲများသည် တစ်ဖက်သေဆုံးသွားကာမှ ပြီးဆုံးလေ့ရှိ၏။ လက်ရှိအခိုက်အတန့်တွင် အနိုင်ရသွားသော နတ်ဆိုးသည် သွေးသံတရဲရဲဖြစ်နေသော ခေါင်းပြတ်ကြီးတစ်လုံးနှင့် တဒုတ်ဒုတ်ခုန်‌နေသော နတ်ဆိုးနှလုံးသားကို ကိုင်စွဲရင်းမှ တောင်တစ်လုံး၏ထိပ်ဖျားတွင် ရပ်နေခဲ့လေသည်။ အောက်ဘက်ပွဲကြည့်စင်ပေါ်တွင် ရှိနေသော နတ်ဆိုးများမှာတော့ ထိုကဲ့သို့သော သွေးသံတရဲရဲမြင်ကွင်းမျိုးကိုမှ နှစ်ခြိုက်သည့်အလား ဝမ်းသာအားရဖြင့် အော်ဟစ်ကျယ်လောင်စွာ အားပေးနေကြလေသည်။

အတန်ကြာသွားသည့်နောက်တွင် အနိုင်ရသွားသည့်နတ်ဆိုးသည် တဒုတ်ဒုတ်ခုန်နေသော နတ်ဆိုးနှလုံးသားကို သူ့ပါးစပ်ထဲသို့ ထည့်၍ ကျေနပ်အားရနေသည့်အမူအယာဖြင့် တဂျွတ်ဂျွတ်ဝါးစားလိုက်လေ၏။ သွေးများမှာမူ သူ့ပါးစပ်မှ စတင်၍ စီးကျလာခဲ့လေသည်။

အလယ်ဗဟိုတွင်ရှိနေသော ပြိုင်ကွင်းကြီးမှာ ရုတ်တရက်ဆိုသလို မည်းမှောင်သွားခဲ့ပြီး ဘာကိုမျှ မမြင်ရတော့ပေ။ ဘေးပတ်ဝန်းကျင်မှ ထွက်ပေါ်နေခဲ့သော အော်သံများမှာလည်း တဖြည်းဖြည်း တိတ်သွားခဲ့လေ၏။ သို့ပါသော်ငြား ထိုကိစ္စနှင့်ပတ်သက်၍ မည်သူမျှ အံ့အားသင့်နေခြင်းမရှိ။ ရန်ကိုင်တို့သည် လူအုပ်ကြီးနှင့်အတူ ထိုမြင်ကွင်းအား တခဏမျှ ရပ်ကြည့်နေပြီးသည့်နောက် ထိုင်ခုံနေရာရှာကာ သွားထိုင်လိုက်ကြလေသည်။

စောင့်နေရင်းမှ မပေါ့်တပေါ် အဝတ်အစားများကို ဝတ်ဆင်ထားသော အမျိုးသမီးတချို့သည် လင်ဗန်းများကို ကိုင်ရင်းမှ ပွဲကြည့်စင်တစ်လျှောက် ဖြတ်လျှောက်လာသည်ကို တွေ့လိုက်ရလေသည်။ လင်ဗန်းများပေါ်တွင်မူ အနီရောင်အရည်များထည့်ထားသော ခွက်များ ရှိနေကြလေသည်။ ထိုအရည်သည် မည်ကဲ့သို့အရည်မျိုး ဖြစ်သလဲဆိုသည်ကို ရန်ကိုင်မသိ။ သို့ပါသော်ငြား ပွဲကြည့်စင်ပေါ်တွင် ထိုင်နေကြသည့် နတ်ဆိုးများမှာမူ ထိုအမျိုးသမီးများကို လှမ်းခေါ်၍ နတ်ဆိုးသလင်းကျောက်အချို့ ပေးကာ ထိုအရည်များကို ဝယ်ယူနေကြောင်း တွေ့ရှိလိုက်ရသည်။

ရန်ကိုင်လည်း သိချင်စိတ်ဖြင့် အဆင့်မြင့်နတ်ဆိုးသလင်းကျောက်တစ်ထောင်ပေးကာ ခွက်တစ်ခွက်ကို ဝယ်လိုက်လေသည်။

