← Chapters

အခန်း ၃၄၄၈

Vol. 152 Ch. 3448

အခန်း ၃၄၄၈

Vol. 152 Ch. 3448

အပိုင်း (၃၄၄၈)

ဘာသာပြန်သူ_တိမ်တိုက်

သွေးပြိုင်ကွင်းထဲဝယ် ရန်ကိုင်မှာ သူ့ခြေထောက်အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ့ခြေကျင်းဝတ်အား လှမ်းဆွဲရန် ကြံနေသော ပိန်လှီခြောက်သွေ့နေသည့် နတ်ဆိုးချီတို့ဖြင့် ရစ်သိုင်းနေသည့် လက်ကြီးတစ်ဖက်ကို တွေ့လိုက်ရလေသည်။ သို့ပါသော်ငြား လက်ပိုင်ရှင်မှာ တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိသွားသည့်အလား ရန်ကိုင်ခြေထောက်အား လှမ်းဖမ်းမဆွဲခဲ့ဘဲ ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်နေလေ၏။

ရန်ကိုင်မှ ထိုလက်အား ငုံ့ကြည့်လာချိန် ထိုလက်သည် ချက်ချင်းပဲ မြေကြီးထဲသို့ လျှိုဝင်ပျောက်ကွယ်သွားခဲ့လေသည်။

ထိုအချင်းအရာကို မြင်သည့်အခါ ရန်ကိုင်သည် ပြုံးဖြီး၍ မြေပြင်အား ခြေထောက်ဖြင့် ဆောင့်ချလိုက်လေသည်။

“ခရက်…”

ရန်ကိုင်ခြေထောက်အောက်ရှိ မြေပြင်မှာ ရုတ်တရက်ဆိုသလို နှစ်ပိုင်းကွဲထွက်သွားခဲ့လေသည်။ တစ်ချိန်တည်း၌ ငြီးသံတစ်သံနှင့်အတူ မြေပြင်ထဲမှ ပိန်လှီနေသည့် ပုံရိပ်တစ်ခု ကောင်းကင်ပေါ်သို့ အက်ကြောင်းထဲမှ ပျံထွက်လာခဲ့လေ၏။ ထိုပုံရိပ်တစ်ခုလုံးကို သဲနှင့်ဖုန်များမှ လွှမ်းခြုံထားခဲ့လေသည်။

ထိုအရာမှာ အခြားမဟုတ်။ သဲနတ်ဆိုးသာ ဖြစ်လေသည်။ သဲနတ်ဆိုး မည်သည့်အချိန်တည်းက ရန်ကိုင်ခြေထောက်အောက်၌ ပုန်းနေသလဲဆိုသည်ကို မသိရပါသော်ငြား ထိုနတ်ဆိုးဘုရင်မှာ ရန်ကိုင်အား အလစ်အငိုက် ချောင်းတိုက်ရန် ပြင်ဆင်နေသည့်ပုံပင်။ သို့ပါသော်ငြား ရန်ကိုင်မှ နတ်ဆိုးဘုရင်ငါးပါးစလုံးအား အလွန်လျင်မြန်စွာ သတ်ပစ်ခဲ့သည့်အတွက်ကြောင့် ထိုသဲနတ်ဆိုးဘုရင်မှာ ရန်ကိုင်အပေါ် လှုပ်ရှားရန် အခွင့်အရေးရမသွားခဲ့ပေ။ ယခု မြေကြီးထဲကပါ ထွက်လာရပြီဖြစ်သည့်အတွက်ကြောင့် သဲနတ်ဆိုးမှာ ၎င်း၏ အကြီးမားဆုံးသော အားသာချက်ကို ဆုံးရှုံးလိုက်ရလေပြီ။

ထိုအကြောင်းကြောင့် သဲနတ်ဆိုးမှာ ရန်ကိုင်အား တိုက်ခိုက်ရန် ကြံမနေတော့ဘဲ သွေးရူးသွေးတန်းဖြင့်သာ ထွက်ပြေးရန် ကြိုးစားတော့လေ၏။ ထိုသို့ထွက်ပြေးနေရင်းမှ သဲနတ်ဆိုး၏ဘေးပတ်ပတ်လည်ရှိ သဲများမှာ ဝဲကတော့ကြီးပမာ စတင်၍ လည်ပတ်လာခဲ့လေသည်။ ထို့နောက်တွင် နတ်ဆိုးချီ၏ လွှမ်းမိုးမှုကြောင့် ထိုသဲများမှာ တစ်စုတစ်ဝေးတည်း စုဝေးသွားခဲ့ကြပြီး မရေမတွက်နိုင်သော သဲကျောက်တုံးများအသွင်သို့ ပြောင်းသွားခဲ့လေ၏။ တစ်ခဏအကြာတွင် ကောင်းကင်တစ်ခွင်လုံးကို ထိုသဲကျောက်တုံးများမှ လွှမ်းခြုံသွားခဲ့လေသည်။ သဲကျောက်တုံးများသည် နတ်ဆိုးဗိုလ်ချုပ်မှူးတစ်ဦး၏ အစွမ်းကုန်တိုက်ကွက်တစ်ခုပမာ အားကောင်းလွန်းလှလေရာ မရေမတွက်နိုင်သော သဲကျောက်တုံးများ အတူတကွစုဝေးကာ တိုက်ခိုက်လာသည့်အခါတွင် နတ်ဆိုးဘုရင်များသည်ပင်လျှင် ပြန်လည်ဆုတ်ခွာသွားရနိုင်သည်။

“ရွှစ် ရွှစ် ရွှစ်…”

သဲကျောက်တုံးများမှာ မိုးသီးမိုးပေါက်များ ကြွေကျလာသည့်ပမာ ရန်ကိုင်ဆီသို့ စုပြုံ၍ တိုးဝင်လာခဲ့လေသည်။

နောက်ဘက်ဆီမှ သဲကျောက်တုံးများ လေခွင်းသွားနေသည့်အသံသည်သာ ထွက်ပေါ်လာသည့်အတွက်ကြောင့် သဲနတ်ဆိုးမှာ ပျာယီးပျာယာအမူအယာဖြင့် နောက်သို့ အလျင်စလို ပြန်လှည့်ကြည့်လိုက်သည်။ သို့ပါသော်ငြား သူ့နောက်တွင် မည်သူမျှ မရှိသည့်အတွက်ကြောင့် သဲနတ်ဆိုး မျက်မှောင်ကျုံ့သွားခဲ့လေ၏။

သဲနတ်ဆိုး ဇဝေဇဝါဖြစ်နေစဉ်မှာပင် ခြောက်ခြားဖွယ်အရှိန်အဝါတစ်ရပ် သူ့ရှေ့တည့်တည့်၌ ရုတ်တရက်ပေါ်လာပြီး သူ့လမ်းအား ပိတ်သွားခဲ့လေသည်။

သဲနတ်ဆိုး အံ့အားသင့်သွားခဲ့ပြီး အလျင်စလို ရှေ့သို့လှည့်ကြည့်လိုက်ရာ သူ့နောက်တွင် ရှိနေသင့်သောရန်ကိုင်သည် မည်သည့်အချိန်တည်းကမှန်းမသိ သူ့ရှေ့သို့ ရောက်နေပြီး လှောင်ပြုံးပြုံးကာ သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

(ဘယ်ချိန်တည်းကလဲ…) သဲနတ်ဆိုးအတွက် စဉ်းစားနေရန် အချိန်မရှိပေ။ သဲနတ်ဆိုးမှာ မသိစိတ်အတိုင်း ချက်ချင်းပဲ ရပ်၍ အခြားလမ်းကြောင်းတစ်ခုဆီသို့ ထွက်ပြေးရန် ကြိုးစားလိုက်လေသည်။

ရန်ကိုင်မှာမူ သူ့လက်ကို အသာအယာဆန့်ထုတ်၍ လက်ချောင်းများကို ဖျစ်ညှစ်ချလိုက်ရာ ထွက်ပြေးရန်ကြံနေသော သဲနတ်ဆိုးမှာ သူ့လည်ပင်းအား တစ်စုံတစ်ဦးမှ ဆွဲညှစ်ထားသလို ခံစားမိလိုက်ရပြီးသည့်နောက် အသက်ရှူရ ခက်ခဲလာတော့လေသည်။ ဆက်၍လည်း မပြေးနိုင်တော့ဘဲ လေပေါ်တွင်သာ ဝဲနေရင်းမှ ရန်ကိုင်ဆီသို့ အလိုလို မျောပါသွားတော့လေ၏။

သဲနတ်ဆိုးမှာ အသည်းအသန်ရုန်းကန်နေပါသော်ငြား သူ့ကိုယ်ထဲသို့ စီးဝင်လာနေသည့် ဧကရာဇ်ချီများကို ခုခံနိုင်စွမ်း မရှိခဲ့ပေ။

“မင်း…” ယခုအခါမှသာလျှင် ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို သဲနတ်ဆိုး သဘောပေါက်သွားခဲ့သလို ရန်ကိုင်သည် နတ်ဆိုးတစ်ကောင်မဟုတ်ဘဲ လူသားတစ်ဦးဖြစ်ကြောင်းကိုလည်း သဘောပေါက်သွားတော့သည်။ အကြောင်းမှာ သူ့ကိုယ်ထဲသို့ စီးဝင်လာနေသည့် အရာမှာ နတ်ဆိုးချီမဟုတ်ဘဲ ဧကရာဇ်ချီဖြစ်နေသည့်အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့် သဲနတ်ဆိုးမှာ ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိလေ၏။

(ဒီကောင် လူရောဟုတ်ရဲ့လား…)

သဲနတ်ဆိုး ထိုကဲ့သို့ တွေးပြီးပြီးချင်းမှာပင် သူ့ကိုယ်ထဲသို့ စီးဝင်လာနေသော စွမ်းအားသည် သူ့ခန္ဓာကိုယ်အား စတင်တိုက်စားကာ ဖျက်ဆီးပစ်တော့လေသည်။ တစ်ခဏအကြာ၌ သဲနတ်ဆိုး၏ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲထွက်သွားတော့လေသည်။

တဒင်္ဂလေးအတွင်းမှာပင် ရန်ကိုင်လက်ချက်ကြောင့် နတ်ဆိုးဘုရင်ခြောက်ပါး သေဆုံးသွားခဲ့ရသည်။

တစ်ခုခုအား အာရုံခံမိလိုက်သည့်အလား ရန်ကိုင်သည် တစ်ခုသောအရပ်ဆီသို့ လှမ်း၍ကြည့်လိုက်လေသည်။

ရန်ကိုင်စိုက်ကြည့်ရာအရပ်တွင် ရှိနေသော တောင်တစ်လုံးထိပ်ပေါ်၌ ပုံရိပ်တစ်ခုသည် ထိုနေရာတွင် ငြိမ်သက်စွာရပ်၍ ရန်ကိုင်အား ကြည့်နေခဲ့လေသည်။

ရန်ကိုင် ဇဝေဇဝါဖြစ်သွားခဲ့လေ၏။

(ဘာကြီးလဲဟ… နောက်ဆုံးဆုက လီရှီချင်းလေ… အဲ့ဒါကို ဘယ်လိုလုပ်ပြီး နတ်ဆိုးဘုရင်မတစ်ယောက်က လာပြိုင်နေရတာလဲ… ဘာလဲ… ဒီနတ်ဆိုးဘုရင်မက မိန်းမအချင်းချင်းကြိုက်တာလား…)

ထိုနတ်ဆိုးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုနတ်ဆိုးမသည် ငှက်မွေးနတ်ဆိုးမှန်း ရန်ကိုင်သဘောပေါက်သွားခဲ့သည်။ အကြောင်းမှာ ထိုအမျိုးသမီး၏နောက်ဘက်တွင် တောင်ပံတစ်စုံရှိနေသည့်အတွက်ကြောင့်ပင်။ ရန်ကိုင်မှ ထိုအမျိုးသမီးအား ပြုံးပြလိုက်ပါသော်ငြား ထိုနတ်ဆိုးဘုရင်မမှာ အနည်းငယ်ကြောက်ရွံ့နေသည့်ပုံစံမျိုးဖြင့် လှည့်ထွက်သွားခဲ့လေ၏။

