အခန်း ၃၄၄၆
Vol. 152 Ch. 3446
အပိုင်း (၃၄၄၆)
ဘာသာပြန်သူ_တိမ်တိုက်
လီရှီချင်းအယောင်ဆောင်စဉ်က ယုရုမန်သည် ဧကရာဇ်ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။ ထိုအကြောင်းကြောင့် တကယ့်လီရှီချင်းသည်လည်း ဧကရာဇ်ဒုတိယအဆင့်ကျင့်ကြံသူတစ်ဦးသာ ဖြစ်ရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက ယုရုမန်အနေဖြင့် ပန်းအရိပ်မဟာဧကရာဇ်နှင့် အခြားသူများအား အရူးလုပ်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။ ထိုကဲ့သို့သောကျင့်ကြံခြင်းမှာ မဆိုးလှပါသော်ငြား ဤနေရာသည် နတ်ဆိုးနယ်မြေဖြစ်သည်။ လီရှီချင်းသည် ရန်ကိုင်ကဲ့သို့ နတ်ဆိုးချီ၏ တိုက်စားနိုင်စွမ်းကို ခုခံနိုင်သူတစ်ဦး မဟုတ်လေရာ သွေးပြိုင်ကွင်းထဲရှိ နတ်ဆိုးဘုရင်အား မည်ကဲ့သို့များ တိုက်ခိုက်နိုင်ပါမည်နည်း။
လီရှီချင်းသည် ပွဲကြေညာသူဘေးနားတွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။ သူမ၏ကျင့်ကြံခြင်းမှာ ချိတ်ပိတ်ခံထားရသည့်ပုံ မပေါ်သလို သူမအနေဖြင့် ပုံစံတစ်မျိုးမျိုးဖြင့် ကန့်သတ်ထားခံရသည့်မပေါ်ပေ။ သို့ပါသော်ငြား မျက်လုံးကိုပိတ်၍သာ မလှုပ်မယှက် ရပ်နေလေ၏။
သူမကိုယ်ထက်တွင် အရောင်တလက်လက်နေသော ဧကရာဇ်ချီသည် လီရှီချင်းမှ နတ်ဆိုးချီကို ခုခံနိုင်ရန်အတွက် သူမ၏ ဧကရာဇ်ကို အသုံးပြုရကြောင်း မီးမောင်းထိုးပြနေခဲ့လေသည်။
သူမသာ ထိုကဲ့သို့ မလုပ်လျှင် တစ်ခဏလေးအတွင်းမှာပင် နတ်ဆိုးတစ်ကောင်အဖြစ်သို့ အသွင်ပြောင်းသွားရနိုင်ပေသည်။ သူမအနေဖြင့် ဤကဲ့သို့သောပုံစံမျိုးဖြင့် မည်မျှကြာအောင် တောင့်ခံထားနိုင်မလဲဆိုသည်ကို မသိရပါသော်ငြား သူမကြည့်ရသည်မှာတော့ အရမ်းကြီး အဆင်ပြေနေသည့်ပုံတော့မပေါက်ပေ။
ကွင်းပြင်ထဲဝယ် လီရှီချင်းအားခေါ်လာသော ပွဲကြေညာသူသည် ယဲ့ယဲ့လေးပြုံးရင်းမှ ပြောလိုက်လေ၏။ “ဒီမိန်းမနဲ့ပတ်သက်ပြီးတော့ တစ်ခုခု ထူးဆန်းနေတာကို အကုန်လုံး သတိထားမိကြမယ်လို့ ကျုပ်ထင်တယ်… ဟုတ်တယ်… သူက လုံးဝကို ထူးဆန်းတယ်… ဘာဖြစ်လို့လဲဆိုတော့ ဒီမိန်းမက ကြယ်တာရာအစုအဝေးထဲက လူသားတစ်ယောက် မလို့ပဲ…”
ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် ပွဲကြည့်စင်တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့သည်။ နတ်ဆိုးဘုရင်များမှာတော့ လီရှီချင်းမှ နတ်ဆိုးချီအား သူမ၏ဧကရာဇ်ချီကိုသုံး၍ ခုခံနေရသည်ကို မြင်ပြီးသည့်နောက် ထိုကဲ့သို့ဖြစ်မည်မှန်း ကြိုတင်ခန့်မှန်းထားပြီးသားပင်။ သို့ပါသော်ငြား ယခုအချိန်မတိုင်ခင်အထိ မသေချာသေးပေ။
ပွဲကြေညာသူသည် ကွင်းပြင်ထဲတွင်ရပ်နေသည့်လူမှာ အမှန်တကယ်ကို ရှားပါးလှသော လူသားတစ်ဦး ဖြစ်သည်ဟူသည့် သူတို့၏သံသယများကို အတည်ပြုပေးသွားခဲ့သည်။ လောကနိယာမများ ကွဲပြားကြသလို နေရာအနှံ့တွင် နတ်ဆိုးချီများ ရှိနေသည့်အတွက်ကြောင့် လူသားများအဖို့ နတ်ဆိုးနယ်မြေထဲသို့ လာဖို့ရာ မသင့်တော်လှပေ။ နတ်ဆိုးနယ်မြေထဲသို့ လာခဲ့မည်ဆိုလျှင် အနှေးနှင့်အမြန်ဆိုသလို နတ်ဆိုးလမ်းကြောင်းထဲသို့ ကျရောက်သွားရနိုင်ပေသည်။ သို့ပါသော်ငြား လက်ရှိလီရှီချင်း၏ပုံစံကို ကြည့်ရသလောက် သူမပုံစံမှာ ပင်ပန်းနွမ်းနွယ်နေသည့်ပုံ ပေါက်နေပါသော်ငြား စိတ်တော့ လွတ်မသွားခဲ့သေးပေ။ ထို့အပြင် လီရှီချင်း၏ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာ အတော်လေးကိုမှ စွဲမက်ဖွယ်ကောင်းလေရာ နတ်ဆိုးအတော်များများမှာ စိတ်ဝင်စားနေကြလေသည်။
“ဒီအမျိုးသမီးရဲ့ကျင့်ကြံခြင်းက ဧကရာဇ်ဒုတိယအဆင့်ပဲ… ငါတို့နတ်ဆိုးနယ်မြေထဲက အဆင့်နဲ့ တွက်မယ်ဆိုရင်တော့ နတ်ဆိုးဘုရင်အလယ်အလတ်အဆင့်နဲ့ သွားတူတယ်…” နတ်ဆိုးဘုရင်သည် တစ်ချက်မျှ ရပ်နေပြီးသည့်နောက် ရုတ်တရက် လေသံမြှင့်ကာ ပြောလိုက်လေ၏။ “အခု လာမယ့် သွေးတိုက်ပွဲရဲ့ ဆုက ဒီအမျိုးသမီးပဲ… လာမယ့်သွေးတိုက်ပွဲကို နိုင်တဲ့ ဘယ်သူမဆို ဒီအမျိုးသမီးကို ရလိမ့်မယ်… ဟဲ ဟဲ ဟဲ… ငါတောင် လူသားမျိုးနွယ်က ပညာရှင်တစ်ယောက်ရဲ့အရသာကို မစမ်းဖူးသေးဘူး… ကျွတ်… ဘယ်လောက်တောင်ကောင်းမလဲတော့ မသိဘူးနော်…”
လီရှီချင်း၏မျက်နှာထက် ဝမ်းနည်းရိပ်တို့ကို အထင်းသား မြင်နေရလေသည်။ ကြယ်တာရာအစုအဝေးထဲတွင် ပန်းအရိပ်မဟာဧကရာဇ်၏တပည့်တစ်ဦး ဖြစ်ခဲ့သော သူမသည် တစ်နေ့နေ့တစ်ချိန်ချိန်၌ နတ်ဆိုးနယ်မြေမှ သွေးပြိုင်ကွင်းတွင်ကျင်းပသော ပြိုင်ပွဲတစ်ခု၏ဆု ဖြစ်လာရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အခြေအနေသည်သာ သူမထိန်းချုပ်နိုင်သည့် ဘောင်အပြင်ဘက်သို့ ရောက်သွားခဲ့မည်ဆိုလျှင် သူမဆရာ အရှက်မရလေအောင် မိမိကိုယ်ကို သတ်သေပစ်ရန် ဆုံးဖြတ်ထားလိုက်တော့သည်။
ပွဲကြည့်ပရိတ်သတ်များမှာ တစ်ခဏမျှ တိတ်ကျသွားပြီးသည့်နောက် ရုတ်တရက်ဆိုသလို ဝါးလုံးကွဲ အော်ဟစ်အားပေးကြတော့လေ၏။
ပွဲကြေညာသူပြောသွားသကဲ့သို့ပင် မည်သူမျှ လူသားမျိုးနွယ်စုမှပညာရှင်တစ်ဦး၏ အရသာကို မမြည်းစမ်းဖူးပေ။ လီရှီချင်းမှာ စွဲမက်ဖွယ်ကောင်းလှသည့် ရုပ်ရည်နှင့်တကွ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသလို သူမ၏ကျင့်ကြံခြင်းမှာလည်း မြင့်မားလှသည်။ ထိုအကြောင်းကြောင့် သူမအား တကယ်ကြီးရနိုင်မည်ဆိုလျှင် အမှန်တကယ်ကိုမှ ဂုဏ်ယူချင်စရာကောင်းပေလိမ့်မည်။
ပွဲကြေညာသူက ဆက်၍ပြောလိုက်လေသည်။ “ဒီသွေးပြိုင်ပွဲမှာ ဘာစည်းမျဉ်းမှမရှိဘူး… ဘယ်သူမဆို ဝင်ပြီးယှဉ်ပြိုင်လို့ရတယ်… မင်းတို့ရဲ့ တစ်ခုတည်းသောလိုအပ်ချက်က ဒီပြိုင်ပွဲဆုံးတဲ့အထိ အသက်ရှင်နိုင်ဖို့ပဲ… ပြင်ဆင်ချိန် အမွှေးတိုင်တစ်ချောင်းစာရမယ်… နှောင့်နှေးမနေကြနဲ့တော့နော်…”
ထိုသို့ပြောပြီးသည့်နောက်တွင် လီရှီချင်း၏လက်ကိုကိုင်ကာ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေ၏။
ပွဲကြေညာသူထွက်သွားသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးများစွာသည် ထိုင်ရာမှထ၍ တစ်ခုသောအရပ်ဆီသို့ အတုံးအရုံး ပြေးကြတော့သည်။ ထိုနတ်ဆိုးအားလုံးမှာ နတ်ဆိုးဘုရင်များ ဖြစ်ကြပေသည်။ နတ်ဆိုးဘုရင်ထက်နိမ့်သော ကျင့်ကြံခြင်းအား ပိုင်ဆိုင်ထားသည့် နတ်ဆိုးများမှာ ဤကဲ့သို့သောသွေးပြိုင်ပွဲမျိုးတွင် ဝင်ပြိုင်ဖို့ရာ အဆင့်မမီပေ။ ဤသွေးပြိုင်ပွဲသည် ကျင့်ကြံခြင်းအဆင့်တူညီသည့် ပြိုင်ဘက်များနှင့်သာ တွဲပေးသော အခြားသောသွေးပြိုင်ပွဲများနှင့် မတူပေ။ ယခု လီရှီချင်းအား ဆုအဖြစ်ပေးမည့် သွေးပြိုင်ပွဲ၌ ကျင့်ကြံခြင်းအဆင့်ကန့်သတ်ချက် မရှိသည့်အတွက်ကြောင့် ကျင့်ကြံခြင်းအဆင့်နိမ့်သည့်လူများသည်သာ ဝင်ပြိုင်ပါက အခြားသူများ၏ သတ်ဖြတ်ခြင်းကိုသာ ခံရပေလိမ့်မည်။
ရန်ကိုင်သည် ရှောင်ဝူဘက်သို့ လှည့်၍ မေးလိုက်လေ၏။ “ငါ ဘယ်မှာစာရင်းသွင်းရမှာလဲ…”
