အခန်း ၁၅၂
Vol. 16 Ch. 152
အခန်း (၁၅၂) မြေတိုင်းဆင်းခြင်း စတင်လေပြီ
လုကျီယွင်က လျူအာကျူး၏ဘေးတွင် ရပ်နေလေသည်။ နှစ်ပေါင်းများစွာ လူမှုပတ်ဝန်းကျင်၏ ဖိနှိပ်မှုများအောက်တွင် သူမသည် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်၏။
ရွာသားများက သူမကို မယုံကြည်ကြသည်ကို မြင်သောအခါ သူမသည် ပို၍စိုးရိမ်ထိတ်လန့်လာပြီး သမီးဖြစ်သူကို ဖက်ထားကာ မည်သို့လုပ်ရမည်ကို မသိအောင် ဖြစ်နေမိသည်။
လျူအာကျူးသည် အိမ်နီးချင်းရွာမှ လူများကို မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ကြည့်လိုက်၏။
"ဘယ်သူက ခင်ဗျားတို့ကို ယုံခိုင်းလို့လဲ... ကျုပ်က ခင်ဗျားတို့အတွက် ကျွမ်းကျင်ပညာရှင်ကို ငှားလာတာမှ မဟုတ်တာ..."
အိမ်နီးချင်းရွာမှ တပ်မဟာခေါင်းဆောင်က မကျေမနပ်ဖြင့် ဆူပူလိုက်သည်။
"လျူအာကျူး... မင်းက ဘယ်လိုစကားပြောတာလဲ... ငါတို့က မင်းထက် အသက်ကြီးတဲ့သူတွေလေ... မင်း လိမ်ခံရမှာစိုးလို့ လာကူကြည့်ပေးတာ... အဲဒါဘာမှားနေလို့လဲ..."
ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ကလည်း အထင်သေးစွာဖြင့် ဝင်ပြောလေသည်။
"ဒီမိန်းမက အလိမ်အညာဆိုတာ သိသာနေတာပဲ... မင်းက ငါတို့အတွက် ငှားပေးချင်တယ်ဆိုရင်တောင် ငါတို့က အလိုမရှိဘူး..."
"ဟုတ်တယ်... ငါတို့တော့ ပညာရှင်နဲ့ တူတာ ဘာမှမတွေ့ပါဘူး... သူက မင်း တိတ်တိတ်လေး ခိုးပေါင်းနေတဲ့ မယားငယ်များလား..."
"လျူဟိုင်... ခင်ဗျားတို့က လျူအာကျူးကို သိပ်တော်တယ်ဆိုပြီး အမြဲပြောနေကြတာ... ငါ့အမြင်တော့ သူက သိပ်ဟုတ်လှတာ မဟုတ်ပါဘူး..."
အိမ်နီးချင်းရွာမှ လူများသည် တောင်ပေါ်တွင် တောဟင်းရွက်များ သွားခူးကြသည့်အခါတိုင်း လျူကျေးရွာမှ လူများက လျူအာကျူးအကြောင်း ချီးမွမ်းပြောဆိုနေကြသည်ကို နားပင်းမတတ် ကြားခဲ့ရသည်။
သူတို့သည် လျူအာကျူးနှင့်ပတ်သက်၍ အတော်လေး စပ်စုချင်ခဲ့သော်လည်း ယခု သူ့ကို မြင်လိုက်ရသည့်အခါ အရာအားလုံးမှာ အပြောသက်သက်သာဖြစ်ကြောင်း ယုံကြည်သွားကြ၏။ ထို့နောက် လျူကျေးရွာမှ လူများမှာ ဤမျှငယ်ရွယ်သော ကလေးတစ်ယောက်၏ လှည့်စားမှုကို ခံရလောက်အောင် အရူးများဖြစ်သည်ဟု အားလုံးက စတင်လှောင်ပြောင်ကြလေတော့သည်။
လျူအာကျူး စကားမပြောနိုင်မီ လျူဟိုင်က နောက်သို့လှည့်ကာ ရွာမှ မိန်းမများကို စူးရဲစွာ ကြည့်လိုက်သည်။
"ပုံမှန်ဆိုရင်တော့ နင်တို့တွေက သူများအကြောင်းဆို အော်ဟစ်ပြီး အတင်းပြောနေကြတာ... အခု ကျူးဇီ အနိုင်ကျင့်ခံနေရတာကိုကျတော့ အားလုံးက ဆွံ့အသွားကြပြီလား..."
လျူကျေးရွာမှ မိန်းမများသည် ဤအခြေအနေကို စောင့်နေခဲ့ကြခြင်း ဖြစ်ပေသည်။ လုကျီယွင်သည် တကယ့် ပညာရှင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူတို့ ဂရုမစိုက်ပေ။ အကယ်၍ သူမသည် အတုအယောင်ဖြစ်ပြီး လျူအာကျူး လိမ်ခံရလျှင်တောင်မှ ဤသည်မှာ လျူကျေးရွာ၏ အတွင်းရေးကိစ္စသာ ဖြစ်သည်။ အဘယ်ကြောင့် ပြင်ပလူများကို လာရောက်စော်ကားခွင့် ပြုရမည်နည်း။
ယခု လျူဟိုင်၏ အမိန့်ကို ကြားလိုက်ရသောအခါ အဘွားကြီးတစ်စုက အင်္ကျီလက်များကို ခေါက်တင်ကာ ရှေ့သို့ထွက်လာကြပြီး စောစောက စကားပြောခဲ့သော အိမ်နီးချင်းရွာမှ လူများကို လက်ညှိုးထိုးကာ ပြင်းပြင်းထန်ထန် ဆဲဆိုကြလေတော့သည်။
သူတို့သည် ညစ်ညမ်းသော စကားများကို မသုံးခဲ့ကြပေ။ လူတိုင်း၏ အားနည်းချက်များကိုသာ ဖော်ထုတ်ပြောဆိုခဲ့ကြခြင်း ဖြစ်ကြသည်။
ဥပမာအားဖြင့်...
"လီအားကော်... နင့်မိန်းမက နင့်ကို နှစ်ချက် သုံးချက်လောက်နဲ့ ပြီးသွားတယ်လို့ ပြောတယ်..."
သို့မဟုတ်...
"လီဆန်းဟောင်... နင်က ဘယ်နှစ် ဘယ်လတုန်း မိန်းမ သိပ်လိုချင်လွန်းပြ ဝက်မကြီးရဲ့ နို့သီးခေါင်းကို သွားကိုင်မိလို့ ခေါင်းစွပ်ကြီးစွပ်ပြီး လမ်းမပေါ်မှာ လှည့်လည်အရှက်ခွဲခံခဲ့ရတာလေ..."
သို့မဟုတ် မည်သည့်မိသားစုမှ ချွေးမက မည်သူနှင့် အိပ်ခဲ့သည်။ မည်သည့်မိသားစုမှ မိခင်အိုကြီးက အတိတ်ကာလတွင် ဖောက်ပြန်ခဲ့သည် စသည်တို့ကို ပြောဆိုကြလေသည်။
မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ဤဆင်းရဲသည့် ကျေးလက်ဒေသများတွင် အခြားသော ဖျော်ဖြေရေးများ မရှိသောကြောင့် လူတိုင်းက အတင်းအဖျင်း တော်တော်များများ ပြောတတ်ကြသည်။ လူတိုင်းသည် အခြားသူများ၏ အကြောင်းကို အကုန်သိနေကြပေသည်။
ထို့ပြင် ဤမိန်းမများသည် အမှန်တရားများကိုသာ ပြောဆိုခြင်းမဟုတ်ဘဲ လိမ်လည်လှည့်ဖြားမှုများကိုပါ ဖန်တီးကာ ကောလာဟလများကို ဖြန့်ဝေကြသည်။
အမှန်တရားများက ဒေါသထွက်စရာ ကောင်းနေသော်လည်း ရယ်စရာကောင်းသော လိမ်လည်မှုများကမူ လူများကို ပို၍ပင် ဒေါသထွက်စေသည်။
လီမိသားစုကျေးရွာမှ လူများသည် ခဏတာမျှ ဒေါသထွက်သွားကြပြီး သူတို့ရွာမှ မိန်းမများကို ရှေ့ထွက်လာရန် ချက်ချင်း ခေါ်လိုက်ကြသည်။
လီမိသားစုကျေးရွာမှ မိန်းမများသည်လည်း အလွယ်တကူ အရှုံးပေးမည့်သူများ မဟုတ်သဖြင့် သူတို့သည်လည်း ရှေ့သို့ထွက်လာကာ အော်ဟစ်ဆဲဆိုပွဲကို စတင်ကြလေတော့သည်။
နှစ်ဖက်စလုံး ပြင်းပြင်းထန်ထန် ငြင်းခုံကြပြီး တစ်ယောက်ကိုတစ်ယောက် အပြင်းအထန် ကျိန်ဆဲကြ၏။ ဆယ်မိနစ်ခန့်ကြာသည်အထိ မည်သည့်ဘက်ကမျှ အသက်ရှူရပ်မသွားကြပေ။
လျူဟိုင်သည် သူတို့ကို ဂရုမစိုက်ဘဲ လျူအာကျူးကို ပြောလိုက်သည်။
"အဲ့မိန်းမတွေကို အော်ခိုင်းထားလိုက်... ငါတို့ အရေးကြီးကိစ္စကို အရင်သွားလုပ်ကြရအောင်..."
"ဟုတ်တယ်... အရေးကြီးကိစ္စက ပိုအရေးကြီးတယ်..."
လျူအာကျူးသည် လူအုပ်ကြားတွင် လိုက်အော်နေသော မိခင်ဖြစ်သူ နျူဟုန်ဟွာနှင့် မရီးဖြစ်သူတို့ကို အမြန်ဆွဲခေါ်လိုက်သည်။
"အမေ... အမေနဲ့ မရီးက ပညာရှင်လုရဲ့ ကလေးကို ကူထိန်းပေးထားလိုက်... ကလေးက မနေ့က ဖျားထားတော့ ကောင်းကောင်း မသက်သာသေးဘူး... သူ့ယောက်ျားက အသုံးမကျလို့ သူက ကလေးကို ခေါ်လာရတာ..."
နျူဟုန်ဟွာသည် ပိန်လှီပြီး သနားစရာကောင်းသော ကလေးငယ်ကို ကြည့်ကာ သနားစိတ်များ ဖြစ်ပေါ်လာသည်။
"အိုကွယ်... ဘာလို့ ဒီလောက်တောင် ပိန်နေရတာလဲ..."
ထိုစကားကို ကြားသောအခါ လုကျီယွင်သည် သူမ၏ကလေးကို ဒုက္ခပေးသလို ခံစားရပြီး အပြစ်မကင်းသလို ခံစားလိုက်ရ၏။
ထို့နောက် လျူအာကျူးက သူ၏မရီးကို ပြောလိုက်၏။
"မရီး... မရီးနဲ့ ချွန်းအာ အိမ်ကနေ ရေနွေးအိုး သွားယူပြီး ရွာသားတွေကို ရေတိုက်လိုက်ဦး... သူတို့ လည်ချောင်းတွေ နာသွားပါဦးမယ်..."
"ကောင်းပြီ... ချွန်းအာ... ငါတို့ ဓာတ်ဘူး သွားယူကြရအောင်... ပြီးမှ ပြန်လာပြီး ဒီအရှက်မရှိတဲ့လူတွေကို ဆက်ဆဲကြမယ်..."
မရီးဖြစ်သူသည် ရေနှင့် ပန်းကန်များ ယူရန် အိမ်သို့ ချက်ချင်း ပြေးသွားလေသည်။
အရာအားလုံး စီစဉ်ပြီးသွားသောအခါ လျူအာကျူးသည် လုကျီယွင်ကို ခေါ်ကာ လျူကျေးရွာထဲသို့ ဝင်သွားလေတော့သည်။
လျူဟိုင်နှင့် ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် သုံးယောက်တို့သည် သူတို့နှင့်အတူ လိုက်ပါလာပြီး လျူအာကျူး၏ နောက်မှ လိုက်သွားကြသည်။
ရွာထဲသို့ ရောက်သောအခါ လျူအာကျူးက လုကျီယွင်ကို မေးလိုက်သည်။
"နောက်ထပ် ဘာဆက်လုပ်ရမလဲ... ရွာထဲမှာ အရင်လမ်းလျှောက်ကြည့်ရမလား..."
"ဟုတ်တယ်... ငါ မြေပြင်အနေအထားကို အရင် လေ့လာကြည့်ဖို့လိုတယ်..."
လုကျီယွင်က သူမကိုယ်သူမ ယုံကြည်မှု အနည်းငယ် ကင်းမဲ့နေသော်လည်း ထိုသို့ပြောလိုက်သည်။
သူမသည် တစ်ချိန်က သင်ယူခဲ့ဖူးသော ဗဟုသုတများကို ပြန်လည်အမှတ်ရစေရန် မြေပြင်အနေအထား လေ့လာခြင်းကို အသုံးပြုချင်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူမသည် ဒေါသစိတ်တစ်ခုကိုလည်း မြိုသိပ်ထားခဲ့၏။ ထိုလူများက သူမကို မယုံကြည်လျှင်လည်း ကိစ္စမရှိသော်လည်း လျူအာကျူးအပေါ် သူတို့၏ စော်ကားမှုများက သူမကိုယ်သူမ သက်သေပြချင်စိတ်ကို အမှန်တကယ် ဖြစ်ပေါ်စေခဲ့သည်။ ထို့ပြင် လျူအာကျူးက သူမအပေါ် အထင်မမှားခဲ့ကြောင်းကိုလည်း သက်သေပြချင်ခဲ့သည်။
လျူအာကျူးသည် သဘာဝကျစွာပင် သူမနှင့်အတူ ခြွင်းချက်မရှိ လိုက်ပါလာခဲ့သည်။ လုကျီယွင်သည် အမှန်တကယ် စွမ်းဆောင်နိုင်ခြင်း ရှိမရှိကို သူ မသိသော်လည်း သူတို့ ကြိုးစားကြည့်ရမည် ဖြစ်ပေသည်။
လျူဟိုင်သည် အတော်လေး စိတ်မသက်မသာ ဖြစ်နေသော်လည်း လျူအာကျူး၏ ယုံကြည်မှုကို မြင်သောအခါ သူက လိမ္မာစွာဖြင့် လိုက်ပါလာခဲ့လေသည်။
လျူအာကျူးသည် အလွန်တော်သောကြောင့် လူတစ်ယောက်ကို အကဲဖြတ်မှားမည် မဟုတ်ဟု သူ ခံစားရသည်။
လျူရှို့လင်နှင့် အခြား ထုတ်လုပ်ရေးအဖွဲ့ခေါင်းဆောင် နှစ်ယောက်တို့သည်လည်း လုကျီယွင်ကို မယုံကြည်ကြသော်လည်း သူတို့ ဝင်မပြောရဲကြပေ။
လျူအာကျူးက လူမှားပြီး ယုံကြည်ခဲ့လျှင်တောင်မှ ဘာဖြစ်မှာမို့လို့လဲ။
သူသည် ရွာ၏အကျိုးအတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ သူသည် အရမ်းစိုးရိမ်လွန်းသဖြင့် အရူးခံလိုက်ရခြင်းသာ ဖြစ်ပေသည်။
သူတို့သည် သူ့အသားများကို အများကြီး စားခဲ့ရပြီးဖြစ်ရာ သူနှင့်အတူ အလကား လိုက်လျှောက်ပေးခြင်းမှာ ကျူးဇီကို ပျော်ရွှင်စေရန် နည်းလမ်းတစ်ခုသာ ဖြစ်လေသည်။ ဤသည်မှာ ကြီးမားသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
လုကျီယွင်သည် ရွာထဲတွင် လမ်းလျှောက်ကာ ထိုနေရာတွင် ရပ်လိုက်၊ သည်နေရာတွင် ရပ်လိုက်ဖြင့် ဟိုဟိုသည်သည် ကြည့်ရှုရင်း ရွာကို သူမ၏ ခြေလှမ်းများဖြင့် တိုင်းတာနေသည်။
ကံကောင်းထောက်မစွာဖြင့် လျူအာကျူးကဲ့သို့ပင် သူမသည်လည်း သူမ၏ နိမ့်ကျသော နောက်ခံဘဝကို ကျော်လွှားရန်နှင့် သူမ၏ ကံကြမ္မာကို ပြောင်းလဲရန် အတိတ်က အလွန်ကြိုးစား သင်ယူခဲ့သောကြောင့် သူမ၏ စိတ်ထဲရှိ ဗဟုသုတများမှာ အလွန်ခိုင်မာနေသည်။
သူမသည် ဤဗဟုသုတများကို ဆယ်စုနှစ်တစ်ခုကျော်ကြာ အသုံးမပြုခဲ့သော်လည်း မြေပြင်အနေအထားနှင့် ပုံသဏ္ဌာန်များကို ကြည့်ရှုနေစဉ် အဓိကအချက်များက သူမ၏ မှတ်ဉာဏ်ထဲတွင် ပြန်လည်ပေါ်ထွက်လာသည်။
လျူကျေးရွာတစ်ခုလုံးကို လှည့်လည်ကြည့်ရှုပြီးနောက် လုကျီယွင်က သူမ၏ ဗဟုသုတဟောင်းများအားလုံးကို ပြန်လည်အမှတ်ရသွားခဲ့လေပြီ။ သူမသည် ပို၍ ယုံကြည်မှုရှိလာပြီး လျူအာကျူးကို ပြောလိုက်သည်။
"ငါ နောက်တစ်ခေါက် ထပ်ကြည့်ဖို့ လိုသေးတယ်... ရမလား..."
"ရတာပေါ့... မြေအောက်ရေ ရှာတွေ့နိုင်သရွေ့ ဆယ်ခေါက်ဖြစ်ဖြစ် အခေါက်တစ်ရာဖြစ်ဖြစ် ထပ်ကြည့်လို့ရတယ်..."
လျူအာကျူးက ရယ်မောကာ
ပြောလိုက်သည်။
သို့သော်လည်း လျူဟိုင်ကမူ မကျေမနပ် ဖြစ်နေသည်။ လုကျီယွင်ကို မယုံကြည်သေးသောကြောင့် သူ၏မျက်ခုံးများမှာ ပြင်းထန်စွာ တွန့်ချိုးသွား၏။
လျူရှို့လင်ကမူ ထိုမျှလောက် ယဉ်ကျေးခြင်းမရှိပေ။ သူက လုကျီယွင်ကို မေးလိုက်သည်။
"ပညာရှင်လု... ခင်ဗျား ခုနက တစ်ပတ်လုံး လမ်းလျှောက်ခဲ့တာပဲလေ... ဘာမှမတွေ့ရဘူးလား..."
လျူအာကျူးမှာ မျက်မှောင်ကြုတ်သွားပြီး စကားပြောရန် ပြင်လိုက်သည်။
လုကျီယွင်က ယုံကြည်မှုရှိစွာဖြင့် အရင်ဝင်ပြောလိုက်သည်။
"ငါ အချို့အရာတွေကို တွေ့ခဲ့တယ်... ဒီနေရာမှာ မြေအောက်ရေ ရှိသင့်တယ်... ဒါပေမဲ့ တိကျတဲ့ နေရာကိုတော့ ငါ သေချာမသိသေးလို့ ထပ်ရှာကြည့်ဖို့ လိုသေးတယ်..."
"တကယ်လား..."
လျူအာကျူးသည် လျူရှို့လင်ကို ဂရုမစိုက်တော့ဘဲ အံ့သြစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
အခြားသူများသည်လည်း မယုံနိုင်အောင် ဖြစ်သွားကြပြီး ချက်ချင်း တက်ကြွလာကြသည်။
"ဟုတ်တယ်... မြေအောက်ရေရှိဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ်... ဒါပေမဲ့ လောလောဆယ်တော့ ငါ နည်းနည်း မသေချာသေးဘူး... ရေတွင်းတူးတဲ့နေရာမှာ အချည်းနှီး မဖြစ်ရအောင် ငါ ထပ်ကြည့်ဖို့ လိုတယ်..."
လုကျီယွင်က ရှင်းပြလိုက်လေသည်။
"ကြည့်... ကြည့်ချင်သလောက် ကြည့်ပါ... အဟန့်အတားဖြစ်မယ့်အရာရှိရင် ငါ ချက်ချင်း ရှင်းလင်းပေးမယ်..."
လျူဟိုင်က စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"အဲဒါတော့ မလိုပါဘူး... ဒါပေမဲ့ ရေတစ်ပန်းကန်လောက် ရရင်တော့ အကောင်းဆုံးပဲ..."
လုကျီယွင်က ပြောလိုက်၏။
လုကျီယွင် ရေအကြောင်းပြောသည်ကို ကြားသောအခါ လျူရှို့လင်က သံသယဖြစ်သွားသော်လည်း ချက်ချင်းပင် ပြောလိုက်သည်။
"ဪ... ပညာရှင်လုအတွက် ငါ ရေသွားခပ်ပေးမယ်... ဘယ်လို လက်ဖက်ခြောက်မျိုးကို ကြိုက်လဲ..."
"သောက်ဖို့ မဟုတ်ဘူး... မြေအောက်ရေကို တိုင်းတာဖို့ အဲဒါကို လိုတာ... ရေအေးဆိုရင် ပိုကောင်းပြီး ရေတစ်ဝက်လောက်ဆိုရပြီ..."
လုကျီယွင်က သူ့ကို သတိပေးလိုက်သည်။
"ရေနွေးက အငွေ့ထွက်တော့ ကြည့်ရှုလေ့လာတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေတယ်..."
"ခဏလောက် စောင့်ပါ... ငါ အခုချက်ချင်း ပြန်လာခဲ့မယ်..."
လျူရှို့လင်က ချက်ချင်း ပြေးထွက်သွားသည်။
ခဏအကြာတွင် သူသည် ရေတစ်ဝက်ပါသော ပန်းကန်လုံးတစ်လုံးကို ကိုင်ကာ ပြန်ရောက်လာခဲ့သည်။
လုကျီယွင်က ထိုပန်းကန်လုံးကို ယူရန် ပြင်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ် အားနည်းနေကြောင်းနှင့် အချိန်အတန်ကြာ လမ်းလျှောက်ပြီးနောက် သူမ မောဟိုက်နေပြီဖြစ်ကြောင်း သိထားသော လျူအာကျူးက သူမအတွက် ကိုင်ထားပေးလိုက်သည်။
"ကျွန်တော် သယ်ထားပေးမယ်... ဘယ်နေရာမှာ ထားပေးရမလဲ..."
"ငါ နည်းနည်းလောက် ထပ်ကြည့်ဖို့ လိုသေးတယ်..."
လုကျီယွင်က အမြန်ပြောလိုက်သည်။
"ကောင်းပြီ... လိုသလောက်သာ ကြည့်ပါ..."
လျူအာကျူးသည် ပန်းကန်လုံးကိုကိုင်ကာ သူမ၏နောက်မှ လိုက်သွားလေတော့သည်။