အခန်း ၃၄၄၉
Vol. 152 Ch. 3449
အပိုင်း (၃၄၄၉)
ဘာသာပြန်သူ_တိမ်တိုက်
“နင်မမြင်ဘူးလား…” နတ်ဆိုးဗိုလ်ချုပ်မှူးမှာ အလွန်ကိုမှ စိတ်ဓာတ်ကျနေသည့်ပုံစံမျိုးဖြင့် မျက်နှာကြီးမဲ့ကာ ပြောလိုက်လေသည်။
“ဘာကိုမြင်ရမှာလဲ…” ရှောင်ဝူ ပို၍ မျက်မှောင်ကျုံ့သွားခဲ့သည်။
နတ်ဆိုးဗိုလ်ချုပ်မှူးမှာ နဖူးကို စိတ်ညစ်ညစ်ဖြင့် ပွတ်လိုက်လေ၏။ (ဒီလောက်သိသာနေတာတောင် မမြင်တာ ဒီမိန်းမက တကယ်ကိုတုံးတာပဲ…)
သို့ပင်ဖြစ်လင့်ကစား ချက်ချင်းပဲ ရှင်းပြလိုက်လေသည်။ “အဲ့ကောင်တွေက နင့်ရဲ့ဆရာကို ပစ်မှတ်ထားနေတာလေ…”
“ဘယ်လို…” ထိုစကားကိုကြားသည့်အခါ ရှောင်ဝူ ထိတ်လန့်သွားတော့သည်။ ထို့နောက်တွင် တောင်ရှိရာအရပ်ဆီမှ ပြေးထွက်သွားသော နတ်ဆိုးဘုရင်အား လှမ်းကြည့်လိုက်ရာ ထိုနတ်ဆိုးဘုရင်သည် ရန်ကိုင်ရှိရာတည့်တည့်ဆီသို့ သွားနေကြောင်းကို တွေ့လိုက်ရလေသည်။
ထိုနတ်ဆိုးဘုရင်နှင့် သူ့အဖွဲ့သည် တောင်အနီးအနားတစ်ဝိုက်တွင် မည်ကဲ့သို့ပြင်ဆင်ထားသလဲဆိုသည်ကို သူမတွေ့ခဲ့ရသည်။ မဟာမိတ်ဖွဲ့ထားကြသော နတ်ဆိုးဘုရင်များအနက် အပြင်သို့ ထွက်လာသည့် နတ်ဆိုးဘုရင်မှလွဲ၍ ကျန်နတ်ဆိုးဘုရင်အားလုံးသည် တောင်အနီးအနားတစ်ဝိုက်တွင် ပုန်းအောင်းနေကြသည်။ အပြင်သို့ထွက်လာသောနတ်ဆိုးဘုရင်မှာ တစ်စုံတစ်ဦးအား ထိုတောင်ရှိရာဆီသို့ မျှားခေါ်ကာ အလစ်ချောင်းတိုက်ခိုက်ရန် ကြံနေသည်ကို အလွယ်တကူ သဘောပေါက်နိုင်ပေသည်။
ယခု သူမနောက်တွင်ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူး ပြောပြသည်ကို ကြားသည့်အခါမှသာလျှင် ရှောင်ဝူ သဘောပေါက်သွားတော့သည်။
ရန်ကိုင်သည် ထိုနတ်ဆိုးဘုရင်အုပ်ကြီး၏ ပစ်မှတ်ဖြစ်ပေသည်။
ထိုအရာမှာ တိုက်ဆိုင်မှုပဲလား ထိုသို့မဟုတ်ဘဲ တမင်တကာ ကြံစည်ထားသလားဆိုသည်မှာတော့ ပြောရခက်နေပေသေးသည်။ တိုက်ဆိုင်မှုသာဆိုလျှင် ရန်ကိုင်ကံမကောင်းဟု ပြောရပေလိမ့်မည်။ တမင်တကာ ကြံရွယ်ထားသည်ဆိုလျှင်တော့ ရန်ကိုင်မှ နတ်ဆိုးဘုရင်များစွာအား သတ်ပစ်ခဲ့သည့်ကိစ္စသည် ပြိုင်ကွင်းထဲ၌ရောက်နေသော နတ်ဆိုးဘုရင်များ၏ရင်ထဲ ကြောက်စိတ်ကို ရိုက်သွင်းပေးလိုက်သည်ဟု ပြော၍ရပေသည်။ ထိုအကြောင်းကြောင့်သာလျှင် နတ်ဆိုးဘုရင်များစွာမှာ မဟာမိတ်ဖွဲ့ကာ ရန်ကိုင်အား ပစ်မှတ်ထားလာခဲ့ခြင်း ဖြစ်သည်။
