← Chapters

အခန်း ၁၂၃၇

Vol. 116 Ch. 1237

အခန်း ၁၂၃၇

Vol. 116 Ch. 1237

အခန်း ၁၂၃၇ ငြင်းပယ်ခြင်း

"သူ အားသွန်ခွန်စိုက် ကာကွယ်ပေးခဲ့တဲ့ ဒီလောကကြီးကပဲ သူ့ကို ကောင်စုတ်၊ သစ္စာဖောက်လို့ ခေါ်ခဲ့ကြတာ။ အခုတော့ ဒါက မင်းတို့အားလုံး သူတို့ကို လိမ်ညာခဲ့လို့ဆိုတာ ငါ သိလိုက်ရပြီ။ ဒါပေမဲ့လည်း သူတို့တွေက မင်းတို့ထက် သူတော်စင် ဧကရာဇ်အပေါ် ယုံကြည်မှု ပိုပြီး နည်းနေသေးတာကိုး။ ဒီလောကကြီး ပျက်စီးသွားရင်တောင် ငါ နည်းနည်းလေးမှ စိတ်မကောင်းဖြစ်မှာ မဟုတ်ဘူး" အရှင်ဂလန်က ခေါင်းခါရင်း ပြောလိုက်သည်။

"ငါပြောခဲ့သလိုပဲ... ဒီလောကကြီးက ငါ့အတွက် တန်ဖိုးမရှိတော့တာ ကြာပြီ။ ငါက အခု နေရာအတည်တကျ မရှိတဲ့ လေလွင့် ကျင့်ကြံသူ တစ်ဦးပဲ။ ဒီမှာ မဟုတ်ရင် တခြားလောက တစ်ခုခုဆီ သွားမှာပေါ့။ ငါပြောခဲ့သလိုပဲ... နောင်လာမယ့် ကိစ္စတွေအတွက် ကံကောင်းပါစေ" သူက ထပ်လောင်းပြောဆိုလိုက်သည်။

"မင်း တကယ်ပဲ လောကကြီးကို ကျောခိုင်းတော့မှာလား။ မင်း တော်တော်လေး ပြောင်းလဲသွားပြီပဲ" အနောက်ပိုင်း ဧကရာဇ်က သက်ပြင်းချရင်း ပြောလိုက်သည်။

"မင်း ကြိုက်သလို တွေးနိုင်ပါတယ်။ ငါ ဂရုမစိုက်ဘူး" အရှင်ဂလန်က ပြန်လည် တုံ့ပြန်လိုက်သည်။

"ဒါပေမဲ့ ပြောင်းလဲသွားတာ ငါတစ်ယောက်တည်း မဟုတ်ဘူးနော်။ ငါတို့အားလုံး ပြောင်းလဲသွားခဲ့ကြတာပဲ။ ပထမဆုံးက မင်းတို့ရဲ့ သစ္စာဖောက်မှုနဲ့ စတင်ခဲ့တာလေ။ အခုတော့ ငါ့အလှည့် ရောက်ပြီပေါ့။ အေးအေးဆေးဆေး ပျော်ရွှင်နိုင်ပါစေ” အရှင်ဂလန်သည် နောက်ဆုံးတွင် သူလာခဲ့သည့် လမ်းကြောင်းအတိုင်းပင် ပြန်လည်ထွက်ခွာသွားခဲ့သည်။ သူ့ဝိညာဉ်ဓားသည် ကောင်းမွန်သော လက်တွဲဖော်တစ်ဦးပမာ သူ့နောက်မှ လိုက်ပါသွားခဲ့သည်။ သူသည် နန်းတော်ကြီးမှ ထွက်ခွာကာ ဓားပေါ်သို့ တက်လှမ်းလျက် ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

တော်ဝင် အခန်းဆောင် အတွင်း၌ ဖြစ်ပွားခဲ့သော စကားဝိုင်းကို သတိမပြုမိဘဲ လုံချန်းသည် မီမီနှင့်အတူ ဆက်လက် လျှောက်လှမ်းနေခဲ့သည်။ သူမသည် သူ့အား ဆေးဥယျာဉ်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီး ထိုနေရာတွင် လူငယ်ငါးဦးအား လတ်လတ်ဆတ်ဆတ် ဆေးပင်အချို့ကို ပေးအပ်သွားမည် ဖြစ်သည်။

အခြားလေးဦးမှာ သူတို့၏ ဆုလာဘ်များကို လက်ခံရရှိထားပြီး ဖြစ်သည်။ သူတို့အား ဒင်္ဂါးပြားအချို့နှင့် ချီသလင်းကျောက် အချို့ကိုလည်း ပေးအပ်ခဲ့သည်။ လုံချန်း နောက်ကျမှ ရောက်လာခဲ့သော်လည်း သူ့ကိုလည်း ထပ်တူညီသော ဆုလာဘ်များကို ပေးအပ်ခဲ့သည်။ သူတို့ငါးဦးစလုံးကို ယခု ထွက်ခွာသွားနိုင်ပြီး ငါးရက် ကြာပြီးနောက်မှ ပြန်လာရန် ပြောကြားခဲ့သည်။

လုံချန်းသည် မီမီ၏ လိုက်ပါစောင့်ရှောက်မှုဖြင့် ထိုနေရာမှ ထပ်မံထွက်ခွာလာခဲ့ရာ ၎င်းက မီကုကို အံ့အားသင့် ဆွံ့အသွားစေခဲ့သည်။ မီမီက လုံချန်းနှင့်အတူ ဘာကြောင့် လိုက်သွားရသနည်း။ သို့သော် သူသည်လည်း သူမကို မမေးမြန်းရဲချေ။ ဤကိစ္စနှင့် ပတ်သက်၍ မေးခွန်းထုတ်ရန်မှာ သူ့နေရာ မဟုတ်ချေ။

"ဒီနေရာမှာ မင်းရဲ့ အခန်းက ဘယ်နားမှာလဲ" မင်းသမီးနှင့်အတူ ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း လုံချန်းက မေးလိုက်သည်။

"နန်းတော်ရဲ့ ဘယ်ဘက်အခြမ်းမှာလေ။ ငါ့ခမည်းတော်နဲ့ ငါ့အစ်ကိုတွေရဲ့ အခန်းတွေကတော့ နန်းတော်ရဲ့ ညာဘက်အစွန်ဆုံးအပိုင်းမှာ ရှိကြတယ်" မီမီက ပြန်ဖြေလိုက်သည်။ "နင် ငါ့အခန်းကို ကြည့်ချင်လို့လား"

"ကြည့်ချင်တာပေါ့၊ ဒါပေမဲ့ နောက်မှပေါ့။ ငါ မင်းရဲ့ ခမည်းတော်နဲ့ အစ်ကိုတွေကို အတွေ့မခံချင်ဘူး။ အဲဒီကနေ ထွက်လာမယ့် မေးခွန်းထုတ် စစ်ဆေးမှုတွေကို ငါ မရင်ဆိုင်ချင်လို့လေ" သူက ထပ်လောင်းပြောဆိုလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ငါတို့ သူတို့နဲ့ ဆုံမှာ မဟုတ်ပါဘူး။ ခမည်းတော်က တော်ဝင် အခန်းဆောင်ထဲမှာ ရှိနေပြီး ငါ့အစ်ကိုတွေလည်း နန်းတော်ရဲ့ ညာဘက် အစွန်ဆုံးအပိုင်းက သူတို့ရဲ့ အခန်းတွေထဲမှာပဲ ရှိနေကြမှာ။ လာပါ... ငါ နင့်ကို ပြမယ်" မီမီက ပြောလိုက်ရင်း လုံချန်း၏ လက်ကို ရုတ်တရက် ဆွဲကိုင်ကာ သူမ နောက်မှ အတင်း ဆွဲခေါ်သွားတော့သည်။

"ငါတို့သွားနေတဲ့ လမ်းကြောင်းမှာ မင်းတို့ရဲ့ ရတနာတိုက် မရှိပါစေနဲ့လို့ပဲ မျှော်လင့်ရတာပဲ။ ငါက ဆင်းရဲလို့ ဒီကို ပစ္စည်းလာခိုးတာပါလို့ မင်းတို့မိသားစုက အပြောမခံချင်ဘူးလေ" လုံချန်းက ရတနာတိုက် မည်သည့်နေရာတွင် ရှိကြောင်း သိရှိနိုင်မည့် အဖြေတစ်ခု ရရှိရန် ပါးပါးလေး လှည့်ပတ်၍ စကားဆိုလိုက်သည်။

လုံချန်း သိထားသည်မှာ အနောက်ပိုင်း ဧကရာဇ်သည် သူလိုအပ်သော ပစ္စည်းအား ရတနာတိုက်ထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။ သို့သော် ဤရတနာတိုက် မည်သည့်နေရာတွင် ရှိကြောင်း သူ မသိရှိချေ။ သူသည် မီမီအား တိုက်ရိုက်မမေးမြန်းဘဲ အကြမ်းဖျင်း စိတ်ကူးတစ်ခု ရရှိရန် ဆန္ဒရှိခဲ့သည်။ အကယ်၍ သူသာ ရတနာတိုက်အကြောင်း ပြောလိုက်ပါက မီမီက သေချာပေါက် တစ်ခုခု ထုတ်ပြောမည် ဖြစ်ကြောင်း သူ ကောင်းစွာ သိသည်။

"မစိုးရိမ်ပါနဲ့၊ ရတနာတိုက်က တကယ်တော့ ငါ့ခမည်းတော်ရဲ့ အခန်း အနီးမှာ ရှိတာ။ နင် ရတနာတိုက် အတွက်နဲ့ ငါ့အခန်းဆီ လာနေတာလို့ ဘယ်သူမှ ထင်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် နင်သာ ငါတို့ ရတနာတွေကို မက်မောတယ်ဆိုရင် ငါတို့အတွက် အလုပ်လုပ်ပေးဖို့ ချက်ချင်း သဘောတူလိုက်မှာပေါ့။ ဒီအချက် တစ်ခုတည်းနဲ့ နင် ဘယ်လောက်အထိ ဖြူစင်ရိုးသားကြောင်း ငါ့ခမည်းတော်ကို သက်သေပြဖို့ လုံလောက်ပါတယ်" မီမီက လှပစွာ ပြုံးရင်း ပြန်ဖြေလိုက်သည်။

မင်းသမီးသည် လုံချန်းကို သူမ၏ အခန်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ကိုယ်ရံတော် အမြောက်အမြား သူတို့ကို မြင်တွေ့ခဲ့ကြရသည်။ သူတို့ မင်းသမီးနှင့်အတူ လိုက်ပါလာသော ဤလူငယ်က မည်သူနည်းဟု အားလုံး ဇဝေဇဝါ ဖြစ်နေခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် မီမီတွင် လုံလောက်သော ဩဇာအာဏာနှင့် လွတ်လပ်ခွင့် ရှိနေခဲ့သည်။ မည်သူမျှ သူမအား မည်သည့်အရာမျှ မမေးမြန်းရဲကြသလို ဤအကြောင်းကိုလည်း မည်သူ့မျှ သတင်းမပို့ရဲကြချေ။ သူမ အလိုရှိရာ မှန်သမျှကို လုပ်ဆောင်နိုင်ပြီး ၎င်းက နန်းတော်အတွင်း သူမ မည်မျှအထိ ထူးခြားထင်ရှားကြောင်း ပြသနေသည်။

လုံချန်းသည် မီမီ၏ နောက်မှ လိုက်ပါသွားပြီး မကြာမီ သူမ အခန်းသို့ ရောက်ရှိသွားခဲ့သည်။ အတွင်းထဲ၌ အနည်းဆုံး လူအယောက်နှစ်ဆယ်ခန့် အတူတူ အိပ်နိုင်လောက်အောင် ကြီးမားပုံရသည့် ကုတင်ကြီးတစ်လုံးကို သူ မြင်တွေ့လိုက်ရသည်။ အခန်းနှင့် ပတ်သက်လျှင်မူ ပို၍ပင် ကြီးမားကျယ်ပြန့်သည်။ အခန်းကို ပြီးပြည့်စုံစွာ သန့်ရှင်းထားပြီး အရာအားလုံးက ရှိသင့်ရှိထိုက်သည့် နေရာများတွင် အတိအကျ ရှိနေပုံရသည်။

"ဒါ ငါ့အခန်းပဲ။ ဘယ်လိုလဲ" မီမီက ကုတင်ပေါ်တွင် ထိုင်ရင်း လုံချန်းကို မေးလိုက်သည်။

"မဆိုးပါဘူး။ တကယ်ကို ကောင်းမွန်တဲ့ အခန်းတစ်ခန်းပဲ။ ဒါပေမဲ့ ငါ့ရဲ့ သက်တောင့်သက်သာ ခံစားချက်အတွက်တော့ နည်းနည်း အရမ်းကြီးလွန်းနေသလိုပဲ" မီမီ၏ အနီးတွင် ထိုင်လိုက်ရင်း လုံချန်းက ပြန်ဖြေလိုက်သည်။

"နင်က အခန်းအသေးစားလေးတွေကို ပိုပြီး သဘောကျလို့လား" မီမီက စူးစမ်းလိုက်သည်။

"အနည်းဆုံးတော့ ဒီထက် သေးငယ်တာပေါ့။ ဒီအခန်းက အခန်းတစ်ခန်းထက်စာရင် တကယ်လို့ ဒီမှာသာ နံရံတွေ ရှိနေခဲ့ရင် ကိုယ်ပိုင်အခန်း ဆယ်ခန်းလောက် ထွက်နိုင်မယ့် အိမ်တစ်လုံးနဲ့ ပိုပြီး တူနေတယ်" လုံချန်းက မချိပြုံး ပြုံးရင်း ပြန်ဖြေလိုက်သည်။

"အဲဒါလည်း ဟုတ်တာပဲ။ ငါက အခန်းထဲမှာ အချိန်အများကြီး မကုန်လွန်လို့ ဒီလိုမျိုး တစ်ခါမှ မတွေးမိခဲ့ဘူး" မီမီက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။ "အချို့လူတွေအတွက်တော့ အရွယ်အစားက တကယ်ပဲ အရေးကြီးပုံရတယ်"

မင်းသမီး၏ စကားများကို ကြားလိုက်ရသောအခါ လုံချန်းက သူမအား ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။ "အဲဒါကို နောက်တစ်ခါလောက် ပြန်ပြောကြည့်ပါဦး" သူက မေးလိုက်သည်။

"ငါက အချို့လူတွေအတွက် အရွယ်အစားက တကယ်ပဲ အရေးကြီးတယ်လို့ ပြောတာလေ။ ငါက အရွယ်အစားကို ဂရုမစိုက်လို့ ဒီအခန်းရဲ့ အရွယ်အစားကို တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမဲ့ နင်က စဉ်းစားတယ်လေ။ ဒါကြောင့်မလို့ အချို့လူတွေအတွက်တော့ အရေးကြီးတယ်လို့ ငါပြောလိုက်တာ" မီမီက ရှင်းလင်းချက်အချို့ ထည့်သွင်းကာ ထပ်မံ ပြောကြားလိုက်သည်။

"ဪ... မင်းက အဲဒီသဘောနဲ့ ပြောတာကိုး။ ငါက တခြားအရာတစ်ခုအကြောင်း ပြောနေတာလို့ ထင်သွားလို့ပါ" လုံချန်းက လွဲမှားစွာ နားလည်သွားခဲ့သဖြင့် ခေါင်းခါရင်း ပြောလိုက်သည်။ သူသည် သူမအား ကမ္ဘာမြေ၏ ဆိုရိုးစကား တစ်ခုအကြောင်း ပြောနေခြင်းဖြစ်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။

"မင်းက အခန်းထဲမှာ အချိန်မကုန်ဘူးလို့ ပြောတယ်နော်။ ဒါဆို တစ်နေ့ကုန် ဘာတွေလုပ်နေလဲ" ကြီးမားသော ကုတင်ကြီးပေါ်တွင် ပျင်းရိစွာ လဲလျောင်းလိုက်ရင်း သူက စူးစမ်းလိုက်သည်။

"ငါ့ရဲ့ သိုင်းပညာတွေကို လေ့ကျင့်တယ်။ ပြီးတော့ နန်းတော်အပြင်ဘက်ကို ထွက်တယ်။ ငါက အကြောင်းပြချက် အချို့ကြောင့် အခန်းထဲမှာ အကြာကြီး မနေနိုင်ဘူး။ တစ်ယောက်တည်းဆိုရင် စတင်ပြီး ပျင်းရိလာတတ်လို့ပါ။ ဒီအစား သိုင်းပညာ လေ့ကျင့်တာက အများကြီး ပိုကောင်းပါတယ်။ နင်ကော... နင် ပျင်းရင် ဘယ်လို ဖြေဖျောက်လဲ" လုံချန်းအား သူမ၏ မေးခွန်းကို မမေးမီ မီမီက ပြန်လည်ဖြေကြားလိုက်သည်။

"ပျင်းရိတာ ဟုတ်လား။ ငါကတော့ တစ်ခါမှ ပျင်းတယ်လို့ မခံစားရဖူးဘူး ထင်တာပဲ။ ငါ့မှာ အဖော်ပြုပေးဖို့ မြွေစုတ်လေး ရှိတယ်လေ။ သူက ပေါက်ကရတွေ အများကြီး လျှောက်ပြောလွန်းလို့ ပျင်းဖို့တောင် အချိန်မရဘူး။ ဒါပေမဲ့ သူက တစ်ခါတလေကျရင် မင်းကို ရူးသွပ်သွားအောင်လည်း လုပ်နိုင်တယ်နော်" လုံချန်းက ပြုံးရင်း ပြန်ဖြေလိုက်သည်။

"မြွေစုတ်လေး ဟုတ်လား" မီမီ ဇဝေဇဝါ ဖြစ်သွားလျက် မေးလိုက်သည်။ သူမ လုံချန်းကို ပထမဆုံး မြင်တွေ့ခဲ့စဉ်က မြွေဘုရင်နှင့် မဆုံတွေ့ခဲ့ရချေ။ ယခုအချိန်အထိပင် သူမ သူ့ကို မမြင်တွေ့ရသေးချေ။

"မြွေစုတ်လေး... ထွက်လာခဲ့တော့" လုံချန်းက တိုးတိုးလေး ပြောလိုက်သည်။ "မင်း အခု စကားပြောလို့ရပြီ"

"နောက်ဆုံးတော့ကွာ။ မင်းနဲ့ အတွေးထဲကနေ စကားပြောနေရတာ တကယ်ကို စိတ်ပျက်ဖို့ ကောင်းလွန်းတယ်။ ဒီမြွေဘုရင်ကြီးက အသံကျယ်ကျယ် ထုတ်ပြောရတာကိုပဲ ပိုပြီး သဘောကျတယ်" အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မီမီသည် မည်သူ စကားပြောသနည်းဟု တွေးတောနေစဉ် လုံချန်း၏ အင်္ကျီလက်အောက်တွင် ဖုံးကွယ်ထားသော လက်ကောက်ငယ်သဏ္ဍာန် အရာတစ်ခုကို သတိပြုမိလိုက်သည်။ မြွေဘုရင်သည် လုံချန်း၏ လက်မောင်းတွင် ရစ်ပတ်ထားခြင်း ဖြစ်သည်။ လုံချန်းက သူ့ကို ယခင်က စကားမပြောရန် တားမြစ်ထားခဲ့ခြင်း ဖြစ်သည်။

All Chapters