← Chapters

အခန်း ၃၄၅၈

Vol. 152 Ch. 3458

အခန်း ၃၄၅၈

Vol. 152 Ch. 3458

အပိုင်း (၃၄၅၈)

ဘာသာပြန်သူ_တိမ်တိုက်

လီရှီချင်း ကြောင်နေခဲ့လေသည်။

သူမဖမ်းဆီးခံရပြီးသည့်နောက် နတ်ဆိုးနယ်မြေသို့ ခေါ်ဆောင်လာခြင်း ခံခဲ့ရပါသော်ငြား ကိုယ်ထိလက်ရောက် စော်ကားခံရခြင်းတော့မရှိပေ။ နတ်ဆိုးများသည် သူမအား စကားလုံးများဖြင့် ဆဲရေးတိုင်းထွာလေ့ ရှိပေသည်။ သို့ပါသော်ငြား ယခုကဲ့သို့ ကိုယ်ထိလက်ရောက် စော်ကားခဲ့ခြင်းတော့ မရှိပေ။ ယနေ့တွင်မူ နတ်ဆိုးမဟုတ်ဘဲ လူသားတစ်ဦးနှင့် ဆင်တူသည့် လူတစ်ဦးမှ သူမအား ကိုယ်ထိလက်ရောက် စော်ကားလာခဲ့သည်။

(သူဘယ်သူလဲ… ဘာဖြစ်လို့ ငါ့ကို ရိုက်တာလဲ…)

သူမစိတ်ထဲ ထိုကိစ္စနှင့်ပတ်သက်၍ အဖြေမရှာနိုင်သေးခင်မှာပင် သူမရင်ဘတ်အား တစ်စုံတစ်ဦးမှ ခြေထောက်ဖြင့် ဆောင့်နင်းချလာသည်ကို ခံစားလိုက်ရလေသည်။ ထိုအကြောင်းကြောင့် မော့ကြည့်လိုက်ရာ အစောပိုင်းက သူမပါးကို ရိုက်လိုက်သည့်လူသည် သူမရင်ဘတ်ပေါ် ခြေထောက်တင်၍ သူမအား အထက်စီးမှ ငုံ့ကြည့်နေကြောင်းကို တွေ့လိုက်ရသည်။ တစ်ချိန်တည်း၌ ထိုလူသည် ခက်ထန်ကြမ်းကြုတ်သည့်အမူအယာဖြင့် သူမအား စိုက်ကြည့်နေရင်းမှ ပြောလိုက်လေ၏။ “ငါဘယ်သူလဲ နင်သိလား…”

လီရှီချင်း အထိတ်တလန့်ဖြင့် ခေါင်းကို ခါပြလိုက်သည်။ မျက်ရည်စများမှာ သူမ၏မျက်လုံးထဲ ဝေ့သီလာတော့လေသည်။

ရန်ကိုင် အံ့အားသင့်သွားတော့လေ၏။ (သူ ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်တတ်နေရတာလဲ… ဧကရာဇ်ဒုတိယအဆင့်မဟုတ်ဘူးလား… အဲ့မျက်လုံးတွေက ဘယ်လိုလုပ်ပြီး ဘာမှတောင်မလုပ်ရသေးဘဲနဲ့ မျက်ရည်ဝိုင်းနေရတာလဲ…) ရန်ကိုင်မှာ လီရှီချင်းအား တကယ်ကို မရိုက်ချင်ပေ။ သို့ပါသော်ငြား အားလုံး၏အမြင်တွင် သူသည် နတ်ဆိုးလမ်းကြောင်းထဲသို့ ကျရောက်သွားသည့်အတွက်ကြောင့် ကြယ်တာရာအစုအဝေးမှ မောင်းထုတ်ခံရသည့်လူတစ်ဦး ဖြစ်သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အနေဖြင့် ကြယ်တာရာအစုအဝေးအပေါ် မကျေနပ်ချက်များ ရှိနေသည်မှာ အဆန်းမဟုတ်ပေ။ ထိုအကြောင်းကြောင့်ပင်လျှင် လီရှီချင်းကိုမြင်သည်နှင့် ယခုကဲ့သို့ လုပ်ပြခဲ့ခြင်း ဖြစ်ပေသည်။ သို့ပါသော်ငြား ထိုကဲ့သို့ ပါးရိုက်ခံလိုက်ရရုံလေးဖြင့် လီရှီချင်းမှာ ချက်ချင်းဆိုသလို မျက်ရည်ဝိုင်းသွားလိမ့်မည်ဟု ရန်ကိုင် မည်ကဲ့သို့များ ထင်ထားပါမည်နည်း။

သို့ပါသော်ငြား ရန်ကိုင်သည် ထိုကိစ္စနှင့်ပတ်သက်၍ များများစားစား စဉ်းစားမနေခဲ့ဘဲ ခက်ထန်ကြမ်းကြုတ်သည့်ပုံစံမျိုး လုပ်ပြရင်းဖြင့်သာ ဆက်၍ ပြောလိုက်လေသည်။ “သေသေချာချာကြည့်… ငါက ရန်ကိုင်ပဲ…”

ရန်ကိုင်ပါးစပ်မှ ထိုစကားထွက်လာသည်နှင့်တစ်ပြိုင်နက် လီရှီချင်း လုံးဝကို ထိတ်လန့်သွားခဲ့ပြီး ရန်ကိုင်အား မယုံကြည်နိုင်ဟန်အထင်းသားဖြင့် ကြည့်လိုက်လေသည်။

သူမလည်း ရန်ကိုင်အကြောင်းကို သိပေသည်။ သို့ပါသော်ငြား သူမရှေ့တွင်ရှိနေသည့်လူသည် သူမကြားဖူးသည့်လူနှင့် လုံးဝကို ကွဲပြားနေခဲ့သည်။ သူမကြားဖူးနေသည့်ရန်ကိုင်မှာ ကြယ်တာရာအစုအဝေး၏ အထွန်းတောက်ဆုံးသော တက်သစ်စကြယ်ပွင့်တစ်ပွင့် ဖြစ်ပါသော်ငြား လက်ရှိ သူမရှေ့တွင် ရှိနေသည့်လူမှာတော့ အလွန်ကိုမှ ရက်စက်ကြမ်းကြုတ်လှသည့် လူတစ်ဦး ဖြစ်နေခဲ့လေသည်။

ရန်ကိုင်က ဆက်၍ပြောလိုက်လေ၏။ “အခုကစပြီးတော့ နင်က ငါ့အစေခံပဲ… ငါပြောတာလုပ်… တစ်ခွန်းမှ ပြန်ပြီး အထွန့်မတက်နဲ့… မဟုတ်ရင် နင့်ဘဝက သေတာထက်ဆိုးသွားမယ်… ကြားလား…”

လီရှီချင်းမှာ ငေးကြောင်ကြောင်ဖြစ်နေလေရာ ရန်ကိုင်ပြောသည့်စကားကို ချက်ချင်း ပြန်ဖြေမပေးနိုင်ခဲ့ပေ။ ရန်ကိုင်မှ နောက်တစ်ကြိမ် ထပ်မေးလာခဲ့ပြီး သူမရင်ဘတ်ပေါ် ခပ်ပြင်းပြင်း ဆောင့်နင်းချလာသည့်အခါမှသာလျှင် လီရှီချင်း အသိပြန်ဝင်လာခဲ့ပြီး အလျင်စလို ခေါင်းညိတ်လိုက်လေ၏။ မျက်ရည်စများတော့ သူမ၏မျက်ဝန်းထောင့်မှ မိုးသီးမိုးပေါက်များပမာ စီးကျလာတော့လေသည်။

ရန်ကိုင်ကမူ ထိုမျှနှင့်ပင် ကျေနပ်သွားသည့်အလား လီရှီချင်း၏ရင်ဘတ်ပေါ် တက်နင်းထားသည့် ခြေထောက်ကို ဖယ်၍ သက်လတ်ပိုင်းနတ်ဆိုးဘုရင်ဆီသို့ လက်ဆန့်ကာ ပြောလိုက်လေသည်။ “ကျုပ်ရဲ့ နတ်ဆိုးသလင်းကျောက်တွေရော…”

