အခန်း ၃၄၅၄
Vol. 152 Ch. 3454
အပိုင်း (၃၄၅၄)
ဘာသာပြန်သူ_တိမ်တိုက်
သွေးပြိုင်ကွင်းထဲရှိ မိုးမြေစွမ်းအင်မှာ ကသောင်းကနင်း ဖြစ်နေပြီး ဖုန်များမှာလည်း ပတ်ဝန်းကျင် တစ်ခုလုံးအနှံ့ ပြည့်နေကာ ပေါက်ကွဲသံများသည်လည်း ညံမစဲအောင် ထွက်ပေါ်နေခဲ့သည်။ တိုက်ခိုက်မှုများကြောင့် တောင်ကြီးမှာ တစ်စတစ်စနှင့် ပြိုကျလာနေခဲ့လေ၏။
အဆင့်မြင့် မီးတောက်နတ်ဆိုးဘုရင်သည် လောကတစ်ခုလုံးအား လောင်မြိုက်ပစ်နိုင်သယောင် ထင်မှတ်ရသော အားကောင်းလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေသည့် မီးတောက် လှံတစ်ချောင်းကို ကိုင်စွဲထားခဲ့သည်။
ရန်ကိုင်သည် အနန္တဓားကို ဝှေ့ယမ်းလျက်မှ မီးတောက်နတ်ဆိုး၏ တိုက်ခိုက်မှုများကို ပြန်လည်ခုခံနေခဲ့ပေသည်။ မီးတောက်နတ်ဆိုးနှင့် တိုက်ခိုက်ရာတွင် ထူးထူးဆန်းဆန်းပင် ရန်ကိုင်မှာ တစ်ခဏလေးအတွင်း အောက်စီးသို့ ရောက်နေလေ၏။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာလည်း သူ့ခွန်အား အကုန်အစင်ကို ထုတ်သုံးမပြလိုသည့်အတွက်ကြောင့် ခွန်အားအနည်းငယ်ကိုသာ ထုတ်သုံးထားသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
ရန်ကိုင်နှင့် မီးတောက်နတ်ဆိုးတို့ တိုက်ခိုက်နေသည်ကို အခြားသော မည်သည့် နတ်ဆိုးဘုရင်မျှ ဝင်ရောက်၍ မနှောင့်ယှက်ရဲကြပေ။ ဘိုရသည်လည်း အဝေးမှ သူတို့အား ချောင်းမြောင်းနေသည့်အတွက်ကြောင့် မည်သူမျှ အလွယ်တကူ မလှုပ်ရှားရဲကြ။ ဘိုရအား ခြေရာခံရန်အတွက် ထွက်သွားသော သွေးနတ်ဆိုးမှ ဘိုရအား ရှင်းပစ်ပြီးသည့်အခါမှသာလျှင် စတင် လှုပ်ရှားကြရန် ဆုံးဖြတ်ထားသည့်ပုံပင်။
ရုတ်တရက်ဆိုသလို မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့လေသည်။ တစ်ချိန်တည်း၌ အဝေးတစ်နေရာဆီမှ ပေါက်ကွဲသံ အကျယ်ကြီး ထွက်ပေါ်လာခဲ့လေသည်။
ထိုအချင်းအရာကို မြင်လိုက်သော် နတ်ဆိုးဘုရင်များ ဝမ်းသာသွားကုန်ကြလေသည်။ အကြောင်းမှာ ထိုပေါက်ကွဲသံကြီး ထွက်ပေါ်လာသည့် နေရာသည် ဘိုရ သူတို့အား အလစ်ချောင်း တိုက်ခိုက်ခဲ့သည့် နေရာ ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုးသည် သွေးနတ်ဆိုးမှ ဘိုရအား ရှာတွေ့သွားပြီး သူမအား တိုက်ခိုက်ကာ သတ်ပစ်လိုက်ပြီ ဖြစ်ကြောင်းကို ပြသနေခဲ့လေသည်။
ရန်ကိုင်နှင့် တိုက်ခိုက်နေသော မီးတောက်နတ်ဆိုးမှာလည်း စိတ်သက်သာရာ ရသွားခဲ့ပြီး ပြုံးဖြီး၍ ပြောလိုက်လေ၏။ "မင်း ဒီနေ့တော့ သေပြီပဲ"
ရန်ကိုင်အား အနောက်မှ ကူညီပေးမည့် ဘိုရ ရှိနေစဉ်က မီးတောက်နတ်ဆိုးမှာ ဟာကွက်ပေါ်သွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့် သူ့ခွန်အား အကုန်အစင်ကို အသုံးပြုရဲခဲ့ခြင်း မရှိပေ။ သို့ပါသော်ငြား ယခုမူ နောက်ကွယ်မှ ချောင်းမြောင်းနေသည့် အန္တရာယ်ကို ရှင်းပစ်ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် ဘာကိုမျှ စိတ်ထင့်နေစရာ မလိုတော့ပေ။ မီးတောက်နတ်ဆိုး၏ ပတ်ဝန်းကျင်တွင် လောင်မြိုက်နေသော မီးတောက်များနှင့် အနက်ရောင်နတ်ဆိုးချီတို့သည် ရုတ်တရက်ဆိုသလို ရန်ကိုင်ဘက်သို့ ပေါက်ကွဲထွက်လာခဲ့လေသည်။
သို့ပါသော်ငြား ထိုအခိုက်အတန့်မှာပင်လျှင် ဆန့်ကျင်ဘက် အရပ်ဆီမှ လေခွင်းသံနှင့်အတူ ရောင်စုံအလင်းတန်းတစ်ခု မီးတောက်နတ်ဆိုးဆီသို့ တိုးဝင်လာခဲ့လေ၏။
မီးတောက်နတ်ဆိုး ကြောင်သွားခဲ့လေသည်။
ယခုကဲ့သို့သော အချိန်မျိုးတွင်မှ အလစ်ချောင်း တိုက်ခိုက်မှု ရောက်ရှိလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအလင်းတန်းဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ ထိုအလင်းတန်းသည် ဘိုရ ပစ်လွှတ်လိုက်သော မြားပင် ဖြစ်ပေသည်။ သို့ပါသော်ငြား ဘိုရ အသက်ရှင်နေသေးသည်ဆိုလျှင် အစောပိုင်းက ပေါက်ကွဲမှုသည် မည်သည့်အရာကို ဆိုလိုလေသနည်း။
မီးတောက်နတ်ဆိုးမှာ များများစားစား တွေးနေချိန် မရှိဘဲ ချက်ချင်းရှောင်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် အဆင့်မြင့်နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ပါသော်ငြား ဘိုရ၏ မြားအား ထိပ်တိုက်မရင်ဆိုင်ရဲပေ။
သို့ပါသော်ငြား ရန်ကိုင်မှာ မီးတောက်နတ်ဆိုးအား မည်ကဲ့သို့များ ထိုကဲ့သို့ လုပ်ခွင့် ပေးပါမည်နည်း။ ထိုမြား ရုတ်တရက် ပေါ်လာချိန် မီးတောက်နတ်ဆိုးသာလျှင် မဟုတ်။ ရန်ကိုင်သည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့ပါသော်ငြား မကြာမီ ထိုအရာမှာ အားကောင်းသော ရန်သူအား ဤအဖွဲ့ထဲမှ မျှားခေါ်မည့် ဘိုရ၏ အကြံအစည်သာဖြစ်ကြောင်း ရန်ကိုင် သဘောပေါက်သွားခဲ့လေ၏။ ဘိုရသည် မည်ကဲ့သို့သော နည်းလမ်းကို သုံး၍ တစ်နေရာမှ တစ်နေရာသို့ ရွေ့လျားသွားလာနေသလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား သူမတွင် ထိုကဲ့သို့သော စွမ်းအင်မျိုး ရှိသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဘိုရအား စိတ်ပူစရာ မလိုတော့ပေ။
လေဟာနယ်နိယာမတို့ လှုပ်ရှားလာခဲ့ပြီးသည့်နောက် မီးတောက်နတ်ဆိုး ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ အေးခဲသွားခဲ့လေသည်။ ထိုအခါ မီးတောက်နတ်ဆိုး၏ မျက်နှာမှာ ရုတ်ချည်းဆိုသလို ဖြူရော်သွားတော့လေ၏။
စွက်။
ငါးရောင်ခြယ် အလင်းတန်းသည် မီးတောက်နတ်ဆိုး၏ ရင်ဘတ်တည့်တည့်အား စိုက်ဝင်သွားခဲ့ရာ ဆူပွက်နေသော ချော်ရည်ပမာ ထင်မှတ်ရသည့် သွေးများ စီးထွက်လာခဲ့လေသည်။
မီးတောက်နတ်ဆိုးမှာ နာကျင်စွာ အော်ဟစ်နေလျက်မှ ၎င်း၏ ကိုယ်အထက်မှ လောင်မြိုက်နေသော မီးတောက်များသည် သူ့ရင်ထဲရှိ ဒေါသအား ကိုယ်စားပြုနေသည့်အလား ယခင်ကထက် ပို၍ အလျှံညီးညီး တောက်လောင်လာခဲ့လေသည်။
ဘိုရ ရှင်းပစ်ခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် တိုက်ပွဲထဲသို့ ဝင်ပါရန် ပြင်ဆင်နေကြသော နတ်ဆိုးဘုရင်များမှာလည်း ၎င်းတို့၏ ခြေလှမ်းများကို တုံ့ခနဲ ရပ်လိုက်ကြလေသည်။ မီးတောက်နတ်ဆိုး၏ ရင်ဘတ်ထဲသို့ စိုက်ဝင်နေသော မြားကို ကြည့်ရင်း အကုန်လုံးမှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားခဲ့ကြပြီး ချက်ချင်း မလှုပ်ရှားသေးမိသည့်အပေါ် ကံကောင်းသည်ဟု ခံစားမိလိုက်ကြလေသည်။
ရွှစ်၊ ရွှစ်၊ ရွှစ်။
ထိုအခိုက်အတန့်မှာပင် မြားသုံးစင်း ထပ်မံထွက်ပေါ်လာခဲ့သည်။
သတိမပေးဘာမပေးဖြင့် ဘေးဘက်မှ စောင့်ကြည့်နေသော နတ်ဆိုးဘုရင်တစ်ပါးမှာ မြားထိမှန်ကာ သေဆုံးသွားခဲ့ရပြီး နောက်ဆုံး မြားတစ်စင်းမှာတော့ ရန်ကိုင်နှင့် တိုက်ခိုက်နေသော မီးတောက်နတ်ဆိုး တည့်တည့်သို့ ထပ်မံတိုးဝင်လာခဲ့လေသည်။
တစ်ကြိမ် ခံစားရပြီးသွားသည့်နောက်တွင် မီးတောက်နတ်ဆိုးမှာ တိုးဝင်လာနေသည့် မြားများကို တောက်လျှောက်ကို သတိထား စောင့်ကြည့်နေခဲ့သည်။ ထိုအကြောင်းကြောင့် မြားတစ်စင်း သူ့ဆီသို့ ထပ်မံတိုးဝင်လာနေသည်ကို မြင်သည့်အခါ မီးတောက်နတ်ဆိုးမှာ ချက်ချင်းကို ရှောင်ရန်ပြင်တော့လေသည်။ သူ့အနေဖြင့် ဒဏ်ရာရထားမည်ဆိုလျှင်ပင် ထိုမြားလောက်အား ရှောင်ဖို့ရာ မခက်လှပေ။
သို့ပါသော်ငြား မီးတောက်နတ်ဆိုးမှ ရှောင်ခါနီးတွင် ရန်ကိုင်မှ သူ့အား ထူးထူးဆန်းဆန်း ပြုံးပြနေသည်ကို တွေ့လိုက်ရလေသည်။ "ချုပ်နှောင်လိုက်စမ်း"
အစောပိုင်းက သူ့ခန္ဓာကိုယ် လှုပ်မရ ဖြစ်ခဲ့သည့် ခံစားချက် ပြန်ပေါ်လာခဲ့လေသည်။ ပတ်ဝန်းကျင်ဟင်းလင်းပြင် တစ်ခုလုံးမှာ နွံအိုင်တစ်ခု အသွင်သို့ ပြောင်းသွားသည့်အလား မီးတောက်နတ်ဆိုးမှာ ပို၍ရုန်းကန်လေ ရုန်းကန်လေ လွတ်မြောက်ဖို့ရာ ပိုခက်လာရလေပင်။
မီးတောက်နတ်ဆိုး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး နတ်ဆိုးချီကို အရူးအမူး လှည့်ပတ်ရင်း သူ မမြင်နိုင်သည့် ချုပ်နှောင်မှုအောက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့ပါသော်ငြား သူ့ဆန္ဒ မပြည့်ဝသေးခင်မှာပင် ဘိုရ၏ မြား ရောက်လာခဲ့လေ၏။ မြားသည် သူ၏ ဝမ်းဗိုက်တည့်တည့်အား ဖောက်ဝင်သွားခဲ့ရာ သွေးစိမ်းရှင်ရှင်တို့ ပန်းထွက်လာခဲ့ပြီး မြေပြင်တစ်ပြင်လုံး ချစ်ချစ်တောက် ပူလောင်သွားခဲ့ရလေသည်။
မြားချက်များကို ကြည့်ရင်း ပွဲကြည့်စင်ပေါ်တွင် ရှိနေသော နတ်ဆိုးများ အံ့သြတကြီး ဖြစ်ကုန်ကြရလေသည်။ သွေးပြိုင်ကွင်းထဲ ဘာတွေဖြစ်နေသလဲဆိုသည်ကို သူတို့ သေချာမသိ။ သို့ပါသော်ငြား မြားချက်များမှာ အလွန်ကိုမှ တိကျကာ ကြောက်မက်ဖွယ်ကောင်းလှလေ၏။ အဆင့်မြင့်နတ်ဆိုးဘုရင် တစ်ပါးသည်ပင်လျှင် ထိုမြားချက်ကို ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိဘဲ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ရသည်။
မီးတောက်နတ်ဆိုးသည်သာ ဤအတိုင်း အပစ်ခံနေရမည်ဆိုလျှင် မကြာခင် သေရပေလိမ့်မည်။
လူတိုင်း ထိုကဲ့သို့ တွေးနေစဉ်မှာပင် တတိယမြားတစ်စင်း ထွက်ပေါ်လာခဲ့လေ၏။ တတိယမြားသည် လေကိုခွင်း၍ မီးတောက်နတ်ဆိုး၏ ခေါင်းတည့်တည့်ဆီသို့ တိုးဝင်သွားခဲ့လေသည်။
ဘိုရမှာ အခြေအနေကို သေသေချာချာ နားလည်နေလေသည်။ ရန်ကိုင်၏ အကူအညီ ရှိနေသည့်အတွက်ကြောင့် သူမ၏ မြားချက်များ ပစ်မှတ်အား လွဲချော်သွားမည်ကို စိတ်ပူနေစရာ မလို။ ထိုအကြောင်းကြောင့် တရစပ် ပစ်ရန်သာ ဆုံးဖြတ်ထားခဲ့လေ၏။
မြားအလင်းတန်းမှာ သူနှင့် တဖြည်းဖြည်း နီးကပ်လာနေပြီး သူ့ခန္ဓာကိုယ်မှာလည်း လှုပ်မရ ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသော် မီးတောက်နတ်ဆိုးမှာ စတင်၍ ထိတ်လန့်တုန်လှုပ်လာတော့လေသည်။ ပထမမြားတစ်စင်းသည် သူ့အား ဒဏ်ရာရသွားအောင် လုပ်နိုင်ခဲ့ပါသော်ငြား တတိယမြားချက်သည် သူ၏ သေကွင်းသေကွက်နေရာ ဖြစ်သော ခေါင်းတည့်တည့်ဆီသို့ ဦးတည်နေခဲ့လေသည်။
မီးတောက်နတ်ဆိုး၏ မျက်ဆန်များ ရုတ်ချည်းဆိုသလို ကျုံ့ဝင်သွားခဲ့ပြီးသည့်နောက် သူ့အရှေ့တည့်တည့်၌ မီးတောက်နံရံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ဘိုရ ပစ်လွှတ်လိုက်သော မြားသည် ထိုမီးတောက်နံရံကို ဖောက်ထွက်၍ မီးတောက်နတ်ဆိုး၏ ခေါင်းတည့်တည့်အား သွားရောက်ထိမှန်လေသည်။ သို့ပါသော်ငြား ဦးခေါင်းရိုးထဲသို့ တစ်လက်မလောက်သာ ဖောက်ဝင်သွားနိုင်ခဲ့ပြီး ရပ်တန့်သွားခဲ့လေသည်။ မီးတောက်နတ်ဆိုးမှ ဖန်တီးထားသော မီးတောက်နံရံသည် မြား၏ စွမ်းအားကို သိသိသာသာ လျှော့ချသွားနိုင်ခဲ့လေသည်။
မြားချက်ထဲတွင် ကိန်းအောင်းနေသော အလွန်ပြင်းထန်သည့် အားကြောင့် မီးတောက်နတ်ဆိုး၏ ခေါင်း အနောက်သို့ လန်ထွက်သွားခဲ့လေသည်။ သို့ပါသော်ငြား သူ့ကိုယ်သူ ဟန်ချက်မထိန်းနိုင်သေးခင်မှာပင် ရန်ကိုင်သည် အနန္တဓားကို မြှောက်၍ သူ၏ လည်ပင်းတည့်တည့်သို့ ခုတ်ချလာခဲ့လေသည်။
ထိုဓားချက်နှင့်အတူ မီးတောက်နတ်ဆိုး၏ခေါင်း လေပေါ်သို့ ပျံထွက်သွားခဲ့လေသည်။ ချစ်ချစ်တောက် ပူလောင်သည့် သွေးများမှာလည်း မီးတောင်ပေါက်သည့်ပမာ လည်တိုင်ဆီမှ တရဟော ပန်းထွက်လာခဲ့လေသည်။
သို့ပင်ဖြစ်လင့်ကစား ခေါင်းမပါသော ခန္ဓာကိုယ်ကြီးသည် အလျင်အမြန် နောက်သို့ ဆုတ်သွားခဲ့လေသည်။
ရန်ကိုင်ကမူ အေးစက်စက် မျက်နှာထားဖြင့် အနန္တဓားကို ဆွဲကိုင်ရင်းမှ ထိုခန္ဓာကိုယ်ကြီး အနောက်သို့ ပြေးလိုက်သွားကာ ဓားလှိုင်းများကို တစ်လှိုင်းပြီးတစ်လှိုင်း ပစ်လွှတ်ပေးလိုက်လေ၏။
ရန်ကိုင်မှ သူ့ဓားအား ပြန်ချလိုက်ချိန် မီးတောက်နတ်ဆိုး၏ ခန္ဓာကိုယ်ကြီးမှာ အပိုင်းပိုင်းအစစ ဖြစ်နေခဲ့လေပြီ။
ဘုတ်။
ထိုအခိုက်အတန့်မှာပင် မီးတောက်နတ်ဆိုး၏ ပြတ်သွားသည့်ခေါင်း မြေပြင်ပေါ်သို့ ကျသွားခဲ့သည်။ ၎င်း၏ မျက်လုံးများမှာတော့ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေခဲ့ပြီး နှုတ်ခမ်းမှာလည်း တစ်ခုခုကို ပြောချင်နေသည့်အလား လှုပ်စိလှုပ်စိ ဖြစ်နေခဲ့သည်။ သို့ပါသော်ငြား အဆုံးတွင်မူ ဘာကိုမျှ မပြောလိုက်နိုင်ဘဲ အသက်ငင်သွားခဲ့ရလေ၏။
ပွဲကြည့်စင်ပေါ်တွင် ရှိနေသော နတ်ဆိုးများမှာမူ ထိုမြင်ကွင်းအား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ကြည့်နေကြလေသည်။
ရန်ကိုင်နှင့် ဘိုရမှာ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်များသာလျှင် ဖြစ်လင့်ကစား သူတို့ နှစ်ဦးတည်းဖြင့် နတ်ဆိုးဘုရင်ဆယ်ပါးကျော်ကို အနိုင်ယူနိုင်ခဲ့လေသည်။ တိုက်ပွဲမှာ အမွှေးတိုင်တစ်ချောင်း လောင်ကျွမ်းစာမျှသာ ကြာသွားခဲ့ပါသော်ငြား ထိုအချိန် အတောအတွင်း အလယ်အလတ်အဆင့် နှစ်ဦးနှင့် အဆင့်နိမ့်နတ်ဆိုးဘုရင် လေးဦး သေဆုံးသွားခဲ့ရသည်။ ထိုအပြင် အဆင့်မြင့်နတ်ဆိုးဘုရင် တစ်ပါးမှာလည်း ပြေးနေရပြီး အခြားသော နတ်ဆိုးဘုရင်တစ်ပါးမှာတော့ သေဆုံးသွားခဲ့လေ၏။
ဤကဲ့သို့သော မယုံကြည်နိုင်စရာ အဖြစ်အပျက်မျိုးသည် သွေးပြိုင်ကွင်း၏ သမိုင်းကြောင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိပေ။
မသိသည့် လူများသာဆိုလျှင်တော့ ရန်ကိုင်တို့အနေဖြင့် ဤကဲ့သို့သော အစုအဖွဲ့အား အနိုင်ယူနိုင်ခဲ့ခြင်းမှာ ဘိုရ၏ မြားချက်များကြောင့် ဖြစ်လိမ့်မည်ဟု ထင်မိပေလိမ့်မည်။ သူမ၏ မြားချက်များသည်သာလျှင် နတ်ဆိုးဘုရင်များ၏ အသက်ကို ခြွေယူသွားခဲ့ခြင်း ဖြစ်ပေသည်။ ရန်ကိုင် ကိုယ်တိုင်ကမူ နတ်ဆိုးဘုရင်များအား မျှားခေါ်ပေးမည့် ငါးစာသက်သက်သာ ဖြစ်လေ၏။
ဘိုရ တစ်ဦးတည်းသာဆိုလျှင် ရန်ကိုင် မပါပါက သူမ၏ မြားချက်များသည် မီးတောက်နတ်ဆိုးဘုရင်အား ထိုမျှ အလွယ်တကူ ထိမှန်နိုင်လိမ့်မည် မဟုတ်မှန်း သိနေခဲ့လေသည်။ အစောပိုင်းက ထွက်ပြေးသွားသော သွေးနတ်ဆိုးဘုရင်သည် သူ့ကိုယ်သူ အလွန်ကိုမှ ယုံကြည်ချက်ရှိနေခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူမ၏ မြားချက်များအား ရှောင်တိမ်းဖို့ရာ မကြိုးစားခဲ့။ သို့ပါသော်ငြား မီးတောက်နတ်ဆိုးဘုရင်ကမူ ထိုကဲ့သို့ မဟုတ်။ ရန်ကိုင်သာ မတားထားခဲ့လျှင် မီးတောက်နတ်ဆိုးဘုရင်မှာ ဘိုရ၏ မြားချက်များကို အလွယ်တကူ ရှောင်တိမ်းသွားပေလိမ့်မည်။
အဆင့်မြင့်နတ်ဆိုးဘုရင် သုံးပါးအနက် တစ်ပါးမှာ ထွက်ပြေးသွားပြီး တစ်ပါးမှာ သေဆုံးသွားခဲ့ရာ ယခုဆိုလျှင် သွေးနတ်ဆိုးဘုရင်သာ ကျန်ရစ်တော့လေသည်။ သို့ပါသော်ငြား သွေးနတ်ဆိုးဘုရင်မှာလည်း အခြားတစ်နေရာသို့ ရောက်နေလေ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် အသက်ရှင်ကျန်ရစ်နေသော အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့် နတ်ဆိုးဘုရင်များမှာ မည်ကဲ့သို့များ တိုက်ခိုက်ရဲကြပါဦးမည်နည်း။
မီးတောက်နတ်ဆိုး သေသွားချိန် လက်ကျန်နတ်ဆိုးဘုရင်များမှာ ဤအခြေအနေသည် သူတို့ ကိုင်တွယ်နိုင်သည့် အခြေအနေ မဟုတ်မှန်း သဘောပေါက်လိုက်သည့်နောက် ချက်ချင်းထွက်ပြေးကြတော့လေသည်။
ထိုအခိုက်အတန့်ဝယ် အလင်းတန်းပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ရန်ကိုင် မကူညီပေးလျှင်ပင် အလယ်အလတ်အဆင့်နှင့် အဆင့်နိမ့် နတ်ဆိုးဘုရင်များမှာ ဘိုရ၏ မြားချက်များမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိတော့ပေ။
ထိုသို့ဖြင့် နတ်ဆိုးဘုရင်များမှာ တစ်ပါးပြီးတစ်ပါး ဘိုရ၏ မြားချက်များအောက်ဝယ် ကြွေလွင့်သွားကုန်လေသည်။
အဖြူရောင်အလင်းတို့ဖြင့် လွှမ်းခြုံနေသော အဆင့်နိမ့်နတ်ဆိုးဘုရင် နှစ်ပါးသည်သာ အသက်ရှင်လျက် လွတ်မြောက်သွားခဲ့သည်။ နတ်ဆိုးဘုရင်နှစ်ပါး မည်ကဲ့သို့သော ပညာရပ်မျိုး သုံးသွားသလဲဆိုသည်ကိုတော့ ရန်ကိုင်ပင်လျှင် မသိပေ။ အကြောင်းမှာ သူ၏ ကောင်းကင်စိတ်အာရုံပင်လျှင် ထိုနှစ်ဦးအား အာရုံမခံနိုင်ခဲ့သည့်အတွက်ကြောင့်ပင်။
ထိုအခိုက်အတန့်ဝယ် အဝေးတစ်နေရာဆီမှ သွေးရောင်အလင်းတန်းတစ်ခု ပျံသန်းလာခဲ့လေသည်။
ထိုအလင်းတန်းမှာ အခြားမဟုတ်။ အစောပိုင်းက ထွက်သွားခဲ့သော သွေးနတ်ဆိုးဘုရင်သာ ဖြစ်လေသည်။ သွေးနတ်ဆိုးဘုရင်မှာ ဘိုရအား သတ်လိုစိတ်ဖြင့် ပြေးထွက်သွားခဲ့ပါသော်ငြား ဘိုရ ရှိနေသည့် နေရာဆီသို့ ရောက်သွားပြီးသည့်နောက် ထိုနေရာတွင် ရှိနေသည့် ဘိုရမှာ ဝိညာဉ်ကိုယ်ပွားတစ်ခု သက်သက်သာဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုအခါမှသာလျှင် ထိုအရာမှာ သူ့အား ဆင်ထားသည့် ထောင်ချောက်တစ်ခုသာ ဖြစ်မှန်း သဘောပေါက်သွားခဲ့လေ၏။
ထိုအချက်ကို သဘောပေါက်လိုက်သည့်နောက် ချက်ချင်းအလျင်စလို ပြန်ပြေးလာခဲ့ပါသော်ငြား ဤနေရာရှိ တိုက်ပွဲမှာ ပြီးဆုံးနေပြီ ဖြစ်ကြောင်းကို တွေ့ရှိလိုက်ရလေသည်။ နတ်ဆိုးဘုရင် ဆယ်ပါးကျော် သေဆုံးသွားခဲ့ပြီး မြေပြင်တစ်ခုလုံး အလောင်းများဖြင့် ပုံထပ်နေလေ၏။
သွေးနတ်ဆိုးဘုရင်မှာလည်း သူ့ကိုယ်သူ အိပ်မက်မက်နေသလားဟုပင် ထင်မိနေလေသည်။ တကယ်တော့ သူထွက်သွားသည်မှာ ကြာမှ မကြာသေးလေဘဲ။ ထိုအချိန် အတောအတွင်း တိုက်ပွဲရေချိန်မှာ မည်ကဲ့သို့များ ယခုကဲ့သို့ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့ရလေသနည်း။
အောက်ဘက်တွင် ရှိနေသော ရန်ကိုင်သည် သွေးနတ်ဆိုးအား လှောင်ပြောင်နေသည့် မျက်နှာထားဖြင့် မော့ကြည့်လာခဲ့သည်။ ထိုအချင်းအရာကို မြင်လိုက်သော် သွေးနတ်ဆိုး၏ မျက်နှာကြီး ပိုမို သုန်မှုန်သွားခဲ့လေ၏။
သွေးနတ်ဆိုးသည် ရုတ်တရက်ဆိုသလို တစ်ခုသော အရပ်ဆီသို့ လှမ်းကြည့်၍ အော်ပြောလိုက်လေ၏။ "ဘိုရ၊ ငါတို့ အစီအစဉ်ကို ဖျက်ဆီးတဲ့အတွက် နင် အသေဆိုးနဲ့ သေရလိမ့်မယ်"
သူပြန်ရလိုက်သည်မှာတော့ မြားတစ်ချောင်းသာ ဖြစ်ပေသည်။
ရန်ကိုင်သည် လေဟာနယ်နိယာမကို အသက်သွင်း၍ သွေးနတ်ဆိုးအား ချုပ်နှောင်ရန် ကြိုးစားလိုက်သည်။
သို့ပါသော်ငြား သွေးနတ်ဆိုးမှာ အနည်းငယ်မျှပင် ရုန်းကန်နေခြင်း မရှိသလို မြားချက်အား ရှောင်တိမ်းရန်လည်း မကြိုးစားခဲ့ပေ။ ရန်ကိုင်ကိုသာ အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေပြီးသည့်နောက် ပစ္စည်းတစ်ခုကို ထုတ်ယူကာ ထိုပစ္စည်းအား ခြေမွလိုက်လေ၏။ ထို့နောက်တွင် သွေးနတ်ဆိုး၏ ခန္ဓာကိုယ်သည် အဖြူရောင် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းကာ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်မှာမူ ထိုမြင်ကွင်းကို ကြည့်ရင်း မျက်လုံးကျွတ်ထွက်လုမတတ် ပြူးကျယ်နေခဲ့လေသည်။
ယခင်က အဆင့်နိမ့်နတ်ဆိုးဘုရင် နှစ်ပါးသည်လည်း ထိုနည်းလမ်းကို သုံး၍ ထွက်ပြေးသွားခဲ့သည်။ ထိုနှစ်ဦးသည်သာလျှင် ထိုကဲ့သို့သော ဆန်းကြယ်လှသည့် ထွက်ပြေးသည့် နည်းလမ်းအား တတ်ကျွမ်းထားသည်ဟု ထင်ထားခဲ့ပါသော်ငြား ယခုအခြေအနေကို ကြည့်ရသလောက် ထိုသို့မဟုတ်သည့်ပုံပင်။
ထိုနှစ်ဦးမှာ နည်းလမ်းတစ်ခုခုကို သုံး၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပေသည်။ သို့ပါသော်ငြား ရန်ကိုင် မည်သို့ပင် စဉ်းစားနေစေကာမူ ထိုနှစ်ဦး မည်ကဲ့သို့သော နည်းလမ်းအား သုံးသွားသလဲဆိုသည်ကို လုံးဝ စဉ်းစားမရခဲ့ပေ။
ရန်ကိုင်မှာ သူ့အတွေးထဲ နစ်မြောနေစဉ် ရုတ်တရက် သူ့အပေါ် ပစ်မှတ်ထားလာသော အရှိန်အဝါတစ်ရပ်ကို ခံစားမိလိုက်လေသည်။
[အချင်းချင်း ပြန်ပြီးတော့ တိုက်ခိုက်တော့မယ်ပေါ့] ရန်ကိုင် ပြုံးလိုက်လေသည်။
ဘိုရမှာ အမှန်တကယ်ကို ပြတ်သားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည်။ နောက်ဆုံးအချိန်မှာ ရောက်လာခဲ့လေပြီ။ သူတို့ နှစ်ဦးအနက် တစ်ဦးမှာ သေရပေလိမ့်မည်။
ရန်ကိုင်သည်လည်း ဘိုရ ပုန်းနေသည့် အရပ်ဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။
ရန်ကိုင်မှ ပြန်စိုက်ကြည့်လိုက်သည့်အခိုက် ဘိုရဆီမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ပိုပို၍ အားကောင်းလာနေခဲ့လေသည်။ သို့ပါသော်ငြား မည်သည့်မြားမှ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ရန်ကိုင်မှာ ပုန်းအောင်းနေခြင်း မရှိဘဲ ဘိုရ၏ ပစ်ကွင်းထဲဝယ် ပွင့်ပွင့်လင်းလင်း ရပ်ပြနေလေရာ ပွဲကြည့်စင်ပေါ်တွင် ရှိနေသော ရှောင်ဝူမှာ ဖင်ဂနာမငြိမ် ဖြစ်နေခဲ့လေသည်။ ဘိုရ၏ မြားစွမ်းရည် မည်မျှ ထူးချွန်ကြောင်းကို သူမ ကိုယ်တိုင် မြင်တွေ့ပြီးသွားပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်၏ လုပ်ရပ်သည် ကိုယ့်သေတွင်းကိုယ်တူးနေခြင်း ဖြစ်သည်ဟု သူမ စိတ်ထဲ ထင်နေမိလေသည်။
သို့ပါသော်ငြား အတန်ကြာသွားသည့်တိုင် ဘိုရဆီမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာသည့်အတွက်ကြောင့် ရှောင်ဝူမှာတော့ လုံးဝကို စိတ်ပူနေခဲ့ရလေသည်။
သွေးပြိုင်ကွင်းထဲဝယ် ရန်ကိုင်နှင့် ဘိုရတို့၏ အရှိန်အဝါမှာ တဖြည်းဖြည်းနှင့် ပိုပို၍ အားကောင်းလာနေခဲ့ရာ မကြာမီ အထွတ်အထိပ်သို့ ရောက်သွားခဲ့လေသည်။ ထိုမမြင်နိုင်သော ရန်ကိုင်နှင့် ဘိုရအကြားရှိ ...မှုသည် ရန်ကိုင်အား စိတ်လှုပ်ရှားလာစေခဲ့လေ၏။ တစ်ချိန်တည်း၌လည်း ဤအမျိုးသမီးအား အထင်သေးမိသွားကြောင်းကိုလည်း သဘောပေါက်သွားခဲ့သည်။ ရန်ကိုင်သည် လေဟာနယ်ပညာရပ်များကို တတ်ကျွမ်းထားမည်ဆိုလျှင်ပင် ယခု ထွက်ပေါ်လာမည့် ဘိုရ၏ မြားချက်အား ရှောင်နိုင်မလား မရှောင်နိုင်မလားဆိုသည်ကို မသေချာတော့ပေ။
ဘိုရသာ ထိုမြားကို ပစ်လွှတ်လိုက်လျှင် ရန်ကိုင် ဒဏ်ရာရသွားနိုင်ခြေ ရှိပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်