← Chapters

အခန်း ၃၄၅၁

Vol. 152 Ch. 3451

အခန်း ၃၄၅၁

Vol. 152 Ch. 3451

အပိုင်း (၃၄၅၁)

ဘာသာပြန်သူ_တိမ်တိုက်

"ငါ ဘယ်သူ့ကြိုက်ကြိုက် နင့်ကိစ္စ မဟုတ်ဘူး" ဘိုရသည် အနည်းငယ်မျှ ရှက်ရွံ့ခြင်း မရှိဘဲ ပြန်၍ အော်ပြောလိုက်သည်။

ရန်ကိုင်ကမူ ထိုကိစ္စနှင့် ပတ်သက်၍ လေကုန်မခံချင်တော့ပေ။ သွေးနတ်ဆိုး ထွက်ပြေးသွားသည့် အရပ်ဆီသို့ လှမ်းကြည့်ပြီးသည့်နောက် ဘိုရဘက်သို့ လှည့်၍သာ ပြန်မေးလိုက်သည်။ "သူတို့ အစီအစဉ်ကို မြင်ပြီးတာတောင် အခုလိုမျိုး ပူးပေါင်းဖို့ လာပြောနေတယ်ဆိုတော့ နင့်မှာ သူတို့ကို ရင်ဆိုင်နိုင်တဲ့ အစီအစဉ်တစ်ခု ရှိလို့ပေါ့၊ ဟုတ်တယ်မလား၊ နင် ဘယ်လို စဉ်းစားထားလဲ"

ဘိုရသည် နှုတ်ခမ်းကို မဲ့လျက် ရန်ကိုင်အား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်ကာ ပြန်ပြောလိုက်လေသည်။ "ဘာအစီအစဉ် ရှိရမှာလဲ၊ နင်က အရှေ့ကနေ ထွက်သွားပြီးတော့ သူတို့ကို အာရုံလွှဲ၊ ငါက အနောက်ကနေပြီးတော့ တစ်ယောက်ချင်းစီကို ရှင်းပစ်မယ်၊ အဲဒါပဲလေ"

ဤသည်မှာ အရိုးရှင်းဆုံးသော အဖြေတစ်ခု ဖြစ်ပေသည်။ သို့ပါသော်ငြား ဤနည်းလမ်းနှင့် ပတ်သက်၍ ရန်ကိုင်အတွက် လုံခြုံမှု မရှိပေ။ တကယ်တော့ ဘိုရသည် ထိုနတ်ဆိုးများနှင့် ပူးပေါင်းနေသည့်လူ မဟုတ်ပါဟု မည်သူမျှ အာမ မခံနိုင်ပေ။ ဘိုရသည် အနောက်မှ နေ၍ ရန်ကိုင်အား အလစ်ငိုက်ချောင်းကာ တိုက်ခိုက်ပါမည်ဟူသော အချက်ကိုလည်း မည်သူမျှ အာမ မခံနိုင်။ ထိုအကြောင်းကြောင့် ရန်ကိုင် သူမ၏ ကမ်းလှမ်းချက်ကို ငြင်း၍ ပိုကောင်းသည့် အစီအစဉ်တစ်ခုကို စဉ်းစား၍ ပြန်ပြောလာလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်ကမူ ခေါင်းညိတ်၍သာ ပြန်ပြောလိုက်လေသည်။ "ကောင်းပြီလေ၊ အဲဒီအတိုင်း လုပ်ကြတာပေါ့"

ဘိုရ အံ့အားသင့်သွားတော့လေသည်။ ဤသည်မှာ သူမ ထင်ထားသည်နှင့် ကွဲပြားနေခဲ့သည်။ [သူ ဒီလောက်တောင် ယုံကြည်ချက်ရှိတာလား]

ထို့နောက်တွင် သူမ ပခုံးကို တစ်စုံတစ်ဦးမှ လာပုတ်နေသည်ကို ဘိုရ ခံစားမိလိုက်သည်။ ထိုအခါမှသာလျှင် ရန်ကိုင်မှာ သူမ၏ ပခုံးကို ပုတ်၍ သူမအား အလေးအနက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ ပြောလိုက်သည်ကို ကြားလိုက်ရလေ၏။ "အတူပူးပေါင်းပြီးတော့ ဟိုကောင်တွေကို ရှင်းပစ်ကြတာပေါ့"

ဘိုရ၏ ကျောပြင်တစ်ခုလုံး ချွေးအေးများဖြင့် စိုရွှဲသွားခဲ့သည်။ ရန်ကိုင် သူမအနားသို့ ရောက်နေသည်ကိုပင်လျှင် သတိမထားမိလိုက်ပေ။ တစ်နည်းဆိုရသော် သူမ အရှေ့တွင် ရှိနေသည့် လူသည်သာ သူမအား သတ်ပစ်လိုပါက ဘိုရ ယခုလေးတင် သေသွားလောက်ပေပြီ။

[ဒါ သတိပေးတာလား] ဘိုရ မျက်မှောင်ကြုတ်သွားခဲ့ပါသော်ငြား သူမ စိတ်ထဲ ဝမ်းသာမိသွားခဲ့လေသည်။ ရန်ကိုင် ပို၍ အားကောင်းလေ သူမ ရန်ကိုင်နှင့်သာ အတူပူးပေါင်းပါက အောင်မြင်နိုင်ခြေ ပိုများလေပင်။ ယခုနေ သူမ စိတ်ထဲ ရန်ကိုင် လုံလောက်အောင် အားမကောင်းမည်ကို စိတ်ပူနေခြင်းသာ ရှိပေသည်။

အစောပိုင်းက ထွက်ပြေးသွားသော သွေးနတ်ဆိုးသည် အခြားသော နတ်ဆိုးများ ပုန်းအောင်းနေသည့် တောင်ဆီသို့ ပျံသန်းလာပြီး တောင်ပေါ်တွင် ဆင်းလိုက်သည်။

ထိုသွေးနတ်ဆိုး ပြန်ရောက်လာသည်ကို မြင်သည့်အခါ ပုန်းအောင်းနေသော နတ်ဆိုးဘုရင်များသည်လည်း ပုန်းအောင်းနေရာမှ ထွက်လာပြီး ထိုသွေးနတ်ဆိုးဆီသို့ လာခဲ့ကြလေသည်။ ထို့နောက်တွင် စုံစမ်းမေးမြန်းကြည့်လိုက်ရာ နတ်ဆိုးဘုရင် အတော်များများ မျက်နှာကြီး သုန်မှုန်သွားခဲ့ကြသည်။

ထိုနတ်ဆိုးဘုရင်များ မည်သည့်ကိစ္စအား ဆွေးနွေးနေသလဲဆိုသည်ကို မသိရပါသော်ငြား ပွဲကြည့်စင်ပေါ်တွင် ရှိနေသည့် နတ်ဆိုးများမှာတော့ အနည်းနှင့်အများ ခန့်မှန်းမိကြပေသည်။ သူတို့ ဆွေးနွေးနေသည်မှာ ဘာကြောင့် ရန်သူအား ထောင်ချောက်ထဲသို့ အောင်မြင်စွာ မျှားခေါ်မလာနိုင်ရသလဲနှင့် ယခုကိစ္စ မအောင်မြင်သွားသည့်နောက် နောက်ဘာဆက်လုပ်ရမလဲဆိုသည်ပင် ဖြစ်လေသည်။

ထိုအခိုက်အတန့်ဝယ် ရန်ကိုင်နှင့် ဘိုရကို ကြည့်ရင်းမှ ပွဲကြည့်စင်ပေါ်ရှိ နတ်ဆိုးများဆီမှ အုတ်အုတ်ကျက်ကျက် အသံများ ထွက်ပေါ်လာခဲ့သည်။

ထိုလူနှင့် ငှက်မွေးနတ်ဆိုးသည် အတူတကွ ပူးပေါင်းရန် သဘောတူညီချက် ရသွားပြီးသည့်နောက် ယခုအခါတွင် သွေးနတ်ဆိုး ထွက်ပြေးသွားသည့် လမ်းကြောင်းဆီသို့ ဦးတည်ကာ သွားနေလေ၏။

ရှောင်ဝူမှာ မယုံကြည်နိုင်ဟန် အထင်းသားဖြင့် သူမ၏ ပါးစပ်ကလေးကို လက်ဖြင့် အုပ်ထားခဲ့လေသည်။

သူမ အနောက်တွင် ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူးမှာလည်း ဆံပင်ကို လက်ဖြင့် ဆုပ်ကိုင်ထားရင်းမှ မကျေမနပ်ဖြင့် ညည်းတွားလိုက်လေသည်။ "သူ ဘာလုပ်နေတာလဲ၊ ထောင်ချောက် တည့်တည့်ထဲကို ဝင်သွားနေတာလား၊ ရူးချက်ပဲကွာ၊ ငါ့ရဲ့ အဖိုးတန် နတ်ဆိုးသလင်းကျောက်ကလေးတွေ"

မူလကမူ ငှက်မွေးနတ်ဆိုး ရုတ်တရက် ဝင်တားလိုက်သည့်အတွက်ကြောင့် ရန်ကိုင်မှာ ထောင်ချောက်ထဲသို့ ရောက်မသွားခဲ့လေရာ အတော်လေးကိုမှ ကံကောင်းသွားပြီဟု ထင်ခဲ့ပေသည်။ သို့ပါသော်ငြား ထိုငှက်မွေးနတ်ဆိုးသည်လည်း ရန်ကိုင်နှင့်အတူ ထောင်ချောက်ထဲသို့ လျှောက်ဝင်သွားရလောက်သည်အထိ ရူးမိုက်လိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

[သူတို့ အသက်မရှင်ချင်တော့တာလား] နတ်ဆိုးဗိုလ်ချုပ်မှူးမှာ ဆက်၍သာ ကြည့်နေလျှင် စိတ်မထိန်းနိုင်တော့မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ဆက်၍ မကြည့်ရဲတော့ပေ။

သွေးပြိုင်ကွင်းထဲဝယ် ရန်ကိုင်မှာ အနည်းငယ်မျှပင် တုန်လှုပ်နေခြင်း မရှိသည့် ပုံစံမျိုးဖြင့် ရှေ့တည့်တည့်သို့ ပျံသန်းသွားနေခဲ့သည်။ ဘိုရကိုမူ သူ့အနီးနားတွင် မတွေ့ရ။ ဘိုရသည် သူမ၏ အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်၍ ရန်ကိုင် အနောက်ဘက် ဆယ်မိုင်ခန့် အကွာမှသာ ထက်ကြပ်မကွာ လိုက်လာနေခဲ့လေသည်။

ဘိုရသာ မလှုပ်ရှားသရွေ့ သူမ ရှိနေသည်ကို အာရုံခံမိဖို့ရာ အလွန်ကိုမှ ခက်ခဲလှသည်။

မိုင်ပေါင်းများစွာ ဖြတ်ကျော်လာပြီးသည့်နောက်တွင် သွားချင်နေသည့် ပစ်မှတ်ဆီသို့ ရောက်ရှိလာခဲ့လေသည်။

တောင်ခြေဆီသို့ ရောက်လာသော် အပေါ်သို့ မော့ကြည့်လိုက်ရာ စိမ်းလန်းစိုပြည်လှသော တောတောင်ရှုခင်းများကို မြင်တွေ့လိုက်ရလေသည်။ လေပြည်လေညင်းသည် တောအုပ်များကြား တဖြူးဖြူး တိုက်ခိုက်နေခဲ့လေရာ သစ်ရွက်များမှာလည်း လေအဝှေ့နှင့်အတူ ယိမ်းထိုးနေခဲ့လေသည်။ ထိုဆိတ်ငြိမ်လှသော တောအုပ်ကြီးမှာ ရန်ကိုင်အား အန္တရာယ် အငွေ့အသက်ကို ပေးစွမ်းနေလေ၏။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရသလောက် ထိုတောအုပ်များအကြား ပုန်းအောင်းနေသည့် နတ်ဆိုးဘုရင် ဆယ်ပါးကျော် ရှိပေသည်။ ထိုနတ်ဆိုးဘုရင်များထဲ အဆင့်မြင့်နတ်ဆိုးဘုရင် အချို့လည်း ပါနေသေးသည်။ လက်ရှိ သူရှာတွေ့ထားသည်မှာ ဘိုရ ပြောပြသည်နှင့် အတူတူသာ ဖြစ်နေလေ၏။

ရန်ကိုင်မှာ ထိုတောအုပ်ကြီးအား တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေစဉ် ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ရှောင်ဝူမှာတော့ စိတ်ထဲမှ ကြိတ်ကာ အော်ဟစ်နေလေ၏။ [မသွားနဲ့၊ မသွားနဲ့၊ အဲဒါ ထောင်ချောက်]

သူမ အနောက်တွင် ရှိနေသော နတ်ဆိုးဗိုလ်ချုပ်မှူးမှာလည်း အသက်ကိုပင် ရဲရဲမရှူရဲခဲ့ဘဲ ရန်ကိုင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေလေသည်။

ထို့နောက်တွင် အကုန်လုံး၏ အကြည့်အောက်၌ ရန်ကိုင်သည် လက်သီးဆုပ်၍ အသက်ကို ပြင်းပြင်းရှူသွင်းကာ အော်ပြောလိုက်လေသည်။ "လူရှိတာလား"

ရန်ကိုင်၏ အသံလှိုင်းသည် ရေလှိုင်း တစ်လှိုင်းပမာ သစ်ပင်များကို ရိုက်ခတ်သွားခဲ့လေရာ သစ်ပင်များမှာ ဘယ်ညာ ယိမ်းထိုးသွားကုန်ကြခဲ့ပြီး သစ်ရွက်သစ်ကိုင်းများမှာလည်း ဆူညံစွာ လှုပ်ခတ်လာခဲ့လေသည်။

ပွဲကြည့်စင်ပေါ်မှ ကြည့်နေသော နတ်ဆိုးဗိုလ်ချုပ်မှူးမှာမူ ထိုင်ခုံပေါ်သို့ ပျော့ခွေလဲကျသွားခဲ့လေ၏။

ရန်ကိုင် အနောက်မှ သူမ၏ အရှိန်အဝါကို ဖုံးကွယ်၍ လိုက်လာနေသော ဘိုရမှာလည်း ရန်ကိုင်၏ လုပ်ပုံကို မြင်ပြီးသည့်နောက် စိတ်ညစ်သွားတော့လေသည်။ [ဒီကောင် ခေါင်းရော ကောင်းသေးရဲ့လား၊ အခုလိုမျိုး သွားအော်နေမှတော့ ငါတို့က ဘယ်လိုလုပ်ပြီး သူတို့ကို အလစ်ချောင်း တိုက်ခိုက်လို့ ရတော့မှာလဲ အရူးကောင်ရဲ့]

ရုတ်တရက်ဆိုသလို ဘိုရမှာ ရန်ကိုင်နှင့် အဖွဲ့ဖွဲ့လိုက်မိသည်မှာ မှားယွင်းသည့် ဆုံးဖြတ်ချက် ဖြစ်သည်ဟုပင် တွေးမိကာ ရန်ကိုင် သေသည် ရှင်သည်ကို ဂရုမစိုက်တော့ဘဲ ပြန်လှည့်ပြေးချင်စိတ်များပင် ဖြစ်ပေါ်လာရတော့လေသည်။

တောင်ပေါ်တွင် ရှိနေသော နတ်ဆိုးဘုရင်များမှာတော့ ယခုအချိန်ထိတိုင် ဆွေးနွေး၍ မပြီးသေးပေ။ သို့ပါသော်ငြား ထိုအခိုက်အတန့်ဝယ် ရန်ကိုင်၏ အော်သံကို ကြားလိုက်ရသည့်အခိုက် အကုန်လုံးမှာ အံ့အားသင့်နေသည့် အမူအရာများဖြင့် တောင်အောက်သို့ ငုံ့ကြည့်လိုက်ကြလေသည်။

မူလက ရန်သူအား ဤနေရာသို့ မျှားခေါ်မည့် သူတို့၏ အစီအစဉ်မှာ မအောင်မြင်သည့်အတွက်ကြောင့် မည်ကဲ့သို့ ဆက်လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ ယခုအချိန်ထိတိုင် နောက်ထပ် အကြံအစည် အသစ်တစ်ခုကို မစဉ်းစားရသေးပေ။ သို့ပါသော်ငြား သူတို့အနေဖြင့် ဘာဆိုဘာမျှ မလုပ်ရသေးခင်မှာပင် သားကောင်သည် သူတို့ ထောင်ထားသည့် ထောင်ချောက်ထဲသို့ သူ့ဘာသာသူ ဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယနေ့သည် သူတို့အတွက်မူ ကံကောင်းသည့် နေ့တစ်နေ့ပင် ဖြစ်လေသည်။

နတ်ဆိုးဘုရင်များသည် တစ်ဦးနှင့်တစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီးသည့်နောက် နတ်ဆိုးဘုရင်တစ်ပါးသည် ရုတ်တရက် ကောင်းကင်ပေါ်သို့ ပျံတက်ကာ တောင်အောက်သို့ တစ်ဟုန်ထိုး ဆင်းသွားလေသည်။ ထိုအချိန် အတောအတွင်း အခြားသူများမှာတော့ ၎င်းတို့၏ အရှိန်အဝါကို ဖုံးကွယ်၍ ပုန်းအောင်းနေလိုက်ကြလေသည်။

ယခုတစ်ကြိမ် တောင်အောက်သို့ ဆင်းသွားသည်မှာ အစောပိုင်းက ထွက်ပြေးသွားသည့် သွေးနတ်ဆိုး မဟုတ်တော့ပေ။ ထိုသွေးနတ်ဆိုးသည် ရန်ကိုင် လက်မှ မဖမ်းမိစေရန် ထွက်ပြေးသွားခဲ့သည့်အတွက်ကြောင့် ရန်ကိုင်၏ အော်သံကို ကြားသည့်အခိုက် ရန်ကိုင်ဆီသို့သာ ပြေးဆင်းသွားမည်ဆိုလျှင် သံသယဝင်စရာ ကောင်းနေပေလိမ့်မည်။ ထိုအကြောင်းကြောင့် ယခုတစ်ကြိမ် ရန်ကိုင်ဆီသို့ သွားသည့် တာဝန်ကို အခြားသော နတ်ဆိုးဘုရင်တစ်ပါးမှ တာဝန်ယူလေသည်။

ဤနတ်ဆိုးမှာတော့ အခြားမဟုတ်။ ရက်စက်ကြမ်းကြုတ်သည့်ပုံ ပေါက်သော အရိုးနတ်ဆိုးပင် ဖြစ်လေသည်။ အရိုးနတ်ဆိုး၏ ကိုယ်ထည်အထက် မည်သည့် အသွေးအသားမျှ မရှိဘဲ ပိန်းပိန်းပိတ် နက်မှောင်သော အရိုးများသာ ရှိနေခဲ့သည်။

သွေးနတ်ဆိုးကဲ့သို့ပင် ဤအရိုးနတ်ဆိုးသည်လည်း အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပေသည်။ တကယ်တော့ ရန်ကိုင်သည် နတ်ဆိုးဘုရင်များစွာကို သတ်ထားသည်ဟူသော သတင်းကို သူတို့ ရရှိထားခဲ့သည် မဟုတ်လေလော။ ထိုအကြောင်းကြောင့် အဆင့်နိမ့်နတ်ဆိုးဘုရင် တစ်ပါးကိုသာ စေလွှတ်လိုက်မည်ဆိုလျှင် ထိုနတ်ဆိုးဘုရင်အား အလကားသက်သက် သေခိုင်းသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ အဆင့်မြင့်နတ်ဆိုးဘုရင် တစ်ပါးအား စေလွှတ်လိုက်မည်ဆိုလျှင်လည်း ရန်ကိုင်အား ကြောက်သွားစေနိုင်သည့် အခြေအနေမျိုးနှင့် ကြုံရနိုင်ပေသေးသည်။ ထိုအကြောင်းကြောင့် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်သည်သာ အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေသည်။

တစ်ခဏလေးအတွင်းမှာပင် ထိုနတ်ဆိုးဘုရင်သည် တောင်ပေါ်မှ တောင်ခြေသို့ ရောက်လာခဲ့သည်။ ထို့နောက်တွင် ထိုအရိုးနတ်ဆိုးသည် ရန်ကိုင်အား မမှိတ်မသုန် စိုက်ကြည့်ရင်းမှ နတ်ဆိုးချီဖြင့် လွှမ်းခြုံနေသော အရိုးဆူးချွန် တစ်ချောင်းကို ရန်ကိုင် တည့်တည့်သို့ ပစ်လွှတ်လိုက်လေ၏။ ထိုအရိုးဆူးချွန်မှာ ဟင်းလင်းပြင် အတားအဆီးကို ထိုးဖောက်လာသည့်အလား ရန်ကိုင် အရှေ့သို့ ရောက်ရှိလာခဲ့သည်။

ရန်ကိုင်ကမူ လှောင်ပြုံးပြုံးရင်းမှ မတ်တတ်သာ ရပ်နေခဲ့လေသည်။ အရိုးဆူးချွန်ကိုမူ မည်သည့်နေရာတွင်မျှ ထပ်၍ မတွေ့ရတော့ပေ။

[ငါ သူ့ကို ထိသွားတာလား] အရိုးနတ်ဆိုး အံ့အားသင့်သွားခဲ့လေသည်။ [ဒီကောင် နတ်ဆိုးဘုရင်တွေ အများကြီးကို သတ်ထားတယ်လို့ ပြောနေတာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားနည်းနေရတာလဲ]

နတ်ဆိုးဘုရင်မှာ ရယ်ပင် ရယ်ချင်မိသွားတော့သည်။ ရန်ကိုင်ကိုသာ သတ်ပစ်လိုက်နိုင်မည်ဆိုလျှင် သူ ကြီးကြီးမားမား အကျိုးဆောင်ခဲ့သည်ဟု ပြော၍ ရပေသည်။

ထိုကဲ့သို့သာ ဖြစ်သွားမည်ဆိုလျှင် အရိုးနတ်ဆိုးအနေဖြင့် ရန်ကိုင်အား မည်ကဲ့သို့များ သူတို့ ဆင်ထားသော ထောင်ချောက်ထဲသို့ မျှားခေါ်နေစရာ လိုပါဦးမည်နည်း။ ရန်ကိုင်ကိုသာ ဤနေရာတွင် သတ်လိုက်နိုင်မည်ဆိုလျှင် သူ့အနေဖြင့် ရန်ကိုင်အား မျှားခေါ်စရာ မလိုတော့ပေ။ အလုပ်ရှုပ်ခံစရာ မလိုတော့သလို ရလာမည့် အကျိုးအမြတ်များကိုလည်း အခြားသူများနှင့် ခွဲဝေစရာ လိုတော့လိမ့်မည် မဟုတ်ပေ။ သူတစ်ဦးတည်းကသာလျှင် ရန်ကိုင်အား တစ်ကိုယ်တော် သတ်ပစ်ခဲ့သည် မဟုတ်ပေလော။

ထိုအကြောင်းကြောင့် အရိုးနတ်ဆိုးမှာ စဉ်းပင် မစဉ်းစားနေတော့ဘဲ ၎င်း၏ ဝမ်းဗိုက်တွင် ရှိနေသော အရိုးတစ်ချောင်းကို ထုတ်၍ အောက်သို့ တစ်ဟုန်ထိုး ပြေးဆင်းသွားခဲ့လေသည်။ ထိုအရိုးမှာတော့ အလွန်ကိုမှ ထက်ရှလှသည့် ဓားတစ်ချောင်းပမာ အရောင်တလက်လက် တောက်နေခဲ့သည်။ ဤအရိုးမှာ အခြားမဟုတ်။အဆင့်မြင့်နတ်ဆိုးမှော်ရတနာ တစ်ခုသာ ဖြစ်လေသည်။

အရိုးနတ်ဆိုး အားလုံးသည် ယခုကဲ့သို့သာ လုပ်ကြလေသည်။ အရိုးနတ်ဆိုးများသည် ၎င်းတို့ ခန္ဓာကိုယ်ပေါ်ရှိ အမာကျောဆုံးသော အရိုးတစ်ချောင်းကို ယူ၍ ထိုအရိုးအား နတ်ဆိုးမှော်ရတနာတစ်ခု ဖြစ်လာအောင် သန့်စင်ကြပေသည်။ ရန်သူများနှင့် တိုက်ခိုက်ရာတွင် ထိုအရိုးကို အသုံးပြုကာ တိုက်ခိုက်လေ့ရှိကြသည်။

အရိုးနတ်ဆိုးသည် အရိုးဓားကို လက်ထဲတွင် ကိုင်စွဲရင်းမှ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ရန်ကိုင်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။

ရုတ်တရက်ဆိုသလို ငိုက်ငိုက်စိုက်ကျနေသော ရန်ကိုင်၏ ခေါင်းသည် အရိုးနတ်ဆိုး တည့်တည့်သို့ မျက်နှာမူလာခဲ့ပြီး ပြုံးဖြီးပြလာခဲ့သည်။

ရန်ကိုင်၏ အပြုံးမှာ အရိုးနတ်ဆိုးအား သွေးပျက်မတတ် ကြောက်ရွံ့သွားစေခဲ့လေသည်။ အကြောင်းမှာ ရန်ကိုင်အား ထိသွားပြီဟု ထင်နေသော သူပစ်လိုက်သည့် အရိုးဆူးချွန်သည် ရန်ကိုင်၏ သွားများဖြင့် ကိုက်ခဲထားခံရသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ ထိုအရိုးဆူးချွန်မှာ ရန်ကိုင်အား အနည်းငယ်မျှပင် ထိခိုက်အောင် လုပ်နိုင်ခဲ့ခြင်း မရှိပေ။

[ထောင်ချောက်ပဲ] အရိုးနတ်ဆိုးမှာ ချက်ချင်းဆိုသလို တုံ့ပြန်လာခဲ့သည်။ သို့ပါသော်ငြား လောဘဇော ငယ်ထိပ်တက်သွားသည့်အတွက်ကြောင့် မဆင်မခြင် လှုပ်ရှားမိလိုက်လေရာ ယခုဆိုလျှင် ရန်ကိုင်နှင့် မီတာတစ်ရာလောက်သာ ဝေးကွာတော့ပေသည်။ ထိုအကြောင်းကြောင့် ပြန်ဆုတ်ရန် နောက်ကျသွားခဲ့ပြီ ဖြစ်လေရာ အရိုးနတ်ဆိုးမှာလည်း ပြန်ဆုတ်မနေတော့ဘဲ သူ့လက်ထဲရှိ အရိုးဓားဖြင့်သာ ရန်ကိုင်တည့်တည့်အား ခုတ်ချလိုက်လေ၏။

ရန်ကိုင်သည် သူ့ပါးစပ်ထဲတွင် ကိုက်ထားသော အရိုးဆူးချွန်ကို လက်ထဲသို့ ထည့်၍ အရိုးနတ်ဆိုး၏ အရိုးဓားတည့်တည့်အား အရိုးဆူးချွန်ဖြင့် ကာလိုက်လေသည်။

အရိုးဆူးချွန်နှင့် အရိုးဓားတို့ ထိပ်တိုက်တွေ့သွားခဲ့ပြီး ကျယ်လောင်သည့် အသံနှင့်အတူ မီးပွားများ ဖြာထွက်လာခဲ့သည်။

ရန်ကိုင်မှာ တုတ်တုတ်မျှ မလှုပ်ပါသော်ငြား အရိုးနတ်ဆိုးမှာတော့ အလွန်တရာကိုမှ ပြင်းထန်သည့် အားတစ်ရပ်ကို ခံစားလိုက်ရကာ သူ့လက်ထဲရှိ အရိုးဓားသည်ပင်လျှင် လွတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။ အရိုးများဖြင့် ဖွဲ့စည်းထားသော ၎င်း၏ ခန္ဓာကိုယ်ကြီးမှာတော့ ဒယီးဒယိုင်ဖြင့် နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရလေ၏။

ခြေခိုင်ခိုင် ပြန်ရပ်လိုက်နိုင်ချိန် ရန်ကိုင်မှာ အရိုးဆူးချွန်ကို လက်ထဲတွင် ကိုင်ရင်းမှ လျှပ်စီးတမျှ အမြန်နှုန်းဖြင့် သူ့ဆီသို့ ပြေးဝင်လာနေသည်ကို အရိုးနတ်ဆိုး တွေ့လိုက်ရလေ၏။

ထိုအချင်းအရာကို မြင်သည့်အခါ အရိုးနတ်ဆိုးမှာ အကြောက်ကြီးကို ကြောက်သွားမိတော့သည်။ သူ့ဆီသို့ ပြေးဝင်လာနေသည့် ရန်ကိုင်ကို ကြည့်ရင်း အရိုးနတ်ဆိုး၏ စိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့သည်။ [သူ ငါ့အနား ကပ်လာရင် ငါကျိန်းသေ သေလိမ့်မယ်]

ထိုအကြောင်းကြောင့် သူ့လက်ကို မြှောက်လိုက်ရာ ထိုနတ်ဆိုး၏ လက်ချောင်း ငါးချောင်းမှာ လေပေါ်သို့ ပျံတက်သွားခဲ့ပြီးသည့်နောက် မီတာပေါင်းများစွာ ရှည်လျားသော အရိုးခြောက် ငါးခုအသွင်သို့ ပြောင်းသွားခဲ့လေသည်။ ထိုအရိုးခြောက် ငါးခုသည် နတ်ဆိုးချီများဖြင့် လွှမ်းခြုံနေခဲ့ပြီး ဓား၊ ဓားသွား၊ ဒိုင်းကာ၊ ပုဆိန်နှင့် တူတို့ကို အသီးသီး ကိုင်ထားကြလေသည်။

အရိုးနတ်ဆိုး၏ လက်ချောင်းများမှ ဖြစ်ပေါ်လာသော အရိုးခြောက် ငါးခုသည် အဆင့်နိမ့်နတ်ဆိုးဘုရင်တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်သော အရှိန်အဝါကို ထုတ်လွှတ်နေကြလေသည်။

ဒိုင်းကာကို ကိုင်ထားသော အရိုးခြောက်သည် ထိပ်တည့်တည့်မှ ပြေးဝင်သွားချိန် ကျန်သည့် အရိုးခြောက်များမှာတော့ ရန်ကိုင်အား ဘက်ပေါင်းစုံမှ တစ်ဆင့် ဝိုင်းဝန်းတိုက်ခိုက်လာခဲ့ကြလေ၏။

ရန်ကိုင်ကမူ ထိုအရိုးခြောက် ငါးခုကို မမြင်သည့်အလား လုံးဝ လျစ်လျူရှုထားလျက် ဒိုင်းကာ ကိုင်ထားသည့် အရိုးခြောက်နှင့် ပြေးဝင်ဆောင့်လေသည်။

ဒိုင်းကာ ကိုင်ထားသည့် အရိုးခြောက်ကြီးမှာ ရန်ကိုင် ဝင်ဆောင့်သည့် ဒဏ်အား အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်း မရှိဘဲ ဥက္ကာခဲတစ်စင်းပမာ လွင့်စဥ်ထွက်သွားခဲ့လေသည်။ ကျန်သည့် အရိုးခြောက် လေးခုမှာတော့ ၎င်းတို့၏ လက်နက်များကို ဝှေ့ယမ်း၍ အသီးသီး တိုက်ခိုက်လိုက်ကြသည့်တိုင် ရန်ကိုင်အား ထိမှန်ခြင်း မရှိဘဲ ပုံရိပ်ယောင်များကိုသာ ထိသွားခဲ့သည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters