အခန်း ၃၄၄၇
Vol. 152 Ch. 3447
အပိုင်း (၃၄၄၇)
ဘာသာပြန်သူ_တိမ်တိုက်
စိတ်ပူနေလင့်ကစား ရှောင်ဝူမှာ ရန်ကိုင် ပြောသွားသည့် စကားကို သေချာ မှတ်ထားခဲ့သည်။ ထိုအကြောင်းကြောင့် သူမ၏ ဝင်ခွင့်တံဆိပ်ပြားကို အမြန်ထုတ်၍ ထိုအထဲသို့ ကောင်းကင်စိတ်အာရုံကို ထည့်သွင်းလိုက်ရာ အထဲတွင် လက်ရှိ ပြိုင်ပွဲအတွက် လောင်းကြေးထပ်၍ ရသော ပုံစံကို မြင်လိုက်ရလေသည်။
လောင်းကြေးထပ်သည့် ပုံစံမှာ ယခင်တစ်ခေါက်နှင့် မတူတော့ပေ။ ယခင်ပြိုင်ပွဲများတွင်မူ လောင်းကြေးထပ်၍ ရသည့် လူဆို၍ နှစ်ဦးသာ ရှိသည်။ သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်မူ လူခုနစ်ဆယ် ရှစ်ဆယ်ခန့် ရှိနေလေ၏။ တစ်နည်းဆိုရသော် သွေးပြိုင်ကွင်းထဲတွင် နတ်ဆိုးဘုရင်များ အပါး ခုနစ်ဆယ် ရှစ်ဆယ်ခန့် ရှိသည်ဟု ပြောလိုက်ခြင်းပင် ဖြစ်လေသည်။
ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်သော နတ်ဆိုးတစ်ကောင်ချင်းစီတိုင်းတွင် သက်သေခံနံပါတ်များ ရှိနေကြပြီး အချို့သော နာမည်ကျော်ကြားသည့် နတ်ဆိုးများဆိုလျှင် နာမည်ပြောင်များပင် ရထားကြပေသေးသည်။ အစောပိုင်းက သွေးပြိုင်ပွဲအား အနိုင်ရခဲ့သော တုဖုန်းသည်လည်း ဤနတ်ဆိုးများထဲ ပါဝင်နေခဲ့လေသည်။
ရန်ကိုင်တွင်မူ မည်သည့် နာမည်ပြောင်မျှ ရှိမနေခဲ့။ ရှောင်ဝူသည် ထိုနတ်ဆိုးများ၏ နာမည်များကို လိုက်လံရှာဖွေကြည့်နေပြီးသည့်နောက် ရန်ကိုင်၏ နံပါတ်ပြားကို တွေ့သွားခဲ့သည်။ ထို့နောက် လောင်းကြေးကို ကြည့်လိုက်ရာ ကြောင်သွားခဲ့လေ၏။ သူမပင်လျှင် အမြင်မှားသွားလေသလားဟုပင် ထင်မိသည်အထိပင်။
သေသေချာချာ ထပ်၍ ကြည့်လိုက်ပြီးသည့်နောက် သူမ မှားမဖတ်ကြောင်း အတည်ပြုပြီးသည့် အခါမှသာလျှင် ရှောင်ဝူ သေချာ ယုံရဲတော့သည်။ အကြောင်းမှာ ရန်ကိုင်၏ လောင်းကြေးသည် ဆယ်ဆတစ်ဆ ဖြစ်နေသည့်အတွက်ကြောင့်ပင်။
ထိုလောင်းကြေးနှင့် ပတ်သက်၍ အနည်းငယ် ထူးဆန်းနေသည်ဟု သူမ စိတ်ထဲ ခံစားနေရလေသည်။ အခြားသော နတ်ဆိုးများ၏ လောင်းကြေးမှာဆိုလျှင် ပုံမှန် ဘောင်အတွင်းတွင်သာ ရှိနေပေသေးသည်။ လောင်းကြေး ဆယ်ဆတစ်ဆ ပေးထားသော အခြားသော နတ်ဆိုးများလည်း ရှိနေပေသေးသည်။ သို့ပါသော်ငြား ထိုနတ်ဆိုးအားလုံးသည် နတ်ဆိုးဗိုလ်ချုပ်မှူးများသာ ဖြစ်ကြလေသည်။ ထိုအကြောင်းကြောင့် သူတို့အဖို့ ပြိုင်ပွဲဆုံးသည့်အထိ အသက်ရှင်ဖို့ရာ သိပ်၍ မဖြစ်နိုင်လှပေ။
သို့ပါသော်ငြား နတ်ဆိုးဘုရင်များအတွက်မူ လောင်းကြေးမှာ တစ်ဆတစ်ဆ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် နှစ်ဆတစ်ဆသာ ဖြစ်လေသည်။
သို့ပါသော်ငြား ရန်ကိုင်ကိုမူ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်ဟု သတ်မှတ်ထားသည့်တိုင် လောင်းကြေးမှာ ဆယ်ဆတစ်ဆ လုပ်ပေးထားခဲ့သည်။ မသိလျှင် ဤပြိုင်ပွဲ၌ ရန်ကိုင် လုံးဝ သေရလိမ့်မည်ဟု သွေးပြိုင်ကွင်းမှ တထစ်ချ ယုံကြည်နေသည့်အလား။
သွေးပြိုင်ကွင်းသည် ဘာကြောင့် ဤကဲ့သို့ လုပ်ထားရသလဲဆိုသည်ကို ရှောင်ဝူ နားမလည်ပေ။ သို့ပါသော်ငြား စဉ်းစားနေချိန်လည်း မရှိ။ ဆက်၍ စဉ်းစားနေလျှင် လောင်းကြေးထပ်နိုင်သည့် အချိန်ကာလ ကုန်ဆုံးသွားပေတော့မည်။ ထိုအကြောင်းကြောင့် အံကို တင်းတင်းကြိတ်၍ မျက်လုံးကို ပိတ်ကာ ရန်ကိုင် ပြောခဲ့သည့်အတိုင်း သန်းတစ်ရာကို ရန်ကိုင် အပေါ်သို့ လောင်းကြေးထပ်လိုက်လေ၏။
ထိုသို့ လောင်းပြီးသည့်နောက်တွင် ရှောင်ဝူမှာ ရှိသမျှ အားအင်အကုန်အစင်ကို ဆုံးရှုံးလိုက်ရသည့်ပမာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားခဲ့လေသည်။
ရန်ကိုင်ကမူ သွေးပြိုင်ကွင်းထဲဝယ် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေရင်းမှ သူ့အနားတစ်ဝိုက်၌ စုဝေးနေသော နတ်ဆိုးဘုရင်များကို စိုက်ကြည့်နေခဲ့သည်။ တစ်ချိန်တည်းတွင် ကောင်းကင်စိတ်အာရုံဖြင့် ထိုနတ်ဆိုးဘုရင်များကိုလည်း သေသေချာချာ စစ်ဆေးနေလေ၏။ သူ့အနီးအနား၌ အဆင့်နိမ့်နတ်ဆိုးဘုရင် လေးပါး ရှိနေပြီး အလယ်အလတ်အဆင့် နတ်ဆိုးဘုရင် တစ်ပါး ရှိနေလေသည်။
ထိုနတ်ဆိုးဘုရင်များကို လူသားများ၏ ကျင့်ကြံခြင်းအရ ...ကြည့်လိုက်မည်ဆိုလျှင် ဧကရာဇ်ပထမအဆင့် လေးဦးနှင့် ဒုတိယအဆင့် တစ်ဦးဟု ပြော၍ ရလေ၏။
[ဒီလောက်နဲ့များ ငါ့ကို လာဝိုင်းထားရဲတယ် ဟုတ်လား]
ရန်ကိုင်သည် စတင်၍ အကြောအခြင်ကို လျှော့တော့လေသည်။ နတ်ဆိုးဘုရင်များကမူ လူသစ်တစ်ဦးကို ကြည့်နေသည့် အကြည့်မျိုးဖြင့် ရန်ကိုင်အား သွားဖြဲပြကာ စိုက်ကြည့်နေလေသည်။
ဗုံသံ နှစ်ကြိမ်တိတိ ထွက်ပေါ်လာပြီးသည့်နောက် တိုက်ပွဲမှာ စတင်တော့လေ၏။
ရန်ကိုင်၏ ဘယ်ဘက်တွင် ရှိနေသော အဆင့်နိမ့်နတ်ဆိုးဘုရင်သည် ရန်စထားသည့်အတွက်ကြောင့် ဒေါသထွက်နေလေရာ ချက်ချင်းပဲ ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာလေတော့သည်။ ညစ်ကျယ်ကျယ် ပြုံးဖြီးပြနေရင်းမှ ခြေနှစ်လှမ်းအတွင်း ရန်ကိုင်ဆီသို့ ချဉ်းကပ်လာခဲ့သည်။ ထို့နောက် နတ်ဆိုးချီတို့ လွှမ်းခြုံနေသော လက်သီးဖြင့် ရန်ကိုင်၏ ရင်ဘတ်တည့်တည့်သို့ ထိုးချလိုက်လေ၏။
တစ်ချိန်တည်းတွင် နတ်ဆိုးဘုရင်မှ ရန်ကိုင်အား သတ်နိုင်မည်ဟု ယုံကြည်နေသည့်အလား ဂုဏ်ယူဝံ့ကြွားစွာ ပြုံးနေခဲ့လေသည်။
ရန်ကိုင်သည်လည်း ငြိမ်ခံမနေခဲ့ဘဲ သာမန်လက်သီးတစ်လုံးကို ထိုနတ်ဆိုးဆီသို့ ပြန်၍ ပစ်သွင်းလိုက်လေ၏။
ဘုန်း။
နတ်ဆိုးဘုရင်မျက်နှာအထက်ရှိ အပြုံး ရုတ်ချည်း တောင့်တင်းသွားခဲ့သည်။ တစ်ချိန်တည်း၌ သူ့မျက်လုံးထဲ မယုံကြည်နိုင်သည့် အရိပ်အယောင်တို့ အထင်းသား ထွက်ပေါ်လာခဲ့လေသည်။ ထိုအခိုက်အတန့်ဝယ် အချိန်မှာ ရပ်တန့်သွားသည့်အလား။ နတ်ဆိုး၏ ခေါင်းထဲ အချက်ပေးခေါင်းလောင်းသံတို့ တဝေဝေ ဆူညံသွားလေသည်။
ဘာကြောင့်မှန်းမသိ သူ့ဘေးပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အလွန်တရာကိုမှ နှေးကွေးသွားသလို ထိုနတ်ဆိုး ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ လက်သီးသည် သူ့လက်သီး တစ်ခုလုံးကို တစ်စစီ ဖြစ်အောင် လုပ်သွားသည်ကိုပင်လျှင် သေသေချာချာ မြင်နေရသည်။ အလွန်ကိုမှ ပြင်းထန်လှသည့် တစ်ဖက်လူ၏ လက်သီးချက်ထဲ ကိန်းအောင်းနေသည့် စွမ်းအားမှာ ထိုမျှနှင့်ပင် ရပ်တန့်နေခြင်း မရှိဘဲ သူ့လက်မောင်းတစ်လျှောက် ဆက်လက်စီးဝင်လာခဲ့ပြီးသည့်နောက် ရင်ဘတ်ထိတိုင် ရောက်ရှိလာခဲ့သည်။
ထို့နောက် ဘုန်းခနဲ မြည်သံနှင့်အတူ ထိုနတ်ဆိုးဘုရင် တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။ အဆင့်နိမ့်နတ်ဆိုးဘုရင်မှာ ဘာဆိုဘာမျှပင် မလုပ်လိုက်ရဘဲ ရန်ကိုင်၏ လက်သီးချက်ကြောင့် အစိတ်အစိတ် အမွှာမွှာ ဖြစ်သွားခဲ့ရလေ၏။
လူတိုင်းမှာ ထိုကိစ္စနှင့် ပတ်သက်၍ အလျင်အမီ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိပေ။
ရန်ကိုင်၏ စွမ်းရည်များကို အရင်ဦးစွာ သိအောင်လုပ်ပြီးမှ လှုပ်ရှားရန် ကြံနေကြသော ကျန်နတ်ဆိုးဘုရင်များမှာ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ အချိန်မီ အသိပြန်ဝင်လာနိုင်ခဲ့ခြင်း မရှိခဲ့။ ရန်ကိုင်မှာမူ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သွေးမြူကို ဖြတ်ကျော်၍ အခြားသော အဆင့်နိမ့်နတ်ဆိုးဘုရင်တစ်ပါးဆီသို့ ဆက်လက်ပြေးဝင်သွားသည်။