ရန်ကိုင်လည်း ထိုခွက်ထဲရှိအရည်ကို လျှာဖြင့် တို့ကြည့်လိုက်သည်။ အရည်၏အရသာမှာ သွေးနှင့်တူပေသည်။ ထိုအခါ ရှောင်ဝူဘက်သို့လှည့်၍ မေးလိုက်လေ၏။

ရှောင်ဝူက ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် “အချို့အမျိုးသမီးတွေ အမှားလုပ်တဲ့အခါကျ သူတို့ကို အကျဉ်းချပြီးတော့ နေ့တိုင်း အစာတစ်မျိုးကျွေးတယ်… နှစ်အနည်းငယ်ကြာသွားတဲ့အခါ သူတို့ရဲ့သွေးက စတင်ပြီးတော့ ပြောင်းလဲလာရော… အဲ့အခါကျရင် သူတို့ရဲ့ သွေးကို ပထမဦးဆုံး စတင်ထုတ်ယူတယ်… နည်းနည်းပါးပါး ပြုပြင်ပြောင်းလဲလိုက်ပြီးတဲ့အခါမှာကျတော့…”

ရှောင်ဝူမှာ ဆက်၍ မပြောတော့ပါသော်ငြား ရန်ကိုင်မှာ သူမ ပြောလိုသည့်အကြောင်းအရာကို နားလည်သွားလေပြီ။

“တကယ်ကို မျက်စိပွင့်နားပွင့်စရာပါလား…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။

ထိုသို့ပြောပြီးသည့်နောက် ထိုအရည်ကို တစ်ကျိုက်တည်း မော့ချလိုက်လေ၏။

ရှောင်ဝူ ပျာယာခတ်သွားခဲ့လေသည်။ (သူက လူမဟုတ်ဘူးလား… ဘာဖြစ်လို့ နတ်ဆိုးတွေလို သွေးဆာနေရတာလဲ…)

တစ်ခဏမျှ ငြိမ်သက်စွာ ရပ်စောင့်နေပြီးသည့်နောက်တွင် ပြိုင်ကွင်းအလယ်မှာ တစ်ဖန်ပြန်လည်လင်းထိန်လာခဲ့လေသည်။ သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ နှင်းများဖုံးလွှမ်းနေသည့် ပြိုင်ကွင်းကြီးမဟုတ်တော့ဘဲ အဝါရောင်သဲများဖြင့် လွှမ်းခြုံနေသော ပတ်ဝန်းကျင်တစ်ခု ဖြစ်နေခဲ့လေသည်။ ရှောင်ဝူပြောခဲ့သကဲ့သို့ပင် သွေးပြိုင်ကွင်းထဲ၌ ဟင်းလင်းပြင်အစီအရင်တစ်ခုကို ခင်းကျင်းထားခဲ့ပြီး ထိုအစီအရင်သည် ပြိုင်ကွင်း၏ မြေနေရာပုံစံကို ပြောင်းလဲပစ်နိုင်ပေသည်။

နတ်ဆိုးဘုရင်တစ်ပါးသည် လေပေါ်သို့ ပျံတက်လာ၍ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်လေသည်။ “အခုလာမယ့်ပြိုင်ပွဲကတော့ တုဖုန်းနဲ့ ခွမ်းမန်တို့ပဲ ဖြစ်ပါတယ်… တုဖုန်းသာ ဒီတိုက်ပွဲကို နိုင်သွားမယ်ဆိုရင်တော့ ဆယ်ပွဲဆက်နိုင်ပွဲဖြစ်တဲ့အတွက် သွေးပြိုင်ပွဲကနေ ပေးအပ်တဲ့ ဆုတွေကို ရတော့မှာပါ… တုဖုန်းက တကယ်ကို အတွေ့အကြုံများပြီးတော့ ဉာဏ်နီဉာဏ်နက်လည်းများပါတယ်… အဲ့လိုဆိုပေမယ့် ခွမ်းမန်ကလည်း အထင်သေးလို့ရတဲ့လူမဟုတ်ပါဘူး… အခုချိန်အထိ သွေးပြိုင်ကွင်းထဲမှာ တိုက်ပွဲသုံးပွဲကိုပဲ တိုက်ခိုက်ရသေးတယ်ဆိုပေမယ့် သူတိုက်ခိုက်ရတဲ့ပြိုင်ဘက်တစ်ဦးချင်းစီတိုင်းကို အသတ်အပြတ် အနိုင်ယူထားခဲ့တာပါ… ကဲ… ဒီပြိုင်ပွဲမှာ ဘယ်သူက ပိုပြီး အားကောင်းမလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့…”

ထိုအသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် သွေးပြိုင်ကွင်း၏ ဆန့်ကျင်ဘက်အရပ်ဆီမှ နတ်ဆိုးနှစ်ဦး ထွက်လာခဲ့လေသည်။

ထိုနတ်ဆိုးနှစ်ကောင်သည် နတ်ဆိုးဘုရင်များ ဖြစ်ကြပေသည်။ နှစ်ဦးစလုံးဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်အရှိန်အဝါအရ နှစ်ဦးစလုံးမှာ ကျင့်ကြံခြင်းအဆင့် အတူတူလောက် ရှိကြပေသည်။ နတ်ဆိုးတစ်ကောင်မှာ သေးသွယ်သွယ်နှင့် ပိန်ပိန်ပါးပါးဖြစ်ပြီး ကျန်နတ်ဆိုးမှာတော့ ထွားထွားကျိုင်းကျိုင်းနတ်ဆိုးကြီးဖြစ်လေ၏။

သဲကန္တာရတစ်ခုလုံးမှာ တောတောင်များမရှိ။ ထို့အတွက်ကြောင့် နှတ်ဆိုးနှစ်ကောင်လုံးမှာ တစ်ဦးကိုတစ်ဦး မြင်နိုင်နေကြလေ၏။ သို့ပါသော်ငြား နှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် စိုက်ကြည့်နေကြသည့်တိုင် ချက်ချင်းလှုပ်ရှားသေးခြင်းမရှိဘဲ တစ်ခုခုအား စောင့်ဆိုင်းနေသည့်ပမာ ငြိမ်သက်စွာ ရပ်နေကြသည်။

ပွဲကြည့်စင်ပေါ်တွင်ရှိနေသော နတ်ဆိုးများစွာမှာမူ စတင်၍ အလုပ်ရှုပ်နေကြလေပြီ။ သူတို့၏ ဝင်ခွင့်တံဆိပ်ပြားအသီးသီး ထုတ်ရင်းမှ ထိုထဲသို့ ကောင်းကင်စိတ်အာရုံ ထည့်သွင်းလိုက်ကြလေသည်။

ရန်ကိုင်မှ ထိုအချင်းအရာအား စိတ်ဝင်တစားဖြင့် ကြည့်နေသည်ကိုမြင်သော် ရှောင်ဝူက ရှင်းပြလိုက်လေသည်။ “သူတို့လောင်းနေကြတာ… ဆရာလည်း လောင်းချင်တယ်ဆိုရင် ဝင်ခွင့်တံဆိပ်ပြားထဲကို ကောင်းကင်စိတ်အာရုံထည့်လိုက်ရုံပဲ… အကုန်လုံးလောင်းပြီးသွားရင် ပြိုင်ပွဲစလိမ့်မယ်…”

“ငါသိပြီ…” ရန်ကိုင်လည်း ဝင်ခွင့်တံဆိပ်ပြား ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်ရာ အထဲတွင်ရှိနေသော သတင်းအချက်အလက်များထဲ ပြောင်းလဲမှုအချို့ကို တွေ့ရှိလိုက်ရလေသည်။ ယခုဆိုလျှင် လောင်းနိုင်သည့်အပိုင်းကိုပါ မြင်တွေ့နေရလေ၏။ တစ်ဦးနှင့်တစ်ဦး၏ လောင်းကြေးမှာတော့ တူညီခြင်းမရှိကြပေ။ သွေးပြိုင်ကွင်းမှာ တုဖုန်းအတွက် ပေးထားသည်ဟု ပြော၍ရလေသည်။ တုဖုန်း၏လောင်းကြေးမှာ တစ်အချိုးတစ်ဖြစ်ပြီး ခွမ်းမန်အတွက်မူ နှစ်အချိုးတစ် ဖြစ်နေခဲ့သည်။

