အခန်း ၃၄၅၆
Vol. 152 Ch. 3456
အပိုင်း (၃၄၅၆)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်က မျက်ခုံးပင့်လျက်... "သွေးပြိုင်ကွင်းက တကယ်ကို ချမ်းသာတာပဲ၊ ကဲ၊ ကျုပ်နိုင်ပြီဆိုတော့ ပေးလိုက်ပေတော့"
သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ပြုံးရင်းမှ ဆက်၍ ပြောလိုက်သည်။ "ရောင်းရင်းရန်၊ မင်းရဲ့ သိုလှောင်လက်စွပ်ကလေး ငါ့ကို တစ်ချက်လောက် ပေးလို့ရမလား၊ ငါ တစ်ချက်လောက် စစ်ဆေးကြည့်ချင်လို့"
"ဘာဖြစ်လို့ ကျုပ် သိုလှောင်လက်စွပ်ကို စစ်ဆေးချင်တာလဲ" ရန်ကိုင်သည် သက်လတ်ပိုင်း နတ်ဆိုးဘုရင်အား မှုန်ကုပ်ကုပ် အမူအရာဖြင့် ကြည့်လိုက်လေသည်။ [ဒီကောင်က ဘာလဲဟ၊ သူများ သိုလှောင်လက်စွပ်ကို သူတို့ စစ်ဆေးချင်တိုင်း စစ်ဆေးလို့ ရမယ်များ မှတ်နေတာလား]
သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် ရယ်မောလျက် ပြန်၍ ပြောလိုက်လေသည်။ "ကြည့်ရတာ ရောင်းရင်းရန် သွေးပြိုင်ကွင်းရဲ့ စည်းမျဉ်းတွေ အကြောင်းကို သေချာ မသိသေးဘူးနဲ့ တူတယ်"
"ဘာစည်းမျဉ်းတွေလဲ" ရန်ကိုင်မှာ တစ်ခုခုအား မှားယွင်းနေသည်ဟု ခံစားမိလိုက်သည့်နောက် တံခါးပေါက်ဆီသို့ လှမ်း၍ ကြည့်လိုက်သည်။
သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ရှင်းပြလိုက်လေ၏။ "ဒီလို၊ သွေးပြိုင်ကွင်းထဲက လူတွေ အကုန်လုံး လောင်းလို့ အဆင်ပြေအောင်လို့ တစ်ခုခုကို မလောင်းခင် လောင်းကြေးကို အရင်ဆုံး ပြရမယ်ဆိုတဲ့ စည်းကမ်းတစ်ခု ရှိတယ်၊ လောင်းလို့ နိုင်သွားပြီဆိုရင် သွေးပြိုင်ကွင်းက လောင်းတဲ့သူက လောင်းထားတဲ့ ပမာဏကို တကယ် ပေးနိုင် မပေးနိုင် အရင် စစ်ဆေးကြည့်မယ်၊ ပေးနိုင်တယ်ဆိုရင် လောင်းကြေး ပမာဏအတိုင်းကို သွေးပြိုင်ကွင်းက အပြည့်အဝ ပြန်ပေးမယ်၊ ရောင်းရင်းရန်က အသစ်ဆိုတော့ အဲဒီအကြောင်းကို မသိသေးတာ၊ အရင်က ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီးတော့ လောင်းကြေးထပ်သွားတဲ့ လူတွေ အများကြီးပဲ၊ သူတို့ကြောင့် သွေးပြိုင်ကွင်း တော်တော်လေး နစ်နာခဲ့ရသေးတယ်၊ အဲဒါကြောင့်ပဲ နောက်ပိုင်းကျ အခုလို စည်းမျဉ်းမျိုးတွေ သတ်မှတ်လိုက်တာ၊ ရောင်းရင်းရန်သာ လောင်းကြေးမှာ သုံးသွားတဲ့ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာကို ထုတ်ပေးနိုင်မယ်ဆိုရင် ကျုပ် ချက်ချင်း ဒီလောင်းကြေးကို ပေးလိုက်မယ်"
ထိုစကား ထွက်လာသည့်အခိုက် ရှောင်ဝူ၏ မျက်နှာလေး သွေးစုပ်ဖြူရော်သွားခဲ့လေသည်။
ရန်ကိုင်အကြောင်း သူမ သိပေသည်။ သန်းတစ်ရာ မဆိုထားနှင့်။ ရန်ကိုင်တွင် နတ်ဆိုးသလင်းကျောက် တစ်သန်းပင် မရှိပေ။
သူမကိုယ်သူမလည်း ကြိတ်၍ အပြစ်တင်မိလိုက်လေသည်။ ယခုကဲ့သို့ ဖြစ်မည်မှန်းသာ ကြိုသိခဲ့လျှင် သွေးပြိုင်ကွင်း၏ စည်းမျဉ်းစည်းကမ်းများကို သေသေချာချာ လေ့လာထားခဲ့လိုက်ပါသည်။ သူမမှာ ဤနေရာရှိ စည်းမျဉ်းစည်းကမ်းများ အကြောင်းကို မသိ။ တကယ်တော့ ရှောင်ဝူသည် ဤနေရာသို့ တစ်ခါမျှပင် မရောက်ဖူးသည် မဟုတ်ပေလော။ ကောလာဟလများမှတစ်ဆင့်သာ သွေးပြိုင်ကွင်း အကြောင်းကို ကြားဖူးခြင်း ဖြစ်လေ၏။ ဤကဲ့သို့သော နေရာမျိုးတွင် ယခုကဲ့သို့သော စည်းကမ်းမျိုး ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ရန်ကိုင်သည်သာ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာအား မထုတ်ပေးနိုင်ပါက နတ်ဆိုးသလင်းကျောက် တစ်ဘီလီယံအား ရရှိတော့လိမ့်မည် မဟုတ်ပေ။
"အဲဒီလို စည်းမျဉ်းမျိုး ရှိတာလား" ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ရှောင်ဝူအား မျက်လုံးမှေးစင်းကာ စိုက်ကြည့်လိုက်သည်။ ရှောင်ဝူ၏ မျက်နှာကို ကြည့်ရသလောက် သူမသည်လည်း ထိုကဲ့သို့သော စည်းမျဉ်းမျိုး ရှိသည်ကို မသိသည့်ပုံပင်။ ထိုသို့ဖြစ်လေရာ သွေးပြိုင်ကွင်းသည် သူ့အား တမင်သက်သက် ပစ်မှတ်ထားနေခြင်းပေလော။
"အဲဒီလို စည်းမျဉ်းမျိုး တကယ်ရှိတယ်" သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ခေါင်းညိတ်၍ ပြုံးကာ ပြောလိုက်လေ၏။ "ရောင်းရင်းရန်၊ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာကို ထုတ်မပေးနိုင်တာလား"
ရန်ကိုင်က နှာခေါင်းရှုံ့လျက်... "နတ်ဆိုးသလင်းကျောက် သန်းတစ်ရာလောက်က ဘာမလို့လဲ၊ စစ်ဆေးနေလို့လည်း အချိန်ကုန်တာပဲ ရှိမယ်၊ ခင်ဗျား နည်းနည်းပါးပါးလောက် အလိုက်အထိုက်ကလေး လုပ်ပေးလို့ မရဘူးလား"
သက်လတ်ပိုင်း နတ်ဆိုးဘုရင်ကမူ ပြုံးမြဲ ပြုံးရင်းဖြင့်သာ ခေါင်းကို ခါ၍ ပြောလိုက်လေ၏။ "သွေးပြိုင်ကွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လုံးဝ ချိုးဖျက်လို့ မရဘူး၊ ကျုပ်က ကိုယ့်အလုပ်ကိုယ် လုပ်နေရုံပဲ၊ ဒါကြောင့် ရောင်းရင်းရန်၊ ကျေးဇူးပြုပြီးတော့ လိုက်လျောပေးပါနော်"