ထို့နောက်တွင် ထိုနတ်ဆိုးဘုရင်အား တစ်ချက်ပင် ကြည့်မနေတော့ဘဲ အခြားသော တတိယမြောက် အဆင့်နိမ့်
နတ်ဆိုးဘုရင်ဆီသို့ ဆက်လက်ပြေးဝင်သွားလေ၏။
လက်သီးချက်၏ စွမ်းအား ဒုတိယနတ်ဆိုးဘုရင်အပေါ်သို့ ကျရောက်သွားချိန် ထိုနတ်ဆိုးဘုရင်မှာလည်း တစ်စစီ ပေါက်ကွဲထွက်သွားခဲ့လေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လက်ကျန် နတ်ဆိုးဘုရင်များ၏ မျက်နှာ သွေးစုပ်ဖြူရော်သွားကုန်ကြလေသည်။ လက်ရှိ မြင်နေရသည်နှင့် ပတ်သက်၍ သူတို့မျက်လုံးသူတို့ မယုံကြည်နိုင် ဖြစ်နေကြလေ၏။ တစ်ခဏလေး တုံ့ဆိုင်းနေစဉ် အတောအတွင်း တတိယမြောက် နတ်ဆိုးဘုရင်သည်လည်း ရန်ကိုင်၏ လက်သီးစာမိကာ သူ့အဖော်နှစ်ဦး အနောက်သို့ လိုက်သွားခဲ့ရလေ၏။
[ပြေး]
ဤသည်မှာ အသက်ရှင်ကျန်ရစ်နေသော နတ်ဆိုးဘုရင်နှစ်ပါး၏ ခေါင်းထဲ ပေါ်လာသည့် အတွေးသာ ဖြစ်လေသည်။ သို့ပါသော်ငြား သူတို့ ထွက်မပြေးနိုင်သေးခင်မှာပင် ရန်ကိုင်သည် ထိုနတ်ဆိုးဘုရင် နှစ်ပါးအား စိုက်ကြည့်လာခဲ့ပြီး ပြုံးဖြီးပြလိုက်လေရာ နတ်ဆိုးဘုရင် နှစ်ပါးစလုံး ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့လေ၏။
ထို့နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ လေဟာနယ်နိယာမများကို အသက်သွင်းချလိုက်ရာ ထွက်ပြေးရန် ကြံနေသော နတ်ဆိုးဘုရင်နှစ်ပါးမှာ သူတို့၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် အေးခဲသွားသည့်ပမာ ခံစားလိုက်ရပြီး တုတ်တုတ်မျှပင် လှုပ်၍ မရတော့ပေ။ လှုပ်၍ မရရုံသာလျှင် မဟုတ်။ နတ်ဆိုးဘုရင် နှစ်ပါး၏ ခန္ဓာကိုယ်သည်လည်း မမြင်နိုင်သည့် ကြိုးနှစ်ချောင်း၏ ဆွဲခြင်းကို ခံနေရသည့်အလား ရန်ကိုင်ဆီသို့ အလိုလို တရွတ်တိုက် လျှောပါသွားနေလေ၏။ နတ်ဆိုးဘုရင်များ၏ မျက်လုံးများမှာ ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နေပေသည်။ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အသည်းအသန် ရုန်းကန်နေပါသော်ငြား လွတ်မြောက်နိုင်ခဲ့ခြင်း မရှိဘဲ သူတို့၏ ခန္ဓာကိုယ်များ ကြောက်မက်ဖွယ်ရာကောင်းသည့် ထိုမွန်းစတားကောင်ဆီသို့ တဖြည်းဖြည်း နီးကပ်သွားနေသည်ကိုသာ ကြည့်နေခဲ့ရလေသည်။
