အခန်း ၅
Vol. 1 Ch. 5
အခန်း(၅)- အပိုင်း (၁၉)
ရုတ်တရက် လင်ရှီး ကျွန်မကို ပြောခဲ့တာကို သတိရသွားပြီး အချိန်တော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မှတ်ဉာဏ်ဟာ ကျွန်မစိတ်ထဲ ပေါ်လာတယ်။
၎င်းက လွန်ခဲ့တဲ့ရှစ်နှစ်တုန်းကဖြစ်ပြီး ကုမိသားစုက သူတို့ရဲ့အိမ်တော်အသစ် ပြောင်းရွှေ့ခြင်းအတွက် ပွဲအခမ်းအနား ပြုလုပ်ခဲ့တဲ့အချိန်တုန်းက ဖြစ်သည်။
ကျွန်မက ပွဲအခမ်းအနားက ပျင်းစရာကောင်းတယ်လို့ ခံစားရတာကြောင့် ကုစစ်ယွမ်ကို ဆွဲခေါ်ပြီးတော့ ခြံဝင်းထဲမှာ ဒန်းကစားဖို့ သွားခဲ့တယ်။
ဒါပေမဲ့ ကျွန်မကို အကြိမ်အနည်းငယ်လောက် စိတ်ပါလက်ပါ တွန်းပေးပြီးတဲ့နောက် ကုစစ်ယွမ်က ဧည့်သည်တွေကို ဧည့်ခံဖို့ လိုအပ်တယ်ဆိုပြီး အကြောင်းပြကာ အမြန်လစ်ထွက်သွားခဲ့တယ်။
ကျွန်မ ချင်နျန့်လန်ကို ခေါ်ချင်ပေမယ့် သူ ဘယ်နေရာသွားလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။
စိတ်ပျက်လက်ပျက် ခံစားနေရပြီးတော့ ကျွန်မ ဒန်းပေါ်မှာ ထိုင်နေတဲ့အချိန်မှာပဲ ဝတုတ်တုတ်ကောင်လေးတစ်ဦးက အနားရောက်လာခဲ့တယ်။
သူက ရှက်ရွံ့စွာနဲ့ သူ့ခေါင်းကို ကုတ်လိုက်ပြီး ပြောလာခဲ့တယ်
"အာ.....ငါက သန်မာတယ်။ငါ နင့်ကို တွန်းပေးရင်ရော ဘယ်လိုလဲ?"
"ကျေးဇူးအများကြီးတင်ပါတယ်!" ဆိုပြီး ကျွန်မက ပျော်ရွှင်စွာ ပြန်ပြောလိုက်တယ်။
အဲ့ဒီနောက် ထိုကောင်လေးက ကျွန်မကို အစွမ်းကုန်တွန်းပေးပြီးတော့ ကျွန်မ အရမ်းပျော်နေခဲ့တယ်။
ဒါပေမဲ့ အဲ့ဒီနောက် မနှစ်မြို့စရာကောင်းတဲ့ လူအချို့ ရောက်လာပြီးတော့ သူ့ကို စတင်လှောင်ပြောင်ကြပြီး သူ့ကို ဝက်တစ်ကောင်နဲ့နှိုင်းယှဉ်ကာ ဝတုတ်နေတဲ့ခေါင်းနဲ့နားရွက်အကြီးကြီးတွေ ရှိတယ်ဆိုပြီး ပြောကြတယ်။
ကျွန်မက ချက်ချင်းပဲ ဒန်းပေါ်ကနေ ခုန်ဆင်းပြီး ဒန်းဘောင်ကို ပြင်းပြင်းထန်ထန် ထိုးလိုက်တာကြောင့် အဲ့ဒါက ကျိုးသွားတယ်။
"နင်တို့ကောင်တွေက ချီးစားထားကြတာလား?နင်တို့ပါးစပ်တွေကိုဆေးဖို့ နင်တို့ခေါင်းထဲကို ငါ ရေတစ်ပုံးလောက် လောင်းထည့်ပေးရမလား!"
ကျွန်မရဲ့သတ္တိရှိမှုကြောင့် ကြောက်ရွံ့သွားကြပြီး သူတို့က အလန့်တကြား ထွက်ပြေးသွားခဲ့တယ်။
ဒါပေမဲ့ ကောင်လေးကတော့ ဒန်းဘောင်ကျိုးသွားတာကို စိတ်ပူနေပြီး စစ်သူကြီးမင်းကု ကျွန်မကို အပြစ်ပေးမှာကို စိုးရိမ်နေခဲ့တယ်။သူက ကျွန်မအတွက် အပြစ်ခံယူပေးမယ်လို့တောင် ကမ်းလှမ်းလာတယ်။
ကျွန်မက သူ့ကို စိတ်ချနေရန် ပြောလိုက်တယ်
"စိတ်မပူနဲ့။ဒီဒန်းဘောင်က အရင်ပိုင်ရှင်တွေ ကျန်နေခဲ့တာ။ဘာပဲဖြစ်ဖြစ် ကုစစ်ယွမ်က ဒါကိုဖျက်ဆီးပစ်ဖို့ စီစဉ်ထားပြီးသား။အခု သူ အဲ့ဒါကို ခုတ်ထစ်ပြီးတော့ မီးဖိုချောင်အတွက် ထင်းအဖြစ် သုံးလိုက်ယုံပဲ"
ကောင်လေးက ရယ်မောသွားပြီးတော့ ထုပ်ပိုးထားတဲ့ စက္ကူထုပ်ကို ဆွဲထုတ်လာတယ်။အထဲမှာ ဝက်လက်နှစ်ချောင်းရှိနေပြီး သူက ကျွန်မကို တစ်ခုပေးလာခဲ့တယ်
"ရော့..ဒီမှာ တစ်ခုစား"
ကျွန်မတို့က ပင်လုံးကြိုင်ပင်အောက်မှာ ဆောင့်ကြောင့်ထိုင်နေခဲ့ကြပြီး ဝက်လက်များကို ကိုက်စားနေခဲ့ကြတယ်။စားနေရင်းနဲ့ ကျွန်မက ပြောလိုက်တယ်
"ဒါကလေ ရှာလကာရည်လေးနည်းနည်းနဲ့ဆိုရင် ပိုကောင်းမယ်။ဝက်လက်တွေကို ရှာလကာရည်ထဲနှစ်ပြီးတော့ အဆီတွေကို ဖြတ်ပစ်တာ အရသာပိုကောင်းတယ်"
ကောင်လေးက မျက်တောင်ခတ်လိုက်ပြီး သူ့မျက်နှာက သိချင်စိတ်နဲ့ တောက်ပနေတယ်
"တကယ်လား! နောက်တစ်ခါကျရင် ငါ စမ်းကြည့်ရမယ်!"
နောက်ကျတော့ ကျွန်မကို ချင်နျန့်လန် ခေါ်နေတာကို ကြားလိုက်ရတာကြောင့် ကောင်လေးကို တာ့တာပြခဲ့လိုက်တယ်။
အပိုင်း(၂၀)
ကျွန်မ ငုတ်တုပ်ထိုင်ပြီးတော့ ဒုတိယပန်းချီကို ကောက်ယူလိုက်တယ်။
မြင်ကွင်းက အမတ်မင်းသုန်နင်းရဲ့အိမ်တော်၊ကျွန်မရဲ့ အရွယ်ရောက်ပွဲအခမ်းအနားကို ရေးဆွဲထားတယ်။
ပန်းချီကားထဲမှာ ကျွန်မက အရှက်မရှိစွာနဲ့ ကုစစ်ယွမ်ရဲ့အင်္ကျီစကို ဆွဲထားပြီး အရွယ်ရောက်လာတဲ့အတွက် လက်ဆောင်တစ်ခု တောင်းနေခဲ့တယ်။
ပြီးတော့ လ လိုမျိုး စင်ကြယ်ပြီး လေပြေလေအေးလိုမျိုး နူးညံ့တဲ့ ငယ်ရွယ်တဲ့အမျိုးသားတစ်ဦးက ဘေးနားမှာ ရပ်နေပြီး ကျွန်မတို့ရှိတဲ့ဘက်ကို ကြည့်နေခဲ့တယ်။
သူက ကြီးပြင်းလာတဲ့အချိန် ပိုပိန်သွားပြီး အရပ်လည်းပိုရှည်လာပုံပေါက်သည်။သူ့လက်တွေက နောက်ကျောဘက်မှာရှိနေပြီး တစ်စုံတစ်ခုကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။အနီးကပ် ဂရုတစိုက်ကြည့်မယ်ဆိုရင် ၎င်းက ဆံထိုးတစ်ခုပင်။
ကျွန်မ မှတ်မိသေးတယ်၊အဲ့ဒီ အရွယ်ရောက်ပွဲအခမ်းအနားတုန်းက ကုစစ်ယွမ်က ကျွန်မကို သံကိုရွှံ့လိုဖြတ်နိုင်တဲ့ ဓားမြှောင်တစ်ချောင်း လက်ဆောင်ပေးခဲ့တယ်။
ကျွန်မက မကျေမနပ် ခြေဆောင့်ပြီးတော့ ပြောခဲ့တယ်။
"ကုစစ်ယွမ် နင်က အရမ်း မရိုးသားတာပဲ!"
နောက်ကျတော့ ကျွန်မအမေက ဧည့်သည်တွေရဲ့လက်ဆောင်တွေထဲမှာ ပိုးသေတ္တာတစ်လုံး ရှာတွေ့ခဲ့ပြီး အထဲမှာက ရွှေငါးတစ်ကောင် ကြာပွင့်ကစားနေတဲ့ပုံစံ ဆံထိုးတစ်ခု ရှိနေခဲ့သည်။
တည်ငြိမ်တဲ့လေသံဖြင့် ကျွန်မအမေက ပြောလိုက်တယ်။
"ဒါကို ကြည့်ပါဦး။ကုစစ်ယွမ်က ဧည့်သည်တစ်ယောက်ရဲ့ တွေးခေါ်ပုံကိုတောင် မယှဉ်နိုင်ဘူး"
ဆံထိုးက အလွန်လက်ရာမြောက်စွာ ဖန်တီးထားပြီး ရွှေငါးဟာ အသက်ဝင်လုနီးပါး တူညီတာကြောင့် ကျွန်မက အဲ့ဒါကို အဝတ်သေတ္တာထဲမှာ ယနေ့အထိ သိမ်းဆည်းထားခဲ့တယ်။
အဲ့ဒီတော့ ဆံထိုးက ပန်းချီကားထဲက လူငယ်လေးပေးတာ ဖြစ်နေခဲ့တာပဲ........
