← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) အဓိကပစ္စည်းကြီးများအားလုံး စုံလင်သွားလေပြီ

လျူအာကျူးသည် ထိုသူအား အလျင်အမြန် ထူပေးလိုက်လေသည်။ သူသည် ပတ်ဝန်းကျင်ရှိ ရွာသားများကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"တစ်ခုခုဆို ဒူးထောက်ပြီး ခေါင်းမဆောင့်ပါနဲ့... အမြင်မကောင်းလို့ပါ..."

လုကျီယွင်က ရှိုက်သံကို မြိုချလိုက်ပြီး ပြောလေသည်။

"ကျူးဇီ... နင့်ကို ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး... နောက်ဆို နင်ဘာပဲခိုင်းခိုင်း ကျွန်မ... ကျွန်မ အကုန်လုပ်ပေးပါ့မယ်..."

ထိုစကားများထဲတွင် အဓိပ္ပာယ်များစွာ ပါဝင်နေပြီး မည်သို့ပင် ကြည့်ရှုစေကာမူ သူမ၏ တစ်သက်တာကံကြမ္မာကို သူ၏လက်ထဲသို့ အပ်နှင်းလိုက်သည့်ပုံစံ ပေါက်နေသည်။

လျူအာကျူးသည် သူ၏ရှေ့မှ တောင့်တင်းလှပသော မိန်းမပျိုလေးကို ကြည့်လိုက်ပြီးနောက် လည်ချောင်းကို အနေခက်စွာ ရှင်းလိုက်၏။

"အဲ့ဒီလိုမျိုးတွေ မပြောပါနဲ့... အထင်လွဲစရာတွေ ဖြစ်ကုန်ပါလိမ့်မယ်..."

လုကျီယွင်သည် မျက်နှာနီရဲသွားပြီးနောက် လျူအာကျူး၏ အကြည့်များကို ရှောင်လွှဲကာ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။

သူမသည် အထင်လွဲစရာမရှိပါဟု ရင်ထဲမှနေ၍ တိတ်တဆိတ် ရှင်းပြနေမိ၏။

လျူအာကျူးသည် သူမသမီးလေး၏ အသက်ကို ကယ်တင်ပေးခဲ့ပြီး သူမအား ဒုက္ခတွင်းမှ လွတ်မြောက်ရန် အခွင့်အရေးပေးခဲ့ကာ ခုလေးတင် သူမကို ကာကွယ်ပေးခဲ့သည်။ သူမသည် သူ့အား မည်သို့ ကျေးဇူးဆပ်ရမည်ကို တကယ်ပင် မသိတော့ပေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် ညှိုးနွမ်းနေသော ပန်းတစ်ပွင့် ဖြစ်နေလေပြီ။ အကယ်၍ လျူအာကျူးသာ သူမကို လိုချင်ပါက သူသဘောကျသလို အသုံးပြုနိုင်သည်။

သို့သော်လည်း အမျိုးသမီးတစ်ဦးအနေဖြင့် သူမသည် ထိုကဲ့သို့သော စကားမျိုးကို ပွင့်ပွင့်လင်းလင်း မပြောရဲပေ။ လျူအာကျူးအား သူကိုယ်တိုင် ခန့်မှန်းသိရှိစေရန်သာ လုပ်နိုင်သည်။

လျူအာကျူးမှာမူ ခန့်မှန်းချင်စိတ် အလျဉ်းမရှိပေ။ သူသည် အိပ်ရာခင်းများ သွားယူရန် သူ၏အိမ်သို့ တိုက်ရိုက် ပြန်သွားခဲ့သည်။

အဓိကအားဖြင့် လုကျီယွင် ထိုသို့ဒူးထောက်ခေါင်းဆောင့်ကာ ငိုကြွေးနေသည်ကို မြင်ရသောအခါ သူ တကယ်ပင် မနေတတ်တော့သောကြောင့် ဖြစ်၏။

သူသည် အိပ်ရာခင်းများ ယူဆောင်လာပြီးနောက် ထင်း၊ ဆန်၊ ဆီ၊ ဆားနှင့် နေ့စဉ်သုံး ပစ္စည်းအချို့ကိုပါ ယူဆောင်လာခဲ့သည်။

လုကျီယွင်တွင် ပြုစုပျိုးထောင်ရမည့် ကလေးတစ်ယောက် ရှိနေကြောင်း သိထားသဖြင့် သူသည် ပြောင်းဖူးမှုန့်ချည်းသက်သက် မပေးခဲ့ပေ။ သူသည် အဆီပါသော တောဝက်သားအချို့နှင့် နို့ထွက်အားကောင်းစေမည့် ဆေးဖက်ဝင်အပင်အချို့ကိုပါ ပြင်ဆင်ပေးခဲ့လေသည်။

သူ့အတွက် ထိုအရာများမှာ မရှားပါးလှသလို လုကျီယွင်သည်လည်း ထိုသို့ ကူညီထောက်ပံ့ပေးရန် ထိုက်တန်သူ ဖြစ်သည်။

ဤခေတ်ကာလ၌ စက်မှုကောလိပ် ကျောင်းဆင်းတစ်ဦးကို ရှာဖွေရခက်ခဲလှပြီး အထူးသဖြင့် ရေအသုံးချမှု အင်ဂျင်နီယာပညာရပ်ကို အထူးပြုလေ့လာထားသူဆိုလျှင် ပို၍ပင် ရှားပါးလှသည်။

အကယ်၍ ဤရေတွင်းတူးဖော်ရေးလုပ်ငန်းမှသာ ရေထွက်လာခဲ့မည်ဆိုလျှင် လုကျီယွင်သည် လျူကျေးရွာ၏ ကျေးဇူးရှင် ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် သူမအား ထောက်ပံ့ပေးခြင်းမှာ မှန်ကန်သော လုပ်ရပ်ပင်ဖြစ်၏။

အကယ်၍ နောက်ဆုံးတွင် ရေမထွက်လာခဲ့လျှင်တောင်မှ သူမယခုလေးတင် ပြသခဲ့သော ခိုင်မာသည့် ကျွမ်းကျင်မှုများအရ အခြားရေထွက်ပေါက်များကို ရှာဖွေပေးနိုင်ဦးမည် ဖြစ်သည်။

ရေရှားပါးသောဒေသရှိ လူများအတွက်မူ သူမသည် တကယ့် ရတနာတစ်ပါးပင် ဖြစ်လေသည်။

ထိုကဲ့သို့သော ရတနာတစ်ပါးသည် မကောင်းသော မိသားစုနောက်ခံကြောင့် လူယုတ်မာတစ်ဦးနှင့် အတင်းအကျပ် လက်ထပ်ခဲ့ရခြင်း ဖြစ်သည်။ ဤကဲ့သို့ အဖိုးတန်သောအရာကို အလဟဿ ဖြုန်းတီးပစ်ခြင်းမျိုးကို လျူအာကျူး လုံးဝ ခွင့်မပြုနိုင်ပေ။

လျူအာကျူး ယူဆောင်လာသော ပစ္စည်းများကို မြင်လိုက်ရသောအခါ လုကျီယွင်၏ ခံစားချက်များမှာ ပို၍ပင် ဖော်ပြရန် ခက်ခဲသွားလေတော့သည်။

ဤမျှများပြားသော အစားအစာများကို မမြင်ရသည်မှာ မည်မျှကြာမြင့်နေပြီဖြစ်ကြောင်း သူမ မမှတ်မိတော့ပေ။

လျူအာကျူးနှင့် မတွေ့ဆုံမီကပင် သူမသည် လပေါင်းများစွာ ဆက်တိုက် တစ်နေ့လျှင် ထမင်းတစ်နပ်သာ စားခဲ့ရသည်။

အာဏာပိုင်များက သူမအား ထိုတိရစ္ဆာန်နှင့် အတင်းအကျပ် နေရာချပေးခဲ့စဉ်က သူမ ကြိုးကြိုးစားစား အလုပ်လုပ်နေသမျှ ကာလပတ်လုံး အနည်းဆုံးတော့ စားလောက်သောက်လောက် ရှိမည်ဟု ထင်မှတ်ခဲ့မိသည်။

သို့သော်လည်း ထိုယောကျ်ားသည် အပြင်ထွက်ကာ အရက်ကိုသာ အလွန်အကျွံသောက်ပြီး အလုပ်ကို ကောင်းကောင်းမွန်မွန် မလုပ်တတ်မှန်း သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ထို့အပြင် သူသည် သူ၏ သူငယ်ချင်းဆိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို မကြာခဏ နားယောင်ကာ သူမအပေါ် အခြေအမြစ်မရှိသော စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက်တတ်သည်။

သူမ ကိုယ်ဝန်ရှိနေစဉ်တွင်ပင် မကြာခဏ ရိုက်နှက်ခံခဲ့ရသည်။ အကယ်၍ သူမသာ အကြိမ်တိုင်းတွင် ဗိုက်ကို အသေအလဲ မကာကွယ်ခဲ့ပါက အသက်နှစ်ချောင်း အမှန်တကယ် ဆုံးရှုံးသွားမည်ဖြစ်၏။

နောက်ပိုင်းတွင် ကလေးမွေးဖွားလာပြီး မိန်းကလေးဖြစ်နေမှန်း သိလိုက်ရသောအခါ လုကျီယွင်မှာ မျှော်လင့်ချက် ကင်းမဲ့သွားခဲ့သည်။

သူမက ယောကျ်ားလေးကို မိန်းကလေးထက် ပို၍ မျက်နှာသာပေးတတ်သူ မဟုတ်သော်လည်း ယောကျ်ားလေးများကိုသာ ဦးစားပေးသော ဤခေတ်ကာလတွင် သမီးမိန်းကလေး မွေးဖွားခြင်းမှာ အပြစ်တစ်ခုဖြစ်ကြောင်း သူမ ကောင်းကောင်း သိထားသည်။

ထင်သည့်အတိုင်းပင် သူမ သမီးမိန်းကလေး မွေးဖွားခဲ့ကြောင်း သိရှိပြီးနောက် ထိုယောကျ်ားသည် ပို၍ အကြမ်းဖက်လာတော့သည်။

နေ့စဉ်နေ့တိုင်း သူလုပ်သောအရာမှာ ငွေတောင်းခြင်း၊ သူမအား ရိုက်နှက်ခြင်းနှင့် အရက်သောက်ခြင်းဟူသော အချက်သုံးချက်သာ ရှိသည်။

လုကျီယွင်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အကြိမ်ကြိမ် တွေးခဲ့သော်လည်း ရင်ခွင်ထဲရှိ အပြစ်ကင်းစင်သော ကလေးလေးကို မြင်သောအခါ သူမ လုံးဝ မလုပ်ရက်ခဲ့ပေ။ နောက်ဆုံးတွင် သူမသမီးလေးကို ပြုစုပျိုးထောင်ရန် တွေးတောကာ အလျှော့ပေးလိုက်ရသည်။

သို့သော်လည်း မနေ့ကပင် သူမသည် သူမ၏ သမီးလေးကိုပါ ဆုံးရှုံးရလုနီးပါး ဖြစ်ခဲ့ရသည်။

လုကျီယွင်က မနေ့က သူမနှင့် သူမ၏သမီးလေး သေဆုံးရမည့်နေ့ဟု ထင်မှတ်ထားခဲ့သည်။

မျှော်လင့်ချက်ကင်းမဲ့နေသော အခြေအနေမျိုးတွင် ထွက်ပေါက်တစ်ခုရှာတွေ့ကာ လျူအာကျူးကဲ့သို့ လူကောင်းတစ်ယောက်နှင့် တွေ့ဆုံရလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။

အကယ်၍ ခြံဝင်းထဲတွင် ကူညီပေးနေသော လူများစွာ မရှိနေပါက သူမသည် လျူအာကျူးအား "ခုည မပြန်ပါနဲ့..." ဟု တကယ်ပင် ပြောချင်မိသည်။

သူမတွင် လျူအာကျူးအပေါ် တွယ်ကပ်နေလိုသော ရည်ရွယ်ချက် အလျဉ်းမရှိဘဲ သူ့အား ကျေးဇူးဆပ်ချင်ရုံသာ ဖြစ်သည်။

သို့သော်လည်း လျူအာကျူးမှာမူ သူဝယ်လာသော ပစ္စည်းကောင်းများကို ဝေမျှရန် အိမ်ပြန်ဖို့ကိုသာ အာရုံစိုက်နေသည်။ ထို့ကြောင့် ပစ္စည်းများကို ချထားပြီးနောက် သူ ထွက်ခွာသွားခဲ့ရာ လုကျီယွင်နှင့် စကားပြောရန် အမျိုးသမီးတစ်စုသာ ကျန်ရစ်ခဲ့သည်။

ထွက်လာပြီးနောက် လျူအာကျူးသည် အိမ်အထိ ပြေးလာခဲ့၏။ သူ့ကို မည်သူမှ မမြင်ကြောင်း သေချာစေပြီးနောက် တံခါးဝတွင် စက်ချုပ်စက်နှင့် ရေဒီယိုကို အလျင်အမြန် ထုတ်ယူလိုက်သည်။

"အမေ... မြန်မြန်လာကူပါဦး..."

လျူအာကျူးသည် ပစ္စည်းများကို ခြံထဲသို့ ရွှေ့ရင်း တိုးတိတ်စွာ ခေါ်လိုက်သည်။

နျူဟုန်ဟွာသည် အိမ်ထဲမှ ထွက်လာခဲ့သည်။ လျူအာကျူး ဘာကြောင့် ဤမျှတိုးတိတ်စွာ စကားပြောနေရသနည်းဟု သူမ မေးရန် ပြင်လိုက်စဉ် မြေပြင်ပေါ်ရှိ ပစ္စည်းနှစ်ခုကို မြင်လိုက်ရသဖြင့် မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားလေတော့သည်။

သူမသည် ပြင်ပကမ္ဘာအကြောင်း သိပ်မသိလှသော်လည်း စက်ချုပ်စက်နှင့် ရေဒီယိုကိုမူ မှတ်မိနေသေးသည်။

အရင်တုန်းက ရွာမှ ထိုလူ၏ မိသားစုထံမှ ပစ္စည်းများကို သိမ်းဆည်းခဲ့စဉ်က သူမသည် ရုန်းရင်းဆန်ခတ်ဖြစ်မှုကို ကြည့်ရန် လိုက်သွားခဲ့ပြီး ဤပစ္စည်းနှစ်ခုကို မြင်တွေ့ခဲ့ရလေသည်။

နောက်ပိုင်းတွင် ၎င်းတို့ကို ခရိုင်မြို့သို့ ပို့ဆောင်လိုက်ပြီးနောက် ကိစ္စပြီးသွားခဲ့လေသည်။

ယခုအခါ ဤပစ္စည်းနှစ်ခုကို ကိုယ့်အိမ်မှာကိုယ် အသစ်စက်စက် ပြန်မြင်လိုက်ရသောအခါ နျူဟုန်ဟွာမှာ အလွန်စိတ်လှုပ်ရှားသွားပြီး သတိလစ်မတတ်ပင် ဖြစ်သွားရသည်။

ဤပစ္စည်းနှစ်ခုနှင့်ဆိုလျှင် သူတို့မိသားစု၏ 'အဝိုင်းသုံးခုနှင့် အသံတစ်ခု' အစုံအလင် ပြည့်စုံသွားပြီ ဖြစ်သည်။

ဤအရာသည် မြို့နေလူတန်းစားများသာ မင်္ဂလာဆောင်များအတွက် တတ်နိုင်သောအရာ ဖြစ်သည်။ အနီးအနားရှိ ရွာအားလုံးကို ကြည့်လိုက်လျှင် မည်သူက သူတို့မိသားစုလို စံနှုန်းမျိုး ရှိပါသနည်း။

ယခုမှစ၍ လျူအာကျူးသည် သူလိုချင်သော မည်သည့်မိန်းကလေးကိုမဆို လက်ထပ်နိုင်ပြီဖြစ်သည်။

ညွှန်ကြားရေးမှူးတစ်ဦး၏ သမီးဖြစ်စေ၊ တပ်မဟာခေါင်းဆောင်၏ သမီးဖြစ်စေ သို့မဟုတ် ပြည်သူ့ကွန်မြူနစ်အဖွဲ့ အရာရှိ၏ သမီးဖြစ်စေ သူတို့နှင့် အားလုံး လိုက်ဖက်လှသည်။

နျူဟုန်ဟွာမှာ အလွန်စိတ်လှုပ်ရှားနေသဖြင့် ခြေထောက်များပင် အားပျော့သွားသည်။ သူမသည် လျူအာကျူးကို အလျင်စလို တိုက်တွန်းလိုက်၏။

"မြန်မြန်... ပစ္စည်းတွေ ရွှေ့ဖို့ နင့်အစ်ကိုကို မြန်မြန်သွားခေါ်ချေ... အပြင်မှာထားရင် အအေးဒဏ်ကြောင့် ပျက်စီးကုန်လိမ့်မယ်..."

"ဟုတ်ကဲ့..."

လျူအာကျူးသည် လူခေါ်ရန် ဘေးဘက်ခြံဝင်းသို့ ကမန်းကတန်း သွားလိုက်သည်။

လျူတာ့လျန်သည်လည်း ခြံထဲရှိ အဓိကပစ္စည်းကြီးနှစ်ခုကို မြင်သောအခါ အတော်လေး အံ့အားသင့်သွားပြီး မေးလိုက်သည်။

"ကျူးဇီ... မင်း အဲဒါတွေကို ဘယ်တုန်းက ဝယ်လိုက်တာလဲ..."

"မနေ့ညက ဝယ်လာတာပါ... ကျွန်တော်ပြန်လာတာ အရမ်းနောက်ကျသွားတော့ အစ်ကိုတို့ အိပ်ရေးပျက်မှာစိုးလို့ ဆရာ့အိမ်မှာ အရင်ထားခဲ့တာ..."

"ခုလေးတင် ပညာရှင်လုကို အဲဒီမှာ နေရာချပေးတော့ တစ်ယောက်ယောက် တွေ့သွားမှာစိုးလို့ ခိုးထုတ်လာခဲ့တာ..."

လျူအာကျူးသည် ပြီးပြည့်စုံသော အဖြေကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ယခုအခါ ချောမွေ့စွာ ပြောဆိုလိုက်သည်။

လျူတာ့လျန်သည် ထပ်မမေးတော့ဘဲ စက်ချုပ်စက်ကို အိမ်ထဲသို့ သယ်ယူရာတွင် လျူအာကျူးအား ကူညီပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ချွန်းအာသည် ရေဒီယိုကို ဗုံးတစ်လုံးကိုင်ထားသကဲ့သို့ ပွေ့ချီကာ အိမ်ထဲသို့ အလွန်သတိထား၍ ဝင်သွားသည်။

သူမသည် ရေဒီယိုကို ကန်းပေါ်သို့ တင်ထားပြီးမှသာ သက်ပြင်းချနိုင်တော့ပြီး ခြေလှမ်းအနည်းငယ်မျှဖြင့်ပင် ချွေးများရွှဲနစ်နေကြောင်း သတိထားမိလိုက်သည်။

အဓိကအားဖြင့် ဤအရာက အလွန်တန်ဖိုးကြီးလွန်းလှပေသည်။ မြို့နေလူတန်းစားများပင်လျှင် ၎င်းကိုဝယ်ယူရန် တစ်နှစ် သို့မဟုတ် နှစ်ဝက်စာ လစာ လိုအပ်သည်။ အကယ်၍ ပျက်စီးသွားပါက ဒုက္ခရောက်ပေတော့မည်။

ရေဒီယိုကို မြင်သောအခါ လျူဖူရှန့်သည်လည်း ပျော်ရွှင်သောအမူအရာကို ပြသကာ ပြောလိုက်သည်။

"ကဲ... အိမ်မှာ အပျင်းပြေစရာ တစ်ခုခုတော့ ရပြီပေါ့..."

နျူဟုန်ဟွာသည်လည်း အခန်းထဲရှိ အဓိကပစ္စည်းကြီးနှစ်ခုကို စိုးရိမ်တကြီးနှင့် စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေပြီး စက်ချုပ်စက်ကို တစ်လှည့် ရေဒီယိုကို တစ်လှည့် ထိတွေ့ရင်း မည်သည့်အရာကို အရင်မြတ်နိုးရမည်မှန်းပင် မသိတော့ပေ။

မရီးဖြစ်သူသည်လည်း သတင်းကြားသည်နှင့် ရောက်လာခဲ့သည်။ အခန်းထဲရှိ အဓိကပစ္စည်းကြီးနှစ်ခုကို ကြည့်ကာ သူမသည် မနာလိုမှုများ ပြည့်နှက်နေသလို ရင်နာနေမိသည်။

လျူအာကျူးမှာ လူပျိုဖြစ်သော်လည်း အဓိကပစ္စည်းကြီးများအားလုံးကို ရရှိပိုင်ဆိုင်နေလေပြီ။

သူမ အိမ်ထောင်ကျသည်မှာ ဆယ်နှစ်နီးပါး ရှိနေပြီဖြစ်သော်လည်း တစ်ခုမှ မပိုင်ဆိုင်ခဲ့ရပေ။

လျူအာကျူးက မျက်စိရှင်သည်ဟု ဆိုနိုင်သည်။ သူသည် မရီးဖြစ်သူ၏ သက်သောင့်သက်သာမဖြစ်မှုကို ချက်ချင်း သတိထားမိသွားပြီး ချက်ချင်းပင် ပြောလိုက်သည်။

"မရီး... အစ်ကိုနဲ့ မရီး မြို့ကိုပြောင်းသွားရင်လည်း ဝယ်လို့ရတာပဲလေ..."

"ထားလိုက်ပါတော့..."

မရီးဖြစ်သူက နှုတ်ခမ်းစူကာ ပြောလိုက်သည်။

"နင့်အစ်ကို အလုပ်သမားဖြစ်သွားရင်တောင် တစ်လကို ယွမ်သုံးဆယ် လေးဆယ်လောက်ပဲ ရမှာလေ... စားစရိတ် ဝတ်စရိတ်နဲ့ သုံးစရိတ်တွေက အများကြီးကုန်မှာ... ပြီးတော့ ငါပြောသလိုပဲ အဲဒီလစာရဲ့ တစ်ဝက်က နင့်အတွက်လေ... ငါ အဲဒါကို မထိပါဘူး..."

"စိတ်မပူပါနဲ့... အဲဒီအချိန်ကျရင် မရီးတို့ ကျိန်းသေပေါက် တတ်နိုင်မှာပါ..."

လျူအာကျူးသည် မရီးဖြစ်သူအတွက် အလုပ်တစ်ခု ချန်ထားပေးကြောင်းကိုမူ ထုတ်မပြောခဲ့ပေ။

ဤအဓိကပစ္စည်းကြီးနှစ်ခုကပင် မိသားစုအတွက် အတော်လေး အံ့အားသင့်စရာ ဖြစ်နေလေပြီ။ အကယ်၍ ယခု အလုပ်အကြောင်းကိုသာ ထုတ်ပြောလိုက်ပါက သူ၏ မိခင်နှင့် မရီးဖြစ်သူတို့ နှစ်ဦးစလုံး သတိလစ်သွားမည်ကို သူ စိုးရိမ်မိသည်။ ထို့ကြောင့် သူ၏ အစ်ကိုကြီး လက်လှည့်ကားလေး ပြုလုပ်ပြီးစီးသည်အထိ သူ စောင့်ဆိုင်းနေလိုက်လေသည်။

All Chapters