သို့ပင်ဖြစ်လင့်ကစား သူမ၏ဆရာမှာ အန္တရာယ်များသည့်အခြေအနေထဲသို့ ရောက်နေပြီဖြစ်သည့်အတွက်ကြောင့် ရှောင်ဝူသည် လက်သီးလေးကို တင်းတင်းဆုပ်ရင်းမှ စိတ်ထဲမှကြိတ်ကာ အော်ဟစ်နေခဲ့လေသည်။ ရန်ကိုင် လမ်းကြောင်းပြောင်းကာ ရန်သူ၏ထောင်ချောက်ထဲသို့ ဝင်မသွားရန် သူမစိတ်ထဲ ကြိတ်ကာ မျှော်လင့်နေမိလေ၏။
ကံမကောင်းစွာဖြင့် လက်တွေ့မှာ သူမမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ကို ဖြစ်လာခဲ့လေသည်။ ရန်ကိုင်အနေဖြင့် ရှေ့တည့်တည့်၌ သူ့အား ထောင်ချောက်ဆင်ထားကြောင်းကို သိဖို့ရာ မဖြစ်နိုင်ပေ။
အသက်ဆယ်ရှိုက်စာခန့် ကြာပြီးသည့်နောက်တွင် ထိုနတ်ဆိုးဘုရင်မှာ ရန်ကိုင်နှင့် ထိပ်တိုက်တွေ့တော့လေ၏။ ရန်ကိုင်ကိုမြင်သည်နှင့်တစ်ပြိုင်နက် ထိုနတ်ဆိုးဘုရင်သည် မပြောမဆိုဖြင့် ရန်ကိုင်အား ပြေးဝင်ကာ တိုက်ခိုက်သည်ကို ရှောင်ဝူတွေ့လိုက်ရသည်။ ထို့နောက်တွင် နတ်ဆိုးဘုရင်သည် ချက်ချင်းပဲ သွေးအလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ အလွန်တရာကိုမှ လျင်မြန်သည့်နှုန်းဖြင့် ပြန်လှည့်ပြေးတော့လေ၏။ ကြည့်ရသလောက် ရန်ကိုင်နှင့် သူသေကိုယ်သေ တိုက်ခိုက်လိုစိတ်မရှိဘဲ ရန်ကိုင်ကိုသာ ထောင်ချောက်ထဲသို့ မျှားခေါ်သွားချင်သည့်ပုံပင်။
ထိုနတ်ဆိုးဘုရင်သည် အလယ်အလတ်အဆင့် သွေးနတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပေသည်။
သွေးပြိုင်ကွင်းထဲဝယ် ရန်ကိုင်မှာ ပြုံးဖြီးရင်းမှ ထိုနတ်ဆိုးဘုရင်နောက်သို့ ပြေးလိုက်နေလေ၏။ နောက်ဆုံးအခိုက်အတန့်သို့ မရောက်သေးခင်အထိ သူ၏ဝှက်ဖဲများကို ထုတ်မပြချင်သေးသည့်အတွက်ကြောင့် ရန်ကိုင်မှာ လေဟာနယ်ပညာရပ်များကို သိသာထင်ရှားလှသည့် ပုံစံမျိုးဖြင့် ထုတ်သုံးပြခဲ့ခြင်းမရှိပေ။ သို့ပင်ဖြစ်လင့်ကစား ရန်ကိုင်ပျံသန်းနေသည့်နှုန်းသည် သွေးနတ်ဆိုးထက် ပိုမိုလျင်မြန်နေခဲ့လေရာ အနှေးနှင့်အမြန်ဆိုသလို ရန်ကိုင်မှာ သွေးနတ်ဆိုးအား လိုက်မီသွားပေလိမ့်မည်။
သို့ပါသော်ငြား ထိုကဲ့သို့သော အရေးကြီးသည့် အခိုက်အတန့်မျိုးတွင် အလင်းတန်းတစ်ခုသည် ဘေးဘက်ဆီမှ ရန်ကိုင်ဆီသို့ တည့်တည့်မတ်မတ် ပျံသန်းဝင်လာလေ၏။
ရန်ကိုင် ရုတ်တရက် ကောက်ရပ်လိုက်ရာ သူ့ပါးနားဆီမှ တစ်စုံတစ်ခု ဝှစ်ခနဲ ဖြတ်သွားခဲ့လေသည်။