အပိုင်း (၂၁)
ကျွန်မက တတိယမြောက်ပန်းချီကားကို အလျင်အမြန် ဖွင့်ကြည့်လိုက်တယ်။
ပန်းချီကားထဲတွင် ပွဲတော်မီးပုံးများက နေ့အလင်းရောင်ကဲ့သို့ ညဘက်တွင် ထွန်းလင်းနေပြီး ကောင်လေးကအရွယ်ရောက်လုနီးပါး ဖြစ်နေပြီ။
သူ့ပုံစံက ပိုပြီးတော့ အရပ်ရှည်ပြီးပိန်သွယ်လာကာ အခု လုလင်းနဲ့ လုံးဝ ထပ်တူညီနေသည်။
ဒါပေမဲ့ ဒီအချိန်တုန်းက လုလင်းက ရူးရူးမိုက်မိုက်နဲ့ ကုစစ်ယွမ်ကို အတုခိုးထား၏။
သူက လရောင်ဖြူပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားယုံသာမက သူ့ဆံပင်တွေကိုလည်း ဝါးပုံသဏ္ဌာန်ကျောက်စိမ်းဆံထိုးဖြင့် ထုံးဖွဲ့ထားသည်။
သူက ထင်ရှူးပင်ကဲ့သို့ မြင့်မားစွာရပ်နေပြီး သူ့အပြုံးက လရောင်၏လက်မောင်းထဲသို့ ကျရောက်နေတဲ့ အပြုံးလိုမျိုး နူးညံ့သိမ်မွေ့နေကာ ကုစစ်ယွမ်နှင့်ပင် တူသည်။
အဲ့ဒါက မီးပုံးပွဲတော်ဖြစ်တာကြောင့် သူက သူနဲ့လုံးဝ မလိုက်ဖက်တဲ့ ရွှေငါးမီးပုံးကို ကိုင်ဆောင်ထား၏။
သူက ဝမ်းနည်းတဲ့အမူအရာဖြင့် သူ့ခေါင်းကိုလှည့်ကာ လူအုပ်ထဲ ပျောက်ကွယ်သွားတဲ့ မိန်းကလေးကို ကြည့်နေခဲ့သည်။
ဒီအရင်တုန်းက လုလင်းက လင်ရှီးအတွက် အစားထိုးအဖြစ် လိုလိုလားလား သရုပ်ဆောင်ခဲ့ပြီး ကျွန်မက မတတ်နိုင်ဘဲ သူ့ကို ကြင်ကြင်နာနာ အကြံပေးခဲ့သေးတယ်။
"အမတ်မင်းငယ်လု ရှင့်ရဲ့အချစ်ပြိုင်ဘက်ကို တုပတာက အမှားယွင်းဆုံး နည်းဗျူဟာပဲ။ရိုးရိုးသားသား ပြောရမယ်ဆိုရင် လရောင်ဖြူအရောင်က ရှင်နဲ့မလိုက်ဘူး ။ရှင်က အနက်ရောင်နဲ့ အများကြီး ပိုကြည့်ကောင်းတယ်"
လုလင်း ပြုံးလိုက်တဲ့အချိန်တိုင်း သူ့အပြုံးက အရိုင်းဆန်ပြီး အထိန်းအကွပ်မရှိကာ သူ့အသွေးအသားထဲက ပုန်ကန်ထကြွလာတဲ့မျဉ်းကြောင်းတွေက ကြော့ရှင်းကျက်သရေရှိမှုနှင့် လားလားမျှ မသက်ဆိုင်ချေ။
ကံကောင်းစွာဖြင့် လုလင်းက ကျွန်မရဲ့အကြံဉာဏ်ကို လက်ခံခဲ့ပြီး စာသင်သားလိုမျိုး လရောင်ဖြူဝတ်စုံကို ဆက်လက်မဝတ်ဆင်တော့ပေ။အဲ့ဒီအစား သူက သူရဲကောင်းဆန်တဲ့ အနက်ရောင်ဝတ်ရုံကို ပြောင်းလဲဝတ်ဆင်ပြီး သူ့ဆံပင်တွေကို ရွှေသရဖူဖြင့် ချည်နှောင်ထားခဲ့သည်။
ပြောရမယ်ဆိုရင် ရွှေငါးမီးပုံးက ထူးထူးခြားခြားကို ရင်းနှီးနေတယ်။
အိုးးး ကျွန်မ မှတ်မိပြီ။
မနှစ်ကတုန်းက မီးပုံးပွဲတော်မှာ ကျွန်မက အရှက်မရှိ ကုစစ်ယွမ်ကို ဆွဲခေါ်ပြီးတော့ ကျွန်မနဲ့အတူ တောင်ဘက်လမ်းက မီးပုံးတွေကြည့်ဖို့ ခေါ်သွားခဲ့တယ်။
မထင်မှတ်ထားစွာနဲ့ လမ်းတစ်ဝက်မှာ ကုစစ်ယွမ်က ကျွန်မရဲ့နှောင့်ယှက်မှုကနေ လွတ်မြောက်ဖို့ လူအုပ်ထဲကို လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့တယ်။
အဲ့ဒီအချိန်တုန်းက ကျွန်မက နေရာအနှံ့ စိုးရိမ်တကြီး လိုက်ရှာနေခဲ့ပြီး ချစ်သူတံတားပေါ်မှာ နောက်ကျောပေးရပ်နေခဲ့တဲ့ ကုစစ်ယွမ်ကို မတော်တဆ တွေ့လိုက်ရတယ်။
ကျွန်မက ပြေးသွားပြီးတော့ တွေဝေခြင်းမရှိဘဲ သူ့လက်မောင်းကို ဆွဲလိုက်ပြီး သူ ကျွန်မကို နောက်တစ်ကြိမ် ထားသွားမှာ ကြောက်နေခဲ့တယ်။
"ကုစစ်ယွမ် နောက်တစ်ခါ ငါ့ကိုထပ်ပြီး စွန့်ပစ်ဖို့ စဉ်းတောင်မစဉ်းစားနဲ့!"
ကုစစ်ယွမ်က ခေါင်းလှည့်လာပြီးတော့ ကျွန်မကို နီရဲနေတဲ့မျက်နှာနဲ့ ကြည့်လာတဲ့အချိန် ကျွန်မ လူမှားသွားပြီဆိုတာ သဘောပေါက်လိုက်တယ်။
ဒီလူကြီးမင်းက ကုစစ်ယွမ်နဲ့ ဆင်တူစွာ ဝတ်ဆင်ထားတာ ဖြစ်နေတယ်။
ကြောက်လန့်သွားပြီးတော့ ကျွန်မ သူ့လက်ကိုလွှတ်ကာ အမြန်တောင်းပန်လိုက်တယ်။
"ကျွန်မ တောင်းပန်ပါတယ်။ကျွန်မက ရှင့်ကို အခြားတစ်ယောက်နဲ့လူမှားသွားလို့ပါ"
ကျွန်မ စိုးရိမ်တကြီး ထွက်မပြေးခင်မှာပဲ ကျွန်မရဲ့အမှားအတွက် လျော်ကြေးအနေနဲ့ လက်ထဲက ရွှေငါးမီးပုံးကို သူ့လက်ထဲအတင်းထိုးထည့်ပေးခဲ့လိုက်တယ်။
၎င်းက ကုစစ်ယွမ် ကျွန်မကို ရှောင်နေတဲ့အချိန်လည်းဖြစ်ပြီး သူ့အတွက် ဖူးစာဖက်ဖြစ်တဲ့ လင်ရှီးကို ချစ်သူတံတားပေါ်မှာ တွေ့ဆုံခဲ့တဲ့ အချိန်လည်း ဖြစ်နေသည်။
သူတို့နှစ်ယောက်က မြင်မြင်ချင်း ချစ်မိသွားကြပြီး မကြာခင်မှာပဲ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ဖော်ပြခဲ့ကြသည်။
အပိုင်း (၂၂)
ကျွန်မက ပန်းချီကားတွေကို အဝေးထားလိုက်ပြီး ရှုပ်ထွေးနေတဲ့ခံစားချက်တွေနဲ့ လုလင်းကို ကြည့်လိုက်တယ်။
"ကျွန်မတို့ငယ်ငယ်တုန်းက ကျွန်မကို ဒန်းတွန်းပေးခဲ့တဲ့တစ်ယောက်က ရှင်ပဲ။ကျွန်မကို ရွှေငါးဆံထိုးပေးခဲ့တဲ့လူက ရှင်ပဲ ပြီးတော့ မနှစ်တုန်းက မီးပုံးပွဲတော်မှာ ကျွန်မ လူမှားသွားတာကလည်း ရှင်ပဲဖြစ်နေတယ်။ဒီနှစ်တွေအားလုံးမှာ ရှင်က........"
ကျွန်မ ကုစစ်ယွမ်နောက်ကို လိုက်နေခဲ့တဲ့အချိန် လုလင်းကလည်း ကျွန်မနောက်ကို တိတ်တဆိတ် လိုက်နေခဲ့တယ်။
"မင်း နောက်ဆုံးတော့ ကိုယ့်ကို မှတ်မိသွားပြီပေါ့"
လုလင်းက သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်ပြီး သစ်သားသေတ္တာထဲက ရွှေငါးမီးပုံးကို ကျွန်မကို ထုတ်ပြလာတယ်။
"ဒါက မင်း ကိုယ့်ကိုပေးခဲ့တဲ့မီးပုံးလေ။ကိုယ် အဲ့ဒါကို လုံခြုံအောင် သိမ်းထားတာ"
ကျွန်မ ဆက်ပြီး ထိန်းမထားနိုင်တော့ဘူး။နောင်တတွေပြည့်နှက်နေတဲ့ နှလုံးသားနဲ့ ကျွန်မ သူ့လက်မောင်းထဲကို ပြေးဝင်သွားလိုက်တယ်။
"ကျွန်မ တောင်းပန်ပါတယ်။ကျွန်မ အားလုံးကို မေ့သွားခဲ့တယ်ဆိုတာ မယုံနိုင်ဘူး"
လုလင်းက ကျွန်မရဲ့နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး
"အဲ့ဒါ မင်းကို အပြစ်တင်လို့မရဘူး။ကိုယ်က မင်းကို ဘယ်တုန်းကမှ မပြောပြခဲ့ဘူးလေ"
ကျွန်မရဲ့မျက်နှာကို သူ့ရင်ဘတ်ထဲ မြှုပ်နှံထားလိုက်ပြီး ကျွန်မအသံက မသဲမကွဲဖြစ်နေကာ သူ့ကို ပြောလိုက်တယ်။
"အဲ့ဒါဆို အခု ကျွန်မကို ပြောပြတော့။ကျွန်မ နားထောင်ချင်တယ်"
"ကောင်းပြီ။ကိုယ်တို့ တွေ့တဲ့နေ့ကနေ စရအောင်......"
လုလင်းက ဇာတ်လမ်းကို စတင်ပြန်လည်ပြောပြပြီးတော့ အဲ့ဒါက သူ ပန်းချီဆွဲထားတာနဲ့ အများကြီး မကွာခြားပေ။
သူ ကိုယ်အလေးချိန်ကျသွားတဲ့ သုံးနှစ်တာကာလအတွက်တော့ ၎င်းတို့ကို စကားလုံးအနည်းငယ်ဖြင့်သာ ပြောပြသည်။
လုလင်းက လုံးဝရိုးသားပြီးတော့ ဘာမှ မဖုံးကွယ်ထားပေ။
အရင်နှစ် မီးပုံးပွဲတော်တုန်းက သူနဲ့လင်ရှီးက တောင်ဘက်လမ်းကို အတူတူသွားဖို့ အထူးစီစဉ်ထားခဲ့တာဖြစ်တဲ့အကြောင်းတောင် သူက ပြောပြခဲ့သည်။
လင်ရှီးက သူဆွဲထားတဲ့ ဒန်းပုံပန်းချီကားကို မတော်တဆ တွေ့သွားပြီးတော့ သူ နှစ်ပေါင်းများစွာ ဖုံးကွယ်လာခဲ့တဲ့ လျှို့ဝှက်ချက်ကို သိရှိသွားကြောင်း လုလင်းက ပြောပြသည်။
သဘာဝအလျောက် စပ်စုချင်စိတ်ကြောင့် လင်ရှီးက သူ့ရဲ့ဗျူဟာမှူးဖြင့် စေတနာနဲ့ပါဝင်အားဖြည့်ခဲ့၏။
တောင်ဘက်လမ်းရဲ့ ချစ်သူတံတားပေါ်မှာ မြစ်ထဲကို မီးပုံးတွေလွှတ်နေပြီး ဆုတောင်းနေတဲ့သူတွေ အများကြီးရှိနေတာကြောင့် သူတို့ လူချင်းကွဲသွားလိမ့်မယ်လို့ ဘယ်သူသိမလဲ။
လင်ရှီးလည်းပဲ ကုစစ်ယွမ်ကို လုလင်းအဖြစ် အထင်မှားသွားခဲ့ပြီး ပျော်ရွှင်တဲ့အိမ်တောင်ရေးကို ဦးတည်စေခဲ့တယ်ဟု ပြောလို့ရသည်။
အဲ့ဒီနောက် လင်ရှီးက သူမ ကုစစ်ယွမ်နဲ့တွေ့တဲ့အချိန်တိုင်း လုလင်းကို ကြိုပြီးသတင်းပေးထားတာကို ကျွန်မ သိရသည်။
မနှစ်တုန်းက ကျွန်မ လုလင်းနဲ့ ကျွေ့ရှန်းစားသောက်ဆိုင်မှာ ဆုံခဲ့တာကလည်း သူတို့ရဲ့အကြံတွေထဲက တစ်ခုပင်။
ဒါပေမဲ့ သူတို့မထင်မှတ်ထားတာကတော့ လူတွေအများကြီး ရှုပ်ယှက်ခတ်နေတဲ့ ကျွေ့ရှန်းစားသောက်ဆိုင်ထဲမှာ ကျွန်မက လုလင်းရဲ့စားပွဲမှာ အတူဝေမျှပြီး ထိုင်လိုက်တာကိုပဲ။
အဲ့ဒါက ကံကြမ္မာပဲ မဟုတ်ဘူးလား?
အပိုင်း(၂၃)
လုလင်းပြောတာကို နားထောင်ပြီးတဲ့နောက် ကျွန်မစိတ်ထဲမှာ သံသယအချို့ရှိနေဆဲဖြစ်ပြီး ထိန်းမထားနိုင်ဘဲ ထုတ်မေးလိုက်တယ်။
"အဲ့ဒီအချိန်တုန်းက ရှင်က ကျွန်မနဲ့ရင်းနှီးအောင်လို့ လင်ရှီးကို ကြိုက်တဲ့ပုံစံ ဟန်ဆောင်ခဲ့တာလား?"
လုလင်းက ရှုံ့မဲ့ကာ ပြုံးလိုက်ပြီး
"ကိုယ် အဲ့ဒါကို ဘယ်တုန်းကမှ တိုက်ရိုက်မပြောခဲ့ဘူးလေ။ကိုယ် သူ(မ)ကို ကြိုက်တယ်ဆိုပြီး မင်းက အထင်လွဲသွားတော့ ကိုယ်က အဲ့အတိုင်း အလိုက်သင့်လေးနေလိုက်တာ"
ကျွန်မ သေချာပြန်စဉ်းစားကြည့်လိုက်တယ်။အမှန်ပဲ.......အဲ့ဒီအချိန်တုန်းက ကျွေ့ရှန်းစားသောက်ဆိုင်မှာ လုလင်းက သူ လင်ရှီးကို ကြိုက်တယ်လို့ ဘယ်တုန်းကမှ ပွင့်ပွင့်လင်းလင်း ထုတ်မပြောခဲ့ဘူး။
ကျွန်မ ခေါင်းစောင်းပြီးတော့ သူ့ကို တိုက်ရိုက်ကြည့်လိုက်တယ်
"အဲ့ဒါဆိုရင် ရှင်ကဘာလို့ လင်ရှီးရဲ့ မင်္ဂလာပွဲတုန်းက အရက်တွေ အပြင်းအထန်သောက်တာလဲ"
လုလင်းက ဖြည်းဖြည်းချင်း ပြန်ဖြေတယ်။
"အရက်က သတ္တိမရှိတဲ့သူတွေကို သတ္တိပေးတယ်လေ။အကယ်၍ ကိုယ်က မင်းကို ကိုယ့်ခံစားချက်တွေ ဝန်ခံလိုက်ပြီးတော့ အငြင်းခံရရရင် အရက်မူးနေလို့ဆိုပြီး အပြစ်လွှဲချလို့ရတယ်။ပြီးတော့ မင်းနဲ့သူငယ်ချင်းအဖြစ် ဆက်နေလို့ရသေးတာပေါ့"
"ရှင်က အရူးပဲ!"
ကျွန်မ သူ့ကို အသာလေး ထိုးလိုက်တယ်။
"နောက်ဆုံးမေးခွန်းတစ်ခု.....ရှင်က ဘာလို့ သတို့သမီးအိပ်ခန်းထဲမှာ လင်ရှီးရဲ့ပုံတူပန်းချီကို ချိတ်ထားခဲ့တာလဲ"
လုလင်းက အကူအညီမဲ့စွာ ပြုံးလိုက်ပြီး ကျွန်မရဲ့နဖူးကို လက်ညှိုးနဲ့တို့ကာ
"ကြည့်ရတာတော့ ကိုယ့်ပန်းချီစွမ်းရည်က အတော်လေးဆိုးတဲ့ပုံပဲ။အဲ့ဒါက မင်းရဲ့ပုံဆိုတာ အရှင်းကြီးကို"
"ကျွန်မလား! မဖြစ်နိုင်ပါဘူး! "
ကျွန်မက လုံးဝ သေချာနေမှုကြီးနဲ့ ပြောလိုက်တယ်။
"ကျွန်မဘဝမှာ ဘယ်တုန်းကမှ 'ချင်' မတီးဖူးဘူး!"
လုလင်းရဲ့အပြုံး ပျောက်ကွယ်သွားပြီး မကျေနပ်စွာနဲ့ ပြောလာတော့တယ်။
"လွန်ခဲ့တဲ့နှစ်နှစ်တုန်းက ကုစစ်ယွမ်ရဲ့မွေးနေ့ပွဲ ကျင်းပပေးချင်တယ်ဆိုပြီး မင်း ပြောခဲ့တယ်လေ။ပြီးတော့ မင်းရဲ့အိမ်တော်ထဲမှာ "ဇာမဏီခုနစ်ဖော်" ကို တီးခတ်ဖို့ လေ့ကျင့်နေခဲ့တယ်။ဒါပေမဲ့ အဲ့ဒါက နားထောင်လို့မကောင်းလို့ဆိုပြီး မင်းက လမ်းတစ်ဝက်မှာ လက်လျှော့သွားခဲ့တယ်လေ"
ကျွန်မက အဲ့ဒီလိုအဖြစ်အပျက်ကို ယောင်ဝါးဝါး သတိရမိပြီးတော့ ရုတ်တရက် အပြစ်ရှိသလိုခံစားရကာ အကြောင်းအရာပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်။
"ရှင်က အဲ့ဒီအကြောင်းကို ဘယ်လိုလုပ်သိတာလဲ?ရှင် ကျွန်မအိမ်တော်ရဲ့နံရံတွေကို ကျော်တက်ပြီး ချောင်းကြည့်တယ်လို့ မပြောနဲ့နော်!"
သတို့သမီးအိပ်ခန်းထဲက ပန်းချီကားက မျက်နှာမဖော်ပြထားဘဲ နောက်ကနေသာ ပုံရိပ်ကို ပြသထားပြီး သူ နံရံကျော်တက်ရင်း ချောင်းကြည့်ခဲ့တဲ့တယ်ဆိုတဲ့ အရိပ်အယောင်ကို ပေးစွမ်းနေတယ်။
လုလင်းက သူ့နှုတ်ခမ်းတွေကို လက်နဲ့ဖိသပ်ပြီး ရှက်ရွံ့စွာ ပြုံးကာ
"ကိုယ် အဲ့ဒီတစ်ကြိမ်ပဲ ချောင်းကြည့်ခဲ့တာပါ။ကိုယ်က မင်းအိမ်ထဲကနေ ရက်တွေအကြာကြီး ထွက်မလာတော့ တစ်ချက်လောက် မကြည့်ဘဲ မနေနိုင်ခဲ့လို့.........."
သူက ပြောနေရင်းနဲ့ ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ တစ်ခုခုကို သဘောပေါက်သွားတယ်။
"နေပါဦး! အကယ်၍ မင်းက အဲ့ဒီပန်းချီကားထဲက လူကို လင်ရှီးလို့ ထင်ခဲ့တာဆိုရင် မင်းချိတ်ထားတဲ့ပန်းချီက ကိုယ့်ဟာမဟုတ်ဘဲ ကုစစ်ယွမ်ပေါ့လေ!"
"အဲ့ဒါက......."
ကျွန်မရဲ့နှုတ်ခမ်းတွေကို ကိုက်လိုက်ပြီး
"တကယ်တော့ ကျွန်မ ယူဖို့လုပ်လာခဲ့တဲ့တစ်ခုက ရှင့်ပုံတူပါ”
အပိုင်း(၂၄) ဇာတ်သိမ်းပိုင်း
သတို့သမီးဝေါယာဉ်ပေါ် မတက်ခင်တုန်းက ကျွန်မရဲ့အိပ်ခန်းထဲမှာရှိတဲ့ ရှေးဟောင်းစင်ပေါ်ကနေ လုလင်းရဲ့ပုံတူကို ယူလာခဲ့တယ်။
ကျွန်မ ဝေါယာဉ်ထဲရောက်ပြီးတဲ့နောက် အဲ့ဒါကို ဖွင့်ကြည့်လိုက်တဲ့အချိန် ပန်းချီက ကုစစ်ယွမ်ရဲ့ပုံတူဖြစ်နေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
"အဲ့ဒီတော့ ဒီလိုဖြစ်ခဲ့တာပဲ!!"
လုလင်းက ပြောလိုက်ပြီးတော့ သူ့အင်္ကျီလက်ထဲကနေ ပန်းချီတစ်ခု ဆွဲထုတ်လိုက်ကာ အဲ့ဒါကို ကျွန်မမြင်အောင် ဖွင့်ပြလိုက်သည်။
"ဒါ ကိုယ်တို့ အိမ်ပြန်သွားတဲ့အချိန်တုန်းက မင်းအစ်ကိုဆီကနေ နာမည်ကြီးပန်းချီဆရာတွေရဲ့ လက်ရာအစစ်ဆယ်ခုနဲ့ အလဲအလှယ် လုပ်လာခဲ့တာ"
ကျွန်မရဲ့ပန်းချီစွမ်းရည်က အမြဲတမ်း 'အံ့မခန်း' ဖြစ်ပြီးတော့ နှစ်တွေတစ်လျှောက် ကျွန်မ အတော်လေး တိုးတက်လာခဲ့တယ်ဆိုပေမယ့် ပန်းချီကားထဲက အမျိုးသားရဲ့ အစိတ်အပိုင်းတွေကတော့ နေရာအနှံ့မှာ ရှိနေဆဲပင်။
အနက်ရောင်ဝတ်စုံနဲ့ရွှေသရဖူကြောင့်သာ အဲ့ဒါက လုလင်းဆိုတာ ဘယ်သူမှ မမှတ်မိတာဖြစ်သည်။
ပုံတူရဲ့အလွတ်နေရာမှာ မရိုးဖြောင့်ပြီးတော့ ကိုးယိုးကားယားနိုင်တဲ့ အချစ်ကဗျာတစ်ပုဒ် ရေးသားထား၏။
[ငါ့ရဲ့နှလုံးသားက နင့်အတွက်ပဲဆိုပေမယ့် နင်ကတော့ သတိမထားမိဘူး]
လုလင်းက ကျွန်မကို အပြုံးမျက်လုံးများဖြင့် စိုက်ကြည့်လာသည်။
"မင်းက နာမည်ကြီးပန်းချီလက်ရာကို ဖွက်ထားတယ်လို့ မင်းအစ်ကိုက ထင်နေတာလေ။အဲ့ဒါကြောင့် မင်းရဲ့မင်္ဂလာပွဲမှာ အခွင့်အရေးဆုပ်ကိုင်ပြီးတော့ အဲ့ဒါကို သုတေသနပြုဖို့အတွက် ယူသွားခဲ့တာ။မင်း သတိထားမိသွားမှာ ကြောက်တာနဲ့ သူက မင်းရဲ့အခန်းထဲက နောက်ထပ်ပန်းချီတစ်ခုကို ယူပြီးတော့ အဲ့ဒါကို အစားထိုးအနေနဲ့ ထိုးထည့်ခဲ့တယ်လေ"
ဒါကို နားထောင်ပြီးတော့ ကျွန်မ ဒေါသတကြီး စားပွဲကို ရိုက်လိုက်တယ်။
"အဲ့ဒီ ချင်နျန့်လန်ကတော့!သူက ကျွန်မရဲ့နှာခေါင်းအောက်မှာတင် သူခိုးလုပ်သွားတယ်!"
"ပြီးတော့ ရှင်! ကျွန်မရဲ့ ဆိုးဝါးတဲ့ပန်းချီက လက်ရာအစစ်ဆယ်ခုနဲ့ လဲရတဲ့အထိ တကယ်ထိုက်တန်လို့လား!ရှင် ရူးနေတာလား!"
"ဒါပေါ့!အဲ့ဒါက ထိုက်တန်တယ်!"
လုလင်းရဲ့မျက်လုံးတွေက ရွှန်းလဲ့နေပြီး လေးနက်တဲ့ ချစ်ခြင်းမေတ္တာဖြင့် သူက ပြောလိုက်သည်။
"ဒါက မင်း ကိုယ့်အတွက် ရေးဆွဲပေးခဲ့တဲ့အရာလေ။မင်းရဲ့အစ်ကိုကို ကျေးဇူးတင်ရမယ် မဟုတ်ရင် မင်းမှာ ကိုယ့်အတွက် ခံစားချက်တွေရှိတယ်ဆိုတာ ကိုယ်က ဘယ်လိုလုပ် သိနိုင်မှာလဲ?"
ကျွန်မ အဲ့ဒီအကြောင်းကို ပိုပြီးစဉ်းစားလေ ပိုပြီးမှားယွင်းတယ်လို့ ခံစားရလေပဲ။
"ဟင့်အင်း!ကျွန်မ ချင်နျန့်လန်ကို ဒီလောက်လွယ်လွယ်လေး မလွှတ်ပေးဘူး။အခုချက်ချင်း အမတ်မင်းသုန်နင်းအိမ်တော်ကို ပြန်သွားပြီးတော့ သူ့ကို အဲ့ဒီပန်းချီဆယ်ခု ပြန်ပေးခိုင်းရမယ်!"