ရန်ကိုင်မှ နတ်ဆိုးဘုရင်ခြောက်ပါးအား သတ်ပစ်ခဲ့သလဲဆိုသည်ကို သူမ မြင်တွေ့ခဲ့ရလောက်ပေသည်။ ထိုအကြောင်းကြောင့်သာလျှင် ရန်ကိုင်အား အန္တရာယ်များသည့် ရန်သူတစ်ဦးအဖြစ် သတ်မှတ်ခဲ့ကာ ရန်ကိုင်နှင့်ရင်မဆိုင်ဘဲ လှည့်ထွက်သွားခဲ့ခြင်းသာ ဖြစ်လေ၏။

ပွဲကြည့်စင်ပေါ်တွင် ထိုင်နေသည့် ရှောင်ဝူမှာမူ ရန်ကိုင်ကိုကြည့်ရင်း အံ့ဩတကြီးဖြင့် သူမ၏ပါးစပ်ကလေးကို လက်ဖြင့် အုပ်ထားခဲ့လေသည်။

ရန်ကိုင်မှာ နတ်ဆိုးဘုရင်ငါးပါးအား မည်ကဲ့သို့ သတ်ပစ်ခဲ့သလဲဆိုသည်ကို သူမ မတွေ့ခဲ့ရပါသော်ငြား ရန်ကိုင်မှာ သဲနတ်ဆိုးအား မည်ကဲ့သို့ သတ်ပစ်သွားသလဲဆိုသည်ကိုတော့ သူမ သေချာမြင်ခဲ့ရပေသည်။ သဲနတ်ဆိုးသည် နတ်ဆိုးဘုရင်တစ်ပါးပင် ဖြစ်လင့်ကစား ရန်ကိုင်ရှေ့မှောက်ဝယ် သုံးနှစ်သားကလေးတစ်ဦးပမာ လုံးဝကို ကူကယ်ရာမဲ့နေခဲ့ရသည်။

ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် ရှောင်ဝူမှာ ရန်ကိုင်အပေါ် ယုံကြည်ချက်ပိုရှိလာတော့လေသည်။ ရန်ကိုင်အနေဖြင့် ဤပြိုင်ပွဲပြီးဆုံးသည်အထိ အသက်ရှင်ဖို့ရာ မဖြစ်နိုင်သည်မဟုတ်တော့ပေ။ တစ်ချိန်တည်းတွင်လည်း ရန်ကိုင်အား သေသေချာချာ စတင်အာရုံစိုက်တော့လေ၏။ သူမ၏နောက်တွင် နတ်ဆိုးဗိုလ်ချုပ်မှူးမှာမူ သည်းလှိုက်အူလှိုက်ရယ်မောရင်းမှ “ကြည့်… နင့်ဆရာက အရမ်းအားကောင်းလွန်းတယ်… ငါ သူ့ဘက်ကနေ လောင်းလိုက်တာ တကယ်ကိုမမှားဘူး…”

ဤပြိုင်ပွဲအား ကျင်းပဖို့ရာအတွက် သွေးပြိုင်ကွင်း၏တာဝန်ရှိသူများသည် ပြိုင်ကွင်း၏အရွယ်အစားကို တိုးချဲ့ခဲ့သည့်ပုံပင်။ ထိုအကြောင်းကြောင့် ယခုတစ်ကြိမ်ပြိုင်ကွင်းမှာ ယခင်ပြိုင်ကွင်းများထက် ပို၍ အရွယ်အစားကြီးမားနေခဲ့သည်။ နတ်ဆိုးဘုရင်ခြောက်ပါးကို သတ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် သွေးပြိုင်ကွင်းထဲ လှည့်ပတ်သွားတော့လေသည်။

ရန်ကိုင်သည် လီရှီချင်းကို ရယူလိုခြင်း ဖြစ်သည့်အတွက်ကြောင့် ပြိုင်ကွင်းထဲတွင် ရှိနေသော နတ်ဆိုးမှန်သမျှ သူသတ်ပစ်ရမည့် ရန်သူတစ်ဦးသဖွယ် သဘောထားထားလေသည်။