ရန်ကိုင်သည် သက်လတ်ပိုင်း နတ်ဆိုးဘုရင်အား အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေသည်။ သက်လတ်ပိုင်း နတ်ဆိုးဘုရင်ကလည်း လုံးဝ ကြောက်ရွံ့ခြင်းအလျဉ်း မရှိသည့် မျက်နှာထားဖြင့် ရန်ကိုင်အား ပြန်၍ ကြည့်နေလေ၏၊ သူ့မျက်လုံးထဲ ရန်ကိုင်အပေါ် ခက်ထန်သည့် အရိပ်အယောင် အချို့ပင် ရှိနေခဲ့လေသည်။ ထိုအကြောင်းကြောင့် သွေးပြိုင်ကွင်းတွင် ထိုကဲ့သို့သော စည်းမျဉ်းစည်းကမ်းမျိုး ရှိရှိ မရှိရှိ သွေးပြိုင်ကွင်းမှာ သူ့အား တမင်တကာ အကျပ်ရိုက်အောင် လုပ်နေကြောင်းကို ရန်ကိုင် ချက်ချင်း သဘောပေါက်သွားတော့သည်။
ထိုအကြောင်းကြောင့် လှောင်ပြုံးပြုံးကာ ပြန်ပြောလိုက်လေ၏။ "အဲဒီလိုဆိုမှတော့ ကျုပ် အဲဒီ နတ်ဆိုးသလင်းကျောက်တွေ မလိုချင်တော့ဘူး၊ ဆုကိုသာ ပေးလိုက်"
သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှာ ခေါင်းကိုက်လာဟန်ဖြင့် နဖူးကို ပွတ်ရင်းမှ... "ရောင်းရင်းရန်က ကျုပ်ကို အကျပ်ရိုက်အောင် လုပ်နေတာပဲ၊ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင် ရောင်းရင်းရန်က လောင်းကြေးထပ်ထားတဲ့ သန်းတစ်ရာကို ထုတ်မပေးနိုင်ဘူးဆိုရင် ရောင်းရင်းရန်က သွေးပြိုင်ကွင်းရဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖျက်လိုက်တာပဲ၊ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်လိုက်ပြီဆိုရင် အကုန်လုံး ဘာမှ ရတော့မှာ မဟုတ်တော့ဘူး၊ အဲဒီ ရောင်းရင်းရန် ပြောနေတဲ့ ဆုဆိုတာလည်း"
ရန်ကိုင် ရုတ်တရက် ကောက်ရယ်တော့လေသည်။ သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှာ သူလောင်းကြေးထပ်ထားသော နတ်ဆိုးသလင်းကျောက်အား ဘာကြောင့် ဤမျှ ပြဿနာရှာနေရသလဲဆိုသည်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်လေသည်။ ယခုမှသာလျှင် အကြောင်းအရင်းကို နားလည်သွားတော့သည်။ သွေးပြိုင်ကွင်းသည် လီရှီချင်းအား သူ့လက်ထဲသို့ ထည့်ပေးရန် လုံးဝ မစဉ်းစားထားသည့်ပုံပင်။
"ခင်ဗျား တကယ် ခေါင်းမာချင်နေတာလား" ရန်ကိုင်သည် သက်လတ်ပိုင်း နတ်ဆိုးဘုရင်အား စိတ်အားထက်သန်နေသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။ တစ်ဖက်လူသည်သာ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရဲလာမည်ဆိုပါက ရန်ကိုင် ချက်ချင်း ပြဿနာရှာပေတော့မည်။
ရန်ကိုင်မှာ နတ်ဆိုးသလင်းကျောက် တစ်ဘီလီယံအား လက်လွှတ်နိုင်ပါသော်ငြား လီရှီချင်းကိုမူ ယနေ့ မရရအောင် ခေါ်သွားရပေလိမ့်မည်။ လီရှီချင်းအား လက်လွှတ်ရမည့် ကိစ္စကို ရန်ကိုင် လုံးဝ သဘောတူလိမ့်မည် မဟုတ်။
နတ်ဆိုးနယ်မြေသို့ ရောက်လာပြီးသည့်နောက် လီရှီချင်း၏ အခြေအနေ မကောင်းသည်မှာ သိသာလာပေသည်။ လီရှီချင်းမှာ ဧကရာဇ်ချီကို သုံး၍ နတ်ဆိုးချီ သူမ ကိုယ်ထဲ စိမ့်ဝင်လာမည်ကို တားဆီးထားနိုင်ပါသော်ငြား သူမအနေဖြင့် မည်မျှကြာအောင် ထိုကဲ့သို့ တောင့်ခံထားနိုင်မလဲဆိုသည်ကို မည်သူမျှ မပြောနိုင်ပေ။ ရန်ကိုင်သာ နောက်ကျလွန်းသွားခဲ့လျှင် သူမအား ကယ်ဆယ်နိုင်တော့လိမ့်မည် မဟုတ်။
သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ပြုံးလိုက်လေသည်။ သူ့ဘက်က တစ်ခုခု ပြန်ပြောတော့မည်အပြု ရှောင်ဝူသည် ရုတ်တရက် အရှေ့သို့ တက်၍ ကြားဖြတ်ပြောလိုက်လေ၏။ "လောင်း၊ လောင်းကြေးက ကျွန်မ ထပ်လိုက်တာပါ၊ ဆ ဆရာနဲ့ ဘာမှမဆိုင်ပါဘူး"
ရန်ကိုင်နှင့် သက်လတ်ပိုင်း နတ်ဆိုးဘုရင်တို့ နှစ်ဦးစလုံး ရှောင်ဝူအား တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။ ရန်ကိုင်မှာ ရယ်ရခက် ငိုရခက် ဖြစ်နေစဉ် သက်လတ်ပိုင်း နတ်ဆိုးဘုရင်၏ မျက်နှာမှာတော့ မှုန်ကုပ်သွားခဲ့လေသည်။
ရှောင်ဝူ၏ အမြင်အရ သူမသည်သာ ထိုကိစ္စအတွက် အပြစ်ခံလိုက်မည်ဆိုလျှင် ရန်ကိုင်သည် သွေးပြိုင်ကွင်း၏ စည်းမျဉ်းစည်းကမ်းများအား မချိုးဖောက်တော့ပေ။ ထိုသို့သာဆိုလျှင် ရန်ကိုင် ရမည့် ဆုမှာ သူ့အပိုင် ဖြစ်သွားပေတော့မည်။ သို့ပါသော်ငြား သူမ ကိုယ်တိုင်မှာမူ ပြဿနာ အကြီးအကျယ် တက်သွားရပေလိမ့်မည်။ သူမသည် ယုရုမန် နန်းတော်ထဲရှိ အစေခံမတစ်ဦး ဖြစ်နေမည်ဆိုလျှင်ပင် သွေးပြိုင်ကွင်းမှာ သူမအား ကျိန်းသေကို ဆိုးဆိုးရွားရွား နှိပ်စက်ပေလိမ့်မည်။
ရန်ကိုင်အတွက်တွင်မူ ရလဒ်မှာ သူလိုချင်နေသည့် အရာမျိုး မဟုတ်။ ရန်ကိုင်သည် တစ်ဖက်လူမှ ပြဿနာရှာလာမည်ကို စောင့်ဆိုင်းနေခြင်း ဖြစ်လေသည်။ ရှောင်ဝူသည်သာ အပြစ်တင်ခံလိုက်မည်ဆိုလျှင် သူ့အနေဖြင့် သွေးပြိုင်ကွင်းထဲ ပြဿနာရှာဖို့ရာ အကြောင်းပြချက် ရှိတော့လိမ့်မည် မဟုတ်။
"နင် ဘာပြောနေတယ်ဆိုတာ နင်သိလား" သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ရှောင်ဝူအား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ သက်လတ်ပိုင်း နတ်ဆိုးဘုရင်၏ အကြည့်ကို မြင်သော် ရှောင်ဝူ၏ မျက်နှာလေး ပိုလို့ပင် ဖြူရော်သွားတော့သည်။
ရန်ကိုင်သည် ချက်ချင်းပဲ ရှောင်ဝူ အရှေ့တွင် ပိတ်ကာ၍ ရပ်လိုက်လေ၏။
သက်လတ်ပိုင်း လူကြီးသည် ရန်ကိုင်အား အနည်းငယ် အံ့အားသင့်နေဟန်ဖြင့် ကြည့်လိုက်လေသည်။ တကယ်တော့ ရှောင်ဝူသည် အစေခံမလေး တစ်ဦးသာလျှင် မဟုတ်ပေလော။ ရန်ကိုင်သည် ဘာကြောင့်များ သူမအား ကာကွယ်ပေးနေရလေသနည်း။ ထိုအကြောင်းကြောင့် လှောင်ပြုံးပြုံး၍... "ရောင်းရင်းရန်က တကယ်ကို လေးစားထိုက်တဲ့ လူပါလား"
ရန်ကိုင်ကမူ သက်လတ်ပိုင်း နတ်ဆိုးဘုရင်အား ဂရုစိုက်မနေခဲ့ဘဲ ရှောင်ဝူကို ကြည့်၍သာ ပြောလိုက်လေ၏။ "ဒီကိစ္စက နင်နဲ့ ဘာမှမဆိုင်ဘူး၊ နောက်ပြန်ဆုတ်နေ"
"ဒါပေမဲ့" ရှောင်ဝူမှာ တစ်ခုခု ပြောချင်နေပါသော်ငြား ရန်ကိုင်၏ အကြည့်ကို မြင်သော် ပြောရန် ကြံနေသည့် စကားများကို ပြန်မျိုချလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် သက်လတ်ပိုင်း နတ်ဆိုးဘုရင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်၍ ပြောလိုက်လေ၏။ "ဝေ့လည်ကြောင်ပတ်တွေ ဘာမှ လုပ်မနေနဲ့၊ ကျုပ် ဆုရော နတ်ဆိုးသလင်းကျောက် တစ်ဘီလီယံကိုပါ လိုချင်တယ်၊ တစ်ခုကိုမှ လက်လျှော့မှာ မဟုတ်ဘူးနော်၊ ဒီတော့ အမွှေးတိုင်တစ်ချောင်းစာအတွင်း အဲဒါတွေ အကုန်လုံးကို ပြင်ဆင်ထားလိုက်၊ မဟုတ်ရင် ကျုပ်ကို ရိုင်းလို့ဆိုပြီး လာမပြောနဲ့"
အကျိုးသင့်အကြောင်းသင့် ပြော၍ မရတော့သည့်အတွက်ကြောင့် ဆက်ပြောနေ၍လည်း လေကုန်ရုံသာ ရှိတော့ပေတော့မည်။ ထိုအကြောင်းကြောင့် အနုနည်းထက် လက်သီးကို သုံးရုံသာ ရှိတော့လေ၏။
သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ရယ်မော၍... "ရောင်းရင်းရန်၊ သွေးပြိုင်ကွင်းထဲမှာ ပြဿနာရှာနိုင်မယ်လို့ ဘယ်ကနေ ယုံကြည်ချက်ရလာတာလဲ"
ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ "တစ်ဆယ့်ခုနစ်ယောက်၊ ကျွတ်ကျွတ်၊ ခင်ဗျားက ကျုပ်ကို တကယ် အထင်ကြီးနေတာပဲ"
ရန်ကိုင် ပြောသွားသည့် စကားကို ရှောင်ဝူ နားမလည်ပါသော်ငြား သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှာမူ ရန်ကိုင် ပြောသည့် စကားကို ကြားပြီးသည့်နောက် မျက်နှာအမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ အကြောင်းမှာ ရန်ကိုင် ပြောသွားသည့် တစ်ဆယ့်ခုနစ်ယောက်ဆိုသည်မှာ အခန်း အပြင်ဘက်၌ ပုန်းအောင်းနေကြသော နတ်ဆိုးဘုရင် တစ်ဆယ့်ခုနစ်ပါးကို ဆိုလိုသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ သွေးပြိုင်ကွင်းသည် ရန်ကိုင်အား ဤနေရာ၌ ပြဿနာရှာခွင့် ပေးလိမ့်မည် မဟုတ်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား ရန်စ၍ ရန်ကိုင် ပြဿနာရှာလာခဲ့သည်ရှိသော် ထိုနတ်ဆိုးဘုရင် တစ်ဆယ့်ခုနစ်ပါးသည် အထဲသို့ ဝင်လာကာ ရန်ကိုင်အား တိုက်ခိုက်ကြပေလိမ့်မည်။
သွေးတိုက်ပွဲ အတွင်းတွင် ရန်ကိုင်အား ကူညီပေးနေသည့် ဘိုရ ရှိနေခဲ့သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ နတ်ဆိုးဘုရင်များစွာကို သတ်ပစ်နိုင်ခဲ့ခြင်း ဖြစ်လေ၏၊ သို့ပါသော်ငြား ယခု ရန်ကိုင် အနီးအနား၌ မည်သူမျှ မရှိ။ သူတစ်ဦးတည်းသာ ရှိနေတော့သည်။ ထိုအကြောင်းကြောင့် ထိုမျှ များပြားလှသော နတ်ဆိုးဘုရင်များ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်မှ လွတ်မြောက်ဖို့ရာ အကြောင်းမရှိပေ။ တော်ဝင်သခင်မ ယခုကိစ္စအား နောက်ပိုင်း ရှာတွေ့သွားခဲ့မည်ဆိုလျှင်ပင် ရန်ကိုင်သည်သာ အရင်ဦးဆုံး ပြဿနာရှာသည့် လူ ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် သူတို့အား အပြစ်တင်၍ ရလိမ့်မည် မဟုတ်။
သို့ပါသော်ငြား ဤသူကောင်းသား၏ အမြင်အာရုံမှာ အတော်လေးကိုမှ စူးရှလွန်းလှသည်။ အပြင်ဘက်တွင် ရှိနေသော နတ်ဆိုးဘုရင်များမှာ သူတို့ကိုယ်သူတို့ အတတ်နိုင်ဆုံး ဖုံးကွယ်ထားကြပါသော်ငြား ဤသူကောင်းသားသည် ထိုနတ်ဆိုးဘုရင်များကို အာရုံခံမိသွားပေသေးသည်။
သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ရယ်မောရင်းမှ မသိချင်ယောင်ဆောင်လျက်... "ရောင်းရင်းရန်၊ ဘာကို ပြောနေတာလဲ"
ရန်ကိုင်သည် သက်လတ်ပိုင်း နတ်ဆိုးဘုရင်အား အထင်အမြင်တသေးဖြင့် ကြည့်ကာ ပြောလိုက်လေ၏။ "အချိန်က ဘယ်သူ့ကိုမှ စောင့်တာ မဟုတ်ဘူးနော်၊ အမွှေးတိုင်တစ်ချောင်းစာက ဘယ်လောက်မှ ကြာတာ မဟုတ်ဘူး၊ ခင်ဗျား ကျုပ်ပြောထားတဲ့အတိုင်း မြန်မြန် ပြင်ဆင်ထားသင့်တယ်"
သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ထပ်မံ၍ ရယ်မောလျက်... "ကျုပ် ဘာမှ ပြင်ဆင်စရာမလိုပါဘူး၊ ရောင်းရင်းရန်ပဲ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်တာ"
သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှ ထိုကဲ့သို့ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် အခန်းထဲရှိ အခြေအနေမှာ ရုတ်ခြည်းဆိုသလို တင်းမာလာခဲ့လေသည်။ ရှောင်ဝူမှာတော့ ရင်တထိတ်ထိတ်ဖြင့် ရပ်ကြည့်နေလေ၏။ ရန်ကိုင်မှာ မြေပုံဝယ်ချင်သည့်အတွက်ကြောင့် တော်ဝင်မြို့တော်ဆီသို့ လာခဲ့ခြင်း ဖြစ်လေရာ အခြေအနေမှာ မည်ကဲ့သို့များ ဤကဲ့သို့ ဖြစ်လာခဲ့ရလေသနည်း။
အခန်းထဲရှိ အခြေအနေ ရုတ်တရက် ပေါက်ကွဲထွက်လာတော့မည်အပြု အပြင်ဘက်ဆီမှ ခြေသံများ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းတွင် ရန်ကိုင်အား မသက်မသာ ဖြစ်စေသည့် အရှိန်အဝါတစ်ရပ် သူ့အား လွှမ်းခြုံလာခဲ့လေသည်။
သူတော်စင်တစ်ပိုင်း၏ အရှိန်အဝါပင်။
ထိုအပြင် ထိုအရှိန်အဝါကို ရန်ကိုင် ရင်းနှီးနေလေသည်။ ထိုအရှိန်အဝါ၏ ပိုင်ရှင်မှာ ယွဲ့စန်း မဟုတ်။ ရန်ကိုင်နှင့် ယွဲ့စန်းမှာ တစ်ကြိမ်သာ တွေ့ဖူးပါသော်ငြား ရန်ကိုင်မှာ ယွဲ့စန်း၏ အရှိန်အဝါကို သေသေချာချာ မှတ်မိနေလေသည်။ ထိုသို့ဖြစ်လေရာ ယခု ရောက်လာသည့် သူတော်စင်တစ်ပိုင်းသည် မည်သူများ ဖြစ်လေသနည်း။ ထိုသူတော်စင်တစ်ပိုင်းကို သူ မည်သည့်နေရာတွင် တွေ့ခဲ့ဖူးလေသနည်း။
ရန်ကိုင်လည်း စူးစမ်းလိုစိတ်ဖြင့် ခေါင်းမော့၍ ကြည့်လိုက်ရာ ထအော်ရယ်လုမတတ်ပင် ဖြစ်သွားခဲ့လေသည်။ အကြောင်းမှာ သူ့အရှေ့တွင် ရှိနေသော သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ယခုလာနေသည့် လူအား အတော်လေးကိုမှ ကြောက်ရွံ့သည့် ပုံစံမျိုး လုပ်ပြနေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
"မင်္ဂလာပါဆရာ" အပြင်ဘက်ဆီမှ အသံဗလံများစွာ ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသလောက် ပုန်းအောင်းနေသည့် နတ်ဆိုးဘုရင်များမှ နှုတ်ဆက်လိုက်သည့်ပုံပင်။
ကျွီခနဲ မြည်သံနှင့်အတူ အခန်းတံခါး ပွင့်သွားခဲ့ပြီး ထွားထွားကြိုင်းကြိုင်း လူတစ်ဦး အထဲသို့ ဝင်လာခဲ့လေသည်။ ရောက်လာသည့် လူသည် ဝတ်ရုံကို ဝတ်ဆင်ထားခဲ့လေသည်။
ထိုလူကို မြင်သည့်အခိုက် ရန်ကိုင် ကြောင်သွားခဲ့ပြီး ထိုလူအား လက်ညှိုးထိုးရင်းမှ... "ခင်ဗျား"
သက်လတ်ပိုင်း နတ်ဆိုးဘုရင်ကမူ အလျင်စလို ဦးညွှတ်၍ နှုတ်ဆက်လိုက်လေသည်။ "မင်္ဂလာပါဆရာ"
အသစ်ရောက်လာသည့် သူတော်စင်တစ်ပိုင်းသည် သက်လတ်ပိုင်း နတ်ဆိုးဘုရင်ကို လျစ်လျူရှု၍ ရန်ကိုင်ဆီသို့ လျှောက်သွားလိုက်သည်။ ရန်ကိုင်နှင့် ဆယ်မီတာခန့် အကွာတွင် ရပ်ကာ ယဲ့ယဲ့လေး ပြုံးရင်းမှ ပြောလိုက်လေ၏။ "ငါတို့ နောက်တစ်ကြိမ် ပြန်တွေ့မယ်လို့ ငါမင်းကို ပြောသားပဲ"
"ပိုင်ကျိုး" ဤလူ၏ နာမည်ကို ရန်ကိုင် မှတ်မိသွားလေပြီ။
ဤလူ၏ အရှိန်အဝါကို ရင်းနှီးနေသည်ဟု ခံစားနေရခြင်းမှာ အခြားမဟုတ်။ ပိုင်ကျိုး ဖြစ်နေသည်ကိုး။
ကျားဟိန်းသံမြို့အား ကာကွယ်နေစဉ် ရန်ကိုင်သည် မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုအကြောင်းကြောင့် နတ်ဆိုးမျိုးနွယ်စုမှာ ကျားဟိန်းသံမြို့ မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းအား သတိပြုမိသွားကာ ကျားဟိန်းသံမြို့အား ရှင်းပစ်ရန်အတွက် နတ်ဆိုးသူတော်စင်တစ်ပိုင်းကို ဖိတ်ခေါ်ခဲ့လေသည်။ သို့ပါသော်ငြား သူတို့ ဖိတ်ခေါ်ခဲ့သော နတ်ဆိုးသူတော်စင်တစ်ပိုင်းသည် စကားအနည်းငယ်သာ ပြောပြီးသည့်နောက် တိုက်ပင် မတိုက်ခိုက်တော့ဘဲ ချက်ချင်း ပြန်လှည့်ပြေးလာလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။ ထိုနတ်ဆိုးသူတော်စင်တစ်ပိုင်း ထွက်မသွားခင် ရန်ကိုင်အား သူတို့ နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မည်ဟု ပြောသွားခဲ့လေသည်။
ထိုအပြင် ထိုနတ်ဆိုးသူတော်စင်တစ်ပိုင်းသည် သူ့ကိုယ်သူ ပိုင်ကျိုးဟု မိတ်ဆက်သွားခဲ့သည်။
နောက်ပိုင်း ယုရုမန်သည် နတ်ဆိုးနယ်မြေထဲရှိ နတ်ဆိုးသူတော်စင် တစ်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်ကြောင်းအား သိသွားသည့်အခါမှသာလျှင် ပိုင်ကျိုး ထိုနေ့က ဘာကြောင့် ထွက်ပြေးသွားခဲ့သလဲဆိုသည်ကို ရန်ကိုင် သဘောပေါက်သွားရတော့လေသည်။ အခြားသော နတ်ဆိုးများမှာ ယုရုမန် မည်သူဖြစ်သလဲဆိုသည်ကို သိလိမ့်မည် မဟုတ်ပါသော်ငြား ပိုင်ကျိုးကမူ သိပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် မတိုက်ခိုက်ဘဲ ချက်ချင်း ပြန်ဆုတ်သွားခဲ့ခြင်း ဖြစ်သည်။
သို့ပါသော်ငြား ပိုင်ကျိုးအား တော်ဝင်မြို့တော်ထဲရှိ သွေးပြိုင်ကွင်းထဲ ထပ်မံ၍ တွေ့ရလိမ့်မည်ဟု ရန်ကိုင် မထင်ထားခဲ့ပေ။
"မင်းလို လူသားတစ်ယောက်ကများ ဆရာ့နာမည်ကို တိုက်ရိုက်ခေါ်ရဲတယ်လား" သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ချက်ချင်း ရန်ကိုင်အား ထအော်လာခဲ့လေသည်။
ရန်ကိုင်သည် သက်လတ်ပိုင်း နတ်ဆိုးဘုရင်အား မျက်လုံးမှေးစင်းကာ စိုက်ကြည့်ရင်းမှ အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေ၏။ "သူတောင် ဘာမှမပြောတာကို ခင်ဗျားက ဘာတွေ လာဟောင်နေတာလဲ"
သက်လတ်ပိုင်း နတ်ဆိုးဘုရင် ဒေါသူပုန်ထသွားခဲ့ပြီး မျက်ခုံးပင့်၍ ပိုင်ကျိုးအား ကြည့်လိုက်သည်။ သို့ပါသော်ငြား ပိုင်ကျိုးသည် ဒေါသမထွက်ဘဲ ပြုံးသာ ပြုံးနေသည်ကို မြင်သည့်အခါ သက်လတ်ပိုင်း နတ်ဆိုးဘုရင် ရင်ထိတ်သွားတော့လေ၏။ သူ့စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာခဲ့လေသည်။
အကြောင်းမှာ ဆရာပိုင်ကျိုးနှင့် ဤလူသားသည် ရင်းနှီးသည့်ပုံ ပေါက်နေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်