ရှောင်ဝူက အံ့အားသင့်သွားဟန်ဖြင့် တစ်ခုသောအရပ်ဆီသို့ ညွှန်ပြလိုက်လေ၏။ “အဲ့ဘက်မှာဖြစ်လောက်တယ်…”
ရန်ကိုင်လည်း ထိုအရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ နတ်ဆိုးဘုရင်များ ထိုနေရာ၌ စုဝေးနေကြောင်းကို တွေ့လိုက်ရလေ၏။ ထို့အတွက်ကြောင့် ချက်ချင်းပဲ ထိုအရပ်ဆီသို့ ပြေးသွားလေသည်။
လီရှီချင်းအား မြင်လိုက်စဉ်က လီရှီချင်းအား မည်ကဲ့သို့ကယ်လျှင် ကောင်းမလဲဆိုသည်ကို ရန်ကိုင် စတင်စဉ်းစားတော့သည်။
သို့ပါသော်ငြား သွေးပြိုင်ကွင်းသည် ရန်ကိုင်အား အခွင့်အရေးတစ်ရပ် ကမ်းလှမ်းလာခဲ့လေသည်။ ရန်ကိုင်သည်သာ ဤပြိုင်ပွဲတွင် အနိုင်ရသရွေ့ ထိုအလှလေးကို အိမ်ပြန်ခေါ်သွားနိုင်ပေလိမ့်မည်။
စာရင်းသွင်းသည့်နေရာသည် လူများဖြင့်ပြည့်နှက်ကာ ပရမ်းပတာဖြစ်နေလေသည်။ ကျင့်ကြံခြင်းမြင့်မားလှသည့် နတ်ဆိုးဘုရင်များမှာ အတင်းတိုးဝင်ရန် ကြိုးစားနေကြချိန်တွင် ကျင့်ကြံခြင်းနိမ့်ကျသည့်လူများမှာတော့ နောက်သို့သာ ဆုတ်နေခဲ့ရသည်။ ကံကောင်းစွာဖြင့် သွေးပြိုင်ကွင်းထဲဝယ် အချင်းချင်း ခိုက်ရန်ဖြစ်ပွား၍ မရပေ။ ထိုသို့သာမဟုတ်ပါက ပြဿနာအကြီးကြီး တက်သွားနိုင်ပေသည်။
ရန်ကိုင်သည် နတ်ဆိုးအုပ်ကြီးကို အတင်းတိုးကာ ဖြတ်ကျော်လာပြီးသည့်နောက် စာရင်းပေးသွင်းသည့်စားပွဲခုံကို ရိုက်ချ၍ ပြောလိုက်လေ၏။ “ကျုပ် စာရင်းသွင်းချင်တယ်…”
စာရင်းသွင်းရမည့်တာဝန်ကို ယူထားသော နတ်ဆိုးဘုရင်သည် ရန်ကိုင်အား ထူးထူးဆန်းဆန်းအမူအယာဖြင့် ကြည့်၍ ခေါင်းညိတ်လိုက်လေသည်။ “နတ်ဆိုးသလင်းကျောက်တစ်သိန်း…”
ရန်ကိုင်သည် အံကိုတင်းတင်းကြိတ်၍ သူ၏သိုလှောင်လက်စွပ်ထဲမှ နတ်ဆိုးသလင်းကျောက်တစ်သိန်းကို ထုတ်ကာ စာရင်းသွင်းလိုက်လေသည်။ ရန်ကိုင်သာလျှင် ထိုကဲ့သို့ပေးရခြင်းမဟုတ်။ စာရင်းသွင်းသည့်နတ်ဆိုးဘုရင်မှန်သမျှ အခကြေးနတ်ဆိုးသလင်းကျောက်တစ်သိန်းကို ပေးချေရပေသည်။
သို့ပါသော်ငြား ရန်ကိုင်မှာ သူ၏နတ်ဆိုးသလင်းကျောက်အားလုံးကို အလောင်းအစားလုပ်ခဲ့ပြီး ထိုအလောင်းအစားအားလုံး ရှုံးနိမ့်သွားခဲ့ရသည်။ သွေးပြိုင်ကွင်းထဲမှထွက်သွားလျှင် ရှုံးနိမ့်သွားခဲ့သည့် အလောင်းအစားကြေးကို ပေးရပေလိမ့်မည်။ ယခု ဤနေရာ၌ တစ်သိန်းပေးခဲ့သည့်အတွက်ကြောင့် သူ့အနေဖြင့် ရှုံးနိမ့်သွားသည့် အလောင်းအစားကြေးအားလုံးကို ပေးဖို့ရာ နတ်ဆိုးသလင်းကျောက် အလုံအလောက်မရှိတော့ပေ။ သူ့အနေဖြင့် နောက်ထပ် အလောင်းအစား ထပ်လုပ်နိုင်သေးမလား မသေချာပါသော်ငြား အလောင်းအစားလုပ်နိုင်ခဲ့မည်ဆိုလျှင်တော့ သူ့ကိုယ်သူသာ လောင်းရပေတော့မည်။