ကျွန်မက ကျွန်မရဲ့ကြိမ်းမောင်းမှုထဲမှာ အာရုံရောက်နေပြီး လုလင်းရဲ့မျက်လုံးထဲက တိုးပွားလာတဲ့ ညှို့ဓာတ်ကို သတိမထားမိပေ။
"နျန်ချင်း....ပန်းချီကားကိစ္စကို အခု မေ့ထားလိုက်ပါ။ကိုယ် ရနိုင်မလား............"
ရုတ်တရက် လုလင်းက ကျွန်မကို သူ့လက်မောင်းတွေထဲ ထွေးပွေ့လိုက်ပြီး သူ့ရဲ့ အသက်ရှုသံနွေးနွေးက ကျွန်မရဲ့လည်ပင်းကို ယားယံစေကာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါသွားစေတယ်။
အဲ့ဒီအခါမှသာ ကျွန်မ သူ့ရဲ့မကောင်းတဲ့ရည်ရွယ်ချက်တွေကို သဘောပေါက်သွားတယ်။
"ဟင့်အင်း........"
မငြင်းပယ်နိုင်တဲ့ ဆွဲဆောင်မှုနဲ့ ရင်ဆိုင်ရတော့ ကျွန်မက သွေးဆောင်မှုမှာ ကျရှုံးမသွားစေရန် အစွမ်းကုန်ကြိုးစားပြီးတော့ အလေးအနက် ငြင်းလိုက်တယ်။
"အခုမှ နေ့ခင်းကြောင်တောင်ကြီးရှိသေးတယ်။ကောင်းကင်တောင် မမှောင်သေးဘူး။ကျွန်မတို့က ဘယ်လိုလုပ်........."
ကျွန်မရဲ့စကားမဆုံးခင်မှာပဲ လုလင်းက ကျွန်မရဲ့နှုတ်ခမ်းတွေကို သူ့နှုတ်ခမ်းတွေနဲ့ ဖိပိတ်လိုက်တယ်။
အရမ်းလျင်မြန်စွာနဲ့ပဲ ကျွန်မရဲ့မျက်နှာ နီရဲသွားပြီး နှလုံးခုန်နှုန်းတွေမြန်လာကာ ခံနိုင်ရည်မရှိတော့ဘဲ လက်နက်ချလိုက်တယ်။
သူ့ကို တွန်းထုတ်နေခဲ့တဲ့လက်တွေက သူ့အဝတ်အစားတွေကို စိတ်အားထက်သန်စွာ ဆွဲချွတ်နေတဲ့လက်တွေ ဖြစ်လာတယ်။
ကျွန်မက ဆွဲပြီးတော့ သူ့ကို တိုက်တွန်းလိုက်တယ်။
"မြန်မြန် ကျွန်မကို အိပ်ရာပေါ် ခေါ်သွားတော့"
ကျွန်မတို့တွေ ရောယှက်နေသလိုပဲ လေပြေတစ်ချက်က ကန့်လန့်ကာတွေကို လပ်သွားစေတယ်။သူ့ရဲ့နူးညံ့တဲ့အနမ်းတွေက ကျွန်မကို အဆုံးမရှိတဲ့စိတ်ဆန္ဒထဲ နစ်မြှုပ်စေတယ်။
"ခဏလေး!"
ကျွန်မက လုလင်းရဲ့ နောက်ထပ်လုပ်ဆောင်မှုတွေကို ရပ်တန့်လိုက်တယ်။
"ကျွန်မ မေးဖို့မေ့နေတဲ့ အရေးကြီးတဲ့ မေးခွန်းတစ်ခုရှိသေးတယ်။ကုစစ်ယွမ်ရဲ့မင်္ဂလာပွဲအခမ်းအနားတုန်းက ရှင် ကျွန်မနားထဲကို ဘာတိုးတိုးလေး ပြောခဲ့တာလဲ?"
"နျန့်ချင်း........."
လုလင်းရဲ့အသံက လေထဲမှာပျံ့လွင့်လာပြီးတော့ သူ့အသံက နူးညံ့နေကာ ချစ်မြတ်နိုးမှုအပြည့်ပင်။
"ကိုယ် မင်းကို ချစ်တယ် ပြီးတော့ မင်းကို လက်ထပ်ချင်တယ်"
ကျွန်မရဲ့လက်တွေကို သူ့လည်ပင်းမှာရစ်ပတ်လိုက်ပြီး စိတ်အားထက်သန်စွာနဲ့ ပြန်တုံ့ပြန်လိုက်တယ်။
"လုလင်း ကျွန်မလည်း ရှင့်ကို ချစ်တယ်"
ပြတင်းပေါက်အပြင်ဘက်တွင် သစ်ပင်ရိပ်များက ယိမ်းထိုးနေသည်။ပုစဉ်းရင်ကွဲတစ်ကောင်က မှားယွင်းစွာဖြင့် ဒန်းဘောင်ပေါ်ကို သက်ဆင်းလာခဲ့ပြီး အဆက်မပြတ် အော်မြည်နေလေသည်။
ငါတို့က ငါတို့ရဲ့ငယ်ရွယ်စဉ်အချိန်မှာ တွေ့ဆုံခဲ့ကြပြီး အချစ်တွေ ပေါ်ပေါက်လာတဲ့အချိန်မှာ အဲ့ဒါက နက်နဲပြီးတော့ စစ်မှန်တယ်။
(ပြီးပါပြီ။)