← Chapters

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း ၁၅၅

Vol. 16 Ch. 155

အခန်း (၁၅၅) တည်းခိုစရာနေရာ ရှာဖွေခြင်း

လျူအာကျူး၏ စကားကို ကြားလိုက်ရသည့်ခဏဝယ် ဝမ်ကျန့်ကျွင်းက ဒေါသအလိပ်လိပ် ထွက်သွားတော့သည်။

"မင်း အနိုင်ကျင့်ခံရတဲ့သူက လာမတိုင်ဘဲ ဘေးလူက လာတိုင်တယ်ဆိုကတည်းက ငါ ရိပ်မိပါတယ်... ဒီလောကကြီးထဲမှာ ဒီလိုမျိုး ခွေးမသားရှိနေသေးတာပဲ... စိတ်မပူနဲ့ ညီလေး... နောက်မှ အဲ့ကောင်ကို ငါ ကောင်းကောင်း ဆုံးမလိုက်မယ်..."

ဝမ်ကျန့်ကျွင်းသည် မိသားစုကို အလွန်အမင်း ချစ်ခင်မြတ်နိုးသူဖြစ်ရာ မိသားစုအတွက်ဆိုလျှင် မိမိ၏ အနာဂတ်ကိုပင် စွန့်လွှတ်နိုင်သော်လည်း စွန့်စားရမည့် အလုပ်မျိုးကိုမူ လုပ်မည့်သူ မဟုတ်ပေ။ ထို့ကြောင့် လုကျီယွင်၏ ခင်ပွန်းကဲ့သို့သော ယောက်ျားမျိုးကို သူ အလွန်မုန်းတီးလေသည်။

ဝမ်ကျန့်ကျွင်းတွင် အစီအစဉ်ရှိသည်ကို လျူအာကျူး သိရှိသဖြင့် စကားအများကြီး ဆက်မပြောတော့ပေ။

"ကောင်းပါပြီ... ဒါဆိုရင် အစ်ကိုဝမ်ကိုပဲ အပ်ခဲ့ပါတော့မယ်... ဒါပေမဲ့ အဲ့တိုင်တန်းတဲ့လူက ပြဿနာရှာလာရင် ဘယ်လိုလုပ်မလဲ..."

"အဲဒါက လွယ်ပါတယ်..."

ဝမ်ကျန့်ကျွင်းက နှာခေါင်းရှုံ့ရင်း လှောင်ပြောင်လိုက်သည်။

"ဒီလိုကောင်မျိုးက ကိုင်တွယ်ရတာ အရမလွယ်ကူတယ်... မင်း မသိလို့... အဲါကောင်လာတိုင်တုန်းက လူမြင်မှာ ကြောက်နေတဲ့အတိုင်း မျက်နှာကို အဝတ်နဲ့ အုပ်ထားတာ... ငါ ပြန်သွားတဲ့အခါ မင်းနဲ့ မျက်နှာချင်းဆိုင် ရဲရဲရဲရဲ ရင်ဆိုင်ရဲလားလို့ပဲ မေးလိုက်မယ်... သူ ချက်ချင်း အမှုရုပ်သိမ်းသွားမှာ မြင်ယောင်သေးတယ်..."

"အစ်ကိုဝမ်က တကယ့်ဝါရင့်တဲ့သူပဲ..."

လျူအာကျူးက မြှောက်ပင့်၍ ပြောလိုက်သည်။

"ကဲပါ... ငါ့ကို လာမစနောက်ပါနဲ့... အခြေအနေကို ငါ သဘောပေါက်ပြီဆိုတော့ မင်းလည်း မင်းအလုပ် မင်း ဆက်လုပ်တော့..."

ဝမ်ကျန့်ကျွင်းသည် သူ၏ မှတ်စုစာအုပ်ကို

သိမ်းဆည်းကာ စက်ဘီးပေါ်သို့ ခွစီး၍ မောင်းထွက်သွားလေသည်။

ဤသည်မှာ အဆက်အသွယ်ရှိခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်၏။ လျူအာကျူးအနေဖြင့် ရဲစခန်းတွင် လူသိသူရှိမနေပါက မည်သို့ပင်ဖြစ်စေ စုံစမ်းစစ်ဆေးမှု ခံယူရမည်ဖြစ်ပြီး အဆိုးဆုံးအခြေအနေတွင် သေနတ်ကိုပါ အပ်နှံရပေလိမ့်မည်။ ယခုမူ မေးခွန်းအနည်းငယ် မေးရုံမျှဖြင့် ကိစ္စပြတ်သွားခဲ့ပြီ ဖြစ်သည်။

ဝမ်ကျန့်ကျွင်းသည် လျူအာကျူး၏ ဂုဏ်သိက္ခာကို ထိခိုက်မည် စိုးရိမ်သဖြင့် စုံစမ်းစစ်ဆေးရန် လာရောက်သည့်အခါ ရဲယူနီဖောင်းကိုပင် ဝတ်ဆင်မလာခဲ့ပေ။

လျူအာကျူးသည် သူ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် အိမ်ထဲသို့ ဝင်ကာ လုကျီယွင်ကို ပြောလိုက်သည်။

"ပညာရှင်လု... ကျွန်တော် အစ်မကို တပ်မဟာရုံးချုပ်ဆီ ခေါ်သွားပြီး ဦးလေးဟိုင်နဲ့ တွေ့ပေးမယ်... ဒီည အစ်မ တည်းခိုဖို့ နေရာ ဘယ်မှာ စီစဉ်ပေးနိုင်မလဲဆိုတာ ကြည့်ရအောင်..."

"ကျေးဇူးရှင်... နောင်ကို ကျွန်မကို အစ်မလု ဒါမှမဟုတ် ကျီယွင်လို့ပဲ ခေါ်ပါ... ခရိုင်မြို့က လူတွေလည်း ကျွန်မကို အဲ့လိုပဲ ခေါ်ကြတာ... ပညာရှင်လုဆိုတဲ့ ဘွဲ့နဲ့ ကျွန်မ မထိုက်တန်ပါဘူး..."

လုကျီယွင်က ပျာပျာသလဲ ပြောရှာသည်။

"ဒါဆိုလည်း... ကျွန်တော်က အစ်မကြီးလုလို့ ခေါ်ပြီး အစ်မက ကျွန်တော့်ကို ကျူးဇီလို့ပဲ ခေါ်ပေါ့..."

လျူအာကျူးက ပြုံး၍ ဆိုသည်။

"ဒါက..."

လုကျီယွင်က ဇဝေဇဝါ ဖြစ်နေစဉ် နျူဟုန်ဟွာက ဝင်၍ ပြောပေးလေသည်။

"ကျီယွင်... ရပါတယ်... မဟုတ်ရင် ညည်းက သူ့ကို ကျေးဇူးရှင်လို့ပဲ တကောက်ကောက် ခေါ်နေရင် ခရီးဝေးကြီး သွားရသလို အနေခက်နေလိမ့်မယ်..."

"ကောင်းပါပြီ..."

လုကျီယွင်လည်း သဘောတူလိုက်ရတော့သည်။

လျူအာကျူးသည် စိတ်ကျေနပ်သွားကာ သူမကို အိမ်ပြင်သို့ ခေါ်ဆောင်၍ တပ်မဟာရုံးချုပ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လျှောက်လှမ်းခဲ့ကြသည်။

ထိုအချိန်တွင် လျူဟိုင်သည် ကွန်မြူနစ်အဖွဲ့သို့ အကြောင်းကြားရန် လျှောက်လွှာအစီရင်ခံစာကို ရေးသားနေသော်လည်း လုကျီယွင်၏ အခြေအနေကို မေ့လျော့မနေဘဲ အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးကို ကိစ္စရပ်များ စီစဉ်ရန် ညွှန်ကြားထားပြီး ဖြစ်လေသည်။

လျူအာကျူး ရောက်ရှိလာသည်ကို မြင်လျှင် အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးသည် လုကျီယွင်အတွက် ရေနွေးတစ်ခွက် အရင်ငှဲ့ပေးပြီးနောက် လျူအာကျူးကို ဘေးသို့ ဆွဲခေါ်ကာ တိုးတိုးလေး ပြောလေသည်။

"ကျူးဇီ... ငါ ပညာရှင်လုကို ကန်းဇီတို့အိမ်မှာ တည်းဖို့ စီစဉ်ပေးမလို့..."

"ကန်းဇီ.. လျူထျဲ့ကန်းလား..."

လျူအာကျူး ခဏမျှ စဉ်းစားလိုက်ပြီးနောက် မျက်နှာပျက်သွားကာ ချက်ချင်း မေးလိုက်သည်။

"သူက လူပျိုကြီး မဟုတ်ဘူးလား..."

"ဟုတ်တယ်လေ... ဒါပေမဲ့ ငါ ကြားတာတော့ ပညာရှင်လုရဲ့ ခင်ပွန်းက သူမအပေါ် သိပ်မကောင်းဘူးဆိုတော့ မကြာခင် ကွာရှင်းကြမှာပဲ... ဒါကြောင့် သူမကို ကန်းဇီတို့အိမ်မှာ ထားပေးလိုက်တာပေါ့... အတူတူ နေရင်းနဲ့ အချိန်ကြာလာရင် သံယောဇဉ် တွယ်သွားနိုင်တာပဲ..."

"ဒီလိုဆိုရင်... ကန်းဇီရဲ့ လူပျိုကြီးဘဝ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်သလို ပညာရှင်လုအတွက်လည်း အိမ်ကောင်းတစ်အိမ် ရှာပေးနိုင်တာပေါ့..."

အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးက ဝမ်းသာအားရ ပြောနေ၏။

လျူအာကျူး၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

"အဒေါ်... ကျွန်တော် မှတ်မိသလောက်ဆိုရင် အဒေါ်က လျူထျဲ့ကန်းရဲ့ ဝမ်းကွဲအစ်မ မဟုတ်လား... အဒေါ်ကတော့ မိသားစုဘက်ကို တကယ် အကွက်စေ့စေ့ ငဲ့ညှာတတ်တာပဲ..."

"ဒါပေမဲ့ အဒေါ့်မောင်ရဲ့ အကျင့်စရိုက်ကို အဒေါ် မသိဘူးလား... သူက အလုပ်မရှိတဲ့ အလေလိုက်တဲ့ ထွင်းထုလို့ မရတဲ့ သစ်ဆွေးတုံးပဲဟာ..."

"ပညာရှင်လုက ပညာတတ်တစ်ယောက်ဖြစ်ပြီး ကျွန်တော်တို့ ရွာအပေါ်မှာလည်း ကျေးဇူးအများကြီး ရှိခဲ့တာ... အဒေါ်က သူမကို ဒီလိုမျိုး ဆက်ဆံရင် လျူကျေးရွာက လူတွေက ကျေးဇူးကန်းတတ်ကြတယ်လို့ အပြင်လူတွေ ကဲ့ရဲ့ကြမှာကို မကြောက်ဘူးလား..."

အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူး၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားပြီး အနေခက်လှစွာသော မျက်နှာထား ဖြစ်သွားသည်။

"ကျူးဇီ... မင်းကလည်း ဘာလို့ အဲ့လိုပြောရတာလဲ... ကန်းဇီက မိန်းမရရင် အလုပ်ကြိုးစားပါ့မယ်လို့ ပြောထားတယ်လေ... ပြီးတော့ ပညာရှင်လုကလည်း သမီးတစ်ယောက်ပါတဲ့ မုဆိုးမတစ်ပိုင်းပဲဟာ... ဘယ်အိမ်ကောင်းက သူမကို လိုချင်မှာလဲ..."

လျူအာကျူးက တကယ့်ကို ဒေါသထွက်သွားရသည်။ သူသည် လုကျီယွင်အတွက် တည်းခိုစရာ နေရာရှာပေးချင်ရုံသာဖြစ်ပြီး သူမအတွက် လင်ရှာပေးချင်နေခြင်း မဟုတ်ပေ။

သို့သော်လည်း အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးမှာ လူကြီးသူမတစ်ယောက် ဖြစ်နေသဖြင့် တိုက်ရိုက်ပြန်လည်ပြောဆိုရန် မလွယ်ကူလှပေ။ ထို့ကြောင့် သူက လုကျီယွင်ကိုသာ လှည့်၍ ပြောလိုက်သည်။

"အစ်မကြီးလု... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်ဆရာရဲ့ မိသားစုက ပြောင်းရွှေ့သွားကြပြီ... ကျွန်တော့်အမေကို အိပ်ရာခင်းတွေ သွားယူခိုင်းလိုက်မယ်... ဒီညတော့ အစ်မ ကျွန်တော့်ဆရာ့အိမ်မှာပဲ တည်းလိုက်ပါ..."

လျူဟိုင်က အံ့အားသင့်စွာဖြင့် မော့ကြည့်လာသည်။

"ဘာလို့ အိမ်အလွတ်မှာ သွားထားမှာလဲ... ရွာထဲမှာ တည်းခိုဖို့ အိမ်တွေ မလောက်လို့လား..."

"ဒီကိစ္စပြီးသွားပါပြီ... အစ်မကြီးလု... အစ်မမှာ ကန့်ကွက်စရာ မရှိဘူး မဟုတ်လား..."

လျူအာကျူးက ပြတ်ပြတ်သားသား ပြောလိုက်သည်။

လုကျီယွင်သည် လေထုမှာ မကောင်းသည်ကို ရိပ်မိသဖြင့် စကားအများကြီး မပြောရဲတော့ဘဲ မတ်တတ်ရပ်ကာ သဘောတူလိုက်လေသည်။

"ကောင်းပါပြီ... အစ်မကြီးလု... အပြင်မှာ ခဏလောက် စောင့်ပေးပါဦး... ကျွန်တော် ပစ္စည်းတစ်ခုခု သွားယူလိုက်ဦးမယ်..."

လျူအာကျူးက သူမကို ယဉ်ကျေးစွာဖြင့် အပြင်သို့ ပို့ဆောင်ပေးခဲ့သည်။

ထို့နောက် သူသည် အထဲသို့ ပြန်ဝင်လာပြီး မျက်လုံးအပြူးသား ဖြစ်နေသော လျူဟိုင်ကို ကြည့်ကာ ပြောလိုက်သည်။

"ဦးလေးဟိုင်... အဒေါ်က အစ်မကြီးလုကို လျူထျဲ့ကန်းရဲ့ အိမ်မှာ ထားချင်နေတာ... ဒါကိုတော့ ကျွန်တော် ဘယ်လိုမှ သဘောမတူနိုင်ဘူး... ဒါကြောင့် သူမကို ဆရာ့အိမ်မှာပဲ ပေးသိပ်လိုက်မယ်..."

ထိုစကားကို ချန်ထားရစ်ပြီး လျူအာကျူးက ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားတော့သည်။

သူ ဝေးဝေးသို့ မရောက်သေးမီ တပ်မဟာရုံးချုပ်ဆီမှ လျူဟိုင်၏ မိုးခြိမ်းသံကဲ့သို့သော အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။

"လျူရှား... နင် အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူး အလုပ်ကို ကောင်းကောင်းလုပ်နိုင်ရင်လုပ်... မလုပ်နိုင်ရင်လည်း နင့်နေရာမှာ အစားထိုးမယ့်သူတွေပုံလို့..."

လျူရှားတစ်ယောက် မည်မျှအထိ နှိမ့်ချစွာ တောင်းပန်နေရသည်ကို လျူအာကျူး မသိသကဲ့သို့ ဂရုလည်း မစိုက်တော့ပေ။

သူသည် လုကျီယွင်ကို ဆရာ့အိမ်သို့ ခေါ်ဆောင်သွားပြီး သန့်ရှင်းရေး ကူညီလုပ်ကိုင်ပေးလေသည်။

လျူအာကျူး အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း လုကျီယွင်သည် စိတ်လှုပ်ရှားစွာဖြင့်ဆို၏။

"ကျူးဇီ... ကျွန်မ ဒီမှာတည်းတာက မင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသလားဟင်..."

"ဘာမှ ဒုက္ခမများပါဘူး..."

လျူအာကျူးက ပြတ်ပြတ်သားသားပင် ပြန်ပြောလိုက်သည်။

လုကျီယွင်သည် သက်ပြင်းဖွဖွချလိုက်မိပြီး ဘာပြောရမှန်း မသိတော့ပေ။

သူမသည် မိမိ၏ ကံကြမ္မာကို လက်လျှော့ထားခဲ့သည်မှာ ကြာပြီဖြစ်ပြီး ထိုအသုံးမကျသောကောင်ကို သည်းခံကာ သမီးလေး အရွယ်ရောက်လာသည်အထိ စောင့်ရှောက်ရန်သာ တွေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မနေ့က လမ်းကြားဝတွင် မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ရခြင်းက သူမအတွက် မျှော်လင့်ချက်အလင်းရောင်တစ်ခု ပေးသနားလိမ့်မည်ဟု မည်သူ ထင်ထားပါအံ့နည်း။

လျူအာကျူးသည် သူမ၏ မျှော်လင့်ချက်ပင်ဖြစ်၏။

သူမသည် ထိုငရဲခန်းကဲ့သို့သော အိမ်မှ လွတ်မြောက်ရန် မိမိကိုယ်ကိုယ် ကယ်တင်လိုစိတ်ဖြင့် လျူအာကျူးကို ဗီဇအရ တွယ်ကပ်မိခြင်းဖြစ်သည်။

သို့သော်ငြားလည်း မိမိ၏ အတ္တကြောင့် လျူအာကျူးကို ပြဿနာမရှာစေချင်ပေ။

သူမ အတွေးကမ္ဘာထဲတွင် နစ်မျောနေစဉ်မှာပင်…

အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူး လျူရှားသည် အမျိုးသမီးတစ်စုနှင့်အတူ စိတ်ပျက်လက်ပျက်ဖြင့် ဝင်လာပြီး သန့်ရှင်းရေး စတင်လုပ်ကိုင်ကြတော့သည်။

လျူရှားက လျူအာကျူးအနားသို့ တိုးကပ်လာကာ တိုးတိုးလေး တောင်းပန်ရှာသည်။

"ကျူးဇီ... စောစောက ငါ ခဏတာ သရဲပူးသလို ဖြစ်သွားလို့ပါ... တပ်မဟာခေါင်းဆောင်ကလည်း ငါ့ကို ဆူပြီးပြီဆိုတော့ မင်း စိတ်ထဲ မထားပါနဲ့နော်..."

"အဒေါ် တောင်းပန်ရမှာက ကျွန်တော့်ကို မဟုတ်ဘူး... အစ်မကြီးလုကို..."

"ဒါကို ပညာရှင်လု တကယ်သိသွားရင် ကောင်းပါ့မလား... သူမ စိတ်ဆိုးပြီး ထွက်သွားရင် ဘယ်လိုလုပ်မလဲ..."

လျူရှားက အလွန်စိုးရိမ်နေမိသည်။

"နောင်ကျမှ အဲ့အကြောင်းကို သူမ သိသွားပြီး တောင်းပန်တာထက် အခု ချက်ချင်း တောင်းပန်လိုက်တာက ပိုပြီး ထိရောက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်..."

"ဒီလောကကြီးထဲမှာ လျှို့ဝှက်ချက်ဆိုတာ မရှိဘူး... အဒေါ် စီစဉ်ခဲ့တာကို သူမ တစ်နေ့နေ့ကျရင် ကြားရမှာပဲ... အဲ့ဒီအချိန်ကျမှ သူမ တကယ် စိတ်ဆိုးပြီး ထွက်သွားရင် ပိုပြီး ဒုက္ခရောက်ကုန်လိမ့်မယ်..."

လျူအာကျူးက သတိပေးလိုက်သည်။

လျူရှားသည် သူ၏စကားမှာ အမှန်တရားရှိသည်ဟု ခံစားရသဖြင့် စိတ်ကိုတင်းကာ လုကျီယွင်ထံသို့ လျှောက်သွားပြီး ဦးညွှတ်၍ အထပ်ထပ်အခါခါ တောင်းပန်လေတော့သည်။

ထိုစကားများကို ကြားရသောအခါ လုကျီယွင်သည် အံ့အားသင့်သွားပြီး လျူအာကျူး စောစောက ဘာကြောင့် ထိုမျှလောက် ဒေါသထွက်ခဲ့ရသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

သူမ၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားပြီး လျူအာကျူးအပေါ် ပို၍ပင် ကျေးဇူးတင်မိတော့သည်။

လျူအာကျူးသည် သူမကို ဒုတိယအကြိမ်မြောက် ကယ်တင်ခဲ့ခြင်းဖြစ်၏။

အရာအားလုံး စိမ်းပြင်ပြင်ဖြစ်နေသော နေရာတစ်ခုတွင် အကယ်၍ ရွာသားများက သူမကို လူပျိုကြီးတစ်ယောက်၏ အိမ်သို့ အတင်းအကျပ် ပို့ဆောင်ခဲ့ပါက သူမတွင် ထွက်ပြေးစရာ လမ်းမရှိဘဲ ထိုနေရာတွင်သာ အောင်းနေရပေလိမ့်မည်။

ထို့ကြောင့် လုကျီယွင်သည် လျူရှား၏ အစီအစဉ်အပေါ် ဒေါသထွက်မိသော်လည်း သူမနှင့် လျူအာကျူးမှာ ရွာတည်းဟူသော အချက်ကို ထောက်ထား၍ ခွင့်လွှတ်ရန် ရွေးချယ်လိုက်သည်။

လျူရှားသည် သက်ပြင်းချနိုင်သွားပြီး လျူအာကျူးကို လက်တစ်ချောင်းပင် မလှုပ်ခိုင်းဘဲ သန့်ရှင်းရေးကို ပို၍ ကြိုးစားလုပ်ကိုင်ပေးလေသည်။

လျူအာကျူးသည် ဘေးသို့ဖယ်ကာ ဆေးလိပ်သောက်ရင်း အနားယူနေစဉ် လုကျီယွင်သည် ကလေးကိုပွေ့ချီကာ ကျေးဇူးတင်ရှိလှသော မျက်နှာထားဖြင့် လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဆေးလိပ်ကို ငြှိမ်းသတ်လိုက်သည်။

"အစ်မကြီးလု... ဘာမှပြောမနေပါနဲ့တော့... အစ်မကို ကျွန်တော် ခေါ်လာတာဆိုတော့ အစ်မကို ကာကွယ်ပေးဖို့က ကျွန်တော့် တာဝန်ပဲ... အစ်မ ဆန္ဒရှိသရွေ့ ဒီရွာမှာကြိုက်သလောက် နေနိုင်ပါတယ်... ဘယ်သူမှ လာပြီး ပြဿနာမရှာရဲစေရဘူး..."

ဤသို့ပြောလိုက်လျှင် လုကျီယွင် နားလည်လိမ့်မည်ဟု သူ ထင်ခဲ့သည်။

သို့သော်လည်း လျူအာကျူးသည် လုကျီယွင်၏ စိတ်ကို တကယ်တမ်း နားမလည်ခဲ့ပေ။ သူမအဖို့ ဤသည်မှာ အသက်သခင် ကျေးဇူးတရား ဖြစ်နေသည်ကို သူ မရိပ်မိခဲ့ပေ။

ထို့ကြောင့်ပင် လုကျီယွင်သည် ကလေးကို ပွေ့ချီထားရင်း လျူအာကျူး၏ ရှေ့မှောက်၌ ဒူးထောက်ကာ ဘုန်းခနဲ မြည်အောင် ဦးသုံးကြိမ် တိုက်၍ ဂါရဝပြုလိုက်လေတော့သည်။

All Chapters