အခန်း ၁၂၃၁
Vol. 116 Ch. 1231
အခန်း ၁၂၃၁ ငါတို့ စိတ်ကို ဖတ်နိုင်တယ်
"ငါပြောတာ မှန်ပုံရတယ်။ သူ တကယ်ပဲ လုပ်လိုက်တာပဲ။ သရဲမြို့တော်က ငါတို့ရဲ့ စုတ်တံနဲ့အတူ ထာဝရ ပျောက်ကွယ်သွားပြီ" ဟူလီမန်က သက်ပြင်းချရင်း ပြောလိုက်သည်။
"အထင်သား မြင်နေရတာပဲကို" ဖူကွာက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"ဝမ်းနည်းစရာပဲ။ ဒါပေမဲ့ အနည်းဆုံးတော့ တခြားသူတွေ မရသွားတာကိုပဲ စိတ်အေးရတာပေါ့" ဟူလီမန်က ထပ်လောင်းပြောဆိုသည်။
"နင် ငါ့ကို ဒေါသထွက်အောင် လုပ်နေတာလား" ဖူကွာက အော်ဟစ်လိုက်သည်။ သူမသည် လုံချန်းရှိရာဆီသို့ စတင်ပျံသန်းသွားခဲ့သည်။
"နေဦး... ဒေါသအလျောက် မိုက်မဲတာတွေ မလုပ်နဲ့။ သူက ပိုပြီး သန်မာတာကို မမေ့နဲ့ဦး။ သူ့ကို ဒေါသမထွက်စေနဲ့" ဟူလီမန်က ဖူကွာ နောက်သို့ လိုက်ပြေးရင်း ပြောလိုက်သည်။
"စီနီယာ ဘာတွေ လျှောက်လုပ်လိုက်တာလဲ" ဖူကွာသည် လုံချန်း၏ ရှေ့တွင် ဆင်းသက်လိုက်ရင်း အော်ဟစ်လိုက်တော့သည်။
"ငါလား... ငါ ဘာလုပ်လို့လဲ" လုံချန်းက ဘာမှမသိသည့်အလား ဟန်ဆောင်ကာ မေးလိုက်သည်။
"စီနီယာ ကျွန်မတို့ရဲ့ စူးစမ်းရှာဖွေမှုကို မဖျက်ဆီးပါဘူးလို့၊ ကျွန်မတို့ပြီးတဲ့အထိ စောင့်ပါ့မယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား" ဖူကွာက အော်လုနီးပါး မေးလိုက်သည်။
"အဲဒါလား... ငါ ကတိပေးခဲ့တာ သိပါတယ်၊ ဒါပေမဲ့ ဒီကိုရောက်ပြီးတဲ့နောက် ဝိညာဉ်တွေရဲ့ နာကျင်မှုကို ငါ ဆက်ပြီး မကြည့်ရက်တော့လို့ပါ။ တကယ်ကို ရင်နာစရာ ကောင်းလွန်းလို့ပါ" လုံချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"ဒါ့အပြင် မင်း လွှတ်လိုက်တဲ့ လူတွေအားလုံးက ဒီကိုလာဖို့ အကြာကြီး အချိန်ယူနေကြတာလေ။ ငါ မစောင့်နိုင်တော့ဘူး။ သနားစရာကောင်းတဲ့ ဝိညာဉ်တွေက နှစ်ပေါင်းထောင်ချီပြီး ညှဉ်းပန်းနှိပ်စက်ခံရင်း ဒီမှာ စောင့်နေခဲ့ကြတာ။ ထပ်ပြီး စောင့်ခိုင်းတာက သူတို့အပေါ် မတရားမှု ကျူးလွန်တာနဲ့ မထူးဘူး။ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ခဲ့လို့ပါ" ကမ္ဘာပေါ်ရှိ နာကျင်မှုများကို မကြည့်ရက်သည့်အလား ဟန်ဆောင်ရင်း သူက ထပ်လောင်းပြောဆိုလိုက်သည်။
"စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ မင်းတို့ရဲ့ ရတနာတွေထက် သူတို့ကို ကယ်တင်ဖို့က ပိုပြီး အရေးကြီးနေလို့ပါ။ ဒါပဲ ငါပြောချင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့အားလုံး အစီအရင် စုတ်တံ လိုအပ်မယ်လို့ ငါမထင်ဘူး။ မင်းက အခုတောင် အစီအရင် ဆရာကောင်း တစ်ယောက် ဖြစ်နေပြီပဲ။ ရတနာတစ်ခုကို လိုက်ရှာနေမယ့်အစား မင်းကိုယ်မင်းပဲ ပိုပြီး အာရုံစိုက်သင့်တယ်" သူက ထွက်ခွာရန် ပြင်ဆင်ရင်း ထပ်မံပြောကြားလိုက်သည်။
"ကျွန်မတို့ အစီအရင် စုတ်တံနောက်ကို လိုက်နေတာကို စီနီယာ ဘယ်လိုသိတာလဲ။ ဒါနဲ့... ဒီနေရာမှာ အစီအရင်စုတ်တံ ရှိနေမှန်းကို စီနီယာ ပထမဆုံး ဘယ်လိုသိတာလဲ" ဖူကွာက မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
"ငါတို့က မင်းရဲ့ စိတ်ကို ဖတ်နိုင်တာကိုး။ ငါတို့ မသိဘူးလို့ တကယ် ထင်နေတာလား။ ကောင်မလေး... မင်း ငါတို့ကို တကယ် လျှော့တွက်နေတာပဲ" မြွေဘုရင်က လုံချန်း၏ ပုခုံးပေါ်သို့ ခုန်တက်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။
"ရတနာတွေကိုပဲ အားမကိုးပါနဲ့ မိန်းကလေး။ အဲဒါတွေက မင်းကို အမြဲတမ်း ပံ့ပိုးပေးနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ မင်းရဲ့ ကိုယ်ပိုင်စွမ်းရည်ကသာ မင်းကို ကူညီပေးနိုင်မှာပါ" သူက ထပ်လောင်း ပြောဆိုလိုက်ရာ ဖူကွာကို အံ့အားသင့် ဆွံ့အသွားစေခဲ့သည်။
"ငါတို့ ဒီမှာ ကိစ္စပြီးပြီ ထင်တယ်။ သွားကြစို့" သူက မြွေဘုရင်ကို ပြောလိုက်သည်။
"ဟုတ်တယ်။ ငါတို့ ဒီမှာ ပြီးပြီ။ သနားစရာ ဝိညာဉ်တွေအားလုံး လွတ်မြောက်သွားကြပြီ" လုံချန်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။
သူက ဖူကွာကို တစ်ချက်ကြည့်လိုက်သည်။ "မင်းအဖေကို ပြောလိုက်ပါ... အဖိုးအိုချန်က နှုတ်ဆက်တယ်လို့။ ငါ အချိန်ရရင် အဲဒီကလေးဆီ မကြာခင် လာလည်ဦးမယ်"
ဝေဝါးသော စကားများကို ပြောဆိုပြီးနောက် လုံချန်းက ပျံသန်းထွက်ခွာသွားခဲ့သည်။ သူသည် မြွေဘုရင်ကိုလည်း သူနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။
ဖူကွာသည် သူတို့နှစ်ဦး ထွက်ခွာသွားသည်ကို တားဆီးနိုင်ခြင်းမရှိဘဲ ကြည့်နေခဲ့ရသည်။ သူမသည် နောက်ဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ကို ခြေဆောင့်လိုက်တော့သည်။
"သူတို့ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ။ အား..." စိတ်ဆိုးဒေါသထွက်နေသော လူငယ်များကို အနောက်တွင် ထားရစ်ခဲ့ပြီးနောက် လုံချန်းသည် ထိုနေရာမှ ထွက်ခွာခဲ့သည်။ သူသည် အဝေးတစ်နေရာသို့ ရောက်ရှိသွားပြီးနောက်မှ ရပ်တန့်လိုက်သည်။
"မင်း သရုပ်ဆောင်တာ တော်တော်လေး ကောင်းတာပဲ။ သူ့အဖေရဲ့ ဆရာတစ်ယောက်လိုမျိုး စကားပြောသွားတာ။ မဆိုးဘူး။ ဘာပဲဖြစ်ဖြစ် အတော်ဆုံးသူဆီကနေ သင်ယူခဲ့တာကိုး" မြွေဘုရင်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"အချိန်မဖြုန်းနဲ့။ ခန္ဓာကိုယ်ကြီးလိုက်တော့။ ငါတို့ အခု အနောက်ပိုင်း အင်ပါယာရဲ့ တော်ဝင်မြို့တော်ဆီ သွားဖို့ လိုတယ်"
"ဘာလို့ အဲဒီနေရာလဲ" မြွေဘုရင်က စူးစမ်းလိုက်သည်။
"ရောက်ရင် မင်းသိလိမ့်မယ်" လုံချန်းက ပြန်ဖြေသည်။
မြွေဘုရင်သည် ခန္ဓာကိုယ်ကြီးမားလာခဲ့ပြီး လုံချန်းက အပေါ်တွင် ထိုင်လိုက်ရာ မြွေဘုရင်သည် အနောက်ပိုင်း အင်ပါယာဆီသို့ ပျံသန်းသွားခဲ့တော့သည်။
"မင်း ဟိုမင်းသမီးလေးကို မျက်စိကျပြီး သွားနေတာတော့ မဟုတ်ပါဘူးနော်" အချိန်အနည်းငယ်ကြာပြီးနောက် မြွေဘုရင်က မေးလိုက်သည်။
"အဲဒါမဟုတ်ရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ" ရွှင်းက ကြားထဲက ဝင်ပြောလိုက်သည်။
"မိုက်မဲမနေနဲ့။ သူက လှချင် လှလိမ့်မယ်။ ဒါပေမဲ့ အဲဒါက ငါသွားရမယ့် အကြောင်းရင်း မဟုတ်ဘူး။ ငါနောက်ထပ် လိုအပ်တဲ့ အရာက အနောက်ပိုင်း ဧကရာဇ်ရဲ့ ရတနာတိုက်ထဲမှာ ရှိနေတာ။ ဒါကြောင့်မလို့ ငါ အဲဒီကို သွားဖို့ လိုတာ" လုံချန်းက ပြန်ဖြေလိုက်သည်။ "ဒါကြောင့် မင်းရဲ့ခေါင်းထဲက အမှိုက်တွေကို အရင်ရှင်းလိုက်စမ်း"
"အနောက်ပိုင်း ဧကရာဇ်ရဲ့ ရတနာတိုက်ထဲမှာ ဟုတ်လား။ မင်း အဲဒီထဲက ပစ္စည်းကို အပြင်ကို တကယ် ယူထုတ်နိုင်ပါ့မလား။ ဆိုလိုတာက အဲဒါက တကယ် ဖြစ်နိုင်လို့လား" မြွေဘုရင်က အံ့အားသင့်လျက် မေးလိုက်သည်။
"သေချာပေါက် ရတာပေါ့။ ဒါပေမဲ့ ငါက သူ့ကို တိုက်ခိုက်မယ်လို့ ဘယ်သူပြောလဲ။ ငါက တစ်ခုခု သွားခိုးမှာလေ။ အဲဒါက ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ သူ့ကို တိုက်ခိုက်ရတာလောက်တော့ မခက်ခဲနိုင်ပါဘူး"
လုံချန်းက ပြောလိုက်သည်။ "အဲဒီလောက်အထိ စိုးရိမ်မနေပါနဲ့"
"အဲဒါလည်း ဟုတ်တာပဲ။ မင်းက ခိုးတဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်တာပဲဥစ္စာ။ ဒါကြောင့် အဲဒါအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။ ဒါပေမဲ့ စွန့်စားမှုကတော့ ရှိနေတုန်းပဲ။ မင်း ငါ့ကို မင်းနဲ့အတူ အမြဲတမ်း ထားရမယ်။ ဘယ်လိုအန္တရာယ်ကမဆို ငါ မင်းကို ကာကွယ်ပေးမယ်" မြွေဘုရင်က ပြန်ပြောသည်။
"မရဘူး။ ငါ အရိပ်အသွင် ပြောင်းခြင်းကို သုံးဖို့ လိုလိမ့်မယ်။ ပြီးတော့ မင်း ရှိနေရင် အဲဒါကို သုံးလို့မရဘူး။ ဒါကြောင့် ငါ ရှေ့ဆက်သွားနိုင်ဖို့ မင်း သားရဲနယ်မြေကို ပြန်သွားရမယ်"
လုံချန်းက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။ "ငါ အဲဒီမှာ ကိစ္စပြီးရင် မင်းကို ထပ်ပြီး ပြန်ထုတ်ပေးမယ်" သူက ပြုံးရင်း ထပ်လောင်းပြောဆိုလိုက်သည်။
"သူ စကားပြောသွားပုံအရဆိုရင် ငါတို့ ဂိုဏ်းချုပ်ထက်တောင် စီနီယာကျတဲ့ပုံပဲ။ သူ ငါတို့ဂိုဏ်းချုပ်ကို သိနေတယ်လို့ မင်းထင်လား။ သေချာပေါက် အဲလိုပုံစံမျိုး ထွက်နေတာပဲ” သရဲမြို့တော် ရှိခဲ့ဖူးသည့် နေရာတွင် ရပ်ရင်း ဟူလီမန်က မှတ်ချက်ပြုလိုက်သည်။
"ဒီလူက ဘယ်သူလဲဆိုတာ ငါ့အဖေကို သေချာပေါက် မေးရမယ်။ သူ့ကြောင့်သာ ငါတို့ လိုက်ရှာနေတဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရတာ။ ဒီလိုဖြစ်ပြီးတဲ့နောက် အဖေတောင် ငါတို့ကို အပြစ်တင်နိုင်မှာ မဟုတ်တော့ဘူး" ဖူကွာက ပြန်ရန်အတွက် သူမ၏ မိုးပျံ သားရဲကို လှမ်းခေါ်ရင်း ပြောလိုက်သည်။ "သွားကြစို့။ ငါတို့ ပွဲတော်အတွက် အနောက်ပိုင်း တော်ဝင်မြို့တော်ကိုလည်း သွားဖို့ လိုသေးတယ်။ အဲဒါကို လက်လွတ်ခံလို့မဖြစ်ဘူး" သူမက ဟူလီမန်ကို ပြောလိုက်သည်။
"ငါ သိပါတယ်" ဟူလီမန်က ပြောလိုက်ပြီး သူ့သားရဲကိုလည်း လှမ်းခေါ်လိုက်သည်။ သူနှင့် ဖူကွာသည် ထိုနေရာမှ ထွက်ခွာကာ သူတို့၏ ဂိုဏ်းများဆီသို့ ဦးတည်သွားခဲ့ကြသည်။
လုံချန်းအတွက် တောင်ပေါ်မှ ဤနေရာသို့ လာခဲ့စဉ်က ကဲ့သို့ပင် ပြန်ရမည့် ခရီးစဉ်မှာလည်း ရှည်လျားသည်။
နေ့ရက်များစွာ ကုန်ဆုံးသွားခဲ့ပြီး ထိုအချိန်များကို ကျင့်ကြံခြင်းနှင့် အတွင်းကမ္ဘာ အတွင်းရှိ မိသားစုအား လေ့ကျင့်ပေးခြင်းတို့ဖြင့် ကုန်လွန်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် လုံချန်းသည် ဒုတိယမြောက် အတွင်းကမ္ဘာကိုလည်း ပြုပြင်မွမ်းမံနေခဲ့ပြီး ရန်သူများအား ထောင်ချောက်ဆင်ကာ ထိရောက်စွာ သတ်ဖြတ်နိုင်မည့် ပြီးပြည့်စုံသော အကျဉ်းထောင်ကမ္ဘာ တစ်လုံး ဖန်တီးရန် ကြိုးစားနေခဲ့သည်။
ယေဘုယျအားဖြင့် အခြားကျင့်ကြံသူများသည် စွန့်စားမှုများလွန်းသဖြင့် ထိုသို့ မကြိုးစားကြချေ။ အကယ်၍ တစ်ယောက်ယောက်က သူတို့၏ အတွင်းကမ္ဘာကို ဖျက်ဆီးပစ်လိုက်ပါက ၎င်းသည် ကျင့်ကြံခြင်း တစ်ခုလုံး ပျက်စီးသွားစေရန် လုံလောက်သည်။ ထိုစွန့်စားမှုကြောင့် လူအများအပြား မကြိုးစားကြခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လုံချန်းတွင် သီးခြားစီဖြစ်သော အတွင်းကမ္ဘာ နှစ်လုံး ရှိနေခဲ့သည်။ သူသည် တစ်ခု ပျက်စီးသွားခြင်းကို ခံနိုင်ရည်ရှိသဖြင့် ထိုအရာအတွက် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ချေ။
ထိုအစား သူသည် ရန်သူများကို တိုက်ခိုက်ရန် ပြီးပြည့်စုံသော ကမ္ဘာတစ်လုံးအား ဖန်တီးရန် သေသေချာချာ ကြိုးစားခဲ့သည်။ ၎င်းသည် သူကိုယ်တိုင် နတ်ဘုရား တစ်ပါးဖြစ်သည့် ကမ္ဘာတစ်ခု ဖြစ်သော်လည်း အခြားကမ္ဘာနှင့်မတူဘဲ ဤကမ္ဘာတွင် မည်သည့်ယဉ်ကျေးမှုမျှ မရှိချေ။ ဤနေရာတွင် လူသားများ မရှိသဖြင့် သူ အလိုရှိရာမှန်သမျှကို လုပ်ဆောင်နိုင်ပြီး ၎င်းကိုပင် သူ အသုံးချနေခြင်း ဖြစ်သည်။
သူ စိတ်ကူးယဉ်ထားသည့် ပြီးပြည့်စုံသော အကျဉ်းထောင်ကမ္ဘာနှင့် သူ၏ ထောင်ကမ္ဘာ ပိုမို နီးစပ်လာသည်ကို စောင့်ကြည့်နေစဉ် သူ့မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားခဲ့တော့သည်။