သက်လတ်ပိုင်းနတ်ဆိုးဘုရင်သည် အဆင်သင့်ပြင်ထားသော သိုလှောင်လက်စွပ်ကို ရန်ကိုင်လက်ထဲသို့ ချက်ချင်း ထည့်ပေးလိုက်လေသည်။

(ဒါကြောင့်ပဲ တော်ဝင်သခင် ဒီလူ့ကို နတ်ဆိုးနယ်မြေဆီ ခေါ်လာတာ ဖြစ်ရမယ်… ဒီကောင်က တကယ်ကို ရက်စက်လွန်းတဲ့ကောင်ပဲ…)

ရန်ကိုင်သည် သိုလှောင်လက်စွပ်ကိုယူ၍ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်လေသည်. အကုန်လုံးမှာ သေချာစစ်ဆေးပြီးသွားသည့်နောက်တွင် ပိုင်ကျိုးဘက်သို့လှည့်၍ ပြုံးကာ ပြောလိုက်‌လေ၏။ “ရောင်းရင်းပိုင်… ဒီကကိစ္စတွေ ပြီးသွားပြီဆိုတော့ ကျုပ်သွားတော့မယ်…”

ပိုင်ကျိုးက ယဲ့ယဲ့လေးပြုံး၍ ထိုင်ရာမှထကာ ပြောလိုက်လေ၏။ “သွားကြရအောင်… ငါလည်း တော်ဝင်သခင်နန်းတော်ဆီ သွားဖို့ရှိနေတာနဲ့ အတော်ပဲ…”

ရန်ကိုင်လည်း ဘာမျှ ပြောမနေတော့ဘဲ ရှောင်ဝူအား လီရှီချင်းကိုခေါ်လာရန် အမိန့်ပေးပြီးသည့်နောက် အခန်းထဲမှ ထွက်လာခဲ့လေသည်။

ရန်ကိုင်တို့နှစ်ဦးမှာ စကားတပြောပြောဖြင့် ထွက်လာခဲ့လေ၏။ ပိုင်ကျိုးနှင့် စကားပြောနေရင်းမှ ပိုင်ကျိုးသည် သူနှင့် မိတ်ဆွေဖွဲ့လိုကြောင်းကို ရန်ကိုင် တွေ့ရှိသွားခဲ့ရသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း ဇဝေဇဝါ ဖြစ်သွားခဲ့ရလေ၏။

(ကြည့်ရတာ ငါနဲ့ ယုရုမန်ရဲ့ ဆက်ဆံရေး‌ကြောင့်နဲ့တူတယ်…)

ပိုင်ကျိုးမှာ နတ်ဆိုးသလင်းကျောက် သန်းတစ်ရာအကြောင်းကို အစမဖော်ခဲ့ပေ။ ရန်ကိုင်ကလည်း ထိုနတ်ဆိုးသလင်းကျောက်သန်းတစ်ရာအား ပိုင်ကျိုးဆီသို့ ပြန်ပေးရန် မစဉ်းစားထားခဲ့။ နတ်ဆိုးသူတော်စင်တစ်ပိုင်းအတွက်မူ နတ်ဆိုးသလင်းကျောက်သန်းတစ်ရာမှာ ဘာမျှမပြောပလောက်ပေ။

တစ်ခဏအကြာ၌ သူတို့ရှေ့၌ တစ်စုံတစ်ဦးမှ ပိတ်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုလူအနီးဝန်းကျင်တွင် မည်သူမျှမရှိ။ ထိုလူဆီမှ ထွက်ပေါ်နေသည့် ခြောက်ခြားဖွယ်ရာအရှိန်အဝါသည် ထိုလူအနားသို့ မည်သည့်နတ်ဆိုးမှ မချဉ်းကပ်လာရဲအောင် တားဆီးထားနေခဲ့လေသည်။

ထိုလူမှာတော့ အခြားမဟုတ်။ ယွဲ့စန်းသာ ဖြစ်လေသည်။

သွေးပြိုင်ကွင်းမှသတင်းများကို ကြားပြီးသည့်နောက် အလျင်စလို ပြေးလာခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။ ပိုင်ကျိုးသည် တွေးတွေးဆဆဖြင့် လှမ်း၍ကြည့်လိုက်သည်။ ပိုင်ကျိုးမှာ ယခုကဲ့သို့ဖြစ်မည်မှန်းကို ကြိုသိထားသည့်အတွက်ကြောင့်ပင်လျှင် ရန်ကိုင်နှင့်အတူ နန်းတော်ဆီသို့ လိုက်ခဲ့ခြင်း ဖြစ်လောက်ပေသည်။

ရန်ကိုင်သည်သာ သူ့ဘာသာသူ တစ်ဦးတည်း ယွဲ့စန်းနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ပြဿနာတက်သွားရနိုင်သည်။

ထိုအခိုက်အတန့်ဝယ် ယွဲ့စန်း၏မျက်လုံးများမှာ မီးတောက်လောင်နေသည့်ပမာ ရန်ကိုင်တို့အား ဒေါမာန်တကြီးဖြင့် စိုက်ကြည့်နေခဲ့လေသည်။ သတ်ဖြတ်လိုစိတ်တို့မှာလည်း အထင်းသား။ အဆုံးတွင် ယွဲ့စန်းသည် ပိုင်ကျိုးကိုကြည့်၍ ပြောလိုက်လေ၏။ “မင်း ငါ့ကိစ္စမှာ တကယ်ဝင်ပါချင်နေတာလား…”

ပိုင်ကျိုးက ရယ်သွမ်းသွေးလျက် “ငါ့မှာ လုပ်စရာကိစ္စမှမရှိတာ… ဒီတော့ နည်းနည်းပါးပါး အပျော်လေးလာရှာတာ…”

ယွဲ့စန်းက နှာခေါင်းရှုံ့လျက် ရန်ကိုင်အား လက်ညှိုးထိုးရင်းမှ ပြောလိုက်လေ၏။ “သူ့အတွက် ဆေးပေါင်းစုံနတ်ဆိုးဆေးလုံး အလုံးသုံးဆယ်…”

(ဆေးပေါင်းစုံနတ်ဆိုးဆေးလုံး…) ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ်လက်သွားခဲ့သည်။ (အဲ့ဒါဘာဆေးကြီးလဲ…)

သို့ပါသော်ငြား ယွဲ့စန်း၏လေသံကို ကြည့်ရသလောက် ယွဲ့စန်းသည် ဆေးပေါင်းစုံနတ်ဆိုးဆေးလုံး အလုံးသုံးဆယ်ဖြင့် ပိုင်ကျိုး သူ့ကိစ္စတွင် ဝင်မပါစေအောင် တားဆီးချင်သည့်ပုံပင်။

ယခုကဲ့သို့သောနေရာမျိုးတွင် ပိုင်ကျိုးသာမရှိပါက ယွဲ့စန်း လုပ်ချင်တိုင်းလုပ်လို့ရပေသည်။ ဤနေရာသည် ယုရုမန်၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေပါသော်ငြား ယွဲ့စန်းသည်သာ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်သရွေ့ ဘာကိစ္စမျှ ရှိလိမ့်မည်မဟုတ်။

ရန်ကိုင်သည် ပိုင်ကျိုးအား လှမ်းကြည့်လိုက်ရာ ပိုင်ကျိုး၏မျက်နှာ မဆိုစလောက်ကလေး ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ ထိုအကြောင်းကြောင့် ဆေးပေါင်းစုံနတ်ဆိုးဆေးလုံးများမှာ ပိုင်ကျိုးအတွက် အတော်လေးကိုမှ အဖိုးတန်ရမည့် ဆေးလုံးများဖြစ်မည်မှန်း သဘောပေါက်လိုက်လေသည်။

သို့ပါသော်ငြား ပိုင်ကျိုးကမူ ခေါင်းခါ၍ ပြန်ပြောလိုက်လေ၏။ “မင်းလိုချင်တာကို ငါမပေးနိုင်ဘူးပဲထင်ပါတယ်…”

“ငါးဆယ်…”

ပိုင်ကျိုးသည် နဖူးကိုပွတ်ရင်းမှ မဲ့ပြုံးပြုံး၍ “တကယ်ကိုတော့ လဲချင်စရာပဲ… ဒါပေမယ့်…”

“ရှစ်ဆယ်…” ယွဲ့စန်း သူ့လေသံကို မြှင့်လိုက်သည်။ ထိုဆေးလုံးအလုံးရှစ်ဆယ်ကို ပေးဖို့ရာမှာ သူ့အတွက်လည်း အတော်လေးကိုမှ များပြားလှသည့်အလား ယွဲ့စန်း၏မျက်နှာကြီးမှာ သံပုရာသီးကိုက်ထားရသည့်ပမာ ဆူပုပ်နေခဲ့လေသည်။ “ဒါ ငါအများဆုံးပေးနိုင်တာပဲ…”

ပိုင်ကျိုးသည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် လီရှီချင်းအား လှမ်း၍ကြည့်လိုက်ရာ ရန်ကိုင် ရင်ထိတ်သွားခဲ့လေသည်။ ကံကောင်းစွာဖြင့် ပိုင်ကျိုးမှာ ယွဲ့စန်း၏ ကမ်းလှမ်းချက်ကို သဘောမတူခဲ့ပဲ ပြန်၍သာ ပြောလိုက်လေ၏။ “နည်းနည်းလေးပြောင်းလိုက်မယ်… သူ့အစား မင်း ဒီအမျိုးသမီးကို ယူသွားလိုက်…”

ပြောပြီးသည့်နောက် လီရှီချင်းအား လက်ညှိုးထိုးပြလိုက်သည်။

“စဉ်းတောင်မစဉ်းစားနဲ့…” ရန်ကိုင်က ထအော်လေသည်။ “သူက ကျုပ်အပိုင်ပဲ…”

ထိုအခါ ပိုင်ကျိုးက ပုခုံးတွန့်လျက် ပြန်၍ပြောလိုက်သည်။ “အဲ့ဒါဆိုရင်တော့ ဆိုးတာပဲ…”

ယွဲ့စန်း၏မျက်နှာကြီး သုန်မှုန်သွားတော့လေသည်။ “မင်း တကယ်နောင်တမရမှာ သေချာလား… ငါ့ကိုဒေါသထွက်အောင်လုပ်လို့ ဘာမှကောင်းလာမှာမဟုတ်မှန်း မင်းသိတယ်နော်…”

ပိုင်ကျိုးက ယဲ့ယဲ့လေးပြုံးလျက် “အဲ့လောက်ကြီးလည်း အဖြစ်သည်းပြမနေပါနဲ့ကွာ… မင်း ဘာလုပ်နိုင်လဲဆိုတာကို ငါသိတာပေါ့… ယွဲ့စန်း… ဒါပေမယ့် ငါသာ မင်းနေရာမှာဆိုရင် ငါ့ကိုယ်ငါပဲ အရင်စိတ်ပူနေမှာ… တော်ဝင်သခင် ဒီကိစ္စကို ဒီတိုင်းထားပေးလိုက်မယ်လို့ မင်းထင်နေတာလား…”

ယွဲ့စန်းမှာ ဘာကိုမှ ပြန်မပြောတော့ပေ။ သူ့ခန္ဓာကိုယ်ရှိ ထွက်ပေါ်နေသည့် အရှိန်အဝါကသည်သာ အချိန်မရွေး ပေါက်ကွဲတော့မည့်ပမာ ဖြစ်နေခဲ့လေသည်။

ပိုင်ကျိုးကမူ သူ့မေးစေ့ကိုပွတ်ရင်းမှ ပြန်ပြောလိုက်လေ၏။ “မင်း မလှုပ်ရှားဘူးဆိုရင် ငါတို့ သွားတော့မယ်…”

ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်အား သူ့နောက်သို့လိုက်ခဲ့ရန် အချက်ပြလိုက်သည်။ ထို့နောက်တွင် ပိုင်ကျိုးသည် ရှေ့မှဦးဆောင်၍ ယွဲ့စန်းအား ဖြတ်ကျော်သွားခဲ့လေ၏။

ယွဲ့စန်းအား ကျော်သွားချိန် ရန်ကိုင်သည် ယွဲ့စန်းဘက်သို့လှည့်၍ကြည့်လိုက်သည်။ လက်ရှိအချိန်တွင်မူ ယွဲ့စန်းမှာ ရန်ကိုင်အပေါ် တိုက်ခိုက်ချင်စိတ်ကို အတတ်နိုင်ဆုံး အောင့်အည်းထားရသည့်အလား လက်သီးကို တင်းတင်းဆုပ်ထားခဲ့ပြီး မျက်နှာကြီးမှာလည်း မြင်မကောင်းအောင် ရှုံ့မဲ့နေလေသည်။

သူသည်သာ ဤနေရာတွင် ပိုင်ကျိုးနှင့် တိုက်ခိုက်မည်ဆိုပါက အနိုင်ရနိုင် မရနိုင် သေချာမှုမရှိပေ။ ထို့အပြင် ယုရုမန်၏ အမျက်ဒေါသကိုပါ ခံစားရမည့်အကြောင်း စဉ်းစားမိလိုက်သော် ရန်ကိုင်တို့အဖွဲ့ ထွက်သွားသည်ကို ရပ်ကြည့်နေရုံသာ တတ်နိုင်ခဲ့လေသည်။

ယွဲ့စန်းနှင့် ခပ်လှမ်းလှမ်းသို့ ရောက်လာသည့်အခါမှသာလျှင် ရန်ကိုင် သက်ပြင်းတစ်ရှိုက် ရှူထုတ်လျက် ပိုင်ကျိုးကိုကြည့်ကာ ပြောလိုက်သည်။ “ခင်ဗျား ကျုပ်နဲ့ တကယ်ကြီး အလဲအလှယ်လုပ်ချင်တာလား…”

ပိုင်ကျိုးက ရယ်မောလျက် “ဘယ်လိုလုပ်ပြီး အဲ့လိုမျိုး လုပ်လို့ရမလဲကွ… ငါ အဲ့လိုမျိုးလုပ်လိုက်ရင် တော်ဝင်သခင် ငါ့ကို သတ်မှာပေါ့…” ထိုသို့ပြောပြီးသည့်နောက် မျက်ရည်ဝိုင်းနေသည့် လီရှီချင်းကိုကြည့်၍ “ဒါပေမယ့် ဒီအမျိုးသမီးအတွက် ဆေးပေါင်းစုံနတ်ဆိုးဆေးလုံး အလုံးရှစ်ဆယ်ကတော့ တကယ်ကို တန်တယ်လို့ ပြောရမယ်…”

“ဆေးလုံးပေါင်းစုံနတ်ဆိုးဆေးလုံးဆိုတာ ဘာတွေလဲ…” ရန်ကိုင်က ပြန်၍မေးလိုက်သည်။

ပိုင်ကျိုးက ပြန်၍ပြောလိုက်လေ၏။ “အခုမေးနေလို့လည်း အပိုပဲ… နောက်ပိုင်းကျရင် သိလာလိမ့်မယ်…”

ပိုင်ကျိုးမှ မဖြေချင်သည့်အတွက်ကြောင့် ရန်ကိုင်လည်း ဆက်၍မေးမနေတော့ပေ။

မကြာမီတွင် နန်းတော်ဆီသို့ ပြန်ရောက်လာခဲ့သည်။ ထိုနေရာသို့ရောက်သော် ပိုင်ကျိုးသည် ယုရုမန်နှင့် တွေ့ချင်သည်ဟုဆိုကာ ရန်ကိုင်နှင့် လမ်းခွဲသွားခဲ့သည်။

နေအိမ်သို့ ပြန်ရောက်လာသော် ရန်ကိုင်သည် ရှောင်ဝူအား လီရှီချင်းအတွက် နေထိုင်စရာတစ်ခု စီစဉ်ပေးရန် ပြောပြီးသည့်နောက် သူဝယ်လာသည့်မြေပုံကို ထုတ်ကာ စတင်စစ်ဆေးကြည့်တော့လေသည်။

နတ်ဆိုးနယ်မြေထဲဝယ် ရန်ကိုင်အနေဖြင့် မည်သူ့ကိုမျှ အားကိုးနေ၍မရပေ။ လမင်းမဟာဧကရာဇ် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကိုလည်း အခြားသူများအား လိုက်လံမေးမြန်းဖို့ရာ မဖြစ်နိုင်။ ထိုအကြောင်းကြောင့် သူ့ဘာသာသူ ကြိုးစားရုံသာ တတ်နိုင်တော့သည်။

သေသေချာချာ လေ့လာကြည့်နေပြီးသည့်နောက်တွင် နတ်ဆိုးနယ်မြေကြီးမှာ အမှန်တကယ်ကို ကျယ်ပြောလှကြောင်း တွေ့ရှိလိုက်ရသည်။ နတ်ဆိုးနယ်မြေထဲဝယ် အပိုင်းပိုင်းဖြစ်နေသော တိုက်ပေါင်း ငါးရာကျော်မက ရှိနေခဲ့သည်။ ထိုတိုက်ကြီးများအနက် အရွယ်အစား အလွန်ကိုမှ ကြီးမားလှသော တိုက်ကြီးများ ပါနေသလို သေးငယ်လှသည့်တိုက်များလည်း ရှိနေကြပေသည်။ သို့ပါသော်ငြား ထိုတိုက်ကြီးများအကုန်လုံး၏ စုစုပေါင်းအရွယ်အစားသည် ကြယ်တာရာအစုအဝေးထက် အဆပေါင်းများစွာ ပိုမိုကြီးမားပေသည်။

ထိုတိုက်များကြားဝယ် လမင်းမဟာဧကရာဇ်ကို လိုက်ရှာဖို့ရာမှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေသည့်ပမာ ဖြစ်နေလေသည်။

ထိုအကြောင်းကြောင့် ရန်ကိုင်မှာ အတော်လေးကိုမှ ကူကယ်ရာမဲ့သွားရတော့လေ၏။

သူ့စိတ်ထဲ ကူကယ်ရာမဲ့နေစဉ်မှာပင် လီရှီချင်းကို ရုတ်တရက် သတိရသွားခဲ့သည်။ လီရှီချင်း နတ်ဆိုးနယ်မြေသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် တစ်ခုခုအား သိထားကောင်း သိထားလောက်ပေသည်။

ရန်ကိုင်သည် မြေပုံကို ပြန်သိမ်း၍ အခန်းတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။

ထို့နောက်တွင် ရှောင်ဝူကိုခေါ်၍ မေးမြန်းကြည့်လိုက်ရာ လီရှီချင်း မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို သိလိုက်ပြီးသည့်နောက် ထိုအရပ်ဆီသို့ ဦးတည်သွားလေ၏။

လီရှီချင်းနေနေသည့်နေရာမှာ ရန်ကိုင်၏အခန်းနှင့် သိပ်မဝေးလှပေ။ ထိုအကြောင်းကြောင့် တစ်ခဏလေးအတွင်းမှာပင် သူမနေသည့်အခန်းဆီသို့ ရောက်လာခဲ့သည်။

အခန်းတံခါးအား တွန်းဖွင့်၍ ဝင်လာပြီးသည့်နောက် ရန်ကိုင်သည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ရာ လီရှီချင်းမှာ အခန်းထောင့်ဝယ် ဒူးလေးကို လက်နှစ်ဖက်ဖြင့်ဖက်၍ ဒူးပေါ် မေးတင်ရင်းမှ သနားစဖွယ်ပုံစံလေးဖြင့် ကျုံ့ကျုံ့လေးထိုင်နေကြောင်းကို တွေ့လိုက်ရလေသည်။

အသံဗလံများကြားလိုက်သော် မော့ကြည့်လိုက်ရာ ရန်ကိုင်ကိုမြင်လိုက်သည့်အခိုက် လီရှီချင်းတစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ရန်ကိုင် သူမအပေါ် မည်ကဲ့သို့ ဆက်ဆံခဲ့သလဲဆိုသည်ကို မှတ်မိနေသေးသည့်ပုံပင်။ သူမစိတ်ထဲ နောက်သို့ ဆုတ်ချင်နေပါသော်ငြား ဆုတ်စရာလမ်းမရှိတော့။ နံရံကြီးသာ ရှိနေသည့်အတွက်ကြောင့် ကျုံ့ကျုံ့လေးသာ နံရံနှင့်ကပ်နေရုံသာ တတ်နိုင်လေ၏။

ရန်ကိုင်က လှောင်ပြုံးပြုံးပြလိုက်ရာ လီရှီချင်းမှာ ပို၍ပင် ကြောက်သွားခဲ့ရလေသည်။

ရန်ကိုင်မှ သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခိုက် အခန်းတံခါး ပိတ်သွားခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်သည် လီရှီချင်းဆီသို့ လျှောက်သွားလိုက်သည်။

လီရှီချင်းမှာမူ အသက်ကိုပင် ရဲရဲမရှူတော့။ သူမရှေ့သို့ တစ်လှမ်းချင်း လျှောက်လာနေသည့်လူကိုသာ ကြောက်လည်းကြောက် မျက်လုံးလည်းအပြူးသားဖြင့် ကြည့်နေမိလေ၏။

လီရှီချင်းအား ကြည့်နေရင်းမှ ရန်ကိုင်စိတ်ထဲ အနည်းငယ် ထူးဆန်းနေသလို ခံစားနေရလေသည်။ ယုရုမန်မှာ အတန်ကြာအောင် လီရှီချင်းအယောင် ဆောင်ခဲ့သည့်အတွက်ကြောင့် ရန်ကိုင်မှာ လီရှီချင်း၏မျက်နှာနှင့် ရင်းနှီးနေခဲ့သည်။ သို့ပါသော်ငြား တကယ့်လီရှီချင်းသည် ဤကဲ့သို့သောပုံစံမျိုး ဖြစ်နေလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

ရန်ကိုင်မှ သူ့လက်ကိုမြှောက်လိုက်ရာ ထိုင်ခုံတစ်ခုံ သူ့ဆီသို့ ပျံသန်းလာလေ၏။

ထိုအခိုက်အတန့်ဝယ် လီရှီချင်းသည် သူမ၏ခေါင်းကို လက်ဖြင့်အုပ်ထားရင်းမှ တိုးတိုးလေးပြောလိုက်လေ၏။ “ကျေးဇူးပြုပြီး ကျွန်မကို မရိုက်ပါနဲ့… ကျေးဇူးပြုပြီး ကျွန်မကို မရိုက်ပါနဲ့…”

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားတော့လေ၏။ (သူက ပန်းအရီပ်မဟာဧကရာဇ်ရဲ့ အမွေခံတပည့် ဟုတ်ရောဟုတ်ရဲ့လား… ဘာဖြစ်လို့ ဒီ‌လောက်တောင် ကြောက်နေရတာလဲ… ဒါနဲ့ ဘယ်လိုလုပ်ပြီး ဧကရာဇ်ဒုတိယအဆင့် ဖြစ်လာရတာလဲ… ဘာလဲ… ပန်းအရိပ်မဟာဧကရာဇ်က သူ့ကို ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ထားထားတာလား…)

ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လီရှီချင်း၏ခေါင်းကို ကောက်ခေါက်လိုက်လေသည်။

ချက်ချင်းဆိုသလို လီရှီချင်းမှာ မျက်လုံးလေးပိတ်ရက်သားဖြင့် မြေပြင်ပေါ်သို့ လဲပြိုကျသွားခဲ့လေ၏။

ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင် ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ထို့နောက်တွင် သူ့လက်ကိုဆန့်၍ လီရှီချင်း၏အသက်ရှူနှုန်းကို စစ်ဆေးကြည့်လိုက်ရာ ရန်ကိုင်၏မျက်နှာအမူအယာ ထူးထူးဆန်းဆန်း ဖြစ်သွားတော့လေသည်။ ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် လီရှီချင်း သတိလစ်သွားကြောင်းကို တွေ့ရှိလိုက်ရသည်။

(ဘာလဲဟ… ငါ ဘာမှတောင် မပြောရသေးဘူးလေ…) ရန်ကိုင်မှာ လီရှီချင်းအား တစ်ခုခုမေးချင်ပါသော်ငြား ယခုကြည့်ရသလောက် မဖြစ်နိုင်တော့သည့်ပုံပင်။

ထို့ကြောင့် ရန်ကိုင်မှာလည်း စိတ်ညစ်ညစ်ဖြင့် ထိုင်စောင့်နေရုံသာ တတ်နိုင်တော့လေသည်။

အထွဋ်အထိပ်သိုင်းဧကရာဇ်

All Chapters