အခန်း ၃၄၅၉
Vol. 152 Ch. 3459
အပိုင်း (၃၄၅၉)
ဘာသာပြန်သူ_တိမ်တိုက်
ငါးနာရီ ခြောက်နာရီခန့် ကြာပြီးသည့်နောက်တွင် လီရှီချင်း ပြန်နိုးလာခဲ့သည်။ နိုးလာပြီး မျက်လုံးကို ဖွင့်ဖွင့်ချင်းမှာပင် သူမရှေ့တွင်ထိုင်နေသော ရန်ကိုင်ကို မြင်လိုက်သည့်အခိုက် လီရှီချင်းမှာ ချက်ချင်း ပြန်၍ပင် သတိလစ်ချင်သွားခဲ့လေ၏။
သို့ပါသော်ငြား သူမ၏မျက်လုံးကိုပိတ်၍ သတိလစ်ချင်ယောင် မဆောင်ရသေးခင်မှာပင် ရန်ကိုင်က စိတ်ပျက်ပျက်ဖြင့် ထအော်လိုက်လေ၏။ “သေသေချာချာထိုင်…”
ရန်ကိုင်အား အလွန်ကိုမှ ကြောက်နေသည့်အလား လီရှီချင်း၏ခန္ဓာကိုယ်လေး တုန်တုန်ရီရီ ဖြစ်သွားခဲ့လေသည်။ နှုတ်ခမ်းလေးကိုကိုက်လျက် ရန်ကိုင်ဆီမှ အကြည့်လွှဲဖယ်လိုက်ပြီးသည့်နောက်တွင် ခေါင်းလေးကိုငုံ့၍ ဖြည်းဖြည်းချင်း ထိုင်ချလိုက်လေသည်။
လီရှီချင်း၏ပုံစံကိုကြည့်ရင်း ရန်ကိုင်မှာ သနားစိတ်ပင် ဝင်မိသွားသည်။ သို့ပါသော်ငြား ခက်ထန်သည့်အမူအယာဖြင့် ဆက်၍မေးလိုက်လေ၏။ “နင်က လီရှီချင်းလား…”
လီရှီချင်း ခေါင်းညိတ်ပြလိုက်သည်။
ရန်ကိုင်သည် နားထင်ကိုပွတ်ရင်းမှ ထပ်မေးလိုက်လေ၏။ “ပန်းအရိပ်မဟာဧကရာဇ်က နင့်ဆရာလား…”
လီရှီချင်း ခေါင်းထပ်ညိတ်ပြလိုက်သည်။
“နင် အ နေတာလား…”
လီရှီချင်း ခေါင်းထပ်ညိတ်ပြလေသည်။ သို့ပါသော်ငြား ချက်ချင်းပဲ ခေါင်းပြန်ခါ၍ ရန်ကိုင်အား ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။ “မအပါဘူး…”
ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့၍ “မအရင် ငါမေးရင် ပြန်ဖြေ… လိမ်ဖို့မကြိုးစားနဲ့နော်… မဟုတ်ရင် အကျိုးဆက်ကို သိသွားမယ်…”
“ဟုတ်ကဲ့ ဟုတ်ကဲ့…” လီရှီချင်းမှာ ခေါင်းလေးကိုကိုင်ရင်းမှ အဆက်မပြတ်ကို ညိတ်ပြနေလေသည်။ မသိလျှင် ရန်ကိုင်အသံမှာ အတော်လေးကိုမှ ကျယ်လောင်လွန်းသည့်အတွက်ကြောင့် သူမ၏နား မခံသာအောင် ဖြစ်နေသည့်အလား။
ထိုမြင်ကွင်းကိုကြည့်ရင်း ရန်ကိုင်မှာ ပန်းအရိပ်မဟာဧကရာဇ်ကိုပင်လျှင် သနားမိသွားတော့သည်။ ပန်းအရိပ်မဟာဧကရာဇ်သည် ဤမျှ စိတ်ဓာတ်အားနည်းလှသည့် တပည့်တစ်ဦးကို မည်ကဲ့သို့များ ပျိုးထောင်ခဲ့ရလေသနည်း။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ဆက်၍မေးလိုက်လေသည်။ “နင့်ပုံစံကိုကြည့်ရသလောက်တော့ နင်ငါ့ကို ကြားဖူးမှာပေါ့… ဟုတ်တယ်မလား…”
“ကြားဖူးပါတယ်…”
“ဟဲ ဟဲ…” ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “နင် ငါနဲ့ပတ်သက်ပြီးတော့ ဘာတွေကြားဖူးလဲ မကြားဖူးလဲဆိုတာကို ငါဂရုမစိုက်ဘူး… ဒါပေမယ့် ငါ အခုပြောမှာကို သေသေချာချာ နားထောင်… ငါက ကြယ်တာရာအစုအဝေးကို သစ္စာဖောက်လာတာ… ဒီတော့ ငါတို့နှစ်ယောက်က ဘယ်လိုမှ အတူရှိဖို့ မဖြစ်နိုင်တော့ဘူး… အနှေးနဲ့အမြန်ဆိုသလို ငါ အဲ့ကြယ်တာရာအစုအဝေးတစ်ခုလုံးကို စိစိညက်ညက်ကြေအောင် လုပ်ပစ်ဦးမယ်…”
အစကမူ လက်ရှိအမှန်တရားအား လီရှီချင်းအား ရှင်းပြလိုခဲ့ပေသည်။ သို့ပါသော်ငြား သူမ၏ပုံစံကို မြင်ပြီးသည့်နောက် မပြောလျှင် ပိုကောင်းလိမ့်မည်ဟု ရန်ကိုင်တွေးမိလိုက်တော့သည်။ လီရှီချင်းသာ အကြောက်လွန်ပြီး စကားမှားထွက်သွားမိခဲ့လျှင် ပြဿနာတက်သွားရနိုင်ပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ ဤအမျိုးသမီးအား မယုံရဲတော့ပေ။
လီရှီချင်းသည် ရန်ကိုင်အား မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်းမှ မော့ကြည့်လာခဲ့လေသည်။
ရန်ကိုင်က ဆက်၍မေးလိုက်လေသည်။ “နင် ငါပြောတာကို ကြားလား…”
“ကြားပါတယ်…”
“ကောင်းပြီ…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ “အခု စမယ်… နင် ဒီကို ဘယ်လိုရောက်လာတာလဲ…”
လီရှီချင်းက ခေါင်းခါ၍ ပြန်ပြောလိုက်သည်။ “အဲ့ဒါတော့ ကျွန်မလည်းမသိဘူး… ကျွန်မ သတိလစ်သွားပြီးတဲ့နောက်ပိုင်း နိုးလာလည်းနိုးလာရော ဒီကိုရောက်နေမှန်း သိလိုက်ရတာ…”
(ယုရုမန်လက်ချက်ပဲဖြစ်ရမယ်… ပိုင်ကျိုးကလည်း ဝင်ပြီးတော့ ကူညီပေးခဲ့လောက်တယ်…)
ရန်ကိုင်က ရုတ်တရက် ခေါင်းစဉ်ပြောင်း၍ ထပ်မေးလိုက်လေသည်။ “လမင်းမဟာဧကရာဇ် နတ်ဆိုးနယ်မြေထဲကို ရောက်နေတယ်လို့ပြောတယ်… သူ အခု ဘယ်မှာလဲ နင်သိလား…”
“စီနီယာလမင်းကိုပြောတာလား…” လီရှီချင်း ကြောင်သွားလေသည်။
“သူမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ…” ရန်ကိုင်သည် လီရှီချင်းကို စိုက်ကြည့်ရင်းမှ ပြန်ပြောလိုက်သည်။
“စီနီယာလမင်း ဒီမှာလား…” လီရှီချင်း ပို၍ပင် ထိတ်လန့်သွားခဲ့သည်။
ရန်ကိုင် သက်ပြင်းသာ ချလိုက်တော့သည်။ လီရှီချင်း၏ပုံစံကို ကြည့်ရသလောက် လမင်းမဟာဧကရာဇ် မည်သည့်နေရာတွင် ရှိနေသလဲဆိုသည်ကို မသိသည့်ပုံပင်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ လီရှီချင်းနှင့် စကားဆက်ပြောချင်စိတ် မရှိတော့ပေ။ သူမနှင့် စကားဆက်ပြောနေ၍လည်း သူသိချင်သည့်အကြောင်းအရာကို သိရတော့လိမ့်မည်မှ မဟုတ်လေပဲ။
ရန်ကိုင်တိတ်ဆိတ်သွားသည့်အခါတွင် လီရှီချင်းမှာလည်း အသံမထွက်ရဲခဲ့ပေ။ ထိုအကြောင်းကြောင့် အခန်းတစ်ခန်းလုံးမှာ ရုတ်ချည်းဆိုသလို တိတ်ကျသွားခဲ့လေသည်။
အတန်ကြာသွားပြီးသည့်နောက်တွင် ရန်ကိုင်က ပြောလိုက်လေသည်။ “နင် နတ်ဆိုးချီကို ခုခံနေတာ ငါတွေ့တယ်… ဒါပေမယ့် နင် အဲ့ပုံစံအတိုင်း ဘယ်လောက် ဆက်ပြီးတော့ ထိန်းထားနိုင်မှာလဲ…” လီရှီချင်း ဤပုံစံအတိုင်း မည်မျှကြာအောင် ဆက်သွားနိုင်မလဲဆိုသည်ကို သူမသိပေ။ သို့သော်ငြား သူမကိုယ်ထဲရှိ စွမ်းအားမှာ ကုန်လုနီးပါး ဖြစ်နေလောက်ပြီ ဟူသော အချက်ကိုမူ ရန်ကိုင် ခံစားနေမိလေသည်။ သူမသတိလက်လွတ်ဖြစ်သွားစဉ်က ရန်ကိုင်မှ သူမအား ကာကွယ်ပေးထားခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ယခုအချိန်လောက်ဆိုလျှင် လီရှီချင်းမှာ နတ်ဆိုးချီ၏ကူးစက်ခြင်း ခံနေရလောက်ပေပြီ။ နတ်ဆိုးချီမှာ သူမ၏ကိုယ်ထဲသို့သာ ရောက်သွားခဲ့မည်ဆိုလျှင် သူမအပေါ် အနှေးနှင့်အမြန်ဆိုသလို သက်ရောက်မှုရှိပေလိမ့်မည်။ ထိုနတ်ဆိုးချီကိုသာ ထိုအတိုင်း ထားလိမ့်မည်ဆိုပါက လီရှီချင်းမှာ ကျိန်းသေ နတ်ဆိုးတစ်ကောင်အသွင်သို့ ပြောင်းသွားပေလိမ့်မည်။ ထိုအခါ လီရှီချင်းက ဖြည်းဖြည်းချင်းခေါင်းခါလျက် ပြန်၍ပြောလိုက်လေ၏။ “အများဆုံးဆယ်ရက်ပဲ… သိုလှောင်လက်စွပ်ကို သူတို့တွေ ယူသွားတယ်… အခု ကျွန်မမှာ ဘာပစ္စည်းမှ မရှိတော့ဘူး…”
လီရှီချင်းတွင် မည်သည့်သိုလှောင်လက်စွပ်မှ မရှိသည်ကို ရန်ကိုင်သတိထားမိပေသည်။ သူမတွင်သာ လိုအပ်သည့် အရင်းအမြစ်များ ရှိနေခဲ့မည်ဆိုလျှင် ယခုကဲ့သို့ သနားစရာဘဝမျိုးသို့ ရောက်နေလိမ့်မည်မဟုတ်ပေ။
ရန်ကိုင်သည် လီရှီချင်းဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်ပြီးသည့်နောက် အေးစက်စက်လေသံဖြင့် ပြောလိုက်လေ၏။ “အသက်ရှင်အောင်နေ… နင်နတ်ဆိုးဖြစ်သွားရင် ငါ့အတွက် ဘာမှအသုံးဝင်တော့မှာမဟုတ်ဘူး…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ထရပ်၍ အပြင်သို့ ထွက်သွားလေ၏။
လီရှီချင်းမှာ ရန်ကိုင်ပစ်ပေးသွားသော သိုလှောင်လက်စွပ်ကို အမြန်ကောက်ယူ၍ စစ်ဆေးကြည့်လိုက်သည်။ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော အရင်းအမြစ်ကျောက်များ၊ ဆေးလုံးများကို မြင်ပြီးသည့်နောက် သူမ၏မျက်နှာထက် အပြုံးတစ်ပွင့် ချက်ချင်း ထွက်ပေါ်လာခဲ့လေသည်။ ထိုအရာများနှင့်သာဆိုပါက သူမ၏ခွန်အားကို ပြန်လည်ဖြည့်တင်းနိုင်လိမ့်မည်ဖြစ်သလို နတ်ဆိုးချီတိုက်စားမှုကိုလည်း ဆက်လက်၍ ခုခံနိုင်ပေလိမ့်မည်။
လီရှီချင်း၏အခန်းအပြင်ဘက်သို့ ထွက်လာသော် ယုရုမန်သည် အပြင်ဘက်ရှိပန်းဥယျာဉ်ထဲတွင် ရပ်နေရင်းမှ သူ့အား အဓိပ္ပာယ်ပါပါပြုံးကာ ကြည့်နေကြောင်းကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။
ယုရုမန်၏အရှိန်အဝါကို လုံးဝ မခံစားမိလိုက်သည့်အတွက်ကြောင့် ယုရုမန်ရောက်နေသည်ကိုမြင်သည့်အခါတွင် ရန်ကိုင်မှာ အံ့အားသင့်သွားခဲ့ရသည်။ သူ့စိတ်ထဲလည်း ကြိတ်၍ ဝမ်းသာမိသွားခဲ့လေသည်။ ကံကောင်းစွာဖြင့် လီရှီချင်းနှင့် စကားပြောစဉ်က မည်သည့်လျှို့ဝှက်ချက်ကိုမှ ထုတ်မပြောခဲ့ပေ။ ထိုသို့သာမဟုတ်လျှင်တော့ သူ့အဆုံးသတ်မှာ မတွေးရဲစရာပေ။
“နင် ဘာလို့ ဒီကိုရောက်နေတာလဲ…” ရန်ကိုင်သည် ယုရုမန်နားသို့ လျှောက်သွားပြီး သူမ၏ခါးကို ပွေ့ဖက်လိုက်ရင်းမှ မေးလိုက်သည်။
ယုရုမန်သည် ရန်ကိုင်၏လက်ကို ငုံ့ကြည့်လိုက်ရင်းမှ ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ငါ နင့်ကို နှောင့်ယှက်သလို ဖြစ်သွားလား…”
ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်လေသည်။ “ဘာနှောင့်ယှက်သလို ဖြစ်ရမှာလဲ…”
ယုရုမန်သည် လီရှီချင်းရှိနေသည့်ဘက်ဆီသို့ မေးငေါ့ပြလိုက်ရင်းမှ ဆက်၍ပြောလိုက်သည်။ “သူ့ကို သွေးပြိုင်ကွင်းကနေ ပြန်ခေါ်လာနိုင်ဖို့ ဒီလောက်ထိအောင် အလုပ်ရှုပ်ခံထားတာဆိုတော့ နင် သူ့ကို စိတ်မဝင်စားဘူးလို့တော့ ငါ့ကိုလာမပြောနဲ့နော်…”
ရန်ကိုင်က ဒေါမာန်တကြီးဖြင့် ပြန်ပြောလိုက်သည်။ “အဲ့ဒါနဲ့ပတ်သက်ပြီးတော့ ငါလည်း နင့်ကို မေးရဦးမယ်… ဒီကအစေခံတွေကနေ ဘာဖြစ်နေတာလဲ… ဘာဖြစ်လို့ သူတို့အကုန်လုံးရဲ့ ရုပ်တွေက ဒီလိုမျိုးတွေ ဖြစ်နေရတာလဲ… နင် တမင်တကာလုပ်ထားတာလား…”
ယုရုမန်က ရယ်သွမ်းသွေးရင်းမှ “အဲ့တော့ ဘာဖြစ်လဲ… နင် ငါ့နောက်ကွယ်မှာ မဖောက်ပြန်ပါဘူးလို့ ဘယ်သူပြောနိုင်မှာလဲ… ငါ နင့်ကို တစ်ချိန်လုံး စောင့်ကြည့်နေနိုင်တာမှမဟုတ်တာ… ဒီတော့ နည်းနည်းပါးပါး ကြိုတင်ပြီးတော့ ပြင်ဆင်ထားရတာပေါ့…”
ရန်ကိုင်သည် အံတကြိတ်ကြိတ်ဖြင့် ပြန်၍ပြောလိုက်လေသည်။ “နင် ငါ့ကိုမယုံတာလား…”
ယုရုမန်သည် ရန်ကိုင်အား စောင်းကြည့်၍ “နင့်ပုံစံက ယုံစရာရော ရှိလို့လား…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်၏လက်ကို ဖယ်ထုတ်၍ ပန်းဥယျာဉ်ထဲသို့ လျှောက်သွားလိုက်လေသည်။ ထို့နောက် ပန်းတစ်ပွင့်ကို ကောက်ယူကာ ရန်ကိုင်၏ခေါင်းပေါ်သို့ တင်ပေးလိုက်လေသည်။
ရန်ကိုင်သည် ယုရုမန်ကိုကြည့်ရင်းမှ ပြောလိုက်လေသည်။ “နင်ဘာလုပ်နေတာလဲ…”
“မလှုပ်နဲ့…”
“စဉ်းတောင်မစဉ်းစားနဲ့…” ယောက်ျားတစ်ဦးဖြစ်သည်နှင့်အညီ ရန်ကိုင်မှာ သူ့ခေါင်းပေါ် ပန်းပန်ထားသည့်ပုံစံမျိုးကို မည်ကဲ့သို့များ လက်သင့်ခံနိုင်ပါမည်နည်း။ ထို့အတွက်ကြောင့် အမြန်ရှောင်လိုက်ပါသော်ငြား ကံမကောင်းစွာဖြင့် ယုရုမန်မှာ ရန်ကိုင်အား ဖမ်းမိသွားခဲ့သေးပြီး သူ့ခေါင်းပေါ်သို့ ပန်းပွင့်လေးကို အသာအယာ တင်ပေးလိုက်လေသည်။ ထို့နောက် နောက်သို့ အမြန်ပြန်ဆုတ်သွားလေသည်။ တစ်ချိန်တည်းတွင် ရန်ကိုင်အားကြည့်ရင်းမှ တခစ်ခစ် အော်ရယ်မောနေတော့သည်။
ရန်ကိုင်၏မျက်နှာကြီးမှာတော့ ဒယ်အိုးဖင်ပမာ မည်းမှောင်နေခဲ့လေသည်။ သူ့ခေါင်းပေါ်တွင် တင်နေသော ပန်းကို လက်ဖြင့်ကောက်ယူ၍ လွှင့်ပစ်ချလိုက်ပြီးသည့်နောက် ထိုပန်းအား ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်လေသည်။ ထို့နောက် ပြန်၍ပြောလိုက်လေသည်။ “နင် စောင့်နေ… နင် အနှေးနဲ့အမြန်ဆိုသလို နောင်တရစေရမယ်…” ထိုသို့ပြောပြီးသည့်နောက် လှည့်ထွက်သွားလေသည်။ သို့ပါသော်ငြား ရန်ကိုင်၏လက်ကို ယုရုမန်မှ လှမ်းဆွဲထားခဲ့လေသည်။
“နင် ဘာလိုချင်သေးလို့လဲ…” ရန်ကိုင်မှာ အတော်လေးကိုမှ မကျေမနပ်ဖြစ်နေခဲ့သည်။ ကြယ်တာရာအစုအဝေးတွင် ရှိစဉ်က ယုရုမန်၏ကျင့်ကြံခြင်းမှာ ဧကရာဇ်ဒုတိယအဆင့်သာ ဖြစ်နေသည့်အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ယုရုမန်နှင့်ပတ်သက်၍ လုပ်ချင်သည့်အရာမှန်သမျှကို လုပ်နိုင်ခဲ့သည်။ သို့ပါသော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ယုရုမန်၏ကျင့်ကြံခြင်းမှာ နတ်ဆိုးသူတော်စင်အဆင့်သို့ ပြန်ရောက်သွားခဲ့လေရာ ရန်ကိုင်မှာ ယုရုမန်နှင့် အနည်းငယ်မျှပင် ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့ပေ။
ယခုဆိုလျှင် ယုရုမန်မှာ သူမခံစားရသမျှ အရာအားလုံးအပေါ် အတိုးနှင့်တကွ သူ့အပေါ် ပြန်၍ လက်စားချေနေသည်ဟုပင် ရန်ကိုင် သံသယဝင်နေမိလေသည်။
“နင် ဒေါသထွက်နေတာလား…” ယုရုမန်သည် ရန်ကိုင်အား ကြည့်ရင်းမှ ပြောလိုက်သည်။
ရန်ကိုင်သည် ယုရုမန်ကို ပြန်ကြည့်၍ ပြောလိုက်လေသည်။ “ဘယ်လိုလုပ်ပြီး ဒေါသမထွက်ရမှာလဲ…”
“အဲ့ဒါဆိုရင် လိုရင်းကိစ္စကို သွားရအောင်…” ယုရုမန်၏အမူအယာ ရုတ်ချည်း လေးနက်သွားခဲ့သည်။ ရန်ကိုင် နားထောင်လိုစိတ်မရှိသည်ကိုမြင်သော် ယုရုမန်သည် ချက်ချင်းပဲ ပြုံး၍ ရန်ကိုင်၏လက်ကို သူမ၏ရင်ဘတ်ပေါ်သို့ ကောက်တင်ပေးလိုက်လေ၏။
ပျော့အိအိခံစားချက်ကို ခံစားမိလိုက်သော် ရန်ကိုင် ချက်ချင်း ဝမ်းသာရွှင်မြူးလာခဲ့ပြီး အားပါးတရဖြင့် ဆုပ်နယ်လိုက်ရင်းမှ ခေါင်းညိတ်၍ ပြောလိုက်လေ၏။ “ပြော ပြော… ငါ နားထောင်နေတယ်…”
ရန်ကိုင်ကိုကြည့်ရင်း ယုရုမန်မှာ အနည်းငယ် ကြိတ်မနိုင် ခဲမရ ဖြစ်သွားခဲ့သည်။ သို့ပါသော်ငြား ဆက်၍ပြောလိုက်လေ၏။ “နင် အရိပ်တိမ်တိုက်တိုက်ဆီ သွားဖို့လိုတယ်…”
“အရိပ်တိမ်တိုက်တိုက်…” ရန်ကိုင် မျက်မှောင်ကျုံ့သွားခဲ့သည်။ ထို့နောက် ချက်ချင်းပဲ ထိုတိုက်အကြောင်းကို ပြန်၍ စဉ်းစားတော့လေ၏။ ကံကောင်းစွာဖြင့် ရန်ကိုင်မှာ သူအသစ်ဝယ်လာသောမြေပုံအား သေသေချာချာ လေ့လာထားခဲ့လေသည်။ ထိုသို့သာမဟုတ်ပါက အရိပ်တိမ်တိုက်တိုက်သည် မည်ကဲ့သို့သော တိုက်မျိုးဖြစ်သလဲဆိုသည်ကို လုံးဝသိလိမ့်မည်မဟုတ်ပေ။
အရိပ်တိမ်တိုက်တိုက်မှာ ကဝေတိုက်နှင့် သိပ်၍မဝေးပါသော်ငြား နီးလည်းမနီးပေ။ ထိုတိုက်ဆီသို့ ရောက်ရန်အတွက် ကဝေတိုက်ဆီမှတစ်ဆင့် နယ်မြေဂိတ်ပေါင်းများစွာကို ဖြတ်ကျော်၍ သွားရပေသည်။ လက်ရှိ ရန်ကိုင်၏အမြန်နှုန်းနှင့်တကွ ကျားခေါင်းစစ်ရထား၏ အကူအညီနှင့်ပါဆိုလျှင် ရန်ကိုင်အနေဖြင့် ထိုအရိပ်တိမ်တိုက်တိုက်ဆီသို့ ရောက်ရန် နေ့ဝက်ခန့် အချိန်ယူရပေလိမ့်မည်။
“ဘာအတွက်လဲ…” ရန်ကိုင် ဇဝေဇဝါဖြစ်နေလေသည်။
“အဲ့နေရာမှာ နင့်အကူအညီလိုနေတဲ့ ကိစ္စရှိလို့… ငါ နင့်ကို နတ်ဆိုးနယ်မြေဆီ ခေါ်လာရတဲ့အကြောင်းအရင်းကလည်း အဲ့ကိစ္စအတွက်ကြောင့်ပဲ… ဘာလုပ်ရမလဲဆိုတာကတော့ နင် အဲ့ကိုရောက်ရင် တစ်ယောက်ယောက်က နင့်ကို ရှင်းပြပေးလိမ့်မယ်…”
ရန်ကိုင် အတွေးနက်သွားခဲ့လေသည်။ သူ့အား နတ်ဆိုးနယ်မြေဆီသို့ ခေါ်လာနိုင်ရန်အတွက် ယုရုမန်မှာ နှလုံးသားစည်းတံဆိပ်ကို သူ့အပေါ်သို့ ထုတ်သုံးခဲ့လေသည်။ ယုရုမန် ဘာကြောင့် ထိုကဲ့သို့ လုပ်ရသလဲဆိုသည်ကို ရန်ကိုင် အမြဲတစေ စဉ်းစားခဲ့သည်။ သူမတွင် အကြံအစည်တစ်ခုခုရှိနေသည်မှာ လုံးဝကို သေချာပေသည်။ သို့ပါသော်ငြား လက်ရှိအခိုက်အတန့်သည် ယုရုမန်၏ရည်ရွယ်ချက်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းဖို့ရာ အကောင်းဆုံးသော အခိုက်အတန့်ဖြစ်ပေသည်။
ထို့အပြင် ဤနေရာ၌ လမင်းမဟာဧကရာဇ် မည်သည့်နေရာ၌ ရှိနေသလဲဆိုသည်ကို အဖြေမရှာရသေးပေ။ သူသည်သာ ကိုယ့်ဘာသာကိုယ် အခြားတစ်နေရာဆီသို့ ထွက်သွားမည်ဆိုပါက လမင်းမဟာဧကရာဇ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်ကောင်း မေးမြန်းနိုင်ပေလိမ့်မည်။
ထိုကဲ့သို့ စဉ်းစားမိလိုက်သော် ရန်ကိုင် ချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သို့ပါသော်ငြား မလုပ်ချင်သေးသည့်ပုံစံမျိုးဖြင့် ပြန်၍မေးလိုက်လေသည်။ “မသွားလို့မရဘူးလား…”
“ငါ့ကိုကူညီပေး…” ယုရုမန်က မျက်စိမှိတ်ပြလိုက်သည်။
ရန်ကိုင်မှာ မငြင်းရက်တော့ပေ။ ဤအမျိုးသမီးမှာ နတ်ဆိုးသူတော်စင်သာလျှင်မဟုတ် ကဝေနတ်ဆိုးတစ်ကောင်လည်း ဖြစ်သည်။ ထို့အတွက်ကြောင့် သူမ၏ညှို့ဓာတ်မှာ အလွန်ကိုမှ ပြင်းလှသည်။ မျက်စိတစ်ဖက်ကလေး မှိတ်ပြလိုက်ရုံဖြင့်ပင်လျှင် လူတစ်ဦးအား အသိစိတ်မဲ့သွားအောင် လုပ်နိုင်ပေသည်။
“ဒါနဲ့ပတ်သက်ပြီး ငါ ဘာအကျိုးအမြတ်ရမှာလဲ…” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။
ယုရုမန်သည် ရယ်သွမ်းသွေးလျက် ရန်ကိုင်အား စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် လီရှီချင်းရှိနေသည့် အခန်းဆီသို့ စောင်းကြည့်လျက် ပြောလိုက်လေ၏။ “အဲ့အခန်းထဲမှာရှိနေတဲ့အမျိုးသမီးကို နင်လုပ်ချင်တာလုပ်လို့ရတယ်… ငါ နင့်ကိုမတားဘူး…”
“အဲ့ဒါက ဘယ်လိုလုပ်ပြီး အကျိုးအမြတ်ဖြစ်ရမှာလဲ…” ရန်ကိုင် နှုတ်ခမ်းဆူလိုက်လေသည်။
“အဲ့ဒါဆို နင် ဘာလိုချင်တာလဲ…” ယုရုမန်သည် ရန်ကိုင်အား ကျီစယ်လိုသည့်အမူအယာဖြင့် ကြည့်လိုက်သည်။
ရန်ကိုင်၏နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီသွားခဲ့၏။ ထို့နောက်တွင် ယုရုမန်နားနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
ယုရုမန်မှာ ရန်ကိုင်အား မျက်စောင်းထိုးကာ သူမလက်ဖြင့် ရန်ကိုင်၏နားကို လှမ်းဆွဲကိုင်၍ တိုးတိုးလေးပြန်ပြောလိုက်သည်။
ထိုသို့ပြောနေစဉ်အတောအတွင်း သူမ၏နှုတ်ခမ်းလေးမှာ ရန်ကိုင်၏နားဖျားလေးနှင့် ထိသွားခဲ့လေသည်။
ရန်ကိုင်မှာတော့ ယုရုမန်၏ နီဆွေးဆွေးနှုတ်ခမ်းလေးများကို ကြည့်ရင်းမှ တံတွေးတစ်လုပ်မျိုချလျက် ပြောလိုက်လေသည်။ “တကယ်ကိုကောင်းမယ့်ပုံပဲ…”
ယုရုမန်မှာတော့ ရန်စခံလိုက်ရသလို ခံစားရကာ ရန်ကိုင်၏ခါးကို ဆွဲလိမ်လိုက်လေသည်။
ရန်ကိုင်က နာကျင်စွာဖြင့် အော်ဟစ်ငြီးတွားလိုက်လေ၏။ “ဘာပဲဖြစ်ဖြစ် ငါ အရိပ်တိမ်တိုက်ဆီသွားတာ ကိစ္စမရှိဘူး… ဒါပေမယ့် ယွဲ့စန်းကို ဘယ်လိုလုပ်မှာလဲ… သူ ငါ့ကို လမ်းတစ်ဝက်မှာ ဝင်တားရင်တားမှာ… သူ ငါ့ကို ဘယ်လိုသဘောထားလဲဆိုတာလည်း နင်သိတာပဲ… ငါ့ အခုလက်ရှိခွန်အားနဲ့သာဆို သူနဲ့တွေ့ရင် အဆင်ပြေမှာမဟုတ်ဘူး…”
ယုရုမန်က ပြန်ပြောလိုက်သည်။ “အဲ့ကိစ္စနဲ့ပတ်သက်ပြီး နင်စိတ်ပူနေစရာမလိုဘူး… လီရှီချင်းကို ငါ့ခွင့်ပြုချက်နဲ့မတောင်းဘဲ သူ့ဘာသာသူခေါ်ထုတ်သွားလို့ ငါ သူ့ကို အပြစ်ပေးပြီးသွားပြီ…”
“နင် သူ့ကို သတ်လိုက်တာလား…” ရန်ကိုင် ဝမ်းသာသွားတော့လေ၏။
“သူက သူတော်စင်တစ်ပိုင်းလေ… ငါ သူ့ကို ဒီတိုင်းကြီးသတ်လိုက်လို့ ဘယ်လိုလုပ်ပြီး အဆင်ပြေပါ့မလဲ…” ယုရုမန် ရယ်သွမ်းသွေးလိုက်လေသည်။ သူမသည်သာ သူတော်စင်တစ်ပိုင်းအား ထိုမျှသေးနုတ်သော အကြောင်းအရင်းလေးကြောင့် သတ်ပစ်လိုက်မည်ဆိုလျှင် မျက်နှာပျက်ရပေလိမ့်မည်။ သူမလက်အောက်တွင်ရှိနေသော အခြားသော သူတော်စင်တစ်ပိုင်းများမှာလည်း သူမအပေါ် မယုံမကြည် ဖြစ်လာပေလိမ့်မည်။
ယုရုမန်က ပြန်၍ရှင်းပြလိုက်လေ၏။ “ပိုင်ကျိုး အခုပဲ ပြန်ရောက်လာတယ်… ငါ အခု ယွဲ့စန်းကို စစ်မြေပြင်ဆီ ပို့ထားလိုက်ပြီ… ငါ့ခွင့်ပြုချက်မရသေးဘဲနဲ့ ပြန်မလာဖို့လည်း ပြောထားတယ်.. ဒီတော့ သူ နင့်ကို ပြဿနာလာရှာမှာကိုလည်း စိတ်ပူစရာမလိုတော့ဘူး…”
“ကောင်းတယ်…” ရန်ကိုင် လှောင်ပြုံးပြုံးလိုက်လေသည်။ “အခုတော့ သူ့ကို အသက်ရှင်ခွင့် ပေးထားလိုက်ဦးမယ်… ငါ အားကောင်းလာတဲ့တစ်နေ့ကျမှ အဲ့ကောင်ရဲ့ ခွေးအသက်ကို ယူပစ်မယ်…”
“ကြည့်ရတာပေါ့…” ယုရုမန် ယဲ့ယဲ့လေးပြုံးလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်သည် ယုရုမန်၏ခါးကို ချက်ချင်းပဲ ပွေ့ဖက်၍ သူမအား ပွေ့ချီလိုက်လေသည်။ ထို့နောက် ပြောလိုက်လေ၏။ “ကဝေနတ်ဆိုးတွေ လူတွေကိုညှို့ယူတဲ့နေရာမှာ ဘယ်လောက်တောင် နာမည်ကျော်လဲဆိုတာကို ငါကြားဖူးပြီးသား… ဒါပေမယ့် တစ်ခါမှတော့ မကြုံရသေးဘူး… ဒီနေ့ အဲ့ဒါကို လက်တွေ့စမ်းကြည့်ရအောင်…”
ယုရုမန်သည် ရန်ကိုင်၏လည်တိုင်လေးကို သူမလက်ဖြင့် သိုင်းဖက်ထားရင်းမှ ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေ၏။ “နင်လိုချင်တာနဲ့ပတ်သက်ပြီး သတိထားဦးနော်…”
အထွဋ်အထိပ်သိုင်းဧကရာဇ်