နတ်ဆိုးသလင်းကျောက်ကို ရပြီးသည့်နောက်တွင် စာရင်းသွင်းကောင်တာ၌ ထိုင်နေသော နတ်ဆိုးသည် ရန်ကိုင်အား ခေါင်းညိတ်ပြလိုက်ပြီးသည့်နောက် ရန်ကိုင်၏ ဝင်ခွင့်တံဆိပ်ပြားနံပါတ်နှင့် ကျင့်ကြံခြင်းကို မှတ်သားထားလိုက်တော့လေသည်။
ရန်ကိုင်ထွက်သွားသည့်နောက်တွင် စာရင်းသွင်းကောင်တာတွင် ထိုင်နေသော နတ်ဆိုးသည် ရန်ကိုင်၏ကျောကို စိုက်ကြည့်ရင်းမှ ပစ္စည်းတစ်ခုကိုထုတ်၍ ထိုပစ္စည်းကို ဖျစ်ချလိုက်လေ၏။
သွေးပြိုင်ကွင်း၏ အတွင်းဘက်ခြမ်းတွင် နက်ရှိုင်းလှသည့် အရှိန်အဝါနှင့် နတ်ဆိုးတစ်ကောင်သည် မျက်လုံးကို မှေးစင်းရင်းမှ အခန်းတစ်ခန်းထဲရှိ ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။ အမျိုးသမီးနတ်ဆိုးတစ်ဦးသည် ထိုနတ်ဆိုးဘေးနားတွင် ဒူးထောက်နေရင်းမှ ထိုနတ်ဆိုးအား တတ်စွမ်းသမျှ ပြုစုပေးနေလေ၏။ အခြားတစ်ဖက်တွင်မူ အဆင့်မြင့်အဆင့်နတ်ဆိုးဘုရင်သည် တချို့သောသတင်းများကို သေသေချာချာ နားထောင်နေရင်းမှ ရုတ်တရက်ဆိုသလို ထိုင်ခုံပေါ်တွင်ထိုင်နေသည့် နတ်ဆိုးဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ဆရာ… အဲ့ကောင် စာရင်းသွင်းလိုက်ပြီ…”
ထိုင်ခုံပေါ်တွင်ထိုင်နေသည့် နတ်ဆိုးမှာမူ မည်သည့်အမူအယာကိုမှမပြဘဲ ခေါင်းသာညိတ်ပြလိုက်လေ၏။
အဆင့်မြင့်အဆင့်နတ်ဆိုးဘုရင်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ပြန်၍မေးလိုက်လေ၏။ “ဆရာ ဘာလို့ သူ့ကို အဲ့လောက်တောင် အာရုံစိုက်နေရတာလဲ… သူနဲ့ပတ်သက်ပြီး ဘာထူးခြားနေလို့လဲ…”
မူလကမူ ယနေ့တွင် ဤကဲ့သို့သောပြိုင်ပွဲမျိုးအား ကျင်းပရန် မစီစဉ်ထားခဲ့ပေ။ သို့ပါသော်ငြား ဤဆရာသည် သွေးပြိုင်ကွင်းဆီသို့ ရုတ်တရက်ကြီးရောက်လာပြီး သူခေါ်လာသည့်အမျိုးသမီးလူသားကို ဆုအဖြစ်သုံးကာ ထိုကဲ့သို့သောပြိုင်ပွဲမျိုး ကျင်းပရန် ပြောလာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့အား ထူးဆန်းသောလူတစ်ဦးကိုလည်း အာရုံစိုက်ထားရန် ညွှန်ကြားလာခဲ့လေသည်။
(ဆရာက ဒီလူသားမိန်းမကို သုံးပြီးတော့ အဲ့ကောင်ကို မျှားခေါ်ချင်နေတဲ့ပုံပဲ… ဒါပေမယ့် အဲ့ကောင် တကယ်ကြီးပါလာမယ်လို့ ဆရာ ဘယ်လိုလုပ်ပြီး တပ်အပ်ယုံကြည်နေရတာလဲ…)
ထိုင်ခုံပေါ်တွင်ထိုင်နေသည့်နတ်ဆိုးမှာ ထိုနတ်ဆိုးအား လှမ်းကြည့်လိုက်ရာ ထိုအဆင့်မြင့်အဆင့်နတ်ဆိုး ရင်တဒိန်းဒိန်း ခုန်သွားခဲ့သည်။ ထို့နောက် ချက်ချင်းပဲ စကားမှားသွားသည့်အလား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ခေါင်းကိုငုံ့လိုက်လေ၏။ ထိုင်ခုံပေါ်တွင် ထိုင်နေသည့်နတ်ဆိုးသည် ရုတ်တရက် ထရပ်၍ အခန်းထဲမှ ထွက်သွားလေ၏။ သို့ပါသော်ငြား သူထွက်မသွားခင် အဆင့်မြင့်နတ်ဆိုးအား ပြောသွားခဲ့ပေသေး၏။ “အဲ့ကောင်ကိုသတ်ဖို့နည်းလမ်းရှာ…”
နတ်ဆိုးဘုရင်သည် တစ်ခဏမျှကြောင်နေပြီးသည့်နောက် တလေးတစားဖြင့် ပြန်ပြောလိုက်လေ၏။ “ဟုတ်ကဲ့ပါဆရာ…”
“ဆရာ အဲ့အမျိုးသမီးကို သိတာလား…” ရှောင်ဝူသည် ရန်ကိုင်ကိုကြည့်ရင်းမှ မေးလိုက်သည်။ ထိုသို့သာမဟုတ်ပါက ရန်ကိုင် ရုတ်တရက်ကြီး ဘာကြောင့်များ သွား၍ စာရင်းသွင်းပါမည်နည်း။ နှစ်ဦးစလုံးမှာ လူသားများဖြစ်သည့်အလျောက် သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး သိနိုင်ချေရှိပေသည်။
“အင်း… တစ်မျိုးတစ်ဖုံပေါ့…” ရန်ကိုင်မှာ များများစားစား ရှင်းပြမနေခဲ့ပေ။
“ဆရာ ဘာဖြစ်လို့ စာရင်းသွင်းလိုက်တာလဲ…” ရှောင်ဝူမှာ အနည်းငယ် စိုးရိမ်နေခဲ့လေသည်။ “အဲ့နတ်ဆိုးဘုရင်တွေက အရမ်းရက်စက်တယ်… ဆရာတစ်ခုခုဖြစ်သွားခဲ့ရင်…”
ရန်ကိုင်သည် ရှောင်ဝူအား ပြုံးပြလိုက်ရင်းမှ “စိတ်ပူသင့်တာ ငါမဟုတ်ဘူး… သူတို့ပဲ…”
ရှောင်ဝူက ထပ်၍ပြောလိုက်သည်။ “ကျွန်မတို့ အခု ထွက်သွားကြမယ်လေ… မဟုတ်လို့ရှိရင် ဒီအကြောင်းကိုသိသွားခဲ့ရင် တော်ဝင်သခင်မက ဒီအစေခံမကို အပြစ်ပေးမှာ… ဒီအစေခံမ ဆိုးဆိုးရွားရွား သေရလိမ့်မယ်…”
ရန်ကိုင်က ခေါင်းခါ၍ “ငါထွက်သွားလို့မရဘူး… အခုလေးတင် စာရင်းသွင်းခ နတ်ဆိုးသလင်းကျောက်တစ်သိန်းကို ပေးထားတာ… ပြီးတော့ ငါ့အကြွေးတွေလည်းကျန်သေးတယ်…. ဒီတော့ သွေးပြိုင်ကွင်းအတွင်းကနေ ငါထွက်သွားလို့မရသေးဘူး….”
