အခန်း ၁
Vol. 1 Ch. 1
အခန်း(၁)-အပိုင်း(၁)
ယနေ့တွင် စစ်သူကြီးအိမ်တော်က တောက်ပလင်းလက်နေပြီး အလှဆင်ထားကာ သတို့သမီးအသစ်စက်စက်က အိမ်တော်ထဲကို ကြိုဆိုခံရပြီး ဖြစ်သည်။
သတို့သမီးက အမတ်ချုပ်ကြီး၏သမီး လင်ရှီးဖြစ်သည်။သူမက လှပပြီးတော့ ကျက်သရေရှိကာ မြို့တော်တစ်ခုလုံးတွင် အရည်အချင်းအရှိဆုံး မိန်းမပျို ဖြစ်သည်။
ခမ်းနားတဲ့ မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားတဲ့ ကုစစ်ယွမ်ဟာ နွေးထွေးစွာ ပြုံးနေပြီး ဧည့်သည်များ ကမ်းလှမ်းလာတဲ့ သေရည်ခွက်များကို သောက်နေသည်။
ကျွန်မအစ်ကိုက ကျွန်မနားထဲကို အဆက်မပြတ် တိုးတိုးလေး ပြောနေတယ်။
"ညီမလေး နင်နဲ့ကုစစ်ယွမ်က ငယ်ချစ်ဦးတွေအဖြစ် အတူတူကြီးပြင်းလာကြတာကို အဲ့ဒီ လင်ရှီးက ဖြတ်ဝင်လာပြီး သူ့ကို အရင်ယူသွားတယ်"
ကျွန်မက ထောင့်နားမှာ ထိုင်နေပြီးတော့ ကိုယ့်ဘာသာ သေရည်သောက်နေပြီး သနားစရာကောင်းအောင် သေရည်ထဲ မြှုပ်နှံထားတယ်။
ကျွန်မအစ်ကိုက ကျွန်မလက်ထဲက သေရည်ကရားကို လုယူသွားပြီး
"ညီမလေး စစ်သူကြီးအိမ်တော်က သေရည်က ဘာအရသာမှ မရှိဘူး။ ငါ နင့်ကို ကျွေ့ရှန်းသေရည်ဆိုင်မှာ ကောင်းကောင်းသောက်ရအောင် ခေါ်သွားပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"
ကျွန်မအစ်ကိုအကြောင်း ကျွန်မသိတာပေါ့။သူက ကျွန်မ အရက်မူးပြီးတော့ သတို့သားကို ခိုးယူဖို့ကြိုးစားတဲ့ မြင်ကွင်းဖြစ်လာမှာ စိုးရိမ်နေတာ။အဲ့ဒါကြောင့် သူက ကျွန်မထွက်သွားအောင် ဆွဲဆောင်ဖို့ နည်းလမ်းတွေ ရှာနေတာ။
ကျွန်မ သူ့ကို ခါးသက်သက် စိုက်ကြည့်လိုက်ပြီး
"ချင်နျန့်လန် ငါက သူများယောကျာ်းကို ခိုးမယ့် အရှက်မရှိတဲ့မိန်းမမျိုးနဲ့ တူနေလို့လား"
အမွှာတွေဖြစ်ပေမယ့် ချင်နျန့်လန်နဲ့ကျွန်မက ဘယ်တုန်းကမှ အပြန်အလှန် နားလည်မှုရှိပုံ မပေါ်ဘူး။
"အင်း........" ကျွန်မရဲ့အစ်ကိုက စကားပြောဖို့ အရမ်းကြောက်နေတယ်။အရိုက်ခံရမှာ ကြောက်နေတာပါ။
ဘာပဲဖြစ်ဖြစ် တစ်ချိန်တုန်းက မင်းဆရာစုန့်ရဲ့ သမီး စုန့်ယွီထုန်ကို လူသိရှင်ကြား ရိုက်နှက်ခဲ့မှုတွေတောင် မြို့တော်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သေးတယ်။
အနည်းငယ် သဘောထားကွဲလွဲမှုနဲ့ ကျွန်မက အကြမ်းဖက်တဲ့ ရက်စက်ကြမ်းကြုတ်သူ အမျိုးသမီးအဖြစ် လူသိများသွားခဲ့တယ်။
"ကျွန်တော်ကတော့ သခင်မလေးချင်က အဲ့လိုအမြင်ရှိတယ်လို့ မထင်ဘူး" အနီးနား စားပွဲဝိုင်းဆီကနေ အသံထွက်ပေါ်လာ၏။
၎င်းက လုလင်း ဖြစ်ပြီး ငယ်ရွယ်တဲ့ အမတ်တစ်ဦးဖြစ်ကာ လင်ရှီးကို သဘောကျသူဖြစ်သည်။
ဒီအခိုက်အတန့်တွင် သူ့ရဲ့ချောမောတဲ့မျက်နှာက အနီရောင်သမ်းနေပြီး သူ့ရှေ့က စားပွဲပေါ်တွင် သေရည်အိုးလေးပုလင်း လဲကျနေကာ သူ အတော်လေး သောက်ထားတယ်ဆိုတာ ဖော်ပြနေသည်။
ပိုပိုပြီး မူးလာပြီး သူ့ကို ဂါရဝပြုတဲ့အနေနဲ့ ကျွန်မ လက်သီးဆုပ်လိုက်တယ်။
"ရှင့်ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ် အမတ်မင်းငယ်လု။ ကျွန်မတို့ နှစ်ယောက်လုံးက ခံစားနေရတဲ့သူတွေဆိုမှတော့ ကျွန်မနဲ့ဘာလို့ နည်းနည်းလောက် မသောက်ရမှာလဲ"
ဒါကိုကြားတော့ အမတ်မင်းငယ်လုက သူ့ခြေထောက်တွေကို ဖြည်းဖြည်းချင်း ရွှေ့ကာ ယိုင်တိယိုင်ထိုးဖြင့် ကျွန်မဘေးနားကခုံမှာ ထိုင်လိုက်တယ်။
"ညီမလေး ဒါက မသင့်တော်ဘူးနော်။နင် ယောကျာ်းတွေနဲ့ အတူတူ ဝိုင်းသောက်လို့ မရဘူး"
ကျွန်မရဲ့အစ်ကိုက စိတ်အားထက်သန်စွာ ဆန့်ကျင်ခဲ့ပေမယ့် သူက အသည်းကွဲနေတဲ့လူနှစ်ယောက်ဟာ သေရည်တစ်ခုတည်းကသာ ပေးနိုင်တဲ့ လွတ်မြောက်မှုကို ဘယ်လောက် လိုလားတောင့်တနေလဲဆိုတာကို အထင်သေးခဲ့တယ်။
အပိုင်း(၂)
ကျွန်မရဲ့ခွက်ကိုမြှောက်ပြီးတော့ အမတ်မင်းငယ်လုနဲ့အတူတူ အသည်းအသန် သောက်ကြတယ်။ကျွန်မတို့နှစ်ယောက်လုံးက မမူးမချင်း မရပ်ဘူးလို့ ကျိန်ဆိုထားကြတယ်။သိပ်မကြာခင်မှာပဲ ကျွန်မတို့ သေရည်အိုးတစ်လုံးကို အလွတ်ဖြစ်သွားစေတယ်။
အဆုံးမှာတော့ ကျွန်မတို့ပိုပြီးသောက်လေ ပိုပြီးတော့ မူးလာလေပဲ။
ကျွန်မအစ်ကိုရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုတွေကြားမှာ ကျွန်မတို့က နေရာမှာတင် တစ်ယောက်ကိုတစ်ယောက် ညီနောင်ဆိုပြီး စတင်ခေါ်နေကြပြီ။
လူတိုင်းရဲ့မျက်စိရှေ့မှာ ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး ငိုကြွေးကြတယ်။
အတိအကျပြောရမယ်ဆိုရင် သူ့ကို ဆုပ်ကိုင်ထားတဲ့လူက ကျွန်မပဲ။ပြီးတော့ ရှိုက်ကြီးတငင် ငိုနေတဲ့လူကလည်း ကျွန်မပဲ။
ခန်းမတစ်ခုလုံးက ကျွန်မရဲ့အသုဘလိုမျိုးရှိုက်ကြီးတငင် ငိုကြွေးနေသံကိုသာ ကြားရတယ်လို့ ပြောနိုင်တယ်။
ဘေးနားမှာရပ်နေတဲ့ ကျွန်မအစ်ကိုက စိုးရိမ်တကြီးနဲ့အမောတကော အော်နေတယ်။
"ညီမလေး အမတ်မင်းငယ်လုကို မြန်မြန်လွှတ်ပေးလိုက်!"
သူ ကျွန်မကို ပိုပြီးတော့ ဆွဲထုတ်ဖို့ ကြိုးစားလေ ကျွန်မက ပိုပြီးတော့ ဆန့်ကျင်လေပဲ။အမတ်မင်းငယ်လုကို ပိုပြီးတော့တောင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သေးတယ်။
အခြေအနေက ထိန်းမရတော့တာကို မြင်ရတော့ ကျွန်မအစ်ကိုက သူ့အင်္ကျီလက်နဲ့ သူ့မျက်နှာကို ကွယ်ထားပြီး လူတွေက သူ့ကို အမတ်သုန်နင်းရဲ့ဆက်ဆံသူအဖြစ် မမှတ်မိသွားဖို့ မျှော်လင့်နေတယ်။
အမတ်မင်းငယ်လုကို ဖက်တွယ်ထားပြီး ကျွန်မက သနားစရာကောင်းစွာ ပြောလိုက်တယ်။
"ရှင် သိလား? သူကလေ ဓားတွေ၊လှံတွေနဲ့ ကစားရတာကို သဘောကျတယ်။ကျွန်မ ငယ်ငယ်တုန်းက သူနဲ့ရင်းနှီးအောင်လို့ သိုင်းပညာ လေ့ကျင့်ခဲ့တယ်။ဒါပေမဲ့ ဘယ်သူသိမှာလဲ သူက တကယ်တော့ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ မိန်းမတွေကို သဘောကျတယ်တဲ့!"
"လုလင်း.....ကျွန်မလေ......ကျွန်မ....အစ်.."
ကျွန်မ စကားဆုံးအောင် မပြောနိုင်ခင်မှာပဲ မူးမူးနဲ့ ကျယ်လောင်စွာ ကြို့ထိုးလိုက်တယ်။
အမတ်မင်းငယ်လုကလည်း မူးနေပေမယ့် ကျွန်မ အသက်ရှုဝအောင်လို့ ကျွန်မရဲ့ကျောကို ပုတ်ပေးဖို့ မမေ့ခဲ့ဘူး။
"ငါလည်းပဲ သူ(မ)က သစ်ခွပန်းလိုမျိုး နူးညံ့ညင်သာတဲ့ လူကြီးလူကောင်းတွေကို သဘောကျတယ်လို့ ထင်ခဲ့တာ။အဲ့ဒါကြောင့် နေ့နေ့ညည ငါ့ ကိုယ်နေဟန်ထားကို လေ့ကျင့်ခဲ့တယ်။ဘယ်သူသိမှာလဲ သူ(မ)က တကယ်တော့ သန်မာတက်ကြွတဲ့ ယောကျာ်းတွေကို ပိုပြီးသဘောကျတယ်ဆိုတာကို"
ဒါကို ကြားတော့ ကျွန်မ ပိုပြီးတော့တောင် ငိုမိတယ်။
"ဝူး~~~~ဝူး~~~~~သူတို့က လိုက်ဖက်တဲ့အတွဲပဲ!ကျွန်မတို့........ကျွန်မတို့ နှစ်ယောက်ကတော့.......ဒီအတိုင်း သနားစရာကောင်းတဲ့ အချစ်ရူးနှစ်ယောက်အတူတူပဲ...."
ထိုအချိန်မှာ အမတ်မင်းငယ်လုက ကျွန်မနားထဲကို တစ်ခုခု တိုးတိုးလေး ပြောနေပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်မက ရှင်းရှင်းလင်းလင်း မကြားနိုင်တော့တဲ့အထိ အရမ်းမူးနေပြီ။
အပိုင်း(၃)
အဲ့ဒီညတွင် ကုစစ်ယွမ်ရဲ့မင်္ဂလာပွဲမှာ ကျွန်မရဲ့ရှက်စရာကောင်းတဲ့အပြုအမူက တောမီးလို ပျံ့နှံ့သွားပြီး လျင်မြန်စွာပဲ မြို့တော်တစ်ခုလုံးရဲ့ ပြောစရာ ဖြစ်လာခဲ့တယ်။
အမျက်ဒေါသကြီးတဲ့နတ်ဘုရားတစ်ပါးလိုမျိုးဖြစ်တဲ့ ကျွန်မအဖေက မိသားစုစည်းကမ်းများနဲ့ ကျွန်မကို အပြစ်ပေးမယ်လို့ ခြိမ်းခြောက်လာတဲ့အခါ ကျွန်မအမေက သူမ တတ်နိုင်သမျှ သူ့လမ်းမှာ တားပေးခဲ့တယ်။
အဲ့ဒါက ကျွန်မရဲ့အစ်ကိုက ကျွန်မ အတင်းဖက်တွယ်ထားခဲ့တဲ့လူက အမတ်မင်းငယ်လု ဖြစ်တယ်ဆိုတာ မပြောခင်အထိဖြစ်ပြီး အဲ့ဒါကို ကြားပြီးတဲ့နောက် ကျွန်မအဖေရဲ့အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့တယ်။
သူက အလွန်ပျော််ရွှင်သွားပြီး စားပွဲခုံကိုရိုက်ကာ ကြေညာလိုက်တယ်။
"လက်ထပ်ပွဲ! နင် အမတ်မင်းလုကို လက်ထပ်ရမယ်!"
နောက်တစ်နေ့မှာတော့ စေ့စပ်တောင်းရမ်းဖို့အတွက် အမတ်မင်းငယ်လုကို သူ့အဖိုးက ကျွန်မတို့အိမ်တော်ဆီ ဆွဲခေါ်လာခဲ့တယ်။
တင်တောင်းပစ္စည်းတွေဟာ အဆင့်ဆင့် စီထပ်ထားပြီး အမတ်မင်းသုန်နင်း၏အိမ်တော် ရှေ့ခြံဝင်းတစ်ခုလုံး ပြည့်နှက်သွားသည်။
ဆိုးဝါးလှတဲ့ အရက်နာကျခြင်းကြောင့် ကျွန်မရဲ့ခေါင်းတစ်ခုလုံး ကိုက်ခဲနေပြီး တစ်ချိန်လုံး မှုန်မှိုင်းနေခဲ့တယ်။
ဆန့်ကျင်ဘက်အနေနဲ့ လုလင်းကတော့ လန်းဆန်းတက်ကြွနေကာ ဘာမှမဖြစ်တဲ့အတိုင်းပင်။
ဒီအချိန်အတောအတွင်း ကျွန်မရဲ့အဖေနဲ့ အမတ်မင်းကြီးလုတို့က ပျော်ရွှင်စွာ စကားပြောနေကြပြီး ကျွန်မတို့ကို ထပ်ခါထပ်ခါ အသိအမှတ်ပြုနေခဲ့ကြတယ်။
လုလင်းနဲ့ကျွန်မက အကြည့်ချင်းဖလှယ်ပြီး တစ်ယောက်က မင်္ဂလာပွဲကို ဆန့်ကျင်တဲ့အကြောင်း ထုတ်ပြောဖို့ အခြားတစ်ယောက်က စောင့်နေတယ်။
အံ့ဩစရာကောင်းတာကတော့ စာသုံးစောင်နဲ့ဓလေ့ခြောက်ခု¹ပြည့်စုံသွားပြီး မင်္ဂလာရက် သတ်မှတ်ပြီးတဲ့အချိန်အထိ ကျွန်မတို့ထဲက ဘယ်သူကမှ မပြောခဲ့ဘူး။
ဒါကို နောက်ပြန်လှည့်ဖို့ အခွင့်အလမ်းမရှိတော့ပေ
မယ့် အခုချိန်ထိ ကျွန်မတို့နှစ်ယောက်လုံး မကန့်ကွက်ကြဘူး။
ကျွန်မရဲ့အစ်ကိုတစ်ယောက်တည်းကသာ အပြင်းအထန် ကန့်ကွက်နေခဲ့တယ်။ဒါပေမဲ့ သူက ချက်ချင်းပဲ ကျွန်မရဲ့အဖေဆီကနေ သူ နာခံမှုရှိလာတဲ့အထိ အရိုက်ခံခဲ့ရတယ်။
ကျွန်မ တွေးတာတော့ အမတ်မင်းငယ်လုကတောင် မငြင်းမှတော့ ပြဿနာအားလုံး ရှာခဲ့တဲ့ လူတစ်ယောက်အနေနဲ့ ကျွန်မ ဒီမင်္ဂလာပွဲကို မငြင်းနိုင်သလို သူတို့ကို အရှက်ကွဲအောင် လုပ်လို့မဖြစ်ပေ။
ကျွန်မရဲ့အစ်ကိုက ကျွန်မနဲ့လုလင်းတို့က မကျေမချမ်းတဲ့ လင်မယားတွေ ဖြစ်လာလိမ့်မယ်လို့ သေချာနေခဲ့တယ်။
"ညီမလေး နင်က တကယ်တော့ အရက်သောက်ပြီး နင့်ဘဝကို ဖျက်ဆီးလိုက်တာပဲ"
အပိုင်း(၄)
ကျွန်မနဲ့အမတ်မင်းငယ်လုရဲ့ မင်္ဂလာပွဲကို ကုစစ်ယွမ်နဲ့လင်ရှီးရဲ့ မင်္ဂလာပွဲထက်ပိုပြီး ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တယ်။
သတို့သမီးအခန်းထဲမှာ ကျွန်မတစ်ယောက်တည်း ကျန်နေခဲ့တာ မြင်ရတော့ ကျွန်မရဲ့ပုဝါစကို ကျွန်မဘာသာလှပ်ပြီး ပျင်းတာနဲ့ အခန်းထဲကို လျှောက်ပတ်ကြည့်နေလိုက်တယ်။
အမှတ်တမဲ့နဲ့ နံရံပေါ်မှာ ချိတ်ဆွဲထားတဲ့ လင်ရှီးရဲ့ချင်တီးခတ်နေတဲ့ပုံတူပန်းချီကို ကျွန်မ တွေ့သွားတယ်။
သူမကို အနောက်ကနေပဲ ပြသထားပေမယ့် သူမရဲ့ နူးညံ့တဲ့အမူအရာတွေကို သရုပ်ဖော်ထားတဲ့ပုံစံက ၏ ပန်းချီဆရာနဲ့ စိတ်စေတနာကို ရှင်းရှင်းလင်းလင်း ပြသထားတာပင်။
တရားမျှတစေရန်အတွက် ကျွန်မရဲ့အင်္ကျီလက်ထဲကနေ ဓားရေးလေ့ကျင့်နေတဲ့ ကုစစ်ယွမ်ရဲ့ပန်းချီကိုထုတ်ပြီး လင်ရှီးရဲ့ပန်းချီဘေးနားမှာ ချိတ်ထားလိုက်တယ်။
ဒီအချိန်မှာပဲ အမတ်မင်းငယ်လုက အခန်းထဲကို ဝင်လာတယ်။သူက စက္ကန့်ပိုင်းလောက် ရပ်တန့်သွားပြီး အဲ့ဒီနောက် ရုတ်တရက် မှတ်ချက်ပြုလိုက်တယ်။
"သူတို့ကို ဒီလိုမျိုး မြင်ရတော့ သူတို့က တကယ့်ကို လိုက်ဖက်တဲ့အတွဲနဲ့တူတယ်!"
ကျွန်မ မတတ်နိုင်ဘဲ အမတ်မင်းငယ်လုရဲ့ ထက်သန်တဲ့စူးစမ်းနိုင်မှု အရည်အချင်းကို သဘောကျသွားတယ်။
တစ်နည်းအားဖြင့်ဆိုရင် ပန်းချီဆွဲထားတဲ့လက်ရာ ညံ့ဖျင်းပြီး ဓားတစ်ချောင်းကို ဝှေ့ယမ်းနေတာက ယောက်ျားလား မိန်းမလားဆိုတာ မခွဲခြားနိုင်လောက်အောင် ညံ့ဖျင်းတဲ့ပန်းချီက အမှန်တကယ်ပဲ ကုစစ်ယွမ်ဆိုတာ သူ အသိအမှတ်ပြုခဲ့တယ်။
မင်္ဂလာသေရည်ကို ကောက်ကိုင်လိုက်ပြီး အမတ်မင်းငယ်လုကို တစ်ခွက်ပေးကာ ပြောလိုက်၏။
"ဉာဏ်ကြီးတဲ့သူတွေက အတူတူတွေးကြတယ်"
ကျွန်မ ဝန်ခံရမယ် ဒီမြို့တော်တစ်ခုလုံးမှာ လင်ရှီးတစ်ယောက်သာလျှင် ကုစစ်ယွမ်နဲ့ အမှန်တကယ် လိုက်ဖက်တယ်။
လင်ရှီးက တစ်ချိန်တုန်းက ကျွန်မရဲ့အချစ်ပြိုင်ဘက်ဖြစ်ခဲ့ပေမယ့်လည်း ကျွန်မ တစ်ကိုယ်ကောင်းဆန်စွာနဲ့ သူမကို ပြစ်ချက်ရှာချင်ရင်တောင် သူမက အရမ်းထူးချွန်ထက်မြက်လွန်းတယ်။ဝေဖန်ဖို့နေရာမရှိဘူး။
လုလင်းက လွယ်လွယ်ကူကူနဲ့ မင်္ဂလာသေရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်တယ်။
အဲ့ဒီနောက် သူက ကျွန်မကို ကူပြီးတော့ ခေါင်းပေါ်က လေးလံတဲ့အဆင်တန်ဆာတွေကို ဖြုတ်ပေးပြီး နူးညံ့စွာ မေးလာခဲ့တယ်။
"မင်း ဗိုက်ဆာနေပြီလား? ကျွေ့ရှန်းဆိုင်ကိုသွားပြီး ဝက်လက်စားချင်လား"
ကျွေ့ရှန်းဆိုင်ရဲ့ဝက်လက်ကို ပြောလာတဲ့အချိန် ကျွန်မ စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားမှုအပြည့်နဲ့
"သွားကြမယ်! ကျွန်မ ဗိုက်ဆာနေတာ။ အချိန်မဖြုန်းနဲ့တော့!"
အပိုင်း(၅)
ကျွေ့ရှန်းစားသောက်ဆိုင်၏ ဆိုင်ရှင်က အလွန်အကင်းပါးတယ်။ကျွန်မနဲ့အမတ်မင်းငယ်လု တောက်ပတဲ့အနီရောင် မင်္ဂလာဝတ်စုံကိုဝတ်ပြီး ရောက်လာတာမြင်တော့ သူက ကျွန်မတို့ကို အပိုဟင်းပွဲနှစ်ပွဲနဲ့ သေရည်တစ်အိုး ပေးလာခဲ့တယ်။
သူက ကျွန်မတို့ကို ဂုဏ်ပြုတာတောင် လုပ်ခဲ့ပြီး
"မင်းတို့နှစ်ယောက်လုံးကို ဂုဏ်ပြုပါတယ်။ချစ်သူအစစ်အမှန်တွေက နောက်ဆုံးတော့ မိသားစု ဖြစ်လာကြတာပဲ" ဟု ပြောခဲ့၏။
ကျွန်မ ထိန်းမထားနိုင်ဘဲ သိချင်စွာ မေးလိုက်တယ်။
"ရှင်က ကျွန်မတို့ကို မှတ်မိတယ်ပေါ့လေ"
ဆိုင်ရှင်က စားပွဲပေါ်မှာရှိတဲ့ ဝက်လက်နှစ်ပန်းကန်ကို လက်ညှိုးထိုးပြီး မေတ္တိယျဘုရား²ကဲ့သို့ ပြုံးကာ
"မင်းတို့နှစ်ယောက်ကပဲ ဝက်လက်ကို ရှာလကာရည်ထဲ တို့စားရတာ ကြိုက်တာလေ။သဘာဝကျကျပဲ အဲ့ဒါက ငါ့ကို နက်နက်ရှိုင်းရှိုင်း မှတ်မိစေခဲ့တယ်။ဒီလို ကြိုက်နှစ်သက်မှုမျိုးက ထူးခြားရှားပါးတဲ့ကံကြမ္မာပဲလို့ ငါ ထင်တယ်"
ဒါကိုကြားတော့ အမတ်မင်းငယ်လုနဲ့ကျွန်မ နှစ်ယောက်လုံး လန့်သွားပြီး ချက်ချင်းပဲ ကျွန်မတို့ရဲ့ ရှာလကာရည်တို့ထားတဲ့ဝက်လက်ကို အောက်ချကာ ကျွန်မတို့တွေ ပိုပြီးအများကြီးစားရင် ကံကြမ္မာက ပိုပြီး နက်ရှိုင်းတွယ်ငြိမှာ စိုးရိမ်မိတယ်။
အဲ့ဒါကို စဉ်းစားကြည့်လိုက်မှ ကျွန်မနဲ့အမတ်မင်းငယ်လု ပထမဆုံးတွေ့ခဲ့တာ ဒီကျွေ့ရှန်းစားသောက်ဆိုင်မှာပဲ။
အဲ့ဒီအချိန်တုန်းက ကုစစ်ယွမ်နဲ့လင်ရှီးက ကျွေ့ရှန်းစားသောက်ဆိုင်မှာ မကြာခဏ တွေ့လေ့ရှိတယ်။
တစ်ရက်တော့ ကျွန်မ တိတ်တိတ်လေး ကုစစ်ယွမ်နောက်ကနေ ကျွေ့ရှန်းစားသောက်ဆိုင်ကို လိုက်သွားခဲ့တယ်။
အဲ့ဒီအချိန်တုန်းက ကျွေ့ရှန်းစားသောက်ဆိုင်က လူတွေ ပြည့်ကြပ်နေခဲ့တယ်။ကျွန်မရဲ့အချစ်နဲ့ အချစ်ပြိုင်ဘက်ကို ထောက်လှမ်းဖို့အတွက် ကျွန်မမှာ ရွေးချယ်စရာမရှိဘဲ ကြည့်ကောင်းတဲ့ယောကျာ်းတစ်ယောက်ကို ရွေးကာ သူနဲ့အတူတူ စားပွဲတစ်ခုတည်းထိုင်ပြီး စားဖို့လုပ်ခဲ့တယ်။
အဲ့ဒီသူစိမ်းက လင်ရှီးနောက်ကိုလိုက်လာတဲ့ အမတ်မင်းငယ်လုကလွဲလို့ တခြားလူ မဟုတ်ပေ။
ကျွန်မရဲ့အချစ်က တခြားတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားတွေပြောနေပြီး တရင်းတနှီးရှိနေကာ ဘာမှမဟုတ်တဲ့ ချိုမြိန်တဲ့အရာတွေ ပြောနေတာ မြင်ရတော့ ကျွန်မ ကိုက်ထားတဲ့ ဝက်လက်ကို ဒေါသတကြီး ထွေးထုတ်ပြီး အံကြိတ်ကာ ကျိန်ဆဲလိုက်တယ်။
"လင်ရှီး! လက်ဖက်စိမ်းမ!"
အမတ်မင်းငယ်လုကလည်း ဝက်လက်ကို ထွေးထုတ်၍ ဒေါသထွက်စွာဖြင့်
"ကုစစ်ယွမ် ကြောင်သူတော်ယောင်ဆောင်ထားတဲ့ကောင်!"
ကျွန်မတို့က တစ်ပြိုင်နက်တည်း ပြောမိမှတော့ တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြတယ်။
"ရှင် လင်ရှီးကို ကြိုက်နေတာလား"
"မင်း ကုစစ်ယွမ်ကို ကြိုက်နေတာလား"
သူတို့ပြောသလိုပဲ ကျွန်မရန်သူရဲ့ အချစ်ရူးက ကျွန်မရဲ့မိတ်ဆွေပဲ။
အမတ်မင်းငယ်လုနဲ့ကျွန်မက ချက်ချင်း အဆင်ပြေသွားကြပြီး ကုစစ်ယွမ်နဲ့လင်ရှီး လမ်းခွဲသွားစေဖို့အတွက် ကျွန်မတို့ပြိုင်ဘက်တွေရဲ့ အချက်အလက်တွေကို ဖလှယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ကျွန်မက ကုစစ်ယွမ်ရဲ့ အကြိုက်နဲ့မကြိုက်တာတွေကို သိပြီးတော့ အမတ်မင်းငယ်လုက လင်ရှီးရဲ့ ကြိုက်နှစ်သက်မှုတွေကို ရင်းနှီးတယ်။
ဒီနှစ်အတွင်း ကုစစ်ယွမ်နဲ့လင်ရှီး ဘယ်နေရာပဲသွားသွား ကျွန်မနဲ့အမတ်မင်းငယ်လုကို အရိပ်ထဲမှာ ပုန်းနေတာ တွေ့နိုင်တယ်။
သူတို့ကို လမ်းခွဲသွားအောင် လုပ်ရမယ့်အစား မထင်မှတ်ထားစွာနဲ့ သူတို့နှစ်ယောက်က လက်ထပ်တာနဲ့ အဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️
1. (三书六礼-(စာသုံးစောင်နဲ့ဓလေ့ထုံးတမ်းခြောက်မျိုး) ၎င်းက တရုတ်ရိုးရာ လက်ထပ်ခြင်းဓလေ့ကို ရည်ညွှန်းပါတယ်။ဒီနေရာမှာ 三书(စာသုံးစောင်) က အိမ်ထောင်ရေးလုပ်ငန်းစဉ်အတွင်း စာရွက်စာတမ်းများကို တရားဝင် ဖလှယ်ကြပြီး 六礼(ဓလေ့ခြောက်ခု)ကတော့ မိသားစုနှစ်ခုအကြား စည်းလုံးညီညွှတ်မှုကို တရားဝင်စေမည့် အခမ်းအနားအဆင့်(၆)ဆင့် ဖြစ်ပါတယ်)
2. Maitreya Buddha(弥勒佛)- ဗုဒ္ဓဘာသာအရ နောင်ပွင့်တော်မူမယ့် မြတ်စွာဘုရား ဖြစ်ပါတယ်။မြန်မာမှာတော့ အရိမေတ္တိယျ မြတ်စွာဘုရားလို့ ခေါ်ပါတယ်။