← Chapters

အခန်း ၃၄၅၇

Vol. 152 Ch. 3457

အခန်း ၃၄၅၇

Vol. 152 Ch. 3457

အပိုင်း (၃၄၅၇)

ဘာသာပြန်သူ_တိမ်တိုက်

"ခင်ဗျား ဘာလို့ ဒီကို ရောက်နေတာလဲ" ရန်ကိုင်သည် ပိုင်ကျိုးအား အံ့အားသင့်တကြီးဖြင့် ကြည့်လိုက်သည်။ [ဒီကောင် ကြယ်တာရာအစုအဝေးမှာ ရှိနေရမှာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ]

ပိုင်ကျိုးသည် အနီးနားရှိ ထိုင်ခုံတစ်လုံးပေါ်တွင် သွားထိုင်လေသည်။ သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ချက်ချင်းပဲ ပိုင်ကျိုးအတွက် သွေးဝိုင်တစ်ခွက်အား တလေးတစားဖြင့် ငှဲ့ပေးလိုက်လေ၏။

ပိုင်ကျိုးသည် ထိုသွေးအရက် ထည့်ထားသည့် ခွက်ကို လှုပ်ခါရင်းမှ ရန်ကိုင်အား ကြည့်ကာ ပြောလိုက်လေ၏။ "ငါက သွေးပြိုင်ကွင်းကို စောင့်ကြည့်နေတဲ့ တာဝန်ခံလေ၊ ဘာဖြစ်လို့ ဒီမှာ မရှိရမှာလဲ"

ရန်ကိုင်ကမူ ပါးစပ်အဟောင်းသားဖြင့် ပြန်၍ မေးလိုက်လေ၏။ "ခင်ဗျားက ယုရုမန်ရဲ့ လက်အောက်ငယ်သား တစ်ယောက်လား"

နတ်ဆိုးနယ်မြေသည် မှန်တစ်ချပ်ပမာ တစ်စစီ ဖြစ်နေပြီး ထိုတစ်စစီ ဖြစ်နေသော တိုက်များကို နတ်ဆိုးသူတော်စင် တစ်ဆယ့်နှစ်ပါးမှ အသီးသီး ထိန်းချုပ်ထားကြလေသည်။ နတ်ဆိုးသူတော်စင်၏ လက်အောက်တွင်မူ သက်ဆိုင်ရာ တိုက် တစ်တိုက်ချင်းစီကို ဦးစီးကွပ်ကဲနေသော နတ်ဆိုးသူတော်စင်တစ်ပိုင်းများ ရှိနေကြသည်။

ယခုမှသာလျှင် ပိုင်ကျိုးမှာ ယုရုမန် လက်အောက်ရှိ နတ်ဆိုးသူတော်စင်တစ်ပိုင်းမှန်း ရန်ကိုင် သိသွားတော့သည်။ ထိုအကြောင်းကြောင့်သာလျှင် ကျားဟိန်းသံမြို့၌ ယုရုမန်ကို မြင်မြင်ချင်း တန်းမှတ်မိသွားခြင်းပေကိုး။

ရန်ကိုင်နှင့် ပိုင်ကျိုးတို့ စကားပြောနေသည်ကို နားထောင်ရင်း သက်လတ်ပိုင်း နတ်ဆိုးဘုရင် မျက်မှောင်ကြုတ်သွားတော့လေသည်။ [ဒီလူသားက တကယ်ကို ရိုင်းတာပဲ၊ ဆရာပိုင်ကျိုးကိုတင် နာမည်တပ်ခေါ်ရုံတင် မဟုတ်ဘူး၊ တော်ဝင်သခင်မကိုပါ နာမည်တပ်ပြီးတော့ ခေါ်နေတယ်၊ ဆရာပိုင်ကျိုးကို နာမည်တပ်ခေါ်တာက ကိစ္စ မရှိပေမဲ့ တော်ဝင်သခင်မကို အဲဒီလိုမျိုး သွားခေါ်တယ်ဆိုတော့ ဆရာပိုင်ကျိုးကတော့ ဒီကောင်ကို ကျိန်းသေ အရေခွံနွှာတော့မှာပဲ]