ထိုစကားကိုကြားသည့်အခါ ရှောင်ဝူ၏မျက်နှာ ဖြူလျော်သွားတော့သည်။ ရှောင်ဝူတွင် နတ်ဆိုးသလင်းကျောက်အချို့ ရှိပါသော်ငြား သူမတွင်ရှိနေသော နတ်ဆိုးသလင်းကျောက်များမှာ တစ်သိန်းမပြည့်ပေ။ သူမ၏ပိုင်ဆိုင်မှုများကို ရန်ကိုင်ဆီသို့ ပေးလိုက်မည်ဆိုလျှင် အကြွေးပေးနိုင်လိမ့်ဦးမည်မဟုတ်။
ရန်ကိုင်က ထပ်၍ပြောလိုက်လေ၏။ “ငါတို့ နောက်တစ်ကြိမ် ထပ်လောင်းလို့ရပြီ… ဒီတစ်ခါတော့ ငါ့ကိုပဲလောင်းလိုက်…”
ရှောင်ဝဓ ဇဝေဇဝါဖြစ်သွားလေသည်။ “ဘာလို့လောင်းရမှာလဲ… ကျွန်မတို့မှာ နတ်ဆိုးသလင်းကျောက်တွေ မရှိတော့ဘူးလေ…”
ရန်ကိုင်သည် ရှောင်ဝူ၏ခေါင်းကိုခေါက်၍ ပြောလိုက်လေ၏။ “အရူးမလေး… နတ်ဆိုးသလင်းကျောက်ရှိရှိမရှိ အကုန်လုံးကို ထွက်မှပေးရမှာ… အခုလောလောဆယ် ပေးစရာမလိုသေးဘူး.. ငါတို့မှာ နတ်ဆိုးသလင်းကျောက်မရှိတော့ဘူးဆိုတာကို ဘယ်သူက သိမှာလဲ… ငါတို့သာနိုင်မယ်ဆိုရင် အကြွေးတောင်ပေးစရာမလိုတော့ဘူး…သူတို့ဆီကနေတောင် ပြန်ယူနိုင်မှာ…”
ရှောင်ဝူမှာ အခြားသောနတ်ဆိုးများသည်လည်း ထိုကဲ့သို့ လုပ်ဖူးပြီး လုပ်ခဲ့ဖူးသည့်နတ်ဆိုးတိုင်း ဆိုးဆိုးရွားရွားအဆုံးသတ်နှင့်သာ ကြုံခဲ့ရသည်ကို ရန်ကိုင်အား ပြောချင်ခဲ့ပါသော်ငြား ရန်ကိုင်မှာ စာရင်းသွင်းခအား ပေးချေပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူတို့အတွက် ပြန်လှည့်စရာလမ်း မရှိတော့ပေ။ ယခုမူ နောက်လာမည့်အလောင်းအစားပေါ်တွင်သာ သူတို့၏မျှော်လင့်ချက်အားလုံးကို ပုံအပ်ထားရပေတော့မည်။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် ရှောင်ဝူက မေးလိုက်လေသည်။ “ဆရာ… ကိုယ့်ကိုယ်ကို ပြန်လောင်းချင်တာလား…”
ရန်ကိုင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။ “ဟုတ်တယ်လေ… မဟုတ်ရင် ငါက ဘယ်သူ့ကိုသွားလောင်းရမှာလဲ…”
“ဆရာက ဘယ်လောက်လောင်းချင်တာလဲ…”
“တစ်သိန်း…. မဟုတ်ဘူး မဟုတ်ဘူး… အဲ့လောက်က နည်းလွန်းတယ်… သန်းတစ်ရာလောင်းလိုက်…”
“သန်း… သန်းတစ်ရာ…” ရှောင်ဝူ လုံးဝကို မင်သက်သွားတော့လေသည်။
ထိုအခိုက်အတန့်ဝယ် ပြိုင်ကွင်းမှာ တစ်ဖန်ပြန်လည်တောက်ပလာခဲ့သည်။ အစောပိုင်းက ပျောက်ကွယ်သွားသော ပွဲကြေညာသူ ရုတ်တရက်ပြန်ပေါ်လာပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ “ကဲ… အချိန်ရောက်လာပြီ… ပြိုင်မယ့်လူတွေ ပြိုင်ကွင်းထဲကို ဝင်လာလို့ရပြီနော်… အစီအရင်ဖွင့်တဲအချိန်အထိ ဒီပြိုင်ပွဲထဲကို ဝင်မလာတဲ့လူတွေကတော့ ဒီပြိုင်ပွဲကနေ နှုတ်ထွက်သွားတယ်လို့ အလိုလိုသတ်မှတ်ပါမယ်…”
ထိုအသံဆုံးသွားသည်နှင့်တစ်ပြိုင်နက် ပွဲကြည့်စင်ပေါ်မှ နတ်ဆိုးများစွာသည် ပြိုင်ကွင်းထဲသို့ ပြေးဝင်သွားကြလေသည်။