ရန်ကိုင်သည် သူ့လက်နှစ်ဖက်ကို အကြောအခြင် ထပ်၍ ဖြေလျှော့လိုက်သည်။ ထို့နောက်တွင် လက်နှစ်ဖက်စလုံးကို လေးကိုင်းအား ဆွဲလိုက်သည့်ပမာ နောက်သို့ အားယူလိုက်လေ၏။ ထို့နောက် အရှေ့တည့်တည့်သို့ ထိုးချလိုက်လေသည်။
ဘန်းခနဲ မြည်သံနှင့်အတူ ရန်ကိုင်၏ လက်သီးချက်နှစ်ချက်သည် နတ်ဆိုးဘုရင်နှစ်ပါးဆီသို့ တိုးဝင်သွားခဲ့လေ၏။ နတ်ဆိုးဘုရင် နှစ်ပါးထဲ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ပါး ပါနေသည့်တိုင် ထိုနတ်ဆိုးဘုရင်မှာလည်း ရန်ကိုင်၏ လက်သီးချက်လက်မှ အသက်ရှင်လွတ်မြောက်နိုင်ခဲ့ခြင်း မရှိဘဲ သွေးမြူများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့လေသည်။ ယခုဆိုလျှင် တစ်စစီ ပြန့်ကြဲနေသော သွေးစသွေးနများထဲ မည်သည့်အရာသည် မည်သည့် နတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်သလဲဆိုသည်ကိုပင် မပြောနိုင်ကြတော့ပေ။
ပွဲကြည့်စင်ပေါ်တွင် ရှိနေကြသော ထိုမြင်ကွင်းအား မြင်လိုက်ကြသည့် နတ်ဆိုးများမှာ ဝမ်းသာအားရဖြင့် အော်ဟစ်အားပေးနေကြလေသည်။ ထိုပုံမှန် မဟုတ်သည့် အခြေအနေသည် အခြားသော နတ်ဆိုးများ၏ အာရုံကို ဆွဲဆောင်သွားခဲ့ပြီး ပိုမိုများပြားသော နတ်ဆိုးများမှာ ရန်ကိုင်အား စတင်၍ အာရုံစိုက်လာကြတော့သည်။
နတ်ဆိုးအများစုမှာ ရန်ကိုင်မှ ရန်သူငါးဦးအား တစ်ကိုယ်တည်း ရှင်းပစ်သွားသည်ကို မမြင်ခဲ့ရသည့်တိုင် တိုက်ပွဲအခြေအနေသည် သွေးသံရဲရဲတိုက်ပွဲမှာ စတင်ခဲ့ပြီ ဖြစ်ကြောင်းကို ပြသနေခဲ့လေသည်။ ထိုအပြင် ရန်ကိုင် အနီးတစ်ဝိုက်ရှိ တိုက်ပွဲမှာ တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်ကြသည့် တိုက်ပွဲလည်း ဖြစ်သည့်ပုံမပေါ်။ အကြောင်းမှာ မြေပြင်အထက်တွင် အမျိုးမျိုးသော နတ်ဆိုးများ၏ အသားစအသားနများ ပြန့်ကြဲနေသည့်အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့် သေသွားသည့် နတ်ဆိုးမှာ တစ်ကောင်တည်း မဟုတ်သည်မှာ သိသာလှပေသည်။
ထိုကဲ့သို့သော နေရာမျိုးတွင် အသက်ရှင်ကျန်ရစ်နေသည့် လူတစ်ဦးသာ ရှိနေသည့်အတွက်ကြောင့် နတ်ဆိုးများစွာမှာ အံ့အားသင့်သွားခဲ့ကြလေသည်။ တကယ်တော့ ဤပြိုင်ပွဲ စသည်မှာ အသက်သုံးရှိုက်စာလောက်သာ ကြာသေးသည် မဟုတ်ပေလော။ ထိုအတောအတွင်း နတ်ဆိုးဘုရင်များစွာ မည်ကဲ့သို့များ ဤမျှ လျင်လျင်မြန်မြန် သေသွားခဲ့ရလေသနည်း။
အနည်းငယ် မေးမြန်းကြည့်ပြီးသည့်နောက်တွင် အခြေအနေကို ထိုနတ်ဆိုးများ သိသွားကြပြီး အကုန်လုံး အံ့သြသွားကုန်ကြလေသည်။ ရန်ကိုင်ကိုလည်း အထူးတလည် အာရုံစိုက်လာကြလေသည်။
အချို့သော နတ်ဆိုးများဆိုလျှင် ၎င်းတို့၏ ဝင်ခွင့်တံဆိပ်ပြားများထဲ ရန်ကိုင်ကိုပင်လျှင် စတင်စစ်ဆေးကြတော့လေသည်။ ရန်ကိုင်၏ လောင်းကြေးမှာ ဆယ်ဆတစ်ဆ ဖြစ်နေကြောင်း သိလိုက်ရသည့်နောက် အကုန်လုံး စိတ်ပျက်သွားကုန်ကြလေသည်။ ဤလူသည် ယခုမျှ အားကောင်းမှန်း ကြိုသိခဲ့မည်ဆိုလျှင် သူတို့၏ လောင်းကြေးကို ဤလူပေါ်သို့ ပုံထပ်ခဲ့ပေမည်။ အခန့်မသင့်လျှင် သူတို့အနေဖြင့် ညတွင်းချင်းပင် ချမ်းသာသွားနိုင်သေး၏။
ပြိုင်ပွဲစင်ပေါ်တွင် ရှိနေသော ရှောင်ဝူမှာတော့ တုန်တုန်ယင်ယင်ဖြင့် သူမ၏ မျက်လုံးလေးများကို လက်ဖြင့် အုပ်ထားခဲ့သည်။ သူမအနေဖြင့် သွေးပြိုင်ကွင်းထဲရှိ တိုက်ပွဲအား မကြည့်ရဲခဲ့ပေ။ ရန်ကိုင်သည်သာ ဤနေရာ၌ သေသွားခဲ့မည်ဆိုလျှင် သူမ လုံးဝကို ကံဆိုးမိုးမှောင်ကျပေလိမ့်မည်။ ရန်ကိုင် သေသွားပြီးသည့်နောက် သူမ အကောင်းဆုံး မျှော်လင့်၍ ရသည့် အရာမှာ မြန်မြန်ဆန်ဆန် အသတ်ခံလိုက်ရခြင်းပင်။ သို့ပါသော်ငြား ဖြစ်နိုင်ခြေ အများစုမှာတော့ သူမ၏ ဝိညာဉ် ဆွဲထုတ်ခံရပြီး နေ့ရောညပါ မခံစားနိုင်အောင် နှိပ်စက်ခံရမည့် အဖြစ်မျိုးသာ ဖြစ်လေသည်။
အော်ဟစ်သံများ ထွက်ပေါ်လာနေသည့်တိုင် ရှောင်ဝူမှာ သူမ၏ လက်ကလေးကို မဖယ်ရဲခဲ့ပေ။
ရုတ်တရက် လက်တစ်ဖက်သည် သူမ၏ ပခုံးလေးကို အသာအယာ လာပုတ်လေသည်။ သူမ အနောက်တွင် ထိုင်နေသည့် နတ်ဆိုးတစ်ကောင်သည် ရှောင်ဝူအား ကြည့်ကာ ပြောလိုက်လေ၏။ "ဟေ့၊ နင့်ဆရာ မသေသေးဘူး"
"မသေသေးဘူးလား" ရှောင်ဝူ ကြောင်သွားခဲ့ပြီး သူမ၏ လက်ကလေးကို ဖြည်းဖြည်းချင်းဖယ်၍ ကြည့်လိုက်သည်။ ရန်ကိုင်မှာ ထိုနေရာတွင် လုံလုံခြုံခြုံနှင့်သာ ရှိနေသေးပါသော်ငြား သူ့အား ဝန်းရံထားသည့် နတ်ဆိုးဘုရင် အားလုံးမှာတော့ ပျောက်ကွယ်သွားကုန်ကြလေသည်။
[အဲဒီနတ်ဆိုးဘုရင်တွေ ဘယ်ရောက်သွားတာလဲ] တိုက်ပွဲမစခင်က ရန်ကိုင် ဘေးနားတွင် နတ်ဆိုးဘုရင် ငါးပါး ရှိနေသည်မှာ လုံးဝကို သေချာပေသည်။ ထိုအကြောင်းကြောင့် ထိုနတ်ဆိုးဘုရင် ငါးပါး ရုတ်တရက် ပျောက်သွားသည့်အပေါ် ရှောင်ဝူမှာ ရုတ်တရက် ဇဝေဇဝါဖြစ်နေခြင်း ဖြစ်လေ၏။
ရှောင်ဝူ နားမလည်နိုင်သည်ကို သဘောပေါက်သည့်အလား သူမ အနောက်တွင် ရှိနေသော နတ်ဆိုးက ရှင်းပြလိုက်လေသည်။ "သူတို့ အကုန်လုံးကို နင့်ဆရာ သတ်သွားတာ"
ရှောင်ဝူမှာ ပိုလို့ပင် အံ့အားသင့်သွားတော့သည်။ ထိုနတ်ဆိုး ငါးကောင်မှာ သာမန်နတ်ဆိုးများ မဟုတ်ကြဘဲ နတ်ဆိုးဘုရင်များ ဖြစ်ကြသည်။ ထိုသို့ဖြစ်လေရာ သူမ၏ ဆရာသည် ထိုနတ်ဆိုးဘုရင်များကို မည်သို့များ ဤမျှ မြန်မြန်ဆန်ဆန် သတ်ပစ်နိုင်ရလေသနည်း။ ထို့နောက်တွင် ရှောင်ဝူမှာ သူမ အနောက်တွင် ထိုင်နေသော နတ်ဆိုးဘက်သို့ ထိတ်လန့်တကြားဖြင့် လှမ်း၍ ကြည့်လိုက်လေ၏။ သူမ ဆရာမှ နတ်ဆိုးဘုရင် ငါးပါးအား အလွယ်တကူ သတ်လိုက်သည့်အပေါ် ရှောင်ဝူမှာ အမှန်တကယ်ကို မယုံကြည်နိုင် ဖြစ်နေလေသည်။
ရှောင်ဝူ၏ အနောက်တွင် ရှိနေသော နတ်ဆိုးမှာ နတ်ဆိုးဗိုလ်ချုပ်မှူးသာ ဖြစ်လေသည်။ ရှောင်ဝူ မျက်နှာအထက်ရှိ အမာရွတ်များကို မြင်လိုက်သော် ထိုနတ်ဆိုး အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးသည့်နောက် ပြုံး၍ ပြန်မေးလိုက်လေ၏။ "နင့်ဆရာ ဘယ်ကနေ လာတာလဲ၊ သူ့ကြည့်ရတာ တော်တော် အားကောင်းတဲ့ပုံပဲ"
ရှောင်ဝူမှာမူ ထိုမေးခွန်းကို ပြန်မဖြေချင်သည့်အလား ခေါင်းသာခါပြနေခဲ့သည်။
ထိုအခါ ထိုနတ်ဆိုးသည် ခေါင်းစဉ်ပြောင်း၍ မေးလိုက်သည်။ "နင့်ဆရာ အဆုံးထိ တောင့်ခံနိုင်မယ်လို့ ထင်လား"
"ကျွန်မ မသိဘူး"
"သူ အဆုံးထိ တောင့်ခံနိုင်ဖို့ ငါမျှော်လင့်တယ်" နတ်ဆိုးဗိုလ်ချုပ်မှူးသည် ရန်ကိုင်အား တောက်ပသည့် အကြည့်ဖြင့် စိုက်ကြည့်နေရင်းမှ ပြောလိုက်သည်။ "သူသာ အဆုံးထိ တောင့်ခံနိုင်မယ်ဆိုရင် ဒီနေ့က ငါ့ရဲ့ ကံကောင်းတဲ့နေ့ပဲ"
ရှောင်ဝူ မျက်မှောင်ကြုတ်သွားခဲ့သည်။ "ဘာဖြစ်လို့လဲ"
နတ်ဆိုးဗိုလ်ချုပ်မှူးသည် ယဲ့ယဲ့လေး ရယ်သွမ်းသွေးရင်းမှ... "ဘာဖြစ်လို့လဲဆိုတာ ငါ သူ့အပေါ် နတ်ဆိုးသလင်းကျောက် နှစ်သန်း လောင်းထားတယ်လေ"
[အဲဒါကြောင့်ကိုး] ရှောင်ဝူ ဆွံ့အသွားတော့လေသည်။ ဤနတ်ဆိုး သူမ ဆရာအပေါ် ထိုမျှ ဂရုစိုက်နေသည်မှာ အဆန်းမဟုတ်တော့။ အကြောင်းမှာ သူမ ဆရာပေါ်တွင် လောင်းကြေးထပ်ထားသည့် အတွက်ကြောင့်ပင်ကိုး။ သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် ဤနတ်ဆိုးသည် သူမ ဆရာနှင့် သူမ ပြောနေသည်ကို ကြားခဲ့ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် သူမ ဆရာအပေါ် လောင်းကြေးထပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လောက်သည်။ ထိုသို့သာမဟုတ်ပါက လောင်းကြေးမှာ ထိုမျှ ထူးဆန်းနေလေရာ မည်ကဲ့သို့များ နတ်ဆိုးဗိုလ်ချုပ်မှူး တစ်ဦးသည် သူမ၏ ဆရာအပေါ် ထိုမျှ များပြားလှသော ပမာဏကို လောင်းကြေးထပ်ပါမည်နည်း။
နတ်ဆိုးသည်သာ လောင်းကြေးအား အနိုင်ရသွားခဲ့မည်ဆိုလျှင် နှစ်သန်းမှ တစ်ဆင့် နတ်ဆိုးသလင်းကျောက် သန်းနှစ်ဆယ် ရသွားလိမ့်မည်။ ထိုပမာဏသည် ဘုရင်အဆင့်နတ်ဆိုးမှော်ရတနာ များစွာကို ဝယ်ယူဖို့ရာ လုံလောက်ပေ၏။ နတ်ဆိုးဗိုလ်ချုပ်မှူး တစ်ပါးအတွက်မူ ထိုပမာဏသည် အလွန်တရာကိုမှ များပြားလှသည့် ပမာဏ ဖြစ်လေ၏။
ရှောင်ဝူ၏ ခန့်မှန်းချက်မှာ တကယ်ကို မှန်ပေသည်။ ဤနတ်ဆိုးဗိုလ်ချုပ်မှူးမှာ ရန်ကိုင်နှင့် ရှောင်ဝူတို့ ပြောနေသည်ကို ကြားသွားခဲ့ပြီးသည့်နောက် ရန်ကိုင်အပေါ်တွင် လောင်းကြေးထပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လေသည်။ သူ့အမြင်အရ ရန်ကိုင်သည် သူ့ကိုယ်သူ သန်းတစ်ရာ လောင်းကြေးထပ်ရဲလေရာ ဤပြိုင်ပွဲကို နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည့်အတွက်ကြောင့်သာလျှင် ဖြစ်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့် နတ်ဆိုးဗိုလ်ချုပ်မှူးသည်လည်း ရန်ကိုင် အပေါ် ပြတ်ပြတ်သားသားကို လောင်းပစ်ခဲ့ခြင်း ဖြစ်လေ၏။
မူလကမူ သူ မဆင်မခြင် နိုင်သွားလေသလားဟု စိတ်ပူမိခဲ့သေးသည်။ တကယ်တော့ ဆယ်ဆတစ်ဆ လောင်းကြေးဆိုသည်မှာ အလွန်တရာကိုမှ များပြားလွန်းနေသည် မဟုတ်ပေလော။ သွေးပြိုင်ကွင်းသည် ဤကဲ့သို့သော လောင်းကြေးမျိုးကို ရန်ကိုင်အား ပေးရဲသည့်အတွက်ကြောင့် ဤပြိုင်ပွဲတွင် ရန်ကိုင် အသက်ရှင်လိမ့်မည် မဟုတ်ဟု တထစ်ချ ယုံကြည်နေသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
သို့ပါသော်ငြား ရန်ကိုင်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို မြင်လိုက်ပြီးသည့်နောက် နတ်ဆိုးဗိုလ်ချုပ်မှူးမှာ ဝမ်းသာအားရ အော်ဟစ်ရယ်မောတော့လေသည်။
ဤကဲ့သို့သော ခွန်အားမျိုးနှင့်သာဆိုပါက မည်သည့် နတ်ဆိုးဘုရင်မျှ ရန်ကိုင်၏ ပြိုင်ဘက် ဖြစ်နိုင်တော့လိမ့်မည် မဟုတ်ပေ။
အထွဋ်အထိပ်သိုင်းဧကရာဇ်