← Chapters

အခန်း ၁၂၃၄

Vol. 116 Ch. 1234

အခန်း ၁၂၃၄

Vol. 116 Ch. 1234

အခန်း ၁၂၃၄ အဆင်မပြေမှု အနည်းငယ်

သူမ ခေါင်းထဲတွင် အခြားမေးခွန်း တစ်ခုလည်း ရှိနေခဲ့သည်။ လုံချန်းက အဘယ်ကြောင့် အမှန်အတိုင်း ဖြေဆိုနိုင်ခဲ့သနည်း။ သူက တောင်ပေါ်တွင်သာ နေထိုင်ခဲ့ပြီး အပြင်လောကကို မစူးစမ်းခဲ့ဖူးကြောင်း ပြောခဲ့သည် မဟုတ်လော။ တောင်ပေါ်တွင်လည်း ဤသို့သော် စာအုပ်များ ရှိနေသည်လော။ သူ့ဗဟုသုတက တကယ်ပင် ဤမျှ ကောင်းမွန်နေခဲ့သည်လော။

သူမ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေပြီး သူ့ကို တိုက်ရိုက် မေးမြန်းချင်မိသည်။ သို့သော် သူမ ကြားထဲက ဝင်မစွက်ဖက်ခဲ့ချေ။ လုံချန်း မည်သည့်အရာ လုပ်ဖို့ ကြိုးစားနေကြောင်း သူမ စောင့်ကြည့်ချင်ခဲ့သည်။

"ကောင်းပြီ။ အဆင်ပြေတာပေါ့။ ပထမဆုံး အဆင့် နှစ်ဆင့်ကတော့ ပြီးဆုံးသွားပြီ။ ဒီအဆင့်တွေက စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် အဆင့်တွေကို ဆက်တက်ရမယ့် မင်းတို့ထဲက အယောက်ငါးဆယ်ကို ငါတို့ ရွေးချယ်သွားမှာ ဖြစ်တယ်။ မီကု... ရွေးချယ်ခံရတဲ့ လူတွေရဲ့ နာမည်တွေကို ကြေညာလိုက်တော့" ဒုတိယမင်းသားက အခြေခံအားဖြင့် အရာအားလုံးကို ကိုင်တွယ်ဆောင်ရွက်နေသည့် လက်အောက်ငယ်သားကို ပြောလိုက်သည်။ မင်းသားနှင့် မင်းသမီးတို့သည် ဟန်ပြသက်သက်သာ ဤနေရာ၌ ရှိနေကြခြင်း ဖြစ်သည်။

မီကုသည် လူတိုင်း၏ ရမှတ်များနှင့် စီစဉ်မှုများကို စစ်ဆေးပြီးနောက် ရွေးချယ်ခံရသည့် အယောက်ငါးဆယ်၏ နာမည်များအား စတင် ကြေညာလိုက်သည်။ ယခုတစ်ကြိမ်တွင်လည်း လုံချန်း၏ နာမည် ဟူချန်းက ထိပ်ဆုံးက ပါဝင်နေခဲ့ပြန်သည်။

မီကု စကားပြောပြီးစီးသွားသောအခါ ဒုတိယမင်းသားက ဆက်လက်ပြောကြားသည်။ "ရွေးချယ်ခံရတဲ့ လူတွေအနေနဲ့ နောက်မှာ ကျန်ရစ်ခဲ့နိုင်ပါတယ်။ တခြားသူတွေကတော့ စိတ်မကောင်းစွာနဲ့ပဲ ထွက်ခွာသွားကြရမှာပါ။ သူတို့ သွားနိုင်တဲ့ အကွာအဝေးက ဒီလောက်အထိပဲ။ နောက်တစ်ကြိမ်အတွက် ပိုပြီး ပြင်ဆင်ကြပါ၊ နောက်ခါကျရင် မင်းတို့အလှည့် ဖြစ်လာနိုင်ပါတယ်"

စိတ်ပျက်လက်ပျက်ဖြင့် လူငယ်အများစု ထွက်ခွာသွားကြတော့သည်။ ပထမဆုံး အဆင့်နှစ်ဆင့်ကို အောင်မြင်ခဲ့ကြသည့် အခြားအနည်းငယ်သော လူများနှင့်အတူ လုံချန်းသာ ကျန်ရစ်ခဲ့သည်။

"မင်းတို့ ပထမဆုံး အဆင့်နှစ်ဆင့်ကို အောင်မြင်ခဲ့ကြပေမဲ့ အခုထိတော့ စိတ်အေးလို့ မရသေးဘူးနော်။ နောက်ထပ် အဆင့်သုံးဆင့် ကျန်သေးတယ်။ နောက်ဆုံးကျရင် မင်းတို့ထဲက အလားအလာအရှိဆုံး ငါးယောက်တည်းကိုပဲ ရွေးချယ်သွားမှာ ဖြစ်ပါတယ်"

'ငါတို့ ဘာလို့ ဒီလိုမျိုး ကစားပွဲ အသေးအဖွဲလေးတွေမှာ ပါဝင် ယှဉ်ပြိုင်နေရလဲဆိုတာ ငါ အခုထိ နားမလည်နိုင်သေးဘူး။ ဒါတွေက စော်ကားလွန်းတယ်။ ငါတို့က ဒီလို အရူးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေရတာလား။ မင်း ဟိုမင်းသမီးကို သိနေတာပဲ မဟုတ်လား။ မင်းရဲ့ ဩဇာအာဏာကိုပဲ သုံးလိုက်စမ်းပါ' မြွေဘုရင်က လုံချန်းကို ပြောလိုက်သည်။

"ငါ မသုံးချင်ဘူး။ သူက အဲလိုလုပ်လိုက်ရင် သူ့ရဲ့ ခမည်းတော်ဆီ ခေါ်သွားပြီး ငါ့ကို မိတ်ဆက်ပေးလိမ့်မယ်။ ငါ အနောက်ပိုင်း ဧကရာဇ်ရဲ့ ရှေ့မှောက်ကို ဒီလောက်အထိ စောစောစီးစီး မရောက်ချင်သေးဘူး။ လောလောဆယ်တော့ ဒီအတိုင်းပဲ နေကြတာပေါ့။ အနည်းဆုံးတော့ ငါတို့ ဒီမှာ ကိစ္စတွေ ပြီးဆုံးသွားတဲ့အထိပေါ့" လုံချန်းက ပြန်ဖြေလိုက်သည်။

စမ်းသပ်ပွဲ အသေးလေးများက ဆက်လက် ရှိနေခဲ့သော်လည်း ၎င်းတို့မှာ လုံချန်းအတွက်မူ ကစားပွဲများ ကဲ့သို့သာ ဖြစ်နေခဲ့သည်။ ဤနေရာတွင် မည်သည့်ပြိုင်ဆိုင်မှုမျှ မရှိချေ။ သူသည် သူတို့အားလုံးအား အလွယ်တကူ အနိုင်ယူနိုင်ပြီး မင်းသားကိုပင် တုန်လှုပ်သွားစေနိုင်သော်လည်း သူသည် နှိမ့်ချစွာ ပြုမူနေထိုင်ခဲ့ပြီး အခြားသူများထက် အနည်းငယ်သာ အသာစီးရအောင် လုပ်ဆောင်ကာ ကြွားဝါခြင်း မရှိခဲ့ချေ။

ယခုအချိန်တွင်တော့ မင်းသမီးမီမီ အနေဖြင့် လုံချန်းသည် အစွမ်းကုန် ထုတ်သုံးခြင်း မရှိကြောင်း ကောင်းကောင်း သိမြင်သွားခဲ့သည်။ သူသည် ကြွားဝါခြင်း မပြုလုပ်ချင်၍ ဖြစ်ရမည်ဟု သူမ သေချာပေါက် ယုံကြည်လိုက်သည်။ သူက ရှက်တတ်ပြီး နှိမ့်ချတတ်သူ တစ်ဦး ဖြစ်မည်ဟု သူမ ထင်မှတ်ကာ ထိုအရာကိုပင် သူမ သဘောကျမိသည်။

သို့သော်လည်း သူတို့၏ ပထမဆုံး ဆုံတွေ့မှု မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ပြန်လည် မှတ်မိသွားသောအခါ သူက နည်းနည်းမျှ ရှက်တတ်ပုံမရကြောင်း သူမ ထပ်မံတွေးတောမိပြန်သည်။ သူမ၏ အမြင်အရ သူသည် နားလည်ရခက်သော ရှုပ်ထွေးသည့် လူတစ်ဦး ဖြစ်သည်။

နောက်ဆုံးတွင် စမ်းသပ်ပွဲ ငါးခုလုံး ပြီးဆုံးသွားခဲ့သည်။

"မီကု... ငါတို့ရဲ့ နောက်ခံကို ရရှိတဲ့ အောင်နိုင်သူတွေကို ကြေညာလိုက်တော့" ဒုတိယမင်းသားက မာနတထောင်ဖြင့် အမိန့်ပေးလိုက်သည်။

"တော်ဝင်မိသားစုရဲ့ နောက်ခံကို ရရှိတဲ့သူတွေကတော့ ဟူချန်း၊ ဖီမီယန်၊ ချူဟွမ်၊ လူမင်ယန်နဲ့ ကုရန် တို့ ဖြစ်ကြပါတယ်" မီကုက ရွေးချယ်ခံရသူများကို ကြေညာလိုက်သည်။

ရွေးချယ်ခံရသူများသည် သူတို့၏ အနာဂတ် အလားအလာများကို တွေးတောမိကာ စိတ်လှုပ်ရှားနေကြသည်။ အကယ်၍ သူတို့ အောင်မြင်ခဲ့လျှင် နောင်ကျ၌ တော်ဝင်မိသားစုအတွက် အလုပ်လုပ်ပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် တော်ဝင်မိသားစု၏ ပံ့ပိုးကူညီမှုဖြင့်လည်း ကြီးပြင်းလာနိုင်မည် ဖြစ်သည်။

ရွေးချယ်မခံရသူများ အတွက်မူ အလွန်အမင်း စိတ်ပျက်သွားကြရသည်။ သူတို့သည် ပန်းတိုင်နှင့် နီးကပ်လွန်းပြီးမှ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ အချို့ဆိုလျှင် အခွင့်အရေး ဆုံးရှုံးသွားခဲ့ရသဖြင့် မျက်ဝန်းထဲတွင် မျက်ရည်များပင် ဝဲနေခဲ့ကြသည်။

"ငါပြောခဲ့သလိုပဲ... မင်းတို့ ဝမ်းနည်းနေစရာ မလိုပါဘူး။ မအောင်မြင်တဲ့အခါ စိတ်ထိခိုက်ရတာကို ငါသိပေမဲ့ ဘယ်တော့မှ လက်မလျှော့သင့်ဘူး။ နောင်အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် အစွမ်းကုန် ကြိုးစားပြီး လာမယ့်နှစ်မှာ ပြန်လာခဲ့ကြပါ" ဒုတိယမင်းသားက ရှုံးနိမ့်သွားခဲ့သူများကို နှစ်သိမ့်စကား ပြောကြားခဲ့သည်။ "ဒါပါပဲ။ မင်းတို့ အခု ထွက်ခွာသွားနိုင်ပြီး နောက်ထပ် စာမေးပွဲတွေအတွက် ပြင်ဆင်နိုင်ပါပြီ" ပြောရင်း သူက အခြားသူများကို ပြန်လွှတ်လိုက်သည်။

ရွေးချယ်ခံရသည့် ငါးယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။

ထိုလူငါးဦးကို ကြည့်ရင်း ဒုတိယမင်းသားက ဆက်ပြောသည်။ "မင်းတို့ ငါးယောက်ကတော့ ရွေးချယ်ခံရတဲ့ ကံကောင်းခြင်းကို ရရှိခဲ့ကြပြီ။ မင်းတို့ တကယ်ကို ကံကောင်းပါတယ်။ အခုကစပြီး ငါတို့ တော်ဝင်မိသားစုက မင်းတို့ကို ပံ့ပိုးပေးသွားမှာ ဖြစ်တယ်။ မင်းတို့အနေနဲ့ ကောင်းမွန်တဲ့ အလတ်တန်းစား ဂိုဏ်းတစ်ဂိုဏ်းမှာ အပြင်စည်း တပည့်အဖြစ် တက်ရောက်ခွင့် ရရှိမှာဖြစ်ပြီး ကုန်ကျစရိတ် အားလုံးကို ငါတို့ဘက်က ကျခံပေးသွားမှာပါ"

"ဒါ့အပြင် ငါတို့ ကတိပေးခဲ့တဲ့အတိုင်း ကျင့်ကြံခြင်းအတွက် ဆေးပင် အချို့ကိုလည်း ရရှိမှာ ဖြစ်တယ်။ မီကုက မင်းတို့ကို နန်းတော်အတွင်းထဲ ခေါ်သွားပြီး ငါတို့ ကတိပေးခဲ့တဲ့ အရာတွေကို ပေးအပ်လိမ့်မယ်။ နောင်အနာဂတ်မှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ပြီးတော့ ဒီအခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်အောင် သေချာ လုပ်ဆောင်ကြပါ" သူက ထပ်လောင်း ပြောဆိုပြီးနောက် မတ်တတ်ရပ်ကာ စတင် ထွက်ခွာသွားခဲ့သည်။

"ဪ... ဒါကြောင့်မလို့ မင်းက ဒီပွဲမှာ ပါဝင်ပြီး လူသိမခံဘဲ နေနေတာကိုး" မြွေဘုရင်က သူတို့ ဤသို့ လုပ်ဆောင်ပြီး အဆင့်အတန်း နိမ့်နိမ့်သာ နေထိုင်ခဲ့သည့် အကြောင်းရင်းကို ယခုမှသာ နားလည်သွားခဲ့ရသည်။

ပထမအချက်မှာ ဤသည်က သူတို့ကို အနောက်ပိုင်း ဧကရာဇ်နှင့် စောစီးစွာ ဆုံတွေ့ခြင်းမှ ကာကွယ်ပေးခဲ့သည်။ ဒုတိယအချက်အနေဖြင့် သူတို့ကို အနောက်ပိုင်း နန်းတော်အတွင်းသို့ တရားဝင် ဝင်ရောက်ခွင့် ရရှိစေခဲ့ခြင်း ဖြစ်သည်။

လုံချန်းအနေဖြင့် ထိုနေရာသို့ နောက်ပိုင်း၌ နေရာပြောင်းနိုင်ရန်အတွက် ထိုနေရာကို အရင်ဆုံး မြင်တွေ့ထားဖူးရန် လိုအပ်သဖြင့် ၎င်းက အကောင်းဆုံးပင် ဖြစ်နေခဲ့သည်။ သူ နန်းတော်အတွင်းသို့ ခေါ်ဆောင်သွားခြင်း ခံရပြီးသည်နှင့် နောင်၌ ခိုးယူရမည့်အချိန် ရောက်လာသောအခါ ထိုနေရာသို့ သေချာပေါက် နေရာပြောင်းနိုင်မည် ဖြစ်သည်။

"မှန်တာပေါ့။ အဆင်မပြေတာ နည်းနည်းက အရာအားလုံးကို အများကြီး ပိုပြီး လွယ်ကူသွားစေတာလေ" လုံချန်းက မြွေဘုရင်ကို ပြန်လည်ဖြေကြားလိုက်သည်။

ထိုစကားဝိုင်းနှင့် ပတ်သက်လျှင်မူ သူတို့နှစ်ဦးသည် အချင်းချင်း ချိတ်ဆက်ထားကြသဖြင့် အသံထွက် ပြောဆိုခြင်း မရှိဘဲ စကားပြောခဲ့ကြခြင်း ဖြစ်သည်။ အခြားသူများ မသိရှိစေဘဲ သူတို့ အချင်းချင်း စကားပြောနိုင်ကြသည်။

"တကယ့်ကို အံ့ဩစရာ ကောင်းတဲ့ အစီအစဉ်ပဲ။ ငါ့ရဲ့ ညာလက်ရုံးပီသပါပေတယ်" မြွေဘုရင်က ကျေနပ်အားရစွာ ပြောလိုက်သည်။

အရာအားလုံး အတည်ပြုပြီးစီးကာ ပွဲတော် ပြီးဆုံးသွားသောအခါ လူငယ်ငါးဦး စတင် မတ်တတ်ရပ်လိုက်ကြသည်။ အများစုမှာ စတင်ထွက်ခွာသွားကြသော်လည်း မီမီကမူ နောက်တွင် ကျန်ရစ်ခဲ့သည်။

"မင်း မလိုက်ဘူးလား" မီမီ နောက်တွင် ကျန်ရစ်ခဲ့သည်ကို သတိပြုမိသဖြင့် ဒုတိယမင်းသားက မေးလိုက်သည်။

"အစ်ကို အရင်သွားနှင့်ပါ။ အောင်နိုင်သူတွေကို ဂုဏ်ပြုစကားပြောပြီး သူတို့နဲ့ ခဏလောက် စကားပြောပြီးမှ ကျွန်မ လာခဲ့မယ်" မီမီက ပြန်ဖြေလိုက်သည်။

"သဘောပဲ" ဒုတိယမင်းသားက ပြောဆိုပြီးနောက် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

အခြားသူများ ထွက်ခွာသွားကြသော်လည်း အခြားတစ်ဖက်တွင်မူ မီမီက လုံချန်းရှိရာဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူမသည် သူ့ရှေ့တွင် ရပ်တန့်ကာ ပြုံးလိုက်သည်။

"နင့်ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးပဲ။ ဂုဏ်ယူပါတယ်" မီမီက လုံချန်းကို ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် မင်းသမီး။ ဒါပေမဲ့ ဒါက အစပြုရုံသက်သက်ပဲ ရှိသေးတယ်လို့ ငါထင်ပါတယ်။ မကြာခင်မှာ ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို ပိုပြီး မြင်တွေ့ရပါလိမ့်မယ်။ ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး" လုံချန်းက ပြန်ဖြေလိုက်သည်။

"မီကု... နင် အခြားသူတွေကို ဆေးဥယျာဉ်ဆီ ခေါ်သွားပြီး သူတို့ရဲ့ ဆုလာဘ်တွေကို ပေးလိုက်တော့။ ဟူချန်းကိုတော့ ငါကိုယ်တိုင်ပဲ ခေါ်လာခဲ့မယ်။ ဘယ်လို လေ့ကျင့်မှုမှ မရှိဘဲနဲ့ မြည်ဟည်းသံ နှစ်ချက် ထွက်ပေါ်အောင် လုပ်နိုင်ခဲ့တဲ့သူအကြောင်းကို ငါ ပိုပြီး သိချင်သေးတယ်" မီမီက မီကုကို အမိန့်ပေးလိုက်သည်။

မီကုက ငြင်းဆန်ခြင်း မပြုခဲ့ချေ။ သူသည် တော်ဝင်အမိန့်ကို လက်ခံကာ ထွက်ခွာသွားခဲ့သည်။ မည်သို့ဆိုစေ မီမီက တော်ဝင် ဆက်ခံသူ အားလုံးထဲတွင် အသန်မာဆုံး ဖြစ်သည်။ သူမ၏ ဘေးကင်းလုံခြုံရေးအတွက် သူ စိုးရိမ်နေစရာ မလိုချေ၊ အထူးသဖြင့် မြည်ဟည်းသံ နှစ်ချက်သာ ထွက်ပေါ်အောင် လုပ်နိုင်သည့် အမှိုက် တစ်ယောက်နှင့် အတူရှိနေခြင်းအတွက် ဖြစ်သည်။

သူသည် လုံချန်း၏ ကံကောင်းခြင်းအပေါ် မနာလိုဖြစ်နေကြသော လူငယ်လေးဦးနှင့်အတူ ထွက်ခွာသွားခဲ့တော့သည်။

All Chapters