ရန်ကိုင်သည် ရှောင်ဝူဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “လောင်းဖို့မမေ့နဲ့နော်…”
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည်လည်း ပြိုင်ကွင်းထဲသို့ပြေးလာရာ စက္ကန့်ပိုင်းအတွင်း ပြိုင်ကွင်းထဲဿို့ ရောက်ရှိလာခဲ့လေသည်။
အထဲသို့ရောက်လာပြီးမှသာလျှင် ပြိုင်ကွင်းသည် မည်ကဲ့သို့အလုပ်လုပ်ကြောင်းကို ရန်ကိုင်သဘောပေါက်သွားရတော့သည်။ အထဲသို့ ရောက်လာပြီးသည့်နောက် အပြင်ဘက်တွင်ဖြစ်နေသည့် အရာများကို ရန်ကိုင် လုံးဝ မမြင်နိုင်တော့ပေ။ လက်ရှိအခိုက်အတန့်တွင်မူ ရန်ကိုင်သည် ကဖုကထစ်များနှင့် ပြည့်နေသည့် ကျောက်ဆောင်နှင့် မြစ်များ ဝိုင်းရံနေသော နေရာတစ်ခုတွင် ရပ်နေခြင်း ဖြစ်လေသည်။
သို့ပါသော်ငြား ဘေးပတ်ဝန်းကျင်မြေနေရာကို သေချာမစစ်ဆေးရသေးခင်မှာပင် နတ်ဆိုးငါးကောင် ရောက်တရုတ်ပေါ်လာပြီး ရန်ကိုင်နှင့် မလှမ်းမကမ်းတွင် ဆင်းသက်လိုက်ကြသည်။
ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့လေ၏။ သူ့စိတ်ထဲပဲ အတွေးလွန်နေခြင်းပေလား မသိရသေးပါသော်ငြား ထိုနတ်ဆိုးငါးဦးသည် သူ့အပေါ် ရန်လိုနေသည်ဟု ရန်ကိုင်စိတ်ထဲ ခံစားလိုက်ရသည်။ ထို့အပြင် နတ်ဆိုးငါးကောင်ရပ်နေသည့်ပုံစံမှာလည်း ရန်ကိုင်အား ပြေးမရအောင် ဘက်ပေါင်းစုံမှ ဝိုင်းရံထားသည့်ပုံစံမျိုးပင် ဖြစ်နေလေသည်။
လှည့်ကြည့်လိုက်ရာ အချို့မှာ ရန်ကိုင်နှင့် အကြည့်ချင်းရှောင်သွားခဲ့ပြီး အချို့မှာတော့ ကြမ်းကြုတ်စွာပြုံးပြရင်းမှ သေဖို့သာပြင်ထား ဟူသော ပုံစံမျိုးဖြင့် လည်ပင်းအား တိခနဲ လုပ်ပြလိုက်လေ၏။
(ငါ့ကို လွယ်တယ်လို့များ ထင်နေကြတာလား…) ရန်ကိုင်သည် ယဲ့ယဲ့လေးရယ်သွမ်းသွေးရင်းမှ ထိုနတ်ဆိုးများကို လက်မထောင်ပြလိုက်သည်။ ထို့နောက်တွင် သူ့လက်ကောက်ဝတ်အား ဖြည်းဖြည်းချင်းလှည့်ရင်းမှ လက်မကို အောက်သို့ စိုက်ချပြလိုက်လေ၏။
ထိုအချင်းအရာကိုမြင်သည့်အခါ ရန်ကိုင်အနီးတစ်ဝိုက်တွင်ရှိနေသည့် နတ်ဆိုးများအားလုံး အရူးတစ်ပိုင်းဖြစ်သွားကြပြီး ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လာကြလေသည်။
ပွဲကြည့်စင်ပေါ်တွင်ရှိနေသော ရှောင်ဝူမှာတော့ ဆက်မကြည့်ရဲတော့သည့်အလား မျက်လုံးလေးကို လက်ဖြင့်အုပ်ထားခဲ့သည်။ သူမ၏ဆရာ ဘာလုပ်လို့လုပ်ချင်နေမှန်း သူမ တကယ်ကို နားမလည်ပေ။ ဤကဲ့သို့သောတိုက်ပွဲမျိုးသည် စည်းမျဉ်းစည်းကမ်းများ မရှိသည့်အတွက်ကြောင့် အလွန်ကိုမှ အန္တရာယ်များသည်ဟု ပြော၍ရသည်။ သို့ပါသော်ငြား သူမ၏ဆရာသည် ပြိုင်ကွင်းထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် အေးအေးဆေးဆေးမနေဘဲ တစ်ဖက်လူများကိုပင်လျှင် သွား၍ ရန်စနေပေသေးသည်။ သူမဆရာ ထိုမျှ သေချင်နေလေသလော။
အထွဋ်အထိပ်သိုင်းဧကရာဇ်