အခန်း ၃၄၆၀
Vol. 152 Ch. 3460
အပိုင်း (၃၄၆၀)
ဘာသာပြန်သူ_တိမ်တိုက်
နောက်တစ်နေ့ မနက်စောစောဝယ်။
ရန်ကိုင်မှာ လန်းဆန်းတက်ကြွသည့် အမူအရာဖြင့် တော်ဝင်မြို့၏ အဓိကလမ်းမတစ်လျှောက် လျှောက်လာခဲ့သည်။ လွန်ခဲ့သော ညက အကြောင်းကို တွေးရင်း ရန်ကိုင်၏ မျက်နှာအထက် အပြုံးယဲ့ယဲ့လေး တစ်ပွင့် ရှိနေခဲ့လေသည်။
ကဝေနတ်ဆိုးဆိုသည့်အတိုင်း ယုရုမန်၏ ပညာရပ်များမှာ နဂါးတစ်ပိုင်း ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ရန်ကိုင်အတွက်ပင်လျှင် မခံစားနိုင်လောက်အောင် ကောင်းမွန်လွန်းလှသည်။ သူမ၏ ချိုမြမြ ပါးစပ်ကလေး တစ်ခုသည်ကပင်လျှင် ရန်ကိုင်၏ အားကောင်းလှသော ခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် အသနားခံ တောင်းပန်နေရပေလိမ့်မည်။
ထိုကဲ့သို့သော လူမျိုးသည် ရှန်ချင်းလော့ပင်လျှင် လုံးဝ မယှဉ်နိုင်သည့် လူမျိုး ဖြစ်သည်။
ယမန်နေ့ညက ကိစ္စနှင့် ပတ်သက်၍ တစ်ခုတည်းသော ချို့ယွင်းချက်ဆို၍ ရန်ကိုင်အနေဖြင့် နောက်ဆုံးသော ဆုကို မရလိုက်နိုင်ခြင်းသာ ရှိပေသည်။ ယုရုမန်မှာ နောက်ဆုံး အတားအဆီးကို လုံးဝ ဖြတ်ကျော်ခွင့် မပေးခဲ့ပေ။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း ကူကယ်ရာမဲ့ခဲ့ရသည်။
ယုရုမန်၏ ပြောပုံအရ သူမ ထိုသို့ မလုပ်ချင်သည့်အတွက်ကြောင့် မဟုတ်။ အကြောင်းအရင်းမှာမူ နတ်ဆိုးသူတော်စင်တစ်ပါး၏ အပျိုစင်ရည်သည် အလွန်ကိုမှ အားကောင်းလွန်းပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်သာ ခေါင်းမာမာနှင့် လုပ်ခဲ့မည်ဆိုလျှင် သူ၏ အုတ်မြစ် ထိခိုက်သွားရနိုင်ပေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်အား ကျင့်ကြံရာတွင် ကြိုးစားအားထုတ်ရန်သာ ပြောနေရခြင်းသာ ဖြစ်လေသည်။ ရန်ကိုင်အနေဖြင့် သူတော်စင်တစ်ပိုင်း အဆင့်သို့ ရောက်သွားခဲ့မည်ဆိုလျှင် အဆင်ပြေလာပေလိမ့်မည်။
ရန်ကိုင်မှာလည်း ထိုနေ့အား စောင့်မျှော်နေမိလေသည်။
အဓိကဂိတ်ပေါက် အရှေ့သို့ ရောက်သော် လူတစ်ဦး၏ အသံကို ရန်ကိုင် ကြားလိုက်ရလေသည်။ "ရောင်းရင်းရန်၊ မင်း ဒီနေ့ စိတ်ပျော်နေတာလား၊ မင်း မျက်လုံးတွေက တလက်လက်တောက်နေတာပဲ၊ ကြည့်ရတာ မင်း မနေ့ညက တော်တော်လေး ပျော်ခဲ့တယ်နဲ့ တူတယ်"
ရန်ကိုင်က အံ့အားသင့်တကြီးဖြင့် လှမ်း၍ မော့ကြည့်လိုက်လေသည်။ "ရောင်းရင်းပိုင်၊ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ"
စကားပြောလိုက်သည့် လူမှာ ရန်ကိုင် ယမန်နေ့က တွေ့ခဲ့သော ပိုင်ကျိုး ဖြစ်ပေသည်။ ပိုင်ကျိုး၏ ပုံစံကို မြင်ပြီးသည့်နောက် ရန်ကိုင်က မေးလိုက်လေ၏။ "ရောင်းရင်းပိုင်၊ မင်းငါ့ကို စောင့်နေတာလား"
ပိုင်ကျိုးက ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေသည်။ "ရောင်းရင်းရန်၊ တော်ဝင်သခင်မက အရိပ်တိမ်တိုက် တိုက်ဆီ မင်းကို တစ်ယောက်တည်း သွားခိုင်းမယ်လို့ ထင်နေတာလို့တော့ ငါ့ကို လာမပြောနဲ့နော်"
ရန်ကိုင် ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။ "ရောင်းရင်းပိုင်လည်း ကျုပ်နဲ့အတူ လိုက်မှာပေါ့"
ပိုင်ကျိုးက ပြန်ပြောလိုက်သည်။ "ငါ့ရဲ့ တာဝန်က မင်းကို လိုက်ပို့ပြီး ပို့ရမဲ့ ပစ္စည်းတွေကို အဲဒီမှာ ရှိနေတဲ့ နတ်ဆိုးဘုရင်ဆီ ပေးဖို့ပဲ၊ ကျန်တဲ့ ကိစ္စတွေကိုတော့ ရောင်းရင်းရန် ကိုယ့်ဘာသာကိုယ် အားကိုးရမှာ၊ ကမ္ဘာနှစ်ခုက စစ်ဖြစ်နေတာဆိုတော့ နတ်ဆိုးနယ်မြေထဲမှာ အကြာကြီး နေနေလို့ မရဘူး"
ရန်ကိုင်မှာ စစ်မြေပြင်အကြောင်းကို မေးမြန်းကြည့်ချင်ပါသော်ငြား စကားကျွံသွားကာ သူ့လျှို့ဝှက်ချက် ပေါက်ကြားသွားမည်ကိုလည်း စိတ်ပူမိပေသည်။ ထိုအကြောင်းကြောင့် ခေါင်းညိတ်၍သာ ပြန်ပြောလိုက်သည်။ "အဲဒါဆိုရင်တော့ ရောင်းရင်းပိုင်ကိုပဲ အားကိုးရတော့မှာပေါ့"
"ရောင်းရင်းရန် ကြွပါဦး" ပိုင်ကျိုးသည် သူ့လက်ကို ဆန့်ထုတ်၍ တယဥ်တကျေးဖြင့် ရန်ကိုင်အား ဖိတ်ခေါ်လိုက်လေသည်။ ရန်ကိုင်မှာတော့ ပိုင်ကျိုးကို ကြည့်ရင်း သူ့တွင် အခြားသော ရည်ရွယ်ချက်များ ရှိနေသလားဟုပင် စဉ်းစားမိသွားသည်။ ပိုင်ကျိုးမှာ သူတော်စင်တစ်ပိုင်း ဖြစ်သည်။ ထိုအကြောင်းကြောင့် ယုရုမန်နှင့် သူ့အကြားရှိ ဆက်ဆံရေးကို ထောက်ထားမည်ဆိုလျှင်ပင် သူ့အနေဖြင့် ဤမျှ ယဉ်ကျေးနေစရာ လိုပါလေသလော။
ရန်ကိုင်မှာ ပိုင်ကျိုး၏ အပြုအမူနှင့် ပတ်သက်၍ နားမလည်ပေ။ သွားမေးနေလျှင်လည်း သူလိုချင်သည့် အဖြေ ရလိမ့်မည် မဟုတ်ဟု ထင်နေမိသည်။ ထိုအကြောင်းကြောင့် ထိုအကြောင်းအား မစဉ်းစားရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အပြင်ဘက်သို့ ရောက်သော် ပိုင်ကျိုးမှ အရိပ်တိမ်တိုက် တိုက်ဆီသို့ ပျံသန်းသွားတော့မည်အပြု ရန်ကိုင်သည် ပိုင်ကျိုးအား လှမ်းတား၍ သူဝယ်ယူထားသော အသစ်စက်စက် ကျားခေါင်းစစ်ရထားကို ထုတ်ယူလိုက်လေသည်။
မည်သို့ပင် ဖြစ်နေစေကာမူ ယခုခရီးနှင့် ပတ်သက်၍ ရန်ကိုင်မှာ အလျင်မလိုပေ။ အရိပ်တိမ်တိုက် တိုက်ဆီသို့ ဘာကြောင့် သွားရသလဲဆိုသည်ကိုလည်း နားမလည်။ သူ့အနေဖြင့် အလျင်မလိုနေသည့်အတွက်ကြောင့် ရန်ကိုင်မှာ သူအသစ်စက်စက် ဝယ်ယူထားသော ပျံသန်းရေးမှော်ရတနာကို စမ်းသုံးကြည့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အနည်းငယ် ကြိုးစားပမ်းစား လုပ်ပြီးသည့်နောက်တွင် အရိပ်တိမ်တိုက် တိုက်ဆီသို့ ဦးတည်နေသော လမ်းကြောင်းတစ်ခုကို ပြင်ဆင်လို့ ပြီးသွားခဲ့လေပြီ။ ထို့နောက်တွင် ရန်ကိုင်သည် စစ်ရထားပေါ်သို့ ပိုင်ကျိုး၊ လီရှီချင်း၊ ရှောင်ဝူတို့နှင့် အတူတူ တက်လိုက်လေ၏။ စစ်ရထား၏ အတွင်းပိုင်းမှာ ကျယ်ဝန်းခြင်း မရှိလှလေရာ လူလေးဦးမှာ အကန့်အသတ် ဖြစ်ပေသည်။
ရန်ကိုင်မှာ လီရှီချင်းအား ကာကွယ်ပေးနိုင်ရန်အတွက် သူမကိုပါ တစ်ပါတည်း ခေါ်သွားရပေလိမ့်မည်။ ဖြစ်သာဖြစ်နိုင်လျှင် ရန်ကိုင်မှာ လီရှီချင်းအား လောကဓာတ်လုံးထဲသို့သာ ထည့်ထားလိုက်ပစ်ချင်မိပေသည်။ သို့ပါသော်ငြား ထိုကဲ့သို့လုပ်လျှင် အခြားလူများ၏ သံသယဝင်သွားခံရနိုင်ခြေ ရှိသည့်အတွက်ကြောင့်သာ မလုပ်ခဲ့ခြင်း ဖြစ်ပေ၏။
ရှောင်ဝူကိုမူ ယုရုမန်မှ သူ့အနောက်သို့ လိုက်သွားရန် စေလွှတ်ခဲ့ခြင်း ဖြစ်ပေသည်။
သို့ပါသော်ငြား ယုရုမန်အနေဖြင့် ရှောင်ဝူအား သူနှင့်အတူ ထည့်ပေးလိုက်ရခြင်းမှာ သူအား စောင့်ကြည့်ခိုင်းရန်အတွက် ဖြစ်ကြောင်း ရန်ကိုင် သံသယဝင်မိပေသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကိုင်မှာ ဘာမျှ ကန့်ကွက်လိုစိတ် မရှိ။ ရှောင်ဝူ သည် အစေခံမလေး တစ်ဦးသာလျှင် မဟုတ်ပေလော။ သူမ၏ ရုပ်ရည်မှာ ကြည့်ပျော်ရှုပျော် မရှိပါသော်ငြား ရှောင်ဝူနှင့် အတန်ကြာအောင် အချိန်ဖြုန်းပြီးသည့်နောက် ရန်ကိုင်မှာ ရှောင်ဝူအပေါ် နှစ်သက်လာမိလေသည်။ အနည်းဆုံး အစေခံ အသစ်တစ်ယောက် ရလိုက်ခြင်းထက် ရှောင်ဝူအား အစေခံအဖြစ် ရထားခြင်းသည် ပို၍ အဆင်ပြေပေသည်။
ဧကရာဇ်ချီကို အသက်သွင်းလိုက်သည့်နောက် ကျားခေါင်းစစ်ရထားမှာ အလင်းတန်းတစ်ခု အသွင်သို့ ပြောင်း၍ အနီးဆုံးတွင် ရှိနေသော နယ်မြေဂိတ်ဆီသို့ ဦးတည်ပျံသန်းသွားလေ၏။
မကြာမီတွင် ဤမှော်ရတနာ မည်မျှအသုံးဝင်ကြောင်းကို ရန်ကိုင် တွေ့ရှိသွားခဲ့ရလေသည်။ သွားလိုသည့် လမ်းကြောင်းကိုသာ ကြိုတင်သတ်မှတ်ထားသရွေ့ စစ်ရထားအား ထိန်းချုပ်နေစရာ မလိုပေ။ ထိုအပြင် စစ်ရထား မောင်းနှင်မည့် စွမ်းအင်သာ အလုံအလောက် ရှိနေပါက စစ်ရထားသည် သူ့ဘာသာသူ ဦးတည်ရာဆီသို့ အလိုလို ပျံသန်းသွားနေပေလိမ့်မည်။ စစ်ရထား၏ အမြန်နှုန်းမှာ ပိုင်ကျိုး၏ ပျံသန်းသည့် နှုန်းနှင့် မယှဉ်နိုင်ပါသော်ငြား အရမ်းကြီးတော့ နိမ့်ကျနေခြင်း မရှိပေ။
ဧကရာဇ်ချီ၊ နတ်ဆိုးချီနှင့် နတ်ဆိုးသလင်းကျောက်များကိုပင်လျှင် လောင်စာအဖြစ် အသုံးချနိုင်ပေသည်။ စစ်ရထားနှင့် ပတ်သက်၍ အနည်းငယ်မျှ စမ်းကြည့်နေပြီးသည့်နောက် ရန်ကိုင်မှာ ဤစစ်ရထားအား အတော်လေးကိုမှ နှစ်သက်မိသွားလေသည်။
လုပ်စရာကိစ္စများ လုပ်ပြီးသွားသည့်နောက်တွင် ရန်ကိုင်သည် သူ့ဘေးနားတွင် ထိုင်နေသော ပိုင်ကျိုးဘက်သို့ လှည့်၍ မေးလိုက်လေ၏။ "ရောင်းရင်းပိုင်၊ တော်ဝင်သခင်မ ကျုပ်ကို အရိပ်တိမ်တိုက် တိုက်ဆီ ဘာလို့ ပို့လိုက်လဲဆိုတာကို သိလား"
ပိုင်ကျိုးက ပြန်၍ မေးလိုက်လေ၏။ "တော်ဝင်သခင်မ မင်းကို ပြောမပြဘူးလား"
ရန်ကိုင်က ခေါင်းခါပြလိုက်သည်။ "ဟိုရောက်ရင် တစ်ယောက်ယောက်က ရှင်းပြလိမ့်မယ်လို့ပဲ ပြောသွားတယ်"
ထိုစကားကို ကြားသည့်အခါ ပိုင်ကျိုးက ခေါင်းညိတ်၍... "တော်ဝင်သခင်မက အဲဒီလိုပြောတယ်ဆိုမှတော့ သူ့မှာ သူ့အကြောင်းနဲ့သူ" ရန်ကိုင်မှ မျက်နှာကြီးမဲ့နေသည်ကို မြင်သော် ပိုင်ကျိုးမှာ ရယ်ချင်စိတ်ကို မအောင့်အည်းနိုင်တော့ဘဲ ရယ်မောလိုက်ရင်းမှ ပြန်ပြောလိုက်လေသည်။ "ကဲကဲ၊ ငါ နည်းနည်းပါးပါး ပြောပြရသေးတာပေါ့"
"အင်း၊ ပြောပြပါဦး" ရန်ကိုင် မျက်ခုံးပင့်လိုက်လေသည်။
"အရိပ်တိမ်တိုက်တိုက်က ပျောက်သွားတော့မှာ" ပိုင်ကျိုးသည် ရန်ကိုင်အား မီးတောက်မတတ် အကြည့်ဖြင့် စိုက်ကြည့်ရင်းမှ... "မင်း တစ်ယောက်ပဲ အဲဒါကို နားလည်လောက်တယ်"
"ပျောက်သွားတော့မှာ" ရန်ကိုင် အံ့အားသင့်သွားလေသည်။ "တိုက်ကြီး တစ်တိုက်က ဘယ်လိုလုပ်ပြီး ပျောက်သွားရမှာလဲ"
ပိုင်ကျိုးက ရှင်းပြလိုက်သည်။ "ဖျက်ဆီးခံလိုက်ရလို့ ပျောက်သွားတဲ့ ပုံစံမျိုး မဟုတ်ဘူး၊ ရှင်းရှင်းပြောရရင် အရိပ်တိမ်တိုက်တိုက်က ရှိနေဦးမှာ၊ ပြဿနာက ဘာလဲဆိုတော့ အရိပ်တိမ်တိုက်တိုက်နဲ့ အခြားတိုက်ကြီးတွေကို ဆက်သွယ်ပေးထားတဲ့ နယ်မြေဂိတ်တွေ ပျောက်ကွယ်သွားတော့မှာပဲ၊ အရင်တုန်းက အရိပ်တိမ်တိုက်တိုက်ပေါ်မှာ နယ်မြေဂိတ်ကြီး ငါးခု ရှိတယ်၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အဲဒီငါးခုထဲက လေးခု ပျောက်သွားတယ်၊ အခု နောက်ဆုံး တစ်ခုပဲ ကျန်တော့တာ၊ အဲဒီတစ်ခုတောင် အရမ်းကို မတည်မငြိမ် ဖြစ်လာပြီ၊ အချိန်မရွေး ပျောက်ကွယ်သွားတော့မလို ဖြစ်နေတာ၊ အဲဒီတစ်ခုသာ ပျောက်သွားမယ်ဆိုရင် အရိပ်တိမ်တိုက်တိုက်က နတ်ဆိုးနယ်မြေကြီးနဲ့ လုံးဝကို အဆက်အသွယ်ပြတ်သွားလိမ့်မယ်၊ အဲဒီအခါကျရင် ငါတို့ နေစရာနယ်မြေ နောက်တစ်ခု ထပ်ဆုံးရှုံးသွားရပြီ၊ ငါ ဘာပြောချင်လဲဆိုတာကို ရောင်းရင်းရန် နားလည်တယ်မလား"
ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထို့နောက် မကြာခင် ခေါင်းညိတ်ပြလိုက်လေသည်။
နတ်ဆိုးနယ်မြေထဲတွင် ရှိနေသော တကွဲတပြားစီ ဖြစ်နေကြသည့် တိုက်ကြီးများသည် သီးခြားကမ္ဘာများနှင့် တူညီကြပေသည်။ ထိုသီးခြားကမ္ဘာများမှာ တသီးတခြား တည်ရှိနေကြခြင်း မဟုတ်ဘဲ အခြားသော တိုက်ကြီးများအား နယ်မြေဂိတ်များမှ တစ်ဆင့် ဆက်သွယ်ထားကြလေသည်။ တိုက်ကြီးများပေါ်တွင် ရှိနေကြသည့် နယ်မြေဂိတ်များသာ ပျောက်ကွယ်သွားခဲ့မည်ဆိုလျှင် ထိုတိုက်များသည် နတ်ဆိုးနယ်မြေနှင့် လုံးဝကို အဆက်အသွယ်ပြတ်သွားပေလိမ့်မည်။ နတ်ဆိုးနယ်မြေအတွက်မူ ထိုကဲ့သို့ ဖြစ်သွားခြင်းသည် တိုက်တစ်တိုက်အား ဆုံးရှုံးလိုက်ရခြင်းသာ ဖြစ်ပေသည်။
တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်မေးလိုက်လေ၏။ "ဒီတော့ တော်ဝင်သခင်မက အရိပ်တိမ်တိုက်တိုက်အတွက် ငါ့ကို နတ်ဆိုးနယ်မြေဆီ လာစေချင်ခဲ့တာပေါ့"
ပိုင်ကျိုးက မဲ့ပြုံးပြုံး၍ ခေါင်းခါရင်းမှ ပြန်ပြောလိုက်သည်။ "အရိပ်တိမ်တိုက်တိုက်အတွက် သီးသန့်ကြီးတော့ ဘယ်ဟုတ်ပါ့မလဲ၊ ရောင်းရင်းရန် မသိသေးလို့၊ အရင် နှစ်သောင်းဂဏန်းလောက်တုန်းက တိုက်တွေ အများကြီး ပျောက်သွားတယ်၊ အရိပ်တိမ်တိုက်တိုက်က အခု နောက်ဆုံး ပျောက်ဖို့ဖြစ်နေတဲ့ တိုက်တစ်တိုက်ပဲ၊ ဒါပေမဲ့ အရိပ်တိမ်တိုက်တိုက် တစ်ခုပဲ ပျောက်မှာတော့ မဟုတ်ဘူး၊ ဒီအရိပ်တိမ်တိုက်တိုက် ပြီးသွားရင် အခြားတိုက်တွေလည်း ပျောက်ရင် ပျောက်သွားဦးမှာ"
ရန်ကိုင် ထိတ်လန့်သွားတော့လေသည်။ "တိုက်တွေ အများကြီး ပျောက်သွားတာလား"
ပိုင်ကျိုးက အလေးအနက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ "တော်ဝင်သခင်တိုင်း အဲဒီပြဿနာနဲ့ ကြုံခဲ့ရတယ်၊ အရင် နှစ်သောင်းဂဏန်း တစ်ခုထဲမှာတောင် နတ်ဆိုးနယ်မြေက ဆုံးရှုံးလိုက်ရတဲ့ တိုက်အရေအတွက်က ဆယ်တိုက် မကဘူး၊ အဲဒီအရေအတွက်က လျော့သွားဖို့တော့ လုံးဝ မရှိဘူး၊ တဖြည်းဖြည်း တိုးလာဖို့ပဲ ရှိတာ"
"ဒီတော့ ဒီလောကကြီး တစ်ခုလုံးက မတည်မငြိမ် ဖြစ်နေတာပေါ့" ရန်ကိုင် ရုတ်တရက် အတွေးနက်သွားတော့လေသည်။ နတ်ဆိုးနယ်မြေဆီသို့ ပထမဦးဆုံးအကြိမ် စရောက်လာစဉ်က နတ်ဆိုးနယ်မြေ၏ အံ့ဩဆန်းကြယ်မှုများနှင့် ပတ်သက်၍ မှင်တက်ခဲ့ရသည့်တိုင် ဤနေရာနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ရန်ကိုင် စိတ်ထဲ ခံစားလိုက်ရသည်။
နတ်ဆိုးနယ်မြေကြီးမှာ တစ်စစီ ကွဲကြေနေသော မှန်တစ်ချပ်နှင့် တူပေသည်။ ၎င်း၏ ကွဲကြေနေသော အစိတ်အပိုင်းများသည် တစ်ချိန်က နတ်ဆိုးနယ်မြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပါသော်ငြား အသီးသီး ကွဲကြေ ထွက်သွားကြပြီးသည့်နောက်တွင် ယခင်ကကဲ့သို့ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ခြင်း မရှိတော့ပေ။ နယ်မြေဂိတ်များ ပျောက်ကွယ်သွားပြီး တိုက်ကြီးများ ပျောက်ကွယ်သွားရခြင်းသည် ထိုကိစ္စနှင့် ပတ်သက်နေလောက်ပေသည်။
ပိုင်ကျိုးက ခေါင်းညိတ်လိုက်သည်။ "ရောင်းရင်းရန် ပြောတာ အမှန်ပဲ၊ လေဟာနယ်တာအိုကို ကျွမ်းကျင်ထားတဲ့ လူတွေပဲ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ၊ ဒါကြောင့်ပဲ တော်ဝင်သခင်က ရောင်းရင်းရန်ကို အရမ်းအလေးထားနေတာ"
ရန်ကိုင်က ခေါင်းညိတ်လိုက်လေ၏။ "ကျုပ် သဘောပေါက်ပြီ၊ အရိပ်တိမ်တိုက် တိုက်ကြီး ပျောက်ကွယ်မသွားအောင် အနည်းဆုံး အဲဒီက နယ်မြေဂိတ်ကို တည်ငြိမ်အောင် လုပ်ရမှာပေါ့"
"ဟုတ်တယ်" ပိုင်ကျိုးက ရယ်မောရင်းမှ... "ရောင်းရင်းရန်၊ နတ်ဆိုးနယ်မြေထဲမှာ တော်ဝင်သခင်တွေ ငါတို့လို နတ်ဆိုးသူတော်စင်တစ်ပိုင်းတွေရဲ့ ခွန်အားက ငါတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေရဲ့ အရွယ်အစားနဲ့ ပတ်သက်နေတာဆိုတာကိုတော့ မင်း သိထားဖို့တော့ လိုလိမ့်မယ်၊ ငါတို့ တိုက်တွေ ပိုပြီးတော့ ထိန်းချုပ်ထားလေ ငါတို့ ပိုပြီးတော့ အားကောင်းလေပဲ"
"ဘာဖြစ်လို့လဲ၊ ဘာဖြစ်လို့ အဲဒီလိုမျိုးဖြစ်ရတာလဲ" ရန်ကိုင် ကြောင်သွားခဲ့လေသည်။ ထိုကဲ့သို့သော အရာမျိုးကို သူတစ်ခါမျှ မကြားဖူးပေ။
ပိုင်ကျိုးမှာ ရယ်သာရယ်နေပြီး ဘာမျှ ပြန်မပြောခဲ့ပေ။
ရန်ကိုင်သည် အံကြိတ်၍ လက်သာလျှော့လိုက်ရတော့သည်။ ထို့နောက် မျက်မှောင်ကြုတ်၍ သူ့ဘာသာသူ ထိုင်စဉ်းစားနေလေ၏။ ပိုင်ကျိုး ပြောသွားသည့် ပုံအရ တော်ဝင်သခင်၏ ခွန်အားသည်သာ ထိုတော်ဝင်သခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော နယ်မြေအရွယ်အစားနှင့် ဆက်နွှယ်နေမည်ဆိုပါက အရိပ်တိမ်တိုက်တိုက်သည် အစပိုင်းသာ ရှိနေပေဦးမည်။ သူသည်သာ အရိပ်တိမ်တိုက်တိုက်ပေါ်တွင် ရှိနေသော နယ်မြေဂိတ်အား တည်ငြိမ်အောင် လုပ်ပေးလိုက်နိုင်မည်ဆိုပါက ယုရုမန်သည် သူ့အား အခြားသော နေရာများမှ နယ်မြေဂိတ်များကို တည်ငြိမ်အောင် ဆက်၍ လုပ်ခိုင်းပေလိမ့်မည်။ ထို့နောက်တွင် ပျောက်ကွယ်သွားပြီ ဖြစ်သော တိုက်ကြီးများကိုပင်လျှင် ရှာခိုင်းကောင်း ရှာခိုင်းလောက်ပေသည်။
ဤသည်မှာ ရန်ကိုင် အပိုသက်သက် တွေးနေခြင်း မဟုတ်ပေ။ ရန်ကိုင်၏ လေဟာနယ်တာအိုအပေါ် နားလည်ထားမှုအရ တိုက်ကြီး တစ်တိုက် ပျောက်ကွယ်သွားခြင်းသည် အပြီးတိုင် ပျောက်ကွယ်သွားခဲ့ခြင်း မဟုတ်ဘဲ ထိုတိုက်ကြီးဆီသို့ ရောက်ဖို့ရာ ခက်ခဲလွန်းနေသည့်အတွက်ကြောင့်သာ ဖြစ်ပေသည်။ သူသည်သာ ပျောက်ကွယ်သွားသော နယ်မြေဂိတ်များ၏ နေရာကို ရှာဖွေနိုင်မည်ဆိုပါက ထိုပျောက်ကွယ်သွားသော တိုက်ကြီးများကို ပြန်ရဖို့ရာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ပျောက်ကွယ်သွားသော တိုက်များကိုသာ ပြန်ရပြီး နယ်မြေဂိတ်များကို ပြန်လည် တည်ဆောက်နိုင်မည်ဆိုလျှင် ယုရုမန်၏ ခွန်အား တိုးတက်လာပေလိမ့်မည်။
"ဟင်"
ရန်ကိုင် အတွေးနက်နေစဉ် ပိုင်ကျိုးဆီမှ အသံထွက်လာခဲ့သည်။
ရန်ကိုင်လည်း ချက်ချင်း ခေါင်းငုံ့၍ လှမ်းကြည့်လိုက်ပြီးသည့်နောက် ဧကရာဇ်ချီကို ထိန်းချုပ်ကာ ကျားခေါင်းစစ်ရထားအား ရပ်တန့်လိုက်လေသည်။
ထိုစဉ် အလင်းတန်းတစ်ခု သူတို့အား ဖြတ်ကျော်သွားခဲ့သည်။
တစ်စုံတစ်ဦးမှာ သူတို့အား အလစ်ချောင်း တိုက်ခိုက်ရန် ကြိုးစားနေပေသည်။ သို့ပါသော်ငြား ထိုလူမှာ သူတို့အပေါ် ရန်လိုစိတ် မရှိသည့်ပုံပင်။ အစောပိုင်းက သူတို့အနားမှာ ဖြတ်ကျော်သွားသော အလင်းတန်းသည် သူတို့၏ ကျားခေါင်းစစ်ရထားအား တားလိုသည့် ရည်ရွယ်ချက်လောက်သာ ရှိသည့်ပုံပင်။
ရန်ကိုင်လည်း လှမ်းကြည့်လိုက်ရာ မီတာတစ်ထောင်ခန့် အကွာတွင် အတောင်ပံများကို တဖျပ်ဖျပ် ခတ်နေသော သွယ်လျသည့် ပုံရိပ်လေးတစ်ခုကို လှမ်းတွေ့လိုက်ရလေသည်။ ထိုပုံရိပ်လေးသည် လေးတစ်စင်းကို လက်ထဲတွင် ကိုင်ထားရင်းမှ ရန်ကိုင်အား အားတက်သရောဖြင့် ပြုံးပြကာ လက်ဝှေ့ယမ်းပြနေလေ၏။
"ဘိုရ" ရန်ကိုင်၏ နှုတ်ခမ်း တွန့်ကွေးသွားခဲ့လေသည်။ သူ့အား မည်သူမှ အလစ်ချောင်း တိုက်ခိုက်သလဲဆိုသည်ကို စဉ်းစားနေခြင်း ဖြစ်လေသည်။ သို့ပါသော်ငြား ဤအမျိုးသမီး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သွေးတိုက်ပွဲ အတွင်းတွင် ဤအမျိုးသမီးသည် ရန်ကိုင်အား တုံ့ပြန်ချိန်ပင် မပေးဘဲ ချက်ချင်းထွက်သွားခဲ့သည်။ သို့ပါသော်ငြား ယနေ့တွင်မူ သူ့ဘာသာသူ ရန်ကိုင်ဆီသို့ ချဉ်းကပ်လာပြန်လေသည်။
[ငါ့ဆီကနေပြီးတော့ ဟိုတစ်ဆယ်ရာခိုင်နှုန်းကို လာတောင်းတာလား၊ အဲဒါဆိုရင်တော့ သူ စိတ်ပျက်သွားရတော့မှာပဲ]
"ဒီကောင်မလေးက" ပိုင်ကျိုးမှာလည်း ဘိုရကို သိနေသည့်အလား ယဲ့ယဲ့လေး ပြုံး၍... "ရောင်းရင်းရန်၊ ဖြစ်နိုင်ရင် သူ့ကို မင်းဘက်ပါအောင် ခေါ်ထားတာ ပိုကောင်းလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရိပ်တိမ်တိုက်တိုက်ဆီ ရောက်ရင် သူက မင်းအတွက် အသုံးဝင်နိုင်တယ်"
ရန်ကိုင်က အေးစက်စက် အမူအရာဖြင့် နှာခေါင်းရှုံ့လျက်... "သူကလည်း အတော်လေး အားကောင်းတာနော်၊ ဒါပေမဲ့ သူ့စရိုက်နဲ့ ပတ်သက်ပြီးကတော့ ဘာမှ ချီးကျူးစရာ ရှိမနေဘူး" ဘိုရမှ အမျိုးသမီးများအား ကြိုက်သည်ဟူသော တစ်ချက်ကပင်လျှင် ရန်ကိုင်နှင့် အခွင့်အလမ်း တည့်ဖို့ရာ မဖြစ်နိုင်တော့ပေ။ ဤအမျိုးသမီးသည် သွေးပြိုင်ကွင်းထဲသို့ လီရှီချင်းအတွက်ကြောင့် ဝင်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ထိုအမျိုးသမီးကိုသာ သူ့ဘေးနား၌ ထားထားမည်ဆိုလျှင် ဘာဖြစ်မလဲဆိုသည်ကို ပြောရခက်လှသည်။
ရန်ကိုင်၏ စကားကို ကြားပြီးသည့်နောက် ပိုင်ကျိုးမှာ ဘာမျှ ပြန်မပြောနေတော့ပေ။
ရန်ကိုင်တို့နှစ်ဦး စကားပြောနေစဉ် ဘိုရသည် ရန်ကိုင်ဆီသို့ ပျံသန်းလာပြီး ပြုံးဖြီးရင်းမှ အားတက်သရောဖြင့် နှုတ်ဆက်လိုက်လေသည်။ "ဟယ်လို"
ထို့နောက် ပိုင်ကျိုးအား သတိထားမိလိုက်သည့်အခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သို့ပါသော်ငြား အလျင်စလို သူမ၏ ဟန်ပန်အမူအရာကို ပြန်ထိန်း၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်လေ၏။ "မင်္ဂလာပါဆရာ"
ပိုင်ကျိုးက ပြုံး၍ ပြန်ပြောလိုက်သည်။ "နင် ပြဿနာထပ်တက်နေပြန်ပြီလား"
ဘိုရ၏ မျက်နှာအထက် ပုံမှန် မဟုတ်သည့် အပြုံးတစ်ပွင့် ပေါ်လာခဲ့လေသည်။ ထို့နောက် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ပြန်ပြောလိုက်လေ၏။ "ကျွန်မ ဘယ်တုန်းက ပြဿနာတက်ဖူးလို့လဲ ဆရာ"
ထို့နောက်တွင် ပိုင်ကျိုးအား စကားပြောခွင့်ပင် မပေးတော့ဘဲ ရန်ကိုင်ဘက်သို့ လှည့်၍ အလေးအနက် အမူအရာဖြင့် ဒူးထောက်ကာ လက်သီးဆုပ်၍ ပြောလိုက်လေသည်။ "ငှက်မွေးနတ်ဆိုး ဘိုရက ဆရာ့လက်အောက်မှာ ခစားဖို့ ရောက်လာခဲ့တာပါ၊ ကျေးဇူးပြုပြီး ကျွန်မကို လက်ခံပေးပါဆရာ"
ရန်ကိုင် မှင်တက်သွားခဲ့ပြီး ဘိုရအား နားမလည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်လေသည်။ [ဒီအမျိုးသမီး ဘာကြံနေတာလဲ]