သို့ပါသော်ငြား လက်တွေ့မှာ သက်လတ်ပိုင်း နတ်ဆိုးဘုရင် ထင်ထားသလို ဖြစ်မလာခဲ့ပေ။ ပိုင်ကျိုးမှာ ရန်ကိုင် ပြောသွားသည်ကို မကြားသည့်အလား အေးအေးဆေးဆေးသာ ရှိနေလေ၏။

"ဟုတ်တယ်" ပိုင်ကျိုးက ခေါင်းညိတ်၍... "ဒီပိုင်က တော်ဝင်သခင်မ လက်အောက်မှာ ရှိနေတဲ့ သူတော်စင်တစ်ပိုင်းတွေထဲက တစ်ယောက်ပဲ"

"ကျုပ် သိပြီ" ရန်ကိုင် သဘောပေါက်သွားတော့လေသည်။ ထို့နောက်တွင် ပိုင်ကျိုးနှင့် မျက်နှာချင်းဆိုင်၌ ရှိနေသော ခုံတစ်ခုံတွင် သွားထိုင်ချ၍ ပိုင်ကျိုးကို ကြည့်ကာ ပြုံးဖြီး၍ ပြောလိုက်လေ၏။ "ခင်ဗျားက သွေးပြိုင်ကွင်းရဲ့ တာဝန်ခံတွေထဲက တစ်ယောက်လို့ ပြောတယ်နော်"

ပိုင်ကျိုးက ပြုံး၍ ခေါင်းညိတ်လိုက်လေသည်။

"အဲဒါဆိုရင် ပြီးသွားပြီပေါ့" ရန်ကိုင်သည် လက်မြှောက်ရင်းမှ သက်လတ်ပိုင်း နတ်ဆိုးဘုရင်ကို ကြည့်၍... "ဒီကောင် ကျုပ်ကို နတ်ဆိုးသလင်းကျောက် တစ်ဘီလီယံ ပေးဖို့ရှိတယ်၊ ဒါပေမဲ့ အခု မပေးဘူး လုပ်နေတယ်၊ အဲဒါတင် မဟုတ်သေးဘူး၊ ကျုပ်ရမဲ့ ဆုကိုပါ မပေးဘူး၊ ကဲ၊ ခင်ဗျား အခုကိစ္စကို ဘယ်လို ရှင်းပေးမှာလဲ"

ယခုဆိုလျှင် ရန်ကိုင်မှာ လုံးဝကို အကြောက်အရွံ့ ကင်းသွားခဲ့လေပြီ။ ဤနေရာတွင် ရှိနေသည့် နတ်ဆိုးအများစုမှာ ယုရုမန်နှင့် သူ့အကြားရှိ ဆက်ဆံရေးကို မသိကြပေ။ သူသည် တော်ဝင်သခင်မ ကြယ်တာရာအစုအဝေးမှ ပြန်ခေါ်လာသည့် လူသားတစ်ဦး ဖြစ်သည်ဟူသော အချက်ကိုသာ သိထားကြသည်။ ထိုအကြောင်းကြောင့် သူ့အား ကြောက်ရွံ့ခြင်း မရှိကြ။ သို့ပါသော်ငြား ပိုင်ကျိုးကမူ မတူပေ။ ပိုင်ကျိုးသည် ကြယ်တာရာအစုအဝေးမှ ပြန်ရောက်လာသူ ဖြစ်သည့်အတွက်ကြောင့် ယုရုမန် ရန်ကိုင်အား မည်မျှ တန်ဖိုးထားသလဲဆိုသည်ကို သိနေရပေလိမ့်မည်။ ထိုသို့ ဖြစ်လေရာ ရန်ကိုင်အနေဖြင့် ပိုင်ကျိုး၏ အဆင့်အတန်းကို အသုံးချ၍ ဤကိစ္စအား ဖြေရှင်းဖို့ရာ ကိစ္စမရှိတော့ပေ။

ထိုအပြင် ပိုင်ကျိုး ဤနေရာ၌ ယခုကဲ့သို့သော အချိန်မျိုးတွင် ပေါ်လာသည့်အတွက်ကြောင့် ယနေ့ ပြဿနာကို သိရပေလိမ့်မည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ များများစားစား ရှင်းပြနေစရာ မလိုပေ။

ထိုစကားကို ကြားသော် ပိုင်ကျိုးသည် အရက်ခွက်ကို ချ၍ သက်လတ်ပိုင်း နတ်ဆိုးဘုရင်ဘက်သို့ လှည့်ကာ မေးလိုက်လေ၏။ "သူပြောတာ အမှန်ပဲလား"

သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ချက်ချင်းပဲ ပြန်၍ ပြောလိုက်သည်။ "မမှန်ပါဘူး ဆရာ၊ ကျေးဇူးပြုပြီး အဲဒီကောင် မဟုတ်ကဟုတ်က ပြောတာတွေကို နားမထောင်ပါနဲ့"

ရန်ကိုင်သည် စားပွဲခုံကို ကောက်ရိုက်၍ ထရပ်ကာ ပြောလိုက်လေသည်။ "ခွေးသူတောင်းစား၊ မင်း ဘယ်လိုလုပ်ပြီး မျက်နှာပြောင်နဲ့ လိမ်ရဲတာလဲ"

သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ရန်ကိုင်အား ကြည့်ရင်းမှ... "ကျုပ်က စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လုပ်ရုံပဲ" ထိုသို့ ပြောပြီးသည့်နောက်တွင် ပိုင်ကျိုးဘက်သို့ လှည့်၍ လက်သီးဆုပ်ကာ ပြောလိုက်လေသည်။ "ဆရာ၊ ဒီကိစ္စက ဒီလိုပါ၊ ရောင်းရင်းရန်က သွေးပြိုင်ကွင်းမှာ ဝင်ပြိုင်ပြီးတော့ သူ့ကိုယ်သူ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာ လောင်းကြေးထပ်ခဲ့ပါတယ်၊ နောက်ဆုံးမှာ သူ နိုင်သွားခဲ့တယ်ဆိုပေမဲ့ ဒီလက်အောက်ငယ်သား စစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့ ရောင်းရင်းရန်မှာ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာ ရှိမနေပါဘူး၊ ဒီတော့ သွေးပြိုင်ကွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လက်အောက်ငယ်သားအနေနဲ့ နတ်ဆိုးသလင်းကျောက် တစ်ဘီလီယံနဲ့ သူရမဲ့ ဆုကို ပေးစရာ မလိုတော့ပါဘူး"

ပိုင်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်"

ရန်ကိုင်သည် ပိုင်ကျိုးကို ကြည့်၍ တွေးလိုက်လေသည်။ [ခင်ဗျားက ဒီကို ပွဲကြည့်ဖို့ လာခဲ့တာလား]

သက်လတ်ပိုင်း လူကြီး ပျော်သွားခဲ့ပြီး ချက်ချင်းပဲ လက်သီးဆုပ်၍... "ဒီကောင်က အရမ်းကို ဉာဏ်နီဉာဏ်နက် များလွန်းပါတယ်၊ အခုလည်း သွေးပြိုင်ကွင်းရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ လုပ်နေတာပါ၊ သူ့ကိုသာ ကောင်းကောင်းမွန်မွန် အပြစ်မပေးရင် သွေးပြိုင်ကွင်းရဲ့ ဂုဏ်သတင်း ပျက်စီးသွားမှာကို ဒီလက်အောက်ငယ်သား ကြောက်မိပါတယ်၊ ဒါကြောင့် သွေးပြိုင်ကွင်းနဲ့ တော်ဝင်သခင်မရဲ့ ဂုဏ်သတင်းကို ထိန်းသိမ်းဖို့အတွက် ဒီလူ့ကို နမူနာပေးဖို့ လက်အောက်ငယ်သား တောင်းဆိုချင်ပါတယ်"

ထိုလူ ပြောသည့် စကားကို ကြားပြီးသည့်နောက် ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ဤလူမှာ အမှန်တကယ်ကို လျှာစောင်းထက်လှသည်ဟုလည်း တွေးလိုက်မိသည်။

"အဲဒီလောက်ကြီးတော့လည်း မဆိုးပါဘူး" ပိုင်ကျိုးသည် သက်လတ်ပိုင်း နတ်ဆိုးဘုရင် ပြောသည့် အကြံပေးချက်ကို လျစ်လျူရှု၍ ပြန်၍သာ မေးလိုက်လေ၏။ "သူ့မှာ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာ မရှိတာကို မင်း အတည်ပြုပြီးသွားပြီလား"

သက်လတ်ပိုင်း နတ်ဆိုးဘုရင်က ပြန်ပြောလိုက်၏။ "အတည်မပြုရသေးပါဘူး၊ ဒါပေမဲ့ သူက သူ့သိုလှောင်လက်စွပ်ကို မပေးဘူး လုပ်နေတယ်၊ ဒီအချက်နဲ့တင် သူ့မှာ နတ်ဆိုးသလင်းကျောက် အများကြီး မရှိတာ သေချာသွားပါပြီ"

ပိုင်ကျိုးက ခေါင်းညိတ်၍ ပြန်ပြောလိုက်လေသည်။ "ကြည့်ရတာ ပြဿနာက နတ်ဆိုးသလင်းကျောက် သန်းတစ်ရာပဲ" ထို့နောက်တွင် ရန်ကိုင်ဘက်သို့ လှည့်၍ ဆက်ပြောလိုက်လေသည်။ "မင်းမှာ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာ ရှိလား၊ ရှိရင် ထုတ်ပေးလိုက်တော့"

ရန်ကိုင်မှာ ပိုင်ကျိုး၏ မျက်နှာကို တံတွေးဖြင့်ပင် ကောက်ထွေးချင်မိသွားလေသည်။ [ငါ့မှာ ဘယ်လိုလုပ်ပြီး ရှိမှာလဲကွ၊ ရှိရင် ထုတ်ပေးလိုက်တာ ကြာပြီပေါ့]

ရန်ကိုင် စိတ်ထဲ ထိုအတွေးပေါ်လာစဉ်မှာပင် ပိုင်ကျိုးမှာ သူ့အား မျက်စိတစ်ဖက် မှိတ်ပြနေသည်ကို တွေ့လိုက်ရလေသည်။ တစ်ချိန်တည်း၌ ပိုင်ကျိုးသည် စားပွဲခုံပေါ်ရှိ သွေးအရက်ခွက်ကို ကောက်ကိုင်ရင်းမှ သူဝတ်ထားသော သိုလှောင်လက်စွပ်ကို ရန်ကိုင် မြင်မြင်သာသာ ရှိအောင် သေသေချာချာ ပြလိုက်လေသည်။

ရန်ကိုင် တစ်ခဏမျှ မျက်မှောင်ကြုတ်နေပြီးသည့်နောက် ရုတ်တရက် ဝမ်းသာအားရဖြင့် ပိုင်ကျိုးအား လက်ညှိုးထိုးကာ ပြောလိုက်လေသည်။ "ကျုပ် မှတ်မိပြီ၊ ရောင်းရင်းပိုင်၊ ခင်ဗျား ကျုပ်ဆီကနေ အရင်တစ်ခါ ချေးသွားတဲ့ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာကို ပြန်ပေးဖို့ ရှိသေးတယ်နော်"

ပိုင်ကျိုးမှာ သောက်လက်စ သွေးအရက်များပင်လျှင် ထွေးထုတ်လုမတတ် ဖြစ်သွားခဲ့လေသည်။ တစ်ချိန်တည်း၌လည်း ရန်ကိုင်ကို ကြည့်ကာ မေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့လေသည်။ [ငါ ဘယ်တုန်းက သူ့ဆီကနေ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာ ချေးလိုက်တာလဲ]

ပိုင်ကျိုး၏ အစီအစဉ်မှာတော့ ရန်ကိုင်အား နတ်ဆိုးသလင်းကျောက် သန်းတစ်ရာ ချေးကာ ရန်ကိုင် ဆုရသွားသည့်အခါမှသာလျှင် ထိုသန်းတစ်ရာအား ပြန်ပေးရန် ဖြစ်ပေသည်။ သို့ပါသော်ငြား ရန်ကိုင်သည် သူ့အစီအစဉ်အတိုင်း မလုပ်ဘဲ သူ့နည်းသူဟန်နှင့် ယခုကဲ့သို့ လမ်းဖောက်လာလိမ့်မည်ဟု ပိုင်ကျိုး မည်ကဲ့သို့များ ထင်ထားပါမည်နည်း။ ယခုဆိုလျှင် ရန်ကိုင်မှာ ချေးပင် မချေးတော့ဘဲ သူကပင်လျှင် ရန်ကိုင်ဆီမှ ချေးထားသည့် ပုံစံမျိုး လုပ်ပြနေလေသည်။

သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှာ ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် ကြောင်ကြည့်နေပြီးသည့်နောက် ပိုင်ကျိုးဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ယခုကိစ္စမှာ လုံးဝကို မဖြစ်နိုင်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။

"ဟဲဟဲ" ပိုင်ကျိုးမှာ အားတင်းပြုံးရင်းမှ အရက်ခွက်ကို ချ၍ လက်သီးကို ဆုပ်ကာ လည်ချောင်းကို ရှင်းလိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင် ကိစ္စ၌ လုံးဝ ပါဝင်မပတ်သက်လိုတော့ဘဲ ဤနေရာမှ ချက်ချင်း ထထွက်သွားချင်နေသည့်ပမာ ရန်ကိုင်အား ကြည့်လိုက်လေသည်။ ရန်ကိုင်ကဲ့သို့ မျက်နှာ အရေထူလှသည့် လူမျိုးကို သူတစ်ခါမျှ မတွေ့ဖူးပေ။ သို့ပါသော်ငြား ဤအခြေအနေအထိ ရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင် ကသည့်အတိုင်း လိုက်ကရုံသာ တတ်နိုင်တော့လေသည်။ "အင်း ဟုတ်သားပဲ၊ ငါ ပေးဖို့ မေ့နေတာ"

ထိုသို့ ပြောပြီးသည့်နောက် အခြားသော သိုလှောင်လက်စွပ် တစ်ကွင်းကို ထုတ်လိုက်လေသည်။

သက်လတ်ပိုင်း နတ်ဆိုးဘုရင် ဆွံ့အသွားတော့သည်။ ထိုနှစ်ဦး သရုပ်ဆောင်နေသည်ကို သူ မသိဘဲ ဘယ်နေပါမည်နည်း။ သို့ပါသော်ငြား ပိုင်ကျိုးမှာ ထိုလူသားနှင့် ဘာကြောင့် ပူးပေါင်းနေရသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။ သူ့စိတ်ထဲ ပိုင်ကျိုးအား သတိပေးကာ ထိုသို့မလုပ်ရန် ဖျောင်းဖျချင်ပါသော်ငြား သွားပြောရဲသည့် သတ္တိရှိမနေခဲ့။

ပိုင်ကျိုးသည်သာ ဤလူကို ကာကွယ်ပေးလိုပါက သူ့အနေဖြင့် ပိုင်ကျိုးအား လုံးဝ တားနိုင်လိမ့်မည် မဟုတ်။ သူသာ သွားပြောနေမည်ဆိုလျှင် ပိုင်ကျိုးအား ရန်စမိရုံသာ ရှိပေလိမ့်မည်။ ထိုအပြင် ယွဲ့စန်း ထွက်သွားသည်မှာ ကြာနေလေပြီ။ တစ်နည်းဆိုရသော် သူ့ဘာသာသူ ပိုင်ကျိုးအား သွားတား၍ ဒုက္ခခံနေစရာ မလို။

တစ်ခဏအကြာ၌ ပိုင်ကျိုးသည် သိုလှောင်လက်စွပ် တစ်ကွင်းကို ရန်ကိုင်အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်ရင်းမှ ပစ်ပေးလိုက်လေသည်။

ရန်ကိုင်ကမူ ဘာကိုမျှ မမြင်ချင်ယောင်ဆောင်လျက် သိုလှောင်လက်စွပ်ကိုပင် စစ်မနေတော့ဘဲ သက်လတ်ပိုင်း နတ်ဆိုးဘုရင်ဆီသို့ ပစ်ပေးကာ ပြောလိုက်လေ၏။ "စစ်ဆေးကြည့်လိုက်"

သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် မီးခဲတစ်တုံးကို ကိုင်ထားသည့်ပမာ သိုလှောင်လက်စွပ်ကို ကိုင်ထားရင်းမှ စူပုပ်ပုပ် မျက်နှာကြီးဖြင့် ပြန်ပြောလိုက်လေ၏။ "စစ်ဆေးကြည့်စရာ မလိုတော့ပါဘူး"

ဤသိုလှောင်လက်စွပ်ကို ပိုင်ကျိုးမှ ပေးထားခြင်းပင် ဖြစ်လေသည်။ ထိုအကြောင်းကြောင့် သိုလှောင်လက်စွပ်ထဲ နတ်ဆိုးသလင်းကျောက်များ ရှိမနေလျှင်ပင် သူ့အနေဖြင့် ဤသိုလှောင်လက်စွပ်ထဲ၌ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာ ရှိနေသည်ဟု မှတ်ယူရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက ပိုင်ကျိုးအား ရန်စမိသလို ဖြစ်သွားပေလိမ့်မည်။ ထိုအကြောင်းကြောင့် သူ့အနေဖြင့် ဘာကြောင့်များ စစ်ဆေးနေစရာ လိုပါဦးမည်နည်း။

"အဲဒီလိုဆိုရင် ကျုပ်ရမဲ့ ဆုနဲ့ နတ်ဆိုးသလင်းကျောက်တွေ ပေးပေတော့" ရန်ကိုင်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

သက်လတ်ပိုင်း နတ်ဆိုးဘုရင်သည် ရန်ကိုင်ကို မကြည့်တော့ဘဲ ပိုင်ကျိုးဘက်သို့ လှည့်၍သာ ကူကယ်ရာမဲ့နေသည့် မျက်နှာထားဖြင့် ပြန်၍ ပြောလိုက်လေ၏။ "နတ်ဆိုးသလင်းကျောက်ကို ပေးတာက ကိစ္စမရှိပေမဲ့ ဆုက"

သူသိသလောက်ဆိုလျှင် ထိုလူသားအမျိုးသမီးကို ဟန်ပြသက်သက် ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။ ထို့နောက်တွင် သူမအား အခြားတစ်ဦးမှ ပြန်လည်၍ ခေါ်ဆောင်သွားခဲ့သည်။ လက်ရှိ အခိုက်အတန့်တွင် ထိုအမျိုးသမီးမှာ သွေးပြိုင်ကွင်းထဲ၌ ရှိမနေလေရာ သူအနေဖြင့် ထိုအမျိုးသမီးကို ရန်ကိုင် လက်ထဲသို့ မည်ကဲ့သို့များ ထည့်ပေးရပါမည်နည်း။

"ကျုပ်ဆု ဘာဖြစ်သွားတာလဲ" ရန်ကိုင် မျက်နှာ သုန်မှုန်သွားတော့လေသည်။ ရန်ကိုင်အနေဖြင့် သွေးတိုက်ပွဲထဲ ဝင်ပြိုင်ခဲ့ရခြင်းမှာ လီရှီချင်းကြောင့်သာ ဖြစ်လေသည်။ နတ်ဆိုးသလင်းကျောက် တစ်ဘီလီယံမှာ သူ၏ ပစ်မှတ် မဟုတ်ပေ။ ယခု နတ်ဆိုးဘုရင် ပြောသည့် စကားကို ကြားပြီးသည့်နောက် ရန်ကိုင်စိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ရလာတော့လေ၏။

ပိုင်ကျိုးအား ကူကယ်ရာမဲ့နေသည့် အမူအရာဖြင့် ကြည့်နေရင်းမှ သက်လတ်ပိုင်း နတ်ဆိုးဘုရင်၏ နဖူးအထက် ချွေးစေးများ ဝေ့သီလာတော့လေသည်။

သို့ပါသော်ငြား ပိုင်ကျိုးကမူ ပြုံးရင်းဖြင့်သာ ရန်ကိုင်အား လှမ်း၍ ပြောလိုက်သည်။ "စိတ်ငြိမ်ငြိမ်ထား"

ထိုသို့ ပြောပြီးသည့်နောက် အခန်းတံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင် အခန်းတံခါး ပွင့်သွားခဲ့ပြီး လူကောင်ကြီးကြီး နတ်ဆိုးတစ်ကောင် ဝင်လာခဲ့လေ၏။ နတ်ဆိုးဘုရင်မှ ထွက်ပေါ်နေသည့် အရှိန်အဝါအရ ထိုနတ်ဆိုးဘုရင်သည် အဆင့်မြင့် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်သည့်ပုံပင်။

ထိုအပြင် ထိုနတ်ဆိုးဘုရင်နှင့်အတူ ချောမောလှပလှသည့် အမျိုးသမီးတစ်ဦးလည်း ပါလာခဲ့လေသည်။ ထိုအမျိုးသမီးမှာတော့ လီရှီချင်းမှ လွဲ၍ အခြားမဟုတ်ပေ။

သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှာ အံ့ဩထိတ်လန့်သွားသည့် အမူအရာဖြင့် လီရှီချင်းအား ကြည့်လိုက်လေသည်။ [ဒီမိန်းမကို ခေါ်သွားပြီ မဟုတ်ဘူးလား၊ ဘယ်လိုလုပ်ပြီး ဒီကို ပြန်ရောက်လာတာလဲ] ထို့နောက်တွင် လူကောင်ထွားထွား အဆင့်မြင့် နတ်ဆိုးဘုရင်အား လှမ်း၍ ကြည့်လိုက်လေသည်။ ချက်ချင်းဆိုသလို သက်လတ်ပိုင်း လူကြီးမှာ တစ်ခုခုအား သဘောပေါက်သွားတော့လေသည်။ ပိုင်ကျိုးနှင့် ယွဲ့စန်းတို့ တစ်ဦးနှင့်တစ်ဦး မတည့်ကြကြောင်းကို လူတိုင်း သိပေသည်။ ထိုအကြောင်းကြောင့် ဤကိစ္စ တစ်ခုလုံးမှာ သူတို့နှစ်ဦးအကြား အားပြိုင်မှု သက်သက်သာ ဖြစ်လောက်သည်။ ကြည့်ရသလောက် ပိုင်ကျိုးမှာ အသာရသွားသည့်ပုံပင်။

သူတော်စင်တစ်ပိုင်း နှစ်ဦး၏ ပြိုင်ဆိုင်မှုကြားထဲ ဝင်မပါလိုလေရာ သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှာ သူ့အဖြစ်ကို ကြည့်ရင်း ဇောချွေးများ ပြန်လာတော့လေသည်။ သူ့အနေဖြင့် ယခုကိစ္စထဲမှ စောစောထွက်နေလိုက်လျှင် ပိုကောင်းပေလိမ့်မည်။

ထိုလူကောင်ထွားထွားနှင့် နတ်ဆိုးဘုရင်သည် လီရှီချင်းအား ခေါ်လာပေးပြီးသည့်နောက်တွင် ပိုင်ကျိုးအား လက်သီးဆုပ်ကာ နှုတ်ဆက်ပြီးသည့်နောက် အခန်းထဲမှ ပြန်ထွက်သွားလေ၏။

ရန်ကိုင်မှာမူ တစ်ခုခုအား သဘောပေါက်သွားဟန်ဖြင့် မျက်လုံးမှေးစင်းလိုက်လေသည်။

လီရှီချင်းမှာမူ ဤနေရာသို့ ရောက်လာပြီးသည့်နောက် စိုးရိမ်တကြီးဖြင့် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်လေသည်။ သူမအတွက်မူ နတ်ဆိုးနယ်မြေထဲသို့ စရောက်သည့် အချိန်မှစ၍ အမြဲတစေ အန္တရာယ်တွင်းထဲသို့ ရောက်နေခဲ့ရသည်။ နတ်ဆိုးချီ သူမကိုယ်ထဲသို့ စိမ့်မဝင်လာအောင် ခုခံနေရသည်မှာလည်း အချည်းနှီးသာ ဖြစ်လေသည်။ အကြောင်းမှာ အနှေးနှင့် အမြန်ဆိုသလို သူမအနေဖြင့် နတ်ဆိုးတစ်ကောင် အသွင်သို့ ပြောင်းလဲသွားရမည့်အတွက်ကြောင့်သာ ဖြစ်လေသည်။

ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေရင်းမှ ရန်ကိုင်ကို မြင်လိုက်သည့်အခိုက်တွင် လီရှီချင်း၏ မျက်နှာအထက် မယုံကြည်နိုင်သည့် အရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။

ရန်ကိုင်အား သူမ မသိပါသော်ငြား ရန်ကိုင်သည် အခြားသော နတ်ဆိုးများနှင့် မတူကြောင်းကိုမူ သတိထားမိပေသည်။ ကြည့်ရသလောက် ရန်ကိုင်သည် လူသားတစ်ဦး ဖြစ်သည့်ပုံပင်။

[လူသားတစ်ဦးက နတ်ဆိုးနယ်မြေထဲမှာ နတ်ဆိုးချီ သက်ရောက်တာ မခံရဘဲနဲ့ ဘယ်လိုလုပ်ပြီး အေးအေးဆေးဆေး နေနိုင်ရတာလဲ]

[ဒီလူလည်း အဖမ်းခံထားရတာလား၊ ဒါပေမဲ့ ကြည့်ရတာတော့ အဖမ်းခံထားရတဲ့ပုံ မပေါ်ဘူး]

လီရှီချင်းမှာ သူမဘာသာသူမ အတွေးထဲ နစ်မြောနေစဉ်မှာပင် ရန်ကိုင်သည် လီရှီချင်းဆီသို့ တစ်လှမ်းချင်း လျှောက်သွားပြီး သူမ အရှေ့ ခြေလှမ်း အနည်းငယ်ခန့် အကွာ၌ ရပ်လိုက်လေသည်။

"နင်" လီရှီချင်းမှ သူမ စကားအား ဆုံးအောင် မပြောရသေးခင်မှာပင် ရန်ကိုင်သည် လီရှီချင်း၏ ပါးကို ရုတ်တရက် ကောက်ရိုက်ချလိုက်သည်။

ဖြန်း။

ရန်ကိုင်၏ ရိုက်ချက်ကြောင့် လီရှီချင်း၏ ခေါင်း ချာခနဲ လည်ထွက်သွားခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေ၏။ သွေးများသည်လည်း သူမ နှုတ်ခမ်းထောင့်မှ စီးကျလာတော့လေသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ရှောင်ဝူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပြီး သက်လတ်ပိုင်း နတ်ဆိုးဘုရင်မှာလည်း ကြောင်သွားခဲ့လေသည်။

ပိုင်ကျိုးမှာတော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေပြီးသည့်နောက် သူ၏ အရက်ခွက်ကို မြှောက်၍ မည်သူမျှ ရှိမနေသည့်အလား အေးအေးဆေးဆေး အရက်ထိုင်သောက်နေတော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters