← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) မင်းလို လူလည်လေးက ဉာဏ်ပြေးလှပါလား

လျူဟိုင်သည် ထိုတပ်မဟာခေါင်းဆောင်များ ငြိမ်ကျသွားသည်ကို ကြည့်ရင်း အလွန်အမင်း အံ့ဩသွားမိပြီး လျူအာကျူးအား ပို၍ပင် လေးစားသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခင်က ဤနေရာတွင် သူ၏အဆင့်အတန်းမှာ အလွန်နိမ့်ကျခဲ့သောကြောင့်ဖြစ်၏။ သူ စကားပြောတိုင်း ဤလူများသည် တမင်သက်သက် ဖြတ်ပြောတတ်ကြသလို လှောင်ပြောင်သရော်လေ့ရှိကြသည်။ ထိုအရာက သူ့ကို ဒေါသထွက်စေခဲ့သော်လည်း စကားအချေအတင်ပြောဆိုရာတွင် သူတို့ကို မည်သို့မျှ မယှဉ်နိုင်ခဲ့ပေ။

လျူအာကျူး ရောက်လာသည်နှင့် တစ်ပြိုင်နက် ဤလူများကို အလွယ်တကူ ခြိမ်းခြောက်နိုင်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။

ဤအရာက လျူဟိုင်အား အလွန်ဂုဏ်ယူသွားစေပြီး ကံကြမ္မာ လုံးဝပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

လျူအာကျူးသည် တပ်မဟာခေါင်းဆောင်များကို ပစ်မှတ်ထားနေခြင်းအား ရပ်တန့်လိုက်ပြီး တရားဝင်လုပ်ငန်းကိစ္စများဆီသို့ ကူးပြောင်းကာ လေးနက်စွာဖြင့် ပြောလိုက်သည်။

"အတွင်းရေးမှူး... ညွှန်ကြားရေးမှူးနဲ့ ခေါင်းဆောင်များခင်ဗျာ... ကျွန်တော်က လျူအာကျူးပါ... တပ်မဟာခေါင်းဆောင် လျူဟိုင် တင်ပြခဲ့တဲ့ ရေတွင်းတူးဖို့... ဝက်မွေးမြူဖို့နဲ့ ဖန်လုံအိမ်စိုက်ပျိုးရေး လုပ်ငန်းအစီအစဉ်တွေက ပြည်သူတွေရဲ့ လူနေမှုဘဝ တိုးတက်စေဖို့ ကျွန်တော် ဖန်တီးထားတဲ့ အစီအစဉ်တွေဖြစ်ပါတယ်..."

"ကျွန်တော့်အမြင်အရတော့ ဒီအစီအစဉ်သုံးခုစလုံးက နိုင်ငံနဲ့ ပြည်သူတွေအတွက် လုံးဝ အကျိုးရှိစေပြီး မသင့်တော်တာ ဘာမှမရှိပါဘူး... ပြည်သူ့ကွန်မြူနစ်အဖွဲ့က ဘာလို့သဘောမတူရတာလဲဆိုတာ ကျွန်တော် နားမလည်ဘူးဖြစ်နေတယ်..."

ပြည်သူ့ကွန်မြူနစ်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးက ချောင်းဟန့်လိုက်ပြီး…

"ငါတို့ သဘောမတူတာ မဟုတ်ပါဘူး... မင်းပြောသလိုပဲ အခု ငါတို့က ဒီမိုကရေစီကို လေးစားရမယ်လေ... ဒါကြောင့် အတည်ပြုမပြု ဆုံးဖြတ်ဖို့ တပ်မဟာခေါင်းဆောင်တွေရဲ့ မဲပေးမှုကို အရင်ဆုံး လိုအပ်တာ သဘာဝကျပါတယ်..."

*ဪ... ငါ့ရဲ့ ကိုယ်ပိုင်ယုတ္တိဗေဒနဲ့ ငါ့ကို ပြန်တိုက်ခိုက်နေတာပေါ့လေ*

လျူအာကျူးသည် စိတ်ထဲမှ လှောင်ပြောင်လိုက်သော်လည်း ဤပြည်သူ့ကွန်မြူနစ်အဖွဲ့မှလူများ ဘာကြံစည်နေသည်ကို နားမလည်သေးသဖြင့် ချက်ချင်း ပြန်လည်ချေပရန် မလောခဲ့ပေ။ ထို့အစား သူသည် အခြားတပ်မဟာခေါင်းဆောင်များကို ကြည့်လိုက်သည်။

"ဒါဆိုရင် လူတိုင်းက ဘာလို့ သဘောမတူကြတာလဲဆိုတာ ကျွန်တော် သိချင်ပါတယ်... လျူကျေးရွာကို ကောင်းကောင်းမွန်မွန် မနေစေချင်လို့လား... ဒါမှမဟုတ် နိုင်ငံတော်အတွက် ရိက္ခာပိုထောက်ပံ့ပေးဖို့နဲ့ နိုင်ငံရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီမျှဝေပေးဖို့ ဒီနည်းလမ်းကို အသုံးမပြုစေချင်လို့လား..."

သူက သူတို့အပေါ် နောက်ထပ် ကိုယ်ကျင့်တရားဆိုင်ရာ ခေါင်းစဉ်တပ်နေသည်ကို မြင်လိုက်ရသောအခါ ဆံပင်ဖြူနေသော တပ်မဟာခေါင်းဆောင်အိုကြီးတစ်ဦးက မတ်တတ်ရပ်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

"လျူအာကျူး... မင်းလို ရဲဘော်ငယ်လေးတစ်ယောက်က လူတွေကို ခေါင်းစဉ်တပ်ရတာကို ဘယ်လိုလုပ် အဲဒီလောက် သဘောကျနေရတာလဲ... နိုင်ငံတော်ကို မကူညီစေချင်ဘူးလို့ ငါတို့ ဘယ်တုန်းက ပြောဖူးလို့လဲ..."

"မင်းပြောတဲ့ ရေတွင်းတူးမယ့်ကိစ္စကို ငါတို့ ကန့်ကွက်စရာမရှိပါဘူး... ဒါပေမဲ့ မင်းတို့ရွာ သုံးစွဲဖို့တစ်ခုတည်းအတွက် ရေတွင်းတူးဖို့ အလုပ်သမားနဲ့ အရင်းအမြစ်တွေ အများကြီး အကုန်အကျခံတာက တစ်ကိုယ်ကောင်းဆန်တဲ့ သုံးစွဲမှုဝါဒ မဟုတ်ဘူးလား..."

"ဒုတိယအချက်က ဝက်မွေးမြူရေးပဲ... နှစ်စဉ် သတ်မှတ်ထားတဲ့ ခွဲတမ်းတွေ ရှိတယ်လေ... မင်းတို့က အဲဒါတွေကိုယူပြီး ချမ်းသာသွားရင် တခြားတပ်မဟာတွေက ဘယ်လိုလုပ်မလဲ... ကောင်းတဲ့အရာမှန်သမျှ မင်းတို့ချည်းပဲ ယူထားလို့ မရဘူးလေ..."

"ပြီးတော့ ဖန်လုံအိမ်စိုက်ပျိုးရေး အစီအစဉ်ပေါ့... တောင်ပိုင်းက အပင်တွေကို မြောက်ပိုင်းမှာ စိုက်ပျိုးနိုင်တယ်လို့ မင်းက တကယ်ပြောရဲတာလား... မင်းလို ကလေးတစ်ယောက် တောင်ပိုင်းကို ရောက်ဖူးသလား ဆိုတာကို ခဏထားဦး... အဲ့လိုနည်းပညာမျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး... ဒါကြောင့် အဲ့နည်းစနစ်အပေါ် ငါ သံသယရှိနေတုန်းပဲ..."

အခြားတပ်မဟာခေါင်းဆောင်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံကြပြီး အချို့က ခေါင်းဆောင်အိုကြီးအား လက်မထောင်ပြကြသည်။

ဤစကားများသည် အကြောင်းပြချက်ခိုင်လုံပြီး ဟန်ချက်ညီလှပေသည်။ ရဲဘော်ဟောင်းကြီးတစ်ဦးထံမှ မျှော်လင့်ထားသည့်အတိုင်း လျူအာကျူး၏ မာနထောင်လွှားနေသော အဟုန်ကို ချက်ချင်း ဖိနှိပ်ပစ်လိုက်လေပြီ။

လျူအာကျူးသည် ထိုနေရာရှိ လူအားလုံး၏ မျက်နှာအမူအရာများကို အကဲခတ်ရင်း တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

ခေါင်းဆောင်အိုကြီးသည် လူအများစု၏ စိုးရိမ်ပူပန်မှုများကို အမှန်တကယ် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

ဤလူများသည် တမင်သက်သက် ပြဿနာရှာနေခြင်းမဟုတ်ဘဲ အမှန်တကယ် သံသယရှိနေကြခြင်းဖြစ်ပုံရသည်။

ထိုအရာက ကိစ္စရပ်များကို ပို၍ လွယ်ကူသွားစေသည်။

လျူအာကျူးက လည်ချောင်းရှင်းလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"ရဲဘော်ဟောင်းကြီးရဲ့ မေးခွန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော် တစ်ခုချင်း ရှင်းပြပါ့မယ်..."

"ပထမအချက်က ရေတွင်းတူးတာ ရွာရဲ့ သုံးစွဲမှုအတွက် သက်သက်ပဲဆိုတော့... ဘာဖြစ်လဲ..."

"ခင်ဗျားတို့ လွန်လွန်ကျူးကျူး တွေးနေတယ်လို့ ကျွန်တော် ထင်တယ်... ရေနည်းနည်း သောက်တာက အခုဆို တစ်ကိုယ်ကောင်းဆန်တဲ့ သုံးစွဲမှုဝါဒလို့ သတ်မှတ်ခံရပြီလား..."

"ခင်ဗျားတို့ရဲ့ ယုတ္တိဗေဒအရဆိုရင် လယ်ထွန်ဖို့ နွားတွေကို အသုံးမပြုသင့်တော့ဘူးပေါ့... ကျွန်တော်တို့ဘာသာ လုပ်ရတော့မှာပေါ့... ဘာပဲဖြစ်ဖြစ် နွားတွေကို ဝယ်ယူမွေးမြူတာက အရမ်းဈေးကြီးတယ်လေ..."

"ကျွန်တော်တို့ရွာမှာသာ ရေရှိရင် အချိန်ဘယ်လောက် သက်သာသွားမလဲဆိုတာ ခင်ဗျားတို့ သိကြလား..."

"အိမ်သုံးအတွက်ပဲဖြစ်ဖြစ်... တိရစ္ဆာန်တွေအတွက်ပဲဖြစ်ဖြစ်... ဖန်လုံအိမ်စိုက်ပျိုးရေးအတွက်ပဲဖြစ်ဖြစ် အဲ့မြေအောက်ရေက လိုအပ်တယ်... အရင်ကလို ရေခပ်ဖို့ အဝေးကြီး သွားစရာမလိုတော့တဲ့အခါ သက်သာသွားတဲ့အချိန်တွေကို လယ်ထွန်ဖို့နဲ့ သီးနှံတွေ ပြုစုဖို့အတွက် ပိုကောင်းကောင်း အသုံးချနိုင်တာပေါ့... အဲဒါ မကောင်းဘူးလား..."

"ခင်ဗျားတို့ရွာမှာ မြေအောက်ရေမရှိလို့ ကျွန်တော်တို့ ရေတွင်းတူးတာကို တားဆီးလို့ မရပါဘူး... ပြီးတော့ ခင်ဗျားတို့လည်း စစ်တမ်းကောက်ဖို့ ပညာရှင်လုကို ဖိတ်ခေါ်လို့ ရနေတာပဲဟာကို..."

"နောက်တစ်ခုက ဝက်မွေးမြူရေးပဲ... ကျွန်တော့်ဆီမှာ ဝက်တွေကို ဈေးကွက်ထဲ ပိုမြန်မြန် ရောက်စေနိုင်တဲ့ ပိုကောင်းတဲ့ အစာစိုက်ပျိုးနည်းစနစ် ရှိတယ်... ဒါကြောင့် ဒီကိစ္စက တကယ်တော့ စမ်းသပ်မှုတစ်ခုပါ... ကောင်းမွန်တဲ့ ရလဒ်တွေရခဲ့ရင် ပြည်သူ့ကွန်မြူနစ်အဖွဲ့က သဘာဝကျကျပဲ ဒါကို မြှင့်တင်ပေးလိမ့်မယ်... ရလဒ်တွေ ဆိုးရွားခဲ့ရင် ကျွန်တော် အပြည့်အဝ တာဝန်ယူပါတယ်..."

"နောက်ဆုံးအနေနဲ့ ဖန်လုံအိမ်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ခင်ဗျားတို့ အပြင်သိပ်မထွက်ဖြစ်ကြလို့ နေမှာပါ... ဒါပေမဲ့ အရှေ့မြောက်ပိုင်းမှာ ဒါကို မြှင့်တင်နေပြီ... နိုင်ငံတော်ကတောင် မြောက်ပိုင်းဒေသအများစုကို ဖြန့်ကြက်နေတာပဲ... မြှင့်တင်ရေးလုပ်ငန်းက နှေးကွေးပြီး ဒီနေရာကို မရောက်လာသေးတာပဲရှိတာ..."

"ကျွန်တော့်ကို မယုံရင် အရှေ့မြောက်ပိုင်းမှာ အသိမိတ်ဆွေရှိတဲ့သူကို ရှာပြီး ကြေးနန်းရိုက်မေးကြည့်လိုက်... အဲဒီကျရင် ခင်ဗျားတို့ သိရမှာပါ..."

လျူအာကျူး ယုတ္တိတန်တန် ပြောဆိုနေသည်ကို ကြားလိုက်ရသောအခါ သူ အောင်မြင်မည်ကို အမြင်ကတ်ဆုံးဖြစ်သော တပ်မဟာခေါင်းဆောင်လီက ချက်ချင်း ဖြတ်ပြောလိုက်သည်။

"တခြားကိစ္စတွေကို ငါ နားမလည်ပေမဲ့ မင်း ခုနကပြောတဲ့ ပညာရှင်လုဆိုတာနဲ့ပတ်သက်ပြီး လူတိုင်းကို ငါ ပြောရမယ်... အဲဒါက မိန်းမတစ်ယောက်ပဲလေ..."

လျူအာကျူး လှမ်းကြည့်လိုက်ရာ အိမ်နီးချင်းရွာမှ တပ်မဟာခေါင်းဆောင်ဖြစ်နေကြောင်း မြင်လိုက်ရသည်။ သူက ထိုသူအား ငတုံးဟု စိတ်ထဲမှ ကျိန်ဆဲရင်း ပြန်ပြောရန်ပင် မကြိုးစားခဲ့ပေ။

မျှော်လင့်ထားသည့်အတိုင်းပင် ခဏအကြာတွင် စင်မြင့်ပေါ်မှ လူတစ်ယောက်သည် စားပွဲကို ရိုက်ကာ မတ်တတ်ရပ်လာခဲ့သည်။ ထိုသူမှာ ပြည်သူ့ကွန်မြူနစ်အဖွဲ့၏ အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးဖြစ်ပြီး သူမက တပ်မဟာခေါင်းဆောင်လီကို လက်ညှိုးထိုးကာ မေးခွန်းထုတ်လိုက်သည်။

"ရဲဘော်... ရှင်က ဘာသဘောနဲ့ ပြောတာလဲ... မိန်းမဖြစ်တာ ဘာမှားလို့လဲ..."

တပ်မဟာခေါင်းဆောင်လီက ချက်ချင်းပင် ချွေးစေးများ ထွက်လာခဲ့သည်။

သူတို့၏ လုပ်ငန်းဆောင်တာများ မထပ်နေသဖြင့် အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးတစ်ယောက်ကို သူ မကြောက်ခဲ့ပေ။

သို့သော် ဤအမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးသည် ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူး၏ ဇနီးဖြစ်နေသည်။

ညဘက် သူမက သူ၏နားထဲ ကုန်းချောလိုက်လျှင် အတွင်းရေးမှူး၏ မျက်နှာမှာ မည်းမှောင်နေပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် တပ်မဟာခေါင်းဆောင်လီသည် အမျိုးသမီးရေးရာ ညွှန်ကြားရေးမှူးကို အလျင်စလို တောင်းပန်လိုက်သည်။

"ညွှန်ကြားရေးမှူးဟောင်... အထင်မလွဲပါနဲ့... ကျွန်တော် အဲဒီသဘောပြောတာ မဟုတ်ပါဘူး... အဲဒီမိန်းမက သိပ်ပြီး ယုံကြည်ရပုံမပေါ်ဘဲ ရေတွင်းဘယ်လိုတူးရမလဲဆိုတာကို သိမှာမဟုတ်ဘူးလို့ ပြောချင်တာပါ..."

"သူမဆီမှာ စက်မှုကောလိပ် ကျောင်းဆင်းလက်မှတ်ရှိတယ်..."

လျူအာကျူးသည် ကြိုတင်ပြင်ဆင်ထားခဲ့သဖြင့် လုကျီယွင်အား သူမ၏ ကျောင်းဆင်းလက်မှတ်ကို တိတ်တဆိတ် ယူလာပေးရန် အရင်ကတည်းက တောင်းဆိုထားခဲ့ခြင်းဖြစ်သည်။

ဤအချိန်တွင် သူသည် ကျောင်းဆင်းလက်မှတ်ကို ထုတ်ယူကာ စင်မြင့်ပေါ်သို့ တင်လိုက်သည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့ ခေါင်းဆောင်များသည် ၎င်းကို လက်ဆင့်ကမ်း ကြည့်ရှုကြသည်။ သူတို့ထဲမှ မည်သူမျှ စက်မှုကောလိပ်မှ ကျောင်းဆင်းထားခြင်း မရှိသလို အချို့မှာ စာရေးတတ်ဖတ်တတ်ရုံသာ ရှိသော်လည်း တရားဝင်တံဆိပ်တုံးကိုတော့ မှတ်မိကြသည်။

တရားဝင်တံဆိပ်တုံး မှန်ကန်ကြောင်း မြင်လိုက်ရသောအခါ အတွင်းရေးမှူးသည် ယုံကြည်သွားပြီး ခေါင်းကို အနည်းငယ်ညိတ်လိုက်သည်။

"ဒါက တကယ်ပဲ စက်မှုကောလိပ် ကျောင်းဆင်းလက်မှတ် ဖြစ်တယ်... ဒီပညာရှင်လုရဲ့ ပညာရေးနောက်ခံက အဆင်ပြေပုံရပါတယ်..."

ဤစကားများသည် အလွန်ပါးနပ်လှပေသည်။ အတွင်းရေးမှူးသည် လုကျီယွင်၏ ပညာရေးမှာ ကောင်းမွန်ကြောင်းကိုသာ ဝန်ခံခဲ့သော်လည်း သူမ၏ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည်များ ပြည့်မီကြောင်းကိုမူ ဝန်မခံခဲ့ပေ။

လျူအာကျူးသည် အတွင်းရေးမှူးအား အနည်းငယ် နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သော်လည်း အတွင်းရေးမှူးမှာ မျက်လုံးချင်းဆုံခြင်းကို ရှောင်ရှားကာ ခေါင်းလွှဲသွားသည်ကိုသာ တွေ့လိုက်ရသည်။

ထိုခဏမှာပင် လျူအာကျူးက နားလည်သွားခဲ့သည်။

တပ်မဟာခေါင်းဆောင်များက လက်မခံခြင်း မဟုတ်ဘဲ အတွင်းရေးမှူးကိုယ်တိုင်က ဆန္ဒမရှိသဖြင့် ဤကိစ္စကို ဖိနှိပ်ထားခဲ့ခြင်းမှာ ရှင်းလင်းနေသည်။

သို့သော်... အဘယ်ကြောင့်နည်း။

သူနှင့် အတွင်းရေးမှူးကြားတွင် မည်သည့် ရန်ငြိုးမျှ မရှိခဲ့ခြင်းကို ခဏဖယ်ထားလိုက်ဦးမည်။

ခရိုင်ထဲတွင် သူ့၌ အဆက်အသွယ်များရှိကြောင်းကိုလည်း အတွင်းရေးမှူးက ကောင်းကောင်းသိထားသဖြင့် အကြောင်းပြချက်မရှိဘဲ သူ့ကို အခက်တွေ့အောင် လုပ်လိုမည်မဟုတ်ပေ။

တစ်စုံတစ်ရာ ဖုံးကွယ်ထားသော အခက်အခဲများ ရှိနေ၍လား။

ဤသို့တွေးမိပြီး လျူအာကျူးသည် စကားပြောရပ်လိုက်ကာ အချိန်ဆွဲသည့် နည်းဗျူဟာကို အသုံးပြုလိုက်တော့သည်။

သူသည် တိုက်ရိုက် ထိုင်ချလိုက်ပြီး လျူဟိုင်နှင့် အခြားတပ်မဟာခေါင်းဆောင်များကိုသာ စကားအချေအတင် ပြောဆိုခွင့်ပြုလိုက်သည်။

လူတိုင်း ရေဆာကာ ဗိုက်ဆာလာကြသည့် နေ့လယ်စာစားချိန်အထိ သူတို့ ဤအတိုင်း စောင့်နေခဲ့ကြသည်။

နေ့လယ်စာစားပြီးနောက် အစည်းအဝေး ပြန်စမည်ဟုဆိုကာ ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူးက အခွင့်အရေးယူ၍ လူတိုင်းကို အရင်သွားစားခွင့် ပြုလိုက်သည်။

လျူဟိုင်သည် လက်ဖက်ရည်အေး တစ်ငုံသောက်လိုက်ပြီး လျူအာကျူးအား ဆွဲခေါ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

"သွားရအောင် ကျူးဇီ... အရင်သွားစားကြမယ်..."

"ကျွန်တော် ခဏစောင့်ဦးမယ်... ထိုင်နေတာ အရမ်းကြာသွားလို့ ခြေထောက်တွေ နည်းနည်း ထုံနေလို့..."

လျူအာကျူးက အချိန်ဆွဲရန် အကြောင်းပြချက် ပေးလိုက်လေသည်။

"ဒါဆိုလည်း ငါ မင်းနဲ့အတူ ဒီနေရာမှာပဲ နေခဲ့မယ်လေ..."

လျူဟိုင်သည် တော်တော်လေး သစ္စာရှိသူဖြစ်သော်လည်း ကံမကောင်းစွာဖြင့် သူ့တွင် အခြေအနေကို သုံးသပ်နိုင်စွမ်း အနည်းငယ် ကင်းမဲ့နေသည်။

လျူအာကျူးက ခေါင်းခါပြလိုက်သည်။

"ဦးလေးဟိုင်... ဦးလေး အရင် ထွက်သွားနှင့်ပါ... ကျွန်တော် တစ်ယောက်တည်း ခဏလောက် နေချင်လို့ပါ..."

"ဒါက... ကောင်းပါပြီလေ..."

ဤမျှကောင်းမွန်သော အဆိုပြုချက်တစ်ခုကို လူအများအပြားက ပစ်မှတ်ထားတိုက်ခိုက်ကြပြီးနောက် လျူအာကျူး စိတ်မချမ်းမသာ ဖြစ်နေမည်ကို လျူဟိုင် သိထားသည်။ အခြားသူများကို ဒေါသထွက်နေစဉ်တွင် သူ့အား ဤနေရာ၌ စိတ်အေးအေးထားရန် ချန်ထားခဲ့လိုက်သည်။

မကြာမီပင် အစည်းအဝေးခန်းမကြီးမှာ ဟာလာဟင်းလင်း ဖြစ်သွားပြီး လျူအာကျူး တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

ငါးမိနစ်ခန့်အကြာတွင် ပိတ်ထားသော အစည်းအဝေးခန်းမ၏ တံခါးများ ပြန်လည် ပွင့်လာခဲ့သည်။

ပြည်သူ့ကွန်မြူနစ်အဖွဲ့ အတွင်းရေးမှူး ဝင်လာခဲ့ပြီး လျူအာကျူး ထိုနေရာတွင် ရှိနေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ သူက ချက်ချင်း ပြုံးလိုက်သည်။

"မင်း ဒီနေရာမှာ ငါ့ကို စောင့်နေမယ်ဆိုတာ ငါ သိပြီးသားပါ လူဆိုးလေးရာ... မင်းလို လူလည်လေးက ဉာဏ်ပြေးလှပါလား..."

All Chapters