အခန်း ၁၂၃၈
Vol. 116 Ch. 1238
အခန်း ၁၂၃၈ မှောင်မိုက်မျိုးနွယ်စု
အပြင်သို့ ထွက်လာပြီးနောက် မြွေဘုရင်သည် ပို၍ မြင်သာထင်သာ ရှိစေရန်အတွက် ကိုယ်ထည်ကို အနည်းငယ် ကြီးမားလာအောင် လုပ်လိုက်သည်။
"ဒါက..." မြွေဘုရင်ကို မြင်လိုက်ရသောအခါ မီမီ ဆွံ့အသွားခဲ့ရသည်။ မြွေဘုရင်၏ ခန္ဓာကိုယ်ကို ကြီးအောင်၊ သေးအောင် လုပ်နိုင်သည့် စွမ်းရည်ကြောင့် သူမ အံ့ဩသွားခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် မြွေဘုရင်များအကြောင်း သိရှိထားသောကြောင့် ဖြစ်သည်။ သူမကို အံ့အားအသင့်ဆုံး ဖြစ်သွားစေသည်မှာ မြွေဘုရင်၏ ရုပ်သွင်ပြင်သာ ဖြစ်သည်။
ဤသားရဲများသည် လွန်ခဲ့သော အချိန်အတော်ကြာ ကတည်းက မျိုးတုံး ပျောက်ကွယ်သွားခဲ့ပြီဟု ပြောစမှတ်ပြုကြသည်။ ထိုအထဲမှ တစ်ကောင်ကို ယခုလို တစ်ကျော့ပြန် မြင်တွေ့လိုက်ရခြင်းက သူမအတွက် အတော်လေး တုန်လှုပ်စရာ ဖြစ်ခဲ့ရသည်။
"ဒါက ငါသွားလေရာကို အမြဲတမ်း အတူတူ လိုက်ပါပေးတဲ့ ငါ့ရဲ့ လက်တွဲဖော်ပဲ။ ငါ ပျင်းလာတဲ့ အခါတိုင်း သူ့ကို စကားလှမ်းပြောလေ့ရှိတယ်။ အသေအချာ ပြန်စဉ်းစားကြည့်ရင် အဲဒါကပဲ သူ့ရဲ့ တစ်ခုတည်းသော အသုံးဝင်မှုပဲ ထင်တယ်" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။
"တစ်ခုတည်းသော အသုံးဝင်မှု ဟုတ်လား။ ဒီကောင့်စကားကို နားမယောင်နဲ့။ ငါသာ မရှိရင် သူ ဒီကိုတောင် ရောက်လာနိုင်မှာ မဟုတ်ဘူး။ ဒီမြွေဘုရင်ကြီးက သနားကြင်နာတတ်လွန်းလို့ သူ့အသက်ကို အနည်းဆုံး အကြိမ်နှစ်ထောင်မက ကယ်တင်ပေးခဲ့ဖူးတာ" မြွေဘုရင်က သူ့ဘက်က အမြင်ကို ပြန်လည်ခြေပလိုက်သည်။
"အကြိမ်ပေါင်း ထောင်ချီ ဟုတ်လား" လုံချန်းက မချိပြုံး ပြုံးရင်း မေးလိုက်သည်။ "အနည်းဆုံးတော့ နည်းနည်း ပိုပြီး ယုံကြည်လောက်စရာ ဖြစ်အောင် ပြောစမ်းပါဦး"
"ဘာက ယုံချင်စရာ ဖြစ်ရမှာလဲ၊ ဒါ အမှန်တရားပဲလေ" မြွေဘုရင်က ဝင်ပြောလိုက်သည်။ "ဒါနဲ့... ဒါက မင်း ခဏခဏ ပြောနေတဲ့ အမျိုးသမီးလား။ မင်း စိတ်ဝင်စားနေတဲ့ တစ်ယောက်လား"
"ဟမ်..." လုံချန်းပင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ မြွေဘုရင်က မည်သည့်အရာများ လျှောက်ပြောသနည်း။ သူ သူ့ကို ရည်ရွယ်ချက်ရှိရှိ စနောက်နေသည်လော။
လုံချန်းနှင့်မတူဘဲ မီမီကမူ မြွေဘုရင်၏ စကားကို အတည်မှတ်သွားခဲ့သည်။ ဤသတင်း အချက်အလက်ကို ကြားလိုက်ရပြီးနောက် မည်သို့ တုံ့ပြန်ရမည်ကို သူမ မသိတော့ချေ။
"ရှက်မနေပါနဲ့ကွာ။ မင်းပဲ သူ့ကို မမြင်ရရင် မနေနိုင်လို့ ဒီကို လာရမယ်လို့ တတွတ်တွတ် ပြောနေခဲ့တာ မဟုတ်ဘူးလား။ သူ့အကြောင်းကို အများကြီး ပြောခဲ့ပြီးတော့ အခု ဒီကို ရောက်ခါမှ ဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ" မြွေဘုရင်က နောက်ပြောင် ကျီစယ်သော လေသံဖြင့် ပြောလိုက်သည်။ "ငါ ဒီမှာ ရှိနေလို့ ရှက်နေတာလား။ မစိုးရိမ်ပါနဲ့... ငါ့ကို မရှိဘူးလို့ပဲ သဘောထားလိုက်စမ်းပါ"
မြွေဘုရင်သည် အပြင်ပန်းတွင် ထိုသို့ ပြောဆိုနေသော်လည်း အတွေးများမှတစ်ဆင့် လုံချန်းနှင့် သီးခြား စကားပြောနေခဲ့သည်။
'ငါ ကူညီပေးတာ ဘယ်လိုလဲ။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူးနော်' မြွေဘုရင်က လုံချန်းကို ပြောလိုက်သည်။
"ငါ့မှာ အဲလိုမျိုး ကူညီပေးမယ့်သူ မလိုဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က ဒီကို တခြားကိစ္စအတွက် လာခဲ့တာ။ အဲဒါတွေ လုပ်ဖို့ ငါတို့မှာ အချိန်မရှိဘူး" လုံချန်းက အတွေးထဲမှတစ်ဆင့် မြွေဘုရင်ကို ပြန်ပြောလိုက်သည်။
"ငါ မင်းကို ပြောခဲ့တယ် မဟုတ်လား။ သူက နည်းနည်း ရူးကြောင်ကြောင်နိုင်တယ်။ သူ့စကားကို အတည်မယူပါနဲ့" သူက မီမီကို လှမ်းပြောလိုက်သည်။
"အင်း..." မီမီက ခေါင်းညိတ်လိုက်သည်။ သို့သော် လုံချန်းတစ်ယောက် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်ဟု သူမ ထင်နေဆဲပင်။ သူမသည် သူ့အား ဤကိစ္စနှင့် ပတ်သက်၍ ထပ်ပြီး အကျပ်မကိုင်ချင်တော့ချေ။
"သူရှိရင် နင် ဘာကြောင့် မပျင်းရလဲဆိုတာ ငါ အခု နားလည်သွားပြီ" သူမက လုံချန်း စကားလမ်းကြောင်း ပြောင်းနိုင်ရန် ကူညီပေးသည့်အနေဖြင့် ပြောလိုက်သည်။
"အတိအကျပဲ"
"ဒါပေမဲ့ မြွေဘုရင်တွေက မျိုးတုံးသွားပြီ မဟုတ်ဘူးလား။ နင် ဘယ်လိုလုပ်ပြီး တစ်ကောင် ရလာတာလဲ။ သူတို့က တခြား လျှို့ဝှက်တဲ့ နေရာတစ်ခုခုမှာ အသက်ရှင်နေကြတုန်းလား" မီမီက မြွေဘုရင်အပေါ် ပို၍ အာရုံစိုက်ကာ စူးစမ်းလိုက်သည်။
"တကယ်တော့ သူက အခုအချိန်မှာ အသက်ရှင်ကျန်ရစ်တဲ့ တစ်ကောင်တည်းသော မြွေဘုရင်ပဲ။ ကျန်တဲ့ကောင်တွေ အားလုံး သေကုန်ကြပြီ" လုံချန်းက ပြန်ဖြေလိုက်သည်။ "သူက အချိန်မီ ထွက်ပြေးနိုင်ခဲ့လို့ အသက်ရှင်ခဲ့တာ။ ပြီးတော့ ငါက သူ့ကို ရှာတွေ့ခဲ့တာလေ။ အဲဒီအချိန်ကတည်းက ငါတို့ အတူတူ ရှိနေခဲ့ကြတာ"
"အင်း... အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ငါ ကြားဖူးတယ်။ မြောက်ပိုင်းအင်ပါယာရဲ့ မှောင်မိုက်မျိုးနွယ်စုက မြွေဘုရင်တွေ အားလုံးကို သုတ်သင်ရှင်းလင်းဖို့ သွားခဲ့ကြတာလေ။ ငါ အခုထိ နားမလည်နိုင်သေးတာက သူတို့ ဘာကြောင့် အဲဒီလို လုပ်ခဲ့လဲဆိုတာပဲ။ ဒါပေမဲ့ မျိုးနွယ်စု တစ်ခုလုံးကို သုတ်သင်ပစ်တာက တကယ်ကို မှားယွင်းတဲ့ လုပ်ရပ်ပဲ..." မီမီက သက်ပြင်းချရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမသည် လွန်ခဲ့သော အချိန်အတော်ကြာက စာအုပ်တစ်အုပ်ထဲတွင် ဤအကြောင်းအား ဖတ်ခဲ့ရသည်ကို မှတ်မိနေခြင်း ဖြစ်သည်။
"မှောင်မိုက်မျိုးနွယ်စု ဟုတ်လား။ သူတို့က သူ့ရဲ့ မျိုးနွယ်စုကို သတ်ခဲ့ကြတာလား" လုံချန်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။ သူသည် ဤအကြောင်းကို မြွေဘုရင်အား မေးမြန်းနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုကောင်က ပြန်မဖြေခဲ့ချေ။
ထို့အပြင် လုံချန်းက မြွေဘုရင်ကိုယ်တိုင်လည်း မည်သူက လက်သည် တရားခံဖြစ်ကြောင်း အတိအကျ မသိရှိဟု ယူဆထားခဲ့သည်။
"ဟုတ်တယ်။ နင် သူတို့အကြောင်း မသိဘူးလား" မီမီက အံ့ဩတကြီး မေးလိုက်သည်။
"မင်း ပြောတာ မြောက်ပိုင်းဧကရာဇ် ဆင်းသက်လာတဲ့ မျိုးနွယ်စုကို ပြောတာလား" လုံချန်းက စူးစမ်းလိုက်သည်။ သူသည် သူတော်စင် ဧကရာဇ်၏ စာအုပ်မှတစ်ဆင့် မှောင်မိုက် မျိုးနွယ်စုအကြောင်း သိရှိထားခြင်း ဖြစ်သည်။
ကံမကောင်းစွာဖြင့် သူတော်စင် ဧကရာဇ်သည် ဤဖြစ်ရပ်မတိုင်မီ ကတည်းက အသတ်ခံခဲ့ရသဖြင့် မြွေဘုရင်များ သုတ်သင်ရှင်းလင်းခံရသည့် အကြောင်းအရာကို ဖော်ပြထားခြင်း မရှိချေ။
"ဟုတ်တယ်။ သူတို့ကို မြောက်ပိုင်း ဧကရာဇ်ရဲ့ မိသားစုလို့လည်း ပြောလို့ရတယ်။ သူတို့ကို ဘယ်သူမှ မရှုပ်ရဲကြဘူး။ ငါတို့ဆိုရင်လည်း သူတို့ကို သွားပြီး မပတ်သက်ဘူး။ ငါတို့က ကြောက်လို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လုပ်တဲ့ အရာတွေက အနောက်ပိုင်း အင်ပါယာရဲ့ နယ်စပ်မှာ မဟုတ်သရွေ့ ငါတို့နဲ့ မဆိုင်လို့ပဲ" မီမီက ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ သူတို့ရဲ့ ပြုမူပုံတွေအပေါ် ငါ အမြဲတမ်း စိတ်ပျက်မိတယ်။ မြွေဘုရင် မျိုးနွယ်စုတင် မကဘူး၊ ငါ ဖတ်ရသလောက်ဆိုရင် သူတို့က တခြား မျိုးနွယ်စု အမြောက်အမြားကိုလည်း သုတ်သင်ခဲ့ကြသေးတယ်။ ပျော်စရာလို့ ထင်လို့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ အဲဒီလို ဖြစ်နေတဲ့အတွက် သူတို့ကို ငါ တကယ် မုန်းတယ်" သူမက ထပ်လောင်းပြောဆိုလိုက်သည်။
"မြွေဘုရင် မျိုးနွယ်စုက လုံးဝ မျိုးမတုံးသွားတာကိုပဲ ငါ ဝမ်းသာရပါတယ်" စကားတစ်လုံးမှ မဆိုဘဲ တိတ်ဆိတ်နေသည့် မြွေဘုရင်၏ ခေါင်းကို ပွတ်သပ်ပေးရင်း သူမက ဆက်ပြောလိုက်သည်။ အမှန်တကယ်တွင်မူ သူသည် တုန်လှုပ်ခြောက်ခြားမှုကြောင့် နေရာတွင်ပင် ကျောက်ခဲကဲ့သို့ အေးခဲနေပုံရသည်။
"မင်း အဆင်ပြေရဲ့လား" မြွေဘုရင်ကို လှမ်းကြည့်ရင်း လုံချန်းက မေးလိုက်သည်။
"ငါက သူတို့က ငါတို့ရဲ့ ရတနာတွေအတွက် လုပ်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ အပျော်သက်သက်ပဲ ဆိုတာ သိလိုက်ရတော့..." မြွေဘုရင်က ငေးမှိုင်စွာ ပြောလိုက်သည်။ "ဒါဆို ငါတို့ရဲ့ အသက်တွေက ဘာအကြောင်းပြချက်မှ မရှိဘဲ အလဟဿ ဆုံးရှုံးခဲ့ရတာပေါ့ ဟုတ်လား"
"မင်း စိတ်မကောင်းမဖြစ်ပါနဲ့။ သူတို့ရဲ့ အသက်တွေလည်း ဒီလိုနည်းနဲ့ပဲ ဆုံးရှုံးရစေရမယ်။ သူတို့ မကြာခင် သူတို့ပြုခဲ့တဲ့ ဝဋ်ကြွေးကို ပြန်ပေးဆပ်ရလိမ့်မယ်။ ဒါကို ငါ ကတိပေးတယ်" လုံချန်းက တည်ကြည်လေးနက်သော လေသံဖြင့် မြွေဘုရင်ကို ပြောလိုက်သည်။
မြွေဘုရင်နှင့် အချိန်အတော်ကြာ အတူတူ ဖြတ်သန်းခဲ့ပြီးနောက် သူသည် မြွေဘုရင်ကို မိသားစုဝင် တစ်ဦးကဲ့သို့ သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုကောင်က မည်မျှပင် အရှက်မရှိ ကြွားဝါတတ်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေ ဤကောင်သည် သူ့မိသားစုတွင် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လုံချန်းသည် မြွေဘုရင် ခံစားနေရသည့် နာကျင်မှုနှင့် ပူဆွေးမှုကိုလည်း ခံစားမိနေသည်။ သူက အပြင်ပန်းတွင် ထုတ်မပြသော်လည်း လုံချန်း ကောင်းစွာ ခံစားသိရှိနိုင်သည်။
သူတို့နှစ်ဦးကြားတွင် အထူး ဆက်နွှယ်မှုတစ်ခု ရှိနေသည်။ မြွေဘုရင်သည် ယဉ်ပါးပြီးသား သားရဲ ဖြစ်သည့်အတွက် ဤနာကျင်မှုနှင့် ဒေါသကို သူ ခံစားသိရှိနိုင်ခြင်း ဖြစ်သည်။
"မင်း ငါ့ကို ယုံလား" သူက မြွေဘုရင်ကို မေးလိုက်သည်။
မြွေဘုရင်သည် လုံချန်းကို ခဏမျှ ပြန်လည်စိုက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ။ ဒါဆို ငါ့ကို ယုံကြည်လိုက်။ မင်းရဲ့ မိသားစုအပေါ် သူတို့ လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ပြန်ပေးဆပ်စေရမယ်။ သူတို့ မင်းတို့ကို သုတ်သင်ခဲ့သလိုမျိုး သူတို့လည်း ပြန်ပြီး သုတ်သင် ရှင်းလင်းခံရစေရမယ်။ ဒါက အပြီးသတ် ဆုံးဖြတ်ချက်ပဲ။ နားလည်လား"
လုံချန်းက မြွေဘုရင်၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်ရင်း မေးလိုက်သည်။
စိတ်မကောင်းဖြစ်နေသည်မှာ မြွေဘုရင်တစ်ဦးတည်း မဟုတ်ဘဲ လုံချန်းကိုယ်တိုင်လည်း ဒေါသထွက်နေခဲ့သည်။ သူ့ရင်ထဲအသည်းထဲမှ သူ့သားရဲကို ယခုကဲ့သို့ ဝမ်းနည်းအောင် လုပ်ခဲ့သည့် ထိုမျိုးနွယ်စုအား သုတ်သင်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။
သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသောအခါ မီမီလည်း ငြိမ်မနေနိုင်တော့ချေ။
"နင် တကယ်ပြောနေတာလား။ အဲဒီလို လုပ်လို့မရဘူး။ နင် မသိလို့ပါ၊ မှောင်မိုက် မျိုးနွယ်စုက တကယ်ကို အစွမ်းထက်တာ။ ဒါတင်မကသေးဘူး... သူတို့နောက်မှာ သူတို့ရဲ့ မိသားစုဝင်ဖြစ်တဲ့ မြောက်ပိုင်း ဧကရာဇ်ရဲ့ နောက်ခံ ရှိနေတာလေ။ နင်သာ သူတို့ကို ဆန့်ကျင်ရင် သူတို့ တစ်မျိုးနွယ်လုံးကို ဆန့်ကျင်ရုံတင်မကဘဲ မြောက်ပိုင်း ဧကရာဇ်ကိုပါ ဆန့်ကျင်ရလိမ့်မယ်"
လုံချန်းအား စိတ်လိုက်မာန်ပါဖြင့် အမှားတစ်ခု မပြုလုပ်မိစေရန် တားဆီးလိုသည့်အတွက် သူမက ကြားဖြတ်ကာ အလျင်အစလို ဝင်ပြောလိုက်တော့သည်။