အခန်း ၄
Vol. 1 Ch. 4
အခန်း(၄)-အပိုင်း (၁၄)
ကျွန်မက စစ်သူကြီးအိမ်တော်ကို မကြာခဏ ရောက်လာလေ့ရှိတဲ့ ဧည့်သည်ဖြစ်ပြီး အိမ်တော်ထိန်းက ကျွန်မကို မှတ်မိတယ်။သူက ကျွန်မကို ကုစစ်ယွမ်ရဲ့ခြံဝင်းဆီ တိုက်ရိုက်ခေါ်ဆောင်သွားတယ်။
ခြံဝင်းထဲက အပြင်အဆင်က နှစ်ပေါင်းများစွာ မပြောင်းလဲဘဲ ရှိနေပြီးတော့ ပင်လုံးကြိုင်ပင်အောက်တွင် ဒန်းတစ်ခု ရှိခဲ့ဖူးသည်။
ကျွန်မ ငယ်ငယ်တုန်းက လက်သီးနဲ့ထိုးပြီးတော့ အဲ့ဒါကို ဖျက်ဆီးမိလိုက်တဲ့အချိန်ကတည်းက အဲ့ဒီနေရာက လစ်လပ်နေခဲ့တာ။
ဒီအခိုက်အတန့်တွင် ကုစစ်ယွမ်က ခြံဝင်းထဲက အပန်းဖြေဆောင်မှာ ထိုင်နေပြီးတော့ လက်ဖက်ရည်သောက်နေ၏။
ကုစစ်ယွမ်ကို မြင်လိုက်ရတော့ လုလင်းက စိတ်မရှည်တဲ့အမူအရာဖြင့် ပြောလိုက်သည်။
"ကုစစ်ယွမ် မင်းမှာပြောစရာရှိတယ်ဆိုရင် မြန်မြန်ပြော! ငါ့အချိန်တွေကို မဖြုန်းနဲ့- နျန့်ချင်းနဲ့ငါက အပူရှောင်ဖို့ သွားရဦးမှာ"
ကုစစ်ယွမ်က သူ့ကို လျစ်လျှူရှုပြီးတော့ ကျွန်မကိုပဲ ပြောလာတယ်။
"နျန့်ချင်း မင်းကို တွေ့ချင်တယ်လို့ ပြောတာ ရှီးအာက ပြောတာ"
အဲ့ဒီတော့ ကျွန်မကို တွေ့ချင်တာက လင်ရှီးပေါ့လေ။ဒါပေမဲ့ ကျွန်မက သူမနဲ့ အရမ်း မရင်းနှီးဘဲနဲ့ သူမက ဘာလို့ ကျွန်မကို တွေ့ချင်ရတာလဲ?
ကျွန်မက လင်ရှီးနဲ့တွေ့ဖို့အတွက် အတွင်းခြံဝင်းထဲကို တစ်ယောက်တည်းသွားပြီး လုလင်းက နောက်မှာနေခဲ့ကာ လက်ဖက်ရည်သောက်ရင်း ကုစစ်ယွမ်နဲ့ အေးအေးဆေးဆေး စကားစမြည် ပြောနေခဲ့တယ်။
ကျွန်မ လင်ရှီးကို တွေ့တဲ့အချိန် သူမက ကြိမ်ကုလားထိုင်ပေါ်မှာ ပျင်းတိပျင်းလျော့ မှီလှဲနေပြီးတော့ မျက်နှာက ဖြူဖျော့နေကာ အနည်းငယ် ပင်ပန်းနေပုံပေါက်တယ်။
"ချင်နျန့်ချင်း နင် လာပြီလား........" လင်ရှီးက အားမရှိစွာ ပြောလာတယ်။
"ငါ ဒီရက်ပိုင်း ခေါင်းတွေမူးပြီး ပျို့အန်နေလို့ နင့်ကို ထပြီးမနှုတ်ဆက်နိုင်ဘူး။ငါ့ကို ခွင့်လွှတ်ပါ"
"နင် ဒီအတိုင်း လှဲနေလို့ရတယ်"
သူမရဲ့ဝမ်းဗိုက်ထဲမှာ ကလေးရှိနေတဲ့ အမျိုးသမီးတစ်ယောက်က မသက်မသာဖြစ်မှုတွေကို အများကြီးခံစားရတယ်ဆိုတာ ကျွန်မသိလို့ ပြောပေးလိုက်တယ်။သူမရဲ့အခြေအနေအရ လင်ရှီးမှာ အရေးကြီးတဲ့ ပြောစရာကိစ္စတစ်ခုခု ရှိကိုရှိရမယ်။
လင်ရှီးက ကျွန်မရဲ့စိုးရိမ်စိတ်ကို ခံစားမိပုံပေါက်ပြီး စကားခံတာတွေ ဘာမှမလုပ်တော့ဘူး။
"ငါ လိုရင်းကိုပဲ ပြောတော့မယ်" သူမက ပြောလိုက်၏။
"တကယ်တော့ နင်နဲ့လုလင်းက စစ်ယွမ်နဲ့ငါ့နောက်ကို အမြဲတမ်းလိုက်နေခဲ့တယ်ဆိုတဲ့ အကြောင်းကို ငါတို့ တစ်လျှောက်လုံး သိထားခဲ့တယ်"
သူမက တကယ်ပဲ ဒီလို တိုက်ရိုက်ကြီး စကားစတော့မှာလား?
ကျွန်မ ရှက်ရွံ့သွားပြီး လက်ထဲက ပိုးပုဝါကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တည်ငြိမ်တဲ့ပုံစံ ဟန်ဆောင်နေလိုက်တယ်။
"ဘယ်အချိန်.......ဘယ်အချိန်တုန်းက နင်တို့ သတိထားမိသွားတာလဲ"
"စိတ်မလှုပ်ရှားပါနဲ့။ငါက အရင်ကကိစ္စတွေကို စာရင်းရှင်းဖို့ နင့်ကို ဒီနေရာ ခေါ်လိုက်တာ မဟုတ်ဘူး"
လင်ရှီးက သူမပါးစပ်ကိုအုပ်၍ ပေါ့ပေါ့ပါးပါး ရယ်လိုက်သည် ။
"စစ်ယွမ်က လိုတာထက်ပိုပြီးတော့ သတိကြီးလွန်းတာလေ။နင်နဲ့လုလင်း ပထမဆုံးအကြိမ် ငါတို့နောက်ကိုလိုက်ပြီးတော့ ကျိုးလင်တောင်ပေါ်က ဇီးပန်းပွင့်တွေကို သွားကြည့်တဲ့အချိန်ကတည်းက သူက သတိထားမိနေပြီ"
အပိုင်း(၁၅)
ဇီးပန်းပွင့်တွေကိုကြည့်ဖို့ ကျိုးလင်တောင်ပေါ်ကို ခရီးထွက်ခဲ့တာက ကျွန်မနဲ့လုလင်း ပထမဆုံး အတူတူ တွဲလုပ်ခဲ့တဲ့အချိန်ပဲ။
အဲ့ဒီအချိန်တုန်းက လုလင်းနဲ့ကျွန်မ နှစ်ယောက်လုံးက ကိုယ့်ဘာသာကိုယ် ကျေနပ်နေခဲ့ကြပြီး ကျွန်မတို့အစီအစဉ်က ချွတ်ယွင်းချက်မရှိဘူးလို့တွေးကာ သူတို့နှစ်ယောက်ကို ကွဲသွားအောင်လုပ်ဖို့ အချိန်တစ်ခုသာ လိုတော့တယ်လို့ မှတ်ယူခဲ့ကြတယ်။
မထင်မှတ်ထားစွာနဲ့ပဲ ကျွန်မတို့က မစတင်ခင်မှာပဲ ကျွန်မတို့ ပစ်မှတ်ထားတဲ့လူတွေဆီကနေ လက်ပူးလက်ကြပ်မိခဲ့တယ်။
ကျွန်မက နေရခက်စွာ ပြုံးပြလိုက်ပြီး ဒီအချိန်မှာ တိတ်ဆိတ်မှုက အကောင်းဆုံးရွေးချယ်မှုဆိုတာ သဘောပေါက်တယ်။
လင်ရှီးက သူမမေးစေ့ကို လက်နဲ့ထောက်ပြီးတော့ ကျွန်မကို ကောက်ကျစ်စွာ ပြုံးစိစိ ကြည့်လာတယ်။
"အဲ့ဒီတုန်းက ငါပျော်နေခဲ့တာ။နင်တို့နှစ်ယောက် ဘာလုပ်မလဲဆိုတာ သိချင်တာနဲ့ သူ့ကို အချက်ပြခွင့်မပြုခဲ့ဘူး"
အဲ့ဒီအကြောင်းပြောတော့မှ မြို့တော်ထဲက လူတိုင်းက လင်ရှီးကို အထက်တန်းလွှာအမျိုးသမီးတွေရဲ့ စံပြပုဂ္ဂိုလ်အဖြစ် ချီးမွမ်းကြသည်။
လုလင်းနဲ့ကျွန်မကပဲ ကုစစ်ယွမ်နဲ့ရှိနေတဲ့အချိန် သူမဖော်ပြတဲ့ သဘာဝအစစ်အမှန်ကို တွေ့ဖူးတယ်။
ကျွန်မက တစ်ခါတုန်းကတော့ ကုစစ်ယွမ် လင်ရှီးကို နှစ်သက်တာက သူမရဲ့ သိမ်မွေ့နူးညံ့မှုနဲ့ အကျင့်သီလကြောင့်လို့ ယုံကြည်ခဲ့တယ်။
ကျွန်မ မသိခဲ့တာကတော့ လင်ရှီးက တစ်လျှောက်လုံး ဟန်ဆောင်နေခဲ့တယ်ဆိုတာပဲ။
အပြင်ပန်းမှာတော့ သူမက ဂုဏ်သရေရှိ အထက်တန်းလွှာမိသားစုရဲ့ နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ သမီးတစ်ယောက် အသွင်အပြင်ရှိသည်။
ဒါပေမဲ့ သီးသန့်မှာဆိုရင်တော့ သူမက နှစ်ဆတိုးကာ ကျယ်လောင်စွာ ရယ်မောတယ်။သူမက လှေပေါ်တက်ဖို့အတွက် သူမရဲ့ဖိနပ်နဲ့ခြေအိတ်တွေကို ချွတ်ပြီး ရေနဲ့ကစားတယ်။သူမက တင်ပါးပေါ် လက်ထောက်ပြီးတော့ ကုစစ်ယွမ်နဲ့ အကျယ်ကြီး စကားများတယ်။
လင်ရှီးက ပေါ့ပေါ့ပါးပါးနဲ့ ဆံပင်ကို သူမနားရွက်နောက် သပ်လိုက်ပြီး
"နင်တို့နှစ်ယောက်ကို တစ်နှစ်လောက် စောင့်ကြည့်ပြီးတဲ့နောက် ငါက နောက်ဆုံးတော့ ထူးဆန်းတာ တစ်ခုကို သတိထားမိသွားတယ်။လုလင်း နင့်ကိုကြည့်တဲ့အကြည့်က ဖြူစင်မှုနဲ့ အဝေးကြီးပဲ။အဲ့ဒီယောကျာ်းက နင့်ကို အလေးအနက်ကို ဂရုစိုက်တယ်။အဲ့ဒါကြောင့် ငါက နင်တို့နှစ်ယောက်ကိုလည်း အတူတူ ဆွဲခေါ်ဖို့ စဉ်းစားခဲ့တာ"
"မီးပုံးပွဲတော်တုန်းက နင်တို့ ငါတို့နောက်ကို လိုက်ပြီးတော့ ငါတို့ကို လမ်းပေါ်မှာ အစပျောက်သွားတာကို မှတ်မိလား?အဲ့ဒါ ငါတို့ဘက်က တမင်လုပ်ခဲ့တာ။ကံကောင်းလို့ပေါ့ နင်တို့နှစ်ယောက်အတွက် အခွင့်အရေးတွေ အများကြီး ဖန်တီးပေးထားတဲ့ ငါ့ကြိုးစားအားထုတ်မှုတွေက အလကားမဖြစ်သွားဘူး။အဆုံးကျတော့ နင်တို့ ဘယ်လိုပဲဖြစ်ဖြစ် လက်ထပ်သွားရတာပဲလေ"
"အစတုန်းကတော့ စစ်ယွမ်က ငါအထင်မှားနေမှာကို စိုးရိမ်နေခဲ့တာ ဒါပေမဲ့ လွန်ခဲ့တဲ့လတုန်းက မင်းသမီးအိမ်တော်ရဲ့ နင့်ရဲ့ ကုစစ်ယွမ်အပေါ်ထားတဲ့ ခံစားချက်တွေကို ငါ သိသွားတယ်။အဲ့ဒါကြောင့် စစ်ယွမ်လည်း စိတ်အေးသွားတယ်"
"..........." ကျွန်မ အခု ပြောစရာစကားမရှိတော့အောင် ဆွံ့အသွားပြီ။
ဒါဆိုရင် သတိမထားမိဘဲနဲ့ ကျွန်မနဲ့လုလင်းကလည်း လင်ရှီးနဲ့ကုစစ်ယွမ်ရဲ့ စောင့်ကြည့်တဲ့အရာတွေ ဖြစ်နေခဲ့တာပေါ့လေ။
တကယ့်ကိုပဲ အဲ့ဒါက နောက်ကွယ်မှာရှိတဲ့ ရွှေပြည်စိုးငှက်ကို သတိမထားမိဘဲ ပုစဉ်းရင်ကွဲနောက်ကိုလိုက်နေတဲ့ ရှိခိုးကောင်နဲ့တူတယ်*
(အဓိပ္ပာယ်ကတော့ တစ်ယောက်ယောက်က သူတို့ရဲ့ပစ်မှတ် ဒါမှမဟုတ် အမြတ်အစွန်းအပေါ် အလွန်အာရုံစိုက်နေတာကို အဓိပ္ပာယ်ဖွင့်ဆိုထားတာ ဖြစ်ပြီး လျှို့ဝှက်ထားတဲ့အန္တရာယ် ဒါမှမဟုတ် ခြိမ်းခြောက်မှုကို သတိမထားမိဘဲ ဖြစ်နေတတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ)
ကျွန်မက သက်ပြင်းဖျော့ဖျော့ချပြီးတော့ လင်ရှီးကို ပြုံးပြလိုက်တယ်။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ နင့်ကို ကျေးဇူးတင်သင့်တယ်။မီးပုံးပွဲတော်က ကိစ္စတွေသာ မဖြစ်ခဲ့ရင် လုလင်းက ငါ့နှလုံးသားထဲမှာ ဘယ်လောက်အထိ နေရာယူထားပြီလဲဆိုတာ ငါ သိရမှာ မဟုတ်ဘူး"
"ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး!"
လင်ရှီးက အောင်ပွဲခံတဲ့ပုံစံဖြင့် သူမလက်ကို ဝှေ့ရမ်းပြလိုက်သည်။
"လုလင်းက လုပ်ဆောင်တာ အရမ်းနှေးလွန်းလို့။ငါသာ နောက်ကွယ်ကနေ နည်းနည်းလေး မတွန်းပေးခဲ့ဘူးဆိုရင် နင်တို့နှစ်ယောက် ဘယ်တော့များမှ........ဖြစ်လာမယ်မှန်း ဘယ်သူသိမှာလဲ?"
သူမက ခဏလောက် တွေဝေနေပြီးတော့ အဲ့ဒီနောက် သူမရဲ့လေသံကို ပြောင်းလိုက်တယ်။
"ထားလိုက်တော့။ကျန်တာကို လုလင်း သူ့ဘာသာသူပြောဖို့ ချန်ထားပေးလိုက်မယ်။တကယ်တော့ ငါ ဒီနေ့ နင့်ကို ဒီနေရာ ခေါ်လိုက်ရတဲ့ အကြောင်းရင်းက နင့်ကို တခြားပြောစရာကိစ္စရှိလို့ပဲ.........လုလင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်........"
လုလင်းအကြောင်းကို လင်ရှီး ပြောလာတော့ ကျွန်မရဲ့ သိချင်စိတ်က နိုးကြွလာတယ်
"ဘာလျှို့ဝှက်ချက်လဲ?"
အပိုင်း(၁၆)
အဲ့ဒီနောက် လင်ရှီးက ကျွန်မကို လုလင်းရဲ့ ငယ်ဘဝအကြောင်း ပြောပြတယ်။
သူမရဲ့ လင်မိသားစုနဲ့လုမိသားစုက ကြာရှည်တဲ့ ဆက်ဆံရေးရှိပြီး သူမနဲ့လုလင်းက ငယ်သူငယ်ချင်းတွေဟု ယူဆလို့ရသည်။
အဲ့ဒီအချိန်တုန်းက ချန်းယန်မိသားစုရဲ့ အမတ်မင်းဟာ သူရဲကောင်းဆန်ဆန် အောင်မြင်မှုများဖြင့် ကျော်ကြားသည့် စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာပြီး အဆုံးမရှိတဲ့ ဂုဏ်ကျက်သရေများဖြင့် လွှမ်းမိုးထားသည်။
ဒါပေမဲ့ လုလင်းနှစ်နှစ်သားအရွယ်မှာပဲ သူ့မိဘတွေနဲ့အတူ လုမိသားစု စစ်တပ်တစ်တပ်လုံးဟာ နယ်စပ်က ပြည်သူတွေကို ကာကွယ်ရန်တိုက်တဲ့ စစ်ပွဲတွင် ကျရှုံးသွားခဲ့၏။
အဲ့ဒီအချိန်ကနေစပြီးတော့ တစ်ချိန်ကထွန်းကားခဲ့တဲ့ လုမိသားစုဟာ မှေးမှိန်သွားပြီး အဘိုးအို အမတ်မင်းလုနှင့် သူ့ဇနီးနဲ့အတူ ငယ်ရွယ်တဲ့ လုလင်းတို့သာ ကျန်ရစ်ခဲ့သည်။
လုလင်းရဲ့အဘွား အသက်ရှင်နေသေးတဲ့အချိန်တုန်းက သူမက သူမရဲ့မြေးကို သူ့မိဘတွေရဲ့ခြေရာနင်းမှာကို မကြည့်ရက်နိုင်ပေ။
အမတ်မင်းကြီးလု၏ ငြင်းပယ်ချက်များကို ဆန့်ကျင်ပြီးတော့ သူမက လုလင်းကို အသားပေါပြီး အလွန်အမင်း ဝဖြိုးလာသည်အထိ တမင်တကာ ကျွေးမွေးခဲ့ပြီး စစ်သူကြီးတစ်ယောက်ဖြစ်မယ့်လမ်းကနေ ဖြတ်တောက်ခံရမှာကို သေချာစေခဲ့၏။
သူမက သူ့ကို ချမ်းသာပြီးတော့ လွတ်လပ်ပေါ့ပါးတဲ့လူတစ်ဦးအဖြစ်သာ နေစေလိုတဲ့ ဆန္ဒရှိပြီး အေးချမ်းသာယာတဲ့ဘဝကို ပိုင်ဆိုင်နိုင်စေရန်သာ အလိုရှိသည်။
ထို့ကြောင့် လုလင်းက သူ့အသက်ဆယ့်သုံးနှစ်အရွယ်ထိ ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် အသက်ရှုကြပ်လာတဲ့ ဝတုတ်လေးတစ်ဦး ဖြစ်ခဲ့သည်။
တစ်ခါက အမတ်မင်းကြီးလုသည် ပွဲအခမ်းအနားတစ်ခုအတွက် သူ့ကို အခြားအိမ်တော်တစ်ခုဆီသို့ ခေါ်သွား၏။သူ့ရဲ့ဝတုတ်ပြီးတော့ ဖောင်းကားနေတဲ့ပုံစံကြောင့် မင်းမျိုးမင်းနွယ်က သခင်ငယ်လေးတွေ လှောင်ရယ်တာခံခဲ့ရ၏။
ထိုအခိုက်အတန့်မှာပဲ ကလေးမလေးတစ်ဦးက ရှေ့ထွက်လာခဲ့ပြီး ထိုဆိုးသွမ်းတဲ့ကောင်လေးတွေကို ဆူပူကြိမ်းမောင်းကာ သူတို့ကို အဝေးနှင်ထုတ်ခဲ့သည်။
ထိုအဖြစ်အပျက်ပြီးတဲ့နောက် လုလင်းက သူမကြောင့် စတင်ပြီးတော့ ကိုယ်အလေးချိန် လျှော့ချ၏။
နေ့တိုင်း မိုးမလင်းခင် သူက အိပ်ရာထပြီးတော့ ခြံဝင်းကို အကြိမ်နှစ်ဆယ်ပတ်ပြေးသည်။
သူက သုံးနှစ်နီးပါး မပျက်မကွက် လုပ်ဆောင်ခဲ့သည်။
လုလင်းက တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး သူ့ရဲ့အရင်ပုံစံကွယ်ပျောက်သွားကာ ပိန်သွယ်ပြီးတော့ ချောမော ငယ်ရွယ်တဲ့ ယောကျာ်းလေးတစ်ဦး ဖြစ်လာခဲ့သည်။
စနောက်တဲ့လေသံဖြင့် လင်ရှီးက ပြောလိုက်၏။
"လူတိုင်းက သူ့ကို ကျောက်စိမ်းလိုမျက်နှာရှိတယ်ဆိုပြီး ချီးကျူးကြပေမယ့် လုလင်းက ယုံကြည်ချက်မရှိသေးဘဲ သူကြိုက်တဲ့ မိန်းကလေးကို မချဉ်းကပ်ရဲဘူးလေ"
ကျွန်မ နားထောင်လေ ကျွန်မရဲ့မျက်နှာက ပိုပြီးတော့မည်းမှောင်လာလေပဲ။လင်ရှီးက ဒီမှာ ကြွားပြနေတာလား?ကျွန်မ အနည်းငယ် မနာလိုဖြစ်သွားပြီး ပြောလိုက်တယ်
"နင့်လိုလူတစ်ယောက်အတွက် ပြောင်းလဲတာလား?ငါ ငယ်ငယ်တုန်းက ငါလည်း အဲ့လိုလုပ်ခဲ့ဖူးတာပဲလေ။အရမ်းတုံးအတယ်။ဒါက လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး....."
လင်ရှီးက သူမရဲ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ပါးနပ်တဲ့မြေခွေးတစ်ကောင်နဲ့တူသည်။
"အဲ့ဒါ လျှို့ဝှက်ချက်ဖြစ်နေရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲဆိုတော့..........အဲ့ဒီကလေးမလေးက ငါ မဟုတ်တာပဲ!"
"အဲ့ဒါ နင် မဟုတ်ဘူးလား?"
ကျွန်မ ခဏလောက် မှင်သက်သွားတယ်။
"ဒါဆိုရင် ဘယ်သူလဲ?"
လုလင်းက လင်ရှီးကို မကြိုက်ဘူးပေါ့လေ?
"နင် အခွင့်အရေးရတဲ့အခါကျရင် လုလင်းကို နင့်ဘာသာနင် မေးကြည့်ပေါ့"
အဲ့ဒီစကားတွေ ချန်ထားခဲ့ပြီးနောက် လင်ရှီးက သူမ အရမ်းပင်ပန်းနေလို့ တစ်ရေးအိပ်ချင်ကြောင်း ပြောလာသည်။
သူမ ငိုက်မျဉ်းနေတာကိုကြည့်ပြီး ကျွန်မ အကြာကြီး မနေခဲ့တော့ပေ။
အပိုင်း(၁၇)
အိမ်တော်ကို ပြန်တဲ့လမ်းတွင် လုလင်းက ဆက်တိုက် မကျေမနပ် ပြောနေသည်။
"ကုစစ်ယွမ်က အရမ်းလေရှည်တာပဲ။အမြဲတမ်း မသက်ဆိုင်တဲ့ကိစ္စတွေကိုပဲ ပြောနေတာ။ကိုယ်က လုံးဝနားထောင်ချင်တာ မဟုတ်ဘူး"
ကျွန်မက လုလင်းကို အဲ့ဒီကလေးမလေးအကြောင်း မေးချင်ပေမယ့် အဲ့ဒီနောက် ကျွန်မ ပြန်စဉ်းစားလိုက်တယ်။ကျွန်မတို့က လက်ထပ်ပြီးပြီဆိုမှတော့ အရင်ကကိစ္စဟောင်းတွေ ပြန်ဆွဲထုတ်ပြီးတော့ မလိုအပ်တဲ့ ပြဿနာရှာတာမျိုး လုပ်နေစရာ မလိုတော့ဘူးလေ။
"စကားမစပ် လင်ရှီးက မင်းကို ဘာလို့ရှာတာလဲ?"
လုလင်းက ခပ်တည်တည်ဖြင့် မေးလိုက်၏။
ကျွန်မက သူ့ပုခုံးပေါ် ခေါင်းမှီလိုက်ပြီး ပြန်ပြောလိုက်တယ်။
"ရှင် လုံးဝ ခန့်မှန်းမိထားမှာ မဟုတ်ဘူး။လင်ရှီးနဲ့ကုစစ်ယွမ်ကလေ အစကတည်းက ကျွန်မတို့ သူတို့နောက်ကို တိတ်တိတ်လေးလိုက်နေခဲ့တာကို သိတယ်တဲ့"
လုလင်းက အံ့အားသင့်သွားပုံမပေါက်ချေ။သူက ခပ်အက်အက်အသံဖြင့်သာ ပြောလိုက်၏။
"ကုစစ်ယွမ်က စစ်မြေပြင်မှာ နှစ်တွေအကြာကြီး နေလာခဲ့တာ။သူ့မျက်လုံးတွေက သိမ်းငှက်တစ်ကောင်လိုပဲ စူးရှတယ်.....ဘယ်လို ရန်သူမျိုး၊သားကောင်မျိုးကမှ သူ့ဆီကနေ မလွတ်နိုင်ဘူး။အဲ့တော့ လင်ရှီးက တခြားဘာမှမပြောဘူးလား?"
ထင်ထားသလိုပဲ လုလင်းက လင်ရှီးနဲ့ပတ်သက်ပြီး ဂရုစိုက်နေတုန်းပဲ........
ကျွန်မက သူ့လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီးတော့ ပြောလိုက်တယ်
"အဲ့ဒါက ဒီအတိုင်း မိန်းကလေးတွေကြားထဲက အလကား စကားပြောတာပါပဲ။ဘာမှအရေးမကြီးဘူး"
လုလင်းက နူးညံ့စွာဖြင့် "အမ်း.."ဟု အသံပေးကာ ဘာမှဆက်မပြောတော့ချေ။
သူ့ရဲ့တောင့်တင်းနေတဲ့ ပုခုံးတွေ ရုတ်တရက် ပြေလျော့သွားတာကို ကျွန်မ ခံစားမိနိုင်တယ်။
အပိုင်း(၁၈)
နေ့လယ်စာ စားပြီးတဲ့နောက် ကျွန်မတို့က ချက်ချင်းပဲ အပူရှောင်ရန်အတွက် တောင်ပေါ်သို့ သွားကြသည်။
လုလင်းက ဒီအပန်းဖြေအိမ်က သူ့ရဲ့ လျှို့ဝှက်ပုန်းခိုရာဖြစ်တယ်ဟု ပြောသည်။နှစ်စဉ်နှစ်တိုင်း နွေရာသီ၏အပူဆုံးနေ့များတွင် သူနဲ့သူ့ရဲ့အဘိုးအမတ်မင်းကြီးလုတို့ဟာ ဒီနေရာမှာ တစ်လကျော်နီးပါး နေထိုင်လေ့ရှိ၏။
ဒါပေမဲ့ ဒီနှစ်မှာတော့ အမတ်မင်းကြီးလုရဲ့ခြေထောက်ဒဏ်ရာဟောင်းက ပြန်ထလာပြီးတော့ သူ့ကို တောင်လေတွေမခံနိုင် ဖြစ်စေတာကြောင့် အတူတူ မလာခဲ့ပေ။
တောင်တန်းကြီးက စိမ်းလန်းစိုပြေပြီး အေးမြလတ်ဆက်တဲ့လေထုက ညင်သာစွာ တိုက်ခတ်နေသည်။
အပန်းဖြေအိမ်မှာရှိတဲ့ ပရိဘောဂများဟာ ရိုးရှင်းပြီး ကျေးလက်ဆန်သည်။ဒါပေမဲ့ ခြံဝင်းထဲက သစ်ပင်ကြီးတစ်ပင်အောက်မှာရှိနေတဲ့ ဒန်းကတော့ ဒီနေရာနဲ့ လွဲမှားနေသလိုပင်။
သိချင်စိတ်ပြင်းပြစွာနဲ့ ကျွန်မ မေးလိုက်တယ်
"အပူရှောင်တဲ့အိမ်မှာ ဘာလို့ ဒန်းရှိနေတာလဲဟင်"
လုလင်းက ဒန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့အကြည့်က လေးနက်နေကာ
"ကိုယ် အဲ့ဒါကို မင်းအတွက် အထူးသီးသန့် လုပ်ပေးထားဝာာ"
အဲ့ဒါပြောပြီးတဲ့နောက် သူက ကျွန်မကို ဇီးသီးဝိုင်နည်းနည်းလောင်းထည့်ပေးဖို့ အတူပါလာတဲ့ အစေခံတွေကို ညွှန်ကြားလိုက်ပြီး အဲ့ဒီနောက် ခရီးဆောင်အိတ်ကို ဖြည်လိုက်ဦးမယ်ဟု ပြောကာ ကမန်းကတန်း အထဲပြန်ဝင်သွားသည်။
ကျွန်မက ဒန်းပေါ်မှာ သက်သောင့်သက်သာ ထိုင်နေပြီးတော့ ရေခဲပုံးထဲက ဇီးသီးဝိုင်အေးအေးလေးကို သောက်နေလိုက်တယ်။
တစ်နာရီလောက် လေပြေလေအေးကို ခံစားပြီးတဲ့နောက် ကျွန်မရဲ့ခန္ဓာကိုယ်ပေါ်က အပူတွေ လုံးဝပျောက်ကွယ်သွားပေမယ့် လုလင်းကတော့ အခုထိ ထွက်မလာသေးပေ။
တွေဝေမိရင်း ကျွန်မ တွေးမိလိုက်တယ်။သူက ဘာလို့ ဒီလောက်ကြာနေရတာလဲ?
ဒန်းပေါ်ကနေ ခုန်ဆင်းပြီးတော့ ကျွန်မ အိမ်ထဲကို ဝင်သွားတဲ့အချိန် လုလင်းက ခါးကုန်းပြီးတော့ အနီရောင်သစ်သားဘူးကနေ ပန်းချီကားလိပ်တွေ ဆွဲထုတ်နေတယ်။
"လုလင်း ရှင် ဘာလုပ်နေတာလဲ?"
ကျွန်မရဲ့ ရုတ်တရက်အသံက သူ့ကို ထိတ်လန့်သွားစေပြီး သူ့လက်ထဲက ပန်းချီကားလိပ်တွေက ကြမ်းပြင်ပေါ်ကို ဘုန်းခနဲ လျင်မြန်စွာ ပြုတ်ကျသွားတယ်။
ပန်းချီကားလိပ်များက နေရာအနှံ့ လိမ့်သွားပြီးတော့ သူတို့ထဲက တစ်ခုက လျော့ရဲရဲ ချည်ထားတဲ့ကြိုးကြောင့် ပြေကျသွားပြီးတော့ ပန်းချီကားတစ်ခုလုံးဟာ ကျွန်မမျက်စိရှေ့ ပွင့်ထွက်လာတယ်။
"ဘာလို့ ဒီမြင်ကွင်းက အရမ်းရင်းနှီးနေတာလဲ?"
ကျွန်မက ပန်းချီကားကို ကောက်ယူလိုက်ပြီး အဲ့ဒါကို သေချာဂရုတစိုက် လေ့လာကြည့်လိုက်တယ်။
ပင်လုံးကြိုင်ပန်းတွေ ပွင့်လန်းနေတဲ့ ပင်လုံးကြိုင်ပင်ကြီးအောက်မှာ ဒန်းတစ်ခုရှိနေသည်။ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးက တောက်ပတဲ့အပြုံးဖြင့် မြင့်မြင့်လွှဲထားတဲ့ ဒန်းပေါ်မှာ ထိုင်နေသည်။
သူမရဲ့နောက်တွင် ဒန်းကို တွန်းပေးဖို့ နေရာယူထားတဲ့ ခပ်ဝဝကောင်လေးတစ်ဦး ရှိသည်။
ကျွန်မက ကလေးမလေးဆွဲထားတဲ့ ရွှေငါးဆွဲသီးလေးကို စိုက်ကြည့်ပြီးတော့ ရေရွတ်လိုက်တယ်
"ဒါက.......ကုစစ်ယွမ်ရဲ့ခြံဝင်းထဲက ပင်လုံးကြိုင်အပင်နဲ့ဒန်းပဲ။ပြီးတော့ ဒန်းပေါ်က ကလေးမလေးက ကျွန်မ။ ဒါပေမဲ့ နောက်ကရပ်နေတဲ့ကောင်လေးက ဘယ်သူလဲ?”