ထို့အပြင် ရန်ကိုင်၏ ကိုယ်ရေးကိုယ်တာလောင်းကြေးအချက်အလက်လည်း ရှိနေပေသေးသည်။ သို့ပါသော်ငြား ရန်ကိုင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်အားလုံးမှာ လက်ရှိအခိုက်အတန့်၏ သုညသာ ဖြစ်နေလေ၏။

ရန်ကိုင်တွင် နတ်ဆိုးသလင်းကျောက်ကိုးသိန်းသာ ရှိပေသည်။ ထို့အပြင် ယခုကဲ့သို့ နတ်ဆိုးများ သွေးပြိုင်ကွင်းထဲ၌ တိုက်ခိုက်ကြသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် လောင်းဖို့ရာ အဆင်သင့်မဖြစ်ပေ။ ထိုအကြောင်းကြောင့် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။

အနည်းဆုံး ဤနေရာရှိ စည်းမျဉ်းစည်းကမ်းများကို သေချာသဘောပေါက်အောင် လုပ်ရပေလိမ့်မည်။

တစ်ခဏအကြာ၌ ပွဲကြည့်စင်ပေါ်တွင် ထိုင်နေကြသော နတ်ဆိုးများအားလုံး လောင်းကြေးထပ်လို့ ပြီးသွားခဲ့လေပြီ။ ထိုအကြောင်းကြောင့် ဆက်စောင့်စရာ မလိုတော့လေရာ ဗုံသံမှာ နှစ်ကြိမ်တိုင်တိုင် ထွက်ပေါ်လာခဲ့ပြီးသည့်နောက် တိုက်ပွဲမှာ စတင်တော့လေ၏။

နတ်ဆိုးဘုရင်နှစ်ပါးသည် သဲကန္တာရ၏အလယ်ဗဟိုသို့ တဟုန်ထိုး ပြေးဝင်သွားကြလေသည်။ အသက်ဆယ်ရှိုက်စာအတွင်းမှာပင် နတ်ဆိုးနှစ်ကောင် စတင်၍ ထိပ်တိုက်တွေ့ကြတော့လေသည်။ အစောပိုင်းက ပွဲကြေညာသူ ပြောသွားသကဲ့သို့ပင် တုဖုန်းမှာ တိုက်ခိုက်ရာ၌ ပို၍ အတွေ့အကြုံကြွယ်ဝသည်။ သူ၏လှုပ်ရှားမှုများမှာ အတော်လေးကိုမှ စိတ်ကသိကအောက်နိုင်စရာဖြစ်ကာ တိုက်ပွဲစတင်ရုံပင်ရှိသေး ခွမ်းမန်အား စတင်၍ ဖိနှိပ်ထားတော့သည်။

သို့ပါသော်ငြား ခွမ်းမန်သည် ကြေးနီရောင်အသားအရည်နှင့် အားကောင်းလှသော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည့် ကျောက်တုံးနတ်ဆိုးတစ်ကောင်ဖြစ်သည့်ပုံပင်။ ထိုအကြောင်းကြောင့် သူ၏ခုခံနိုင်စွမ်းမှာ အလွန်ကိုမှ မြင့်မားလှပေသည်။ ခွမ်းမန်သည် တောက်လျှောက်ကိုသာ ခုခံနေခဲ့ပြီး တန်ပြန်တိုက်ခိုက်ခြင်းမရှိသေးပါသော်ငြား တုဖုန်း၏တိုက်ခိုက်မှုများမှာ သူ့အပေါ်သက်ရောက်မှုမရှိပေ။

ထိုသို့ဖြင့် နတ်ဆိုးနှစ်ကောင်မှာ သဲကန္တာရအလယ်ဗဟိုထဲဝယ် မီးကုန်ယမ်းကုန် တိုက်ခိုက်နေကြလေ၏။

တိုက်ပွဲအား တစ်ခဏကြာအောင် စိုက်ကြည့်နေပြီးသည့်နောက် ရန်ကိုင်မှာ အဖြေကို သိသွားတော့လေသည်။ ခွမ်းမန်၏အကာအကွယ်မှာ အတော်လေးကိုမှ ကောင်းမွန်လှပါသော်ငြား တစ်ဖက်ပြိုင်ဘက်မှာ အလွန်ကိုမှ မြန်ဆန်လှသလို ပေါ့ပါးသွက်လက်လှ၏။ ခွမ်းမန်အနေဖြင့် တစ်ဖက်လူကို ထိအောင် မတိုက်ခိုက်နိုင်ပေ။ သို့ပါသော်ငြား သူ့ပြိုင်ဘက်မှာမူ ခွမ်းမန်အား တဖြည်းဖြည်း အားကုန်အောင် အဆက်မပြတ် ဖိအားပေးနေလေ၏။ ခွမ်းမန်သည်သာ ဤအတိုင်း ဆက်သွားနေမည်ဆိုလျှင် နောက်ဆုံးရလဒ်မှာ စိတ်ပူစရာ ဖြစ်သွားရပေလိမ့်မည်။

နာရီဝက်ခန့် ကြာပြီးသည့်နောက် ခွမ်းမန်အားကုန်လာသည်ကိုမြင်သော် တုဖုန်းသည် ဓါးမြှောင်တစ်ချောင်းကိုကိုင်ရင်း တဟုန်ထိုး ပြေးဝင်လာလေ၏။ သို့ပါသော်ငြား ထိုအခိုက်အတန့်မှာပင် ခွမ်းမန်၏ခန္ဓာကိုယ်ဆီမှ ရွှေရောင်အလင်းတို့ တလက်လက် တောက်ပလာခဲ့ပြီး မီတာတစ်ထောင်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

တုဖုန်း၏ခန္ဓာကိုယ် ရုတ်တရက် တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။

ခွမ်းမန်သည် ပြုံးဖြီးရင်းမှ တုဖုန်းဆီသို့ လျှောက်သွားပြီး ၎င်း၏ လေးလံဝိုင်းဝန်းနေသော နတ်ဆိုးမှော်ရတနာကြီးဖြင့် တုဖုန်း၏ခေါင်းတည့်တည့်သို့ ထုချလိုက်လေသည်။

သို့ပါသော်ငြား ထိုအခိုက်အတန့်တွင် တုဖုန်းသည် အော်ရယ်မောရင်းမှ သူ့ခန္ဓာကိုယ်မှာ နှစ်ပိုင်းကွဲထွက်သွားခဲ့သည်။ ထိုမှတစ်ဆင့် လေးခု‌၊ ရှစ်ခု…။ ထိုသို့ဖြင့် တုဖုန်းရှစ်ဦး ပေါ်လာခဲ့ပြီး ခွမ်းမန်အား ဘက်ပေါင်းစုံမှ ဝန်းရံထားလိုက်ကြလေ၏။

ခဏအကြာတွင် ထိုကိုယ်ပွားရှစ်ခုသည် အလယ်ဗဟိုသို့ အတူတကွ ပြန်လည်ပြေးဝင်သွားခဲ့ကြပြီး တစုတစည်းတည်း ပြန်ဖြစ်သွားကြသည်။

ထိုအခိုက်အတန့်ဝယ် ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝကို အေးခဲသွားသည့်ပမာ တုဖုန်းသည် ခွမ်းမန်၏နောက်တွင် ဓါးမြှောင်တစ်ချောင်းကိုကိုင်ရင်းမှ ပြန်ပေါ်လာခဲ့သည်။ ခွမ်းမန်မှာတော့ တိုက်ခိုက်သည့်ပုံစံမျိုးဖြင့် ရပ်နေလေ၏။ သူ့တစ်ကိုယ်လုံးမှာ ကျောက်ရုပ်တုကြီးဖြစ်သွားသည့်ပမာ တုတ်တုတ်မျှမလှုပ်ခဲ့။ သူ့မျက်နှာထက်တွင် အပြုံးရှိနေသေးပါသော်ငြား သူ့မျက်နှာထက်ဝယ် အစောပိုင်းက ပြုံးနေခဲ့သောအပြုံး ရှိနေသေးပါသော်ငြား သူ့မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နေလေသည်။

အက်ကွဲသံနှင့်အတူ ခွမ်းမန်၏ ကျောက်တုံးခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ တစ်စစီ လဲပြိုကျသွားခဲ့လေသည်။ ခွမ်းမန်၏ကိုယ်ထက်တွင် မည်သည့်ဒဏ်ရာမှမရှိသလို သူ့ခန္ဓာကိုယ်ဆီမှလည်း မည်သည့်အသက်ဓာတ်မှ ဖြာထွက်နေခြင်းမရှိတော့ပေ။

ထိုအခါ ပွဲကြည့်စင်ပေါ်မှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာခဲ့ကြလေသည်။ အလောင်းအစားနိုင်သွားသည့်နတ်ဆိုးများမှာ ပြုံးပျော်နေကြပါသော်ငြား အလောင်းအစားရှုံးသွားသည့်လူတိုင်း၏ မျက်နှာမှာတော့ သံပုရာသီးကိုက်ထားရသည့်ပမာ သုန်မှုန်နေကြလေ၏။

ပြိုင်ပွဲမှာ တစ်ဖန်ပြန်လည်မည်းမှောင်သွားခဲ့ပြီး အသစ်လာမည့်ပြိုင်ပွဲအတွက် စတင်၍ ပြင်ဆင်တော့လေ၏။

တိုက်ပွဲအတွင်း တွေ့ရသည့် ပါဝင်ယှဉ်ပြိုင်ကြသူများ၏ ခွန်အားမှာ အတူတူလောက်သာ ရှိကြပေသည်။ အနည်းဆုံး အဆင့်တူတွင် ရှိနေကြပေသည်။ တကယ်တော့ ခွန်အားကွာခြားချက် အလွန်ကိုမှ ကြီးမားနေမည်ဆိုလျှင် ဤပြိုင်ပွဲမှာ အလွန်ကိုမှ ပျင်းရိဖွယ်ကောင်းလွန်းသွားလိမ့်မည်မဟုတ်ပေလော။

မရေမတွက်နိုင်သော နတ်ဆိုးများမှာ ပြိုင်ပွဲတိုင်းတွင် အလောင်းအစားလုပ်ကြသည်။ သွေးပြိုင်ကွင်းမှာလည်း ယှဉ်ပြိုင်သူများအပေါ် မူတည်၍ လောင်းကြေးအား အပြောင်းအလဲ ပြုလုပ်ကြလေ၏။ သို့ပါသော်ငြား အဆုံးတွင်မူ တကယ့်အနိုင်ရသူမှာ သွေးပြိုင်ကွင်းသာ ဖြစ်လေသည်။

(ဒီနေရာက တကယ်ကို ရတနာသစ်ပင်ကြီးပဲ…) ရန်ကိုင်မှာ ယုရုမန်အား ကြိတ်ကာ လေးစားနေမိလေသည်။ ယခုဆိုလျှင် ဤမိန်းမ မည်မျှပင် ချမ်းသာနေမလဲဆိုသည်ကို ကြိတ်ကာ တွေးနေလေ၏။

တိုက်ပွဲပေါင်းများစွာကို ကြည့်ပြီးသည့်နောက်တွင် ရန်ကိုင်မှာ ဤနေရာရှိစည်းမျဉ်းများနှင့်ပတ်သက်၍ စတင် ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ဆက်၍မစောင့်ချင်တော့ပေ။ နောက်ကြုံလာသည့်ပြိုင်ပွဲအတွင်း အကြိမ်ပေါင်းများစွာ လောင်းကြေးထပ်ခဲ့သည်။ သူ့ကိုယ်သူ အတော်လေးကိုမှ အမြင်စူးရှသည့် ထင်ခဲ့ပါသော်ငြား ယခုတစ်ကြိမ်တွင်မူ ဒုက္ခလှလှနှင့် တွေ့ခဲ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူ့တွင်ရှိနေသော နတ်ဆိုးသလင်းကျောက်ကိုးသိန်းကို အရင်းပြု၍ ပိုမိုများပြားသော နတ်ဆိုးသလင်းကျောက်များကို ရှာဖွေရန် စဉ်းစားထားခဲ့ပါသော်ငြား အကြိမ်အနည်းငယ်ခန့် လောင်းကြေးထပ်ပြီးသည့်နောက် လောင်းကြေးတိုင်းကို ရှုံးနိမ့်ခဲ့ရလေရာ ရန်ကိုင်မှာ ဒေါသထွက်လွန်းသဖြင့် အော်ဆဲလုမတတ်ပင် ဖြစ်သွားခဲ့လေသည်။

ရန်ကိုင်သည်သာ ပြိုင်ပွဲတွင် ပါဝင်သူများ၏ ခွန်အားအခြေအနေကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်နိုင်မည်ဆိုပါက ဤမျှ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရလိမ့်မည်မဟုတ်ပေ။ သို့ပါသော်ငြား သွေးပြိုင်ကွင်းအား အစီအရင်ဖြင့် ပိတ်လှောင်ထားသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် တိုက်ခိုက်သူများ၏အခြေအနေကို သေသေချာချာ မစစ်ဆေးနိုင်ပေ။ ထိုအကြောင်းကြောင့် ပုံမှန်အတိုင်း မျက်လုံးဖြင့်ကြည့်၍သာ ခန့်မှန်းရသည်။ အမှား တစ်ခါနှစ်ခါ လုပ်မိသွားပြီးသည့်နောက်တွင် ရန်ကိုင်၌ ထပ်လောင်းစရာ ဘာမျှရှိမနေတော့ပေ။

အလောင်းအစားလုပ်ရင်း နတ်ဆိုးသလင်းကျောက်များအား ရှာဖွေမည့် ရန်ကိုင်၏အစီအစဉ်မှာ ပျက်စီးသွားရပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ဤနေရာတွင် ဆက်မနေလိုတော့လေရာ ရှောင်ဝူကိုခေါ်၍ ထွက်သွားရန် ပြင်လိုက်လေသည်။

ရှောင်ဝူကိုကြည့်ရသည်မှာလည်း ဤနေရာသည်အား နှစ်သက်သည့်ပုံမပေါ်။ ထိုအကြောင်းကြောင့် ရန်ကိုင်ထွက်သွားသည်ကိုမြင်သော် အားတက်သရောဖြင့် ရန်ကိုင်နောက်မှ လိုက်လာလေ၏။

ရန်ကိုင်မှာ တောက်လျှောက်ကို အလောင်းအစားလုပ်နေခဲ့ပါသော်ငြား မည်သူမျှ သူ့ဆီသို့ နတ်ဆိုးသလင်းကျောက်များအား လာမယူခဲ့ပေ။ အကြောင်းမှာ ဧည့်သည်တစ်ဦးချင်းစီတိုင်း သွေးပြိုင်ကွင်းထဲမှ ထွက်သွားသည့်အခါ ဝင်ခွင့်တံဆိပ်ပြားကို ပြန်အပ်ရသည့်အတွက်ကြောင့်ပင်။

ဝင်ခွင့်တံဆိပ်ပြားထဲ၌ အလောင်းအစားလုပ်ထားသော အချက်အလက်အားလုံးကို မှတ်တမ်းတင်ထားပေသည်။ ထိုအကြောင်းကြောင့် ရှုံးနိမ့်သူသည် သွေးပြိုင်ကွင်းထဲမှ ထွက်သွားရန်ပြင်သည့်အခါ ရှုံးနိမ့်သောငွေကြေးပမာဏကို ပေးချေရပေသည်။ နိုင်သည့်လူမှာလည်း‌ သွေးပြိုင်ကွင်းဆီမှ အနိုင်ရထားသည့်ပမာဏကို ထုတ်ယူနိုင်လေ၏။

မည်သူမျှ ပိုက်ဆံမရှိဘဲ သွေးပြိုင်ကွင်းထဲ၌ လာရောက်အလောင်းအစားမလုပ်ရဲကြပေ။ ထိုသို့သာမဟုတ်ဘဲ အခန့်မသင့် ရှုံးနိမ့်သွားခဲ့မည်ဆိုလျှင် သေခြင်းတရားသည် မိမိအား စောင့်ကြိုနေနိုင်ပေသည်။

ရန်ကိုင်လက်ထဲတွင် နတ်ဆိုးသလင်းကျောက် ရှစ်သိန်းရှစ်သောင်းသာ ရှိပေတော့သည်။ သို့ပါသော်ငြား ဝင်ခွင့်တံဆိပ်ပြားထဲရှိ အကြွေးမှာလည်း ထိုမျှဖြစ်နေခဲ့လေပြီ။

ရန်ကိုင်မှ သွေးပြိုင်ကွင်းထဲမှ ထွက်သွားရန် ပြင်နေချိန် ပြိုင်ကွင်းမှာ ရုတ်တရက် တစ်ဖန်ပြန်လည်လင်းထိန်လာခဲ့လေသည်။ ယခုတစ်ကြိမ်တွင်မူ ပွဲကြည့်ပရိတ်သတ်များမှာ မယုံကြည်နိုင်စရာတစ်ခုခုအား မြင်လိုက်ရသည့်အလား အာမေဋိတ်သံများ ပြုလာကြလေ၏။

ရန်ကိုင်လည်း ချက်ချင်းလှမ်းကြည့်လိုက်ရာ ချက်ချင်းဆိုသလို မျက်လုံးပြူးသွားခဲ့လေသည်။

အာရုံမစိုက်ဘဲ လိုက်လာနေသော ရှောင်ဝူသည် ရန်ကိုင်ရပ်သွားသည်ကို သတိမထားမိဘဲ ဆက်၍လျှောက်လာလိုက်ရာ ရန်ကိုင်၏ကျောပြင်ကို ခေါင်းနှင့် သွားတိုက်မိလေ၏။ ထိုအခါ ချက်ချင်းပဲ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အလျင်စလို တောင်းပန်လိုက်လေသည်။

ရန်ကိုင်ကမူ ကိစ္စမရှိကြောင်း လက်ဝှေ့ယမ်းပြလိုက်ပြီးသည့်နောက် သိုင်းပြိုင်ကွင်းအလယ်တွင် ရှိနေသောလူအား သေသေချာချာ ကြည့်ကြည့်လိုက်လေ၏။

(ယုရုမန်က ဘယ်လိုလုပ်ပြီး အဲ့မှာရှိနေရတာလဲ…)

(မဟုတ်ဘူး… အဲ့ဒါ ယုရုမန်မဟုတ်ဘူး… အဲ့ဒါက…)

(လီရှီချင်း…)

ယုရုမန်သည် ကြယ်တာရာအစုအဝေး၌ ရှိစဉ်က လီရှီချင်းအယောင်ဆောင်ခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ လီရှီချင်း မည်သို့မည်ပုံ ရှိသလဲဆိုသည်ကို သိပေသည်။ ထိုအကြောင်းကြောင့် ပြိုင်ကွင်းထဲရှိလူကို မြင်လိုက်စဉ်က ယုရုမန်ဖြစ်သည်ဟု ထင်သွားခဲ့ခြင်းပေ။ သို့ပါသော်ငြား ထိုလူမှာ ယုရုမန်မဟုတ်ဘဲ လီရှီချင်းသာဖြစ်ကြောင်းကို ချက်ချင်း သဘောပေါက်သွားခဲ့သည်။

ရန်ကိုင်မှာ လီရှီချင်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို ယုရုမန်အား မေးမြန်းကြည့်ခဲ့ပေသည်။ သို့ပါသော်ငြား ယုရုမန်မှာ လုံးဝကို မပြောပြခဲ့။ ယခုအခါမှသာလျှင် လီရှီချင်းမှာ နတ်ဆိုးနယ်မြေထဲရှိ ကဝေတိုက်၏ သွေးပြိုင်ကွင်းထဲသို့ ရောက်နေကြောင်း တွေ့ရှိလိုက်ရတော့သည်။

ရန်ကိုင်မှာ တကယ့်လီရှီချင်းနှင့် တစ်ခါမှ မတွေ့ဖူးသလို လီရှီချင်းမှာလည်း ရန်ကိုင်ကိုမသိပေ။ သို့ပါသော်ငြား ထိုအမျိုးသမီးသည် ပန်းအရိပ်မဟာဧကရာဇ်၏ တပည့်ဖြစ်ပေသည်။ ရန်ကိုင်မှာ သူမအား နတ်ဆိုးနယ်မြေထဲတွင် လာတွေ့ရသည့်အတွက်ကြောင့် သူမအား လျစ်လျူရှုထားလိုက်၍တော့ မဖြစ်ပေ။

(ဒါပေမယ့် ဒါက ဘာကြီးလဲ… နတ်ဆိုးမျိုးနွယ်စုက လီရှီချင်းကို သွေးပြိုင်ကွင်းထဲက ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့်ပေးထားတာလား…)

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters