← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈) ပြည်သူ့ကွန်မြူနစ်အဖွဲ့ဆီသို့ သွားခြင်း

လျူအာကျူးက အနည်းငယ် နားမလည်နိုင် ဖြစ်သွားလေသည်။

"ဟိုတပ်မဟာခေါင်းဆောင်တွေက ဘာပြဿနာရှာချင်နေကြတာလဲ... ကျွန်တော်တို့ ဘယ်လိုစီမံကိန်းမျိုးပဲ စတင်ချင်ပါစေ တိုးတက်မှုရလာနိုင်သရွေ့တော့ ကောင်းတဲ့အရာပဲလေ..."

"သူတို့ကတော့ အမျိုးစုံ ပြောနေကြတာပဲ..."

လျူဟိုင်၏ မျက်နှာမှာ မှုန်ကုပ်သွားလေသည်။

"တချို့က ငါတို့ ကောင်းကောင်းလုပ်နိုင်မယ်ဆိုတာကို မယုံကြဘဲ အရင်းအမြစ်တွေ ဖြုန်းတီးနေတယ်လို့ ပြောကြတယ်... တချို့ကျတော့လည်း ငါတို့က နာမည်ကြီးချင်ရုံသက်သက်လို့ ပြောကြပြီး တချို့ကကျတော့လည်း သူတို့နေရာတွေမှာ အရင်ဆုံး စီမံကိန်းတွေ စတင်ချင်နေကြတယ်လေ..."

လျူအာကျူးက ချက်ချင်း နားလည်သွားလေသည်။

အခြေအနေတွေ ကောင်းမလာမှာကို တကယ်စိုးရိမ်နေကြသူများမှာ လူနည်းစုသာ ဖြစ်လေသည်။

သူတို့အထဲမှ အများစုမှာ လျူကျေးရွာသာ အခြေအနေကောင်းသွားပြီး ထုတ်လုပ်ရေးအဖွဲ့ရုံးများအားလုံး၏ အစ်ကိုကြီး ဖြစ်လာမည်ဆိုပါက အနာဂတ်တွင် သူတို့သည် နောက်လိုက်အဖြစ်သာ နေရမည်ကို စိုးရိမ်နေကြခြင်းပင် ဖြစ်၏။

"သွားကြမယ်... ကျွန်တော် ဦးလေးနဲ့အတူ လိုက်ခဲ့မယ်..."

လျူအာကျူးသည် ပြည်သူ့ကွန်မြူနစ်အဖွဲ့၏ အဓိပ္ပာယ်အစစ်အမှန်က ဘာလဲဆိုသည်ကို မေးချင်နေခဲ့သည်။

ဤသည်မှာ ရှင်းလင်းစွာပင် ကောင်းမွန်သောအရာ ဖြစ်သည်။ အဘယ်ကြောင့် အတည်ပြုချက် မရရှိခဲ့သနည်း။ အဘယ်ကြောင့် ထိုထုတ်လုပ်ရေးအဖွဲ့ရုံးများ၏ သဘောတူညီချက်ကို လိုအပ်ရသနည်း။

ပြည်သူ့ကွန်မြူနစ်အဖွဲ့သည် ဒီမိုကရေစီဆန်သည်ဟု ဆိုသော်လည်း ယခင်က ဤမျှအထိ ဒီမိုကရေစီ မဆန်ခဲ့ဖူးချေ။

လျူအာကျူးသည် သူ၏စက်ဘီးကို အိမ်ပေါက်ဝသို့ တွန်းထုတ်လာခဲ့သည်။ သူက လျူဟိုင်ကို စက်ဘီးပေါ်တက်ရန် ပြောတော့မည့်ဆဲဆဲတွင် ပြီးခဲ့သောတစ်ခေါက်က ဂုဏ်ပြုမှတ်တမ်းလွှာရယူရန် ပြည်သူ့ကွန်မြူနစ်အဖွဲ့သို့ စက်ဘီးနင်းသွားခဲ့ရာ ခြေထောက်ကျိုးမတတ် နာကျင်ခဲ့ရသည့် အတွေ့အကြုံကို သတိရသွားသည်။ သူသည် စက်ဘီး၏ နောက်ခန်းခုံပေါ်တွင် ချက်ချင်း ဝင်ထိုင်လိုက်သည်။

"ဦးလေးဟိုင်... အဲ့ဒီကို စက်ဘီးစီးသွားရအောင်..."

လျူဟိုင်က သဘောတူလိုက်သော်လည်း တွန့်ဆုတ်တွန့်ဆုတ် ဖြစ်သွားသည်။

"ငါက စီးရမှာလား..."

"ဦးလေးဟိုင်က စက်ဘီးမစီးတတ်လို့လား..."

လျူအာကျူးက ပြန်မေးလိုက်သည်။

"စီးတတ်ပါတယ်... ဒါပေမဲ့ ငါစီးရင် ပျက်သွားမှာ မင်းမကြောက်ဘူးလား..."

လျူဟိုင်မှာ စမ်းစီးကြည့်ချင်စိတ်များ ပြင်းပြနေသည်။ သူသည် ဤကဲ့သို့သောအရာများကို မကြာခဏ စီးခွင့်မရခဲ့ပေ။

လျူအာကျူးက ပေါ့ပေါ့ပါးပါးဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။

"ဘာမှမဖြစ်ပါဘူး... စီးသာစီးပါ... အဲ့ဒီလောက် လွယ်လွယ်နဲ့ပျက်သွားရင် ထောက်ပံ့ရေးနှင့်သမဝါယမအသင်းဆီ သွားပြီး ပြဿနာရှာလိုက်မယ်..."

လျူဟိုင်က ချက်ချင်း ဝမ်းသာသွားလေသည်။ သူသည် စက်ဘီးမစီးရသည်မှာ ကြာပြီဖြစ်၍ အတော်လေး ဆန်းသစ်နေကာ ချက်ချင်းပင် စက်ဘီးပေါ်တက်၍ အားပါးတရ နင်းချလိုက်တော့သည်။

စက်ဘီးမှာ ရှေ့သို့ ပြေးထွက်သွားပြီး အတော်လေး ငြိမ်သက်နေသည်။

လျူဟိုင်၏ စက်ဘီးစီးစွမ်းရည်မှာ ကောင်းမွန်ပုံရ၏။

လျူအာကျူးသည် နောက်ခန်းတွင် သက်တောင့်သက်သာ ထိုင်လိုက်ပြီး စီးကရက်တစ်လိပ်ကို သောက်ကာ ဆောင်းရာသီ၏ ရှုခင်းများကို ကြည့်ရှုနေမိသည်။

ယာဉ်မောင်းတစ်ယောက် ရှိနေခြင်းက တကယ့်ကို သာယာလှပေသည်။

သို့သော် စက်ဘီးပေါ်တွင် ထိုင်ရသည်မှာ တင်ပါးကို အနည်းငယ် နာကျင်စေပြီး အေးစက်သောလေပြင်းများကလည်း တိုက်ခတ်နေသည်။ ကားတစ်စီးရှိလျှင် ပိုကောင်းပေမည်။

နောက်ထပ်နှစ်အနည်းငယ်ကြာ၍ ပြင်းထန်သောကာလများ ပြီးဆုံးသွားသည့်အခါ ဇိမ်ကျကျ နေထိုင်နိုင်ရန် ကားတစ်စီးကို ချက်ချင်းဝယ်ယူရပေမည်။

ထိုကားမှာလည်း နိုင်ငံခြားဖြစ် ဖြစ်ရမည်။ ထိုအခါမှသာ သက်တောင့်သက်သာ ရှိမည်ဖြစ်သည်။

ဤအချိန်တွင် ပြည်တွင်းဖြစ်ကားများမှာ နောင်ခေတ်များလောက် လုပ်ဆောင်ချက်များ မစုံလင်သေးပေ။ နည်းပညာပိုင်းဆိုင်ရာ အကြောင်းပြချက်များကြောင့် မောင်းနှင်နိုင်ပြီး ပြေးလွှားနိုင်သရွေ့ လုံလောက်နေပြီ ဖြစ်လေသည်။

နိုင်ငံခြားတိုင်းပြည်များတွင်မူ စစ်မှန်သော သက်တောင့်သက်သာရှိမှုကို စတင်ရှာဖွေနေကြပြီဖြစ်၍ ဆန်းသစ်သော လုပ်ဆောင်ချက်များစွာ ရှိနေလေသည်။

လျူအာကျူးသည် အတွေးလွန်နေခဲ့ပြီး သတိပြန်ဝင်လာချိန်တွင် သူတို့သည် ခရီးဆုံးသို့ ရောက်လုနီးပါး ဖြစ်နေပြီကို သတိပြုမိလိုက်သည်။

သူက အလွန် အံ့အားသင့်သွားလေသည်။

"ဦးလေးဟိုင်... ဘယ်လိုလုပ် အဲ့ဒီလောက်မြန်မြန် နင်းနိုင်ရတာလဲ..."

"သိပ်မဝေးပါဘူး..."

လျူဟိုင်မှာ ချွေးများ ရွှဲရွှဲစိုနေသော်လည်း ပြီးခဲ့သောတစ်ခေါက်က လျူအာကျူးကဲ့သို့ မောဟိုက်နွမ်းနယ်နေသည့်ပုံ မပေါ်ပေ။

“ငါ တကယ့်ကို လေ့ကျင့်ခန်းလုပ်ဖို့ လိုနေပြီပဲ”

သူသည် မကြာသေးမီကမှ ပြန်လည်မွေးဖွားလာခဲ့သူ ဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်မှာ အတော်လေး အားနည်းနေသေးသည်ဟု အမြဲခံစားရကာ ခန္ဓာကိုယ်အား အရင်ဆုံး အားဖြည့်ရန်သာ တွေးတောနေခဲ့သည်။

ခန္ဓာကိုယ်ကြံ့ခိုင်စေရန် သိုင်းပညာလေ့ကျင့်ရေးကို သူ သိပ်ပြီး စိတ်မဝင်စားခဲ့မိပေ။

ယခုမူ အချိန်တန်ပြီဟု သူ တွေးလိုက်သည်။ နောက်ပိုင်းတွင် သိုင်းကျမ်းတစ်အုပ်ကို လိုက်ရှာကြည့်ရပေမည်။

အတွေးလွန်နေစဉ်မှာပင် လျူအာကျူးသည် ပြည်သူ့ကွန်မြူနစ်အဖွဲ့အတွင်းသို့ လျှောက်ဝင်သွားလေသည်။

ထိုတပ်မဟာခေါင်းဆောင်များမှာ ထွက်မသွားကြသေးဘဲ ခန်းမကြီးထဲတွင် လျူအာကျူးကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့၏ အဓိကတာဝန်ခံများလည်း ထိုနေရာတွင် ရှိနေကြပြီး အားလုံးမှာ လက်ဖက်ရည်သောက်ရင်း စောင့်ဆိုင်းကာ အချင်းချင်း တီးတိုးစကားပြောနေကြသည်။

ခန်းမတံခါး ပွင့်သွားပြီး လျူအာကျူး လျှောက်ဝင်လာသည့်အခါ လူတိုင်း၏ အကြည့်များမှာ မတူညီသော အမူအရာများဖြင့် သူ၏ဆီသို့ ကျရောက်လာကြသည်။

လျူအာကျူးသည် ထိုသိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး လက်ကောက်ဝတ်တွင်လည်း နာရီတစ်လုံး ပတ်ထားသောကြောင့် သပ်ရပ်ချောမောနေကာ သူ၏အရှိန်အဝါမှာလည်း ထူးခြားကောင်းမွန်နေသည်။

သူတို့အားလုံးသည် တောင်သူလယ်သမား နောက်ခံမှ လာသူများ ဖြစ်သော်လည်း သူ၏ဝတ်စားဆင်ယင်မှုများဖြင့် လျူအာကျူးသည် အခြားသူများထက် ခေါင်းတစ်လုံး ပိုသာနေကာ အဆင့်မြင့်ခေါင်းဆောင်တစ်ဦး လာရောက်စစ်ဆေးနေသည့်အလား ထင်မှတ်ရသည်။

တပ်မဟာခေါင်းဆောင်အချို့မှာ သူ့ကို ကြိုဆိုရန် မသိစိတ်ဖြင့်ပင် မတ်တတ်ထရပ်လိုက်မိကြသည်။

လျူအာကျူးသည် တည်ကြည်သောမျက်နှာထားဖြင့် ခန်းမစင်မြင့်အောက်ရှိ ပထမဆုံးခုံတန်းဆီသို့ လျှောက်သွားသည်။

ပထမဆုံးခုံတန်းတွင် နေရာလွတ်မရှိတော့ပေ။ ထိုနေရာများအားလုံးကို တပ်မဟာခေါင်းဆောင်များက ယူထားကြလေပြီ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် စပါးပေးပို့ရာတွင် တက်ကြွစွာ ပါဝင်သူများ ဖြစ်ကြသည်။ မည်သည့်နှစ်၊ မည်သည့်ရာသီတွင်မဆို တစ်မူလျှင် ကျင်းထောင်ပေါင်း သို့မဟုတ် သောင်းပေါင်းများစွာ ထွက်ရှိကြောင်း သူတို့ မတင်ပြဘဲ နေခဲ့ဖူးပါသလား။

သူတို့သည် ပထမဆုံးခုံတန်းတွင် ထိုင်ရန် အရည်အချင်းပြည့်မီကြလေသည်။

သူတို့၏ ကိုယ်ပိုင်ရွာမှ လူများ ငတ်မွတ်နေသည်ကို ဂရုမစိုက်ကြဘဲ အထွက်နှုန်းမြင့်မားကြောင်း တင်ပြရန် မဝံ့ရဲသည့်အပြင် တိုင်းပြည်အတွက် မစဉ်းစားပေးသော အခြားထုတ်လုပ်ရေးအဖွဲ့များမှ လူများကိုပင် သူတို့က အထင်သေးကြသေးသည်။

"တစ်ဆိတ်လောက် ဖယ်ပေးပါ..."

လျူအာကျူးက သူ၏လွယ်အိတ်ထဲမှ ဓာတ်ပုံဘောင်တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုဘောင်ထဲတွင် သူ၏ ဂုဏ်ပြုမှတ်တမ်းလွှာ ရှိနေပြီး ၎င်း၏အောက်တွင် ထိုခရိုင်ခေါင်းဆောင်များနှင့် သူ တွဲရိုက်ထားသော ဓာတ်ပုံတစ်ပုံ ပါရှိလေသည်။

၎င်းကို စာပို့သမား၏ လက်ထဲမှတစ်ဆင့် ပေးပို့ရန်ပင် မဝံ့ရဲဘဲ ခရိုင်အစိုးရရုံးမှ လူများက ကိုယ်တိုင်ကိုယ်ကျ လာရောက်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

လျူအာကျူးက ဤအဆုံးစွန်သော လက်နက်ကြီးကို ထုတ်ယူလိုက်သည်ကို မြင်သောအခါ ထိုတပ်မဟာခေါင်းဆောင်များမှာ မျက်နှာပျက်ပျက်ဖြင့် ဘေးသို့ ဖယ်ပေးလိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူတို့သည် နေရာနှစ်ခုကို ဖယ်ပေးလိုက်ပြီး အခြားတပ်မဟာခေါင်းဆောင်နှစ်ဦးကို အနောက်ဘက်သို့ တွန်းပို့လိုက်ကြသည်။

ထို့နောက် လျူအာကျူးသည် လျူဟိုင်နှင့်အတူ ခမ်းနားကြီးကျယ်စွာ ဝင်ထိုင်လိုက်ပြီး သူ၏ရှေ့ရှိ စားပွဲပေါ်တွင် ဂုဏ်ပြုမှတ်တမ်းလွှာကို တင်ထားလိုက်ကာ ပြောလေသည်။

"အားလုံးပဲ ထိုင်ကြပါ..."

သူ့ကို နေရာပေးရန် မသိစိတ်ဖြင့် မတ်တတ်ရပ်နေခဲ့ကြသော တပ်မဟာခေါင်းဆောင်များသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို နောက်ဆုံးတွင် သတိပြုမိသွားကြသည်။ သူတို့ပတ်ဝန်းကျင်ရှိ လူတိုင်းထံမှ ထူးဆန်းသောအကြည့်များကို မြင်လိုက်ရသောအခါ သူတို့မှာ ချက်ချင်းပင် ရှက်ရွံ့ဒေါသထွက်သွားကြသည်။

ဤကောင်လေးက သူတို့ကို တကယ်ပဲ ခြိမ်းခြောက်လိုက်သည်။

*ငါတို့က မင်းကို ကြိုဆိုနေတယ်လို့ တကယ် ထင်နေတာလား…*

လျူအာကျူး၏ ရဲဝံ့ပြတ်သားမှုကို မြင်သောအခါ စင်မြင့်ပေါ်ရှိ ပြည်သူ့ကွန်မြူနစ်အဖွဲ့ ညွှန်ကြားရေးမှူးနှင့် အတွင်းရေးမှူးတို့သည် သူ ယနေ့လာရောက်ခြင်းမှာ မဖြစ်မနေ အောင်မြင်ရမည်ဆိုသော စိတ်ဓာတ်မျိုးဖြင့် လာခြင်းဖြစ်ကြောင်း သိလိုက်ကြသည်။ သူတို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး နှုတ်ဆိတ်နေလိုက်ကြသည်။

မည်သို့ပင်ဆိုစေ လျူအာကျူးသည် ခရိုင်မှ ချီးကျူးဂုဏ်ပြုခံထားရသော သူရဲကောင်းတစ်ဦးဖြစ်ပြီး သူ၏လက်ရှိအစီအစဉ်မှာလည်း အပေါ်ယံကြည့်လျှင် ပြဿနာရှိပုံ မပေါ်ပေ။ ထို့ကြောင့် သူတို့သည် ဝင်ရောက်စွက်ဖက်ခွင့် သိပ်မရှိဘဲ သူတို့၏ လက်အောက်ငယ်သားများကိုသာ ဖိအားပေးရန် လှည့်လာနိုင်သည်။

အကြံအိုက်သွားသောကြောင့် ပြည်သူ့ကွန်မြူနစ်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးက လျူအာကျူးကို ကြည့်ကာ ဖော်ရွေစွာ ပြောလိုက်ရလေသည်။

"ရဲဘော်လျူအာကျူး... မင်းက လျူကျေးရွာ ထုတ်လုပ်ရေးအဖွဲ့ကိုယ်စား လာပြောတာလား..."

လျူဟိုင်က အလျင်အမြန် ဝင်ဖြေလိုက်သည်။

"အခုကစပြီး ကျူးဇီ ပြောသမျှစကားတိုင်းက ငါတို့လျူကျေးရွာရဲ့ ဆန္ဒကို ကိုယ်စားပြုတယ်..."

ထိုစကားကို ပြောလိုက်သည်နှင့် အနောက်ဘက်မှ လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည်။

တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောလိုက်လေသည်။

"လူရာနဲ့ချီရှိတဲ့ ထုတ်လုပ်ရေးအဖွဲ့က ကလေးတစ်ယောက်ကို ဆုံးဖြတ်ချက်ချခိုင်းနေတာပဲ... လျူကျေးရွာက တကယ် သတ္တိကောင်းတာပဲ..."

လျူဟိုင်သည် မတ်တတ်ထရပ်ကာ မည်သူပြောလိုက်သနည်းဟု မေးတော့မည့်ဆဲဆဲ ဖြစ်သည်။

လျူအာကျူးက သူ၏ပခုံးကို ဖိချလိုက်ပြီး သူ့ထက်အရင် တည်ငြိမ်စွာ ပြောလိုက်၏။

"ကျွန်တော်တို့က ဒီမိုကရေစီလူ့အဖွဲ့အစည်းမှာ နေနေတာလေ... ဒီမိုကရေစီဆိုတာ ဘာလဲ... ပြည်သူလူထုတိုင်းမှာ ပြောဆိုခွင့်နဲ့ မဲပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ... ကျွန်တော်သာ ဆယ်နှစ်ဆိုရင် ခင်ဗျားတို့ ကျွန်တော့်ကို ကလေးလို့ ခေါ်လို့ရတယ်... ဒါပေမဲ့ ကျွန်တော်က ဆယ့်ငါးနှစ်ရှိနေပြီလေ... ကျွန်တော့်ရဲ့ ပညာရေးအဆင့်အတန်းက ဒီမှာထိုင်နေတဲ့ ခင်ဗျားတို့အများစုထက်တောင် ပိုမြင့်သေးတယ်... အဲ့ဒါကို ခင်ဗျားတို့က ကျွန်တော့်ကို ကလေးလို့ ခေါ်တုန်းပဲလား..."

"အဲ့ဒီလိုဆိုရင် ခင်ဗျားတို့က ကျွန်တော် ကလေးဖြစ်နေလို့ သဘောမကျတာ မဟုတ်ဘဲ ဒီမိုကရေစီကို ဆန့်ကျင်ချင်ပြီး တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေ ပြင်းထန်နေလို့ပဲ ဖြစ်ရမယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် လူတိုင်း လန့်ဖျပ်သွားကြသည်။

ဤသည်မှာ လူတစ်ယောက်ကို တပ်ပေးလိုက်သော ကြီးမားသည့် ခေါင်းစဉ်ကြီးတစ်ခု ဖြစ်သည်။ အကယ်၍ သူတို့သာ ဝန်ခံရဲပါက အနည်းဆုံးတော့ ဝေဖန်ရှုတ်ချခံရမည်ဖြစ်ပြီး အဆိုးဆုံးအခြေအနေတွင် လုပ်အားပေးပြုပြင်ပြောင်းလဲရေးစခန်းသို့ အပို့ခံရမည်ဖြစ်သည်။

လျူအာကျူးအား ကလေးဟု ဝေဖန်ခဲ့သော တပ်မဟာခေါင်းဆောင်က ရှင်းပြရန် အလျင်အမြန် မတ်တတ်ထရပ်လိုက်သည်။

"အတွင်းရေးမှူး... ညွှန်ကြားရေးမှူး... ကျွန်တော့်မှာ ဒီမိုကရေစီကို ဆန့်ကျင်ဖို့ ဘာရည်ရွယ်ချက်မှ မရှိပါဘူးလို့ အာမခံပါတယ်... ကျွန်တော်... ကျွန်တော် လျူအာကျူး ပြောတာကို မကန့်ကွက်တော့ပါဘူး... သူ ပြောချင်တာ ပြောနိုင်ပါတယ်..."

အခြားသူများကလည်း လျူအာကျူးကို မရေမရာဖြစ်မှု၊ သံသယဖြစ်မှုများဖြင့် ကြည့်နေကြသည်။

သူတို့ကတော့ သူသည် ငတ်မွတ်မှုကြောင့် သတိလစ်နေသော သူလျှိုတစ်ယောက်ကို အမှတ်မထင် တွေ့ရှိသွားကာ အကျိုးပြုခဲ့သည့် ကံကောင်းသော ကလေးတစ်ယောက်သာဖြစ်သည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း သူက ဤမျှစကားပြောကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ စကားတစ်ခွန်းတည်းဖြင့် သူသည် လူတိုင်းကို နှုတ်ဆိတ်သွားစေခဲ့သည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးသည် ကိစ္စများ ကြီးထွားလာမည်ကို မလိုလားသဖြင့် ဝင်ရောက်ဖြန်ဖြေပေးလိုက်သည်။

"တပ်မဟာခေါင်းဆောင်နျူက အဲ့ဒီလိုသဘောမျိုးနဲ့ ပြောတာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်... လူငယ်ရဲဘော်လျူအာကျူး... မင်း လာရတဲ့ ရည်ရွယ်ချက်ကို ပြောပြပါဦး... ကျန်တဲ့သူတွေအားလုံး ဝင်မနှောင့်ယှက်ကြနဲ့တော့..."

All Chapters