← Chapters

အခန်း ၃၄၅၂

Vol. 152 Ch. 3452

အခန်း ၃၄၅၂

Vol. 152 Ch. 3452

အပိုင်း (၃၄၅၂)

ဘာသာပြန်သူ_တိမ်တိုက်

အရိုးနတ်ဆိုးမှာ ထိုအခိုက်အတန့်ဝယ် ရန်ကိုင်အား ရှာမတွေ့တော့ပေ။ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ ဘေးဘီဝဲယာပတ်ပတ်လည်အား စစ်ဆေးကြည့်နေသည့်တိုင် ရန်ကိုင်အား လုံးဝရှာမတွေ့ခဲ့။

အရိုးနတ်ဆိုးသည် သူ့ဆီသို့ တိုးဝင်လာနေသော ဒိုင်းကာကို ကိုင်ထားသည့် အရိုးခြောက်အား လှမ်း၍ကြည့်လိုက်သည်။ ထို့နောက် တိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်လေရာ ဒိုင်းကာကိုကိုင်ထားသော အရိုးခြောက်မှာ မရေမတွက်နိုင်သော အရိုးစများအသွင်သို့ ပေါက်ကွဲထွက်သွားခဲ့ပြီးသည့်နောက် မရေမတွက်နိုင်သော မိုးသီးမိုးပေါက်များပမာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအနှံ့သို့ စက်ဝိုင်းခုံးပုံစံပမာ ထိုးစိုက်ကျလာခဲ့လေသည်။

ကံမကောင်းစွာဖြင့် ဒိုင်းကာအား ကိုင်ထားသော အရိုးခြောက်၏နောက်တွင်လည်း မည်သူမျှ ရှိမနေခဲ့ပေ။

အရိုးနတ်ဆိုး ရင်ထိတ်သွားခဲ့ပြီး အလျင်အမြန် အပေါ်သို့ မော့ကြည့်လိုက်ရာ မှိန်ဖျဖျ အလင်းတစ်ခုကို မြင်လိုက်ရလေသည်။ နောက်ဆုံးတွင် ရန်သူ၏သဲလွန်စကို ရှာတွေ့သွားခဲ့လေပြီ။

ရန်ကိုင်သည် အပေါ်မှ အရိုးနတ်ဆိုးတည့်တည့်ဆီသို့ ဒုန်းစိုင်း၍ ထိုးဆင်းလာနေခဲ့သည်။

ရန်ကိုင်၏ ပြင်းစွာသော ဧကရာဇ်ချီဖိအားအောက်ဝယ် အရိုးနတ်ဆိုး၏ အရိုးများ စတင်၍ အက်ကွဲလာခဲ့လေသည်။ နတ်ဆိုးချီကို လှည့်ပတ်၍ အသည်းအသန် ခုခံရန် ကြိုးစားနေသည့်တိုင် တစ်ချက်မျှပင် လှုပ်ရှားနိုင်ခဲ့ခြင်းမရှိပေ။

(ဒီကောင်က အရမ်းအားကောင်းလွန်းတယ်…)

ဤနေရာသို့ မလာခင် ရန်ကိုင် နတ်ဆိုးဘုရင်များစွာအား သတ်ပစ်ခဲ့သည်ဟူသော အကြောင်းကို ကြိုတင်သိထားခဲ့ပြီး ဖြစ်ပါသော်ငြား ရန်ကိုင် မည်မျှ ကြောက်မက်ဖွယ်ကောင်းသလဲဆိုသည်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည့်အခါမှသာလျှင် အရိုးနတ်ဆိုး သဘောပေါက်သွားတော့လေသည်။

ဤသည်မှာ ဤကဲ့သို့သော ကျင့်ကြံခြင်းလေးမျိုးဖြင့် ပိုင်ဆိုင်ထားသင့်သည့် ခွန်အား မဟုတ်ချေ။

“ဘုန်း…”

အလွန်ပြင်းထန်သည့်ဖိအားလှိုင်းတစ်ရပ် ဘေးပတ်ပတ်လည်အနှံ့ ပြန့်ထွက်လာခဲ့ပြီး မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့သည်။ ပြိုင်ကွင်းတစ်ခုလုံးအား အားကောင်းလှသော အစီအရင်တစ်ခုမှ ကာကွယ်ထားခဲ့ပါသော်ငြား ပွဲကြည့်စင်ပေါ်တွင်ရှိနေသော နတ်ဆိုးများမှာ ရန်ကိုင်၏လက်ဝါးချက်မှ ထွက်ပေါ်လာသော ဖိအားလှိုင်းဒဏ်ကို အနည်းနှင့်အများဆိုသလို ခံစားမိလိုက်ကြလေသည်။ ထိုဖိအားလှိုင်းကို ခံစားမိလိုက်သည့်အခိုက် သူတို့၏စိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့လေသည်။ (ဒီကောင် ဘယ်ကလာတာလဲ… ဘာဖြစ်လို့ ငါ သူ့နာမည်ကို တစ်ခါမှ မကြားဖူးရတာလဲ…)

ရန်ကိုင်သည် မြေပြင်အထက် တစ်မီတာခန့်တွင် ဝဲနေရင်းမှ အောက်သို့ ငုံ့ကြည့်နေခဲ့သည်။

အရိုးနတ်ဆိုးမှာတော့ မြေကြီးထဲသို့ နစ်ဝင်နေခဲ့ပြီး ခေါင်းတစ်လုံးသာ ပေါ်နေတော့သည်။ ရန်ကိုင်၏လက်ဝါးချက်ကြောင့် မူးဝေသွားခဲ့သည့်အလား ၎င်း၏မျက်ဆံထဲ၌ ရှိနေသော အစိမ်းရောင်မီးတောက်များမှာ အစိမ်းရောင်အလင်းတို့မှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် မငြိမ်မသက် ဖြစ်နေလေသည်။

သူ၏ဝိဉာဉ်သည်ပင်လျှင် မငြိမ်မသက် ဖြစ်နေခဲ့သည့်အတွက်ကြောင့် အရိုးနတ်ဆိုးမှ ထိန်းချုပ်ထားသော အရိုးခြောက်များမှာလည်း အရက်မူးဝေနေသည့်ပမာ ဒယီးဒယိုင် ဖြစ်နေကြလေ၏။

ခက်ခက်ခဲခဲ ကြိုးစားပြီးသည့်နောက် အသိပြန်ဝင်လာသည့်အခါတွင် သူ့မျက်နှာတစ်ခုလုံးကို အရိပ်ကြီးတစ်ခုမှ လွှမ်းခြုံနေကြောင်းကို တွေ့ရှိလိုက်ရသည်။ ထိုအကြောင်းကြောင့် မော့၍ကြည့်လိုက်ရာ ရန်ကိုင်သည် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ ပန်းချီကားတစ်ချပ်အား ဖုန်သုတ်ပေးနေသည့်ပမာ သူ့ခေါင်းပေါ်ရှိ အညစ်အကြေးများကို အသာအယာ ဖယ်ထုတ်ပေးနေကြောင်း တွေ့လိုက်ရလေ၏။ တစ်ချိန်တည်း၌ ရန်ကိုင်၏ အားကောင်းလှသော ဧကရာဇ်ချီများသည် အရိုးနတ်ဆိုး၏ကိုယ်ထဲသို့ စီးဝင်လာကာ အရိုးနတ်ဆိုး၏ကျင့်ကြံခြင်းကို ချိတ်ပိတ်လိုက်လေသည်။

အကြည့်ချင်းဆုံသွားသည့်အခိုက် ရန်ကိုင်၏မျက်လုံးထဲ လှောင်ပြောင်ရိပ်တို့ကို အရိုးနတ်ဆိုးမြင်လိုက်ရသည်။ ဒုက္ခလှလှနှင့် ကြုံရတော့မည်ဟု ခံစားမိလိုက်သည့်အခိုက် အရိုးနတ်ဆိုး၏ မျက်ဆံထဲရှိ အစိမ်းရောင်အလင်းတို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့လေ၏။

“မင်းကို အခုလိုမျိုးလုပ်လို့ ဘယ်သူအမိန့်ပေးလဲဆိုတာကို ပြောပြမယ်ဆိုရင် ငါ မင်းကို မြန်မြန်ဆန်ဆန် သေလို့ရအောင် လုပ်ပေးမယ်…” ရန်ကိုင်သည် အရိုးနတ်ဆိုးအား တိုးတိုးလေးပြောလိုက်သည်။

ဤပြိုင်ကွင်းထဲ၌ ရှိနေသော နတ်ဆိုးဘုရင်ဆယ်ပါးကျော်သည် အတူတကွစုဝေးကာ ရန်ကိုင်အား အလစ်ချောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့သည်။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက်ဟု ရန်ကိုင် မယုံပေ။ ဤကိစ္စ၏နောက်ကွယ်တွင် လက်သည်တရားခံတစ်ဦး ကျိန်းသေ ရှိနေရပေလိမ့်မည်။ နတ်ဆိုးနယ်မြေထဲသို့ ရောက်လာပြီးချိန်မှစ၍ ရန်ကိုင်သည် မည်သူ့ကိုမှ ရန်မစခဲ့ဖူးပေ။ သို့သော်ငြား ချွင်းချက်တစ်ခုတော့ ရှိနေပေသေးသည်။

အရိုးနတ်ဆိုး တိတ်နေခဲ့လေသည်။ ရန်ကိုင် မည်သို့ပင်ဖြစ်နေစေကာမူ သူ့အား သတ်လိမ့်မည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်သိလိုသည်ကို ပြောမပြရန်သာ ဆုံးဖြတ်ထားခဲ့လေသည်။

ရန်ကိုင်ကမူ ပြုံးရင်းမှ ပြန်ပြောလိုက်လေ၏။ “မင်းမပြောလည်း ကိစ္စမရှိဘူး… ငါခန့်မှန်းမိပြီသား… ယွဲ့စန်းမလား…”

ပထမဦးဆုံးအကြိမ် စတွေ့စဉ်က ယွဲ့စန်းမှာ ရန်ကိုင်အား သတ်ရန် ကြိုးစားခဲ့ဖူးပေသည်။ နတ်ဆိုးသူတော်စင်တစ်ပိုင်း ဖြစ်သည့်အလျောက် ယွဲ့စန်း၏အာဏာသည် ဤပြိုင်ကွင်းအပေါ် အနည်းနှင့်အများဆိုသလို သက်ရောက်နိုင်ပေလိမ့်မည်။

အရိုးနတ်ဆိုး ပြန်၍ပင်ပြောနေစရာမလိုခဲ့။ ရန်ကိုင်မှ ယွဲ့စန်းနာမည်အား ထုတ်ပြောလိုက်ချိန် အရိုးနတ်ဆိုး၏ဝိဉာဉ် တုန်ရီသွားသည်ကို ရန်ကိုင်ခံစားမိလိုက်သည်။ ထိုအကြောင်းကြောင့် နောက်ကွယ်ရှိ လက်သည်တရားခံမှာ ယွဲ့စန်းဖြစ်ကြောင်းကို ရန်ကိုင် ပို၍ ယုံကြည်သွားတော့လေ၏။

“နောက်ထပ်မေးခွန်းတစ်ခု…” ရန်ကိုင်သည် အရိုးနတ်ဆိုးအား ပြုံးဖြီးကာ စိုက်ကြည့်ရင်းမှ “ဟို ဘိုရလို့ခေါ်တဲ့ နတ်ဆိုးဘုရင်ကရော မင်းတို့အဖွဲ့သားတစ်ယောက်ပဲလား…”

ဘိုရသည် သံသယဝင်စရာမကောင်းပါသော်ငြား ရန်ကိုင်မှာ သူမအား ဤအတိုင်းယုံစားလိုက်၍ မဖြစ်ပေ။ သူ့အနေဖြင့် ဤအရိုးနတ်ဆိုးမှတစ်ဆင့် ဘိုရအကြောင်း တစ်ခုခု သိနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။ ဤအရိုးနတ်ဆိုးမှ ဘာဆိုဘာမှ မသိရလျှင်ပင် ကိစ္စမရှိ။ သို့ပါသော်ငြား အနည်းဆုံး ကြိုးစားလိုက်၍တော့ အရှုံးမရှိပေ။

“ငါ့ကိုသာသတ်လိုက်…” အရိုးနတ်ဆိုးက ပြန်၍ပြောလိုက်လေသည်။ “ဘာအပိုစကားတွေ ဒီလောက်တောင် ပြောနေတာလဲ… ငါ မင်းကို ပြောပြမယ်လို့ ထင်နေတာလား…”

ရန်ကိုင် ဘာကြောင့် ဤမေးခွန်းများအား မေးနေရသလဲဆိုသည်ကို အရိုးနတ်ဆိုးမသိ။ သို့ပါသော်ငြား ယခုမှ ပြောပြနေ၍လည်း ဘာမှအကျိုးမထူးတော့။ တစ်ဖက်ရန်သူအား အထင်သေးပြီး မဆင်မခြင် လှုပ်ရှားမိလိုက်သည့် သူ့ကိုယ်သူသာ မုန်းမိပေသည်။ ထိုအကြောင်းကြောင့် ယခုအချိန်၌ သူ့အဖွဲ့ထဲရှိ အခြားလူများသည် သူ့အဖြစ်အပျက်အား နမူနာယူကာ သူ့အတွက် ပြန်လည်လက်စားချေပေးဖို့ရာ အရိုးနတ်ဆိုး မျှော်လင့်နေမိတော့သည်။

ရန်ကိုင်လည်း ခေါင်းညိတ်၍ သူ့လက်မှတစ်ဆင့် ဧကရာဇ်ချီများကို အရိုးနတ်ဆိုး၏ကိုယ်ထဲသို့ တရဟော ထိုးသွင်းလိုက်လေသည်။

“ခရက်…”

အက်ကွဲသံများနှင့်အတူ အရိုးနတ်ဆိုး၏အရိုးများ တစ်စစီ ပျက်စီးသွားခဲ့ပြီး ၎င်း၏မျက်ဆံထဲရှိ အလင်းရောင်မှာလည်း ပျောက်ကွယ်သွားခဲ့လေသည်။

အရိုးနတ်ဆိုးအား ရှင်းပစ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ တောင်ပေါ်သို့ တဟုန်ထိုး ပြေးတက်သွားလေ၏။

တောင်ပေါ်သို့တက်ပြီး လမ်းတစ်ဝက်မှာပင် အားကောင်းလှသည့်တိုက်ခိုက်မှုများသည် တောင်ပေါ်မှ ရန်ကိုင်ဆီသို့ တိုးဝင်လာခဲ့လေသည်။ လက်ဆေးဇလုံအရွယ်အစားခန့်ရှိသော မီးဘောလုံးတစ်လုံး၊ ကလေးလက်မောင်းအရွယ်ခန့်ရှိသော လျှပ်စီးတစ်စင်း၊ ရေခဲဆူးချွန်၊ လေဓါးသွား…။

သေမင်းတံစဉ်းဖျားဝယ် ကခုန်နေရသည့်ပမာ ရန်ကိုင်မှာ ခုန်ပျံကျော်လွှား၍ သူ့ခန္ဓာကိုယ်အား ဘယ်ညာယိမ်းထိုးရင်းမှ တိုးဝင်လာနေသည့် တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းသွားနိုင်ခဲ့ပြီး တောင်ပေါ်သို့ ဘေးကင်းကင်းဖြင့် ရောက်လာနိုင်ခဲ့လေသည်။

တောင်ပေါ်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် သတိမပေးဘာမပေးဖြင့် ဟင်းလင်းပြင်တည့်တည့်သို့ လက်သီးဖြင့် ထိုးချလိုက်လေ၏။

ရန်ကိုင်၏လက်သီးချက် ထိမှန်သွားရာ ဟင်းလင်းပြင်ဆီမှ ခြောက်ခြားဖွယ်ရာ အံ့အားသင့်နေသည့်အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အရိပ်ပမာပုံရိပ်တစ်ခုသည် ဒယီးဒယိုင်ဖြင့် ထွက်ပေါ်လာခဲ့လေသည်။ ထိုပုံရိပ်မှာတော့ အခြားမဟုတ်။ အရိပ်နတ်ဆိုးသာ ဖြစ်လေသည်။

အရိပ်နတ်ဆိုး၏မျက်နှာအမူအယာကို မြင်ရဖို့ရာ အတော်လေးကိုမှ ခက်ခဲလှပါသော်ငြား ၎င်း၏မျက်လုံးများထဲတွင်မူ အံ့အားသင့်ရိပ်တို့ကို အထင်းသားမြင်နေရလေသည်။ ရန်ကိုင်သည် သူပုန်းနေသည်ကို မြင်သွားလိမ့်မည်ဟု မထင်ထားသည့်ပုံပင်။

ရန်ကိုင်က ပြောလိုက်လေ၏။ “သေလိုက်ပေတော့…”

ရန်ကိုင်၏အသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် အရိပ်နတ်ဆိုးတည့်တည့်သို့ သူ့လက်ကိုဆန့်ထုတ်၍ လေဟာနယ်နိယာမများကို အသက်သွင်းလိုက်လေသည်။ ချက်ချင်းဆိုသလို တွင်းနက်ကြီးတစ်ခုသည် အရိပ်နတ်ဆိုး၏နောက်တွင် ပေါ်လာခဲ့လေ၏။

အရိပ်နတ်ဆိုးမှာလည်း အလွန်ကိုမှ လျင်မြန်လှလေရာ ချက်ချင်းဆိုသလို တစ်ထောင်သောကျီးငှက်များအသွင်သို့ ပြောင်း၍ ဘက်ပေါင်းစုံသို့ သွေးရူးသွေးတမ်းဖြင့် ထွက်ပြေးတော့လေသည်။

တွင်းနက်ကြီးသည် ကျီးငှက်များကို ဝါးမျိုးပစ်နေခဲ့ပါသော်ငြား ကျီးငှက်အကုန်လုံးအား ဝါးမျိုပစ်နိုင်ခဲ့ခြင်းမရှိ။ အချို့သောကျီးငှက်များမှာ ထွက်ပြေးသွားခဲ့ကြလေသည်။

ထွက်ပြေးလွတ်မြောက်သွားသော ကျီးငှက်များသည် ခပ်လှမ်းလှမ်း၌ အတူတကွ ပြန်လည်စုဝေးသွားခဲ့ကြပြီး အရိပ်နတ်ဆိုးအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။ သို့ပါသော်ငြား ထိုအခိုက်အတန့်ဝယ် အရိပ်နတ်ဆိုးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့်အလား ၎င်း၏အရှိန်အဝါမှာ မတည်မငြိမ် ဖြစ်နေခဲ့လေသည်။

အရိပ်နတ်ဆိုးသည် ထိုကဲ့သို့သော ပညာရပ်မျိုးကို သုံး၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသော်ငြား ၎င်း၏အသွေးအသား အဆီအနှစ်များမှ ဖြစ်ပေါ်လာသော ကျီးငှက်များစွာသည် တွင်းနက်ကြီးထဲသို့ စုပ်ယူခံလိုက်ရသည့်အတွက်ကြောင့် အရိပ်နတ်ဆိုး၏အုတ်မြစ်မှာ ထိခိုက်သွားခဲ့ရလေရာ အရိပ်နတ်ဆိုးမှာ ရန်ကိုင်နားသို့ ဆက်၍ပင် ကပ်မလာရဲတော့ဘဲ ရန်ကိုင်ကိုသာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် အဝေးမှ လှမ်း၍ ကြည့်နေတော့လေသည်။

ထိုအခိုက်အတန့်ဝယ် အလွန်ကိုမှ အားကောင်းလှသော သွေးနီရောင်အလင်းတန်းတစ်ခုသည် ရန်ကိုင်ဆီသို့ ဗြုန်းစားကြီး တိုးဝင်လာခဲ့လေသည်။ ထိုအနီရောင်အလင်းတန်းမှာ သွေးနတ်ဆိုးနတ်ဆိုးဘုရင်သာ ဖြစ်လေသည်။ ဤသွေးနတ်ဆိုးသည် အစောပိုင်းက သူ့အား ထောင်ချောက်ထဲသို့ မျှားခေါ်ရန် ကြိုးစားခဲ့သည့် သွေးနတ်ဆိုး ဟုတ်မဟုတ်ကိုမူ ရန်ကိုင်မသိပေ။

သွေးနတ်ဆိုး၏တိုက်ခိုက်မှုမှာ လုံးဝကို အချိန်ကိုက်ဖြစ်သည်ဟု ပြော၍ရလေသည်။ ရန်ကိုင်နှင့် အရိပ်နတ်ဆိုးတို့ တိုက်ခိုက်ပြီးပြီးချင်းမှာပင် သွေးနတ်ဆိုးမှာ အလစ်အချောင်းကာ အမိအရ တိုက်ခိုက်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သွေးရောင်အလင်းတန်းသည် ရန်ကိုင်အား အပြည့်အဝ လွှမ်းခြုံသွားနိုင်ခဲ့လေသည်။

သွေးရောင်အလင်းတန်းမှ ရန်ကိုင်အား လွှမ်းခြုံသွားသည်နှင့်တစ်ပြိုင်နက် ခက်ထန်ကြမ်းကြုတ်လှသည့် အရှိန်အဝါအပြင် တရှဲရှဲမြည်သံများသည်ပါ သွေးဘောလုံးအတွင်းမှ ထွက်ပေါ်လာခဲ့လေသည်။ ကြည့်ရသလောက် သွေးနတ်ဆိုး၏ တိုက်ခိုက်မှုထဲ အလွန်ကိုမှ ပြင်းထန်လှသည့် တိုက်စားနိုင်စွမ်းတို့ ပါဝင်နေသည့်ပုံပင်။

ရန်ကိုင်မှာ ပျောက်ကွယ်သွားပြီးဖြစ်ကာ ကျန်ရှိနေသည့်နေရာတွင် သွေးရောင်ဘောလုံးကြီးတစ်လုံးသာ ကျန်ရစ်နေတော့လေသည်။ သွေးရောင်ဘောလုံးကြီး၏ မျက်နှာပြင်ထက်တွင်တော့ သွေးနတ်ဆိုး၏မျက်နှာ ဖြစ်မည်ထင်ရသော မျက်နှာကြီးတစ်ခု ရှိနေခဲ့လေ၏။

ထိုအခိုက်အတန့်ဝယ် အနီးအနား၌ နတ်ဆိုးများ တစ်ကောင်ပြီးတစ်ကောင် ပေါ်လာကြပြီး အကုန်လုံးမှာ ရန်ကိုင် အရည်ပျော်ကျသွားမည်ကို စောင့်ဆိုင်းနေသည့်အလား သွေးရောင်ဘောလုံးအား ထူးမခြားနားဟန်ဖြင့် စိုက်ကြည့်နေကြလေသည်။

သို့ပါသော်ငြား မကြာမီတွင် ထိုနတ်ဆိုးဘုရင်များ စတင်၍ မယုံသင်္ကာ ဖြစ်လာကြတော့သည်။ အကြောင်းမှာ သွေးဘောလုံးပေါ်တွင် ရှိနေသော မျက်နှာသည် ရုတ်တရက် ထိတ်လန့်သွားသည့်အမူအယာမျိုးကို လုပ်ပြလာသည့်အတွက်ကြောင့်ပင်။ ထို့နောက်တွင် သွေးဘောလုံး၏မျက်နှာပြင်ထက် အဖုအပိန့်များ စတင်ထွက်ပေါ်လာတော့လေ၏။ အဖုအပိန့်များမှာ သွေးနတ်ဆိုး၏ဖိနှိပ်မှုအောက် အလျင်အမြန် ပြန်လည်ကျုံ့ဝင်သွားခဲ့ပါသော်ငြား သွေးရောင်ဘောလုံးထဲတွင် ရှိနေသောလူမှာ ရုန်းကန်နေကြောင်းကို ထိုအချက်မှ သက်သေပြနေခဲ့လေသည်။

ထိုအဖုအဖောင်းများ ထွက်ပေါ်လာသည့်နှုန်းသည် တဖြည်းဖြည်းနှင့် မြန်ဆန်လာခဲ့ပြီး အဖုတစ်ဖုချင်းစီ၏ အရွယ်အစားမှာလည်း ပိုပို၍ ကြီးမားလာနေခဲ့လေသည်။ သွေးဘောလုံး၏ မျက်နှာပြင်ထက်တွင် ရှိနေသော မျက်နှာကြီးမှာလည်း အချိန်နှင့်အမျှ ပိုပို၍ ကြောက်ရွံ့လာနေခဲ့လေ၏။

အိပ်စက်နေသည့်နဂါးတစ်ကောင် နိုးထလာသည့်ပမာ သွေးဘောလုံးဆီမှ အားကောင်းလှသည့်အရှိန်အဝါတစ်ရပ် စတင်၍ ဖြာထွက်လာခဲ့လေ၏။

အနီးအနားတွင်ရှိနေသော နတ်ဆိုးဘုရင်များ၏ မျက်နှာများ လေးနက်တည်ကြည်သွားကုန်ကြလေသည်။

ရုတ်တရက်ဆိုသလို သွေးဘောလုံး၏ မျက်နှာပြင်ထက်တွင် ရှိနေသော မျက်နှာက အော်ပြောလိုက်လေ၏။ “ငါ သူ့ကို ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး…”

ထိုကဲ့သို့ ပြောပြီးသည်နှင့်တစ်ပြိုင်နက် သွေးဘောလုံးမှာ တစ်စစီ ပေါက်ကွဲထွက်သွားခဲ့ပြီး လူတစ်ဦးသည် သွေးဘောလုံးထဲမှ လျှပ်စီးတန်းတစ်ခုပမာ ပြေးထွက်လာခဲ့သည်။ ထိုလူမှာ သွေးဘောလုံးထဲတွင် အတန်ကြာအောင် ပိတ်မိနေသည့်အတွက်ကြောင့် မကျေမနပ်ဖြစ်နေသည့် ရန်ကိုင်သာ ဖြစ်လေသည်။ ပေါ်လာပြီးသည်နှင့်တစ်ပြိုင်နက် ရန်ကိုင်သည် ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် လေထဲတွင်ဝဲကာ ရွစိရွစိလုပ်နေသော သွေးစတစ်စကို လှမ်း၍ ဖမ်းကိုင်လိုက်လေသည်။

သွေးဘောလုံးမှာ ရန်ကိုင်ကြောင့် တစ်စစီဖြစ်သွားခဲ့ပါ‌သော်ငြား လက်ရှိ ရန်ကိုင်ဆုပ်ကိုင်ထားသော လေထဲ၌ဝဲနေသည့် သွေးစကြီးသည် သွေးနတ်ဆိုးဘုရင်၏ အမြုတေဖြစ်သည့်ပုံပင်။

အနီးအနားတွင်ရှိနေသော သွေးစသွေးနတို့သည် ရန်ကိုင်၏လက်ထဲတွင်ရှိနေသော သွေးစကြီးဆီသို့ တဖြည်းဖြည်းနှင့် စုဝေးလာနေခဲ့ပြီးသည့်နောက် မကြာမီတွင် သွေးနတ်ဆိုး ရန်ကိုင်လက်ထဲ၌ ပေါ်လာခဲ့လေသည်။

သွေးနတ်ဆိုးမှာ အော်ငိုချင်နေပါသော်ငြား မျက်ရည်ကား ကျမလာခဲ့။ ရန်ကိုင် သူ့အား မည်ကဲ့သို့များ ယခုကဲ့သို့ အတိအကျ ရှာတွေ့သွားသလဲဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ ရန်ကိုင်မှ သူ့လည်ပင်းအား တင်းတင်းဆုပ်ကိုင်ထားသည့်အတွက်ကြောင့် သွေးနတ်ဆိုးမှာ တစ်ချက်ကလေးပင် မလှုပ်နိုင်ခဲ့။

“ဟဲ ဟဲ…” ရန်ကိုင်သည် ပြုံးဖြီးပြလိုက်ရင်းမှ သွေးနတ်ဆိုးကို သူ့ရှေ့သို့ဆွဲကပ်၍ သွေးနတ်ဆိုး၏မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ့ပါးစပ်ကိုဟ၍ သွေးနတ်ဆိုးဆီသို့ မီးတောက်များကို မှုတ်ထုတ်လိုက်လေ၏။

နဂါးမီးတောက်ပင်။

ရန်ကိုင်သည် နဂါးကလန်မှ ပညာရပ်အမျိုးမျိုးအား တတ်ကျွမ်းထားခဲ့ပြီး ရွှေနဂါးအမြုတေကိုပါ ပိုင်ဆိုင်ထားသည့်အတွက်ကြောင့် နဂါးကလန်၏ ပညာရပ်အများစုကို ထုတ်သုံးနိုင်ပေသည်။ လက်ရှိရန်ကိုင် တတ်ကျွမ်းထားသော နဂါးပညာရပ်များသည် ပထမအကြီးအကဲကျုရန်နှင့် ဒုတိယအကြီးအကဲဖုကျွင်းတို့ တတ်ကျွမ်းထားသော ပညာရပ်များထက်ပင် ပိုမိုများပြားနေပေသေးသည်။

တကယ်တော့ ရန်ကိုင်၏ ရွှေနဂါးအမြုတေတွင် ဓာတ်သဘာဝကန့်သတ်ချက်မှ မရှိလေဘဲ။ သို့ပါသော်ငြား ပထမအကြီးအကဲနှင့် ဒုတိယအကြီးအကဲတို့မှာမူ ဓာတ်သဘာဝကိုယ်စီ ရှိနေကြပေသည်။

အလွန်ကိုမှ ပြင်းထန်လှသည့် နှိပ်စက်မှုကို ခံစားနေရသည့်အလား စူးရှသည့် အော်မြည်သံကြီး ထွက်ပေါ်လာခဲ့သည်။ ရန်ကိုင်လက်ထဲတွင်ရှိနေသော သွေးနတ်ဆိုးမှာ အဆက်မပြတ်ကို ရုန်းကန်နေခဲ့ပါသော်ငြား အချည်းအနှီးသည်သာ။ အဆက်မပြတ် တောက်လောင်နေသော နဂါးမီးတောက်အောက်ဝယ် သွေးချီများမှာ လျင်မြန်သည့်နှုန်းဖြင့် အငွေ့ပျံနေခဲ့လေသည်။

အသက်သုံးရှိုက်စာအတွင်းမှာပင် သွေးနတ်ဆိုးမှာ မည်းတူးခြစ်နေသော အလောင်းကောင်အသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။

ရန်ကိုင်သည် ထိုမီးသွေးတုံးကြီးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးသည့်နောက် သူ့ကြောင့် ဒဏ်ရာရသွားသော အရိပ်နတ်ဆိုးဘက်သို့ လှည့်၍ ကြည့်လိုက်လေသည်။

အကုန်လုံးနှင့် တစ်ပြိုင်တည်း ရင်ဆိုင်မည့်အစား ရန်ကိုင်သည် တစ်ဦးချင်းစီအား အရင်ဦးစွာ ရှင်းပစ်ရန် စဉ်းစားထားခဲ့သည်။ အရိပ်နတ်ဆိုးမှာ ပုန်းကွယ်ရင်း အလစ်အငိုက်ချောင်းကာ တိုက်ခိုက်ရာတွင် ကျွမ်းကျင်ပေသည်။ ရန်ကိုင်သည်သာ ဤအရိပ်နတ်ဆိုးအား စောစောစီးစီး ရှင်းမပစ်ထားပါက အခြားသောနတ်ဆိုးများနှင့် တိုက်ခိုက်ရာတွင် အလွန်ကိုမှ အာရုံနောက်စရာ ဖြစ်လာရပေလိမ့်မည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters