← Chapters

အခန်း ၁၂၃၃

Vol. 116 Ch. 1233

အခန်း ၁၂၃၃

Vol. 116 Ch. 1233

အခန်း ၁၂၃၃ စမ်းသပ်ပွဲ

"စမ်းသပ်ပွဲ ငါးခု ရှိတယ်။ မင်းတို့ အစွမ်းကုန် ကြိုးစားရင် အောင်အောင်မြင်မြင် ပြီးမြောက်နိုင်မယ်လို့ ငါ သေချာပေါက် ယုံကြည်တယ်။ ပထမဆုံး စမ်းသပ်ပွဲကတော့ ဗဟုသုတ စစ်ဆေးပွဲ ဖြစ်မယ်။ မင်းတို့ကို အင်ပါယာနဲ့ ပတ်သက်တဲ့ မေးခွန်းအချို့ မေးမြန်းသွားမှာပါ။ လူတစ်ဦးစီကို အင်ပါယာရဲ့ သမိုင်းဝင် စာအုပ်တွေထဲမှာ ပါတဲ့ မေးခွန်းတွေ မေးမှာမလို့ အဲဒီစာအုပ်တွေကို ဖတ်ဖူးရင် အဖြေပေးနိုင်ပါလိမ့်မယ်" ဒုတိယမင်းသားက ပြောလိုက်သည်။

"မီကု... စမ်းသပ်ပွဲကို စလိုက်တော့"

ဒုတိယမင်းသားက သူကိုယ်တိုင် စစ်ဆေးမည်မဟုတ်သဖြင့် လက်အောက် ငယ်သားအား စမ်းသပ်ပွဲ စတင်ရန် ခိုင်းစေလိုက်သည်။

ဒုတိယမင်းသားသည် မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းထားသော်လည်း စိတ်ထဲတွင်မူ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

'ငါတို့ ဒီမှာ အခုလို အချိန်ဖြုန်းနေဖို့ တကယ်ပဲ လိုလို့လား။ ငါတို့ရဲ့ ငယ်သားတွေတင် ဒါကို အလွယ်တကူ ကိုင်တွယ်နိုင်တာပဲဥစ္စာ။ ခမည်းတော်က ဒါကို လုံးဝ နားမလည်ဘူး။ ဒီလို ဟန်ပြပွဲလေး တစ်ခုအတွက်နဲ့ ငါတို့ကို ဒီကို အတင်းလာခိုင်းရတယ်လို့' သူက စိတ်တိုစွာဖြင့် တွေးလိုက်မိသည်။

စိတ်ထဲတွင် ဤမျှအထိ စိတ်တိုနေသော်လည်း ၎င်းကို မျက်နှာပေါ်တွင် အမူအရာ လုံးဝ မပြခဲ့ချေ။ တော်ဝင်မိသားစု၏ ကြင်နာတတ်ပြီး ရက်ရောသော ပုံရိပ်ကို ထိန်းသိမ်းထားရန် လိုအပ်သည် မဟုတ်လော။

လက်အောက်ငယ်သားသည် လူတစ်ဦးချင်းစီကြားတွင် လုံလောက်သော အကွာအဝေး ရှိ မရှိ သေချာအောင် လုပ်ဆောင်ပြီးနောက် ဤနေရာသို့ ရောက်ရှိလာသူတိုင်းကို စာရေး ကိရိယာတစ်ခုနှင့်အတူ စက္ကူတစ်ရွက်စီ လိုက်လံဝေငှပေးခဲ့သည်။

ထိုစက္ကူပေါ်တွင် မေးခွန်းအချို့ ရေးသားထားပြီး လူငယ်များသည် ထိုပေါ်တွင် အဖြေများကို ရေးသားကြရမည် ဖြစ်သည်။

လုံချန်းက မေးခွန်းများကိုကြည့်ကာ မချိပြုံး ပြုံးလိုက်သည်။ သူသည် အနောက်ပိုင်း အင်ပါယာအကြောင်း အများကြီး မသိချေ။ အမှန်တကယ်တွင်မူ ထိုနေရာ၌ ရေးသားထားသော မေးခွန်းနှစ်ဆယ်ထဲမှ အဖြေ တစ်ခုပင် သူ မသိခဲ့ချေ။

'ဒါက ငါ ဘာတစ်ခုမှ မသိဘဲ စာမေးပွဲဖြေခဲ့ရတဲ့ အချိန်တွေကို သတိရစေတာပဲ။ ပေါက်ကရ လျှောက်ရေးတဲ့ လျှို့ဝှက်သိုင်းကို သုံးရမယ့် အချိန်ရောက်ပြီ' သူက ရေးရန် ပြင်ဆင်ရင်း တွေးလိုက်မိသော်လည်း ရုတ်တရက် ရပ်တန့်လိုက်သည်။

အကြံတစ်ခု ရသွားသဖြင့် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် အခြားသူများ၏ စိတ်ကို ဖတ်တော့မည် ဖြစ်သည်။

သူတို့က ဤအင်ပါယာက လူများဖြစ်ရာ အဖြေကို သေချာပေါက် သိကြမည်ဟု သူ ယုံကြည်လိုက်သည်။

သူ မျှော်လင့်ထားသည့် အတိုင်းပင် သူသည် အဖြေများကို စတင် ရရှိခဲ့သည်။ အမှန်တကယ်တွင်မူ သူသည် လူအများအပြား၏ စိတ်အား ဖတ်ခြင်းဖြင့် ထိုအဖြေများကိုပင် ထပ်ဆင့် အတည်ပြုနိုင်ခဲ့သေးသည်။ သူသည် စာရွက်ပေါ်တွင် အဖြေများကို စတင် ရေးသားခဲ့တော့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် သူ ပြီးဆုံးသွားခဲ့သည်။

မေးခွန်းများမှာ စကားလုံး တစ်လုံးတည်းဖြင့် ဖြေရမည့် အဖြေများသာ ဖြစ်သဖြင့် အခြားသူများသည်လည်း တစ်ချိန်တည်းမှာပင် နီးပါး ပြီးဆုံးသွားခဲ့ကြသည်။

မီကုသည် လူငယ်တစ်ဦးစီထံမှ စာရွက်များအား လိုက်လံသိမ်းဆည်းကာ အားလုံးကို စတင် စစ်ဆေးခဲ့သည်။

"မင်းတို့ရဲ့ အဖြေတွေကို စစ်ဆေးနေတဲ့ အတွင်းမှာ ဒုတိယမြောက် စမ်းသပ်ပွဲကို လုပ်ဆောင်ရမယ့် အချိန်ရောက်ပါပြီ။ အဲဒါကတော့ ခွန်အားစစ်ဆေးပွဲပဲ ဖြစ်ပါတယ်" ဒုတိယမင်းသားက ပြောလိုက်သည်။

"မင်းတို့အများစုရဲ့ ကျင့်ကြံခြင်း အဆင့်က တော်တော်လေး အားနည်းနေမှန်း ငါသိပါတယ်။ မင်းတို့မှာ ဘယ်လို အရင်းအမြစ်နဲ့ ကျောထောက်နောက်ခံမှ မရှိခဲ့လို့ ငါတို့ရဲ့ ထင်ရှား ကျော်ကြားတဲ့ မျိုးနွယ်စုကြီးတွေထဲက ကလေးငယ်တွေထက် သိပ်ပြီး မသန်မာကြပါဘူး။ ဒါပေမဲ့ အဲဒါက မင်းတို့ရဲ့ ခွန်အားကို ငါတို့ စစ်ဆေးမှာ မဟုတ်ဘူးလို့ မဆိုလိုပါဘူး။ ဘယ်လို ကျောထောက်နောက်ခံမှ မရှိဘဲ မင်းတို့ ဘယ်လောက်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့လဲဆိုတာ ငါ ကြည့်ပါရစေ" ပြောရင်း သူက လက်ခုပ်တစ်ချက် တီးလိုက်သည်။

သူ့အမိန့်အရ စည်တော်တစ်လုံးနှင့်တူသော ပစ္စည်းတစ်ခုကို ဤနေရာသို့ ယူဆောင်လာခဲ့သည်။ ထိုပစ္စည်းကို လူငယ်များ၏ ရှေ့မှောက်တွင် ချထားပေးခဲ့သည်။

"မင်းတို့အားလုံး ဒါက ဘာလဲဆိုတာ သိကြလိမ့်မယ်လို့ ငါ သေချာပေါက် ယုံကြည်တယ်။ ဒါက မင်းတို့ရဲ့ တိုက်ခိုက်မှု ခွန်အားကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် မင်းတို့ရဲ့ အားအပြည့်နဲ့ ထိုးနှက်လိုက်ကြစမ်းပါ။ ငါပြောခဲ့သလိုပဲ မင်းတို့ ရသမျှ ခွန်အားအကုန် ထုတ်သုံးကြပါ" သူက ထပ်လောင်းပြောဆိုသည်။

တစ်ယောက်ပြီးတစ်ယောက် လူများသည် ရှေ့သို့လှမ်းကာ စည်တော်ကို ထိုးနှက်ခဲ့ကြသည်။

တိုက်ခိုက်မှု၏ ခွန်အားနှင့် ပတ်သက်လျှင်မူ ထိုးနှက်ပြီးနောက် စည်တော်မှ ထွက်ပေါ်လာသည့် မြည်ဟည်းသံ အရေအတွက်ပေါ် မူတည်၍ ဆုံးဖြတ်ခြင်း ဖြစ်သည်။

သာမန် တိုက်ခိုက်မှု တစ်ခုက မြည်ဟည်းသံ တစ်ချက် ထွက်ပေါ်စေသည်။ ပိုမိုသန်မာသော တိုက်ခိုက်မှု တစ်ခုက နှစ်ချက် ထွက်ပေါ်စေသည်။

အသန်မာဆုံး ဆိုလျှင်မူ မြည်ဟည်းသံ ကိုးချက် ဖြစ်သည်။ စင်မြင့်ပေါ်တွင် ထိုင်နေကြသော လူငယ်များနှင့် ပတ်သက်လျှင်မူ သူတို့ပင် အကောင်းဆုံးအနေဖြင့် မြည်ဟည်းသံ ခြောက်ချက်သာ ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။ မင်းသမီးမီမီတစ်ဦးတည်းသာလျှင် မြည်ဟည်းသံ ခုနစ်ချက် ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

လူငယ်များသည် တစ်ယောက်ပြီးတစ်ယောက် စည်တော်ကို ဆက်တိုက်ထိုးနှက်နေကြစဉ် ဤစမ်းသပ်ပွဲက ဘယ်လောက်အထိ ခက်ခဲကြောင်း ထင်ရှားလာခဲ့သည်။ သူတို့အများစုမှာ သူတို့၏ ထိုးနှက်မှုဖြင့် မြည်ဟည်းသံ တစ်ချက်မျှပင် ထွက်ပေါ်အောင် မလုပ်နိုင်ခဲ့ကြချေ။

အင်မတန် နည်းပါးသော လူအနည်းငယ်သာလျှင် မြည်ဟည်းသံ တစ်ချက် ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

မကြာမီ လူငယ် အားလုံးနီးပါး ပြီးဆုံးသွားခဲ့သည်။ လုံချန်း တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

"ရှေ့ကို သွားလိုက်စမ်းပါ ကောင်လေးရာ။ မင်း ဘာတွေလုပ်နိုင်လဲဆိုတာ သူတို့ကို ပြလိုက်စမ်းပါ" မြွေဘုရင်က လုံချန်းအား စိတ်ဓာတ်မြှင့်တင်ပေးရင်း ပြောလိုက်သည်။

လုံချန်းသည် လက်သီးကို တင်းတင်းဆုပ်လျက် စည်တော်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။ သူသည် လုံချန်း၏ အံ့ဖွယ်အမှုကို မြင်တွေ့ရတော့မည်ဟု ယုံကြည်ကာ စစ်သူကြီးများကဲ့သို့ သန်မာသဖြင့် အနည်းဆုံး မြည်ဟည်းသံ ရှစ်ချက် ထွက်ပေါ်အောင် လုပ်ဆောင်နိုင်မည့် စွမ်းရည်ရှိသည်ဟု ယုံကြည်ကာ ရင်ခုန်စိတ်လှုပ်ရှားနေသည့် မီမီအား တစ်ချက် လှမ်းကြည့်လိုက်သည်။

သမီး၏ ခမည်းတော် တစ်ဦးတည်းသာလျှင် ကိုယ်ခန္ဓာခွန်အား သက်သက်ဖြင့် မြည်ဟည်းသံ ကိုးချက် ထွက်ပေါ်အောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

လုံချန်း စည်တော်ကို ထိုးနှက်လိုက်သည်။

ဘုန်း…

ဘုန်း…

မြည်ဟည်းသံ နှစ်ချက် ထွက်ပေါ်ပြီးနောက် ထိုနေရာတွင် တိတ်ဆိတ်မှုသာ ကျန်ရှိတော့သည်။ မီမီပင် အံ့အားသင့် ဆွံ့အသွားခဲ့ရသည်။ စည်တော်ကြီး ပျက်စီးသွားသည်လော။

'အာ... အဲဒါကြောင့် နေမှာပေါ့။ သူက သူ့ရဲ့ ခွန်အားကို ဝှက်ကွယ်ထားတာပဲ။ သူ ဘယ်လောက်အထိ သန်မာလဲဆိုတာကို မပြချင်လို့ ဖြစ်ရမယ်' အရာအားလုံးကို နားလည်သွားသဖြင့် သူမ တွေးတောလိုက်မိသည်။

"မြည်ဟည်းသံ နှစ်ချက်လား၊ မဆိုးပါဘူး။ ကောင်လေး... မင်းမှာ အလားအလာ ရှိတာပဲ" ဒုတိယမင်းသားက စိတ်ကျေနပ်စွာ ခေါင်းညိတ်ရင်း ပြောလိုက်သည်။

သူ့စိတ်ထဲတွင်မူ အတွေးများက လုံးဝ ကွဲပြားခြားနားနေခဲ့သည်။

'အခုတော့ ငါက မြည်ဟည်းသံ နှစ်ချက်ပဲ ထွက်တဲ့ အမှိုက်ကိုတောင် ချီးမွမ်းပေးနေရပြီလား။ လောကကြီးက ဘာတွေ ဖြစ်ကုန်တာလဲ' သူက တွေးလိုက်မိသည်။

လုံချန်းက သူတို့၏ အတွေးများကို ရိပ်မိသဖြင့် ပြုံးလိုက်သည်။ သူသည် ထိုအတွေးများ အားလုံးကို ဖတ်ရှုနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် မည်သည့်မှတ်ချက်မျှ မပေးဘဲ နောက်သို့ ပြန်လည်လျှောက်လှမ်းလာခဲ့သည်။

"ဒီစည်တော်က အများဆုံး နှစ်ချက်ပဲ မြည်နိုင်တာလား" မြွေဘုရင်က လုံချန်းကို မေးလိုက်သည်။ သူသည်လည်း ပိုမို မြည်ဟည်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင်မူ သူသည် စည်တော်နှင့် ပတ်သက်၍ တစ်ခုမျှ မသိရှိချေ။ ထို့ကြောင့် ဤစည်တော်၏ ကန့်သတ်ချက်မှာ နှစ်ချက်သာ ဖြစ်မည်ဟု သူလည်း ထင်မှတ်လိုက်ခြင်း ဖြစ်သည်။

"မှန်တာပေါ့။ အများဆုံး နှစ်ချက်ပဲ မြည်နိုင်တာလေ" လုံချန်းက ပြုံးရင်း ပြန်ဖြေလိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ" မြွေဘုရင်က ခေါင်းညိတ်လိုက်သည်။ "မင်းက ဒီပွဲရဲ့ ထိပ်ဆုံးလူ ဖြစ်လာတော့မယ့်ပုံပဲ။ ဒါပေမဲ့လည်း ငါတို့ ဘာလို့ ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်နေရတာလဲ"

"ဘာလို့လဲဆိုတော့ ဒီကို ရောက်လာပြီးမှ ထွက်သွားမယ်ဆိုရင် မှားယွင်းရာကျလိမ့်မယ်လေ။ မင်းသားက ငါတို့ သူတို့ကို စော်ကားတယ်လို့ ထင်သွားလိမ့်မယ်။ ဒါကြောင့် အခြေအနေအတိုင်း လိုက်ပါသွားပြီး သာမန်အတိုင်း နေထိုင်တာက ပိုကောင်းပါတယ်" လုံချန်းက ပြန်ဖြေလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... ဒါက မဆိုးပါဘူး။ နောင်ကျရင် ဒါက အသုံးဝင်လာလိမ့်မယ်လို့ ငါ ထင်ပါတယ်" သူက ပြုံးရင်း ထပ်လောင်းပြောဆိုလိုက်သည်။

"ကဲ... စမ်းသပ်ပွဲရဲ့ ရလဒ်တွေ ထွက်လာပါပြီ။ ပထမကတော့ အမှတ်နှစ်ဆယ်မှာ နှစ်ဆယ်အပြည့် ရရှိတဲ့ ဟူချန်း ဖြစ်ပြီး ဒုတိယကတော့..."

မီကုက ရလဒ်များကို စတင်ကြေညာခဲ့သည်။ အခြားတစ်ဖက်တွင်မူ မြွေဘုရင်မှာ ဇဝေဇဝါ ဖြစ်နေခဲ့သည်။ သူသည် လုံချန်း၏ နာမည်ကို မကြားခဲ့ရသောကြောင့် ဖြစ်သည်။

"မင်းနာမည်က ဘာလို့ ထဲမှာမပါတာလဲ။ မင်းက ထိပ်ဆုံးက ဖြစ်နေလိမ့်မယ်လို့ ငါ ထင်ထားတာ" မြွေဘုရင်က မေးလိုက်သည်။

"ထိပ်ဆုံးလူရဲ့ နာမည်ကို တစ်ခေါက်လောက် ပြန်ပြောကြည့်ပါဦး" လုံချန်းက စူးစမ်းလိုက်သည်။

"ဟူချန်း ဆိုလားပဲ။ ဘာဖြစ်လို့လဲ"

"မင်းက ဟူချန်းက ဘယ်သူလို့ ထင်နေလဲ" လုံချန်းက ပြန်မေးလိုက်သည်။ "အဲဒါ ငါ့နာမည်လေကွ"

"ဟင်... မင်း နာမည်ကို ဘယ်တုန်းက ပြောင်းလိုက်တာလဲ" မြွေဘုရင်က အံ့အားသင့်လျက် မေးလိုက်သည်။

"အရူးရာ... အသိဉာဏ်လေး ရှိစမ်းပါ။ ငါက နာမည်အမှား ပေးခဲ့တာလေ" လုံချန်းက ပြောလိုက်သည်။

ထိုအချိန်အထိပင် မြွေဘုရင်က နားမလည်နိုင်သေးသော်လည်း မီမီကမူ လုံချန်းသည် နာမည်အမှား ပေးထားကြောင်း ကောင်းကောင်း နားလည်လိုက်သည်။ ဤသည်က အဘယ်ကြောင့် ဖြစ်နေမှန်း သူမ စိတ်ဝင်တစား တွေးတောနေမိတော့သည်။

All Chapters