အခြားသောနတ်ဆိုးဘုရင်များနှင့်ယှဉ်လိုက်သော် ရန်ကိုင်ပုံစံမှာ အန္တရာယ်မရှိသည့်ပုံစံမျိုး ပေါက်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ အခြားသောနတ်ဆိုးဘုရင်များ၏ ပစ်မှတ် ဖြစ်လာခဲ့ရလေသည်။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်အား လာစိန်ခေါ်သည့် နတ်ဆိုးအားလုံး ချွင်းချက်မရှိ အသတ်ခံခဲ့ရလေ၏။

ပထမဦးဆုံးသတ်ပစ်ခဲ့သည့် နတ်ဆိုးဘုရင်ခြောက်ပါးအပြင် ရန်ကိုင်သည် နောက်တစ်နာရီအတွင်း နောက်ထပ်နတ်ဆိုးဘုရင်ရှစ်ပါးကိုပါ ထပ်မံသတ်ပစ်ခဲ့လေသည်။

ထိုအကြောင်းကြောင့် ပြိုင်ကွင်းအတွင်း ရန်ကိုင်လက်ချက်ကြောင့် သေခဲ့ရသည့် နတ်ဆိုးဘုရင်အရေအတွက်မှာ ဆယ်ပါးကျော်သွားခဲ့လေပြီ။

ဤသည်မှာ ကြောက်မက်ဖွယ်ရာပမာဏဖြစ်ပေသည်။ ပြိုင်ကွင်းတွင် ပါဝင်ယှဉ်ပြိုင်နေသည့် လူအရေအတွက်မှာ ခုနှစ်ဆယ်မှ ရှစ်ဆယ်ကြားသာရှိသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်၏စွမ်းဆောင်ရည်သည် ပွဲကြည့်စင်ပေါ်တွင် ရှိနေသော မရေမတွက်နိုင်သည့် နတ်ဆိုးများ၏အာရုံကို ဖမ်းစားသွားခဲ့လေသည်။ အကုန်လုံးမှာ ရန်ကိုင်အား တစ်ခါမျှ မမြင်ဖူးသည့်အတွက်ကြောင့် ရန်ကိုင် မည်သည့်နေရာမှလာသလဲ စသဖြင့် စတင်၍ မေးမြန်းစုံစမ်းကြတော့လေသည်။

နတ်ဆိုးများစွာမှာတော့ ရန်ကိုင်မှ ထိုပုံစံအတိုင်း နတ်ဆိုးဘုရင်များကို ထပ်သတ်ပြဖို့ရာ မျှော်လင့်နေရင်းမှ ရန်ကိုင်အား အားပေးနေကြလေသည်။

ထိုလူများမှာ အခြားမဟုတ်ကြ။ ရန်ကိုင်အပေါ် လောင်းကြေးထပ်ထားသည့် နတ်ဆိုးများသာ ဖြစ်ကြလေသည်။ ရှောင်ဝူ၏နောက်တွင်ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူးသည် ထိုကဲ့သို့သောနတ်ဆိုးများအနက် တစ်ဦးဖြစ်ပေသည်။ နတ်ဆိုးများစွာသည် ညတွင်းချင်း ချမ်းသာလိုကြသည်။ လောင်းကြေးအနေအထားအရ ရန်ကိုင်နှင့် ရူးမိုက်သောနတ်ဆိုးဗိုလ်ချုပ်မှူးများကိုသာ ဆယ်ဆတစ်ဆ ပေးထားခဲ့လေသည်။ ထိုနတ်ဆိုးဗိုလ်ချုပ်မှူးများသည် ကျိန်းသေ အားကိုး၍မရ။ သို့ပါသော်ငြား ရန်ကိုင်သည် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည့်အတွက်ကြောင့် သူ့အပေါ် လောင်းကြေးထပ်လိုက်၍တော့ မမှားချေ။

ဤသောင်းနှင့်ချီသော ပွဲကြည့်စင်ပေါ်ရှိ နတ်ဆိုးများအနက် အနည်းဆုံး တစ်ထောင်လောက်မှာ ရန်ကိုင်အပေါ် လောင်းကြေးထပ်ထားသည်ဟုပင် ပြော၍ရပေသည်။ ထိုအကြောင်းကြောင့် ထိုထောင်နှင့်ချီသောလူများမှာ ရန်ကိုင်အပေါ် အထူးတလည် အာရုံစိုက်နေကြလေသည်။

နှစ်နာရီခန့် ကြာသွားပြီးသည့်နောက် ပြိုင်ကွင်းထဲရှိ ဝင်ရောက်ယှဉ်ပြိုင်နေသည့် နတ်ဆိုးများအနက် တစ်ဝက်လောက်သည်သာ အသက်ရှင်ကျန်ရစ်တော့လေသည်။

ထိုအသက်ရှင်ကျန်ရစ်နေသည့် နတ်ဆိုးများတွင် ကိုယ်ပိုင်အသက်ကယ်ဝှက်ဖဲများ ရှိနေကြသလို ထိုလူများသည် သေဆုံးသွားသည့်လူများထက် ပိုမိုအားကောင်းကြသည့် နတ်ဆိုးများလည်း ဖြစ်ကြသည်။

“ဟမ်… အဲ့ကောင်တွေ ဘာလုပ်နေကြတာလဲ…” ရှောင်ဝူနောက်တွင်ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူးသည် တစ်ခုခုအား သတိထားမိသွားသည့်အလား တစ်ခုသောအရပ်ဆီသို့ အံ့အားသင့်တကြီးအမူအယာဖြင့် ကြည့်နေခဲ့လေသည်။

ထိုနတ်ဆိုးဗိုလ်ချုပ်မှူး၏ ပြောစကားကိုကြားသော် ရှောင်ဝူလည်း လှမ်း၍ကြည့်လိုက်ရာ မကြာမီ တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိသွားခဲ့လေသည်။

ယခင်က ရန်ကိုင်ကိုသာ အာရုံစိုက်နေခဲ့သည့်အတွက်ကြောင့် အခြားသောနတ်ဆိုးဘုရင်များ ဘာလုပ်နေသလဲဆိုသည်ကို မသိခဲ့ပေ။ ယခု သူမနောက်ရှိ နတ်ဆိုးဗိုလ်ချုပ်မှူးပြောမှသာလျှင် ကြည့်ကြည့်မိလိုက်လေရာ ပြိုင်ကွင်းအတွင်း၌ နတ်ဆိုးဘုရင်များစွာသည် အတူတကွစုဝေး၍ ဆွေးနွေးတိုင်ပင်နေသည်ကို တွေ့ရှိလိုက်ရလေသည်။

(သွေးပြိုင်ကွင်းထဲမှာ ဒီလိုမျိုး ဆွေးနွေးတာတွေလည်း ရှိသေးတယ်ပေါ့…) ရှောင်ဝူ အံ့အားသင့်သွားခဲ့လေသည်။ ဤသည်မှာ သူမအတွက် သွေးပြိုင်ကွင်းဆီသို့ ပထမဦးဆုံးအကြိမ် လာဖူးခြင်း ဖြစ်သည့်အတွက်ကြောင့် ဤနေရာရှိ စည်းမျဉ်းစည်းကမ်းများနှင့် အလေ့အထများကို နားမလည်ပေ။ ထိုအကြောင်းကြောင့် သူမနောက်တွင် နတ်ဆိုးဗိုလ်ချုပ်မှူးဘက်သို့ လှည့်၍သာ မေးလိုက်ရလေ၏။ “သူတို့ အဖွဲ့ဖွဲ့ထားတာလား… အဲ့လိုမျိုးရော လုပ်လို့ရတာလား…”

နတ်ဆိုးဗိုလ်ချုပ်မှူးက ပြုံး၍ “ဒီပြိုင်ပွဲမှာ ဘာစည်းမျဉ်းစည်းကမ်းမှ မရှိဘူးလေ… နောက်ဆုံးအထိအသက်ရှင်နိုင်ရင် အကုန်အဆင်ပြေပြီ… ဒါပေမယ့်…”

“ဒါပေမယ့် ဘာလဲ…”

“သူတို့ အဖွဲ့ဖွဲ့ထားတဲ့လူအရေအတွက်က အရမ်းများလွန်းနေတာပဲ…” နတ်ဆိုးဗိုလ်ချုပ်မှူး မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ယခင်က တစ်ကြိမ်တစ်ခါမျှ ဤကဲ့သို့ မဖြစ်ခဲ့ဖူးပေ။ လူပေါင်းများစွာ တိုက်ခိုက်ရာတွင် အချို့မှာ အချင်းချင်း အဖွဲ့ဖွဲ့၍ တိုက်ခိုက်ကြသည်မှာ အဆန်းတော့မဟုတ်။ ထိုကဲ့သို့သောလူများသည် အတူတကွ ပူးပေါင်း၍ အခြားသောပြိုင်ဘက်များကို ရှင်းပစ်ပြီးသည့်နောက်မှသာလျှင် ယင်းတို့ဘာသာ အချင်းချင်း ပြန်လည်ပြိုင်ဆိုင်တတ်ကြပေသည်။

ပုံမှန်အားဖြင့် အဖွဲ့ဖွဲ့သည့် လူအရေအတွက်မှာလည်း နှစ်ယောက်သုံးယောက်လောက်သာ ရှိကြသည်။ လေးယောက်ဆိုလျှင်ပင် အတော်လေးများနေပြီဟု ပြော၍ရပေသည်။ သို့ပါသော်ငြား လက်ရှိ သွေးပြိုင်ကွင်းထဲ အဖွဲ့ဖွဲ့ထားသည့် နတ်ဆိုးအရေအတွက်မှာ သုံးလေးယောက်ပင်မဟုတ်ဘဲ ခုနှစ်ယောက်ရှစ်ယောက်ခန့် ဖြစ်နေလေသည်။

“ဟိုမှာ… အခြားနတ်ဆိုးတစ်ကောင် အဲ့လမ်းအတိုင်းသွားနေတယ်…” ရှောင်ဝူသည် တစ်ခုသောနေရာဆီသို့ လှမ်း၍ညွှန်ပြလိုက်သည်။

နတ်ဆိုးဗိုလ်ချုပ်မှူးသည်လည်း ရှောင်ဝူညွှန်ပြနေရာဆီသို့ လှမ်းကြည့်လိုက်ရာ နတ်ဆိုးဘုရင်တစ်ပါးသည် နတ်ဆိုးဘုရင်များ အတူတကွ စုဝေးနေသည့်နေရာဆီသို့ အရှိန်ကုန်တင်ကာ သွားနေကြောင်း တွေ့လိုက်ရလေသည်။ မကြာမီ ထိုအဖွဲ့နားဆီသို့ ရောက်လာပြီး ထိုအဖွဲ့နှင့်အတူ အတူတကွ ပူးပေါင်းလိုက်လေ၏။

(သူတို့ ဘာလုပ်နေကြတာလဲ…) နတ်ဆိုးဗိုလ်ချုပ်မှူး ဇဝေဇဝါဖြစ်နေခဲ့လေသည်။ (အဖွဲ့လိုက်ပူးပေါင်းမယ်ဆိုရင်တောင် ဒီလောက်ကြီးက လူများလွန်းမနေဘူးလား… ပြီးတော့ အဲ့အဖွဲ့ကို ဘယ်သူက ဦးဆောင်မှာလဲ…)

ထို အဖွဲ့ဖွဲ့နေသည့် နတ်ဆိုးဘုရင်အုပ်ကြီးကို ကြည့်နေရင်းမှ နတ်ဆိုးဗိုလ်ချုပ်မှူးသည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်ပြီးသည့်နောက် မျက်မှောင်ကျုံ့သွားတော့လေသည်။

ထိုလူများ အတူတကွ ပူးပေါင်း၍ ရင်ဆိုင်လိုသည့်လူမှာ မည်သူမည်ဝါဖြစ်နေပါစေ ရန်ကိုင်အတွက်တော့ ခက်ခဲပေလိမ့်မည်။ ရန်ကိုင်အနေဖြင့် အဆုံးထိအသက်ရှင်လိုပါက ထိုလူအုပ်ကြီးအား အနိုင်ယူမှသာ ရနိုင်ပေလိမ့်မည်။

ရန်ကိုင်သည် နတ်ဆိုးဘုရင်ဆယ်ပါးကျော်မက သတ်ဖြတ်ထားခဲ့ပါသော်ငြား ထိုနတ်ဆိုးဘုရင်အုပ်ကြီးအား ကျော်လွှားနိုင်မလားဆိုသည်မှာတော့ မေးခွန်းထုတ်စရာပင်။

ထိုအခိုက်အတန့်ဝယ် နတ်ဆိုးဘုရင်အဖွဲ့မှာ သဘောတူညီချက် ရသွားသည့်အလား ဆွေးနွေးနေသည်ကိုရပ်၍ တစ်ခုသောအရပ်ဆီသို့ ပျံသန်းသွားကြလေသည်။ တစ်ခုသောတောင်တစ်လုံးဆီသို့ ရောက်သော် နတ်ဆိုးဘုရင်အားလုံးလိုလိုမှာ ထိုတောင်အနီးတစ်ဝိုက်၌ ပုန်းအောင်းနေလိုက်ကြပြီး နတ်ဆိုးဘုရင်တစ်ပါးသည်သာ လေထဲဝဲ၍ ကြံနေခဲ့သည်။

“သူတို့ ခြုံခိုတိုက်ခိုက်ဖို့ လုပ်နေတာလား…” နတ်ဆိုးဗိုလ်ချုပ်မှူး မင်သက်သွားတော့လေသည်။

ထိုနတ်ဆိုးဘုရင်များ အတူတကွ ပူးပေါင်းထားသည့် လူအင်အားသည်ကပင်လျှင် ရင်ဆိုင်ဖို့ရာ ခက်လှနေပြီဖြစ်လေရာ ထိုနတ်ဆိုးများသည် ထိုကဲ့သို့ အတူတကွ ပူးပေါင်း၍ မည်သူ့ကိုများ ရင်ဆိုင်လိုနေသနည်း။

နတ်ဆိုးဘုရင်အားလုံး ပုန်းအောင်းပြီးသွားသည့်နောက်တွင် တစ်ဦးတည်းကျန်နေရစ်ခဲ့သော နတ်ဆိုးဘုရင်သည် ရုတ်တရက် တစ်ခုသောဘက်ဆီသို့ ပြေးထွက်သွားလေသည်။

“ဟင်…” ရှောင်ဝူနောက်တွင်ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူး အံ့အားသင့်သွဦးလေ၏။ ထို့နောက် ဖြူဖတ်ဖြူလျော်မျက်နှာဖြင့် ထအော်လေသည်။ “သွားပြီ သွားပြီ…”

ရှောင်ဝူမှာ သူမနောက်တွင်ရှိနေသည့် နတ်ဆိုးဗိုလ်ချုပ်မှူး၏ လုပ်ပုံကို ကြည့်ရင်း မကျေမနပ်ဖြစ်လာသည့်အလျောက် ထိုနတ်ဆိုးဗိုလ်ချုပ်မှူးအား စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။

ထိုနတ်ဆိုးဗိုလ်ချုပ်မှူးကမူ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရင်းမှ ရှောင်ဝူအား ဝမ်းနည်းစွာကြည့်ကာ ပြောလိုက်လေ၏။ “ငါ တကယ်ကို စိတ်မကောင်းဘူး…”

“ရှင်ဘာတွေလာပြောနေတာလဲ…” ရှောင်ဝူ ဒေါသထွက်နေခဲ့လေသည်။ ယခုကဲ့သို့အချိန်မျိုးတွင် ရန်ကိုင်အား စိတ်ပူနေရသည်ဆိုပါမှ သူမနောက်ရှိလူသည် သူမ နားမခံသာအောင် ဘာမှန်းမသိသောစကားများကို တတွတ်တွတ်ဖြင့် ပြောနေလေ၏။ ထို့အပြင် သူမဆရာအတွက် စိတ်မကောင်းဘူးဟုပင် လာပြောနေပေသေးသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters