အခန်း ၁၂၃၉
Vol. 116 Ch. 1239
အခန်း ၁၂၃၉ မင်းဆိုရင်ကော ဘာလုပ်မလဲ
"သူတို့ကို ဆန့်ကျင်တာက မြောက်ပိုင်း ဧကရာဇ်ကို ဆန့်ကျင်တာနဲ့ အတူတူပဲ ဟုတ်လား" လုံချန်းက သဘောကျစွာ မေးလိုက်သည်။ "ငါက အဲဒီလဲလှယ်မှုကို လက်ခံဖို့ အဆင်သင့်ပဲ။ မြောက်ပိုင်း ဧကရာဇ်ပဲ ဖြစ်ဖြစ် ဘာဖြစ်လဲ။ သူ မသိခင်မှာ မှောင်မိုက် မျိုးနွယ်စုကို သုတ်သင်ရှင်းလင်းပြီး ငါ ဒီကနေ ထွက်သွားနိုင်သရွေ့တော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး"
"နင် တကယ်ပဲ အဲလိုလုပ်နိုင်မယ်လို့ ထင်နေတာလား" မီမီက မယုံကြည်နိုင်စွာ မေးလိုက်သည်။ "နင် အနောက်ပိုင်း အင်ပါယာကနေ တစ်ခါမှ အပြင်မထွက်ဖူးသေးဘူးပဲ။ မင်း ဘာမှမသိသေးဘူး။ မှောင်မိုက် မျိုးနွယ်စုက မြောက်ပိုင်း ဧကရာဇ်ရဲ့ နန်းတော်နဲ့ သိပ်မဝေးဘူးနော်။ သူတို့ တိုက်ခိုက်ခံရပြီး ငါးမိနစ်အတွင်းမှာ မြောက်ပိုင်းဧကရာဇ်က အဲဒီနေရာကို ရောက်လာနိုင်တာ"
"နင်က သူတို့ကို ငါးမိနစ်အတွင်းမှာ ရှင်းပစ်နိုင်လိမ့်မယ်လို့ တကယ်ကြီး ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဒါက အိပ်မက်သက်သက်ပဲ။ ဒါကို ထားလိုက်ပါဦး။ ဗိုလ်ချုပ်လေးဦးထဲက တစ်ဦးတောင် ဒါကို မလုပ်နိုင်ဘူး။ ငါ့ခမည်းတော်လို ဧကရာဇ်တွေပဲ လုပ်နိုင်တာ။ ဒါပေမဲ့ သူကလည်း အမြဲတမ်း ငြိမ်းချမ်းနေခဲ့တဲ့ အင်ပါယာနှစ်ခုကြား စစ်ပွဲဖြစ်ပွားစေမယ့် ကိစ္စမျိုးမလို့ ဒါကို ကြားဝင်ပတ်သက်မှာ မမဟုတ်ဘူး။ ဒီကိစ္စကို မေ့ပစ်လိုက်ပါတော့" သူမက ထပ်လောင်းပြောဆိုသည်။
လုံချန်းသည် မီမီ၏ စကားများကို လျစ်လျူရှုကာ အတွေးများမှတစ်ဆင့် မြွေဘုရင်ကို ပြောလိုက်သည်။
'သူမစကားကို နားမယောင်နဲ့။ သူက ငါတို့အကြောင်း ဘာမှမသိဘူး။ ငါတို့ကို အားနည်းသေးတယ်လို့ပဲ ထင်နေတာ။ ဒါပေမဲ့ ငါ့ကိုပဲ ယုံကြည်လိုက်စမ်းပါ။ အဲဒီမျိုးနွယ်စု ပျောက်ကွယ်သွားစေရမယ်။ ပြီးတော့ သူတို့ရဲ့ ခေါင်းဆောင်ကို မင်းကိုယ်တိုင် သတ်ခွင့်ရစေရမယ်။ ဒါက ငါ့ရဲ့ ကတိပဲ'
မြွေဘုရင်က လုံချန်းကို တစ်ချက် ကြည့်လိုက်သည်။ အတော်လေး ကြာမြင့်ပြီးနောက်မှ သူ စကားတစ်ခွန်း ပြောလိုက်သည်။ သို့သော် သူပြောလိုက်သည့် စကားလုံးမှာ နှစ်လုံးတည်းသာ ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်" မြွေဘုရင်က ပြောလိုက်သည်။
လုံချန်းထံမှ မည်သည့် တုံ့ပြန်မှုမျှ မကြားရသဖြင့် မီမီက ထပ်မံ ပြောလိုက်သည်။ "ငါပြောတာကို နင် နားလည်ရဲ့လား။ မှောင်မိုက် မျိုးနွယ်စုကို တိုက်ခိုက်ဖို့ စိတ်ကူးထဲတောင် ထည့်မစဉ်းစားပါနဲ့"
"သူတို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေ ပြီးတာတောင် သူတို့ကို ဒီအတိုင်း လွတ်လွတ်လပ်လပ် သွားလာခွင့် ပေးထားရမယ် ဟုတ်လား။ တကယ်ကြီးလား" လုံချန်းက မီမီကို မေးလိုက်သည်။ "တကယ်လို့ သူ့မိသားစုနေရာမှာ မင်းရဲ့ မိသားစုသာ အသုတ်သင်ခံလိုက်ရရင် မင်းကော ဘာလုပ်မလဲ။ မင်း ဘာလုပ်မလဲ။ မင်းကော အခုလိုမျိုးတွေ အများကြီး တွေးတောနေဦးမှာလား။ အမှန်အတိုင်း ပြောစမ်းပါ"
"ငါ..." ယခုတစ်ကြိမ်တွင် မီမီ စကား တစ်ခွန်းမျှ ပြန်မပြောနိုင်တော့ချေ။ သူမသည် အဖြေမပေးနိုင်ဘဲ ပိတ်မိသွားခဲ့ရသည်။ သူမအနေဖြင့် ဤကဲ့သို့သော အရာမျိုး သူမအပေါ် ဖြစ်ပျက်လာမည်ဟု စိတ်ကူးပင် မယဉ်ဝံ့ချေ။
အကယ်၍သာ ထိုသို့သော အရာမျိုး အမှန်တကယ် ဖြစ်ပျက်လာခဲ့လျှင် သူမ ကောင်းစွာ တွေးတောနိုင်မည် မဟုတ်ကြောင်း သူမ သိသည်။ ရန်သူက မည်သူဖြစ်စေ မည်သည့်အရာပင် ပေးဆပ်ရပါစေ သူမ သေချာပေါက် ကလဲ့စားချေရန် ကြိုးစားမိပေမည်။
"မင်း မဖြေနိုင်ဘူး မဟုတ်လား။ ဒါပေမဲ့ မင်းရဲ့ အဖြေကို ငါ ကြိုသိနေသလိုပဲ။ မင်းက အခု ငါတို့ကို လာပြီး အကြံပေးနေတဲ့အတိုင်း လုပ်မှာ မဟုတ်ဘူး။ ငါပြောတာ မှန်တယ်မလား" လုံချန်းက စူးစမ်းလိုက်သည်။
"ဒါပေမဲ့ အဲဒါက ငါ ကောင်းကောင်း မတွေးတောနိုင်လို့ ဖြစ်လိမ့်မယ်။ ဟုတ်တယ်... ငါလည်းပဲ ဒီလို မိုက်မဲတဲ့ ရွေးချယ်မှုမျိုးကို လုပ်မိမှာပဲ။ နောက်ဆက်တွဲ အကျိုးဆက်တွေကို မစဉ်းစားဘဲ ငါလည်း သွားပြီး တိုက်ခိုက်မိမှာပဲ။ ဒါပေမဲ့ လက်ရှိမှာတော့ ငါက စိတ်လိုက်မာန်ပါ ဖြစ်မနေဘူးလေ။ ဘယ်အရာက မကောင်းတဲ့ အစီအစဉ်လဲ။ ဘယ်အရာက ကောင်းလဲဆိုတာကို ငါ အထင်အရှား မြင်နိုင်သေးတယ်" မီမီက ပြန်ဖြေလိုက်သည်။
သူမက မရပ်မနား ဆက်ပြောသည်။ "နင်လုပ်တော့မယ့် အမှားမျိုးကို ငါလည်း လုပ်မိမှာ သေချာပေမဲ့ အဲဒါက ဒီအမှားကို မှန်ကန်သွားစေတာ မဟုတ်ဘူးလေ။ ဒါက ဘာအကြောင်းပြချက်မှ မရှိဘဲ နင့်ရဲ့ အသက်ကို အလဟဿ စတေးပစ်လိုက်တာနဲ့ အတူတူပဲ။ ငါ့ခမည်းတော်လို ခွန်အားမျိုး မရှိဘဲနဲ့ နင် မနိုင်နိုင်ဘူး။ အသက်ကို ပြင်းပြင်းရှူပြီး ငါပြောတာကို သေသေချာချာ နားထောင်စမ်းပါ။ ငါ နင့်ကို မသေစေချင်ဘူး"
"ငါ သေချာပေါက် လုပ်မှာ။ ဒါပေမဲ့ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။ ငါတို့ အဆင်သင့်ဖြစ်တဲ့ အခါကျမှ အစီအစဉ်တကျနဲ့ သွားမှာပါ။ ဘယ်လိုလဲ... ငါတို့ကို လာတားနေမယ့်အစား မင်း ငါတို့ကို ကူညီပေးပါလား။ ငါတို့က ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် လုပ်မှာမလို့ ငါတို့ကို လာတားလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူးဆိုတာ မင်း သိပါတယ်" လုံချန်းက ပြန်ဖြေလိုက်သည်။ "ဒါကြောင့် ငါတို့ကို ကူညီပေးပါ။ ဘာပဲဖြစ်ဖြစ် မင်းလည်း အဲဒီလူတွေကို မုန်းတာပဲဥစ္စာ။ သူတို့ကို သုတ်သင်ပစ်ဖို့ ငါတို့ကို ကူညီပေးပါ" သူက ထပ်လောင်းပြောဆိုသည်။
"သူတို့ကို သုတ်သင်ဖို့ ငါက ဘယ်လို ကူညီပေးရမှာလဲ။ နင့်ကို ချက်ချင်းကြီး သန်မာလာအောင် ငါ မလုပ်ပေးနိုင်ဘူးလေ။ ကျင့်ကြံခြင်း အရင်းအမြစ်တွေကိုတော့ ငါ သေချာပေါက် ပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါက အထောက်အကူ ဖြစ်မှာမဟုတ်ဘူး။ အရင်းအမြစ်တွေ ရှိရုံနဲ့ ကျင့်ကြံရတာ အဲဒီလောက်အထိ လွယ်ကူနေမယ်ဆိုရင် ငါတို့အားလုံး အခုချိန်ဆို ဧကရာဇ်တစ်ပါးလို သန်မာနေကြပြီပေါ့" မီမီက ပြန်ပြောသည်။
"ငါ့ကိုပဲ ဥပမာကြည့်လေ။ ငါက တော်ဝင်မိသားစု တစ်ခုလုံးမှာ ပါရမီအမြင့်ဆုံးပဲ။ ပြီးတော့ ငါ့မှာ အသုံးချနိုင်မယ့် ကျင့်ကြံခြင်း အရင်းအမြစ် အားလုံးလည်း ရှိနေတာပဲ။ ဒါပေမဲ့ အဲဒီလို ရှိနေတာတောင် ငါက ငါတို့ရဲ့ ဗိုလ်ချုပ် အဆင့်ကိုတောင် မမှီသေးဘူး။ ငါ့ခမည်းတော်ရဲ့ အဆင့်ကို ရောက်ဖို့ဆိုတာ ဝေးရော။ ဒါက တကယ်ကို မဖြစ်နိုင်တဲ့ အရာပဲ" သူမက ဆက်ပြောသည်။
"ငါက ကျင့်ကြံခြင်း ဒါမှမဟုတ် အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး အကူအညီမလိုပါဘူး။ အဲဒါအတွက် ငါ့မှာ ကိုယ်ပိုင် နည်းလမ်းတွေ ရှိပြီးသားပါ။ ငါ မင်းဆီကနေ လိုချင်တာက သတင်း အချက်အလက်ပဲ။ မှောင်မိုက် မျိုးနွယ်စုနဲ့ မြောက်ပိုင်း ဧကရာဇ်တို့ အကြောင်း မင်း ရှာပေးနိုင်သမျှ သတင်း အချက်အလက်တွေကို ငါ လိုတယ်" လုံချန်းက ရှင်းပြလိုက်သည်။ "မင်း ငါ့ကို အင်ပါယာအားလုံးရဲ့ မြေပုံကိုပါ ရှာပေးနိုင်ရင် ပိုပြီး ကောင်းတာပေါ့။ မင်း လုပ်ပေးနိုင်မလား" သူက မေးလိုက်သည်။
"အဲဒီအရာအားလုံးကိုတော့ ငါ တစ်ရက်အတွင်း ရှာပေးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါကလည်း နင့်ကို အထောက်အကူ ပြုနိုင်မှာ မဟုတ်ဘူး။ အဓိက မေးခွန်းက ခွန်အားအကြောင်းလေ။ သတင်း အချက်အလက်တွေက အနိုင်မယူနိုင်တဲ့ ရန်သူတစ်ယောက်ကို အနိုင်ယူဖို့ ဘယ်လို ကူညီပေးနိုင်မှာလဲ" ထိုအရာက သူ့ကို မည်သို့ ကူညီပေးနိုင်မည်နည်းဟု နားမလည်နိုင်သဖြင့် မီမီက စူးစမ်းလိုက်သည်။
"ဒါက ငါ့ကို ဘယ်လို ကူညီမလဲဆိုတာ မင်း စိုးရိမ်မနေပါနဲ့။ ဒီအတိုင်း သတင်း အချက်အလက်ကိုပဲ ရှာပေးပါ။ ဒါဆိုရင် ရပါပြီ" လုံချန်းက ပြန်ဖြေလိုက်သည်။ "ဒီကိစ္စမှာ မင်း ငါ့ဘက်ကနေ ရပ်တည်ပေးလိမ့်မယ်လို့ ငါ မျှော်လင့်လို့ ရမလား"
မီမီသည် ဤအရာကို ဆန့်ကျင်နေသော်လည်း လုံချန်းအား မငြင်းဆန်နိုင်ခဲ့ချေ။ သူမသည် သူ့အား ဤသို့ မလုပ်စေချင်သော်လည်း သူမ မည်မျှပင် ဆိုနေပါစေ သူ သေချာပေါက် လုပ်မည် ဖြစ်ကြောင်း သူမ သိသည်။ အနည်းဆုံးတော့ သူမ သူ့အနီးတွင် ရှိနေပေးပြီးမှ သူ့ကို ဆွဲဆောင်ဖျောင်းဖျရန် ကြိုးစားနိုင်သည် မဟုတ်လော။ သူမ ခေါင်းညိတ်လိုက်သည်။ "ငါ နင့်ကို ကူညီပါ့မယ်"
"တကယ့်ကို ပြီးပြည့်စုံတာပဲ။ ငါ အခု ထွက်သွားသင့်ပြီ။ အချိန်လည်း တော်တော်လေး နောက်ကျနေပြီပဲ။ မနက်ဖြန် မွန်းလွဲပိုင်းကျမှ ငါ ထပ်လာခဲ့မယ်" ထွက်ခွာရန် ပြင်ဆင်ရင်း လုံချန်းက ပြောလိုက်သည်။ သူသည် ဤနေရာတွင် အချိန်အတော်ကြာ ကုန်လွန်စေခဲ့ပြီး ဖြစ်သည်။ သူ ယနေ့ည ခိုးယူမည့် ကိစ္စအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်သေးသည် မဟုတ်လော။
"ဒါဆိုရင် နန်းတော်ဝင်ပေါက်မှာပဲ ငါ နင့်ကို စောင့်နေပါ့မယ်။ မဟုတ်ရင် သူတို့ နင့်ကို ပေးဝင်မှာ မဟုတ်ဘူး။ ဘယ်အချိန်အတိအကျ ရောက်မလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား" မီမီက မတ်တတ်ရပ်ကာ သူနှင့်အတူ အခန်းအတွင်းမှ ထွက်ခွာရင်း မေးလိုက်သည်။
"ငါ ဒီကို မွန်းတည့် တစ်ဆယ့်နှစ်နာရီလောက်မှာ ရောက်လိမ့်မယ်" လုံချန်းက ပြန်ဖြေသည်။
မီမီက သူ့ကို အပြင်ဘက်အထိ ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးခဲ့သည်။ "နင် ဘယ်မှာ တည်းခိုနေလဲဆိုတာ မေးလို့ရမလား" သူမက လုံချန်းကို မေးလိုက်သည်။
"မတည်းရသေးဘူး။ ငါ ထွက်သွားပြီးမှပဲ တစ်ခုခု ရှာရမယ်" လုံချန်းက ပြန်လည်ဖြေကြားလိုက်သည်။
မီမီက ခေါင်းညိတ်လိုက်ရင်း သိုလှောင်လက်စွပ်ထဲမှ အရာတစ်ခုကို ထုတ်ယူလိုက်သည်။ "ရော့... ဒါက ငါပေးတဲ့ တံဆိပ်ပဲ။ ဒါက နင့်မှာ ငါပေးထားတဲ့ အထူးလုပ်ပိုင်ခွင့် အာဏာရှိတယ် ဆိုတာကို ပြသတာ။ ဘယ်တည်းခိုခန်းမှာမဆို ဒါကို ပြလိုက်ရင် ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘဲ တည်းခိုခွင့် ရလိမ့်မယ်" မီမီက ပြန်ပြောလိုက်သည်။
"ပြီးတော့ ဗဟိုဟိုတယ်ကို သွားတာက အကောင်းဆုံးဖြစ်မယ်လို့ ငါထင်တယ်။ အဲဒါက မြို့ရဲ့ အလယ်တည့်တည့်မှာ ရှိပြီးတော့ အကောင်းဆုံး တည်းခိုခန်းပဲ။ ရှာရတာလည်း မခက်ခဲပါဘူး" သူမက ထပ်လောင်းပြောဆိုသည်။
"ငါ နင်နဲ့အတူ ကိုယ်တိုင် လိုက်လာပေးချင်ပေမဲ့ နင်က လူအများကြီးရဲ့ အာရုံစိုက်မှုကို မကြိုက်ဘူးလို့ ပြောထားလို့ပါ။ တော်ဝင် နန်းတော်ထဲမှာတော့ ဘယ်သူမှ လျှောက်မပြောရဲကြလို့ ကိစ္စမရှိပေမဲ့ အပြင်ဘက်မှာ နင့်ကို ငါနဲ့အတူ မြင်သွားကြရင် သာမန်ပြည်သူတွေရဲ့ အာရုံစိုက်မှုကို အများကြီး ခံရလိမ့်မယ်"