← Chapters

အခန်း ၃၄၅၀

Vol. 152 Ch. 3450

အခန်း ၃၄၅၀

Vol. 152 Ch. 3450

အပိုင်း (၃၄၅၀)

ဘာသာပြန်သူ_တိမ်တိုက်

သူမ စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ငှက်မွေးနတ်ဆိုးဘုရင်မမှာ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူမ ရင်ဘတ်အား ငုံ့ကြည့်လိုက်လေသည်။

ရန်ကိုင်မှာတော့ သူ့လက်အား လက်သည်းပုံစံ ထားလျက် ငှက်မွေးနတ်ဆိုးဘုရင်မ၏ ဘယ်ဘက်ရင်အုံပေါ် တင်ထားခဲ့လေသည်။ ရန်ကိုင်၏ လက်ချောင်းထိပ်များမှာ အန္တရာယ်များသည့် အရိပ်အယောင်တို့ဖြင့် တလက်လက် တောက်နေလေ၏။

"ရှစ်" ငှက်မွေးနတ်ဆိုးဘုရင်မမှာ စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်လေသည်။ သူမ၏ နမော်နမဲ့နိုင်မှုကြောင့် ရန်ကိုင်မှာ သူမအပေါ် အသာရသွားနိုင်ခဲ့လေသည်။

သို့ပါသော်ငြား ရန်ကိုင်၏ စွမ်းအင်လှိုင်းကို ခံစားမိလိုက်သော် ငှက်မွေးနတ်ဆိုးဘုရင်မသည် တစ်စုံတစ်ခုအား သဘောပေါက်သွားခဲ့ပြီး ရန်ကိုင်အား မျက်မှောင်ကြုတ်ကာ စစ်ဆေးကြည့်ပြီးသည့်နောက် မေးလိုက်လေ၏။ "နင်က ကြယ်တာရာအစုအဝေးကနေ တော်ဝင်သခင်မ ပြန်ခေါ်လာခဲ့တဲ့ လူသားလား"

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့ပြီး ပြန်၍ မေးလိုက်လေ၏။ "နင် ငါ့ကို ဘယ်လိုသိတာလဲ"

ငှက်မွေးနတ်ဆိုးဘုရင်မက ရယ်သွမ်းသွေးလျက်... "လူသားမျိုးနွယ်စုက ပညာရှင်တစ်ယောက်က နတ်ဆိုးလမ်းကြောင်းထဲ ကျသွားလို့ ကြယ်တာရာအစုအဝေးထဲမှာ နေစရာ မရှိတော့လို့ တော်ဝင်သခင်မနဲ့အတူ ကဝေတိုက်ဆီ လာခဲ့တယ်တဲ့၊ ကြည့်ရတာ အဲဒါက နင် ဖြစ်နေတဲ့ပုံပဲ"

"သတင်းတွေပြန့်တာ မြန်တာပဲ" ရန်ကိုင်မှာ သူ့လျှို့ဝှက်ချက်အဖြစ် ထိန်းထားချင်သည့် အရာ ပြန့်သွားသည့်ပမာ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။ တစ်ချိန်တည်းတွင် မျက်မြင်သက်သေ အားလုံးကို နှုတ်ပိတ်ပစ်ချင်သည့်အလား သူ့မျက်လုံးထဲ သတ်ဖြတ်လိုစိတ် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေ၏။

ရန်ကိုင်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိပါသော်ငြား ငှက်မွေးနတ်ဆိုးဘုရင်မမှာ အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ခြင်း မရှိဘဲ မျက်နှာတည်ဖြင့်သာ ပြန်၍ ပြောလိုက်လေသည်။ "ငါ့ကို သတ်လို့လည်း အပိုပဲ၊ တော်ဝင်မြို့တော်ထဲမှာရှိတဲ့ လူတွေအများကြီး နင့်အကြောင်းကို သိနေပြီ၊ တကယ်တော့ နင်က တော်ဝင်သခင်မ ကိုယ်တိုင် ပြန်ခေါ်လာတဲ့ လူတစ်ယောက်လေ" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ငှက်မွေးနတ်ဆိုးဘုရင်မက ဆက်၍ ပြောလိုက်လေ၏။ "ပြီးတော့ နင်ငါ့ကို သတ်ချင်တယ်ဆိုရင်တောင် ဘယ်သူ အရင်သေမလဲဆိုတာ ပြောလို့ မရသေးဘူး"

ရန်ကိုင်၏ မျက်လုံးထဲ တွေဝေတုံ့ဆိုင်းနေသည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့ပါသော်ငြား တကယ်တမ်းတွင်တော့ ရန်ကိုင်မှာ ထိုသတင်းအား မည်သူ ဖြန့်လိုက်သလဲဆိုသည်ကို စဉ်းစားနေခြင်း ဖြစ်လေသည်။

[ငါ နတ်ဆိုးနယ်မြေကို ရောက်တာ မကြာသေးဘူး၊ ဒီတော့ ယုရုမန်က အဲဒီအကြောင်းကို မဆင်မခြင် လျှောက်ဖြန့်နေစရာ အကြောင်းမရှိဘူး၊ အခြားတစ်ယောက် ဖြန့်တာပဲ ဖြစ်ရမယ်၊ ဒါပေမဲ့ အဲဒီလူကရော ဘာဖြစ်လို့ ဒီအကြောင်းကို ဖြန့်လိုက်ရတာလဲ]

"ဟေး၊ နင်ငါ့ကို လွှတ်ပေးသင့်နေပြီနော်" ရန်ကိုင် သူ့အတွေးထဲ နစ်မြောနေစဉ် ငှက်မွေးနတ်ဆိုးဘုရင်မက ပြောလိုက်လေသည်။

ရန်ကိုင် နှာခေါင်းရှုံ့လိုက်ပြီး သူ့လက်ကို ပြန်ဆွဲယူလိုက်သည်။ မည်သို့ပင် ဖြစ်နေစေကာမူ သူကဲ့သို့သော ယောက်ျားတစ်ဦးအနေဖြင့် အမျိုးသမီးတစ်ဦး၏ ရင်ဘတ်အပေါ် လက်သွားတင်ထားသည်မှာ သိပ်၍ မသင့်တော်လှပေ။ ငှက်မွေးနတ်ဆိုးဘုရင်မ၏ မျက်လုံးထဲ အံ့အားသင့်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ သို့ပါသော်ငြား တစ်ချိန်တည်းတွင်လည်း သူမ၏ မြားကို ပြန်ရုပ်သိမ်းလိုက်လေ၏။

ထိုထူးဆန်းသော အဖြစ်အပျက်သည် ပွဲကြည့်စင်ပေါ်တွင် ရှိနေသော နတ်ဆိုးများကို ဇဝေဇဝါ ဖြစ်သွားစေခဲ့လေသည်။ ထိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် မီးကုန်ယမ်းကုန် တိုက်ခိုက်နေခဲ့ကြလေရာ မည်ကဲ့သို့များ ရုတ်တရက်ကြီး ပြေရာပြေကြောင်း ဖြစ်သွားခဲ့ရလေသနည်း။

အခြားသူများ မည်သို့ပင် ဖြစ်နေစေကာမူ ရှောင်ဝူနှင့် သူမ အနောက်တွင် ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူးမှာတော့ ထိုမြင်ကွင်းကို မြင်ပြီးသည့်နောက် အသီးသီး စိတ်သက်သာရာရသွားခဲ့ကြသည်။ ငှက်မွေးနတ်ဆိုးဘုရင်မမှ အဆိပ်သုတ်ထားသည့် မြားဖြင့် ရန်ကိုင်၏ နားထင်အား ထောက်ထားသည်ကို မြင်သည့်အချိန်တွင် ရှောင်ဝူနှင့် ထိုနတ်ဆိုးဗိုလ်ချုပ်မှူးတို့မှာ အသက်ရှူဖို့ရာပင် မေ့သွားခဲ့ရသည်။ ယခု ငှက်မွေးနတ်ဆိုးဘုရင်မမှ သူမ၏ မြားကို ပြန်သိမ်းလိုက်သည့်အခါမှသာလျှင် ထိုနှစ်ဦး ရင်ထဲ ထမ်းထားရသော အထုပ်အပိုးကြီး လျော့ကျသွားသည့်အလား သက်ပြင်းအမောကြီး ချလိုက်နိုင်ကြလေ၏။

ရန်ကိုင်သည် ငှက်မွေးနတ်ဆိုးဘုရင်မအား ရှုပ်ထွေးသည့် အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်သည်။

ရန်ကိုင်အနေဖြင့် ငှက်မွေးနတ်ဆိုး ရင်ဘတ်ပေါ်မှ သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်ရခြင်းမှာ တစ်ဖက်လူအပေါ် ညှာတာသနားနေသည့်အတွက်ကြောင့် မဟုတ်။ တကယ့် အကြောင်းအရင်းသည်ကား ငှက်မွေးနတ်ဆိုးဘုရင်မ၏ တိုက်ခိုက်မှုများထဲ တစ်ခုခုအား သတိထားမိသွားခဲ့သည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ငှက်မွေးနတ်ဆိုးဘုရင်မမှာ သူ့အား မြားဖြင့် တရစပ် တိုက်ခိုက်နေခဲ့ပါသော်ငြား သူမ၏ တိုက်ခိုက်မှုများ၏ နောက်ကွယ်၌ မည်သည့် သတ်ဖြတ်လိုစိတ်မျှ ရှိမနေခဲ့ပေ။ မသိလျှင် ငှက်မွေးနတ်ဆိုးဘုရင်မမှာ သူ၏ ခွန်အားကို စမ်းသပ်နေသည့် ပုံစံမျိုးပင် ပေါက်နေပေသေးသည်။

ထိုအပြင် ဤငှက်မွေးနတ်ဆိုးဘုရင်မ ဘာကြောင့် ထိုကဲ့သို့ လုပ်နေရသလဲဆိုသည်ကိုလည်း ရန်ကိုင် သိချင်နေမိပေသေးသည်။

"နင် ဘာဖြစ်လို့ တော်ဝင်သခင်မနန်းတော်ထဲမှာ အေးအေးဆေးဆေး မနေဘဲ ဒီသွေးပြိုင်ကွင်းမှာ လာပြိုင်နေရတာလဲ" ငှက်မွေးနတ်ဆိုးဘုရင်မသည် ရန်ကိုင်အား အထက်အောက် အစုန်အဆန် သေသေချာချာ ကြည့်ရင်းမှ မေးလိုက်သည်။ ထိုကဲ့သို့ မေးပြီးပြီးချင်းမှာပင် ရုတ်တရက် သဘောပေါက်သွားသည့်အလား ပြန်ပြောလိုက်လေ၏။ "အိုး ငါသိပြီ၊ နင် ဆုကြောင့် ဒီမှာလာပြိုင်တာမလား" ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင် နားနားသို့ ကပ်၍ စိတ်လှုပ်ရှားနေသည့် လေသံဖြင့် မေးလိုက်လေသည်။ "သွေးပြိုင်ကွင်းမှာ အဲဒီလို ဆုပေးမယ်လို့ နင် ဘယ်လိုသိတာလဲ၊ အတွင်းရေးသတင်းတွေ သိထားတာလား၊ သိရင် ငါ့ကို နည်းနည်းမျှပါဦး"

[ချီးကို အတွင်းရေးသတင်း] ရန်ကိုင် စိတ်ထဲမှ ကြိတ်ကာ အော်ဆဲလိုက်လေသည်။ ထို့နောက် စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်လေ၏။ "နင် တစ်ခုခု ပြောချင်တယ်ဆိုရင်ပြော"

ငှက်မွေးနတ်ဆိုးဘုရင်မမှာ ရန်ကိုင်၏ ရိုင်းစိုင်းသည့် တုံ့ပြန်ပုံကြောင့် နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက်တွင် သူမ လက်ထဲရှိ လေးအား ဆော့ကစားနေရင်းမှ မျက်ခုံးပင့်ကာ ပြောလိုက်လေ၏။ "နင်ငါ့အပေါ် အသက်ကျေးဇူးကြွေး တင်သွားတာ၊ ငါ့ကို အရင်ဆုံး ကျေးဇူးတင်သင့်တယ်လို့ မထင်ဘူးလား"

ရန်ကိုင်သည် ငှက်မွေးနတ်ဆိုးအား ခါးသက်နေသည့် ပုံစံဖြင့် ပြန်၍ ပြောလိုက်လေသည်။ "အရူးမပဲ" ထိုသို့ပြောပြီးသည့်နောက် လှည့်ထွက်သွားလေ၏။

ငှက်မွေးနတ်ဆိုးဘုရင်မမှာ ယာယီမျှ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ပြီးသည်နောက် အသိပြန်ဝင်လာချိန်၌ ရန်ကိုင်ဆီသို့ ပြေးထွက်သွားပြီး ရန်ကိုင်၏ လမ်းကို ပိတ်ရပ်၍ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ အော်ပြောလိုက်လေသည်။ "နင်ငါ့ကို ဆဲလိုက်တာလား"

"ထွက်သွားစမ်း" ရန်ကိုင်ကမူ ခက်ထန်ကြမ်းကြုတ်သည့် ပုံစံမျိုးဖြင့် ပြန်၍ ခြိမ်းခြောက်လိုက်လေ၏။ "ငါ အမျိုးသမီးကို တိုက်ခိုက်ရတာ မကြိုက်ဘူးဆိုပေမဲ့ မတိုက်ခိုက်တတ်တာတော့ မဟုတ်ဘူးနော်၊ နင်ငါ့ကို ဆက်ပြီးတော့ အနှောင့်အယှက်ပေးနေဦးမယ်ဆိုရင် ငါ နင့်အသက်ကို ယူပစ်တော့မှာ"

ငှက်မွေးနတ်ဆိုးဘုရင်မအား သတ်လိုက်ဖို့ရာ ရန်ကိုင်အတွက် ကိစ္စမရှိပေ။ တကယ့်တော့ သူမအား သတ်လိုက်မည်ဆိုလျှင် ပြိုင်ဘက်တစ်ဦး လျော့သွားခဲ့မည် မဟုတ်ပေလော။

ငှက်မွေးနတ်ဆိုးဘုရင်မမှာ လည်ပင်းညှစ်ခံလိုက်ရသည့်ပမာ မျက်လုံးကြီး ပြူးသွားခဲ့လေ၏။ ထို့နောက် ဒေါသထွက်လွန်းသဖြင့် အော်ဟစ်ရယ်မောရင်းမှ ပြန်ပြောတော့လေသည်။ "ငါနင်နဲ့ ဆော့နေတယ်လို့ ထင်နေတာလား၊ ဟမ်၊ ငါသာ နင့်ကို မတားရင် နင် အခုအချိန် သေလူ ဖြစ်နေလောက်ပြီ"

"အို" ရန်ကိုင် အံ့အားသင့်သွားခဲ့လေသည်။ သို့ပါသော်ငြား တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်၍ မေးလိုက်လေ၏။ "ကဲ၊ အဲဒါဆို ငါ ဘယ်လိုသေမလဲဆိုတာကို နင်ငါ့ကို ပြောပြပေးလို့ရမလား"

ငှက်မွေးနတ်ဆိုးဘုရင်မက လှောင်ပြုံးပြုံး၍... "ခုနတုန်းက ဟိုနတ်ဆိုးက နင့်ကို နတ်ဆိုးဘုရင် ဆယ်ပါးကျော် ပုန်းနေတဲ့ ထောင်ချောက်တစ်ခုဆီ မျှားခေါ်သွားနေတာ၊ အဲဒီနတ်ဆိုးဘုရင်တွေထဲမှာ အဆင့်မြင့်နတ်ဆိုးဘုရင် သုံးပါးတောင် ပါတယ်၊ အဲဒီနတ်ဆိုးတွေ အားလုံးသာ နင့်ကို အလစ်ချောင်းပြီး တိုက်ခိုက်လာခဲ့မယ်ဆိုရင် နင် အသက်ရှင်နိုင်မယ်လို့ ထင်လား"

ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ထိုနတ်ဆိုး ထွက်ပြေးရာ အရပ်ဆီသို့ တွေးတွေးဆဆဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ ထို့နောက်တွင် ငှက်မွေးနတ်ဆိုးကို ပြန်ကြည့်၍ မေးလိုက်လေ၏။ "နင် ဘယ်လိုသိတာလဲ"

ရန်ကိုင်သည်သာ နတ်ဆိုးဘုရင် ဆယ်ပါးကျော်၏ ဝိုင်းဝန်း အလစ်ချောင်းတိုက်ခိုက်ခြင်း ခံရမည်ဆိုပါက အမှန်တကယ်ကို ပြဿနာတက်ရပေလိမ့်မည်။ ထိုနတ်ဆိုးဘုရင်များထဲ အဆင့်မြင့်နတ်ဆိုးဘုရင် သုံးပါးပင် ပါနေသေးသည် မဟုတ်ပေလော။ ရန်ကိုင်အနေဖြင့် ထိုနတ်ဆိုးဘုရင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှ လွတ်မြောက်နိုင်ခဲ့မည်ဆိုလျှင်ပင် သူ့ဝှက်ဖဲများကို ကျိန်းသေ ထုတ်သုံးရပေလိမ့်မည်။

ထိုကဲ့သို့ ဖြစ်လာမည်ကို ရန်ကိုင် မလိုလားပေ။ ရန်ကိုင်သည် နတ်ဆိုးနယ်မြေဆီသို့ တာဝန်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ ယုရုမန်မှာ ရန်ကိုင်၏ စွမ်းရည်များကို သိထားပါသော်ငြား အခြားလူများကမူ မသိသေးပေ။ ထိုအပြင် ယုရုမန်သည် ရန်ကိုင်၏ ဝှက်ဖဲများကို သတင်းလျှောက်ဖြန့်နေရလောက်သည်အထိ အားယားနေသည့် လူမဟုတ်။ ထိုအကြောင်းကြောင့် သူ့ဝှက်ဖဲများကို လိုရမည်ရ အသုံးချနိုင်ရန်အလို့ငှာ အခြားသူများ မသိစေအောင် ဖုံးကွယ်ထားသည်ကသာ အကောင်းဆုံး ဖြစ်ပေသည်။

ငှက်မွေးနတ်ဆိုးက လှောင်ပြုံးပြုံးလျက်... "ဘာလဲ၊ ကြောက်သွားပြီလား"

"ကြောက်ရမယ်" ရန်ကိုင်က ပြန်၍ ပြောလိုက်လေသည်။ "ကြယ်တာရာအစုအဝေးကိုတောင် သစ္စာဖောက်ပြီးတော့ မဟာဧကရာဇ်တစ်ပါးရဲ့ လက်ကနေ ထွက်ပြေးလာတာ၊ အဲဒီကနေ ထွက်ပြေးမလာခင် မဟာဧကရာဇ်တစ်ပိုင်းနဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သေးတယ်၊ ဒီလောကကြီးထဲမှာ ငါ ကြောက်တာ ဘာမှမရှိဘူး"

ငှက်မွေးနတ်ဆိုး ကြောင်သွားလေ၏။ သူမသည် နတ်ဆိုးတစ်ကောင် ဖြစ်ပါသော်ငြား မဟာဧကရာဇ်များနှင့် မဟာဧကရာဇ်တစ်ပိုင်းများကို သိပေသည်။ လူများသည် နတ်ဆိုးနယ်မြေထဲရှိ တော်ဝင်သခင်များ သူတော်စင်တစ်ပိုင်းများနှင့် ယှဉ်နိုင်သည့် လူများ ဖြစ်ကြသည်။ ကြယ်တာရာအစုအဝေးကို သစ္စာဖောက်၍ မဟာဧကရာဇ်တစ်ပိုင်းကို သတ်ဖြတ်ရဲသည့် ရန်ကိုင်မှာ အမှန်တကယ်ကို ရူးမိုက်သည့် လူစားမျိုး ဖြစ်ပေသည်။

ထိုကိစ္စနှင့် ဆက်လက်၍ အချိန်မကုန်ချင်တော့သည့်အတွက်ကြောင့် ငှက်မွေးနတ်ဆိုးက ပြန်၍ ပြောလိုက်လေ၏။ "ငါ ဘယ်လိုသိတာလဲဆိုတာကို နင် ဂရုစိုက်နေစရာ မလိုဘူး၊ အခု နင် သိထားဖို့က နင် နောက်ဆုံး အနိုင်မရနိုင်အောင် အချို့နတ်ဆိုးတွေက အတူပူးပေါင်းပြီးတော့ နင့်ကို ရှင်းပစ်ဖို့ စဉ်းစားနေပြီဆိုတာပဲ"

ရန်ကိုင်သည် သူ့မေးစေ့ကို ပွတ်ရင်းမှ ခေါင်းညိတ်၍ ပြန်ပြောလိုက်လေ၏။ "နင် ပြောသလိုဆိုရင်တော့ ငါနင့်အပေါ် အကြွေးတင်သွားပြီပေါ့နော်၊ ကိစ္စမရှိပါဘူး၊ နင် နောက်ပိုင်း ပြဿနာတက်ပြီဆိုရင် တော်ဝင်သခင်မရဲ့ နန်းတော်ဆီမှာ ငါ့ကိုလာရှာလိုက်၊ ငါ ကူညီပေးနိုင်မယ်ဆိုရင် မငြင်းဘူး"

ငှက်မွေးနတ်ဆိုး၏ စကားကို ရန်ကိုင် သံသယရှိမနေခဲ့ပေ။ တကယ်တော့ သူမအနေဖြင့် ဤကဲ့သို့သော နေရာမျိုးတွင် သူ့အား လိမ်ညာနေ၍လည်း အကျိုးမှ မရှိလေဘဲ။ ထိုအပြင် ငှက်မွေးနတ်ဆိုးသည် ထူးချွန်သည့် မြားသမားတစ်ဦး ဖြစ်သည့်အလျောက် အလွန်ကိုမှ အမြင်စူးရှရပေလိမ့်မည်။ အချို့သော အားကောင်းလှသည့် ငှက်မွေးနတ်ဆိုးများမှာ လူများ မမြင်နိုင်သည့် အရာမျိုးကို မြင်နိုင်သော မျက်လုံးပညာရပ်များကို ကျင့်ကြံထားကြပေသည်။

မည်သို့ပင် ဖြစ်နေစေကာမူ သူမအနေဖြင့် ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့လျှင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်သွားရပေတော့မည်။ ရန်ကိုင်အနေဖြင့် သူမအား ယခုနေ မသတ်သေးလျှင်ပင် ပြိုင်ပွဲ အဆုံးသတ်ခါနီး၌ သူမအား ကျိန်းသေ တိုက်ခိုက်လာလိမ့်မည်။ ထိုသို့ တိုက်ခိုက်ရသည့်အခါတွင်တော့ ရန်ကိုင်အနေဖြင့် လုံးဝကို တွန့်ဆုတ်နေတော့လိမ့်မည် မဟုတ်။

"နင် သေသွားရင် နင့်ဆီကနေ အကြွေးရစရာရှိတော့ရော ဘာထူးဦးမှာလဲ" ငှက်မွေးနတ်ဆိုးက ပြန်၍ ပြောလိုက်လေ၏။

"အဲဒါဆို နင်ဘာလုပ်ချင်လဲ" ရန်ကိုင်သည် ငှက်မွေးနတ်ဆိုးကို စောင့်ကြည့်ရင်းမှ မေးလိုက်လေသည်။ ငှက်မွေးနတ်ဆိုးမှာ သူ့အား ထောင်ချောက်ထဲသို့ ကျမသွားလေအောင် အလကားသက်သက် ကူညီပေးခဲ့ခြင်း ဖြစ်လိမ့်မည်ဟုတော့ ရန်ကိုင် မထင်။ သူမတွင် အခြားသော ရည်ရွယ်ချက်များ ရှိနေရပေလိမ့်ဦးမည်။

"ပူးပေါင်းကြရအောင်" ငှက်မွေးနတ်ဆိုးမှာ အမျိုးသမီးတစ်ဦး ဖြစ်ပါသော်ငြား အလွန်ကိုမှ ရိုးသားပွင့်လင်းလှပေသည်။

"နင်နဲ့၊ ငါက၊ ပူးပေါင်းဖို့" ရန်ကိုင်သည် ငှက်မွေးနတ်ဆိုးကို လက်ညှိုးဖြင့် ထိုးလိုက်ပြီးသည့်နောက် သူ့ကိုယ်သူ လက်ညှိုးပြန်ထိုး၍ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်လေသည်။ ထို့နောက် ရန်ကိုင်၏ နှုတ်ခမ်းမှာ လှောင်ပြုံးတစ်ခုပမာ ကွေးတက်သွားခဲ့လေသည်။

ရန်ကိုင်၏ လုပ်ပုံကို မြင်သော် ငှက်မွေးနတ်ဆိုး၏ မျက်နှာကြီး သုန်မှုန်သွားခဲ့ပြီး အမြီးတက်နင်းခံလိုက်ရသည့် ကြောင်တစ်ကောင်ပမာ ဆွေ့ဆွေ့ခုန်သွားတော့လေသည်။ "ခွေးသူတောင်းစား၊ နင် ငါ့ကို အထင်သေးရဲတယ်လား" ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်နှင့် ချက်ချင်းထ၍ တိုက်ခိုက်တော့မည်အလား လေးကိုင်းကို ကိုင်ကာ လေးကြိုးကို ဆွဲ၍ ရန်ကိုင်အား သင်ခန်းစာပေးရန် ပြင်တော့လေသည်။

"ငါ မှားသွားတယ်၊ ငါ မှားသွားတယ်၊ ဟုတ်ပြီလား" ရန်ကိုင်သည် လက်ကို မြှောက်ရင်းမှ မဆင်မခြင် မလှုပ်ရှားရန် အချက်ပြလိုက်လေသည်။ "ငါ အဲဒီလိုပြောချင်တာ မဟုတ်ဘူး"

"အဲဒါဆို နင် ဘာပြောချင်တာလဲ" ငှက်မွေးနတ်ဆိုးကမူ ရန်ကိုင်၏ အပြုံးထဲဝယ် သူမအား အထင်အမြင်သေးရိပ်တို့ကို အထင်းသား မြင်လိုက်ရသည့်အတွက်ကြောင့် အံကို တင်းတင်းကြိတ်နေခဲ့လေသည်။

"ငါက လူသား၊ နင်က နတ်ဆိုး၊ ငါတို့နှစ်ယောက် အတူပူးပေါင်းရင် မထူးဆန်းနေဘူးလား" ရန်ကိုင်ကမူ တွေ့ကရာ အကြောင်းပြချက်တစ်ခု ကောက်ပေးလိုက်လေသည်။ သို့ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်သည့်နောက် ငှက်မွေးနတ်ဆိုးကဲ့သို့သော လူတစ်ဦးသည်သာ သူ့အား ကူညီပေးနေမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် သူ့ဝှက်ဖဲများကို ထုတ်သုံးနေစရာ လိုတော့လိမ့်မည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့လေသည်။

"တကယ်လား" ငှက်မွေးနတ်ဆိုးမှာ ရန်ကိုင်အား မယုံကြည်သည့် ပုံစံမျိုးဖြင့် ပြန်ကြည့်လာခဲ့သည်။

ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ လက်သုံးချောင်း ထောင်ပြလိုက်ရင်းမှ အော်ပြောလိုက်လေ၏။ "ငါ ကျိန်ဆိုရဲတယ်"

ထိုအခါမှသာလျှင် ငှက်မွေးနတ်ဆိုးမှာ သူမ၏ မြားကို ပြန်ချလိုက်လေသည်။ "နင်ငါ့ကို မလိမ်တာ ကောင်းလိမ့်မယ်၊ မဟုတ်ရင် နင့်အဆုံးသတ် ကောင်းမှာ မဟုတ်ဘူး" တစ်ချက်မျှ ရပ်ပြီးသည့်နောက် ငှက်မွေးနတ်ဆိုးက ဆက်၍ ပြောလိုက်လေ၏။ "နတ်ဆိုးမျိုးနွယ်တွေ လူသားမျိုးနွယ်တွေကို ဘာဂရုစိုက်နေစရာလိုလို့လဲ၊ ပြီးတော့ နင်က နတ်ဆိုးလမ်းကြောင်းထဲ ရောက်နေပြီးသား၊ ကြယ်တာရာအစုအဝေးကိုလည်း သစ္စာဖောက်ထားတဲ့လူ၊ အနှေးနဲ့အမြန်ဆိုသလို နင်က နတ်ဆိုးမျိုးနွယ်စုဝင်တစ်ယောက် ဖြစ်လာတော့မှာ၊ ပြီးတော့ နင်က လူသားတစ်ယောက်ဆိုရင်တောင် ဘာဖြစ်မှာမလို့လဲ၊ အခြားသူတွေ ကျေနပ်တာ မကျေနပ်တာတွေကို ငါက လိုက်ပြီး ဂရုစိုက်ပေးနေရဦးမှာလား"

"ကောင်းတယ်" ရန်ကိုင်သည် ငှက်မွေးနတ်ဆိုးအား လက်မ ထောင်ပြလိုက်ပြီးသည့်နောက် သူ့ခေါင်းကို ကုတ်ရင်းမှ ပြောလိုက်လေ၏။ "ငါ မေးချင်တာ တစ်ခုရှိသေးတယ်"

"ပြော"

"နင်နဲ့ငါ အတူပူးပေါင်းပြီးတော့ ပြိုင်ဘက်တွေ အကုန်လုံးကို ရှင်းထုတ်ပစ်နိုင်ပြီပဲ ထားပါဦး၊ နောက်ဆုံးကျ ငါတို့က ဘာလုပ်ရမှာလဲ"

ငှက်မွေးနတ်ဆိုးသည် နှုတ်ခမ်းလေးကို ကွေးလျက် အေးစက်စက် ပြုံးရင်းမှ ပြန်ပြောလိုက်လေသည်။ "ဘာလုပ်ရမှာလဲ၊ ငါတို့ နှစ်ယောက်ထဲက နောက်ဆုံး အသက်ရှင်နိုင်တဲ့သူက ဆုကို ရမှာပေါ့"

"အိုး" ရန်ကိုင်မှာ သဘောပေါက်သွားသည့်ပမာ လက်ဖျောက်တီး၍ ပြောလိုက်လေ၏။ "ဒီတော့ နောက်ဆုံးကျရင် နင်နဲ့ငါ တိုက်ခိုက်ရဦးမှာပေါ့"

ငှက်မွေးနတ်ဆိုးသည် ရန်ကိုင်အား ပြုံးကာ ကြည့်ရင်းမှ ပြောလိုက်လေ၏။ "မတိုက်ခိုက်ချင်လည်း ရတယ်၊ နင့်ကိုယ်နင် သတ်သေလိုက်ရင် ပြီးတာပဲ၊ နင်က ငါ့ပြိုင်ဘက်မှ မဟုတ်တာ"

ရန်ကိုင်က ရယ်သွမ်းသွေးလျက်... "အဲဒီလိုမျိုး ယုံကြည်ထား၊ အဲဒီလိုမျိုး ယုံကြည်ချက်က တစ်နေ့ နင် ဒုက္ခရောက်ရတဲ့ အကြောင်းအရင်း ဖြစ်လာမှာ"

ငှက်မွေးနတ်ဆိုး၏ မျက်နှာကြီး မှုန်ကုပ်သွားခဲ့လေသည်။

ရန်ကိုင်သည် သူ့လက်ကို ဆန့်ထုတ်၍ မိတ်ဆက်လိုက်လေသည်။ "ရန်ကိုင်"

ငှက်မွေးနတ်ဆိုး မျက်မှောင်ကြုတ်သွားခဲ့သည်။ ရန်ကိုင်၏ လုပ်ပုံနှင့် ပတ်သက်၍ သူမမှာ အလျင်မီ မတုံ့ပြန်နိုင်ခဲ့။ သို့ပါသော်ငြား ငှက်မွေးနတ်ဆိုးသည်လည်း သူမ၏ လက်ကို ဆန့်ထုတ်၍ ရန်ကိုင်နှင့် လက်ချင်းဆွဲကာ နှုတ်ဆက်လိုက်လေသည်။ "ဘိုရ"

သူမ၏ လက်ကို တစ်ယောက်ယောက်မှ ရုတ်တရက် ကုတ်လာခဲ့လေသည်။ ယားကျိကျိ ဖြစ်လှသည့်အတွက်ကြောင့် ဘိုရမှာ ချက်ချင်းပဲ ထအော်တော့လေ၏။ "ခွေးသူတောင်းစား၊ နင် ငါ့ကို အသားယူနေတာလား"

ထိုသို့ပြောပြီးသည့်နောက် သူမလက်ကို ချက်ချင်း ပြန်ဆွဲယူ၍ သူမ လက်ပေါ်ရှိ အညစ်အကြေးများကို သန့်ရှင်းပစ်နေသည့်အလား အင်္ကျီဖြင့် သူမ လက်ဝါးကို သေသေချာချာ ထိုင်ပွတ်သပ်နေတော့လေသည်။

ရန်ကိုင်မှာမူ ဘိုရအား မှင်တက်နေသည့် အမူအရာဖြင့် ကြည့်ရင်းမှ မေးလိုက်လေ၏။ "နင်က မိန်းမတွေကိုပဲ ကြိုက်တာလား"

ဤငှက်မွေးနတ်ဆိုးကို ပထမဦးဆုံးအကြိမ် မြင်လိုက်စဉ်က အမျိုးသမီးနတ်ဆိုးဘုရင် တစ်ပါးသည် ပြိုင်ပွဲထဲ ဘာကြောင့် ဝင်လာရသလဲဆိုသည်ကို ရန်ကိုင် စဉ်းစားခဲ့လေသည်။ ဤအမျိုးသမီးတွင် ပုံမှန်နှင့် မတူဘဲ တမူထူးခြားသည့် အကျင့်များ ရှိနေလေသလောဆိုသည်ကိုလည်း တွေးမိခဲ့ပေသေးသည်။

ယခု စမ်းသပ်ကြည့်ပြီးသည့်နောက် သူထင်ထားသကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူ့အရှေ့တွင် ရှိနေသည့် ဤငှက်မွေးနတ်ဆိုးဘုရင်မမှာ လုံးကြီးပေါက်လှ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခဲ့သည့်တိုင် သူမ၏ အကြိုက်မှာ သာမန်အမျိုးသမီးများနှင့် တူမနေခဲ့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters