အခန်း ၁၂၄၀
Vol. 116 Ch. 1240
အခန်း ၁၂၄၀ အရှင်ဂလန်နှင့် ဆုံတွေ့ခြင်း
"ရပါတယ်၊ ဘာပဲဖြစ်ဖြစ် မင်း ငါ့နောက်ကို လိုက်လာပေးဖို့ မလိုပါဘူး။ ငါတစ်ယောက်တည်း သွားရတာလည်း အဆင်ပြေပါတယ်" သူနှင့်အတူ မလိုက်ပါနိုင်သဖြင့် စိတ်မကောင်း ဖြစ်နေပုံရသော မီမီကို လုံချန်းက ပြောလိုက်သည်။
"ပြီးတော့ တည်းခိုခန်း အကြံပြုပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ငါ အဲဒီမှာပဲ အခန်းတစ်ခန်း ယူလိုက်ပါ့မယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့" သူက ထွက်ခွာမသွားမီ ထပ်လောင်းပြောဆိုလိုက်သည်။ မီမီသည် လုံချန်း ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ သူမ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားပြီးနောက်မှသာ သူမသည် အနောက်သို့ လှည့်ကာ နန်းတော်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့သည်။
"ငါတို့ ဒီနေ့ည အဲဒီပစ္စည်းကို သွားမခိုးတော့ဘူးလား" မြွေဘုရင်က လုံချန်း၏ ဘေးနားတွင် ပျံသန်းရင်း သူတို့၏ အစီအစဉ်ကို စူးစမ်းမိလိုက်သည်။
"မင်းက ဘာလို့ အဲလိုတွေးရတာလဲ။ သေချာတာပေါ့၊ ငါတို့ ဒီနေ့ညပဲ ခိုးမှာပါ" လုံချန်းက ပြန်လည် တုံ့ပြန်လိုက်သည်။
"အဲဒါက ပြဿနာ မဖြစ်နိုင်ဘူးလား။ တကယ်လို့ မင်းသာ ဒီနေ့ည ခိုးလိုက်ရင် မနက်ဖြန်ကျ မီမီက ငါတို့လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး ရှာပေးနိုင်တော့မှာလဲ။ သူလည်း တော်ဝင် မိသားစုဝင်တွေ နည်းတူ သူတို့ဆီကနေ ပစ္စည်းခိုးသွားတဲ့သူကို လိုက်ရှာနေရလို့ အလုပ်ရှုပ်နေလိမ့်မယ် မဟုတ်လား"
"ဟင့်အင်း... အဲဒီလိုမျိုး ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ မင်းပြောတဲ့ အရာအားလုံးက တော်ဝင် မိသားစုက ခိုးယူခံရမှန်း သိသွားမယ့် အလားအလာအပေါ်မှာပဲ မူတည်နေတာလေ။ အဲလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” လုံချန်းက ပြန်ဖြေလိုက်သည်။
"ဆိုလိုတာက ဘယ်သူမှ သိမှာ မဟုတ်ဘူးပေါ့ ဟုတ်လား။ အဲဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်း ရတနာတိုက် ဘယ်နားမှာရှိလဲဆိုတာ မသိဘူးလေ။ ဒါကြောင့် သေချာပေါက် ကိုယ်ရံတော်အချို့ကို မေးမြန်းရလိမ့်မယ်။ ပြီးရင် သူတို့ကို သတ်ပစ်ရလိမ့်မယ်။ ကိုယ်ရံတော်တွေ ပျောက်ဆုံးသွားတဲ့အခါ တစ်ယောက်ယောက်ကတော့ ကျူးကျော်သူ ရှိနေပြီဆိုတာ သေချာပေါက် သိသွားမှာပဲ မဟုတ်လား" မြွေဘုရင်က မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။
"ရတနာတိုက်ရဲ့ တည်နေရာကို ကိုယ်ရံတော်တွေကို ငါ မေးစရာမလိုပါဘူး။ ဒါက ဘယ်နားမှာ ရှိလဲဆိုတာ ငါ သိပြီးသားပါ" လုံချန်းက ရှင်းပြလိုက်သည်။ "အနည်းဆုံးတော့ အကြမ်းဖျင်း အစီအစဉ် ရှိတာပေါ့"
"ဘယ်လိုလုပ်ပြီးလဲ။ ငါက မင်းနဲ့အတူ တစ်ချိန်လုံး ရှိနေတာလေ။ ငါတို့ သိထားတာက အဲဒါက နန်းတော်ရဲ့ ညာဘက်အခြမ်းမှာ ရှိတယ်ဆိုတာပဲ။ ဘယ်နှစ်ထပ်မှာ ရှိလဲဆိုတာတောင် ငါတို့ မသိဘူးလေ" မြွေဘုရင်က ထောက်ပြလိုက်သည်။
"ပြင်ပြောရရင်တော့... မင်းကသာ ဘယ်နှစ်ထပ်မှာရှိလဲ မသိတာပါ။ ငါကတော့ ဘယ်နှစ်ထပ်မှာ ရှိလဲဆိုတာ အတိအကျ သိတယ်။ ငါ မီမီကို ရတနာတိုက်အကြောင်း အကြောင်းပြချက် မရှိဘဲ ပြောခဲ့တာ မဟုတ်ဘူးကွ။ ငါက သူ့ကို ရတနာတိုက်အကြောင်း တွေးမိသွားအောင် အတင်းအကျပ် လုပ်ခဲ့တာ။ သူ အဲဒီအကြောင်း တွေးလိုက်တဲ့အချိန်မှာ ငါက သူ့ရဲ့ အတွေးတွေကို ဖတ်နိုင်ခဲ့တာလေ" လုံချန်းက ရှင်းပြလိုက်သည်။
"မင်းက သူ ထုတ်ပြောလိုက်တဲ့ စကားကိုပဲ သိတာ။ ဒါပေမဲ့ ငါက သူ ထုတ်မပြောခဲ့တဲ့ အရာတွေကိုပါ သိတာလေ။ အဲဒါကြောင့်မလို့ မင်းက ရတနာတိုက် ဘယ်နားမှာရှိလဲ မသိတာပေါ့" တော်ဝင်မြို့တော်၏ လူစည်ကားသော လမ်းမထက်တွင် လျှောက်လှမ်းရင်း သူက ထပ်လောင်း ပြောဆိုလိုက်သည်။
"မင်း တည်နေရာကို သိတယ်ဆိုရင်တောင် တစ်စုံတစ်ယောက်က ရတနာတိုက်ထဲ ဝင်သွားခဲ့တယ်ဆိုတာကို ဘယ်သူမှ မရိပ်မိစေဘဲနဲ့ အထဲကို အတင်းဖောက်ဝင်ဖို့က တကယ်ပဲ ဖြစ်နိုင်လို့လား" မြွေဘုရင်က ထပ်မံမေးမြန်းလိုက်သည်။
"အရာအားလုံးကို လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်ကွာ။ စိတ်မကောင်းစရာကတော့ မင်းက မြင်တွေ့ရဖို့ ငါနဲ့အတူ ရှိနေမှာမဟုတ်ဘူး။ ငါပြန်လာတဲ့အခါ ငါ ဘယ်လိုလုပ်ခဲ့လဲဆိုတာ မင်းကို ပြန်ပြောပြပါ့မယ်" လုံချန်းက ပြန်ဖြေလိုက်သည်။
"ဟမ်... ဒီအစွမ်းထက်တဲ့ အရှိန်အဝါက နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီလား" သူက နောက်သို့ လှည့်ကြည့်ရင်း ရုတ်တရက် တိုးတိုး ရေရွတ်လိုက်သည်။ ယခင်က သူ ခံစားခဲ့ရဖူးသော ရင်းနှီးသည့် အစွမ်းထက်သော အရှိန်အဝါတစ်ခု သူတို့ထံသို့ ဦးတည်လာနေသည်ကို သူ ခံစားမိလိုက်ရသည်။
နောက်သို့ လှည့်ကြည့်လိုက်သောအခါ သူသည် အရှင်ဂလန်ကို သတိပြုမိလိုက်သည်။ "ဪ... အဲဒီလူပဲ"
လုံချန်းသည် ဝတ်စုံဖြူ ဝတ်ဆင်ထားပြီး ဆံပင်ရှည်နှင့် လူတစ်ဦး ဓားပျံပေါ်တွင် မတ်တတ်ရပ်လျက် သူ့ထံသို့ ပျံသန်းလာသည်ကို မြင်တွေ့လိုက်ရသည်။
"ဒီအရှင်ဂလန် ဆိုတဲ့လူလား။ သူက မြွေဘုရင်ကြီးကို လာတွေ့တာလား။ ဖြစ်နိုင်တာက သူ ငါ့ရဲ့ အကူအညီ လိုအပ်နေလို့ ထင်တယ်" မြွေဘုရင်က နောက်ပြောင်ကျီစယ်ရင်း ပြောလိုက်သည်။
"ဖြစ်နိုင်တာပဲ။ ဘာလို့လဲဆိုတော့ သူက ငါတို့ဆီကို သေချာပေါက် ဦးတည်လာနေတယ်လို့ ငါ ခံစားရလို့ပဲ၊ အနည်းဆုံးတော့ သူ ငါတို့ကို စိုက်ကြည့်နေတယ်လို့လည်း ငါ ခံစားမိတယ်" လုံချန်းက မျက်မှောင်ကုတ်ရင်း ပြောလိုက်သည်။
"သူက မင်းရဲ့ ခွန်အားကို ရိပ်မိသွားလို့လား" မြွေဘုရင်က စူးစမ်းလိုက်သည်။
"သူ့အနေနဲ့ ရိပ်မိနိုင်မယ့် နည်းလမ်း လုံးဝ မရှိပါဘူး။ ငါ့ရဲ့ သွေးမျိုးဆက်က ငါ့ရဲ့ အရှိန်အဝါကို ဝှက်ကွယ်ပေးထားတာလေ။ သူတောင် ငါ့ရဲ့ ခွန်အား ဒါမှမဟုတ် အရှိန်အဝါကို မြင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါက သူတော်စင်ဘုရင်ရဲ့ ဓားကိုလည်း အပြင်ကို ထုတ်မထားဘူးလေ။ ဒါဆို ဘာလို့လဲ။ ငါများ မှားသွားတာလား။ သူက တခြားတစ်ယောက်ယောက်ဆီ သွားနေတာများလား"
လုံချန်းသည် အနောက်သို့ ပြန်လှည့်ကာ ထိုလူအား အများကြီး အာရုံမစိုက်တော့ဘဲ တည်းခိုခန်းဆီသို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ သို့သော် သူသည် နောက်ကျောမှ တိုက်ခိုက်ခြင်း မခံရစေရန် ထိုလူအား စောင့်ကြည့်နိုင်ဖို့ စိတ်အာရုံကိုတော့ ဖြန့်ကျက်ထားခဲ့သည်။
အရှင်ဂလန်သည် လုံချန်း ရှေ့တွင် ရပ်တန့်လိုက်ရာ သူသည် လုံချန်းအတွက် လာခဲ့ခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် အတည်ပြုလိုက်သလို ဖြစ်သွားခဲ့သည်။ လုံချန်းက ထိုလူကို စိုက်ကြည့်ရင်း သူ စကားပြောမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
"မင်း ငါနဲ့အတူ လိုက်ခဲ့" အရှင်ဂလန်က လုံချန်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ကျုပ်တို့က ဘာလို့ လိုက်ရမှာလဲ" လုံချန်း မပြောနိုင်ခင် မြွေဘုရင်က ကြားဖြတ်ကာ ပြန်ပက်လိုက်သည်။
"ငါပြောတာကို နားထောင်တာက မင်းတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ငါထင်တယ်" အရှင်ဂလန်က လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရင်း နောက်ထပ် ဝိညာဉ်ဓား တစ်လက်အား ထုတ်ယူကာ ပြောလိုက်သည်။ "ဓားပေါ်ကို တက်ပြီး ငါနဲ့အတူ လိုက်ခဲ့ပါ" သူက လုံချန်းကို ပြောလိုက်သည်။
"ဒါက ဘာကိစ္စလဲဆိုတာ မေးလို့ရမလား" လုံချန်းက အရင်ဆုံး စူးစမ်းလိုက်သည်။
"ငါတို့နှစ်ယောက်လုံး သိကြတဲ့ လူတစ်ယောက်အကြောင်းလို့ ငါထင်တယ်" အရှင်ဂလန်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"အဲဒီလူက ဘယ်သူဖြစ်မလဲ" လုံချန်းက ထပ်မံမေးမြန်းလိုက်သည်။ ထိုလူသည် သူတော်စင် ဘုရင်အကြောင်း ပြောနေခြင်းဖြစ်မည်ဟု သူ ခံစားမိသော်လည်း အနောက်ပိုင်း ဧကရာဇ် သို့မဟုတ် သူ့သမီးအကြောင်း ပြောနေခြင်းလည်း ဖြစ်နိုင်ခြေရှိသဖြင့် သူ သေချာချင်ခဲ့သည်။
"လွန်ခဲ့တဲ့ အချိန် ကတည်းက သေဆုံးသွားခဲ့သင့်တဲ့ လူတစ်ယောက်ပေါ့” အရှင်ဂလန်က ပြန်ဖြေလိုက်သည်။
ဤအရာကို ကြားလိုက်ရသောအခါ လုံချန်းသည် ထိုလူသည် သူတော်စင် ဘုရင်အကြောင်း ပြောနေခြင်းဖြစ်ကြောင်း အသေအချာနီးပါး သိရှိသွားခဲ့သည်။ သူသည် ထိုလူ ယူဆောင်လာခဲ့သော ဒုတိယမြောက် ဓားပေါ်သို့ တက်လှမ်းလိုက်ရင်း သူ့နောက်သို့ လိုက်ရန် ပြင်ဆင်လိုက်သည်။
မြွေဘုရင်သည်လည်း လုံချန်းနှင့်အတူ လိုက်ပါခဲ့ပြီး ဓားနှစ်လက်စလုံးသည် မြောက်ဘက်အရပ်ဆီသို့ စတင် ပျံသန်းသွားခဲ့တော့သည်။ ဓားများသည် အမည်မသိ နေရာတစ်ခုဆီသို့ ဦးတည်ကာ ကောင်းကင်ယံအမြင့်တွင် ပျံသန်းနေခဲ့ကြသည်။
လုံချန်းသည် ဤလူက မည်သည့်အကြောင်း ပြောလိုသနည်းဟု စူးစမ်းချင်စိတ် ပြင်းပြနေခဲ့သည်။ အခြားတစ်ဖက်တွင်မူ မြွေဘုရင်က တော်တော်လေး သံသယဝင်နေခဲ့သည်။
"သူစိမ်း တစ်ယောက်နောက်ကို လိုက်သွားတာက ကောင်းတဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ မင်း တကယ်ထင်လို့လား" မြွေဘုရင်က ထိုလူ ကြားသွားမည်ကို ဂရုမစိုက်ဘဲ လုံချန်းကို မေးလိုက်သည်။
"ဒီလူ့နောက်ကို လိုက်သွားတာက ဘာအန္တရာယ်မှ မရှိဘူးလို့ ငါမြင်ပါတယ်" လုံချန်းက ပြန်ဖြေလိုက်သည်။ သူသည် သူ၏ ထွက်ပြေး လွတ်မြောက်နိုင်စွမ်းအပေါ် ယုံကြည်ချက်ရှိသည်။
မည်သို့ဆိုစေ အကယ်၍ ဤလူက အကြောင်းပြချက် အချို့ကြောင့် သူ့ကို တိုက်ခိုက်ချင်သည် ဆိုလျှင်ပင် မဆိုးလှချေ။ ထွက်ပြေးရန် မပြင်ဆင်မီ အချိန်ဓားကို အသုံးပြုကာ ကျင့်ကြံခြင်း အဆင့်အား မြှင့်တင်ရန် အသုံးချနိုင်သည် မဟုတ်လော။
တစ်နာရီခန့် ပျံသန်းပြီးနောက်တွင်မူ ဓားများသည် အောက်သို့ စတင် ဆင်းသက်လာခဲ့သည်။
အောက်သို့ လှမ်းကြည့်လိုက်သောအခါ လုံချန်းသည် သူတို့ မြို့ပြင်သို့ ရောက်ရှိနေပြီး မည်သည့်အရာမျှ မရှိပုံရသည့် နေရာတစ်ခု၏ အလယ်ဗဟိုသို့ ရောက်နေကြောင်း သဘောပေါက်လိုက်သည်။ အပေါ်စီးမှ ကြည့်လျှင် အဝေးတစ်နေရာတွင် သေးငယ်သော တဲအိမ်လေး တစ်လုံးကိုသာ မြင်တွေ့နိုင်သည်။
ဓားများသည် ထိုတဲအိမ်လေး၏ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။ အရှင်ဂလန်က ဓားပေါ်မှ ဆင်းသက်လိုက်ရာ လုံချန်းသည်လည်း အောက်သို့ ဆင်းသက်လိုက်သည်။
"အတွင်းထဲကို ဝင်ခဲ့ပါ"
ဒုတိယမြောက် ဝိညာဉ်ဓားကို ပြန်သိမ်းလိုက်ရင်း အရှင်ဂလန်က ပြောလိုက်သည်။ သူသည် တံခါးကို တွန်းဖွင့်ကာ တဲအိမ်လေး အတွင်းသို့ လှမ်းဝင်သွားခဲ့သည်။
"သူ မင်းကို တစ်ခုခု ပေးတိုက်ရင် လုံးဝ မသောက်နဲ့ဦးနော်။ သူက မင်းကို ဗြောင်ကျကျ တိုက်ခိုက်ချင်တဲ့ပုံ မပေါ်ဘူး။ အကောင်းဆုံးအနေနဲ့ သူ မင်းကို အဆိပ်ခတ်လိမ့်မယ်" မြွေဘုရင်က လုံချန်းကို သတိပေးလိုက်သည်။ "သတိရှိနေပါ"
"ငါသိပါတယ်။ အဲဒီလို အရာတွေအတွက် စိုးရိမ်မနေစမ်းပါနဲ့" လုံချန်းက ပြောဆိုလိုက်ရင်း တဲအိမ်လေးအတွင်းသို့ လှမ်းဝင်သွားခဲ့တော့သည်။