ထို့နောက် ဘုတ်ခနဲမြည်သံနှင့်အတူ ရန်ကိုင်ခြေထောက်နားရှိမြေပြင်၌ မြားတစ်ချောင်း သွားစိုက်လေသည်။ ထိုမြားမှာ လေးမီတာခန့်အလျားရှိပြီး ကလေးလက်မောင်းတစ်ချောင်းစာခန့် ထူထဲလှပေသည်။ မသိလျှင် လှံတစ်ချောင်းနှင့်ပင် တူနေပေသေးသည်။ မြားထဲ၌ ကိန်းအောင်းနေသည့်စွမ်းအား မည်မျှအားကောင်းသလဲဆိုလျှင် ထိုမြားသည် မြေပြင်ထဲသို့ တစ်မီတာခန့်ပင် နစ်ဝင်သွားခဲ့လေသည်။
ရန်ကိုင်လည်း မျှားထွက်ပေါ်လာရာလမ်းကြောင်းအတိုင်း အေးစက်စက်အမူအယာဖြင့် လှမ်း၍ကြည့်လိုက်ရာ မိုင်အနည်းငယ်ခန့်အကွာတွင် တင်းကြပ်ကြပ်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေးတစ်စင်းကို လက်ထဲတွင်ကိုင်ထားသည့် နတ်ဆိုးဘုရင်တစ်ပါးကို တွေ့လိုက်ရလေသည်။
ထိုရုတ်တရက်ပြောင်းလဲမှုကြောင့် ထွက်ပြေးနေသော သွေးနတ်ဆိုးမှာ ရုတ်တရက်ရပ်သွားခဲ့ပြီး ရန်ကိုင်ဘက်သို့ ပြန်၍ လှည့်ကြည့်လာခဲ့လေသည်။
သူ၏ရည်ရွယ်ချက်မှာ ရန်ကိုင်အား ဆင်ထားသည့်ထောင်ချောက်ထဲသို့ မျှားခေါ်သွားရန် ဖြစ်ပေသည်။ သို့ပါသော်ငြား ယခုကဲ့သို့အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည့်အတွက်ကြောင့် အစီအရင်မှာ ကယောက်ကယက် ဖြစ်သွားရတော့သည်။ ထိုအကြောင်းကြောင့် နတ်ဆိုးဘုရင်မှာလည်း စိတ်ညစ်သွားတော့လေ၏။
မြားပစ်လိုက်သည့် ငှက်မွေးနတ်ဆိုးကို သေသေချာချာ ကြည့်ကြည့်လိုက်သည့်နောက် သွေးနတ်ဆိုးမှာ ထိုနတ်ဆိုး မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သဘောပေါက်သွားသည့်အလား စိတ်ညစ်သွားတော့လေသည်။
သူသာ ဤနေရာတွင် ဆက်နေလျှင် ပြဿနာတက်တော့ပေလိမ့်မည်။ သူ၏တာဝန်မှာ ရန်ကိုင်အား ထောင်ချောက်ထဲသို့ မျှားခေါ်သွားရန်သာဖြစ်ပြီး ရန်ကိုင်နှင့် တိုက်ခိုက်နေရန်မဟုတ်။ ထို့အပြင် ရန်ကိုင်ရပ်သွားသည်နှင့် သူပါလိုက်ရပ်သွားခဲ့လေရာ ရန်ကိုင်သည် သူ့အပေါ် သံသယဝင်လာနိုင်ပေသည်။ ထိုအကြောင်းကြောင့် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးသည့်နောက် သွေးနတ်ဆိုးမှာ ချက်ချင်းကို ပြေးထွက်သွားတော့လေသည်။
ယခုတစ်ကြိမ်မအောင်မြင်လျှင်ပင် နောက်တစ်ကြိမ် ထပ်ရှိလာပေဦးမည်။ သို့ပါသော်ငြား ရန်ကိုင်သည်သာ သူတို့ထောင်ချောက်ဆင်ထားသည်ကို သိသွားခဲ့မည်ဆိုလျှင် သူတို့၏အစီအစဉ်အားလုံး ပျက်စီးသွားရနိုင်ပေသည်။
ရန်ကိုင်မှာ သွေးနတ်ဆိုးနောက်သို့ ဆက်လိုက်မနေခဲ့ပေ။ ထိုသွေးနတ်ဆိုး မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သူဂရုမစိုက်။ ဤသွေးပြိုင်ကွင်းထဲတွင် ရှိနေသည့် နတ်ဆိုးဘုရင်အားလုံး သေရမည်ဖြစ်လေရာ ထိုသွေးနတ်ဆိုးသည်လည်း အနှေးနှင့်အမြန်ဆိုသလို သူ့လက်ချက်ဖြင့် သေရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ယခုတစ်ကြိမ် မသတ်နိုင်လျှင်ပင် ကိစ္စမရှိ။
သူ့အား မြားဖြင့်ပစ်လိုက်သည့် နတ်ဆိုးဘုရင်ကိုလည်း ရန်ကိုင်သိပေသည်။ ထိုနတ်ဆိုးဘုရင်မှာ အစပိုင်းတွင် ရန်ကိုင်တွေ့ခဲ့သော ငှက်မွေးနတ်ဆိုးသာ ဖြစ်လေသည်။
ငှက်မွေးနတ်ဆိုးဘုရင်မဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ရန်ကိုင်သည် မြေပြင်တွင် စိုက်ဝင်နေသော မြား၏အရင်းကို ကိုင်၍ ဆွဲနှုတ်လိုက်လေ၏။ ထို့နောက် မြားတံပေါ်တွင်ရှိနေသော နတ်ဆိုးချီကို ဖယ်ရှားလိုက်သည့်နောက် ပုံမှန်အရွယ်အစားခန့်ရှိသော မြားတစ်ချောင်းကို မြင်တွေ့လိုက်ရလေသည်။ မြား၏အလေးချိန်ကို ချိန်ဆကြည့်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် ငှက်မွေးနတ်ဆိုးရှိရာအရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။ ထို့နောက်တွင် မြားကိုကိုင်၍ လှံတစ်ချောင်းကို ပစ်မည့်ပုံစံမျိုး ပြင်လိုက်လေသည်။
“ဝှစ်…”
ထို့နောက်တွင် ရန်ကိုင်မှ အားစိုက်၍ ပစ်ချလိုက်ရာ သူ့လက်ထဲရှိမြားသည် အလင်းတန်းတစ်ခုပမာ လေကိုခွင်း၍ အလွန်တရာကိုမှ မြန်ဆန်လှသည့် အရှိန်အဟုန်ဖြင့် ငှက်မွေးနတ်ဆိုးဆီသို့ တိုးဝင်သွားခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုမြားသည် ငှက်မွေးနတ်ဆိုးရှေ့တည့်တည့်သို့ ရောက်ရှိလာခဲ့လေသည်။
သို့ပါသော်ငြား ငှက်မွေးနတ်ဆိုးမှာမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် မြားသည် ငှက်မွေးနတ်ဆိုးဆီသို့ ရောက်လာခဲ့သည်။
သို့ပါသော်ငြား ငှက်မွေးနတ်ဆိုးမှာ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေလေ၏။ သူမလက်ထဲတွင် ကိုင်ထားသည့် လေးကိုင်းကို ရှေ့သို့မြှောက်၍ တိုးဝင်လာနေသည့်မြားအား လေးကိုင်းဖြင့် အသာအယာလေး ရိုက်ချလိုက်ရာ မြားမှာ ချာလပတ်လည်ထွက်သွားခဲ့လေသည်။ ထို့နောက်တွင် လေးကြိုးကို ဆွဲတင်လိုက်လေ၏။ ချက်ချင်းဆိုသလို ချာလပတ်လည်ထွက်သွားသော မြားမှာ သူမ၏ လေးကြိုးပေါ် အခန့်မသင့် ရောက်ရှိလာခဲ့လေသည်။ ထိုသို့ဖြင့် ငှက်မွေးနတ်ဆိုးမှာ ရန်ကိုင်ပစ်လွှတ်လိုက်သည့်မြားအား အသုံးချ၍ ရန်ကိုင်ကို ပြန်ပစ်ရန် ပြင်ဆင်နေခဲ့လေပြီ။
ထိုအခိုက်အတန့်ဝယ် ရန်ကိုင်မှာ ငှက်မွေးနတ်ဆိုးနှင့် မီတာသုံးရာလောက်သာ ဝေးကွာတော့သည်။ ငှက်မွေးနတ်ဆိုးပစ်လိုက်သည့်မြားကို သုံး၍ သူမဆီသို့ ပြန်ပစ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည်လည်း လှုပ်ရှားခဲ့ခြင်း ဖြစ်လေ၏။
ငှက်မွေးနတ်ဆိုး၏ လုပ်ပုံကိုမြင်သော် ရန်ကိုင်၏မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့ပြီး သူမ၏စွမ်းရည်ကို အံ့ဩလေးစားမိသွားခဲ့လေသည်။
ဤငှက်မွေးနတ်ဆိုးဆီမှ ထွက်ပေါ်နေသည့် နတ်ဆိုးချီသည် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ပါး၏ အရှိန်အဝါကိုသာ ထုတ်ဖော်နေလေ၏။ သို့ပါသော်ငြား သူမ၏တုံ့ပြန်ပုံနှင့် အလိုက်သင့်လှုပ်ရှားနိုင်စွမ်းမှာ သာမန် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ပါး ပိုင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်။
ရန်ကိုင်ပစ်လွှတ်လိုက်သည့်မြား၏ စွမ်းအားမှာ သေးလှသည်မဟုတ်ပေ။ သို့ပါသော်ငြား ဤငှက်မွေးနတ်ဆိုးကမူ လေးကိုင်းဖြင့်သာ အသာအယာ တောက်ချ၍သာ ရန်ကိုင်စွမ်းအားအများစုကို အသာအယာ ချေဖျက်ပစ်သွားခဲ့သည်။ ဤကဲ့သို့သောစွမ်းရည်မျိုးကိုကြည့်လျှင် ဤငှက်မွေးနတ်ဆိုးသည် အလွန်ကိုမှထူးချွန်လှပြီး ရှားပါးလှသည့် ပါရမီရှင်တစ်ဦးဖြစ်ကြောင်းကို မြင်တွေ့နိုင်ပေသည်။
သူ့အနေဖြင့် ဤနတ်ဆိုးဘုရင်မအား အထင်သေးမိသွားသည်ဟုပင် ရန်ကိုင်စိတ်ထဲ ခံစားလိုက်ရသည်။
မြားကို လေးကိုင်းပေါ်သို့ တင်၍ လေးကြိုးကိုဆွဲပြီးသည်နှင့်တစ်ပြိုင်နက် ငှက်မွေးနတ်ဆိုးမှာ ပစ်ချလိုက်လေသည်။ ရန်ကိုင်မှာလည်း အနည်းငယ်မျှပင် နှေးနေခဲ့ခြင်းမရှိဘဲ ခေါင်းကို အသာအယာစောင်း၍သာ တိုးဝင်လာနေသည့်မြားအား ရှောင်တိမ်းသွားခဲ့ပြီး ငှက်မွေးနတ်ဆိုးဆီသို့ လျှပ်စီးတမျှအမြန်နှုန်းဖြင့် ဆက်လက်ပြေးဝင်သွားလေသည်။
မြားသမားကောင်းတစ်ဦးဖြစ်သည်နှင့်အညီ သူမ၏ အားသာချက်နှင့် အားနည်းချက်ကို ငှက်မွေးနတ်ဆိုးမှာ ကောင်းကောင်းသိနေခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား အနီးသို့ကပ်လာခွင့်မပေးဘဲ ရန်ကိုင်ပြေးဝင်လာသည်ကိုမြင်သည့်အခါ နောက်သို့ အသာအယာ ဆုတ်သွားခဲ့လေသည်။ တစ်ချိန်တည်း၌ လေးကိုင်းကို တင်းတင်းဆုပ်ကိုင်၍ လေးကြိုးကိုဆွဲကာ မြားများကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်တော့လေ၏။
တစ်ခဏလေးအတွင်းမှာပင် မြားဆယ်ချောင်းကျော်မက ရန်ကိုင်ဆီသို့ ပျံသန်းတိုးဝင်လာခဲ့သည်။
ရန်ကိုင်မှာ အစပိုင်းတွင် မြားများကို ရှောင်နိုင်သေးပါသော်ငြား မြားအားလုံးကို မရှောင်နိုင်ခဲ့ပေ။ သူ့ပြိုင်ဘက်၏မြားစွမ်းရည်မှာ ရန်ကိုင်ထင်ထားသည်ထက်ကို ပိုကောင်းနေခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း ရွေးချယ်စရာမရှိတော့ဘဲ သူ့လက်ကိုဆန့်ထုတ်၍ လေဟာနယ်ပညာရပ်ကို ထုတ်သုံးကာ သူ့ရှေ့တည့်တည့်၌ အနက်ရောင်တွင်းနက်တစ်ခုကို ဖန်တီးလိုက်ရလေသည်။
ရန်ကိုင်သည် နတ်ဆိုးဘုရင်များကို သတ်ဖြတ်ရာတွင် လေဟာနယ်နိယာမများကို အသုံးပြုသွားခဲ့ပါသော်ငြား ထိုစဉ်က မသိမသာ ထုတ်သုံးသွားခဲ့ခြင်းသာ ဖြစ်ပေသည်။ ယခုမူ တွင်းနက်အား ထုတ်သုံးလိုက်သည့်အတွက်ကြောင့် ရန်ကိုင်၏ဝှက်ဖဲတစ်ခုကို တစ်ဖက်လူမှ သိသွားခဲ့ရလေပြီ။
သို့ပါသော်ငြား ရန်ကိုင်တွင် ဝှက်ဖဲများစွာ ရှိနေသေးသည့်အတွက်ကြောင့် ကိစ္စမရှိ။ တွင်းနက်ကြီးသည် အရာမှန်သမျှကို ဝါးမျိုပစ်သွားခဲ့လေရာ တိုးဝင်လာသည့် မြားအားလုံးသည်လည်း တွင်းနက်ထဲသို့ ရောက်သွားခဲ့ရလေသည်။
ရန်ကိုင် လှမ်းကြည့်လိုက်ရာ ငှက်မွေးနတ်ဆိုးမှာ သူ့အား အံ့ဩတကြီးဖြင့် ကြည့်နေကြောင်းကို တွေ့လိုက်ရလေသည်။ ရန်ကိုင်တွင် သူမ၏မြားများကို ယခုကဲ့သို့ အလွယ်တကူ စုပ်ယူနိုင်သည့် ပညာရပ်မျိုး ရှိနေလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။ သို့ပါသော်ငြား ချက်ချင်း ပြန်လည်တည်ငြိမ်သွားခဲ့ပြီး လေးကိုင်းကိုကိုင်၍ လေးကြိုးကို နောက်တစ်ကြိမ် ထပ်မံဆွဲတင်လိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ မတူတော့ပေ။ အသက်သုံးရှိုက်စာကြာပြီးသည့်နောက်တွင် ရန်ကိုင်ဆီသို့ မျက်စိကျိန်းမတတ် အလင်းတန်းတစ်ခု တိုးဝင်လာခဲ့လေသည်။
ရန်ကိုင်မှာလည်း အနည်းငယ်မျှပင် တုန်လှုပ်သွားခဲ့ခြင်းမရှိဘဲ တွင်းနက်ကို နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်လိုက်လေသည်။
ယခုတစ်ကြိမ်တွင်တော့ တွင်းနက်မှ တိုးဝင်လာနေသည့် မြားအား စုပ်ယူသွားတော့မည်အပြု ဖောက်ခနဲမြည်သံနှင့်အတူ လေးမီတာခန့်အမြင့်ရှိသော ထိုမြားသည် မရေမတွက်နိုင်သော အနက်ရောင်မြားများအသွင်သို့ ပေါက်ကွဲထွက်သွားခဲ့ရာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့လေသည်။
ထို့အတွက်ကြောင့် ရန်ကိုင်မှာ အလစ်အငိုက်မိသွားခဲ့ပြီး ထိုမြင်ကွင်းကိုသာ ကြောင်ကြည့်နေမိလေ၏။
“ကလန်… ကလန်… ကလန်…”
အသံဗလံပေါင်းများစွာ ထွက်ပေါ်လာခဲ့သည်။ တိုးဝင်လာနေသည့်မြားသည် မြားပွားလေးများအဖြစ်သို့ ပေါက်ကွဲထွက်သွားခဲ့ပါသော်ငြား မြားတစ်ခုချင်းစီထဲတွင် ကိန်းအောင်းနေသည့်စွမ်းအားမှာလည်း အလားတူ လျော့ကျသွားခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ထိုမြားအားလုံးအား ဧကရာဇ်ချီဖြင့် အလွယ်တကူ ကာကွယ်ထားနိုင်ခဲ့သည်။
ကလန်ကလန် မြည်သံများ အဆုံးသတ်သွားသည့်နောက် ရန်ကိုင်သည် မြားမိုးကို ထိုးဖောက်ပြီး မျက်နှာကြီးသုန်သုန်မှုန်မှုန်ဖြင့် ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
ငှက်မွေးနတ်ဆိုးသည် သူမ၏မြား ပေါက်ကွဲထွက်သွားသည်ကို ပြုံး၍ကြည့်နေခဲ့သည်။ သို့ပါသော်ငြား ရုတ်တရက် သူမ၏အမူအယာ မဆိုစလောက်ကလေး ပြောင်းလဲသွားခဲ့ပြီး သူမ၏လေးကိုင်းဖြင့် အလျင်စလို နောက်သို့ လွှဲယမ်းချလိုက်သည်။
တစ်ချိန်တည်းတွင် ရန်ကိုင်သည် သူမနောက်၌ ပါလာခဲ့ပြီး ငှက်မွေးနတ်ဆိုးတည့်တည့်သို့ လက်သီးတစ်ချက် ထိုးချလိုက်သည်။ သို့ပါသော်ငြား ရန်ကိုင်၏လက်သီးချက်မှာ ငှက်မွေးနတ်ဆိုး၏ ခေါင်းကို မထိခဲ့ဘဲ လေးကိုသာ ထိမှန်သွားခဲ့သည်။
လေးကိုင်းမှာ ကွေးတက်သွားခဲ့ပါသော်ငြား ရန်ကိုင်လက်သီးချက်ထဲတွင် ကိန်းအောင်းနေသည့် စွမ်းအားအများစု ချေဖျက်သွားနိုင်ခဲ့လေသည်။ ငှက်မွေးနတ်ဆိုးသည် ရန်ကိုင်၏လက်သီးချက်ထဲတွင် ကိန်းအောင်းနေသည့် ခွန်အားကို အသုံးချ၍ လေးကြိုးကို တင်းတင်းဆွဲကိုင်ရင်းမှ ခန္ဓာကိုယ်အား တစ်ပတ်လှည့်ကာ လေးကြိုးဖြင့် ရန်ကိုင်၏လည်ပင်းတည့်တည့်သို့ ရိုက်ချလိုက်လေသည်။
ရန်ကိုင်၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး ချက်ချင်း သူ့လက်ဖြင့် လည်ပင်းအား ကောက်ကာလိုက်သည်။
စွပ်ခနဲမြည်သံနှင့်အတူ ရန်ကိုင်၏လက်ဝါးထက် ရှရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုရှရာမှာ သေလောက်အောင် ပြင်းထန်ခြင်းမရှိပါသော်ငြား ရန်ကိုင်မှာ ဇောချွေးပြန်သွားခဲ့လေသည်။ ဤငှက်မွေးနတ်ဆိုး၏ အခြေအနေပေါ် တုံ့ပြန်လှုပ်ရှားနိုင်စွမ်းမှာ အလွန်တရာကိုမှ အံ့အားသင့်စရာကောင်းလှသည်။ အနီးသို့ရောက်သည်နှင့်တစ်ပြိုင်နက် ဤငှက်မွေးနတ်ဆိုးများကို သတ်ရလွယ်လိမ့်မည်ဟု ရန်ကိုင်ထင်ထားခဲ့ပါသော်ငြား ဤငှက်မွေးနတ်ဆိုးကိုမူ ချွင်းချက်ဟု ပြော၍ပေတော့မည်။ အနီးကပ်တိုက်ခိုက်ရာတွင်ဖြစ်စေ အဝေးမှတိုက်ခိုက်ရာတွင်ဖြစ်စေ ဤငှက်မွေးနတ်ဆိုး၏ အလိုက်သင့်တုံ့ပြန်လှုပ်ရှားနိုင်ပုံနှင့် သူမ၏ခွန်အားမှာ ရန်ကိုင်အား အမှန်တကယ်ကို ဂယက်ရိုက်စေခဲ့လေသည်။
ရန်ကိုင်သည် လက်တစ်ဖက်ဖြင့် လေးအား တွန်းထုတ်လိုက်ပြီးသည့်နောက်တွင် ကျန်လက်တစ်ဖက်အား တင်းတင်းဆုပ်၍ ထိုးချလိုက်လေ၏။
ထိုအချိန်မှာပင်လျှင် ငှက်မွေးနတ်ဆိုးသည် လေးကိုင်းအား ကိုင်ထားသည့် လက်နှစ်ဖက်တွင် တစ်ဖက်ကိုလွှတ်၍ တစ်ဖက်ဖြင့်ကျွမ်းထိုးကာ ရန်ကိုင်၏လက်သီးချက်ကို ရှောင်သွားသည့်အတွက်ကြောင့် ရန်ကိုင်၏လက်သီးမှာ လေကိုသာ ထိမှန်သွားခဲ့လေသည်။
ပုခုံးပေါ် လှမ်းကြည့်လိုက်ရာ ငှက်မွေးနတ်ဆိုး၏ မို့မောက်မောက်ရင်အစုံကို လှမ်းမြင်လိုက်ရလေသည်။ ရန်ကိုင်၏လက်သီးချက်မှာတော့ သူမ၏နှာခေါင်းဖျားနားမှသာ ဖြတ်သွားခဲ့လေသည်။ ဤပုံစံအတိုင်းသာဆိုလျှင် ရန်ကိုင်မှာ ငှက်မွေးနတ်ဆိုး၏ ဖြူဝင်းနေသည့် မို့မောက်လှသော တောင်များကို သေသေချာချာမြင်နေရသည်။ သို့ပါသော်ငြား ယခုကဲ့သို့သော အခြေအနေမျိုးတွင် ထိုအလှတရားအား ခံစားနေချိန် မရှိသည့်အလျောက် ရန်ကိုင်မှာ ခြေထောက်ဖြင့် သူ့ပြိုင်ဘက်အား နှစ်ချက်ဆင့်ကန်ချလိုက်သည်။
ငှက်မွေးနတ်ဆိုးသည်လည်း ရန်ကိုင်၏ ခြေထောက်ကို ပြန်ကန်၍ နောက်သို့ အရှိန်ယူကာ ဆုတ်သွားခဲ့လေသည်။ ထိုသို့ဆုတ်နေရင်းမှ လေးကိုင်းကို တင်းတင်းကိုင်၍ လေးကြိုးကို ဆွဲတင်လိုက်သည်။ မြားတစ်စင်းမှာ သူမ၏လေးကိုင်းထက်ဝယ် ထွက်ပေါ်လာခဲ့လေသည်။ သို့ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ ထိုမြားမှာ တစ်မီတာခန့်သာ အရှည်ရှိ၏။ ဤကဲ့သို့ အနီးကပ်တိုက်ခိုက်ရာတွင် အသုံးပြုရန်အတွက် လုပ်ထားသည်လားမသိရ မြားသွား၏ထိပ်မှာ အဆိပ်လူးထားသည့်ပမာ အစိမ်းရောင်သန်းနေခဲ့သည်။ လေးကြိုးအား လွှတ်လိုက်သည့်နောက် မြားမှာ ရန်ကိုင်၏နားထင်တည့်တည့်သို့ တိုးဝင်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် ငှက်မွေးနတ်ဆိုးသည် ရန်ကိုင်အား လှောင်ပြောင်သည့်ပုံစံမျိုးဖြင့် ကြည့်ကာ ပြောလိုက်လေသည်။ “နင်သေပြီ…”
ရန်ကိုင်ကမူ ပြုံးဖြီးပြရင်းမှ ပြန်၍ပြောလိုက်လေ၏။ “ဘယ်သူသေမလဲ အရင်ကြည့်ရသေးတာပေါ့…”
အထွဋ်အထိပ်သိုင်းဧကရာဇ်