အခန်း ၃၄၅၅
Vol. 152 Ch. 3455
အပိုင်း (၃၄၅၅)
ဘာသာပြန်သူ_တိမ်တိုက်
ငှက်မွေးနတ်ဆိုးများမှာ ထူးချွန်လှသည့် မြားသမားများဟူသော ဂုဏ်ပုဒ်နှင့် တကယ်ကို ထိုက်တန်ပေသည်။ အထူးသဖြင့် ဘိုရပင်။ အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်တစ်ပါးသာလျှင် ဖြစ်လင့်ကစား အကွာအဝေးကိုသာ ထိန်းထားနိုင်သရွေ့ အဆင့်မြင့်နတ်ဆိုးဘုရင် တစ်ပါးကိုပင်လျှင် အနိုင်ယူနိုင်ပေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သည်။ လေညင်းမှာ တသုန်သုန် တိုက်ခတ်နေရာ သစ်ရွက်များမှာ လေအဝှေ့နှင့်အတူ လှုပ်ခတ်နေခဲ့လေ၏။
ရုတ်တရက်ဆိုသလို ရန်ကိုင်အပေါ် ချိန်ရွယ်ထားသော အားကောင်းလှသည့် အရှိန်အဝါမှာ ပျောက်ကွယ်သွားခဲ့သည်။ ရန်ကိုင်မှာတော့ အံ့အားသင့်သွားဟန်ဖြင့် မျက်လုံး မှေးစင်းလိုက်လေ၏။ သို့ပါသော်ငြား သတိပေါ့လျော့သွားခြင်း မရှိခဲ့ပေ။ ဤသည်မှာ ဘိုရ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်မနေနိုင်ပါဟု မည်သူမျှ မပြောနိုင်ပေ။
ဘိုရ သူ့ဆီသို့ ပျံသန်းလာသည့် အခါမှသာလျှင် ရန်ကိုင် အဓိပ္ပာယ်ပါပါ ပြုံးလိုက်တော့သည်။
ဘိုရသည် ရန်ကိုင်နှင့် မီတာတစ်ထောင်ခန့် အကွာတွင် ရပ်လိုက်လေသည်။ ထိုအကွာအဝေးမှာ ရန်ကိုင်မှ တိုက်ခိုက်လာခဲ့သည်ရှိသော် အချိန်မရွေး တန်ပြန်နိုင်ဖို့ရာအတွက် လုံလောက်ပေသည်။ ထို့နောက်တွင် ဘိုရသည် ရန်ကိုင်ကို ကြည့်၍ ပြောလိုက်လေ၏။ "နင်က နည်းနည်း ထူးဆန်းလွန်းတယ်"
"ဘယ်လို ထူးဆန်းတာလဲ" ရန်ကိုင် ရယ်မောလိုက်လေ၏။
ဘိုရမှာမူ ဘာမျှ ပြန်မပြောခဲ့ဘဲ ခေါင်းသာ ခါနေခဲ့သည်။
သူမတို့ နှစ်ဦး အတူပူးပေါင်းခဲ့သည့်အတွက်ကြောင့် ထိုမြားအား မပစ်လွှတ်ခဲ့ခြင်း မဟုတ်။ ပြိုင်ပွဲတွင် နောက်ဆုံး အသက်ရှင်ကျန်ရစ်နိုင်သူကသာ ဆုကို ရမည် ဖြစ်သည့်အတွက်ကြောင့် လူတိုင်းသည် သူမ၏ ရန်သူ ဖြစ်ပေသည်။ သူမ ရန်ကိုင်နှင့်အတူ ပူးပေါင်းခဲ့ရခြင်းမှာ ရန်သူများကို ရှင်းလင်းပစ်ဖို့ရာ ပိုမို လွယ်ကူသွားစေရန်အတွက်သာ ဖြစ်လေ၏။ သူမ ထင်သည်မှာလည်း အမှန်ဖြစ်ကြောင်းကို လက်တွေ့ သက်သေပြသွားခဲ့သည်။ မူလက ထိုနတ်ဆိုးအုပ်ကြီးနှင့် ကြိုးစားပမ်းစား တိုက်ခိုက်ရလိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား ရန်ကိုင်၏ အကူအညီကြောင့် နတ်ဆိုးဘုရင်များကို အလွယ်တကူ ရှင်းထုတ်ပစ်နိုင်ခဲ့သည်။
အစောပိုင်းက ပစ်ရန် ကြံနေခဲ့သော မြားအား မပစ်ခဲ့ရခြင်းမှာ သူမသည်သာ ထိုမြားအား ပစ်လွှတ်လိုက်မည်ဆိုလျှင် ရန်ကိုင်အား ဒဏ်ရာရသွားအောင် လုပ်နိုင်ပါသော်ငြား ရန်ကိုင်၏ တန်ပြန်တိုက်ခိုက်မှုသည်လည်း သူမ အသက်ကို နုတ်ယူသွားနိုင်သည်ဟု သူမ၏ မသိစိတ်မှ ပြောနေသည့်အတွက်ကြောင့်ပင်။
ဤလူသည် သူ့ခွန်အားကို ထိမ်ချန်ထားပေသေးသည်။ အစောပိုင်းက ရန်ကိုင် ထုတ်ပြသွားခဲ့သော စွမ်းဆောင်ရည်ကို ပြန်စဉ်းစားမိလိုက်သော် ဘိုရမှာ သူမ၏ မသိစိတ်ကိုသာ ယုံကြည်မိသွားတော့လေသည်။ ထိုအကြောင်းကြောင့်သာလျှင် မြားအား ဆက်မပစ်တော့ဘဲ ရပ်လိုက်ခဲ့ခြင်း ဖြစ်လေသည်။
"ဆွေးနွေးရအောင်" ဘိုရက ပြောလိုက်သည်။
"ဘာကို ဆွေးနွေးမှာလဲ" ရန်ကိုင်သည် ဘိုရကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။ ယခုကဲ့သို့သော အချိန်မျိုးတွင် မည်သည့်အရာကိုများ ဆွေးနွေးနိုင်ပါဦးမည်နည်း။ တစ်ခုတည်းသော နည်းလမ်းဆို၍ အချင်းချင်း တိုက်ခိုက်ကြရုံသာ ရှိပေသည်။ အားအကောင်းဆုံးသော လူသည် နောက်ဆုံး အနိုင်ရသူ ဖြစ်လာပေလိမ့်မည်။
"နင့်ကိုယ်နင် အရင်းအမြစ် နတ်ဆိုးသလင်းကျောက် ဘယ်လောက် လောင်းထားလဲ" ဘိုရက ရုတ်တရက် ကောက်မေးလိုက်သည်။
ရန်ကိုင်သည် ဘိုရကို တစ်ခဏမျှ စိုက်ကြည့်နေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ "သန်းတစ်ရာ"
ဘိုရ၏ မျက်လုံးလေးများ တောက်ပသွားခဲ့သည်။ နှုတ်ခမ်းလေးကို ယဲ့ယဲ့လေး ကွေးလိုက်ရင်းမှ ပြောလိုက်လေ၏။ "တကယ်ကို များတာပဲ"
"အဲဒါ နင်နဲ့ ဘာဆိုင်လို့လဲ" ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ [ဒီမိန်းမ ဘာဖြစ်ချင်နေတာလဲ၊ ဘာလဲ၊ ငါ့ရဲ့ နတ်ဆိုးသလင်းကျောက်တွေကို လာပြီးတော့ ပစ်မှတ်ထားနေတာလား]
ဘိုရက ရယ်သွမ်းသွေးလျက်... "ငါ့ကို တစ်ဝက်ပေး"
"ဘာလို့ပေးရမှာလဲ" ရန်ကိုင်က ပြန်ပြောလိုက်သည်။
"အဲဒါဆို သုံးဆယ်ရာခိုင်နှုန်းပေး"
"ထွက်သွားလိုက်ပေတော့" ရန်ကိုင်မှာ နတ်ဆိုးသလင်းကျောက်များကို အမှန်တကယ် ဂရုမစိုက်ပါသော်ငြား အခြားသူများ သူ့နတ်ဆိုးသလင်းကျောက်များအား လိုချင်နေသည်ကိုတော့ ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။ သူ့အပိုင်သည် သူ့အပိုင်သာ ဖြစ်သည်။
"ဆယ်ရာခိုင်နှုန်းဆိုရင်ရော၊ နင်ငါ့ကို ဆယ်ရာခိုင်နှုန်းပေးရင် ငါ နှုတ်ထွက်ပေးမယ်" ဘိုရမှာ ရန်ကိုင်၏ ရိုင်းပျမှုကို စိတ်ထဲထားမနေဘဲ ပြုံး၍သာ ဆက်ပြောလိုက်သည်။ "ငါနင်နဲ့ တကယ် ရန်သူ မဖြစ်ချင်ဘူး၊ ဒါပေမဲ့ အခုနေ ငါ ဒီအတိုင်း ထွက်သွားလိုက်ရရင် နှမြောစရာကြီး ဖြစ်ကုန်မှာလေ၊ ဆယ်ရာခိုင်နှုန်းကိုပဲ ငါ ကြိုးစားခဲ့တာတွေအတွက် ထောက်ထားပြီးတော့ ပေးလိုက်၊ အရမ်းကြီးလည်း ကပ်စေးနည်းမနေစမ်းနဲ့"
"ကပ်စေးနည်းတော့ ဘာဖြစ်လဲ၊ အဲဒါ ငါ့ဟာလေ နင့်ဟာမှ မဟုတ်တာ၊ နင်က ဘာတွေ လာဆုံးဖြတ်နေတာလဲ" ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင် ရန်ကိုင်သည် တစ်ခုခုအား နားလည်သွားခဲ့ပြီး ဘိုရကို ကြည့်ကာ ပြောလိုက်လေ၏။ "နင် ဒီကနေ နုတ်ထွက်လို့ရတာလား"
အစောပိုင်းက အဆင့်နိမ့်နတ်ဆိုးဘုရင် တစ်ပါးနှင့် အဆင့်မြင့် နတ်ဆိုးဘုရင်တစ်ပါး အဖြူရောင် အလင်းတန်းအဖြစ် ပြောင်းကာ ပျောက်ကွယ်သွားသည်ကို ရန်ကိုင် တွေ့လိုက်ရသည်။ ယခုမှသာ ဘာတွေဖြစ်သွားခဲ့သလဲဆိုသည်ကို သဘောပေါက်သွားတော့လေ၏။
ဘိုရက ပြန်ပြောလိုက်သည်။ "ကြည့်ရတာ နင် ဘာမှမသိဘူးနဲ့ တူတယ်၊ ဒီကနေ ထွက်သွားချင်ရင် ထွက်သွားလို့ရတာပေါ့" ပြီးသည့်နောက် ပစ္စည်းတစ်ခုကို ထုတ်ပြလိုက်လေသည်။
ရန်ကိုင်မှာ ဘိုရ ထုတ်လာသည့် ပစ္စည်းအား ကြည့်ကြည့်လိုက်ရာ ထိုပစ္စည်းမှာ သူမ၏ ဝင်ခွင့်တံဆိပ်ပြား ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ သူ့တွင်လည်း ထိုကဲ့သို့သော ဝင်ခွင့်တံဆိပ်ပြားတစ်ခု ရှိပေသည်။
ဘိုရသည် သူမ၏ ဝင်ခွင့်တံဆိပ်ပြားအား ရန်ကိုင် အရှေ့တွင် ဝှေ့ယမ်းပြလျက် ပြောလိုက်လေ၏။ "ဒါဆို သဘောတူလိုက်ပြီနော်၊ ငါ အရင်ထွက်သွားနှင့်မယ်၊ နင်နိုင်သွားပြီဆိုရင် နင့်လောင်းကြေးရဲ့ ဆယ်ရာခိုင်နှုန်းကို ငါ့ကိုပေး"
ထိုသို့ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ဘိုရသည် အဖြူရောင် အလင်းတန်းတစ်ခု အသွင်သို့ ပြောင်း၍ ရပ်နေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။
"သဘောတူတယ်လို့ ဘယ်သူပြောလို့လဲ" ရန်ကိုင်က ပြန်ပြောလိုက်သည်။ သူ ဘာကိုမျှ ကတိမပေးခဲ့ပေ။ ဘိုရသည်သာ သူမဘာသာသူမ တစ်ကိုယ်တည်း ပြောချင်ရာ ပြောသွားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်နေစေကာမူ ဘိုရ ထွက်သွားခြင်းသည် ရန်ကိုင်အတွက်လည်း ကောင်းပေသည်။ ရန်ကိုင်လည်း ဘိုရနှင့် မလိုအပ်ဘဲ အမှန်တကယ် မတိုက်ခိုက်ချင်ပေ။ သူမ၏ မြားပစ်စွမ်းအင်မှာ အလွန်ကိုမှ ထူးချွန်လွန်းလှလေရာ ဘိုရနှင့် ရင်ဆိုင်ဖို့ရာ ခေါင်းကိုက်စရာကောင်းလွန်းလှသည်။
သို့ပါသော်ငြား ဘိုရ၏ သတိပေးမှုကြောင့် ရန်ကိုင်မှာ သူ၏ ဝင်ခွင့်တံဆိပ်ပြားကို အလျင်စလို စစ်ဆေးကြည့်လိုက်ရာ ထိုနေရာတွင် နုတ်ထွက်နိုင်သည့် ရွေးချယ်စရာတစ်ခု ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ရန်ကိုင်သည်သာ ထိုအရာကို ရွေးချယ်လိုက်မည်ဆိုလျှင် သွေးပြိုင်ကွင်း အပြင်ဘက်သို့ ချက်ချင်း ရောက်သွားပေလိမ့်မည်။
ရန်ကိုင်သည် ဝင်ခွင့်တံဆိပ်ပြားကို ပြန်သိမ်း၍ လှည့်ပတ်ကြည့်လိုက်လေသည်။
ရန်ကိုင်မှာ နတ်ဆိုးဘုရင်များစွာကို သတ်ပစ်ခဲ့ပါသော်ငြား ကံမကောင်းစွာဖြင့် ထိုနတ်ဆိုးဘုရင်များ၏ သိုလှောင်လက်စွပ်အားလုံးမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်နေခဲ့သည်။ ယခင်ကလည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံခဲ့ရပေသည်။ ဤနေရာတွင် မည်သူ သေသွားခဲ့ပါစေ သေဆုံးသူ၏ သိုလှောင်လက်စွပ်များမှာ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ယခု သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် သိုလှောင်လက်စွပ်များကို ယူသွားသည့် လူမှာ သွေးပြိုင်ကွင်းသာ ဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့လေသည်။
[ဒါ နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ] ရန်ကိုင် စိတ်ထဲမှာ ကြိတ်ကာ ညည်းတွားလိုက်လေသည်။ မရေမတွက်နိုင်သော နတ်ဆိုးများသည် ဤနေရာ၌ နှစ်တိုင်းလိုလို သေနေကြလေရာ သူတို့၏ ပိုင်ဆိုင်မှု အားလုံးသည် သွေးပြိုင်ကွင်းထဲသို့ အလိုလို ရောက်ရှိသွားနေကြလေသည်။ ထိုသို့ဖြစ်လေရာ ဤကဲ့သို့သော နေရာကြီးသည် မည်ကဲ့သို့များ မချမ်းသာဘဲ နေပါဦးမည်နည်း။
နတ်ဆိုးနယ်မြေထဲသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်မှာ လုံးဝကို ချုံးပွဲချ ဆင်းရဲသွားခဲ့လေသည်။ ထိုအကြောင်းကြောင့် သူလောင်းကြေးထပ်ထားသော နတ်ဆိုးသလင်းကျောက် သန်းတစ်ရာပေါ်တွင်သာ အားကိုးနေရတော့လေ၏။ ထိုသို့သာ မဟုတ်လျှင် သူ့အနေဖြင့် နောက်ပိုင်း ဘာကိုမျှ ဝယ်နိုင်တော့လိမ့်မည် မဟုတ်ပေ။
နောက်ကြုံလာရသည့် တိုက်ပွဲများသည် အစောပိုင်းက ကြုံခဲ့ရသော တိုက်ပွဲများကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မကောင်းတော့ပေ။ ဤသွေးပြိုင်ကွင်းအတွင်း နတ်ဆိုးဘုရင်များစွာ စာရင်းသွင်းခဲ့ပါသော်ငြား အဆင့်မြင့်နတ်ဆိုးဘုရင်ဆို၍ ငါးပါးသာ ရှိပေသည်။
နတ်ဆိုးဘုရင်ငါးပါးအနက် တစ်ပါးမှာ ရန်ကိုင်နှင့် ဘိုရတို့၏ လက်ချက်ကြောင့် သေသွားခဲ့ရပြီး ကျန်တစ်ဦးမှာ သွေးပြိုင်ကွင်းထဲမှ ထွက်သွားခဲ့သည်။ နောက်ဆုံး အသက်ရှင်ကျန်ရစ်နေသော သဲနတ်ဆိုးမှာလည်း ဒဏ်ရာရထားလေရာ ယခုအချိန်လောက်ဆိုလျှင် ပြိုင်ကွင်းထဲမှ ထွက်သွားလောက်ပေပြီ။ နောက်ဆုံး ကျန်ရစ်နေသော နတ်ဆိုးဘုရင်နှစ်ပါးကိုမူ ရန်ကိုင် မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ နတ်ဆိုးဘုရင်နှစ်ပါးမှာ သူတို့ဘာသာသူတို့ ထွက်သွားပြီလား ထိုသို့မဟုတ်ဘဲ အသတ်ခံရပြီလားဆိုသည်ကိုတော့ ရန်ကိုင် မသိပေ။
အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်များကိုမူ ရန်ကိုင် လုံးဝကို ဂရုမစိုက်ပေ။ ထိုနတ်ဆိုးဘုရင်များနှင့် တွေ့လျှင် ရန်ကိုင်အနေဖြင့် ထိုနတ်ဆိုးများကို အလွယ်တကူ ရှင်းပစ်နိုင်ပေသည်။ လက်မြန်သည့် လူများသည်သာ ဤနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်ကြပြီး လက်နှေးနေသည့် လူများမှာမူ ရန်ကိုင် လက်ချက်ဖြင့် ဤနေရာ၌ တစ်သက်လုံး နေသွားကြရလေသည်။ နေ့ဝက်ကြာပြီးသည့်နောက် ရန်ကိုင်မှာ သူ၏ နောက်ဆုံးပြိုင်ဘက်အား ရှင်းပစ်လို့ ပြီးသွားခဲ့လေသည်။ ထိုကဲ့သို့ ဖြစ်သွားသည့်နောက် ပတ်ဝန်းကျင်ဟင်းလင်းပြင် တစ်ခုလုံးမှာ ရုတ်တရက်ဆိုသလို တွန့်လိမ်လာခဲ့လေ၏။ တောတောင်သစ်ပင်များ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ဗလာကျင်းနေသော ကွင်းပြင်ကြီး ရန်ကိုင် အရှေ့၌ ပြန်ပေါ်လာခဲ့သည်။
ပွဲကြည့်စင်ပေါ်ရှိ ပရိသတ်များမှာ စိတ်လှုပ်ရှားမှုဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသလို ရှောင်ဝူမှာလည်း အလွန်ကိုမှ ဝမ်းသာပျော်ရွှင်လွန်းနေသည့်အတွက်ကြောင့် ခုန်ပေါက်နေခဲ့လေသည်။
[ဆရာ နိုင်သွားပြီ၊ ဆရာ တကယ်ကြီး နိုင်သွားပြီ] ရန်ကိုင်သည် နတ်ဆိုးဘုရင် အပါးရှစ်ဆယ်ကျော် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတွင် နောက်ဆုံးအချိန်အထိ အသက်ရှင်နိုင်ခဲ့လေသည်။ ဤသည်မှာ ရှောင်ဝူအတွက်မူ အိပ်မက်တစ်ခုပမာ ဖြစ်နေခဲ့လေသည်။
ရန်ကိုင်အပေါ် လောင်းကြေးထပ်ထားသော ရှောင်ဝူ အနောက်တွင် ထိုင်နေသည့် နတ်ဆိုးဗိုလ်ချုပ်မှူးမှာလည်း ဝမ်းသာအားရ အော်ဟစ်ရယ်မောနေခဲ့လေသည်။
သူသည် နတ်ဆိုးသလင်းကျောက် နှစ်သန်း လောင်းကြေးထပ်ခဲ့ပြီး လောင်းကြေးမှာ ဆယ်ဆတစ်ဆ ဖြစ်သည့်အတွက်ကြောင့် သူ့အနေဖြင့် နတ်ဆိုးသလင်းကျောက် သန်းနှစ်ဆယ် ရပေတော့မည်။ ထိုကဲ့သို့သော ပမာဏသည် သူကဲ့သို့သော နတ်ဆိုးဗိုလ်ချုပ်မှူးတစ်ဦးအတွက် အမှန်တကယ်ကို များပြားလှပေသည်။ ထိုပမာဏသည် သူ့အား နတ်ဆိုးဘုရင်အဆင့်သို့ ရောက်သည်အထိ ထောက်ပံ့ပေးဖို့ရာ လုံလောက်ပေသည်။ သွေးပြိုင်ကွင်းအတွင်း လာရောက် လောင်းကြေးထပ်ကြသော လူများအနက် အချို့မှာ ညတွင်းချင်း ချမ်းသာသွားကြသည်။ ယခုဆိုလျှင် သူသည်လည်း ညတွင်းချင်း ချမ်းသာသွားသည့် အခိုက်အတန့်ကို ကောင်းကောင်း ခံစားနေရလေပြီ။
သွေးပြိုင်ကွင်း၏ ပွဲကြီးကြပ်သူ နတ်ဆိုးဘုရင်သည် သာမန်ကာလျှံကာ မိန့်ခွန်းတစ်ခု ပြောပြီးသည့်နောက် ရန်ကိုင်အား နောက်ဆုံးအချိန်အထိ အသက်ရှင်နိုင်ခဲ့သည့်အပေါ် ဂုဏ်ပြုစကားဆိုလိုက်လေသည်။
သို့ပါသော်ငြား ထိုနတ်ဆိုးဘုရင်၏ အမူအရာမှာ သုန်မှုန်နေကြောင်းကို ရန်ကိုင် သတိထားမိလိုက်သည်။ ကြည့်ရသလောက် ဤလူမှာ အမှန်တကယ်ကို သရုပ်ဆောင် မကောင်းသည့်ပုံပင်။
ထိုအချင်းအရာကို မြင်လိုက်သော် ရန်ကိုင် စိတ်ထဲမှ နေ၍ နှာခေါင်းရှုံ့လိုက်လေသည်။ ကြည့်ရသလောက် ယခုတစ်ကြိမ် ကျင်းပသွားသော ပြိုင်ပွဲသည် သူ့အား အကွက်ချရန်သက်သက် ဖြစ်သည့်ပုံပင်။
ယွဲ့စန်းသည် ဤကဲ့သို့ ဖြစ်ရခြင်း၏ နောက်ကွယ်မှ လက်သည်တရားခံ ဖြစ်သည်ဟု ရန်ကိုင် ယုံကြည်နေပါသော်ငြား ယွဲ့စန်း ကိုယ်တိုင်သည် သူတော်စင်တစ်ပိုင်း ဖြစ်သည့်အတွက်ကြောင့် လူရှေ့သူရှေ့၌ ရန်ကိုင်အား ထိုကဲ့သို့ အကွက်ချဖို့ရာ သိပ်အဆင်မပြေလှပေ။ ထိုအကြောင်းကြောင့် ယွဲ့စန်းသည် အခြားသူများကို အသုံးချ၍ ထိုအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သည့်တိုင် အကောင်အထည်ဖော်ရာတွင် ပါဝင်ခဲ့ကြသော နတ်ဆိုးဘုရင် အများစုမှာ သေဆုံးသွားခဲ့ပြီး သူတို့၏ ပစ်မှတ်ဖြစ်သော ရန်ကိုင်မှာ ယခုအချိန်ထိတိုင် အသက်ရှင်နေသေးလေရာ ထိုလူများ မည်ကဲ့သို့များ စိတ်ပျော်နိုင်ပါမည်နည်း။
တစ်ခဏအကြာ၌ ရန်ကိုင်အား သွေးပြိုင်ကွင်းထဲရှိ အထူးခန်း တစ်ခန်းဆီသို့ ခေါ်သွားခဲ့ပြီး ထိုနေရာ၌ ရှိနေသော အကောင်းဆုံးသော သွေးဝိုင်ဖြင့် ဧည့်ခံထားလေသည်။
ရှောင်ဝူမှာမူ ရန်ကိုင် ဘေးတွင် ရပ်နေရင်းမှ ရန်ကိုင်အား အံ့ဩတကြီး အမူအရာဖြင့် မကြာမကြာ လှမ်းလှမ်း၍ ကြည့်နေလေသည်။
ပြိုင်ပွဲမှာ ပြီးသွားခဲ့လေပြီ။ သူ ဆုယူရမည့် အချိန်သို့ ရောက်လာခဲ့လေပြီ။ နတ်ဆိုးသလင်းကျောက်များစွာနှင့် လီရှီချင်းအား ဆုအဖြစ် ရမည့်အကြောင်းကို စဉ်းစားလိုက်ရုံဖြင့် ရန်ကိုင်မှာ စိတ်ပျော်လာတော့လေသည်။
ယခု ပန်းအရိပ်မဟာဧကရာဇ်မှာ သူ့အပေါ် အကြွေးတင်သွားခဲ့လေပြီ။ နောက်ပိုင်း ရန်ကိုင်မှ ပန်းအရိပ်မဟာဧကရာဇ်ဆီမှ တစ်ခုခု သွားတောင်းဆိုမည်ဆိုလျှင်ပင် သူမအနေဖြင့် သူ့အား ငြင်းဖို့ရာ အခွင့်မသာတော့ပေ။
သို့ပါသော်ငြား အတန်ကြာအောင် စောင့်နေသည့်တိုင် မည်သူမျှ သူ့အား လာရောက်နှုတ်ဆက်ခြင်း မရှိသည့်အတွက်ကြောင့် ရန်ကိုင်မှာ စိတ်ညစ်လာတော့လေသည်။
[သွေးပြိုင်ကွင်း ကိုယ့်စကားကိုယ် ပြန်ရုပ်သိမ်းတာတော့ မဟုတ်ပါဘူးနော်] ဤနေရာသည် ယုရုမန်၏ စီမံကွပ်ကဲမှုအောက်တွင် ရှိနေသော တော်ဝင်မြို့ထဲ၌ ရှိနေလေရာ သွေးပြိုင်ကွင်းအနေဖြင့် ယုရုမန်၏ ဂုဏ်သတင်းအား ပျက်ပြားစေလောက်သည့် အရာမျိုးကို လုပ်လောက်လိမ့်မည် မဟုတ်ပေ။ သို့ပါသော်ငြား သွေးပြိုင်ကွင်းမှာ ဤပြိုင်ပွဲအား ရန်ကိုင်အား အကွက်ချရန်အတွက် စီစဉ်ခဲ့ခြင်း ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်အား ပေးရမည့် ဆုကိုလည်း ပေးချင်လိမ့်မည် မဟုတ်။
ထိုအချင်းအရာကို စဉ်းစားမိလိုက်သော် ရန်ကိုင် စိတ်ထဲမှ ကြိတ်ကာ နှာခေါင်းရှုံ့လိုက်မိပေသည်။ ထိုသို့သာ တကယ်ကြီး ဖြစ်လာမည်ဆိုလျှင်တော့ သွေးပြိုင်ကွင်း တစ်ခုလုံးကို ပြဿနာပတ်ရှာရပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါတွင် ယုရုမန်မှာလည်း မနေသာတော့ဘဲ ဝင်ပါရတော့ပေလိမ့်မည်။ ယုရုမန်သည် သူ့ဘက်မှသာ ကျိန်းသေ ရပ်တည်ပေးပေလိမ့်မည်။ ထိုလူများမှာ ယုရုမန်၏ ဒေါသကို အမှန်တကယ် တောင့်ခံနိုင်မည်လား။ သူ့အနေဖြင့် ဤအခွင့်အရေးကို အသုံးချ၍ ယွဲ့စန်းကိုပါ ယုရုမန်နှင့် ထိပ်တိုက်တွေ့ပေးနိုင်လိုက်လျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိပြီးသည့်နောက်တွင် ရန်ကိုင်သည် သွေးပြိုင်ကွင်းမှ အကြောင်းပြချက်ပေး၍ သူရမည့် ဆုအား မပေးဖို့ရာပင် အမှန်တကယ်ကို မျှော်လင့်လာမိတော့လေသည်။
နှစ်နာရီခန့် ကြာအောင် စောင့်နေပြီးသည့်အခါမှသာလျှင် အထူးခန်းတံခါး ပွင့်သွားခဲ့သည်။ သွေးပြိုင်ကွင်းအား ကြီးကြပ်ခဲ့သော ပွဲကြေညာသူ နတ်ဆိုးဘုရင်သည် ပြုံး၍ အခန်းထဲသို့ ဝင်လာပြီးသည့်နောက် ရန်ကိုင်အား လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါ ရောင်းရင်းရန်"
"ခင်ဗျား ကျုပ်ဘယ်သူလဲ သိတာလား" ရန်ကိုင်သည် ထိုလူအား အဓိပ္ပာယ်ပါပါ ပြုံးကာ ကြည့်လိုက်လေ၏။
ထိုသက်လတ်ပိုင်း နတ်ဆိုးဘုရင်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ "အစကတော့ မသိပါဘူး၊ ဒါပေမဲ့ အခုသိသွားပါပြီ၊ ကျေးဇူးပြုပြီး ရောင်းရင်းရန်ကို သေချာမနှုတ်ဆက်မိလို့ ခွင့်လွှတ်ပေးပါနော်"
ရန်ကိုင်က လက်မြှောက်၍... "အပိုတွေ ပြောမနေတော့နဲ့၊ ထားလိုက်တော့၊ ကျုပ် ရမဲ့ဆု ဘယ်မှာလဲ"
သက်လတ်ပိုင်းနတ်ဆိုးက ရှင်းပြလိုက်လေ၏။ "ရောင်းရင်းရန်၊ လူသားအမျိုးသမီးကို မကြာခင် ယူလာပါလိမ့်မယ်" သက်လတ်ပိုင်းနတ်ဆိုး စိတ်အထင်ပဲလား မသိရ။ သူ ထိုစကားကို ပြောလိုက်ချိန် ရန်ကိုင်၏ မျက်လုံးထဲ စိတ်ပျက်သည့် အရိပ်အယောင်အချို့ကို မြင်တွေ့လိုက်ရလေသည်။ ထိုအကြောင်းကြောင့် သက်လတ်ပိုင်း နတ်ဆိုးဘုရင် အံ့အားသင့်သွားခဲ့ရလေသည်။ ရန်ကိုင် မည်သည့်အရာကို စိတ်ပျက်လို့ စိတ်ပျက်သွားမှန်း သူတကယ်ကို နားမလည်ပေ။
တစ်ခဏမျှ ရပ်နေပြီးသည့်နောက် သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ဆက်၍ ပြောလိုက်လေ၏။ "ဒါပေမဲ့ အဲဒီမတိုင်ခင် အခြားကိစ္စတစ်ခုကို အရင်ရှင်းကြတာပေါ့"
"ဘာကိစ္စလဲ" ရန်ကိုင်သည် သက်လတ်ပိုင်း နတ်ဆိုးဘုရင်အား မော့ကြည့်လာခဲ့သည်။
သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ရှောင်ဝူကို ကြည့်၍ မေးလိုက်လေ၏။ "ဒီအမျိုးသမီးက ရောင်းရင်းရန်ရဲ့ အစေခံလား"
"ဟုတ်တယ်" ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။
သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ယဲ့ယဲ့လေး ပြုံးလျက်... "ဒါဆိုရင် ရောင်းရင်းရန်ကို ဂုဏ်ပြုပါတယ်၊ ကျုပ်တို့ သိရသလောက်ဆိုရင် ဒီအမျိုးသမီးက ရောင်းရင်းရန်ဘက်ကနေပြီးတော့ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာ လောင်းထားပါတယ်၊ ပွဲအတွင်းမှာ ပေးထားတဲ့ လောင်းကြေးအရ နောက်ဆုံး အနိုင်ရသွားတဲ့အတွက် ရောင်းရင်းရဲ့ လောင်းကြေး သန်းတစ်ထောင် ရပါလိမ့်မယ်" ထိုသို့ ပြောနေရင်းမှ သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်၍ ပြုံးဖြီးကာ ပြောလိုက်လေသည်။ "နတ်ဆိုးသလင်းကျောက်တွေက ဒီမှာပါ"
ရှောင်ဝူ၏ အကြည့်သည် သိုလှောင်လက်စွပ်ဆီသို့ ချက်ချင်း ရောက်ရှိသွားခဲ့လေသည်။
နတ်ဆိုးသလင်းကျောက် သန်းတစ်ထောင်သည် မခန့်မှန်းနိုင်လောက်အောင် များပြားလှသည့် ပမာဏ ဖြစ်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်