← Chapters

အခန်း ၃၄၅၃

Vol. 152 Ch. 3453

အခန်း ၃၄၅၃

Vol. 152 Ch. 3453

အပိုင်း (၃၄၅၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင် သူ့ဘက်သို့ လှည့်ကြည့်လာသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်ခုခုမှားယွင်းနေပြီမှန်း အရိပ်နတ်ဆိုး သဘောပေါက်လိုက်လေသည်။ သူ၏ အားအကောင်းဆုံးအခြေအနေတွင် ရှိနေစဉ်ကပင်လျှင် ရန်ကိုင်ကြောင့် ဒဏ်ရာရခဲ့ရသည်။ ယခုကဲ့သို့သော ဒဏ်ရာရနေသည့် အခြေအနေမျိုးတွင်သာဆိုလျှင်တော့ ရန်ကိုင်နှင့်တိုက်ခိုက်ဖို့ရာ လုံးဝမဖြစ်နိုင်တော့ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်၏သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။

သို့ပါသော်ငြား အကြည့်ချင်းဆုံသွားသည့်အခိုက် အရိပ်နတ်ဆိုးမှာ ရန်ကိုင်၏ ဘယ်ဘက်မျက်လုံးထဲရှိ မျက်ဆံမှာ ဒေါင်လိုက်ဖြစ်သွားကြောင်းကို တွေ့ရှိလိုက်ရသည်။ တစ်ချိန်တည်း၌ နက်နဲဆန်းကြယ်သည့် စွမ်းအားတစ်ရပ်သည်လည်း သူ့အပေါ် လွှမ်းမိုးလာခဲ့လေရာ အရိပ်နတ်ဆိုးမှာ အလွန်ကိုမှ ကြောက်ရွံ့သွားရတော့လေသည်။

ထိုအရာမှာ အခြားမဟုတ်။ သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးသာ ဖြစ်လေသည်။

ထိုတစ်ခဏတာမျှသော တုံ့ဆိုင်းမှုလေးသည် အရိပ်နတ်ဆိုး၏ ထွက်ပြေးဖို့ရာ အကောင်းဆုံးအခွင့်အရေးအား ပျောက်ကွယ်သွားစေခဲ့လေသည်။

ဓါးအလင်းတန်းတစ်ခုသည် ရန်ကိုင်၏ဘယ်ဘက်မျက်လုံးဆီမှ အရိပ်နတ်ဆိုး၏ အသိစိတ်ပင်လယ်တည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။

သုတ်သင်ခြင်းနတ်ဆိုးမျက်လုံးနှင့် ဝိဉာဉ်ခွဲဆေဘာဓါး၏ ပေါင်းစပ်မှုသည် လုံးဝကို ပြီးပြည့်စုံပေသည်။ ရန်ကိုင်သည် သူလုံလောက်အောင်အားမကောင်းခဲ့စဉ်က ဤကဲ့သို့သောပေါင်းစပ်မှုကို အသုံးပြု၍ အားကောင်းလှသော ရန်သူများအား ရင်ဆိုင်ခဲ့ဖူးပေသည်။ အကြိမ်တိုင်းတွင်လည်း အမှန်တကယ်ကို ထိရောက်ခဲ့လေသည်။ ထိုအကြောင်းကြောင့် ယခုကဲ့သို့သော ဒဏ်ရာရနေသည့် အရိပ်နတ်ဆိုးအပေါ်၌ အသုံးပြုလာခဲ့သည့်အခါတွင်တော့ ပြောနေစရာပင်မလိုတော့ပေ။

ဝိဉာဉ်ခွဲဆေဘာဓါးနှင့် ပေါင်းစပ်ထားသော ကောင်းကင်ခွဲဓါးချက်သည် အလွန်တရာကိုမှ အားကောင်းလွန်းလှလေရာ အရိပ်နတ်ဆိုး၏ အသိစိတ်ပင်လယ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားခဲ့ရလေ၏။ အလွန်ကိုမှ ပြင်းထန်သည့် နာကျင်မှုကြောင့် အရိပ်နတ်ဆိုးမှာလည်း စူးစူးဝါးဝါး အော်ဟစ်နေတော့လေသည်။

နာကျင်မှုကို တောင့်ခံရင်းမှ အရိပ်နတ်ဆိုးသည် တုန်ရီနေသော သူ့ဝိဉာဉ်ကို တည်ငြိမ်သွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့လေသည်။ တစ်ချိန်တည်း၌ ဘေးပတ်ဝန်းကျင်မှ အခြားသော နတ်ဆိုးများ၏ အော်ဟစ်သံများကို ကြားလိုက်ရလေသည်။ “သတိထား…”

“မြန်မြန်ပြန်ဆုတ်ပေတော့…”

အရိပ်နတ်ဆိုးသည်လည်း မော့၍ကြည့်လိုက်ရာ ရန်ကိုင်သည် အနန္တဓါးဖြင့် သူ့တည့်တည့်သို့ ခုတ်ပိုင်းချလာနေကြောင်းကို တွေ့လိုက်ရလေသည်။

အရိပ်နတ်ဆိုး တောင့်တောင့်ကြီး ဖြစ်နေခဲ့လေ၏။

ပြိုကျသွားသော အဆောက်အဦးတစ်ခုပမာ အရိပ်နတ်ဆိုး၏ ခန္ဓာကိုယ်ကြီး တစ်စစီ ဖြစ်သွားခဲ့လေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အလယ်အလတ်အဆင့်နတ်ဆိုးဘုရင်နှစ်ပါး သေဆုံးသွားခဲ့ရလေ၏။

တောင်ပေါ်၌ ရှိနေကြသော အသက်ရှင်ကျန်ရစ်နေသည့် နတ်ဆိုးဘုရင်များမှာ အလွန်ကိုမှ ကြောက်ရွံ့တုန်လှုပ်နေကြတော့လေသည်။ ဤကဲ့သို့သော ကျင့်ကြံခြင်းလေးဖြင့် ဤမျှကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူတစ်ဦးကို သူတို့ တစ်ခါမျှ မမြင်ခဲ့ဖူးပေ။

ရန်ကိုင်သည် အနန္တဓါးကို ကိုင်စွဲထားရင်းမှ နတ်ဆိုးများအား ဝေ့ကြည့်လျက် စိတ်လှုပ်ရှားနေသည့်လေသံဖြင့် ပြောလိုက်လေ၏။ “လူသတ်ရတာ တကယ်ပျော်ဖို့ကောင်းတယ်… မင်းတို့ ငါ့ကို နည်းနည်းပါးပါး ပျော်စရာလေးပေးနိုင်မယ်လို့ မျှော်လင့်တယ်…”

“ဒုတ်… ဒုတ်… ဒုတ်…”

အဆင့်နိမ့်နတ်ဆိုးဘုရင်များစွာမှာ မသိလိုက်မသိဘာသာဖြင့် နောက်သို့ အလိုလို ဆုတ်မိသွားခဲ့ကြသည်။ သူတို့၏မျက်နှာများမှာလည်း စက္ကူဖြူပမာ ဖြူလျော်နေလေ၏။

(ဒီကောင်က တကယ်ကို ရူးနေတာပဲ…)

မီးတောက်နတ်ဆိုးတစ်ကောင်ကမူ ရှေ့သို့တစ်လှမ်းလှမ်းလိုက်ရင်းမှ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်လေ၏။ “အမှိုက်ကောင်တွေ… မင်းတို့ ဘာတွေ သူ့ကို ဒီလောက်တောင် ကြောက်နေရတာလဲ… သူက တစ်ယောက်တည်းပဲကို… ငါတို့မှာ လူအများကြီးကွ…”

ထိုမီးတောက်နတ်ဆိုးသည် ဤနေရာ၌ရှိနေသော အဆင့်မြင့်နတ်ဆိုးဘုရင်သုံးပါးအနက်မှ တစ်ပါးဖြစ်ပေသည်။ သူသည်သာ ခွန်အားအကုန်အစင်ကို ထုတ်သုံးမည်ဆိုပါက ရန်ကိုင်လုပ်ပြသွားသကဲ့သို့ လုပ်နိုင်မည်ဟုလည်း ယုံကြည်နေပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား မကြောက်ပေ။ ရန်ကိုင်ကဲ့သို့သော လူတစ်ဦးကို နတ်ဆိုးဘုရင်များစွာ စုဖွဲ့ထားသည့် သူတို့၏အဖွဲ့မှ ဘာကြောင့်များ ကြောက်နေရပါမည်နည်း။ ဤကောင်လေးကိုယ်တိုင်ကိုက သူတို့အဖွဲ့နှင့် ရင်ဆိုင်ရဲရလောက်အောင် ရူးမိုက်နေခြင်းသာ ဖြစ်ပေသည်။

အခြားသောအဆင့်မြင့်နတ်ဆိုးဘုရင်တစ်ပါးသည်လည်း ရှေ့သို့ တစ်လှမ်းလှမ်းလိုက်လေသည်။ ထိုနတ်ဆိုးဆီမှ ထွက်ပေါ်နေသည့် သွေးချီမှာ အလွန်ကိုမှ သိပ်သည်းအားကောင်းလှပေသည်။ ထိုနတ်ဆိုးမှာ အခြားမဟုတ်။ သွေးနတ်ဆိုးသာ ဖြစ်လေသည်။ “ဒီကိစ္စကို တစ်ခါတည်း ရှင်းလိုက်ကြရအောင်…” သွေးနတ်ဆိုးကလည်း ပြောလိုက်သည်။

ထိုကဲ့သို့ပြောပြီးသွားသည်နှင့်တစ်ပြိုင်နက် မြေပြင်ထက် ဖုန်များ ထလာခဲ့လေသည်။ တစ်ချိန်တည်း၌ ထိုဖုန်များမှာ ကြောက်မက်ဖွယ်ရာ သဲမုန်တိုင်းကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။ ကြည့်ရသလောက် ထိုသဲမုန်တိုင်းကြီးသည် ရန်ကိုင်ကို ဝါးမျို၍ စိစိညက်ညက်ကြေအောင် လုပ်ပစ်ချင်နေသည့်ပုံပင်။

သဲနတ်ဆိုးတစ်ကောင်ဖြစ်သည့် နောက်ဆုံးသော အဆင့်မြင့်နတ်ဆိုးဘုရင်သည်လည်း စတင်၍ လှုပ်ရှားလိုက်လေသည်။ သဲမုန်တိုင်းမှာ အလွန်ပြင်းထန်စွာ လည်ပတ်နေခဲ့ပြီး ထိုထဲတွင် ကိန်းအောင်းနေသော သဲပွင့်တစ်ပွင့်ချင်းစီတိုင်းသည် အားကောင်းလှသည့် နတ်ဆိုးချီတို့ဖြင့် ပြည့်နေခဲ့လေသည်။

ရန်ကိုင်မှာ သဲမုန်တိုင်းအား ရှောင်၍ရပါသော်ငြား မရှောင်ခဲ့‌ပေ။ ထို့အစား သဲမုန်တိုင်း သူ့ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်ကိုသာ အေးစက်စက်အပြုံးဖြင့် ရပ်ကြည့်နေလေ၏။ မသိလျှင် ရန်ကိုင်မှာ တစ်ခုခုအား စောင့်ဆိုင်းနေသည့်အလား။

ထိုအခိုက်အတန့်ဝယ် အလင်းတန်းတစ်ခုသည် တစ်နေရာဆီမှ လျှပ်စီးတမျှအမြန်နှုန်းဖြင့် ထွက်ပေါ်လာခဲ့လေသည်။ လူတိုင်းမှာ အလစ်အငိုက်မိသွားခဲ့လေရာ ထိုအလင်းတန်းအား လုံးဝ ကာကွယ်နိုင်ခဲ့ကြခြင်းမရှိပေ။ အလင်းတန်းသည် သဲမုန်တိုင်းကို ဖောက်ထွက်သွားခဲ့ရုံမက အနောက်ဘက်တွင်ရှိနေသော အဆင့်နိမ့်နတ်ဆိုးဘုရင်တစ်ပါး၏ ခေါင်းတည့်တည့်ကိုပင်လျှင် ထိမှန်သွားခဲ့လေသည်။ အလင်းတန်း၏ ထိမှန်ခြင်း ခံလိုက်ရပြီးသည့်နောက် ထိုအဆင့်နိမ့်နတ်ဆိုးဘုရင်မှာ တစ်စစီပေါက်ကွဲထွက်ကာ သေဆုံးသွားခဲ့လေ၏။

“နောက်ဆုံးတော့ လှုပ်ရှားလာပြီပေါ့…” ရန်ကိုင်သည် အလင်းတန်းထွက်ပေါ်လာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရင်းမှ ပြောလိုက်လေသည်။ ယခုမှသာလျှင် သူ့ရင်ထဲ သံသယကင်းသွားခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်ထိတိုင် ဘိုရသည်သာ မလှုပ်ရှားသေးပါက ဘိုရသည် သူ့ရှေ့တွင်ရှိနေသော အဖွဲ့နှင့် တစ်ဖက်တည်းဖြစ်သည်ဟု ရန်ကိုင်မှတ်ယူမိပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါ ရန်ကိုင်ရင်ဆိုင်ရမည့်ရန်သူတစ်ဦး ထပ်တိုးသွားခဲ့ပေမည်။ အလယ်အလတ်အဆင့်ငှက်မွေးနတ်ဆိုးဘုရင်တစ်ပါး၏ ရန်ကို အဆက်မပြတ် သတိထားနေရသည့်ကိစ္စမှာ ပျော်စရာတော့ မကောင်းလှပေ။

ကံကောင်းစွာဖြင့် ဘိုရမှာ တစ်ဖက်ရန်သူအဖွဲ့ဘက်မှ ဟုတ်မနေခဲ့ပေ။

ဘိုရ ဘာကြောင့် ယခုအချိန်အထိ မလှုပ်ရှားရသေးသလဲဆိုလျှင် ရန်ကိုင်၏စွမ်းရည်ကို တွက်ချက်နေသည့် အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ ရန်ကိုင်သည်သာ ထိုနတ်ဆိုးအနည်းငယ်ကို မထိန်းနိုင်ခဲ့လျှင် ဘိုရအနေဖြင့် ရန်ကိုင်နှင့် မပူးပေါင်းတော့ဘဲ သူမဘာသာသူမ လှည့်ထွက်သွားမိပေလိမ့်မည်။

ရန်ကိုင်မှ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်နှစ်ပါးအား မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်သွားသည်ကို မြင်ပြီးသည့်နောက် ရန်ကိုင်သည် သူမနှင့်ပူးပေါင်းဖို့ရာ အမှန်တကယ်ကို အရည်အချင်းရှိသည်ဟု ဘိုရ ယုံကြည်မိသွားတော့လေသည်။

ရန်ကိုင်မှာ သည်းလှိုက်အူလှိုက်ကို အော်ရယ်မောနေလေ၏။

အလယ်အလတ်အဆင့်ငှက်မွေးနတ်ဆိုးဘုရင်တစ်ပါး၏ ပစ်မှတ် ဖြစ်ရသည်မှာ မကောင်းလှပါသော်ငြား ထိုကဲ့သို့သော ငှက်မွေးနတ်ဆိုးဘုရင်တစ်ပါး၏ အကူအညီကို ရနေမည်ဆိုလျှင်တော့ ဘဝကြီးမှာ ပိုမိုလွယ်ကူလာပေလိမ့်မည်။

ထိုအခိုက်အတန့်ဝယ် သဲမုန်တိုင်းဆီမှ ဒဏ်ရာရနေသော သားရဲတစ်ကောင်၏ အော်ဟစ်သံပမာ အော်သံတစ်သံ ရုတ်တရက် ဟိန်းထွက်လာခဲ့လေသည်။

အဆင့်မြင့်သဲနတ်ဆိုးဘုရင်သည် သဲမုန်တိုင်းထဲဝယ် ရန်ကိုင်အား သတ်ပစ်လိုခဲ့သည်။ သို့ပါသော်ငြား ရန်ကိုင်အား မသတ်နိုင်ခဲ့ဘဲ ဘိုရ၏ အလစ်အငိုက်ချောင်းတိုက်ခိုက်ခြင်းသာ ခံခဲ့ရလေသည်။ သူ့အနေဖြင့် အသက်အန္တရာယ်မရှိပါသော်ငြား အခြေအနေတော့ မကောင်းလှပေ။ မတည်မငြိမ်ဖြစ်နေသော သဲမုန်တိုင်းသည် သူခံစားနေရသော နာကျင်မှု၊ ဒေါသတို့အား မီးမောင်းထိုးပြနေသည့် အကောင်းဆုံးသော သက်သေသာလျှင် ဖြစ်ပေသည်။

အဆင့်နိမ့်နတ်ဆိုးဘုရင် ရုတ်တရက်သေသွားသည့်ကိစ္စမှာ လူတိုင်းအား အံ့အားသင့်သွားစေခဲ့လေ၏။ ထိုအကြောင်းကြောင့် လူတိုင်းမှာ အလင်းတန်းထွက်ပေါ်လာရာအရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်လေ၏။

ထိုအခါမှသာလျှင် ရန်ကိုင်သည် တစ်ကိုယ်တော်လှုပ်ရှားနေခြင်းမဟုတ်ဘဲ သူနှင့်အတူ အဖော်တစ်ဦးလည်း ရှိနေကြောင်းကို နတ်ဆိုးများ သဘောပေါက်သွားရတော့သည်။ ထို့အပြင် ရန်ကိုင်နှင့်အတူ ပါလာသည့်သူမှာ သာမန်နတ်ဆိုးပင်လျှင်မဟုတ်ဘဲ ပြဿနာများသည့် ငှက်မွေးနတ်ဆိုးဖြစ်နေခဲ့သည်။

(ဘယ်လိုလုပ်ပြီး သူ့မှာ အခြားမဟာမိတ်တစ်ယောက် ရှိနေရတာလဲ… ဒီလူသားကို တော်ဝင်သခင် ပြန်ခေါ်လာတာ မဟုတ်ဘူးလား… သူ တော်ဝင်မြို့တော်ကိုရောက်တာ ဘယ်လောက်မှကြာသေးတာမဟုတ်ဘူးလေ… အဲ့အချိန်အတွင်းမှာ ဘယ်လိုလုပ်ပြီး မဟာမိတ်တစ်ယောက် ရသွားရတာလဲ…)

“အဲ့ဒါ ဟိုခွေးမ ဘိုရ ဖြစ်လောက်တယ်…” ရုတ်တရက် တစ်စုံတစ်ဦးသည် အဝေးတွင်ရှိနေသော ငှက်မွေးနတ်ဆိုး မည်သူမည်ဝါဖြစ်သလဲဆိုသည်ကို သိသွားခဲ့လေသည်။

သူတို့အနေဖြင့် ဘိုရအား မမြင်ရပါသော်ငြား ငှက်မွေးနတ်ဆိုးများမှာ အတော်လေးကိုမှ ရှားပါးလှသလို အလယ်အလတ်အဆင့်ငှက်မွေးနတ်ဆိုးဘုရင်ဆိုလျှင် ပို၍ပင် ရှားပါးပေသေးသည်။

“ငါ့လခွမ်း… အဲ့ခွေးမ အသက်မရှင်ချင်တော့တာလား…”

“တော်ဝင်မြို့တော်ထဲ လာပြီး သွေးပြိုင်ကွင်းမှာ လာပြိုင်ရဲတယ်ပေါ့… သွေးပြိုင်ကွင်းကလူတွေ ဘာတွေလုပ်နေကြတာလဲ…”

နတ်ဆိုးဘုရင်များမှာ တစ်ယောက်တစ်ပေါက်ဖြင့် စတင်၍ အထွန့်တက်ကြတော့လေသည်။ ကြည့်ရသလောက် နတ်ဆိုးဘုရင်များမှာ ဘိုရအကြောင်းကို ကောင်းကောင်းသိကြသည့်ပုံပင်။ အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်များမှာ ကြောက်ကြောက်လန့်လန့်ဖြင့် တစ်ဦးနားတစ်ဦး ကပ်သွားခဲ့ကြလေသည်။ အဆင့်မြင့်နတ်ဆိုးဘုရင်နှစ်ပါးမှာလည်း အေးအေးဆေးဆေးမနေနိုင်ခဲ့ဘဲ စတင်၍ စိတ်ပူလာနေရလေသည်။

ဘိုရသည် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ပါးသာ ဖြစ်ပါသော်ငြား သူမသည်သာ ခပ်လှမ်းလှမ်းမှနေ၍ တိုက်ခိုက်နေမည်ဆိုပါက သူမ၏မြားချက်များသည် အဆင့်မြင့်နတ်ဆိုးဘုရင်တစ်ပါးအတွက်ပင်လျှင် အန္တရာယ်ရှိလှပေသည်။ နတ်ဆိုးဘုရင်များ စိတ်ပူနေစဉ်မှာပင် နောက်ထပ်အလင်းတန်းတစ်ခုသည် နတ်ဆိုးအုပ်ကြီးရှိရာဆီသို့ ထပ်မံတိုးဝင်လာခဲ့ပြီး သဲမုန်တိုင်းအား ဖောက်ထွက်သွားခဲ့ရာ သဲမုန်တိုင်းအတွင်းဆီမှ သဲနတ်ဆိုး၏ ဒေါသတကြီးအော်ဟစ်သံ ထွက်ပေါ်လာခဲ့လေသည်။

ယခင်တစ်ကြိမ် သင်ခန်းစာရထားပြီ ဖြစ်သည့်အတွက်ကြောင့် နတ်ဆိုးဘုရင်များမှာ သေသေချာချာကို သတိချပ်ထားကြလေသည်။ ထိုအကြောင်းကြောင့် အလင်းတန်းသည် သဲမုန်တိုင်းအား ဖောက်ထွက်သွားပြီးသည့်နောက် အဆင့်နိမ့်နတ်ဆိုးဘုရင်တစ်ပါးဆီသို့ ဦးတည်သွားခဲ့သည့်တိုင် ထိုအဆင့်နိမ့်နတ်ဆိုးဘုရင်မှာ ကြိုတင်ပြင်ဆင်ထားခဲ့လေရာ မြားချက်အား အလျင်စလို ရှောင်တိမ်းလိုက်နိုင်ခဲ့လေသည်။ ထိုသို့သာမဟုတ်လျှင်တော့ သူသည်လည်း ပထမနတ်ဆိုး၏ လမ်းစဉ်နောက်သို့ လိုက်သွားခဲ့ရပေလိမ့်မည်။

သို့ပါသော်ငြား ထိုနတ်ဆိုးမှ မြားချက်အား ရှောင်လိုက်နိုင်သည့်တိုင် မြားချက်သည် ရုတ်တရက်ဆိုသလို လမ်းကြောင်းပြောင်း၍ အခြားသော အဆင့်နိမ့်နတ်ဆိုးဘုရင်တစ်ပါးဆီသို့ ဆက်လက်တိုးဝင်သွားလေ၏။

“စွပ်…”

ထိုအလင်းတန်းသည် အဆင့်နိမ့်နတ်ဆိုးဘုရင်၏ နဖူးတည့်တည့်အား ဖောက်ထွက်သွားခဲ့လေရာ ခေါင်းတစ်ခုလုံး ပြတ်ထွက်သွားခဲ့ရလေသည်။ သို့ပါသော်ငြား ထိုခေါင်းမပါသောခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ လဲကျမသွားခဲ့ဘဲ နောက်ထပ်ခေါင်းတစ်လုံး ပြန်ပေါက်လာတော့မည့်အလား ခေါင်းမရှိတော့သည့်နေရာဆီမှ အသားစများသည် ရုတ်တရက်ဆိုသလို ယွစိယွစိ ဖြစ်လာခဲ့လေသည်။

နတ်ဆိုးနှလုံးသားရှိနေသေးသရွေ့ နတ်ဆိုးများ သေလိမ့်မည်မဟုတ်။ ဤအဆင့်နိမ့်နတ်ဆိုးဘုရင်၏ သေကွင်းသေကွက်သည် သူ့ခေါင်းတွင် မဟုတ်။ သို့ပါသော်ငြား နတ်ဆိုးချီနှင့် သွေးချီများစွာကို အသုံးပြု၍ ခေါင်းအသစ်တစ်လုံး ပြန်ပေါက်အောင် လုပ်ရမည် ဖြစ်သည့်အတွက်ကြောင့် ဘိုရ၏မြားချက်သည် သူ့အား မသတ်လိုက်သည့်တိုင် ထိုနတ်ဆိုးဘုရင်အနေဖြင့် တိုက်ပွဲထဲ ပါလို့ရတော့လိမ့်မည်မဟုတ်ပေ။

“ခွေးမ…”

အဆင့်မြင့်သွေးနတ်ဆိုးဘုရင်သည် ဘိုရရှိရာအရပ်ဆီသို့ မုန်းမုန်းတီးတီးဖြင့် စိုက်ကြည့်ရင်းမှ ပြေးထွက်သွားလေ၏။ သူသည်သာ ဘိုရအား ခြေရာခံ၍ သတ်ပစ်နိုင်ခဲ့မည်ဆိုလျှင် ရန်ကိုင်အား တိုက်ခိုက်မည့်အစီအစဉ်မှာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

“မင်း ဘယ်သွားဖို့လုပ်နေတာလဲ…” ရန်ကိုင်သည် ပြုံးဖြီးရင်းမှ အော်ပြောလိုက်လေသည်။ ဘိုရ၏မြားချက်နှစ်ချက်အကူအညီကြောင့် ရန်ကိုင်မှာ သဲမုန်တိုင်းထဲမှ လွတ်မြောက်သွားနိုင်ခဲ့ပြီး သွေးနတ်ဆိုး၏လမ်းကို ပိတ်ထားလိုက်လေသည်။

သွေးနတ်ဆိုးမှာတော့ ရန်ကိုင်အား တစ်ချက်ပင်မကြည့်ဘဲ သွေးအလင်းတန်းတစ်ခုအသွင်သို့ ပြောင်း၍ ပြေးထွက်သွားလေသည်။

ရန်ကိုင်မှာ သွေးနတ်ဆိုးအား မည်ကဲ့သို့များ ထွက်သွားခွင့် ပေးနိုင်ပါမည်နည်း။ သို့ပါသော်ငြား သူ့ဘက်မှ သွေးနတ်ဆိုးအား မတားရသေးခင်မှာပင် မီးတောက်နတ်ဆိုးဘုရင်သည် ၎င်း၏ မီးတောက်တောင်ပံများကို ဖြန့်ကျက်ရင်းမှ ၎င်း၏လက်သီးအား မီးတောက်များဖြင့် လောင်မြိုက်စေလျက် ရန်ကိုင်တည့်တည့်သို့ ထိုးချလာခဲ့လေ၏။ “မင်းကရော ဘယ်သွားချင်နေတာလဲ…”

ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့ပြီး မီးတောက်နတ်ဆိုး၏ တိုက်ခိုက်မှုကို အနန္တဓါးဖြင့် ကာလိုက်လေသည်။

“ဘန်း…”ခနဲမြည်သံနှင့်အတူ ရန်ကိုင်တို့နှစ်ဦးစလုံး နောက်သို့ အသီးသီးဆုတ်သွားခဲ့ရသည်။ သို့ပါသော်ငြား သွေးနတ်ဆိုးသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ ပြေးထွက်သွားခဲ့လေပြီ။ ယခုနေမှ ရန်ကိုင်အဖို့ သွေးနတ်ဆိုးအား တားဆီးဖို့ရာ နောက်ကျလွန်းသွားခဲ့လေပြီ။

ရန်ကိုင်လည်း နှာခေါင်းရှုံ့လျက် သွေးနတ်ဆိုးအား ဂရုစိုက်မနေတော့ပေ။ ဘိုရအနေဖြင့် ထိုမျှလောက်ကို ကိုင်တွယ်နိုင်ဖို့ရာ မျှော်လင့်နေမိလေသည်။

ရန်ကိုင် ထိုကဲ့သို့ တွေးနေစဉ်မှာပင် ဘိုရ လှုပ်ရှားခဲ့လေ၏။ အလင်းတန်းသုံးခုသည် ဟင်းလင်းပြင်ကိုထိုးဖောက်၍ ရပ်တန့်မရသည့် အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့လေသည်။

ထိုအခိုက်အတန့်ဝယ် သဲနတ်ဆိုးမှာ ၎င်း၏သဲမုန်တိုင်းပုံစံအား ဆက်မထိန်းထားနိုင်တော့သည့်အလား သူထုတ်သုံးထားသည့် ပညာရပ်ကို ပြန်ဖျက်၍ မူလအသွင်သို့ ပြန်ပြောင်းလိုက်လေသည်။

မြားသုံးချောင်းမှာလည်း သဲနတ်ဆိုး မူလအသွင်သို့ ပြောင်းပြီးပြီးချင်းမှာပင် သူ့ဆီသို့ တိုးဝင်လာခဲ့လေ၏။

သဲနတ်ဆိုး၏မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။ သို့ပါသော်ငြား သူ့တွင် တုံ့ဆိုင်းနေဖို့ရာ အချိန်မရှိသည့်အတွက်ကြောင့် သဲနတ်ဆိုးမှာ ၎င်း၏ခန္ဓာကိုယ်ကို သဲပုံစံအသွင်သို့ ပြောင်း၍ ဘိုရ၏မြားချက်များကို ရှောင်တိမ်းရန် ကြိုးစားတော့သည်။

သို့ပါသော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် မြားသုံးချောင်းမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး နတ်ဆိုးချီတို့ ရောယှက်နေသော အလင်းစက်ကလေးများ သဲပုံပေါ်သို့ ကျလာခဲ့လေသည်။

သဲပုံစံသို့ပြောင်းသွားသော သဲနတ်ဆိုးမှာလည်း မူလအသွင်သို့ ပြန်ပြောင်းလိုက်ရလေ၏။ သို့ပါသော်ငြား ယခုအခါတွင် နေရာ၌ မလှုပ်မယှက် ရပ်နေလျက် အလင်းတန်းများ ထွက်ပေါ်လာရာအရပ်ဆီသို့ လှမ်းကြည့်ရင်းမှ အော်ဆဲလိုက်လေ၏။ “ခွေးမ…”

ရန်ကိုင်မှာ ထိုမြင်ကွင်းအား ပြုံးကာ ကြည့်နေခဲ့လေသည်။ ဘိုရ၏မြားသုံးချောင်းထဲတွင် မည်သည့်အရာများ ရှိနေသလဲဆိုသည်ကို သူမသိ။ သို့ပါသော်ငြား ဘိုရသည် နည်းလမ်းတစ်ခုခုကိုသုံး၍ ဤအဆင့်မြင့်သဲနတ်ဆိုးအား ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်ခဲ့ရပေလိမ့်မည်။

ရန်ကိုင်တွေးနေသည်မှာလည်း အမှန်တကယ်ကို မှန်ပေသည်။ မူလပုံစံသို့ ပြန်ပြောင်းပြီးသည့်နောက်တွင် သဲနတ်ဆိုးမှာ ဤနေရာ၌ အနည်းငယ်မျှပင် ဆက်၍ မနေတော့ပေ။ အရက်မူးနေသည့်အလား ဒယီးဒယိုင်ဖြင့် ချက်ချင်းပြေးထွက်သွားလေ၏။ သူ့အနေဖြင့် သူ့ကိုယ်ထဲသို့ ရောက်နေသော ဘာမှန်းမသိရသည့်အရာများကို အရင်ဦးစွာ ရှင်းပစ်ရန် ကြိုးစားရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက အသက်အန္တရာယ်ရှိလာနိုင်လေ၏။

အဆင့်မြင့်နတ်ဆိုးဘုရင်တစ်ပါးသည် ဘိုရကြောင့် ထွက်ပြေးသွားခဲ့လေသည်။ ဘိုရအနေဖြင့် ထိုနတ်ဆိုးဘုရင်အား မသတ်လိုက်နိုင်ပါသော်ငြား နတ်ဆိုးဘုရင်အား ယခုအတိုင်းအတာထိ ဖိအားပေးနိုင်သည်ကိုကြည့်လျှင် ထိုဘိုရ၏ခွန်အား မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ပြသနေလေ၏။

ရန်ကိုင်မှာ သဲနတ်ဆိုးအား တစ်ခါတည်း အပြီးတိုင် ရှင်းပစ်လိုက်ချင်ပါသော်ငြား မီးတောက်နတ်ဆိုးမှာ သူ့အား တရစပ်ကို လိုက်လံနှောင့်ယှက်နေသည့်အတွက်ကြောင့် ရန်ကိုင်မှာ သက်ပြင်းချ၍ သဲနတ်ဆိုးအား လွှတ်ပေးလိုက်ရုံသာ တတ်နိုင်ခဲ့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters